သုခကမ္ဘာက ရှီဟောင် - Chapter - 711 နတ်ဘုရားကို ဖိနှိပ်ခြင်း
ထိုကျောက်ဗူးလေးသည် အပြင်အဆင်များသိပ်မပါပဲ ရှေးဆန်၏။ ထိုဗူးကို ဖွင့်လိုက်သည့်အခါ ပုတီးစေ့လေး ပေါ်လာသည်။ ထိုပုတီးစေ့လေးသည် မီးခိုးရောင်ဖြစ်ပြီး ကြည့်ရသည်မှာလည်း ရိုးရှင်းပြီး ထိုအရာသည် သိပ်တောင် မဝိုင်းပေ။
“ဒါက နတ်ဘုရားတွေကို ဖိနှိပ်နိုင်တဲ့ ပုတီးစေ့လား” ရှီဟောင်သည် ထိုပုတီးစေ့ကို ထုတ်ပြီး သေချာကြည့်လိုက်သည်။ ဤပုတီးစေ့၏ ထူးခြားချက်ကို သူရှာမတွေ့ပေ။
ထိုအရာသည် ရတနာဟုပင် မထင်ရပဲ ကလေးတစ်ယောက်ဆော့ကစားထားသည်နှင့် တူနေသည်။
“ပစ္စည်းကောင်းတွေက ဒီလိုမျိုးပဲလေ… အချိန်တွေကြာလာတာနဲ့အမျှ ကျန်ရှိနေသေးတဲ့ မသေမျိုးတွေက ဒဏ္ဍာရီတွေကို ဖန်တီးခဲ့ကြတယ်… နောက်ဆုံးမှာ ထူးခြားတာက သာမန်ဖြစ်သွားပြီးတော့ သူ့ရဲ့ ပုံစံအမှန်ပြန်ပေါ်လာတာပဲလေ” စုန်းမသည် ကြီးကျယ်ခမ်းနားသည့် အကြောင်းအရာကို ပြောနေသကဲ့သို့ လေးလေးနက်နက်ပြောနေ၏။
ရှီဟောင်သည် ထိုပုတီးစေ့လေးကို သေချာယူလိုက်ပြီး သူ၏နတ်အစွမ်းဖြင့် အာရုံခံကြည့်လိုက်သည်။ ထိုအချိန်တွင်သူသည် ပင်လယ်ကြီးဖြင့် ဖိနှိပ်ထားသလိုပင် စွမ်းအားကြီးသည့် လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
ဤပစ္စည်းသည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှ၏။ သူသည် လူတစ်ယောက်၏ နတ်အာရုံများကိုပင် ဖိနှိပ်နိုင်သည်။
ဤပုတီးစေ့လေးသည် သာမန်ပုံစံပင်ဖြစ်သော်လည်း သူ့ကို အသက်သွင်းလိုက်သည်နှင့် အံ့ဩစရာကောင်းသည့် ကျောက်တုံးဖြစ်လာ၏။ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် သူ၏ဟန်ပန်များမှာ ပျောက်ဆုံးသွားပြီး ယခုအချိန်တွင် သူ၏ပင်ကိုယ်ပုံစံသာ ရှိတော့သည်။
“ငါ ဒါကို ဘယ်လိုသုံးရမှာလဲ” ရှီဟောင်မေးလိုက်၏။
“ဒါက နည်းနည်းတော့ အန္တရာယ်များတယ်… ရှင်အရင်ဆုံးနေရာတစ်ခုကို ချိတ်ပိတ်ဖို့အတွက် အသိစိတ်ချုပ်နှောင်ခြင်းကို အရင်လုပ်ရမယ်… ပြီးရင် ကျောက်ပုတီးလေးနဲ့ ယွဲ့ချန်ရဲ့ အဓိကအသိစိတ်ကို ဖိနှိပ်နိုင်ဖို့အတွက် သူ့အသိစိတ်ပင်လယ်ထဲဝင်ရမယ်”
“အဲဒါက ပြဿနာရှိလို့လား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
“သာမန်လူဆိုရင် ပြဿနာမရှိဘူး… လက်လေးမြှောက်လိုက်ယုံနဲ့ ရသွားပြီ… ဒါပေမဲ့ ယွဲ့ချန်က သာမန်လူမဟုတ်ဘူး… သူရဲ့ အသိစိတ်ပင်လယ်ထဲမှာ နတ်ဘုရားတစ်ပါးရှိမယ်လို့ ကျွန်မထင်တယ်” စုန်းမသည် အလေးအနက်ပြောလိုက်သည်။
