သုခကမ္ဘာက ရှီဟောင် - Chapter - 732 ဆွဲဆောင်ခြင်း
ကြိုးကြာတောင်သည် နာမည်မကြီးသော်လည်း သူ၏ရှုခင်းများမှာ လှပသည်။ ဤတောင်သည် သိပ်မမြင့်သောကြောင့် အမှန်ကတယ်တွင် တောင်ကုန်းတစ်ခုသာ ဖြစ်၏။
တောင်ထိပ်တွင် တာအိုနတ်ဘုရားကျောင်းတစ်ခုရှိသော်လည်း စွန့်ပစ်ခံထားရသည်မှာ ကြာလှပြီဖြစ်သည်။
ဤတောင်သည် ရှေးခေတ်အခါက နာမည်ကြီးခဲ့ပြီး နတ်ဘုရားတစ်ပါးပင် ပေါ်ထွက်ခဲ့သည်။ သို့သော် အရာအားလုံးသည် တစ်နေ့တွင် မှေးမှိန်ပျောက်ကွယ်သွားမည်သာ။
ရှီဟောင်သည် ထိုတောင်သို့ ရောက်သွားသည်နှင့် ထိုတောင်ကမူပေါ်တွင် ထွင်းထုထားသည့် စာလုံးများနှင့် ထိုနေရာကို အသေးစိတ် ကြည့်လိုက်သည်။ နံရံပေါ်တွင် ထွင်းထုထားသော အချို့စာလုံးများမှာ သူ့ကို အံ့ဩသွားစေ၏။
“ဟားဟား အစ်ကိုရှီ လာပြီလား… အစ်ကို့ကို ဖိတ်ရတာ တကယ်မလွယ်ဘူးပဲ… အစ်ကိုမလာရင် အစ်ကို နန်းတော်ထဲမှာ ရှိရဲ့လားဆိုတာ သွားချောင်းတော့မလို့” တစ်စုံတစ်ယောက် အော်ပြောလိုက်၏။ ထိုသူမှာ ပိုင်ဂုပင်။ ရှီဟောင် တောင်ကမူပေါ်တွင်ရှိသော စာလုံးများကို ကြည့်ရှုနေသည်ကို တွေ့လိုက်သောကြောင့် ရှီဟောင်ကို ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်းပင်။
သူသည် အစိမ်းရင့်ရောင်ဆံပင်ရှိကာ သူ၏ မျက်ဆံများပင်လျှင် အစိမ်းရောင်ဖြစ်သည်။
“အရင်တုန်းက အစ်ကို ယွဲ့ချန်ကို ဖမ်းပြီး အစ်ကို့နားမှာ ခေါ်ထားတယ်ထင်လို့ ကျွန်တော် အထင်လွဲသွားတာ… ကျွန်တော် တောင်းပန်ပါတယ်” ပိုင်ဂုသည် ရယ်မောကာ ပြောလိုက်၏။
သူသည် အဆင့်မြင့်နယ်မြေမှ ဖြစ်ကာ ယွဲ့ချန်ကို တွေ့ချင်နေသောသူဖြစ်၏။ နေနတ်ဘုရားသစ်ပင်ထိပ်ရှိ ဖရိုဖရဲနန်းတော်အတွင်းတွင် ရှီဟောင်၏ ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်အတွင်းမှ အမျိုးသမီးကို တွေ့လိုက်သောအခါ သူ သံသယဝင်သွားခဲ့သည်။
“ကိစ္စမရှိဘူး” ရှီဟောင် ပြုံး၍ ပြောလိုက်၏။ နတ်နန်းဂိုဏ်းမှ နတ်သမီး သူ့ကို မြင်ပါက မည်ကဲ့သို့ ပြုမူမည်ကို သူ မသိသေးပေ။
ပိုင်ဂုသည် ရှီဟောင်ကို တောင်အတွင်းသို့ ခေါ်သွားလိုက်၏။ ကြိုးကြာတောင်၏ အတွင်းပိုင်းသည် အလွန်လှပသည်။ ဤနေရာတွင် ရှေးဟောင်းအမွေအနှစ်တစ်ချို့ ရှိနေသေးသည်။
“နတ်ဆိုးကြောင်မြှီးပင်က ဒီနေရာမှာ ကျခဲ့တာတဲ့… တစ်ချို့ ပြောကြတာက အဲဒီအပင်က တကယ်မသေဘူးတဲ့… အစေ့အဖြစ်နဲ့ ပြန်မွေးဖွားလာတာတဲ့… ကျွန်တော်တို့ အဲဒီကိစ္စကို သိချင်လို့ ဒီကို ခရီးထွက်လာဖို့ ဆုံးဖြတ်လိုက်တာ” ပိုင်ဂု ပြောလိုက်၏။
