သုခကမ္ဘာက ရှီဟောင် - Chapter - 730 နတ်ရဲစွမ်းသတ္တိ
အဖြူရောင်စေတီလေးသည် သဘာဝမှ မွေးဖွားလာသောသူဖြစ်သော်လည်း သူသည် ကျောက်စိမ်းကဲ့သို့ပင် တောက်ပနေပြီး ဖောက်ထွင်းမြင်နေရသည်။
စေတီနှစ်ခုသည် ပေါင်းစည်းသွားပြီး သူတို့ ထိစပ်သွားသောနေရာများသည် ကောင်းမွန်သော ကျောက်စိမ်းကဲ့သို့ပင် ချောမွေ့သွားသည်။ ဤပြောင်းလဲမှုသည် နှေးကွေးသော်လည်း မြဲမြံမှုရှိ၏။
သူတို့ နှစ်ခုသည် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော်လည်း သူတို့ကြားတွင် မမြင်နိုင်သည့် ဆက်သွယ်မှုတစ်ခုရှိနေပြီး သူတို့၏ ခန္ဓာကိုယ်များသည် အလွန် နီးစပ်မှုရှိသည်။
သို့သော် အနက်ရောင်စာကလေး၊ ပြန်လည်မွေးဖွားခြင်းစက်ဝန်း၊ ၆ ကျန်း ရွှေရောင်ခန္ဓာကိုယ်နှင့် အခြားသူများလည်း ရှိသေး၏။ ထိုသူများသည် ဘေးတွင်ရပ်ကာ ငြိမ်ငြိမ်လေးကြည့်နေကြမည်လား… သူတို့သည် သေချာပေါက်ပင် ဤပေါင်းစည်းခြင်းကို နှောက်ယှက်ကြမည်သာ။ သူတို့ စတင် တိုက်ခိုက်လာကြ၏။
စေတီလေးသည် စိုးရိမ်လာသောကြောင့် မန္တန်အနည်းငယ်ကို ရွတ်လိုက်၏။ စေတီလေး၏ခန္ဓာကိုယ်တွင် အလင်းရောင်များ တောက်ပလာကာ သင်္ကေတများစွာသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားပြီး ပေါင်းနေသည့်အရှိန်ကို ပို၍လျှင်မြန်အောင် ပြုလုပ်လိုက်သည်။
မိုးမခနတ်ဘုရားသည် စေတီလေးကို ကူညီကာ ထိုသူများကို တိုက်ခိုက်နေသောကြောင့် ပြင်းထန်သောတိုက်ပွဲကြီးတစ်ခုသည် ချက်ချင်းပင် ဖြစ်ပေါ်လာ၏။
မြူများကို မိုးမခနတ်ဘုရားထံသို့ ပို့လွှတ်ကာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းရွေ့လာသည်။
မိုးမခနတ်ဘုရား၏ ဦးခေါင်းထက်တွင်ရှိသော သစ်ပင်လေးသည် တောက်ပလာကာ မြူများ မိုးမခနတ်ဘုရား၏ ခန္ဓာကိုယ်အနားသို့ မရောက်မှီမှာပင် မြူများကို ဖယ်ရှားလိုက်သည်။
ပြန်လည်မွေးဖွားခြင်းစက်ဝန်းပိုင်ရှင်သည် အလောတကြီးမတိုက်ခိုက်ပေ။ သူ ကျမ်းစာများကို ရွတ်လိုက်သည်နှင့် သူ၏ လက်ဖဝါးနှင့် လက်ချောင်းများကြားမှ သဘာဝဥပဒေ ၆ မျိုးကို မှုန်ဝါးဝါး မြင်လာရ၏။ သူတို့သည် အတူတကွပူးပေါင်းသွားသောကြောင့် ကောင်းကင်ဘုံကိုပင် ဖွင့်မည့်ပုံစံကဲ့သို့ ဖြစ်နေသည်။