“ဒါက အဆင့်တစ်ခုအထိတော့ စွန့်စားရမှာပဲ… ဒါလုပ်ဖို့က မတန်ဘူးလို့ ငါထင်တယ်” ရှီဟောင်ပြောလိုက်၏။
“ရှင်စိတ်လျော့ပါ… ဒီကျောက်ပုတီးလေးက ရှေးဟောင်းရတနာတစ်ခု… ရှင် နယ်မြေ ၈ ခုစလုံးသွားရှာရင်တောင် ဒီလိုမျိုးနောက်တစ်ခုကို ရှာတွေ့မှာ မဟုတ်ဘူး… ဒီပုတီးစေ့လေးက နတ်ဘုရားတစ်ပါးရဲ့ အသိစိတ်ပင်လယ်ကို ချိတ်ပိတ်နိုင်တယ်” စုန်းမပြောလိုက်သည်။
ထို့နောက် သူသည် ရှီဟောင်ကို စိတ်ရှည်စွာ ရှင်းပြနေသည်။ သူသာ အောင်မြင်လျှင် နတ်နန်းဂိုဏ်း၏ ထူးဆန်းပြီး ခမ်းနားသည့် အရာများကို ရနိုင်ကြောင်း ပြောပြသည်။ သူမသည် သူမ၏တောက်ပပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ သူမကိုကြည့်ရသည်မှာ ထို နတ်စွမ်းအားပြန်လည်မွေးဖွားသည့်နည်းလမ်းကို အလွန်စိတ်ဝင်စားနေပုံရသည်။ သူမသည် ဤအခွင့်အရေးကို အသုံးချကာ ထိုနည်းလမ်းကို ရယူချင်နေ၏။
“ကောင်းပြီလေ” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်တွင် သူ့ထံ၌ ပစ္စည်းလည်း ရှိနေသည်။ ကျောက်တုံးတိုင်းပြည်ဧကရာဇ်နန်းတော်တွင် အသိစိတ်ချုပ်နှောင်ခြင်း အစီအရင်လုပ်ရန်အတွက် နေရာရှာရသည်မှာ မခက်ခဲပေ။
ထိုနေ့တွင် ရှီဟောင်သည် ကြီးမားသည့် ကိုယ်ပိုင်အခန်းတစ်ခုတွင် အစီအရင်ပြုလုပ်လိုက်ကာ ယွဲ့ချန်ကို ဖိနှိပ်ရန်ပြင်ဆင်လိုက်သည်။
“အဖေ အမေ… ကျွန်တော် ရက်နည်းနည်းလောက် တစ်ယောက်တည်းနေဦးမယ်…” ရှီဟောင်သည် သူ၏မိဘများကို အသိပေးလိုက်၏။ သူတို့ပြန်တွေ့ကြသည်မှာ မကြာသေးသော်လည်း သူတို့သည် နောက်တစ်ခေါက် ပြန်လည်ခွဲခွာရတော့မည်ဖြစ်၏။
သူ၏မွေးရပ်မြေသို့ ရောက်ပြီး ကျောက်တုံးမြို့တော်သို့ ရောက်သည့်အချိန်တွင် ရှီကျီလင်းသည် စိတ်ထိခိုက်နေ၏။ သူသည် ဝမ်းနည်းစွာသက်ပြင်းချလိုက်၏။ တစ်နေ့တွင် သူနှင့် သူ၏ဇနီးတို့ လမ်းလျှောက်ထွက်စဉ်တွင် သူသည် စံအိမ် အနည်းငယ်ကိုတွေ့လိုက်သည်။ သူတို့သည် ထိုစံအိမ်ထဲသို့ ဝင်ရန် အကြိမ်ကြိမ်စဉ်းစားသော်လည်း သူတို့ မလုပ်နိုင်ခဲ့ပေ။
“ကျီလင်း မင်းက အိမ်ကိုလွမ်းပြီး ရှက်နေတာလား… မင်းရဲ့ သူငယ်ချင်းဟောင်းကိုတောင် မတွေ့နိုင်လောက်အော် ရှက်နေတာလား” စစ်ဘုရင်ကြီးပေါ်လာပြီး သူနှင့်အတူ ဧည့်သည် နှစ်ယောက်ကို ခေါ်လာ၏။
