သုခကမ္ဘာက ရှီဟောင် - Chapter - 710 ဒုတိယခန္ဓာကိုယ်
စုန်းမ၏ခန္ဓာကိုယ်ကောက်ကြောင်းများသည် လှပလွန်းသည်။ သူမ လမ်းလျှောက်လိုက်တိုင်း သူမ၏ခန္ဓာကိုယ်သည် ယိမ်းနွဲ့နေ၏။ သူမ၏လှပသော ဆံပင်များသည် အလင်းများတောက်ပနေကာ သူမ၏ ရင်ဘတ်နှင့် ကျောတွင် ဖြန့်ကျလျှက် ရှိသည်။ သူမ၏အသားအရေမှာ ဖြူဖွေးနေကာ သူမ၏မျက်ဆံနက်နက်မျက်လုံးများမှာ တစ်မူထူးခြားနေ၏။ သူမပြုံးလိုက်သောအခါတွင် သူမနှုတ်ခမ်းသည် အပေါ်သို့ အနည်းငယ်တက်သွားတာ သူမသွားများမှာလည်း တောက်ပလျက်ရှိသည်။ သူမပုံစံသည် ဆွဲဆောင်မှုရှိလှ၏။
နွယ်ပင်ဥယျာဉ်အတွင်းတွင် လတ်ဆတ်ပြီးသန့်ရှင်းသော အပင်များကို တွေ့နိုင်သည်။ တောင်အသေးလေးတစ်လုံးလည်း ရှိနေပြီး ရှားပါးသော ရှေးနွယ်ပင်များသည် တောင်ကုန်းကို ရစ်ပတ်နေကြ၏။ ဤနေရာတွင် ဝိဉာဉ်အစွမ်းများ ပေါများလှသည်။
ကြိမ်ထိုင်ခုံပေါ်တွင် ထိုင်နေသော ရှီဟောင်သည် သူမကို စိတ်ဝင်စားစွာ ကြည့်နေ၏။ သူမ ဘာသတင်းသယ်လာမည်ဆိုသည်ကို သူ သိချင်လှသည်။
“အရှင်သာ တစ်ခြားသူကို ဒီလိုမျိုး စိုက်ကြည့်နေမယ်ဆိုရင် သူတို့တွေ ရှက်သွားလိမ့်မယ်”
စုန်းမ၏အပြုံးသည် အလွန်တောက်ပကာ ချိုမြိန်လွန်း၏။ သူမသည် ရှက်သည်ဟုပြောသည်လည်း သူမသည် ရှီဟောင်ကဲ့သို့ပင် အရေထူသူဖြစ်သည်။
“ပြောစရာရှိတာ ပြောစမ်းပါ… မင်းက ဘာသတင်းကောင်းတွေ ယူလာတာလဲ”
ရှီဟောင်မေးလိုက်၏။ သူသည် စုန်းမကို ရဲတင်းစွာကြည့်နေပြီး သူမ၏ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် ကြည့်နေသည်။
ယနေ့ သူမသည် မြေခွေးပုံစံဖြင့် လာသောကြောင့် သူမကို မြေခွေးနတ်သမီးဟု မှတ်ယူနိုင်သည်။ သူမ၏အနောက်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသည့် အမြှီးများစွာ ပါရှိနေပြီး ထိုအမြှီးများသည် မျက်စိပသာဒဖြစ်ကာ ချစ်စရာကောင်းလှ၏။
“ယွဲ့ချန်ရဲ့ လျှို့ဝှက်ချက်ကို ကျွန်မအားလုံးသိသွားပြီ” သူမသည် ပျော်ရွှင်စွာ ပြုံးလိုက်၏။
ယွဲ့ချန်း အစစ်မဟုတ်ဘူး!