နတ်အလင်းတန်း ၆ ခုသည် အလွန် အံ့အားသင့်စရာကောင်းသောကြောင့် အခြားသူများသည် ထိုအလင်းတန်းထဲတွင် ပါသွားမည်စိုးသောကြောင့် အလင်းလမ်းကြောင်းမှ ထွက်ပြေးသွားကြသည်။
“သူက ပျက်စီးနေပြီးတော့ ထူးဆန်းတဲ့ တာအို အစစ်အမှန် ၆ ခု မဟုတ်တာ သနားစရာပဲ” မိုးမခနတ်ဘုရားသည် ထိတ်လန့်သွားသော်လည်း ပြန်၍တည်ငြိမ်သွားသည်။ သူ၏လက်ထဲတွင် တံဆိပ်တစ်ခု ပေါ်လာကာ ထိုတံဆိပ်ရှေ့တွင် ရွှေရောင်ခွန်ပန် ပေါ်လာ၏။ ထိုခွန်ပန်သည် သဘာဝဥပဒေများ လွင့်ထွက်သွားအောင် ရွှေရောင်အလင်းတန်းများဖြင့် တိုက်ခိုက်လိုက်သည်။
ဓားစွမ်းအင်တစ်ခု ထွက်လာ၏။ ကောင်းကင်ဘုံထာဝရနတ်ဘုရား၏ ဒြပ်စင် ၅ ခု ခန္ဓာကိုယ်ပြန်ရောက်လာ၏။ ဒြပ်စင် ၅ ခုထဲမှ ကြေးဒြပ်စင်မှော်ခန္ဓာကိုယ်သည် ပလက်တီနမ်ဓားကို ကိုင်ထားပြီး ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် ဓားစွမ်းအင်သည် ကောင်းကင်ဘုံများကို ဖြတ်သွားသည်။
မိုးမခနတ်ဘုရား၏ လက်တစ်ဖက် အရှေ့သို့ ဆန့်ထွက်လာကာ တစ်ဖြည်းဖြည်းကြီးလာ၏။ ထိုလက်သည် ဓားကို ကိုင်လိုက်သည်နှင့် ဓား၏ကိုယ်ထည်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဓားစွမ်းအင်၏သင်္ကေတအများအပြားသည်လည်း ပျက်စီးသွားပြီး ဓားအရောင်မှေးမိန်သွားလေသည်။
အနက်ရောင်စာကလေးသည် အော်ဟစ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တောက်ပလာကာ ထောင်ချီသည့် အနက်ရောင်အမွှေးအတောင်များ ထွက်လာ၏။ ထိုငှက်သည် ဤကမ္ဘာတွင် စွမ်းအားအကြီးဆုံး ဝိဉာဉ်တစ်ခုဖြစ်ကာ ရွှေမှ မွေးဖွားလာသောသက်ရှိတစ်ခု ဖြစ်သည်။ သူ၏ အမွှေးအတောင်များမှာအလွန်ထက်လှ၏။
အသံတစ်ခုနှင့်အတူ မိုးမခနတ်ဘုရား၏ ပတ်လည်တွင် တာအိုလမ်းကြောင်းများ ပေါ်လာကာ အနက်ရောင်အမွှေးအတောင်များကို ဖျက်ဆီးလိုက်သည်။
မိုးမခနတ်ဘုရားသည် တစ်ချိန်းတည်မှာပင် အခြားကျွမ်းကျင်သူများနှင့်လည်း တိုက်ခိုက်နေ၏။
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ထိုခေါင်းလောင်းထိပ်တွင် ပုံရိပ်တစ်ခုရပ်နေ၏။ သူ၏မျက်လုံးများမှာ စူးရှနေကာ သူမျက်တောင် အဖွင့်အပိတ်လုပ်လိုက်သည်နှင့် နတ်အလင်းတန်းတစ်ခုသည် လျှပ်စီးတစ်ခုကဲ့သို့ပင် ထွက်လာ၏။
မိုးမခနတ်ဘုရားသည် သူ၏လက်ထဲမှအစာကို ယူသွားသောကြောင့် ထိုခေါင်းလောင်းပိုင်ရှင်သည် မိုးမခနတ်ဘုရားကို အလွတ်ပေးမည်မဟုတ်။