ထို့နေ့တွင် ဧကရာဇ်၏မိဘများ ပြန်လာသည်ဟူသော သတင်းနှင့်အတူ ကျောက်တုံးမြို့တော်တွင် အုတ်အော်သောင်းတင်းဖြစ်သွားသေးသည်။ သူတို့သည် ရှီကျီလင်းကို လက်ရှိ ဧကရာဇ်၏ အဖေအနေဖြင့် ဆက်ဆံသင့်လား…
ရှီကျီလင်းသည် ကျောက်တုံးမြို့တော်တွင် ကျော်ကြားသော ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်သော်လည်း သူသည် ၁၀ နှစ်ကျော်ကြာအောင် ပျောက်ကွယ်သွား၏။ အတွင်းလျှို့ဝှက်ချက်များသည် တစ်ဖြည်းဖြည်းပေါ်လာကာ လူများသည်လည်း အခြေအနေများကို သိလာရသည်။
“ဧကရာဇ်ရဲ့ အဖေကို ဧကရာဇ်ကိုယ်တိုင် ပြန်ခေါ်လာတာ… သူက ထူးဆန်းတဲ့နယ်မြေကို သွားခဲ့ပြီးတော့ ထာဝရတောင်ကိုတောင် ပြောင်းပြန်လှန်ခဲ့သေးတယ်”
“မဖြစ်နိုင်တာ… မင်းပြောတာ တကယ်လား… အဲဒါက တော်တော်ကြောက်ဖို့ ကောင်းတာပဲ”
ထူးဆန်းသောနယ်မြေတွင် နတ်ဆိုးဧကရာဇ်အကြောင်းလူတိုင်း သိပြီးကြပြီဖြစ်သော်လည်း ပျက်သုန်းခြင်းနယ်မြေတွင် သူ့အကြောင်းသိပ်မသိကြသေးပေ။ ထို့အပြင် ယခုအချိန်တွင် နယ်မြေများကို ဖြတ်သန်းရန်မှာ ခက်ခဲနေသေးသည်။
သို့သော် လူအနည်းငယ်သိသွားသည်နှင့် တစ်ကမ္ဘာလုံးသိသွားကြမည်သာ။
ထိုသတင်းကို အတည်ပြုပြီးသည်နှင့် နတ်နန်းဂိုဏ်း၊ အနောက်ဘက်ဂိုဏ်းနှင့် အခြားဂိုဏ်းများအားလုံးသည် သတိလက်လွတ်မပြုမူရဲကြတော့ပေ။ ကောင်းကင်အောက်တွင်ရှိသည့် အင်အားကြီးသည့် ဂိုဏ်းများအားလုံးသည် တစ်ခုခုကို မပြုမူမှီ သေချာစဉ်းစားကြရမည်သာ။
ရှီဟောင်သည် သူ၏ သီးသန့်နေခြင်းကို စတင်ကာ သူ့ကို မည်သူမျှ နှောက်ယှက်ခွင့်မပေးတော့ပေ။
ယွဲ့ချန်သည်လည်း စွမ်းဆောင်နိုင်သော သူတစ်ဦးဖြစ်၏။ သူမသည် လှပကာ ကျက်သရေရှိလှသည်။
“ယွဲ့ချန် ငါတို့ ဘယ်အချိန် လက်ထပ်ကြမလဲ” ရှီဟောင်သည် ရွှတ်နောက်နောက်မေးလိုက်၏။
သူသည် မဖိနှိပ်မှီတွင် သူမ၏ စိတ်ခံစားချက်မြှင့်တက်လာအောင်လုပ်ပြီး သူမ သတိလွတ်သွားသည်ကို အခွင့်ကောင်းယူလိုခြင်းပင်။
“ရှင် အဲဒီစုန်းမကို ဖမ်းပြီး ကျွန်မရဲ့ အစေခံဖြစ်အောင်လုပ်ပေးမယ်ဆိုရင် ဒီကိစ္စကို ရှင့်ကို သဘောတူပေးလို့ရတယ်” မမျှော်လင့်စွာပင် နတ်သမီး ယွဲ့ချန်သည် ဤကဲ့သို့သော သဘောထားမျိုး ရှိနေလေသည်။ သူမသည် ယခင်ကနှင့် မတူတော့ပေ။
သူမသည် ဤစကားလုံးများကို တည်ငြိမ်စွာပင် ပြောလေ၏။
ရှီဟောင်သည် စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ရသည်။ ဤအမျိုးသမီး၏ နတ်အာရုံများသည် ဤမျှပင် ထက်လာသည်လား… သူမသည် တစ်ခုခုကို သတိထားမိသောကြောင့် သူတို့တမင်သက်သက် စစ်ဆေးနေခြင်းလား…