အတိအကျပြောရလျှင် ရှီဟောင်ဖမ်းလာသော ယွဲ့ချန်းသည် အစစ်အမှန်မဟုတ်ပေ။ ထိုသတင်းကို ကြားလိုက်သည့်အချိန်တွင် သူသည် ဆွံ့အသွားရသည်။
“မင်းပြောတာက အခုဖမ်းထားတာက ဝိဉာဉ်ခန္ဓာလား” ရှီဟောင်မေးလိုက်သည်။ သို့သော် သူသည် ခေါင်းခါလိုက်၏။ ဤနတ်သမီးကို ဖမ်းသည့်အချိန်တွင် သူကိုယ်တိုင် စမ်းသပ်ပြီးပြီဖြစ်သောကြောင့် ထိုခန္ဓာကိုယ်သည် ပုံရိပ်ယောင် မဟုတ်ပေ။
“ကျောက်တုံးမြို့တော်မှာ အဲဒီအမျိုးသမီးနဲ့ တိုက်တုန်းက ကျွန်မပြောခဲ့တာကို ရှင်မှတ်မိလား… အဲဒါက သူ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်မဟုတ်ဘူးလို့ ကျွန်မပြောခဲ့တယ်လေ… အဲဒါဆိုရင် ရှင် သဲလွန်စရပြီလား” စုန်းမပြောလိုက်၏။
ရှီဟောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဤအရာသည် အနည်းငယ်ပြဿနာရှိသည်ဟု သူခံစားနေရသည်။ သူဖမ်းလာသောသူသည် ခန္ဓာကိုယ်အစစ်အမှန်ဖြစ်သည်ဟု သူထင်နေခဲ့သည်။
“ဟား ဟား… ကြည့်ရတာ ရှင်က ရှင့်ရဲ့ ခံစားချက်ကို တော်တော်ယုံကြည်တယ်ထင်တယ်” စုန်းမသည် ပြုံးပြီးပြောလိုက်သည်။ သူမသည် ကျောက်စားပွဲတွင်ထိုင်လိုက်ကာ လက်ဖက်ရည်ငှဲ့လိုက်၏။ ထို့နောက် တစ်ငုံသောက်ပြီး ဆက်ပြောလိုက်သည်။
“ကျွန်မက အစစ်မဟုတ်ဘူးလို့ပဲ ပြောလိုက်တာလေ… ဝိဉာဉ်ခန္ဓာလို့ မပြောလိုက်ဘူးလေ”
“ဘာကွာလို့လဲ” ရှီဟောင်မေးလိုက်၏။
“ဝိဉာဉ်ခန္ဓာတစ်ခုကို ဖမ်းမိရင် ရှင်အရမ်းစိတ်ပျက်ပြီး စိတ်ရှုပ်သွားမှာမလား” စုန်းမသည် မိစ္ဆာဆန်ဆန်ပြုံးလိုက်သည်။
“အဲဒါဆို အခုဖမ်းမိထားတာက ဘာလဲ” ရှီဟောင်သည် သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ ယွဲ့ချန်း၏ မသိစိတ်ကို ရှာဖွေစဉ်တွင် သူသည် ရွှေရောင်ဂိတ်တံခါးအတွင်းတွင် အိပ်စက်နေသည့် ပြီးပြည့်စုံသည့် အမျိုးသမီးတစ်ဦး တွေ့ခဲ့ရကြောင်း ပြန်အမှတ်ရမိသွားသည်။
စုန်းမပြောလိုက်၏။
“ယွဲ့ချန်းက အရမ်းရည်မှန်းချက်ကြီးတဲ့သူ… သူက အားလုံးထက် သာချင်တယ်… သူ အခုနတ်စွမ်းအားပြောင်းရွေ့ခြင်းလုပ်ငန်းစဉ်ကို လုပ်နေတာ… အဲဒါကြောင့်မို့လို့ သူက အခု နှစ်ခုကွဲနေတာ… တစ်ခုက သူ့ရဲ့ အဓိကခန္ဓာကိုယ် နောက်တစ်ခုက ဒုတိယခန္ဓာကိုယ်”
ရှီဟောင် အံ့ဩသွားသော်လည်း ထိုအချိန်တွင် အရာအားလုံးမှာ ရှင်းလင်းသွား၏။ နတ်နန်းဂိုဏ်းမှ နတ်သမီးသည် ကောင်းကင်ဘုံကို ဆန့်ကျင်ရဲသည်လား။
