သုခကမ္ဘာက ရှီဟောင် - Chapter - 729 စွမ်းအားကြီးသူများ၏ တိုက်ပွဲ
ယင်ယန်တာအိုဆရာ၏ ခန္ဓာကိုယ်သည် ကြေးဖြင့် လုပ်ထားသကဲ့သို့ပင် မီးနှင့်ရေကို ခံနိုင်ရည်ရှိသည်။ သူ၏အသွေးအသားများသည် အလွန်အစွမ်းထက်သော်လည်း ယခုအချိန်တွင် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားပြီ ဖြစ်၏။
ယင်ယန်တာအိုဆရာသည် အသက်အကြီးဆုံး မျိုးဆက်ဖြစ်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သောသူဖြစ်သည်။ သူ၏စွမ်းအားများသည် အလွန်ကြီးမားကာ အခြားဂိုဏ်းများအားလုံး ကြောက်ရွံ့ရ၏။ သို့သော် အဆုံးသတ်တွင် သူသည် ခမ်းခြောက်နေသော ရေကန်ထဲမှ ငါးကဲ့သို့ပင် အဆုံးသတ်သွားသည်။
ရောင်စုံအလင်းတန်းများ ထွက်လာပြီး အဖြူရောင်နှင့် အနက်ရောင်ပုံရိပ်နှစ်ခု ထွက်လာသည်။ ထိုအရာမှာ ယင်ယန်တာအိုဆရာ၏ မူလဝိဉာဉ်ပင်။ ထိုပုံရိပ်များကို ယင်နှင့်ယန်စွမ်းအားများဖြင့် လွှမ်းခြုံထားပြီး ချက်ချင်း မပြိုကွဲသေးပေ။
မိုးမခနတ်ဘုရား၏ မှော်တံဆိပ်သည် အသက်ဝင်နေဆဲဖြစ်ပြီး ရုန်းကန်နေသော မူလဝိဉာဉ် ၂ ခုမှာလည်း ပေါက်ကွဲသွားပြီး အဖြူရောင်နှင့် အနက်ရောင်စွမ်းအားများအဖြစ် ပျံ့နှံ့သွားသည်။
စွမ်းအားကြီးသောပုဂ္ဂိုလ်တစ်ယောက်သည် ယခုကဲ့သို့ပင် ခန္ဓာကိုယ်ရော ဝိဉာဉ်ပါ အဖျက်ဆီးခံလိုက်ရသည်။
ထိုနေရာတွင် ရှိသောသူအားလုံး တုန်လှုပ်သွားရ၏။ ယင်ယန်တာအိုဆရာကဲ့သို့ အတိတ်တွင်ရော ယခုလက်ရှိတွင်ပါ လူအများ ကြောက်ရသည့်သူသည် အဆင့်နိမ့်နယ်မြေတွင် သေဆုံးသွားသည်မှာ မည်သူမျှ မမျှော်လင့်ထားသည့် ဖြစ်ရပ်ပင်။
ထိုအချိန်တွင် လူများစွာသည် တစ်ပြိုင်တည်းတိုက်ခိုက်လာကြ၏။ နှစ်လွှာစေတီသည် ပိုင်ရှင်မရှိတော့သောကြောင့် ထိုစေတီလေးကို ရယူရန် အပြေးအလွှားရောက်လာကြသည်။
စေတီလေး ဒေါသထွက်သွားရသည်။ ထိုအရာသည် သူ ရှေးဟောင်းတိုက်ပွဲတွင် ပျောက်ဆုံးသွားခဲ့ရသည့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းပင်။ ယခုအချိန်သည် သူ၏ခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းရန်အချိန်ကောင်းပင်။ သူသည် အဘယ်ကြောင့် တစ်ပါးသူအား ဤပစ္စည်းကို ပေးမည်နည်း…
စေတီလေး၏ အဖြူရောင်ကိုယ်သည် တောက်ပလာကာ ဓားစွမ်းအင်များလည်းထွက်လာ၏။ သူပိုင်သောပစ္စည်းကို လုယူခြင်းသည် သူနှင့် သေသည်အထိ တိုက်ခိုက်လိုခြင်းပင်။