“ဒီကိစ္စက လွယ်လွယ်လေးပါ… ကိုယ်တို့ လက်ထပ်ပြီးသွားတဲ့အချိန်ကျရင် သူ့ကို ဖမ်းပြီး မင်းအနားမှာ အဖော်ပြုခိုင်းမယ်လေ” ရှီဟောင်သည် ပြုံးပြီး ပြောလိုက်၏။
“သူ မလာဘူးလား” ယွဲ့ချန်သည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
ရှီဟောင်၏စိတ်သည် တစ်ခဏတာ တွေဝေသွားရသည်။ ဤအမျိုးသမီးသည် ထင်ထားသည့်အတိုင်းပင် ထူးခြားလွန်းသည်။
“ညီမလေးလာနေပြီကို မမက ဘာလို့ထွက်မလာသေးတာလဲ… ဒီကိုလာတာ ညီမလေးနဲ့ ရင်ဆိုင်ပြီး ညီမလေးရဲ့တာအိုရလဒ်တွေကို ခိုးဖို့ မဟုတ်ဘူးလား” ယွဲ့ချန်၏အသံသည် အလွန်သာယာနာပျော်ဖွယ် ကောင်းလှသည်။
ရှီဟောင်သည် သူ၏ခေါင်းကို ရမ်းကာ ပြောလိုက်၏ “မင်းကဘာတွေကို သံသယဝင်နေတာလဲ”
“ကျောက်တုံးလေး ကျွန်မရှင့်ကို အကြံတစ်ခု ပေးလိုက်မယ်… ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးလူက အဲဒီစုန်းမပဲ… ရှင်သူ့ကို သတိထား” ယွဲ့ချန်ပြောလိုက်သည်။
ရှီဟောင်သည် တိတ်ဆိတ်စွာပင် နေလိုက်၏။ ဤအမျိုးသမီး နှစ်ယောက်လုံးသည် ကိုင်တွယ်ရန် ခက်ခဲပေသည်။
“ရှင် သူ့ရဲ့ ပုံစံ ၂ ခုကို မြင်ဖူးပြီးသွားပြီ… ပြီးတော့ အဲဒီနှစ်ခုထဲက တစ်ခုက ဝိဉာဉ်ခန္ဓာကိုယ်ပဲ… နောက်ထပ်တစ်ခုက ခန္ဓာကိုယ်အစစ်အမှန်ဆိုတာ ရှင်သေချာလို့လား… သူက ဘယ်သူလဲ… သူ့ရဲ့ပုံစံအစစ်အမှန်က ဘယ်လိုမျိုးလဲ… ရှင်ဒါတွေကို တစ်ခုမှ သိမှာမဟုတ်ဘူး.. “ယွဲ့ချန်ပြောလိုက်သည်။
“မင်း ဘာပြောချင်တာလဲ” ရှီဟောင် ပြောလိုက်၏။ သူသည် အလောတကြီး မလုပ်သေးပဲ ဤအခွင့်အရေးကို အသုံးချကာ စုန်းမအကြောင်းပိုသိအောင် ကြိုးစားချင်သည်။
ယွဲ့ချန်သည် အပြုံးရေးရေးဖြင့် “ရှင်က သူ့ရဲ့ခန္ဓာကိုယ်အစစ်အမှန်ကို တစ်ခါမှ မပြဖူးသေးတဲ့ လူတစ်ယောက်ကို အရမ်းယုံကြည်ထားတာပဲ… သူ့ရဲ့ထောင်ချောက်တွေကို သတိထား… မဟုတ်ရင် ရှင်သူ့ရဲ့ အကြံအစည်ထဲပါသွားမယ်”
ရှီဟောင် သက်ပြင်းချလိုက်၏။ ထင်သည့်အတိုင်းပင် ဉာဏ်ကောင်းသော အမျိုးသမီးများသည် ကိုင်တွယ်ရန်ခက်ခဲလှသည်။ ယွဲ့ချန်သည် စကားအနည်းငယ်သာ ပြောရသေးသော်လည်း သူသည် စတင်ကာ တွေဝေနေပြီဖြစ်၏။
စုန်းမသည် အရာအားလုံးကို သိပုံပေါ်နေပြီး ဤတစ်ခေါက်တွင် သူနှင့် ပူးပေါင်းရန် လာခဲ့သည်။ သို့သော် အများဆုံးလုပ်ရမည်မှာ သူသာဖြစ်ပြီး သူ့နောက်ကျောကို ဓားဖြင့် ထိုးသွားပါက သူ ဒုက္ခရောက်သွားလိမ့်မည်။ ထို့ကြောင့် သူသည် ပြန်စဉ်းစားနေရ၏။