ထိုပုံရိပ်ကို မြင်သည်နှင့် လူအချို့သည် အနောက်ဆုတ်လိုက်ကာ တိုက်ပွဲကို ရပ်ကြည့်နေရန် ဆုံးဖြတ်လိုက်ကြသည်။
မိုးမခနတ်ဘုရား၏ ဦးခေါင်းထိပ်တွင်ရှိသော သစ်ပင်သည် အရောင်တောက်လာကာ ခေါင်းလောင်းနှင့် တိုက်ခိုက်ရန်အတွက် သစ်ကိုင်းများ ထောင်ချီထွက်လာ၏။
ထိုအချိန်တွင် အသံတစ်ခု ထွက်လာသော်လည်း ခေါင်းလောင်းသံ မဟုတ်ပေ။ မိုးခြိမ်းသံ တစ်ခုပင်။ ခေါင်းလောင်းနှင့် သစ်ကိုင်းများ တိုက်မိခြင်းသည် ကောင်းကင်ဘုံကြီးကို ရေကြီးသွားသလိုပင် ဖြစ်သွားစေသည်။
သစ်ကိုင်းပေါင်းထောင်ကျော်သည် ခေါင်းလောင်း၏ကိုယ်ထည်ကို အဆက်မပြတ် ရိုက်နေ၏။
ခေါင်းလောင်းတွင် ပိန့်ရာများ ထင်လာသည်။ ဤခေါင်းလောင်းသည် ဒဏ္ဍာရီလာအဆင့်လွန်ရတနာတစ်ခုဖြစ်သော်လည်း ဤကဲ့သို့သော ရိုက်ချက်ကြောင့် ချိုင့်ရာပင် ထင်သွားသည်။
ခေါင်းလောင်းကိုယ်ထည်တွင် သင်္ကေတများပေါ်လာကာ မန္တန်ရွတ်ဖတ်သံများလည်း ပေါ်လာ၏။ ချိုင့်ဝင်နေသော နေရာများသည် ပြန်ကန်ထွက်လာကာ မူလပုံစံအတိုင်း ပြန်ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် ခေါင်းလောင်းသည် ပို၍ ကျယ်လောင်ကာ ရှည်လျားသည့် အသံများ ထွက်လာပြီး အသံလှိုင်းများလည်း တစ်ခုပြီးတစ်ခု ထွက်လာသည်။ ထိုအသံလှိုင်းများသည် ဤဒေသတွင်ရှိသည့် ကြယ်များကိုပင် ကြွေစေနိုင်၏။ သို့သော် ထိုအသံလှိုင်းများ မိုးမခသစ်ကိုင်းပေါ်သို့ သက်ရောက်သောအချိန်တွင် လူတိုင်း မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ပေ။
သစ်ပင်လေးသည် ယိမ်းထိုးသွားကာ သစ်ကိုင်းများလည်း ပြန်ဆုတ်သွားကြသည်။
တစ်လက်မခန့်ရှိသော သစ်ပင်သည် မိုးမခနတ်ဘုရား၏ ဦးခေါင်းထိပ်တွင် ရှိနေပြီး ခေါင်းလောင်းမှ အသံလှိုင်းများကို ခုခံရန်အတွက် ထာဝရအလင်းများကို အဆက်မပြတ် ထုတ်လွှတ်လျက်ရှိ၏။
အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာကာ အနက်ရောင်စာကလေးသည် သူ၏အတောင်ပံများကို ခတ်ကာ စွမ်းအားများကို စေတီလေးထံသို့ ပစ်လွှတ်လိုက်၏။
ပထမဆုံးဝိဉာဉ်အမြစ်ကို ပိုင်ဆိုင်ထားသည့်သူသည် မိုးမခနတ်ဘုရားကို ရပ်တန့်လိုက်နိုင်သောကြောင့် ကျန်သောသူများသည် စေတီလေးထံသို့ ဦးတည်လာကြသည်။
စေတီလေး အော်ပြောလိုက်၏ “ငါပြီးတော့မှာ… သူတို့ကို တားပေးပါဦး”