ရွှေရောင်ခန္ဓာကိုယ်တစ်ခု ပေါ်လာကာ ရွှေရောင်လက်တစ်ဖက်သည် အောက်သို့ ရိုက်ချလိုက်ရာ ဓားစွမ်းအင်များနှင့် တိုက်မိသွားပြီး မီးပွားများပင် လွင့်ထွက်လာ၏။ ထိုရွှေရောင်ခန္ဓာကိုယ်ကြီးသည် အနောက်ဘက်ဂိုဏ်းခေါင်းဆောင်၏ ၆ ကျန်း ရွှေရောင်ခန္ဓာကိုယ်ပင်။
သူ နှစ်လွှာစေတီကို လက်လှမ်းယူလိုက်သည့်အချိန်တွင် ဓားစွမ်းအင်များနှင့် ထိပ်တိုက်တွေ့ခြင်းပင်။ ထိုဓားစွမ်းအင်များ၏ ဓားချက်တစ်ချက်ပင်လျှင် ပျက်သုန်းခြင်းနယ်မြေကို ပွင့်အောင် လုပ်နိုင်ပေသည်။
စေတီလေး ဝေ့ရမ်းလိုက်သည်နှင့် ဓားစွမ်းအင်များသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ ဤဒေသတွင်ရှိသော ကြယ်များကို ဖြုတ်ချလိုက်သောကြောင့် ကြယ်များ တစ်လုံးပြီးတစ်လုံး ကြွေကျနေလေ၏။ ဤမြင်ကွင်းသည် အလွန် အံ့အားသင့်စရာ ကောင်းလှပေသည်။
ထိုအချိန်တွင် အနက်ရောင်အမွှေးအတောင်များစွာသည် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ထိုအမွှေးအတောင်များသည် အလွန်ထက်သောဓားများအဖြစ်ပြောင်းလဲသွားကာ စေတီလေး၏ဓားစွမ်းအင်ကို ချေဖျက်လိုက်သည်။
ထိုအမွှေးအတောင်များသည် တစ်ပေခန့်သာရှိသောအနက်ရောင်ငှက်ကလေး၏ နတ်အမွှေးအတောင်များပင်။ သူ၏အနားတွင် အနက်ရောင်အလင်းများ လှည့်လှည်နေပြီး အနက်ရောင်နေလုံးကဲ့သို့ပင် တောက်ပနေ၏။ ထိုအမွှေးအတောင်များသည် ဓားစွမ်းအင်များနှင့် တွေ့သွားသည်နှင့် နားစည်ကွဲလောက်သည့်အသံများ ထွက်ပေါ်လာသည်။
“အနက်ရောင်စာကလေး” စေတီလေးသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
ဤငှက်သည် ထူးဆန်းသော ငှက်ပင်။ သူ့တွင် အသွေးအသားများရှိသော ခန္ဓာကိုယ်ပဲ သူသည် အနက်ရောင်ရွှေသတ္တုရိုင်းမှ မွေးဖွားလာခြင်းပင်။ သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးမှ မွေးဖွားလာသည့် စွမ်းအားကြီးသည့် ဝိဉာဉ်တစ်ခုပင်။ သူ၏စွမ်းအားသည် အဆင့်မြင့်နယ်မြေကိုပင် ကိုင်လှုပ်နိုင်သည်။
အနက်ရောင်ငှက်သည် နှစ်လွှာစေတီကို ကုပ်ချီရန် အပေါ်သို့ ပျံတက်သွား၏။
စေတီလေးသည် ဒေါသထွက်ကာ ထိတ်လန့်သွားရသည်။ အနောက်ဘက်ဂိုဏ်းခေါင်းဆောင် ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်သည် သူ၏လမ်းကို ပိတ်ထားနေ၏။
လက်သည်းများနှင့် လက်ဝါးတွေ့သွားကာ အနက်ရောင်စာကလေးနှင့် ၆ ကျန်းရွှေရောင်ခန္ဓာကိုယ် ထပ်တိုက်တွေ့ကြလေ၏။ သူတို့ နှစ်ယောက်လုံး နှစ်လွှာစေတီကို လိုချင်နေကြသည်။ သူတို့နှစ်ယောက်ကြားတွင် ကြောက်စရာကောင်းသောစွမ်းအားများ ပေါက်ကွဲထွက်လာ၏။