“သူက သူ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကိုမှ မပြဖူးတာ သူ့ကို ဘယ်လိုလုပ် ယုံလို့ရမှာလဲ” ယွဲ့ချန်သည် ပြုံးကာပြောလိုက်သည်။ “သူက ရှင့်အပေါ် စစ်မှန်ရဲ့လားဆိုတာ ရှင်မသိဘူး… ဖြစ်နိုင်ချေတွေ အမျိုးမျိုးတော့ရှိတယ်… သူက ရှင့်ကို ကူညီချင်တယ် ဒါပေမဲ့ သူက တစ်ချို့အရာကို ကွယ်ဝှက်ထားတာ ဖြစ်နိုင်တယ်… သူက ကျွန်မနဲ့ဆန့်ကျင်ဘက် နတ်ဆိုးလည်း ဖြစ်နေနိုင်တယ်… ဘယ်ဟာအမှန်လဲဆိုတာ ရှင်မသိနိုင်ဘူး”
သူမ၏ နောက်ဆုံးစာသားသည် ရှီဟောင်ကို ထိတ်လန့်သွားစေသည်။
မျက်ဆံနှစ်ခုပါသော ရှေးလူကြီးထားခဲ့သည့် နတ်မျက်စိကို စုန်းမအပေါ်တွင် အသုံးပြုရမည်ဟု ရှီဟောင်ခံစားရသည်။ ထိုစုန်းမသည် ယွဲ့ချန်း၏ ခန္ဓာကိုယ်အစစ်အမှန်လည်းဖြစ်နိုင်သည် မဟုတ်လား…
ထိုအတွေးသည် ရယ်မောစရာကောင်းသော်လည်း သူ၏စိတ်ထဲတွင် တုန်လှုပ်လာ၏။ ယွဲ့ချန်သည် စကားပြောကောင်းမွန်ပြီး သူမပြောသမျှတိုင်းသည် သူ့ကို စိုးရိမ်စိတ် ဖြစ်ပေါ်စေသည်။
“အစ်မကြီး ယွဲ့ချန် ကျွန်မလာပြီ… အစ်မကြီးရဲ့ မင်္ဂလာပွဲကို တက်ဖို့အတွက် ကျွန်မကိုယ်တိုင်လာခဲ့တာ” စုန်းမသည် အစီအရင်အတွင်းသို့ ဝင်လာပြီး ရှီဟောင်ကိုကြည့်ကာ နှာမှုတ်ပြလိုက်၏။
“ကျွန်မက နတ်စွမ်းအင်ကို ကျင့်ကြံတယ်… ရှင်က နတ်မိစ္ဆာကို ကျင့်ကြံတယ်… ဘာလို့ ဒီလိုမျိုးတွေ လုပ်နေတာလဲ” ယွဲ့ချန် ပြောလိုက်သည်။
ထိုစကားလုံးများသည် သူတို့နှစ်ယောက်ကို ထိတ်လန့်သွားစေ၏။
“အစ်မကြီးယွဲ့ချန်… ကျွန်မ အစ်မကို တကယ်လေးစားတယ်… အစ်မရဲ့ နတ်အာရုံတွေက အရမ်းအစွမ်းထက်တာပဲ… ဒါမှမဟုတ် ဘာဖြစ်တော့မလဲဆိုတာ အစ်မသိနေတာများလား” စုန်းမသည် မေးလိုက်ကာ ချက်ချင်းပင် မညီမညွတ်ဖြစ်အောင် လုပ်ကြသည်။
ရှီဟောင်သည် ဘာမျှမပြောပဲ ဘေးတွင်သာ တိတ်တိတ်လေးရပ်ကြည့်နေလိုက်၏။ တစ်ခဏ စဉ်းစားပြီးသည့်ချိန်တွင် သူပြောလိုက်သည် “မင်း လုပ်စရာရှိတာလုပ်တော့”
စုန်းမသည် အံ့ဩသွားပြီး “ရှင် သူ့စကားလုံးတွေကို မကြောက်ဘူးလား”
ရှီဟောင်သည် ရယ်မောလိုက်ကာ ပြောလိုက်သည် “ငါက အားလုံးကို ဖိနှိပ်တဲ့နေရာမှာ ယုံကြည်ချက်ရှိတယ်… ငါတို့ ဒီနန်းတော်ထဲမှာ ရှိနေသရွေ့ ငါ့ရဲ့နယ်မြေအတွင်းမှာ ရှိနေမှာပဲ… တစ်ယောက်ယောက်က ဖောက်နေတယ်လို့ ငါခံစားရတာနဲ့ အဲဒီလူကို ငါသတ်ပစ်မှာပဲ”
