သုခကမ္ဘာက ရှီဟောင် - Chapter - 712 မသေမျိုးအကျဉ်းသား
တိုက်ပွဲသည် အချိန်အနည်းငယ်ကြာမြင့်ခဲ့သောကြောင့် ရှီဟောင်နှင့် စုန်းမသည် ထိုင်ကာ သူတို့၏ စွမ်းအင်များကိုပြန်ညှိနေကြ၏။
အခြားတစ်ဖက်တွင် ယွဲ့ချန်သည်အဖမ်းခံထားရသော်လည်း သူမ၏ပုံစံသည် ထူးခြားနေစဲပင်။ နတ်စွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး သူမ၏ဆံပင်များသည်ပင် တောက်ပနေသည်။
“အစ်မကြီး ရှင်က တကယ်ကို တည်ငြိမ်တာပဲ… ရှင်က အဖမ်းခံထားရပြီး ရှင့်ရဲ့ ဝိဉာဉ်က ချိတ်ပိတ်ခံထားရတာတောင်မှ ရှင်က ခေါင်းအေးအေးနဲ့နေနိုင်သေးတယ်…ရှင်က ပြန်လာဖို့ ကြိုးစားနေတာလား” စုန်းမပြောလိုက်၏။
သူမသည်လည်း ချောမောလှပသော်လည်း ယွဲ့ချန်နှင့် မတူပေ။ ယွဲ့ချန်သည် နတ်ဘုရားကဲ့သို့ပင် အပြစ်ကင်းစင်လှသော်လည်း သူမသည် နတ်ဆိုးတစ်ယောက်ကဲ့သို့ပင်။
စုန်းမသည် ယွဲ့ချန်၏ တင်ပါးကို အသံမြည်အောင် ရိုက်ပြီး သူမကို စော်ကားလိုက်ကာ အလွန်တောက်ပသော အပြုံးဖြင့် ပြောလိုက်၏။
“အစ်မကြီး ယွဲ့ချန် ရှင်က အရမ်းကို သီးသန့်ဆန်ပြီး တစ်မူထူးခြားပါလား… ဒီကညီမလေးက မနာလိုတောင် ဖြစ်လာပြီ”
“မင်း မိစ္ဆာမ မင်းရဲ့လက်ကို ဖယ်လိုက်” ရှီဟောင်သည် အလေးအနက်ပင် ပြောလိုက်၏။
စုန်းမသည် ဆွံ့အသွားပြီးနောက် အော်ရယ်လိုက်ပြီး “နတ်ဆိုးဧကရာဇ် ဆိုတာက မယ်သီလရှင်တစ်ပါးကို ဒီမှာဖမ်းထားချင်တဲ့ သနားစရာကောင်းတဲ့တာအိုတစ်ယောက်လား”
“သူက ငါ့အပိုင်” ရှီဟောင်သည် လမ်းလျှောက်လာကာ သူမ၏လက်ကို ဖယ်ထုတ်လိုက်၏။
ရန်သူကို ဖမ်းမိကာ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သော်လည်း သူတို့နှစ်ယောက်သည်လည်း အားအင်များကုန်ခမ်းသွားသည်။ ကျောက်ပုတီးစေ့လေးသာ မရှိပါက တိုက်ပွဲရလဒ်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလိမ့်မည်။
ယွဲ့ချန်၏ခန္ဓာကိုယ်တောက်ပလာပြီး နတ်ချိန်းကြိုးများသည် တစ်ထပ်ပြီးတစ်ထပ် သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာ၏။ သူမ မည်မျှပင် အားထည့်ကာ ရုန်းစေကာမူ သူမ ထိုချိန်းကြိုးများကို မဖြတ်နိုင်ပေ။ ထိုနတ်ချိန်းကြိုးများသည် သူမ၏မူလဝိဉာဉ်ကို ချုပ်နှောင်ထားကာ သူမ၏ကျင့်ကြံခြင်းကိုလည်း ကန့်သတ်ထား၏။
ထို့အပြင် ကျောက်ပုတီးစေ့လေးသည် သူမ၏ နဖူးမှတစ်ဆင့်သူ၏အစွမ်းကို ထုတ်နေ၏။ သူမ၏နဖူးမှတစ်ဆင့် အလင်းတန်းများသည် သင်္ကေတများအဖြစ်ပြောင်းလဲသွားကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားပြီး သူမ၏အစွမ်းများကို ချိတ်ပိတ်နေ၏။