၆ ကျန်းရွှေရောင်ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းများ တောက်ပနေသောကြောင့် နေမင်းကြီးနှင့်ပင် တူနေသည်။ ထိုအချိန်တွင် အနက်ရောင်စာကလေးသည် နားစည်ကွဲလောက်သည့် အော်သံကို ပြုလုပ်နေ၏။ ထို့နောက် သူသည် အားကုန်သုံးကာ အတောင်ပံများကို ခတ်လိုက်ပြီး အနက်ရောင်အမွှေးအတောင်များဖြင့် ပစ်ကာ တိုက်ခိုက်နေ၏။ အမွှေးအတောင်များသည် ဓားစွမ်းအင်အဖြစ်ပြောင်းသွားကာ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ သို့သော် သူ၏စွမ်းအင်များမှာ အားနည်းနေပြီး ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်ကြောင့် အဝေးသို့ လွင့်စင်ထွက်သွား၏။ အနက်ရောင်အမွှေးအတောင်များ ပျက်ဆီးသွားပြီး ငှက်သည်လည်း သွေးများ ထွက်လာသည်။
သူတို့သာ တိုက်ခိုက်နေကြသည်မဟုတ်ပေ။ အခြားသူများသည်လည်း တိုက်ခိုက်နေကြလေသည်။
မှော်ပစ္စည်းတစ်ခုသည် အောက်ဘက်သို့ ဆင်းလာ၍ အလင်းများ ထုတ်လွှတ်ကာ နှစ်လွှာစေတီကို ဝန်းရံထား၏။
နောက်ထပ်ပုံရိပ်တစ်ခု ရောက်လာကာ ဝင်တိုက်လေသည်။ သူသည် နတ်စက်ဝန်းတစ်ခုကို အသက်သွင်းလိုက်၏။ ထိုနတ်စက်ဝန်းသည် ထိခိုက်မှုရှိသော်လည်း သူ၏စွမ်းအားများမှာ အံ့ဩစရာကောင်းနေဆဲပင်။ ထိုပစ္စည်းသည် အဆင့်လွန်ရတနာတစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ် ပေါ်လာခြင်း မဟုတ်ပေ။
ဟင်းလင်းပြင်နတ်ဘုရားနယ်မြေတွင် ရှီဟောင်သည် ထို မီးတောက်များ ဝန်းရံထားသောသူနှင့်တစ်ခါ တိုက်ဖူးသေးသည်။ သူပိုင်ဆိုင်သော ရတနာမှာ ထိုစက်ဝန်းပင်ဖြစ်၏။
ပထမကပ်ဘေးတွင် ထိုစက်ဝန်းပေါ်လာခဲ့ပြီး သူ၏စွမ်းအားဖြင့် သက်ရှိအားလုံးကို ဖိနှိပ်ထားခဲ့သည်။
“ပြန်လည်မွေးဖွားခြင်းစက်ဝန်း” စေတီလေး ထိတ်လန့်သွား၏။
ထိုစက်ဝန်းသည် သက်ရှိအားလုံးကို ပြန်လည်မွေးဖွားစေနိုင်ပြီး သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သောကြောင့် ထိုပစ္စည်းကို ကိုင်ဆောင်ထားသည့် မှုန်ဝါးဝါးပုံရိပ်သည်လည်း သာမန် မဟုတ်နိုင်ပေ။
စေတီလေးသည် အနည်းငယ်တုန်ရင်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် တိုတိုင်း၊ ရွှေကျီး၊ ဖီရှီးကဲ့သို့သော သက်ရှိများ ထောင်နှင့်ချီပေါ်လာ၏။ သူတို့အားလုံးသည် တာအိုလမ်းကြောင်းများအဖြစ်ပြောင်းလဲသွားပြီး ထိုမှုန်ဝါးဝါးပုံရိပ်ထံသို့ ဦးတည်သွားလေသည်။