“စိတ်ကြီးဝင်နေပြီးတော့ ထိန်းချုပ်လို့မရတဲ့သူပဲ” စုန်းမ ရေရွတ်လိုက်၏။
“အဲဒါဆိုရင် လက်တွဲပြီးတော့ အတူတူသွားကြရအောင်” ရှီဟောင် စနောက်လိုက်ပြီး သူမ၏လက်မောင်းကို ဆွဲလိုက်သည်။
“ရှင် ကျွန်မကို အခွင့်အရေးယူနေတာ တော်တော့” စုန်းမသည် သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
နောက်ဆုံးတွင် သူတို့ နှစ်ယောက်သည် လက်ချင်းတွဲကာ ယွဲ့ချန်၏ မျက်ခုံးနှစ်ခုကြားမှတစ်ဆင့် သူ၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်သွားလိုက်၏။
ယခုအချိန်တွင် ယွဲ့ချန်၏ကျင့်ကြံခြင်းများသည် ချိတ်ပိတ်ခံထားရသောကြောင့် သူမသည် မခုခံနိုင်ပဲ သူမ၏ အသိစိတ်ပင်လယ်အတွင်းတွင်သာ ပြင်ဆင်မှုများကို ပြုလုပ်ထားလိုက်သည်။
သူမ၏အသိစိတ်ပင်လယ်အတွင်းတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် သူတို့ကို ရပ်စောင့်နေ၏။ သူမသည် ရှီဟောင်ကိုကြည့်ကာ “ဒီတိုက်ပွဲပြီးရင် ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ… မမျှော်လင့်ထားတာတွေ ဖြစ်လာရင်တောင် ရှင် ဒီစုန်းမကို သတိထားပါ… သူက ကြောက်စရာအကောင်းဆုံးသူပဲ”
“အစ်မကြီး ယွဲ့ချန် ရှင်က တကယ်ကို အကြင်နာတရားနဲ့ ရိုးသားမှု မရှိတာပဲ… ရှင်က လက်ထပ်တော့မယ့်ဟာကို ကျွန်မကို မကောင်းကြံနေသေးတယ်… နတ်သမီးတွေအားလုံးက မကောင်းတဲ့သူတွေချည်းပဲ” စုန်းမပြောလိုက်၏။
ယွဲ့ချန်သည် ချိုသာစွာပြုံးကာ ပြောလိုက်သည်။ “လက်ထပ်ဖြစ်တယ်ဆိုရင် ကျွန်မတို့ ကြေငြာမှာပါ”
သူတို့နှစ်ယောက်၏ ပူးပေါင်းမှုကို သူမဖျက်ဆီး၍မရသည်မှာ သေချာသည်။ စုန်းမလက်ထဲတွင်ရှိနေသော ကျောက်ပုတီးစေ့လေးသည် သူမ၏အသိစိတ်ပင်လယ်ကို ဖိနှိပ်နိုင်ကာ အလွန်ကြောက်စရာကောင်းသည်။
ထိုအချိန်တွင် ရှီဟောင်၏ ဦးခေါင်းထက်တွင် နဂါးစွမ်းအင်များ စီးဆင်းနေသည့် အဖိုးတန်သည့် တံဆိပ်တစ်ခုသည် သူ့ကို ကာကွယ်ပေးထား၏။ မည်သည့်အရာကမှ ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ပေ။
ထိုအရာသည် လူသားဧကရာဇ်၏ တံဆိပ်ပင်။ ထိုတံဆိပ်တွင် တိုင်းပြည်တစ်ခု၏ ကံကြမ္မာစွမ်းအင်များ ပါဝင်ပြီး ဤနန်းတော်အတွင်းတွင် သူသည် မည်သူ့ကိုမဆို ဖိနှိပ်နိုင်လေသည်။
ရှီဟောင်နှင့် စုန်းမသည် ရွှေရောင် ဂိတ်တံခါးကို တွန်းလိုက်သောအခါ အိပ်ပျော်နေသည့် အသိစိတ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီးသည် သူတို့ ရင်ဆိုင်ရမည့် သူပင်။