သူဖမ်းထားသောတစ်ယောက်မှာ ဒုတိယခန္ဓာကိုယ်ဖြစ်ပြီး အသွေးအသားများဖြင့် ပြုလုပ်ထားသောကြောင့် သူသည်လည်း အရေးကြီးလေသည်။
“သူမက ဒီလိုမျိုး နတ်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတာလား” ထိုအရာသည် ရှီဟောင် လက်ခံရန် အနည်းငယ် ခက်ခဲနေ၏။
“ရှင် သူ့ကို အထင်သေးလို့ မရဘူး… ရှင် ဘယ်သူ့ကိုပဲ အထင်သေးသေး ရတယ် .. သူ့ကိုတော့ မရဘူး… သူမွေးလာတဲ့အချိန်တုန်းက တော်တော် ဂယက်ထသွားသေးတယ်… ကောင်းကင်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပေါ်လာပြီး အလင်းတန်းတွေလည်း ဆင်းလာတယ်… နေရဲ့အလင်းတောင်မှ အချိန်ခဏလောက် မှိန်သွားသေးတယ်” စုန်းမသည် အလေးအနက်ပြောလိုက်၏။
“သူက အဆင့်မြင့်နယ်မြေမှာ မွေးတာ… မင်းက သူ့အကြောင်းကို ဘာလို့ အဲဒီလောက်သိနေတာလဲ” ရှီဟောင်သည် စုန်းမကို အဆင့်နိမ့်နယ်မြေမှလူဟု မထင်သောကြောင့် ယခု စကားနှိုက်ကြည့်လိုက်၏။
စုန်းမ၏ မြေခွေးအမြှီးသည် လှုပ်ရမ်းလာပြီး သူမ ပိုချစ်စရာကောင်းအောင် လုပ်လိုက်သည်။ သူမသည် ရှီဟောင်သံသယဝင်သည်ကို ဂရုမစိုက်ပဲ ပြောလိုက်သည်။
” သူမွေးတဲ့အချိန်တုန်းက ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စောင့်ကြည့်တဲ့သူတွေ ရှိတယ်လေ”
စုန်းမသည် သူမငယ်ရွယ်စဉ်က ဖြစ်ပျက်ခဲ့သည် ယွဲ့ချန်း၏ ထူးခြားဖြစ်ရပ်များအကြောင်းကို အသေးစိတ်မပြောတော့ပဲ ယွဲ့ချန်တွင် ယခုလက်ရှိ သူမ၏ကျင့်ကြံဆင့်ထက်မြင့်သည့် ထူးဆန်းပြီး မြင့်မြတ်သည့်အရာတစ်ခု သူမထဲတွင်ရှိနေသည်ဟုသာ ရှီဟောင်ကို ပြောခဲ့သည်။
ရှီဟောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။
ဤတစ်ကြိမ်တွင် သူမသည် ယွဲ့ချန်းပျောက်မသွားတည်ကို အတည်ပြုရန်သွားခြင်းပင်။ ယွဲ့ချန်း၏ အဓိကခန္ဓာကိုယ်သည် လုံးဝအကောင်းတိုင်းရှိနေပြီး မည်သည့်နေရာတွင်မျှ ပိတ်မိမနေပေ။
စုန်းမသည် ယွဲ့ချန် ယခင်က သီးသန့်ကျင့်ကြံခဲ့သည့်နေရာကို တွေ့ခဲ့ပြီး သဲလွန်စအနည်းငယ်တွေ့ခဲ့သောကြောင့်သာ နတ်နန်းဂိုဏ်း၏ နတ်သမီး ယွဲ့ချန်းသည် နတ်စွမ်းအားပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကို လုပ်နေကြောင်းကို ကောက်ချက်ချနိုင်ခြင်းပင်။
“အဓိက ခန္ဓာကိုယ်၊ ဒုတိယခန္ဓာကိုယ်…” ရှီဟောင်သည် ထိုအကြောင်းကို စတင်စဉ်းစားလိုက်ပြီး သူ၏မျက်နှာသည် မဲမှောင်လာ၏။