ချုပ်နှောင်မှုများသည် တစ်စထက်တစ်စ ပို၍တင်းကျပ်လာကာ သူမ ရုန်းထွက်ရန်ခက်ခဲလာသည်။
ယွဲ့ချန်၏ အမူအရာသည် တည်ငြိမ်နေကာ “နောက်ကျရင် အရာအားလုံး ရှင်းရှင်းလင်းလင်းဖြစ်လာလိမ့်မယ်”
သူမသည် ထိုစကားလုံးများကို သူတို့နှစ်ယောက်စလုံးကြားအောင် ပြောလိုက်ပြီးနောက် ရှီဟောင်ဘက်သို့လှည့်ကာ သူ့ကို သတိပေးသလို ပြောလိုက်သည်။
“ရှင်က အန္တရာယ်အများဆုံးသူနဲ့ တွဲကနေတာ”
စုန်းမသည် ဆွဲဆောင်မှုရှိသောအပြုံးတစ်ခုကို ပြုံးလိုက်ကာ သူမ၏အမြှီးကို လှုပ်ရမ်းကာ ပြောလိုက်၏။ “အစ်မကြီး အရမ်းမလုပ်ပါနဲ့… အခုအချိန်မှာ လာပြီးသွေးကွဲအောင်လုပ်နေလည်း အလကားပဲ”
ထို့နောက် သူမသည် ယွဲ့ချန်၏ လှပသောမျက်နှာကို လက်ဖြင့်ညှစ်ကာ ပြောလိုက်သည်။
“ခံစားလို့ ကောင်းတယ်မလား”
“သွားရအောင် သူက ငါ့ဇနီး” ရှီဟောင်သည် ယွဲ့ချန်ကို ခေါ်ကာ နောက်ဆုတ်သွားလိုက်၏။
“ရှင်ကတကယ်ကို မသိတတ်ဘူးပဲ… ဘယ်လိုပဲ ကြည့်ကြည့် ရှင့်ရဲ့ဒီဇနီးကို ကျွန်မရဲ့အကူအညီနဲ့ ဖိနှိပ်နိုင်ခဲ့တာလေ… အဲဒီတော့ ရှင် သူ့ကို ရက်နည်းနည်းလောက်တော့ ကျွန်မကို ငှားပေးသင့်တယ်လေ ဟုတ်တယ်မလား” စုန်းမသည် ရယ်မောကာပြောလိုက်သည်။
“မဖြစ်နိုင်တာ… ဘယ်သူက ကိုယ့်ဇနီးကို ငှားပေးလို့လဲ… စဉ်းတောင် မစဉ်းစားနဲ့” ရှီဟောင်သည် ချက်ချင်းပင် ငြင်းလိုက်၏။
ယွဲ့ချန်၏ ခန္ဓာကိုယ်သည် အချိုးကျပြီး လှပ၏။ သူမ၏ခါးကို ရှီဟောင်ဖက်ထားသောကြောင့် သူမသည် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် မည်မျှပင် တည်ငြိမ်စေကာမူ ဤကဲ့သို့ အခြေအနေမျိုးကို မကြိုက်ပေ။
နောင်တွင်ဖြစ်လာနိုင်သည့်အရာများကို စဉ်းစားမိသည့်အချိန်တွင် သူမသည် ကြောက်ရွံ့လာပြီး ထိုအခြေအနေများကို စဉ်းစားမိသောအခါ သူမသည် ကြက်သီးများပင် ထလာ၏။
“အားရား… အစ်မကြီးရဲ့ ကျောက်စိမ်းရောင်ခန္ဓာကိုယ်က အရမ်းတောင့်တင်းနေတာပဲ… အဲဒီလောက်တောင် စိတ်လှုပ်ရှားနေတာလား”
စုန်းမသည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူမသည် မျက်လုံးကြီးများသည် အရောင်တောက်လာကာ သူမ၏လက်သည် ယွဲ့ချန်ထံသို့ နောက်တစ်ကြိမ်ရောက်လာ၏။
“လျှောက်မကိုင်နဲ့” ရှီဟောင်သည် ယွဲ့ချန်ကို ဘေးတွင်ထားကာ ထွက်သွားလိုက်သည်။