ဤကဲ့သို့ အရေးကြီးနေသည့်အချိန်တွင် သူသည် ရှောင်ပြေး၍မရနိုင်သောကြောင့် လေထဲတွင် တန်းလန်းသာ ရှိနေသည်။ ဤအခြေအနေသည် အန္တရာယ်များလှ၏။
တစ်ပေခန့်ရှည်သည့် သစ်ပင်လေးသည် ပျံသန်းလာကာ စေတီလေးကို သူ၏ အလင်းတန်းများဖြင့် ကာကွယ်ပေးထားလေသည်။
အားလုံးအံ့အားသင့်သွားရ၏။ မိုးမခနတ်ဘုရားသည် ခေါင်းလောင်းနှင့် တိုက်ခိုက်နေရသော်လည်း သူ၏ ရတနာကို စေတီလေးကို ပေးပစ်လိုက်၏။ ဤသည်မှာ သူ့ကိုယ်သူ ယုံကြည်မှုရှိခြင်းဖြစ်သော်လည်း အန္တရာယ်များလွန်းသည်။
ထင်ထားသည့်အတိုင်းပင် ခေါင်းလောင်းသည် ကြီးလာကာ ကောင်းကင်မှ ဆင်းသက်လာသည်။
ထို့အပြင် ယခုအချိန်တွင် ခေါင်းလောင်းပေါ်တွင် ရှိနေသောပုံရိပ်သည် ထိုင်နေကာ မိုးမခနတ်ဘုရားနှင့် ထိပ်တိုက်တိုက်ခိုက်ရန်အတွက် အသက်သွင်းနေသည်။ သင်္ကေတများကြောင့် မုန်တိုင်းကဲ့သို့သော အသံများပင် ထွက်ပေါ်လာ၏။
ကမ္ဘာကြီးတစ်ခုလုံးသည် ပြိုလဲကျနေပြီး နေနှင့်လသည်လည်း အရှေ့သွားလိုက် အနောက်သွားလိုက် ဖြစ်နေသည်။
ခေါင်းလောင်းသည် တစ်ဖြည်းဖြည်းကြီးလာကာ ဤနေရာတစ်ခုလုံးကိုလည်း ရောင်စုံအလင်းတန်းများ ဖုံလွှမ်းသွား၏။ ထို့နောက်တွင် ခေါင်းလောင်းကြီးသည် မိုးမခနတ်ဘုရားကို သူ၏အတွင်းတွင် ချုပ်နှောင်ထားလိုက်သည်။
“တိုက်ပွဲက အဆုံးသတ်တော့မှာလား” လူများစွာ သည် အံ့အားသင့်စွာ အော်ဟစ်နေကြသည်။
ခေါင်းလောင်းကြီးသည် အောက်ရောက်လာကာ မိုးမခနတ်ဘုရားကို ဝန်းရံထားလိုက်၏။ သင်္ကေတအလင်းတန်းများ ပေါင်းစုံ ထွက်လာကာ သူသည် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်ကို စတင်ကာ မိုးမခနတ်ဘုရားကို သတ်တော့မည် ဖြစ်၏။
ဤခေါင်းလောင်းအတွင်းသာ ရောက်သွားပါက မလွဲမသေ သေဆုံးသွားရမည်ပင်။
သို့သော် ဤတစ်ခေါက်တွင် ထူးခြားချက်ရှိလာသည်။ ထူးဆန်းသည့်အားတစ်ခုသည် ခေါင်းလောင်းအတွင်းတွင် လှည့်လှည်နေ၏။ ခေါင်းလောင်းအတွင်းတွင်ရှိနေသော ပုံရိပ်သည် အလွန်တောက်ပနေကာ ခေါင်းလောင်း၏ကိုယ်ထည်ကိုပင် ဖောက်ထွင်းမြင်ရတော့မတတ်ပင်။
အားလုံး ထိတ်လန့်သွားကြသည်။ ခေါင်းလောင်း၏ကိုယ်ထည်တွင် လက်ဝါးရာများ တစ်ခုပြီးတစ်ခုပေါ်လာပြီး သူ၏နတ်စွမ်းအားများလည်း ထွက်ပေါ်လာ၏။
ခေါင်းလောင်း၏ ကိုယ်ထည်သည် နူးညံ့နေသည်ဟု ထင်ရလောက်အောင်ပင် လက်ဝါးရာများ လက်ချောင်းရာများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ခေါင်းလောင်းလည်း ပုံပျက်လာသည်။