ရှီဟောင် ဆွံ့အသွားရ၏။ ဤကိစ္စဖြစ်ပျက်သွားသည်မှာ နှစ်ပေါင်းမည်မျှပင် ကြာနေပြီလဲ။ အစေ့ရှိလျှင်တောင်မှ အခြားသူများ အရင်ကတည်းက တွေ့သွားလောက်ပြီဖြစ်သည်။
“နတ်ဆိုးကြောင်မြှီးပင်က အဆင့်မြင့်နယ်မြေမှာ ဒီလောက်နာမည်ကြီးနေမယ်လို့ မထင်ထားဘူး”
“မဟုတ်ဘူး အစ်ကို မှားနေပြီ … နတ်ဆိုးကြောင်မြှီးပင်က အစက အဆင့်မြင့်နယ်မြေမှာ ရှိတာ… ကပ်ဒုက္ခဘေးတွေ မဖြစ်အောင်လို့ သူ့ကိုယ်သူ ပျက်စီးအောင်လုပ်ပြီးတော့ အဆင့်နိမ့်နယ်မြေကို ပျံလာတာ” ပိုင်ဂုသည် ခေါင်းခါကာ ပြောလိုက်၏။
ရှီဟောင်အံ့ဩသွားရ၏။ ဤကဲ့သို့သော လျှို့ဝှက်သတင်းများပင် ရှိသေးသလား။
“အဲဒီအပင်က မရိုးရှင်းဘူး… အဲဒီအစေ့က ထူးဆန်းတဲ့ နယ်မြေက လွင့်ထွက်လာတာလို့လည်း ပြောကြတယ်” ပိုင်ဂု ပြောလိုက်၏။
စကားအများကြီး ပြောပြီးနောက်တွင် သူတို့ နှစ်ယောက်ကြားတွင် ပြောစရာစကားမရှိတော့ပေ။
“အဲဒါကို သတ်ဖို့က တော်တော်ခက်တယ်တဲ့… ရှေးတိုက်ပွဲမှာတုန်းက သူအောက်ကျသွားတာ … ဒါပေမဲ့ တစ်ချို့သူတွေပြောတာက သူက လုံးဝဖျက်စီးဖို့ ခက်ခဲတယ် ပြီးတော့ သူက ပြန်မွေးဖွားလာဖို့ အခွင့်အရေးကို စောင့်နေတာတဲ့”
ထိုစကားကို ကြားလိုက်သည်နှင့် ရှီဟောင်သည် သူယခင်က တွေ့ခဲ့သည့် အပင်လေးကို ပြန်၍အမှတ်ရသွားသည်။
“နတ်ဆိုးကြောင်မြှီးပင်က မကြီးလာခင်ကတည်းက အစွမ်းထက်တာလား”
“သူပေါက်လာတဲ့အချိန်တုန်းက သူက အရမ်းအစွမ်းထက်မှာ မဟုတ်ဘူး… ဒါပေမဲ့ သူက တစ်ဖြည်းဖြည်း အင်အားကြီးလာမှာ… သူက ရန်သူရဲ့ ခန္ဓာကိုယ်မှာ ရှင်သန်ပြီးတော့ ရန်သူရဲ့ စွမ်းရည်အားလုံးကို ယူနိုင်တယ်” ပိုင်ဂု ပြောလိုက်သည်။
ထိုအပင်တစ်ခုတည်းကပင်လျှင် ကောင်းကင်ဘုံကို ဆန့်ကျင့်နိုင်ပြီဖြစ်၏။ သူ၏ သင်ကြားမှုစွမ်းရည်မှာ အလွန်ကောင်းမွန်သောကြောင့် သူ သက်တမ်းကြာလေ အစွမ်းထက်လာလေပင်။
“အစ်ကို ရှီ လာပြီ” တစ်စုံတစ်ယောက် နှုတ်ဆက်လိုက်၏။
ကြိုးကြာတောင်ထိပ်တွင် ရှေးသစ်ပင်များသည် နေရာတိုင်းတွင် ရှိနေပြီး နွေဦးအလင်းရောင်များသည် ကျောက်တုံးများပေါ်တွင် ဖြာကျနေသည်။ ဤနေရာသည် တိတ်ဆိတ်ငြိမ်သက်ပြီး ကျက်သရေရှိလှသော နေရာပင်ဖြစ်၏။
ထိုနေရာတွင် လန်ယု၊ ရွှမ်မင်၊ ရွှေယွဲ့နှင့် ဟုန်ဟွမ်ကဲ့သို့သော သူမှတ်မိသည့်သူများ ရှိသကဲ့သို့ သူသိပ်မမှတ်မိသည့် လူငယ်လေးများလည်း ရှိသည်။ လူငယ်လေးများသည် သူရဲကောင်းဆန်သကဲ့သို့ မိန်းမပျိုလေးများမှာလည်း လှပလှ၏။
မိတ်ဆက်ပြီးသွားသည့် အချိန်တွင် သူတို့သည်လည်း အဆင့်မြင့်နယ်မြေမှ လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့သည် ပိုင်ဂု၊ လန်ယုနှင့် အခြားသူများနှင့် အတူလာခြင်းမဟုတ်ကြပေ။ မကြာသေးခင်ကမှ တွေ့ကြခြင်းပင်။