ထိုအသိစိတ်ပင်လယ်သည် အရောင်များ တောက်ပနေကာ မည်သည့်အပြစ်အနာအဆာမျှ မရှိပေ။ ဤသည်မှာ နတ်သမီးယွဲ့ချန်၏ ဝိဉာဉ်သည် ဖြူစင်ကြောင်းကို သက်သေပြခြင်းပင်။ အသိစိတ်ပင်လယ်၏ ကောင်းကင်တွင် တိမ်များ၊ မြူများရှိနေပြီး ကျောက်စိမ်းနန်းတော်တစ်ခုလည်း ရှိသည်။
ကျောက်စိမ်းနန်းတော်အတွင်းတွင် အမျိုးသမီးတစ်ယောက် အိပ်နေ၏။ သူမ၏ ခန္ဓာကိုယ်တွင် ရွှေရောင်များလွှမ်းခြုံထားကာ သူမ၏ ပုံစံမှာလည်း ထူးခြားလှ၏။
ရွှေရောင်ဂိတ်တံခါးကို ဖွင့်လိုက်သည်နှင့် သူမမျက်လုံးသည် ရုတ်တရက်ပွင့်လာကာ ထူးဆန်းသော သင်္ကေတများမှ ပြုလုပ်ထားသည့် အလင်းတန်းနှစ်ခု ထွက်လာသည်။ သူမသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် လေထဲတွင် လွင့်နေ၏။
ယွဲ့ချန်၏ အော်ရာသည် အလွန်ကြောက်စရာကောင်းပြီး အစွမ်းထက်လှသည်။ သူမ၏ အသွေးအသားများသည် မသေမျိုးဖြစ်ကာ သူမ၏အရိုးသည် ကျောက်စိမ်းကဲ့သို့ပင်။ ရွှေရောင်အလွှာတစ်ခုသည် ခေါင်းအစ ခြေအဆုံး သူမ၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
“ရှင်က သူ့ကိုလည်း ဝင်ခွင့်ပေးလိုက်တယ်ပေါ့… သူရှင့်ကိုလည်း ကျွန်မနဲ့အတူတူ ချိတ်ပိတ်သွားမှာကို ရှင်မကြောက်ဘူးလား” ယွဲ့ချန် မေးလိုက်၏။
“မကြောက်ဘူး” ရှီဟောင်သည် သူ၏လက်နှစ်ဖက်ကို အနောက်ပစ်ကာ ပြောလိုက်သည်။
“စိတ်ရှုပ်စရာကောင်းလိုက်တာ… သူက ဘာလို့ သူများကိုအခွင့်အရေးတွေ ပေးနေတာလဲ” စုန်းမသည် စိတ်ရှုပ်စွာပြောလိုက်ပြီး ရှီဟောင်ကို ကြည့်လိုက်ရာ သူ၏ဦးခေါင်းတွင် လူသားဧကရာဇ်တံဆိပ်ကို မြင်လိုက်ရ၏။
“စမယ်” ရှီဟောင်ပြောလိုက်သည်။
ထို့နောက် အသိစိတ်ပင်လယ်အတွင်းတွင် တိုက်ပွဲကြီး စတင်ဖြစ်ပွားလာ၏။
စုန်းမသည် သူ၏လက်ထဲတွင် ကျောက်ပုတီးစေ့လေးကို ကိုင်ထားသည်။ ထိုအချိန်တွင် ပုတီးစေ့လေးကို ဖုံးအုပ်ထားသော ဖုန်များမှာ လွင့်စင်သွားပြီဖြစ်၏။ သူသည် ဤနေရာတစ်ခုလုံးကို ရပ်တန့်ပစ်တော့ မလိုပင်။
သို့သော် နတ်သမီးယွဲ့ချန်သည် ခေါင်းမာပြီး တသီးတခြားနေတတ်သောသူဖြစ်သည်။ ထိုကဲ့သို့သော ဝိဉာဉ်မျိုးသည် ထင်ထားသည်ထက် ပို၍စွမ်းအားကြီး၏။ သူမသည် ဤနေရာတွင် ကာကွယ်မှုများ ပြုလုပ်ထားသောကြောင့် တင်းမားသော တိုက်ပွဲများ ဖြစ်ပေါ်လာသည်။