“ဒီ အဆင့်လွန်ရတနာက ထူးဆန်းတဲ့နယ်မြေကနေ ပျံထွက်လာတာမလား… သူက ဒီတိုင်းပဲ ဖျက်ဆီးခံလိုက်ရတော့မှာလား” လူတစ်ချို့သည် မယုံကြည်နိုင်စွာ ပြောနေကြ၏။
“ဟုတ်ပြီ ဒီမြင့်မြတ်တဲ့သူကြီး ပေါင်းစည်းလို့ ပြီးသွားပြီ” အော်ဟစ်သံတစ်ခုနှင့်အတူ စေတီလေး ပြေးထွက်လာ၏။ သူသည် အဆုံးမရှိသော နတ်အလင်းတန်းများဖြာထွက်နေပြီး သူ့ကို ဝိုင်းထားသော စွမ်းအားကြီးမားသော သူများကြားမှ ဖောက်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် သူ၏ဦးခေါင်းထက်တွင် ရှိသော သစ်ပင်လေးမှာ လှုပ်ရမ်းလာကာ အစိမ်းရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သစ်ကိုင်းများထွက်လာကာ နေရာအနှံ့ကို တိုက်ခိုက်နေလေ၏။
ထိုအချိန်တွင် ခေါင်းလောင်းကြီးသည် မိုးမခနတ်ဘုရားကြောင့် ဘေးဘက်သို့ လွင့်ထွက်သွားကာ သူ၏ သစ်ပင်လေးကို ပြန်ခေါ်လိုက်ပြီး ဦးခေါင်းထက်တွင် နေစေလိုက်သည်။
အခြေအနေသည် လျှင်မြန်စွာပင် ပြောင်းလဲသွား၏။
“အနက်ရောင်စာကလေး မင်းက ငါ့ရဲ့ ခန္ဓာကိုယ်နောက်ကိုတောင် လိုက်ရဲတယ်ဆိုတော့ မင်းကို ငါဘယ်လို လုပ်ရမလဲ” စေတီလေး ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် သင်္ကေတများထွက်ပေါ်လာကာ အနက်ရောင်စာကလေးနောက်လိုက်နေ၏။
စေတီလေး၏ အောက်ခြေသည် ပါးစပ်ပေါက်ကဲ့သို့ပင် ဟောင်းလောင်းပေါက်ဖြစ်နေ၏။ သူသည် မမျှော်လင့်ပဲ အနက်ရောင်စာကလေးကို အသံများမြည်အောင်ပင် စုတ်ဖြဲပစ်လိုက်သောကြောင့် အားလုံး ဆွံ့အသွားရသည်။
စေတီလေးသည် သူ၏နှစ်လွှာစေတီနှင့် ပေါင်းပြီးသွားသောအချိန်တွင် အမှန်တကယ်ပင် စွမ်းအားကြီးလာသည်။ သူ၏ အရှိန်သည် အလွန်လျင်မြန်ကာ အနက်ရောင်စာကလေးသည် မည်မျှပင် ပြန်လည်တိုက်ခိုက်နေပါစေ အမြဲတမ်း အရှုံးပေးရ၏။
လေတိုက်သံများသည် ကောင်းကင်တွင် ဆူညံသွားရသည်။ အနက်ရောင်စာကလေးသည် ဒေါသထွက်လာပြီဖြစ်၏။ သူအစွမ်းရှိသလောက် ကြိုးစားသော်လည်း စေတီလေးကို မယှဉ်နိုင်ဖြစ်နေသည်။ ထို့အပြင် သူသည် ဤနေရာမှ မထွက်နိုင်ဖြစ်နေ၏။ သာမန်အားဖြင့် သူအတောင်ပံတစ်ချက်ခတ်ယုံမျှဖြင့် ဤနယ်မြေထဲမှ ထွက်သွား၍ရသည်။ သို့သော် ယခုအချိန်တွင် သူသည် ဝဲထဲနှစ်သကဲ့သို့ ဖြစ်နေ၏။