“ကျွန်မနဲ့ပေါင်းပြီး သူ့ကို မဖိနှိပ်ချင်ဘူးလား” ဝိဉာဉ်ခန္ဓာကိုယ်သည်လည်း ခန္ဓာကိုယ်အစစ်နှင့် သိပ်မကွာသောကြောင့် သူမ၏ခန္ဓာကိုယ်မှ အမွှေးနံ့ရနေ၏။
ရှီဟောင် သူမကို လှည့်ကြည့်လိုက်သည်နှင့် သူတို့နှစ်ဦး၏ နှာခေါင်းထပ်သည် ထိကပ်သွားရ၏။
“ဟေး… ရှင်တို့ရဲ့ အပြုအမူတွေကို ဆင်ခြင်ပေးပါလား… ရှင်တို့ မင်္ဂလာဦးခန်းထဲရောက်နေတာ မဟုတ်ဘူး… ပြီးတော့ ရှင်တို့ နတ်အာရုံကနေတစ်ဆင့် ကျွန်မကို ထောင်ချောက်ဆင်ဖို့ ပြောနေကြတာလား”
စုန်းမသည် အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးပြကာ ယွဲ့ချန်ကို ကြည့်ပြီးပြောလိုက်၏။
“အစ်မကြီး အားလုံးက အချည်းနှီးပဲ”
ရွှေရောင်ဂိတ်တံခါးအနောက်တွင်ရှိသော ယွဲ့ချန်သည်ပို၍ပင် တည်ငြိမ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးသည်ပင် သူမကို စိတ်အနှောက်အယှက်မဖြစ်စေသလိုမျိုးပင်။
“သူ့ကို ဖိနှိပ်နိုင်မယ့် နောက်ဆုံးလျှို့ဝှက်နည်းလမ်းတစ်ခု ကျွန်မဆီမှာ ရှိတယ်”
ယွဲ့ချန်သည် ရှီဟောင်၏မျက်နှာနှင့် ကပ်မတတ် တိုးသွားပြီး သူမ၏ အနီရောင်နှုတ်ခမ်းပါးမှတစ်ဆင့် စွမ်းအင်များကို ထုတ်လွှတ်လျက် ရှိသည်။
“သူ ရှင့်ကို လက်တုံ့ပြန်လိမ့်မယ်… သတိထားဦး” စုန်းမသည် အချိန်ကိုက်ပင် သူ့ကို သတိပေးလိုက်သည်။
“ရှင်အခု မလုပ်ဘူးဆိုရင် အရမ်းအန္တရာယ်များတယ်… သူက ကျောက်ပုတီးစေ့လေးကို သုံးပြီး ရှင့်ကိုလည်း ချုပ်နှောင်လိမ့်မယ်.. အဲဒီအချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်” ယွဲ့ချန်သည် နူးညံ့စွာ ပြောလိုက်သည်။
“ကျွန်မတို့ အပြီးသတ်ကြတာပေါ့… အစ်မကြီး ပြဿနာတွေ မရှာပါနဲ့တော့”
စုန်းမသည် သူမလက်ညှိုးထိုးလိုက်သည်နှင့် ထူးဆန်းသည့် အလင်းတန်းတစ်ခုထွက်လာ၏။ ထိုအချိန်တွင် နတ်ဘုရားဖိနှိပ်သည့်ပုတီးစေ့လေးသည် လှည့်သွားကာ သင်္ကေတများ အများအပြားထွက်လာ၏။
ထို ထူးဆန်းသော သင်္ကေတများသည် မြူများဆိုင်းကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသောကြောင့် သူမ၏ ခန္ဓာကိုယ်သည် တုန်လှုပ်လာရသည်။ အရာအားလုံးသည် နောက်ကျသွားပြီး သူမသည်လည်း ထွက်ပြေး၍မရနိုင်မှန်း သူမသိလိုက်၏။
“ပြီးပြီ ..။ ” စုန်းမသည် လွတ်လပ်စွာပင် ရယ်မောကာ ပြောလိုက်၏။
“မင်း သူ့ကို ချုပ်နှောင်ထားနိုင်တာ သေချာလား .. ” ရှီဟောင်သည် စိတ်ထဲမှ အသံပို့လွှတ်ကာ မေးလိုက်သည်။
“စိတ်မပူပါနဲ့… အားလုံးကျွန်မတို့ ထိန်းချုပ်မှုအောက်မှာပဲ” စုန်းမ ပြန်ပြောလိုက်သည်။