ထိုနှစ်လွှာစေတီကို မည်သူပဲ ရရ ကိစ္စမရှိပေ။ သို့သော် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ပိုင်ဆိုင်ထားသည့် သူရသွား၍မရပေ။ မဟုတ်ပါက နှစ်လွှာစေတီသည် ပြန်လည်မွေးဖွားခြင်းအခြေအနေသို့ ကျရောက်သွားကာ ပြန်ယူ၍ရတော့မည် မဟုတ်။
ထိုအချိန်တွင် တိုတိုင်းသည် ဟိန်းလိုက်ကာ သက်ရှိအားလုံးကို စားသုံးနေပြီး ရွှေရောင်ကျီးကန်းသည်လည်း ကောင်းကင်ထက်သို့ ပျံတက်သွားကာ နေမင်းတစ်ခုကဲ့သို့ပင် တောက်ပနေသည်။ စေတီလေးသည် ရူးတော့မတတ်ပင်။ သူသည် အနက်ရောင်စာကလေးကို ခါချလိုက်ကာ ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်ကို ခုန်တက်သွား၏။
စေတီလေးသည် ပြန်လည်မွေးဖွာခြင်းစက်ဝန်းကို ဖျက်ဆီးလိုက်သောကြောင့် သူတို့နှစ်ယောက်လုံး တုန်ခါသွားကြသည်။
ရွှေရောင်ကျီးကန်းနှင့် တိုတိုင်းသည် ဒေါသကြီးစွာ အော်ဟစ်နေကြပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းကိုင်ဆောင်ထားသောသူနှင့် တိုက်ခိုက်နေကြ၏။ ဤနေရာတစ်ခုလုံးသည် ဖရိုဖရဲပင်ဖြစ်နေသည်။
မိုးမခနတ်ဘုရားသည်လည်း ဘေးတွင်လက်ပိုက်ပြီး ရပ်ကြည့်နေရသည် မဟုတ်။သူ့ကို လူအချို့က လမ်းပိတ်ထားကြသည်။ နွားထီးကို စီးလာသော ကျွမ်းကျင်သူတစ်ယောက်သည် တစ်ဖြည်းဖြည်းဆင်းသက်လာ၏။ သူ၏ကျောဘက်တွင် ရောင်စုံအလင်းတန်းများ တောက်ပနေသည့် ထာဝရဓားတစ်လက်ရှိနေသည်။
နွားထီးသည် ဖြေးဖြေးလေးသာ ရွှေ့လျားနေ၏။ နောက်ဆုံးတစ်ခေါက်တိုက်ခိုက်သောအချိန်တွင် သူ၏ပုံရိပ်ယောင်သည် ဖျက်ဆီးခံလိုက်ရလေသည်။ သူ၏ကျောပေါ်တွင်ရှိသောသူသည် မည်သည့်လှုပ်ရှားမှုမှ မလုပ်ပဲ အလွန်အစွမ်းထက်သည့် ထူးဆန်းသည့်အော်ရာများကိုသာ ထုတ်လွှတ်နေ၏။
ထို့အပြင် ကောင်းကင်ဘုံထာဝရနတ်ဘုရား၏ ကျန်ရှိနေသေးသော ခန္ဓာကိုယ်သုံးခုသည်လည်း လှုပ်ရှားလာ၏။ ယခုအချိန်တွင် သူသည် အလျင်စလို မတိုက်ခိုက်ပဲ ရန်သူကို နှောင့်နှေးအောင်သာ လုပ်နေ၏။
နောက်ထပ် သတိထားနေရသော အရာတစ်ခုရှိနေသေးသည်။ ထိုအရာမှာ ၉ ထပ်မြောက် ကောင်းကင်ဘုံမှဆင်းသက်လာသည့် ကြီးမားသော ခေါင်းလောင်းတစ်ခုပင်။ ထိုခေါင်းလောင်းသည် မိုးမခနတ်ဘုရားထံသို့ ဦးတည်လာနေ၏။
ဤခေါင်းလောင်၏ ပိုင်ရှင်မှာပြိုင်ဘက်ကင်းသော သူတစ်ယောက်ပင်။ ကပ်ဘေးကျရောက်သောအချိန်တွင် ဝိဉာဉ်အမြစ်ကို သွေးရေလောင်းပေးရန်အတွက် သူသည် အဆင့်မြင့်နယ်မြေမှ စွမ်းအားကြီးသောသူများစွာကို သတ်ခဲ့သည်။