ဤသည်မှာ စေတီလေး၏ အစွမ်းတစ်ခုဖြစ်သည့် လေဟာနယ်ကန့်သတ်ခြင်းစွမ်းရည်ပင်။
စေတီလေးသည် အနက်ရောင်စာကလေးကို စားသုံးလိုက်သည်။ အနက်ရောင်အမွှေးအတောင်များသည် နေရာအနှံ့သို့ ကျွတ်ထွက်သွား၏။ ဤအနက်ရောင်စာကလေး၏ ဝိဉာဉ်သည် အနက်ရောင်ရွှေတွင်းမှ ဖြစ်လာသောကြောင့် သူ၏အသွေးအသားများအားလုံးသည် နတ်ပစ္စည်းများ ဖြစ်ကြသည်။
စေတီလေးကဲ့သို့ နတ်ပစ္စည်းများကို ရူးသွပ်သောသူအဖို့ ဤငှက်သည် လက်ဆောင်ပစ္စည်းတစ်ခုပင်။
တစ်ခဏမျှ ကြာသောအချိန်တွင် အနက်ရောင်စာကလေး၏ တစ်ဝက်ကို စားသုံးပြီးသွားပြီဖြစ်ပြီး အမွှေးအများစုလည်း ကျွတ်ထွက်သွားပြီဖြစ်၏။ သူ၏ခန္ဓာကိုယ်သည် မဲနက်နေသောကြောင့် ဤသည်မှာ သူ့ကို အရှက်ရစေခြင်းပင်။ စာကလေးသည် အလွန်ရှက်နေလေသည်။
မိုးမခနတ်ဘုရားသည် အခြားတစ်ဖက်မှနေ၍ ဤမြင်ကွင်းကို မြင်လိုက်ရသောအချိန်တွင် သူ၏ စိုးရိမ်စိတ်များ လျော့နည်းသွားရသည်။
ခေါင်းလောင်းကြီးသည် ဖိနှိပ်ခံလိုက်ရ၏။ လက်တစ်ဖက်သည်ကောင်းကင်သို့ညွှန်ကာ အခြားတစ်ဖက်သည် မြေပြင်ပေါ်သို့ ညွှန်ထားသည့် မှော်တံဆိပ်ကြောင့် သူသည် ချက်ချင်းပင် အဝေးသို့ လွင့်ထွက်သွားရသည်။ ခေါင်းလောင်း၏အသံလှိုင်းများသည်လည်း စူနာမီကဲ့သို့ပင် ပေါ်ထွက်လာ၏။
ထိုအချိန်တွင် ခေါင်းလောင်းထိပ်တွင်ရှိနေသော ပုံရိပ်သည် အောက်သို့ခုန်ဆင်းလာ၏။ သူသည်လည်း ဖိအားကို ခံစားလိုက်ရကာ သူ၏အင်္ကျီလက်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်လည်း တုန်ခါလာသည်။ သူ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။
အနောက်ဘက်ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်တွင် လက် တစ်ထောင်ထွက်လာပြီး ထိုလက်များအားလုံး လှုပ်ရှားနေသောမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်စေသည်။
မိုးမခနတ်ဘုရား၏ ခန္ဓာကိုယ်တောက်ပလာကာ ရွှေရောင်မိုးမခသစ်ကိုင်းများသည် လက်များကို ခုခံနိုင်ရန်အတွက် နတ်ချိန်းကြိုးတစ်ထောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်ကိုပင် အနောက်သို့ လွင့်ထွက်သွားစေ၏။
“အထက်ကောင်းကင်ဘုံနဲ့ အောက်ဘက် ကမ္ဘာမြေကြီးမှာ ငါက တန်ခိုးအာဏာ အကြီးဆုံးပဲ”