“ကျွန်မက ခန္ဓာကိုယ်နှစ်ခုလို့သာ ပြောနေတာ တကယ်တမ်းက တစ်ခုထဲပဲ… တစ်ခုက စွမ်းအားကြီးပြီး တစ်ခုက အားနည်းတယ်” စုန်းမ ရှင်းပြလိုက်သည်။
“သူက ဘာဖြစ်လို့ အဲဒီလိုမျိုး လုပ်တာလဲ ..။ ” ရှီဟောင်မေးလိုက်သည်။
“စွမ်းအားကြီးချင်လို့ပေါ့ သိသာနေတာပဲကို… ဒါက ပြန်လည်မွေးဖွားခြင်းတစ်မျိုးပဲလေ… အဓိကနတ်စွမ်းအားကို နှစ်ပိုင်းခွဲထားလိုက်တာ… အဲဒါဆိုရင် အသက် ၂ သက်ရှိသလိုပဲလေ… ခန္ဓကိုယ်တစ်ခုကသေလည်း နောက်တစ်ခုက သေမှာ မဟုတ်ဘူး… ပြီးတော့ ခန္ဓာကိုယ်တစ်ခုက အခြားသူတွေ အသက်ပြန်ရှင်အောင် လုပ်နိုင်တယ်” စုန်းမရှင်းပြလိုက်၏။ သူမပုံစံသည် အနည်းငယ် မနာလိုဖြစ်နေသည့် ပုံစံပင်။
နတ်စွမ်းအားပြန်လည်မွေးဖွားခြင်း ..။
ဤနည်းလမ်းသည် ရှေးကျသော နည်းလမ်းတစ်ခုဖြစ်ပြီး စုန်းမသည်လည်း ထိုနည်းလမ်းကို ရှာဖွေခဲ့သေးသည်။ သို့သော် သူမသည် လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။ ယွဲ့ချန်းသည် ထိုနည်းလမ်းကို အောင်မြင်စွာကျင့်ကြံနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
“တစ်ခုကို နှစ်ခုခွဲတယ်… ဒါက နည်းနည်း ထူးဆန်းတယ်” ရှီဟောင်ပြောလိုက်၏။
စုန်းမပြောလိုက်သည်။
” ဘာထူးဆန်းလို့လဲ… ကျင့်ကြံလို့ အောင်မြင်သွားရင် အဲဒီခန္ဓာကိုယ်နှစ်ခု အတူတူရှိမနေသရွေ့ အဲဒီလူကို သတ်ဖို့က ခက်ခဲသွားပြီ… ပြီးတော့ ကြောက်စရာကောင်တဲ့ အချက်က အဲဒီခန္ဓာကိုယ် နှစ်ခုလုံးက ကျင့်ကြံနိုင်ကြတယ်… ဒုတိယခန္ဓာကိုယ်ကသာ ပထမခန္ဓာကိုယ်နဲ့ သွားပေါင်းလိုက်ရင် သူမက ပြီးပြည့်စုံသွားပြီ”
ပြီးပြည့်စုံသည်ဟု ပြောလိုက်ခြင်းသည် အလွန်စွမ်းအားကြီးသွားပြီး ကောင်းကင်ဘုံနှင့်မြေကြီးကိုပင် ဆန့်ကျင်နိုင်ဟု ဆိုလိုခြင်းပင်။
စုန်းမ၏စကားအရဆိုလျှင် ယွဲ့ချန်းသည် မသေမျိုးပင် ဖြစ်သော်လည်း သူမသည် အနည်းငယ် အရိုင်းဆန်ပြီး လောဘကြီး၏။
“ဒါပေမဲ့ သူမရဲ့ ဒုတိယခန္ဓာကိုယ်က ငါ့ဆီမှာလေ” ရှီဟောင်သည် ရယ်မောကာ ပြောလိုက်၏။
“ပထမခန္ဓာကိုယ်နဲ့ ဒုတိယခန္ဓာကိုယ်က တစ်ချိန်တည်းသတ်မှ… မဟုတ်ရင် အသက်ရှင်နေတဲ့ ခန္ဓာကိုယ်က နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ထပ်ပွားလို့ရတယ်”
“အဲဒါဆို သူက ခန္ဓာကိုယ်အသစ်တစ်ခုကို လုပ်လို့ရတယ်ဆိုတော့ ငါအခု ဖမ်းမိထားတဲ့ ခန္ဓာကိုယ်တစ်ခုက အသုံးမဝင်ဘူးပေါ့”
ရှီဟောင်သည် ခေါင်းကိုက်လာသလိုပင် ခံစားရသည်။