သူသည် အဆင့်မြင့်နယ်မြေမှ ပထမဝိဉာဉ်အမြစ်၏ ပိုင်ရှင်ပင်။ သူ၏နာမည်ဂုဏ်ပုဒ်တစ်ခုတည်းဖြင့်ပင် သူ၏ စွမ်းအားကို ခန့်မှန်းနိုင်သည်။ သူသည် စွမ်းအားအကြီးဆုံး သက်ရှိများထဲမှ တစ်ယောက်ပင်။
ထိုအချိန်တွင် စေတီလေးသည် ရူးသွပ်နေပြီဖြစ်သည်။ သူသည် စွမ်းအားရှိသမျှ အားလုံးကို ထုတ်သုံးထားသောကြောင့် ကောင်းကင်ဘုံကို ထိန်းချုပ်သည့် ဧကရာဇ်နှင့်ပင် တူနေပြီဖြစ်သည်။ သူသည် တာတို၊ ရွှေရောင်ကျီးကန်းနှင့် အခြားအကောင်များဖြင့် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို တိုက်ခိုက်နေသည်။
ကျမ်းစာရွတ်ဖတ်သံများ ရုတ်တရက်ထွက်ပေါ်လာကာ ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်သည် အနက်ရောင်စာကလေးကို ဘေးသို့ တွန်းဖယ်လိုက်ကာ နှစ်လွှာစေတီကို ပြေးသွားယူလိုက်၏။
အခြားသူများသည် ခပ်တိုးတိုးအော်ဟစ်လိုက်၏။ အနက်ရောင်စာကလေးသည် ကောင်းကင်မှ ဆင်းလာကာ အနောက်ဘက်ဂိုဏ်းခေါင်းဆောင်ထံသို့ သတ်ဖြတ်လိုစိတ်ဖြင့် ဆင်းသက်လာသည်။ ထိုအချိန်တွင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ထိန်းချုပ်ထားသည့် သူသည်လည်း စေတီလေးကို လျစ်လျူရှုကာ အနောက်ဘက်ဂိုဏ်းခေါင်းဆောင်နောက်သို့ ပြေးလိုက်လေသည်။
ထိုသူများအပြင် နွားထီးပေါ်မှ ကျွမ်းကျင်သူသည်လည်း သူ၏ဓားကို ထုတ်လိုက်၏။ ကောင်းကင်တွင်ရှိနေသော ခေါင်းလောင်းသည်လည်း ပို၍ အသံကျယ်လာပြီး နတ်အလင်းတန်းအစုအဝေးကို ထုတ်လွှတ်လျက်ရှိ၏။
အနောက်ဘက်ဂိုဏ်းခေါင်းဆောင် အံ့ဩသွား၏။ နှစ်လွှာစေတီလေးသည် သူ၏လက်ထဲမှ သူ့ဘာသာသူပင် ရုန်းထွက်သွားသည်။ သူ၏ရွှေရောင်ခန္ဓာကိုယ်သည် မသေဆုံးနိုင်ပြီး ကမ္ဘာပေါ်တွင် အမာကျောဆုံးထဲမှ တစ်ခုသာမဟုတ်ပါက သူ၏လက်ဝါးသည် ပေါက်ကွဲသွားပြီ ဖြစ်သည်။
နှစ်လွှာစေတီတွင် စိတ်ဝိဉာဉ်ရှိနေလေသည်။
“ပြန်လာခဲ့” စေတီလေးလည်း အံ့အားသင့်သွားပြီး ပြန်ခေါ်လိုက်သည်။
သို့သော် နှစ်လွှာစေတီ၏ စိတ်စွမ်းအင်သည် သူ၏ဆင့်ခေါ်ခြင်းကို နားမထောင်ပေ။ သူသည် အလွန်တုန်ခါလာကာ လေထုထဲမှ ထွက်ပြေးရန် ကြိုးစားနေ၏။
ငါးဆင့်ပြောင်းလဲခြင်းတောင်သည် ရုတ်တရက်ပေါ်လာကာ နှစ်လွှာစေတီကို ဖမ်းချုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားကျွမ်းကျင်သူများသည်လည်း သူတို့၏ သဘာဝဥပဒေများကို ထုတ်လွှတ်ကာ နှစ်လွှာစေတီလေး၏ စိတ်စွမ်းအင်ကို ဖယ်ရှားကာ သူတို့ကိုယ်ပိုင်ပစ္စည်းဖြစ်ရန် ကြိုးစားကြသည်။