ရှီဟောင်သည် ယွဲ့ကျုံး၏ မျက်ခုံးနှစ်ခုကြားတွင် ရှိနေသည့် ကျောက်ပုတီးလေးကို ကြည့်လိုက်၏။ ထိုကျောက်ပုတီးလေးသည် အလွန်ထူးဆန်းကာ စွမ်းအားကြီးလှသည်။ ထိုပုတီးစေ့လေးကို သုံးပြီး သူ့ကို ဖိနှိပ်ပါက သူ့အတွက် အန္တရာယ်များမည်ပင်။
“ဟီး ဟီး…” စုန်းမရယ်မောကာ ပြောလိုက်၏။
“လူငယ်လေး… ငါ့ကို စမ်းခွင့်ပေးပါလား”
ရှီဟောင်သည် ပုံမှန်အတိုင်းပင် ရယ်မောလိုက်ကာ ပြောလိုက်သည်။
“မင်းက ငါ့ကိုလည်းဖမ်းထားချင်တာလား”
သူ၏ခေါင်းထက်တွင်ရှိသော အဖိုးတန်တံဆိပ်သည် တောက်ပနေကာ တိုင်းပြည်၏ကံကြမ္မာစွမ်းအင်သည်လည်း သူ့ကို ဝန်းရံလျက်ရှိသည်။
စုန်းမ၏မျက်နှာသည် ပို၍ လှပလာကာ “ကျွန်မရဲ့ ပုတီးစေ့လေးက သာမန်ပစ္စည်းတစ်ခု မဟုတ်ဘူး… အဲဒါက ရှေးဟောင်းအဆင့်လွန်ရတနာတစ်ခု… သူက ကောင်းကင်အောက်မှာရှိတဲ့ တစ်ကမ္ဘာလုံးကို ဖိနှိပ်နိုင်တယ်”
ရှီဟောင်သည် ဘာမျှမပြောပဲ သူမကိုသာ တည်ငြိမ်စွာကြည့်နေသည်။
စုန်းမသည် လှပသော မျက်လုံးများသည် အလင်းတန်းများစီးဆင်းနေကာ သူမသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရန် ကြိုးစားနေသလိုပင် “ကျွန်မ ဘာလုပ်သင့်သလဲ”
“မင်း သဘောပဲ” ရှီဟောင်ပြောလိုက်သည်။
“ဟင်း… ကျွန်မကို ခေါင်းကိုက်အောင် လာလုပ်နေတာပဲ” စုန်းမသည် သူမ၏ နဖူးကို လက်ဖြင့်ကိုင်ကာ တွေဝေနေ၏။ နောက်ဆုံးတွင် သူမသည် သူမ၏ဆံပင်များကို သိမ်းကာ ပြောလိုက်၏။
” ထားလိုက်ပါတော့… ငါလူငယ်လေးနဲ့ အလုပ်တွေ လုပ်ရဦးမှာ”
ယွဲ့ချန်၏ နှုတ်ခမ်းသည် အနည်းငယ်ကွေးတက်သွားကာ ရှီဟောင်၏နားနားကပ်ကာ ပြောလိုက်သည်။
“သူ ရှင့်ကို စနေတာ မဟုတ်သလို ရှင့်ကို ခြောက်နေတာလည်းမဟုတ်ဘူး… သူ တကယ်လုပ်မလို့… ဒါပေမဲ့ သူ ကြောက်နေလို့ မလုပ်တော့တာ… သူက အရမ်းဉာဏ်ကောင်းတယ် မသေချာတဲ့အလုပ်တစ်ခုကို သူလုပ်မှာမဟုတ်ဘူး”
ရှီဟောင်၏မျက်နှာသည် တည်ငြိမ်နေသော်လည်း သူသတိထားနေ၏။ နတ်နန်းဂိုဏ်းမှ နတ်သမီးဖြစ်ဖြစ် ကောင်းကင်ခစားခြင်းဂိုဏ်း မှ စုန်းမပဲဖြစ်ဖြစ် သူသည် နှစ်ယောက်စလုံးကို သတိဖြင့် ဆက်ဆံနေရသည်။
“ရိုးရှင်းပြီး ရိုးသားတဲ့ ဇနီးက အကောင်းဆုံးပဲလို့ ငါရုတ်တရက်ခံစားလာရတယ်… အရမ်းတွေးတဲ့ မိန်းကလေးကို ငါ့နားမှာထားရတာ ခေါင်းကိုက်တယ်…” ရှီဟောင်ပြောလိုက်၏။