အနောက်ဘက်ဂိုဏ်းခေါင်းဆောင်သည် ထိုစကားကို အော်ပြောလိုက်ကာ မိုးမခနတ်ဘုရား လုပ်ခဲ့သလိုပင် လက်တစ်ဖက်သည် ကောင်းကင်ကို လက်ညှိုးထိုးကာ အခြားတစ်ဖက်သည် ကမ္ဘာမြေကြီးကို လက်ညှိုးထိုးထားသည်။
မိုးမခနတ်ဘုရားလည်း ပြုလုပ်လိုက်၏။ လက်လှုပ်ရှားပုံချင်းတူသော်လည်း တာအိုများ ကွာခြားလေသည်။
အနောက်ဘက်ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း မှိန်ဖျော့လာကာ အနောက်ဆုတ်နေရသည်။
ထိုအချိန်တွင် ဓားအလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားသည်။ နွားထီးပေါ်တွင်ရှိသော ကျွမ်းကျင်သူသည် သူ၏ထာဝရဓားဖြင့် ခုတ်လိုက်ခြင်းပင်။ ဤတိုက်ခိုက်မှုသည် အလွန်ကြောက်စရာကောင်းပြီး နတ်စွမ်းအားများလည်း ပါဝင်သည်။
မိုးမခနတ်ဘုရား၏ လက်ချောင်းများကို လှုပ်လိုက်သည်နှင့် သက်တန့် ၁၀ ခုသည် လကို ထိုးဖောက်နေသည် ပုံစံဖြင့် ပေါ်လာလေ၏။
နတ်သက်တန့်များသည် ထာဝရဓားနှင့် တိုက်ခိုက်နေ၏။ ‘ချွမ်’ ဟူသော အသံနှင့်အတူ မိုးမခနတ်ဘုရားသည် လက်ချောင်းများဖြင့် ဓားဖျားကို ရိုက်လိုက်သည်။
ဤဓားသည် အဆင့်မြင့်နယ်မြေတွင် အဆင့် ၁၁ ရှိသည့် ထိပ်တန်းလက်နက်တစ်ခုဖြစ်သောကြောင့် အားလုံး အံ့အားသင့်သွားရသည်။
အစိမ်းရောင်နွားထီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ဤတိုက်ခိုက်မှုကြောင့် သူ၏ဦးချိုတစ်ခု ပျက်စီးသွားလေသည်။ သူ၏အပေါ်တွင် စီးနင်းနေသည့် လူလတ်ပိုင်းအရွယ် ကျွမ်းကျင်သူသည် တတ်နိုင်သမျှ ကာကွယ်ပေးထားသောကြောင့်သာ မဟုတ်ပါက အစိမ်းရောင်နွားထီးသည် ချက်ချင်းပင် ပေါက်ကွဲသွားပေလိမ့်မည်။
မိုးမခနတ်ဘုရားသည် ကောင်းကင်ဘုံထာဝရနတ်ဘုရား ၃ ယောက်ကို ဆက်တိုက်ပင် လွင့်ထွက်သွားအောင် လုပ်လိုက်သောကြောင့် အားလုံး ထိတ်လန့်သွားခဲ့ကြရသည်။
လေးယောက်မြောက်သောသူ တိုက်ခိုက်လာလေသည်။ မိုးမခနတ်ဘုရားအနားတွင်ရှိသော သစ်ရွက်များသည် နတ်ဓားများအဖြစ်သို့ ပြောင်းလဲသွားကာ ထိုသူကို ထိုးဖောက်သွား၏။
“အား…” ထိုသူသည် ကံမကောင်းစွာပင် သစ်ရွက်ဓားသည် သူ၏နဖူးကြားသို့ ထိုးဖောက်သွားသောကြောင့် ထိုနေရာမှာပင် သေဆုံးသွား၏။
အခြားတစ်ဖက်တွင် အနက်ရောင်စာကလေးသည်လည်း ကျယ်လောင်စွာ အော်ဟစ်နေသည်။ စေတီလေး သူ၏ခန္ဓာကိုယ်တစ်ဝက်ကို စားသုံးပြီးသွားသည့်အချိန်တွင် ကျန်သောတစ်ဝက်သည် ဤနေရာမှ လွတ်မြောက်ချင်သောကြောင့် ထွက်ပြေးနေ၏။