ယင်ယန်တာအိုဆရာသေဆုံးသွားသောကြောင့် ပစ္စည်းသည် ပိုင်ရှင်မဲ့ဖြစ်သွားပြီး ယခုအချိန်သည် ရယူရန် အချိန်ကောင်းပင်။
ထိုအချိန်တွင် နှစ်လွှာစေတီ၏ ခန္ဓာကိုယ်တွင် အလင်းတန်း ၆ ခု ကျရောက်လာကာ သူ၏ ခုခံလိုသည့် စိတ်စွမ်းအင်ကို ဖျက်ဆီးလိုက်၏။ သူသည်မည်မျှပင် စွမ်းအားကြီးစေကာမူ ထိုတိုက်ခိုက်မှုကို မခုခံနိုင်ပေ။
“အချိန်ကျပြီ” မိုးမခနတ်ဘုရား အသံပို့လွှတ်လိုက်၏။ နှစ်လွှာစေတီ၏ ဝိဉာဉ်သည် ဖျက်ဆီးခံလိုက်ရပြီဖြစ်သောကြောင့် စေတီလေးနှင့် ပြန်ပေါင်းရန်အချိန်ကောင်းပင်။
သို့သော် ယခုအချိန်သည် အဓိကရုဏ်းဖြစ်နေသည့် အချိန်ဖြစ်သောကြောင့် အားလုံး လှုပ်ရှားလာကြသည်။ ခေါင်းလောင်းကြီးသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။
မိုးမခနတ်ဘုရားသည် သူတို့အားလုံးကို ဘေးသို့ ဖယ်ထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပလာကာ အလင်းလုံးလေးများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ကမ္ဘာပေါင်း ၃ ထောင် ပေါ်လာကာ ပူဇော်သံများလည်း အဆက်မပြတ်ထွက်ပေါ်လာ၏။
ထိုအလင်းလုံးလေးများသည် သူဖြတ်သန်းခဲ့သော လမ်းများဖြစ်သလို သူတွေ့ကြုံခဲ့ရသည့် တာအိုများလည်း ဖြစ်သည်။ ထိုအလင်းလုံးများ စုပေါင်းလိုက်သည်နှင့် ရှေးအချိန်နှင့် ယခုအချိန် ၂ ခုလုံးကို ဖိနှိပ်နိုင်၏။
မိုးမခနတ်ဘုရားဘေးတွင်ရှိသော ကမ္ဘာပေါင်း ၃ ထောင်သည် မသေဆုံးနိုင်သော ထာဝရအလင်းများဖြင့် တောက်လောင်နေပြီး သူ၏ခန္ဓာကိုယ်ကို အားလုံး၏အထက် ကောင်းကင်ပေါ်သို့ မြှင့်တက်နိုင်ရန် ကူညီပေးနေသည်။
အားလုံး၏ အလယ်တွင်ရှိနေသော မိုးမခနတ်ဘုရားသည် စေတီလေးကို ကူညီရန်အတွက် စွမ်းအားများကို နှစ်လွှာစေတီထံသို့ ပို့လွှတ်လိုက်၏။
သို့သော် ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်နှင့် ပြန်လည်မွေးဖွားခြင်းစက်ဝန်းပိုင်ဆိုင်သည့်သူကဲ့သို့သော စွမ်းအားကြီးသော အခြားသူများလည်း ရှိသေးသည်။ သူတို့သည်လည်း ကြောက်စရာကောင်းလွန်းလှ၏။
ယခုအချိန်တွင် အန္တရာယ်အပေးနိုင်ဆုံးသော အရာမှာ ခေါင်းလောင်းကြီးပင်ဖြစ်သည်။ ခေါင်းလောင်း၏ အဝသည် ပွင့်ထွက်လာကာ နှစ်လွှာစေတီကို စုတ်ယူရန် ကြိုးစားနေသည်။