“မဟုတ်ဘူး .. အရမ်းအသုံးဝင်တယ် .. ” စုန်းမသည် မြေခွေးလေးကဲ့သို့ ရယ်မောလိုက်ကာ သူမ၏ မျက်လုံးများသည်လည်း အရောင်တောက်လာကာ ပြောလိုက်သည်။
” ရှင်ဖမ်းမိတာက အသေမဟုတ်သရွေ့ သူက ခန္ဓာကိုယ်အသစ်တစ်ခုကို ဖန်တီးနိုင်တယ်”
“အဲဒီလိုမျိုးလည်း ရှိတာလား” ရှီဟောင် မျက်လုံးကို ပင့်လိုက်သည်။
“ဒါပေါ့… ဒါပေမဲ့ အဲဒီရှေးဟောင်းနည်းလမ်းက အထင်ကြီးစရာကောင်းပေမဲ့ သူ့ပြစ်ချက်တွေတော့ ရှိတယ်” စုန်းမ၏အပြုံးသည် အလွန်ချစ်စရာကောင်းပြီး နွေးထွေးလှ၏။
“သူ့ရဲ့ အဓိကခန္ဓာကိုယ်က ဘယ်မှာလဲ” ရှီဟောင်မေးလိုက်သည်။
“ကျွန်မ တစ်ချိန်လုံးလိုက်ရှာနေတာ မတွေ့သေးဘူး… ကျွန်မထင်တာတော့ သူ သဘာဝတရားတွေကောင်းမွန်တဲ့ နေရာတစ်ခုကို ရှာပြီး အဲဒီနေရာမှာ သီးသန့် ကျင့်ကြံနေလောက်ပြီ… ကျင့်ကြံနေတဲ့အချိန်မှာ သူ့ရဲ့ ဒုတိယခန္ဓာကိုယ်ကို သုံးပြီး ကမ္ဘာပတ်နေတာ” စုန်းမမှ ပြောလိုက်၏။
ရှီဟောင်သည် ထိုစကားကို ကြားသည့်အခါ အနည်းငယ် တုန်လှုပ်သွားသည်။
“အဲဒါကြောင့် ရှင် သူ့ရဲ့ ဒုတိယခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိမ်းပြီးတော့ သူ့ကို ကြင်ကြင်နာနာဆက်ဆံရမယ်.. ဒါက သူ့ရဲ့ အဓိကခန္ဓာကိုယ်ကို ကန့်သတ်တဲ့ နည်းတစ်မျိုးပဲ… ပြီးတော့ နောက်ကျရင် ရှင်သူနဲ့ ထိတွေ့ဆက်ဆံရတော့မှာ…”
ရှီဟောင်သည် ဆွံ့အသွားပြီးနောက် မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူရယ်ပြီးသွားသောအချိန်တွင် စုန်းမ၏အမူအရာသည် အလေးအနက်ပြန်ဖြစ်သွားသည်။ ဤဒုတိယခန္ဓာကိုယ်သည် မရိုးရှင်းကြောင်း၊ သူလက်လွတ်စပယ်ပြုမူ၍မရကြောင်း၊ သူမ ဤတစ်ခေါက်လာခြင်းသည် သူ့ကို ကူညီရန်ဖြစ်ကြောင်း ပြောလေသည်။
“လှပပြီး စွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ပဲကို… သူက ဘယ်လောက်ဆိုးနိုင်မှာ မို့လို့လဲ”
ရှီဟောင်သည် ရယ်မောကာ ပြောလိုက်သည်။
“အဲဒီဒုတိယခန္ဓာကိုယ်ကို ရှင်ဖမ်းမိသွားတာက မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်နိုင်တယ်… အဲဒီနတ်သမီးက တမင်သက်သက် အဖမ်းခံတာ မဖြစ်နိုင်ဘူး… သူ အဖမ်းခံလိုက်ရတာကို မုန်းလွန်းလို့ သူသွားတွေတောင် ယားနေလောက်ပြီ”
စုန်းမသည် ပြုံးကာ ပြောလိုက်၏။
“သူမက အဖမ်းခံရပြီးပြီကို ဘာပြဿနာရှာနိုင်ဦးမှာ မို့လို့လဲ” ရှီဟောင် မေးလိုက်၏။