“ခံညားတဲ့ အမျိုးသမီးက နောင်ကျရင် ရှင့်ကို ကူညီပေးနိုင်မှာ… ဒါပေမဲ့ အဲဒါက ရှင် အစ်မယွဲ့ချန်ကို ဘယ်လိုပြုစုပျိုးထောင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်… ဒါက ခက်ခဲတဲ့အလုပ်တစ်ခုပဲ ရှင်သိတယ်မလား” စုန်းမသည် အပြုံးနုလေးပြုံးကာ ပြောလိုက်၏။
” ကျွန်မအတွက်တော့ ရှင်အဲဒီကိစ္စတွေ စဉ်းစားစရာမလိုဘူး… ရှင်က ကျွန်မကြိုက်တဲ့ပုံစံ မဟုတ်ဘူး”
“ပုံစံ ဟုတ်လား…” ရှီဟောင်သည် ဆွံ့အသွားရ၏။ စုန်းမ၏ နောက်ဆုံးစကားသည် အလွန်ရဲတင်းလွန်းပြီး အထိန်းအကွပ်မရှိပေ။ သို့သော်လည်း သူမ၏ သွင်ပြင်နှင့် ကိုက်ညီပေသည်။
ကျောက်ပုတီးလေးသည် ရုတ်တရက်ပင် အနည်းငယ် တုန်ခါလာပြီး အားပြင်းသော စုပ်အားတစ်ခု ထွက်လာသည်။
ယွဲ့ချန်၏ ခန္ဓာကိုယ်သည် တုန်ခါလာကာ သူမ၏ မျက်ခုံးကြားသည် တောက်ပလာကာ သန့်စင်သော စွမ်းအားတစ်ခု ထွက်လာ၏။ ထိုစွမ်းအင်သည် တာအို ပန်းပွင့်အဖြစ်သို့ပြောင်းသွားသည်။ သို့သော် ထိုပန်းပွင့်သည် ကျောက်ပုတီးကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။
သန့်စင်သော စွမ်းအင်သည် ယွဲ့ချန်၏ နဖူးကြားမှ နောက်တစ်ကြိမ်ထပ်ထွက်လာကာ နောက်ထပ် တာအိုပန်းပွင့်တစ်ပွင့်ထပ်ဖြစ်လာ၏။ ထိုပန်းပွင့်သည်လည်း ကျောက်ပုတီးစေ့ကြောင့် ပျက်စီးသွားကာ စွမ်းအင်များသည် ကျောက်ပုတီးစေ့ထဲသို့ ဝင်သွား၏။
နောက်ထပ် ထွက်လာသော စွမ်းအင်တစ်ခုကိုလည်း ကျောက်ပုတီးစေ့လေး စုတ်ယူလိုက်သည်။ ထို့နောက်တွင် ကျောက်ပုတီးစေ့လေးသည် စုန်းမ၏ လက်ဖဝါးပေါ်သို့ ပျံသန်းသွား၏။
“စုန်းမ .. နင်က ငါ့ဆီက ပန်းပွင့်သုံးပွင့်ကို ဖြတ်သွားပြီး ငါ့ဆီက တာအိုရလဒ်တွေကို ယူသွားတယ်” ယွဲ့ချန် ပြောလိုက်၏။ သူမသည် အမူအရာသည် အေးစက်နေသော်လည်း သူမ၏စကားလုံးများမှာ တည်ငြိမ်သည်။
စုန်းမသည် ကျောက်ပုတီးစေ့လေးကို သေချာအာရုံခံလိုက်ကာ ရုတ်တရက်မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ယွဲ့ချန် ရှင်က အထင်ကြီးစရာကောင်းတာပဲ… ဒီလိုအချိန်မျိုးမှာတောင် သတိမလျော့သွားဘူး”
ထို့နောက် သူမသည် ရှီဟောင်ကို အချက်ပြလိုက်ကာ သူတို့နှစ်ယောက်လုံး အသိစိတ်ပင်လယ်မှ ထွက်လာခဲ့ကြသည်။
ရှီဟောင်နှင့် စုန်းမ နှစ်ယောက်လုံးသည် သူတို့၏ ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာပင် ပြန်လာလိုက်သည်။
တစ်ချိန်တည်းမှာပင် ယွဲ့ချန်၏မျက်လုံးများ ပွင့်လာ၏။ ယခုအချိန်တွင် သူမ၏ မူလဝိဉာဉ်သည် ပိတ်လှောင်ခံထားရသောကြောင့် သူမ၏ နောက်ဆုံးနည်းလမ်းလည်း မရှိတော့သကဲ့သို့ သူမ၏ဝှက်ဖဲလည်း မရှိတော့ပေ။