မိုးမခနတ်ဘုရားသည် လက်တစ်ဖက်ထွက်လာကာ ထိုလက်မှ အရောင်တဖျက်ဖျက်လက်နေသော လက်ဝါးပုံစံတံဆိပ်များ တစ်ခုပြီးတစ်ခု ထွက်လာ၏။ သူတို့သည် လက်ဝါးအစစ်ကဲ့သို့ပင် ခေါင်းလောင်း အပြင်ဘက်ကို ရိုက်နှက်နေသည်။
မိုးမခနတ်ဘုရား၏ လက်ဝါးချက်သည် ခေါင်းလောင်း၏ အပြင်ကိုယ်ထည်သို့ ဆက်တိုက်ကျရောက်နေလေ၏။ ကြောက်စရာကောင်းသောအချက်မှာ ခေါင်းလောင်းကြီး၏ အပြင်ဘက်သည် တစ်ဖြည်းဖြည်း ချိုင့်ဝင်လာကာ လက်ဝါးရာအပြည့်ဖြစ်သွားသည်။
ထိုအချိန်တွင် အားလုံး အံ့ဩသွားရ၏။ ဤထူးဆန်းပြီး မပျက်ဆီးနိုင်သော ခေါင်းလောင်းသည် တစ်စုံတစ်ယောက်ကြောင့် မညီမညာဖြစ်ကုန်သည်။ ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းလွန်းလှ၏။
မိုးမခနတ်ဘုရားသည် အားလုံးထင်ထားသည်ထက်ပင် စွမ်းအားကြီးလွန်း၏။
ခေါင်းလောင်းသည် တိုက်ခိုက်ခံရသောကြောင့် တုန်ခါလာပြီး သူ၏အသံမှာလည်း ပို၍ကျယ်လောင်လာသည်။ သူ၏ဘေးနားတွင်လူများမှာ အမြန်ပင် နောက်ပြန်ဆုတ်လိုက်ကြ၏။
ခေါင်းလောင်းသံသည် ကမ္ဘာတစ်ခုလုံးကို တုန်ခါစေနိုင်သည်။ သူ၏ တုန်ခါသံများသည် ဤနယ်မြေကို ကျော်သွားကာ ဥက္ကာခဲများကိုပင် အပိုင်းပိုင်းဖြစ်စေသည်။
ကံကောင်းစွာပင် ခေါင်းလောင်း၏ မျက်နှာပြင်သည် ပြန်ကောင်းသွားပြီး ခဏကြာသောအခါ သူသည် မည်သည့် ထိခိုက်မှုမျှ မရှိတော့ပေ။
‘ဝုန်း’ ဟူသော အသံနှင့်အတူ ကောင်းကင်နှင့် မြေကြီး လှုပ်ရမ်းသွား၏။ ပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံမှ ဆင်းသက်လာကာ ခေါင်းလောင်း၏ကိုယ်ထည်ပေါ်သို့ ဆင်းလိုက်သည်။ ထိုသူသည် ခေါင်းလောင်းကို အသက်သွင်းကာ အောက်ဖက်သို့ ဖိနှိပ်လိုက်ပြီး နှစ်လွှာစေတီကို ခေါင်းလောင်းအတွင်းသို့ ထည့်လိုက်၏။
မိုးမခနတ်ဘုရား၏ ဦးခေါင်းထက်တွင်ရှိသော တစ်ပေခန့်ရှိသည့် မိုးမခပင်မှ သစ်ကိုင်းများစွာ ထွက်လာကာ ခေါင်းလောင်း၏အဝအတွင်းသို့ ဝင်သွား၏။
မိုးမခနတ်ဘုရားသည် ကျားပါးစပ်မှ အစာကို လုယူသကဲ့သို့ပင် နှစ်လွှာစေတီကို ခေါင်းလောင်းအတွင်းမှ ယူလိုက်သည်။
“ပေါင်းလိုက်တော့”
မိုးမခနတ်ဘုရားသည် နှစ်လွှာစေတီကို စေတီလေးထံသို့ ပြန်ပေးလိုက်၏။
စေတီလေးသည် အလွန်စိတ်လှုပ်ရှားနေ၏။ သူသည် နှစ်လွှာစေတီကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းလိုက်သည်နှင့် စွမ်းအားများ လျှံထွက်လာလေသည်။
“ငါ ပေါင်းပြီးတဲ့အချိန်ထိ စောင့်နေ… ပြီးရင် ငါ့ကို ဘယ်သူ ဆန့်ကျင်ရဲမလဲ ကြည့်ကြတာပေါ့”