ကောင်းကင်ဘုံထာဝရနတ်ဘုရားသည် နောက်တစ်ကြိမ် ပြန်ပေါ်လာလေ၏။ မိုးမခနတ်ဘုရား အရင်စတိုက်လိုက်သည်။ သူ၏လက်ချောင်းနှင့် လက်ဝါးများ လှုပ်ရှားသွားပြီး ထိုနတ်ဘုရား၏ ခေါင်း ပြုတ်ထွက်သွားလေသည်။ ကောင်းကင်ဘုံထာဝရနတ်ဘုရား၏ ခန္ဓာကိုယ်နောက်တစ်ခုသည် အသတ်ခံလိုက်ရပြန်၏။
ကောင်းကင်ဘုံထာဝရနတ်ဘုရားသည် အလွန်ကြောက်လန့်သွားပြီး ထိုနေရာမှ ချက်ချင်းပင် ပျံပြေးသွားသည်။ သူ ဤနေရာတွင် မသေချင်သေးပေ။
နတ်နွယ်ပင်တစ်ခုပေါ်လာပြီး မိုးမခနတ်ဘုရားကို ရစ်ပတ်နေကာ တာအိုစွမ်းအင်များ ထုတ်လွှတ်လျက်ရှိသည်။
နေနတ်ဘုရားနွယ်ပင် ရုတ်တရက်ရောက်လာသောကြောင့် အားလုံး အံ့အားသင့်သွားရ၏။ သူသည် အဆင့်မြင့်နယ်မြေတွင် စွမ်းအားကြီးသော်သူတစ်ယောက်ဖြစ်သော်လည်း မိုးမခနတ်ဘုရား၏ ပြိုင်ဘက်မဟုတ်သေးပေ။ မိုးမခနတ်ဘုရား၏ လက်တစ်ချက်ဝေ့ရမ်းလိုက်သည်နှင့် ရွှေရောင်နွယ်ပင်များ ပြတ်သွားလေသည်။
အော်သံများထွက်လာပြီးနောက် နေနတ်ဘုရားနွယ်ပင်သည် ချက်ချင်းပင် အဆင့်မြင့်နယ်မြေသို့ ပြန်သွားလိုက်သည်။
ခေါင်းလောင်းပေါ်တွင် ရှိနေသော မှုန်ဝါးဝါးပုံရိပ်သည် မတ်တပ်ထရပ်လိုက်ကာ သူ၏လက်ကို မြှောက်လိုက်သည်နှင့် လေဟာနယ်တွင် သင်္ကေတများ ပြည့်နှက်သွားသည်။ အစီအရင်အဆောင်များလည်း ထွက်ပေါ်လာ၏။
ထို့နောက် ပတ်ဝန်းကျင်တွင် စွမ်းအားများ ဝန်းရံလာကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကိုပင် ဖိနှိပ်နိုင်သည့် မြင့်မြတ်သော အစီအရင်များပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကျွမ်းကျင်သူနှစ်ယောက်သည်လည်း အစီအရင်အဆောင်များကို ထုတ်ယူလာကာ ထိုအစီအရင်ကို ပြီးမြောက်အောင် ပြုလုပ်လိုက်၏။ သူတို့သည် ဤနေရာတွင်ပင် မိုးမခနတ်ဘုရားကို ဖမ်းကာ သတ်ပစ်လိုခြင်းပင်။
“စတုတ္ထမြောက်သတ်ခြင်းအစီအရင်” စေတီလေးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မိုးမခနတ်ဘုရားသည် လေဟာနယ်ထဲမှ နေရာတစ်ခုကို ဖွင့်လိုက်သည်။ ထိုစတုတ္ထမြောက်သတ်ဖြတ်ခြင်းအစီအရင်ကို ခုခံရန်အတွက် တောက်ပသော မူလရှေးဟောင်းဂိတ်တံခါးပေါ်လာ၏။
“အားလုံးပဲ အဆင့်မြင့်နယ်မြေကို ပြန်လိုက်ကြတော့… ငါမင်းတို့ကို လိုက်ပို့စရာ အကြောင်းမရှိဘူး” မိုးမခနတ်ဘုရားပြောလိုက်သည်။