“သူမက တမင်သက်သက် အဖမ်းခံတာ မဟုတ်ဘူးဆိုပေမယ့် သူမက ထွက်ပြေးဖို့လဲ မကြိုးစားဘူးလေ… အဲဒါက သူ တိတ်တိတ်လေးသည်းခံနေပြီးတော့ တစ်ခုခုကို အကွက်ချနေတာ ဖြစ်နိုင်တယ်” စုန်းမ ပြောလိုက်သည်။
သူမစကားအရဆိုလျှင် ယွဲ့ချန်သည် ရှီဟောင်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ချင်နေသည်နှင့် တူသည်။
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွား၏။ ခွန်ပန်နည်းလမ်း၊ မူလရှေးဟောင်းမှတ်တမ်း သို့မဟုတ် သူ၏အဆင့်လွန်အရိုးတွင်ပါသော အဆင့်လွန်နည်းလမ်းများအားလုံးသည် ဂိုဏ်းကြီးများကို ရူးသွပ်သွားစေနိုင်သည်။
“အကျဉ်းသားတစ်ယောက်က ငါ့ရဲ့ ပိုင်ဆိုင်မှုနောက်ကို လိုက်ရဲတယ်ပေါ့… သူက သူ့ကိုယ်သူ ကျားအစာအဖြစ်ခံပြီး ဒုက္ခရှာနေတာပဲ မဟုတ်ဘူးလား” ရှီဟောင် အေးစက်စက် ရယ်မောလိုက်သည်။
“သူမွေးလာတဲ့အချိန်တုန်းက အံ့ဩဖို့ကောင်းတဲ့ လက္ခဏာတွေ ပေါ်လာခဲ့တယ်ဆိုတာ ရှင်နားလည်ဖို့လိုတယ်… သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ နတ်စွမ်းရည်တွေရှိတယ်… ရှင်ပြောတဲ့အတိုင်းဆိုရင် အဲဒီရွှေရောင်ဂိတ်တံခါးနောက်မှာ ရှိနေရတာက သူ့ထက်သာတဲ့ အားတစ်ခုနဲ့တွေ့နေလို့နေမှာ… သူ့ရဲ့အရေးကြီးနေတဲ့အချိန်မှာတော့ သူက ရှင့်ကို ဦးညွှတ်မှာပဲ” စုန်းမမှ ပြောလိုက်သည်။
ရှီဟောင် အံ့ဩသွား၏။
ထောင်ချောက်မိသွားသောသူမှာ သူလား ..။
စုန်းမသည် ပြုံးကာ ခေါင်းရမ်းပြီး ပြောလိုက်သည်။ “အခုအချိန်မှာ သူ အဲဒီအစွမ်းကို သုံးဖို့ ခက်ခဲနေတယ်လို့ ကျွန်မထင်တယ်… သူသုံးချင်တယ်ဆိုရင် သူ ပေးဆပ်ရမှာက များမှာပဲ… သူရဲ့ခန္ဓာကိုယ်ထိခိုက်တဲ့အချိန် ဒါမှမဟုတ် ရှင့်ရဲ့လျှို့ဝှက်ချက်အားလုံးကို ရသွားတဲ့အချိန်ကျမှ သူစွန့်စားမယ်လို့ ကျွန်မထင်တယ်”
“သူက တကယ် လုပ်ရဲတာပဲ” ရှီဟောင်၏ အော်ရာများ ရုတ်တရက်ထွက်လာသည်။
“ဒါက သူ့ရဲ့ ဒုတိယခန္ဓာကိုယ် …။ အဲဒါကြောင့် သူမအောင်မြင်ရင်လည်း သူ့ရဲ့အသက်ကို ပြန်ယူသွားပြီး ထွက်ပြေးသွားလို့ရတယ်… အဓိက ခန္ဓာကိုယ်ရှိနေသရွေ့ သူ ဒုတိယခန္ဓာကိုယ်ကို လုပ်လို့ရတယ်” စုန်းမမှ ပြောလိုက်သည်။
ရှီဟောင် ခဏစဉ်းစားနေလိုက်၏။ ဤနည်းလမ်းသည် အမှန်တကယ်ပင် ထူးဆန်းပြီး ကြောက်စရာကောင်းလွန်းလှသည်။
စုန်းမပြောလိုက်၏။
” အဓိက ခန္ဓာကိုယ်လို့ ဘာလို့ခေါ်တာလဲဆိုတော့ သူက ပိုပြီး စွမ်းအားကြီးလို့ပေါ့… သူ့ရဲ့ ဒုတိယခန္ဓာကိုယ်နဲ့ နီးနေတယ်ဆိုရင် သူက ဒုတိယခန္ဓာကိုယ်ကြုံနေရတာတွေကို ခံစားနိုင်ပြီး ဒုတိယခန္ဓာကိုယ်ကိုလည်း ထိန်းချုပ်လို့ရတယ်”