“စုန်းမ မင်း နတ်နန်းဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းတွေ ရလိုက်လား ..။ ” ရှီဟောင်မေးလိုက်သည်။
“မရလိုက်ဘူး” စုန်းမသည် ခေါင်းကို ဖြေးညှင်းစွာ ခါရမ်းလိုက်ကာ အံကြိတ်လိုက်၏။ သူမသည် ယွဲ့ချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ရှင်က အရမ်းပြတ်သားတာပဲ… ကိုယ့်ရဲ့ တံဆိပ်ကိုတောင် ပြန်ပြီး ကန့်သတ်ထားတယ်”
” နင် ငါ့ရဲ့တာအို နည်းလမ်းတွေရလိုက်ပြီး နင်လိုချင်တာလည်း ရသွားတယ်လေ… အဲဒါကို နင်က ငါ့ကို အပြစ်လာတင်နေသေးတယ်… နင် ရှီဟောင်ကို မဝေမျှချင်လို့မလား”
ယွဲ့ချန် ပြောလိုက်၏။
“ရှင်က နတ်တံဆိပ်အတုလုပ်ပြီးတော့ ကျောက်ပုတီးစေ့လေး အဲဒီလျှို့ဝှက်နည်းလမ်းတွေ မရအောင် ရှင်လုပ်ထားတာလေ”
စုန်းမ၏အမူအရာသည် မပျော်ရွှင်သည့် ပုံစံဖြစ်နေကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် သူမထံမှ ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာသည်။
” ရှင့်ကို မသတ်ရဲဘူးလို့ ထင်နေတာလား”
ရှီဟောင်သည် သူ၏မေးစေ့ကို ပွတ်လိုက်ကာ ပြောလိုက်၏။
“ငါ နတ်နန်းဂိုဏ်းရဲ့ သိုင်းပညာတွေကို နည်းနည်းလေ့လာချင်တယ်… နဂါးအစစ်အမှန်တို့ ထာဝရဖီးနှစ်ငှက်ပြောင်းလဲခြင်းတို့ အဲဒီဒါတွေကို ကြည့်ချင်တာ… မင်းတို့ နှစ်ယောက်ထဲက ဘယ်သူ ငါ့ကို နည်းနည်း လုပ်ပြနိုင်မလဲ”
“နင်က ငါ့ဆီက တာအိုပန်းပွင့် ၃ ပွင့်ယူသွားပြီး အားလုံးရသွားပြီလေ… အဲဒါကို ငါ့ကို အဲဒီလိုမျိုးတွေ လုပ်ခိုင်းစေချင်နေတာလား…” ယွဲ့ချန်သည် သူမ၏ခေါင်းကို ခါရမ်းလိုက်သည်။
“ယွဲ့ချန် နင် ဇာတ်လမ်းဆင်နေတာတွေ ရပ်လိုက်တော့… နင်လည်း လုပ်နိုင်စွမ်းရှိတဲ့သူပဲ နင်ကိုယ့်နေရာကိုကိုယ် သိသင့်တယ်”
စုန်းမ ပြောပြီးသည်နှင့် သူမ၏လက်ထဲတွင်ရှိသော ကျောက်ပုတီးစေ့လေးသည် တောက်ပလာ၏။
“နင်က နင့်ရဲ့မူရင်းတံဆိပ်ကို ပိတ်ထားပြီး အားလုံးကို မူရင်းတံဆိပ်ထဲဖွက်ထားတယ်… ငါအတင်းယူရအောင် မလုပ်နဲ့”
ရုတ်တရက်ပင် သင်္ကေတများ ထွက်လာပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ နတ်အစီအရင်များ တစ်လွှာပြီးတစ်လွှာ ဖြစ်လာကာ အနည်းဆုံး ငါးလွှာခန့်ဖြစ်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို ချုပ်နှောင်ထားလိုက်သည်။
“မင်းတို့နှစ်ယောက်ထဲက ဘယ်သူက ငါ့ကို အဲဒီသိုင်းပညာတွေ သင်ပေးမလဲ”
ရှီဟောင်သည် တည်ငြိမ်စွာပင် မေးလိုက်၏။