“မင်းပြောတော့ နတ်ဘုရားတွေကို ချိတ်ပိတ်နိုင်တယ်ဆို” ရှီဟောင်မေးလိုက်၏။
စုန်းမသည် တောက်ပစွာပြုံးကာ “ဒါက သူရဲ့ မူရင်းက အရမ်းထူးခြားတယ်လို့ ဆိုလိုတာပဲ… ကျွန်မတို့ သူ့ကိုဖမ်းနိုင်ရင် ကျွန်မတို့ အကျိုးကျေးဇူးများမှာ သေချာတယ်”
ရှီဟောင်သည် ယွဲ့ချန်ကို ဆက်တိုက်ပင် ဓားစွမ်းအင်များဖြင့် တိုက်ခိုက်နေသည်။
ယွဲ့ချန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် နဂါးတစ်ကောင်ပေါ်လာကာ ထိုနဂါးသည် ခေါင်းမော့ကာ ဟိန်းလိုက်ပြီး ရှီဟောင်၏ ဓားစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်၏။
စုန်းမသည် မန္တန်များကို ရွတ်လိုက်သည်နှင့် တာအိုတံဆိပ်များပါသည့် ပွင့်ဖတ်များသည် နတ်သမီးယွဲ့ချန် အရှေ့တွင် ဖုံးလွှမ်းသွား၏။
‘ဝုန်း’ ဟူသောအသံထွက်ပေါ်လာပြီး လှပသော ဇာမဏီငှက်တစ်ကောင် ပေါ်လာ၏။ ဇာမဏီသည် မီးတောက်များကြားတွင် ရှိနေပြီး ပန်းပွင့်ဖတ်များအားလုံးကို လောင်ကျွမ်းစေလိုက်သည်။
ယွဲ့ချန်သည် သူမ၏ ကျင့်ကြံခြင်းနယ်မြေထက်ပင် ကျော်လွန်နေပြီး သူမကို ရင်ဆိုင်ရသည်မှာလည်း မလွယ်ကူပေ။
ကျောက်ပုတီးစေ့လေးသည် သူမ၏ဝိဉာဉ်ကို အားနည်းစေသောကြောင့်ဟာ မဟုတ်လျှင် တိုက်ပွဲသည် တစ်မျိုးတစ်မည်ပြောင်းလဲနေလောက်ပြီဖြစ်သည်။
နတ်သမီးယွဲ့ချန်၏ ခန္ဓာကိုယ်သည် တောက်ပလာကာ နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခုထွက်လာသည်။
သူမသည် ထင်ထားသည်ထက်ပင် ပို၍စွမ်းအားကြီးနေ၏။
“အစ်မကြီး ရှင့်ရဲ့ နောက်ခံက ထူးဆန်းတယ်ဆိုတာ သိပါတယ်… ဒါပေမဲ့ ဒီ ကျောက်ပုတီးစေ့လေးက အဆင့်လွန်ရှေးဟောင်း ရတနာတစ်ခုပဲ… ရှင်ဘယ်လောက်ပဲ ကြိုးစားနေပါစေ အသုံးမဝင်ဘူး” စုန်းမမှ ပြောလိုက်၏။ ထို့နောက် သူမသည် ထူးဆန်းသောနည်းလမ်းကို သုံးကာ ကျောက်ပုတီးစေ့လေးကို အသက်သွင်းလိုက်သည်။
ရှီဟောင် ထိတ်လန့်သွား၏။ သို့သော် သူ၏လက်ထဲတွင်လည်းဝှက်ဖဲရှိသေးသောကြောင့် စုန်းမသူ့ကို လှည့်စားသွားမည်ကို သိပ်စိတ်မပူပေ။
“တိုက်မယ်” စုန်းမသည် ရှီဟောင်ဘက်သို့ လှည့်ပြောလိုက်သည်။
ရှီဟောင်သည်လည်း ခွန်ပန်နည်းလမ်းကိုသုံးကာ ထိုအလှလေးကို ချိတ်ပိတ်လိုက်၏။
နောက်ဆုံးတွင် အရာအားလုံးသည် တိတ်ဆိတ်သွားသည်။ နတ်သမီးလေးသည် သင်္ကေတများကြားတွင် ပိတ်မိနေကာ ချုပ်နှောင်ခံထားရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကျောက်ပုတီးစေ့လေးက ဖိနှိပ်ထားသည်။