စုန်းမသည် အရှေ့သို့ တိုးသွားကာ ပြောလိုက်၏။
” ဒုတိယခန္ဓာကိုယ် ဒုက္ခရောက်နေတာကို အဓိကခန္ဓာကိုယ်က သိပြီးသွားတဲ့အချိန်မှာ အဓိကခန္ဓာကိုယ် ကိုယ်တိုင်လာပြီး ဒုတိယခန္ဓာကိုယ်ကို ဒီလိုမျိုး လုပ်ခိုင်းတာလို့ ကျွန်မထင်တယ်”
ဒုတိယခန္ဓာကိုယ်သည် အားလုံးကို မသိပဲ ရွှေရောင်ဂိတ်တံခါးနောက်တွင် နှစ်ခြိုက်စွာအိပ်မောကျနေသည့် သူကသာ အရာအားလုံးကို သိသည်ဟု သူမသံသယဝင်ခြင်းပင်။
“ခန္ဓာကိုယ်နှစ်ခုလုံးက နတ်သမီးရဲ့ အသွေးအသားပဲဆိုပေမယ့် အဓိကခန္ဓာကိုယ်ရဲ့ ဝိဉာဉ်က ပိုပြီးအစွမ်းထက်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ ကျွန်မထင်တယ်” စုန်းမပြောလိုက်၏။
“အဓိကခန္ဓာကိုယ်ကို ရှာတွေ့ပြီးသွားရင် ငါ အဲဒါကို ဖိနှိပ်ထားရမယ်” ရှီဟောင် ပြောလိုက်သည်။
“သူက ခြေရာလက်ရာမချန်ပဲ အဝေးကို ထွက်သွားလောက်ပြီ… သူလုပ်သင့်တာတွေအားလုံးကို လုပ်ပြီး သဘာဝကံကောင်းမှုတွေရှိတဲ့နေရာမှာ နေပြီး ရလဒ်ကို စောင့်နေလောက်ပြီ” စုန်းမ ပြောလိုက်၏။
ရှီဟောင်သည် ထိုစကားကို ကြားလိုက်သောအခါ သူ၏မျက်လုံးများသည် ကြောက်စရာကောင်းလာပြီး “သူ ကိုယ်တိုင် ကျားအစာ လာအဖြစ်ခံမှာလား”
“ဟီး ဟီး… ဟုတ်တာပေါ့… သူက မီးနဲ့ဆော့ချင်နေမှတော့ သူ့ကို လောင်ကျွမ်းခွင့်ပေးလိုက်ပေါ့” စုန်းမသည် ကိုယ့်ကိုကိုယ် အလွန် ယုံကြည်နေလေသည်။
“မင်း ဘာအကြံပေးချင်လဲ” ရှီဟောင်မေးလိုက်၏။
“နတ်သမီးရဲ့ ဒုတိယခန္ဓာကိုယ်ကို ကြင်ကြင်နာနာလေး ဆက်ဆံပေးရမှာပဲပေါ့… သူသဘောတူရင် သူ့ကို မိန်းမတော်လိုက်ပေါ့”
စုန်းမပြောလိုက်သည်။ သူမသည် ကျောက်ဗူးလေးကို ယူလာကာ နတ်ဆိုးဆန်ဆန် ပြုံးလိုက်ပြီး “ကျွန်မ ဒဏ္ဍာရီလာ နတ်ဘုရားတွေကို ဖိနှိပ်နိုင်တဲ့ ပုတီးစေ့ကို ယူခဲ့တယ်… ဒါက သူရဲ့ နတ်အသိစိတ်ကို ဖိနှိပ်နိုင်ပြီးတော့ သူ ကိုယ့်ကိုကိုယ် သတ်မသေအောင်တားပေးတယ် တိုက်ခိုက်လို့ မရအောင်လဲ တားပေးတယ်… အဲဒါဆိုရင် သူရဲ့ ဒုတိယခန္ဓာကိုယ်က ထွက်ပေးဖို့ ခက်သွားလိမ့်မယ်”
“ဟား ဟား…” ရှီဟောင်သည် ရယ်မောလိုက်၏။
“အဲဒါဆိုရင် ဒုတိယခန္ဓာကိုယ်က ပြဿနာမပေးနိုင်တော့ဘူးလေ… နောက်ကျရင် ရှင် အဲဒီခန္ဓာကိုယ်ကို သုံးပြီးတော့ အဓိကခန္ဓာကိုယ်နဲ့ ဆက်သွယ်လို့ ရနိုင်တယ်” စုန်းမသည် ရက်စက်စွာ ပြုံးလိုက်သည်။