အချို့သူများမှာ နယ်မြေ ၈ ခုမှ လာခြင်းပင်။ သူတို့အားလုံးသည် အံ့အားသင့်စရာကောင်းပြီး သူတို့နောက်ခံများမှာလည်း ကြီးမားလှသည်။ ဥပမာအားဖြင့် မိန်းမပျိုလေး ချန်ချန်သည် ထူးဆန်းသည့်နယ်မြေမှ လာခြင်းဖြစ်ပြီး ၆ကျန်းဟုခေါ်သော ဘုန်းကြီးသည် အနောက်ဘက်ရိုးရာမှ လာခြင်းဖြစ်သည်။
သူတို့အားလုံးသည် ကိုယ့်ကိုကိုယ် အထင်ကြီးသောသူများ ဖြစ်ကြ၏။ ကျောက်တုံးလေး နာမည်ကြီးနေသောကြောင့် အများစုမှာ သူနှင့်စကားပြောကာ သူငယ်ချင်းဖြစ်လိုကြခြင်းဖြစ်သည်။
“သူ ဘာလုပ်ချင်တာလဲဆိုတာ အစ်ကို ရှီတွေးပြီးပြီလား… အစ်ကို ညီမတို့နဲ့ ကောင်းကင်ဘုံကို လိုက်ခဲ့မှာလား” လန်ယုသည် ပြုံးကာ ပြောလိုက်၏။ သူမသည် အလွန်လှပသော သူပင်။
“ငါ ဒီနေရာကို အရမ်းချစ်နေတာ… ဒါတွေကို ထားပြီး မသွားနိုင်သေးဘူး” ရှီဟောင် ခေါင်းခါကာ ပြောလိုက်သည်။ သူသည် အဆင့်မြင့်နယ်မြေသို့ သွားမည်ဖြစ်သော်လည်း သူတို့နှင့် သွားမည်မဟုတ်ပေ။
“ကျင့်ကြံခြင်းဆိုတာ ကိုယ့်ရဲ့ နှလုံးသားကို ကိုယ်ပြန်ရှာတာပဲ… အခုက အချိန်မကျသေးဘူးထင်တယ်… တစ်နေ့ကျရင်တော့ အစ်ကိုရှီက ကိုယ့်ရဲ့ ပုံစံအမှန်ကို ရှာတွေ့ပြီး အဆင့်မြင့်နယ်မြေကို ရောက်လာမှာပါ” တစ်စုံတစ်ယောက် ပြောလိုက်သည်။
သူတို့ ပြောစကားများအရဆိုလျှင် အဆင့်နိမ့်နယ်မြေ၏ သဘာဝဥပဒေသသည် မပြည့်စုံသကဲ့သို့ ဤနေရာတွင်ရှိနေသော တာအိုများလည်း မလုံလောက်ပေ။ ထို့ကြောင့် မိမိပုံစံအမှန်ကို ရှာတွေ့ရန် ခက်ခဲလေသည်။ သူသည် ဤနေရာတွင် သူ၏တာအိုကို ပြည့်စုံအောင် မလုပ်နိုင်ပဲ ဤနေရာတွင် ခြေချုပ်မိသကဲ့သို့ ဖြစ်နေလိမ့်မည်။
ရှီဟောင်သည် လမ်းညွှန်မှုများကို မေးလိုက်ပြီး အဆင့်မြင့်နယ်မြေ၏ အခြေအနေများကိုလည်း မေးလိုက်သည်။
စေတီလေးသည် ဘာကြောင့် အဆင့်မြင့်နယ်မြေများ၏ နယ်မြေများသည် ခိုင်မာသည်ဟု ပြောခဲ့သည်ကို သူနားလည်သွားသည်။ စေတီလေး စနောက်နေသည်ဟု သူထင်ခဲ့သော်လည်း ယခုအချိန်တွင် သူထိတ်လန့်သွား၏။
ဤလူများ၏ ပြောစကားအရ အဆင့်မြင့်နယ်မြေသည် ပြည့်စုံပြီး အရာအားလုံးသည် သဘာဝအတိုင်းဖြစ်ကာ တည်ငြိမ်သည်။ အဆင့်နိမ့်နယ်မြေသည် အနည်းငယ် ထိခိုက်လွယ်သည်ဟု ဆိုလိုခြင်းပင်။
အဆင့်နိမ့်နယ်မြေတွင် တောင်များနှင့် ပင်လယ်များကို ရွေ့နိုင်သော်လည်း အဆင့်မြင့်နယ်မြေတွင် ထိုကဲ့သို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။
အဆင့်မြင့်နယ်မြေမှ စွမ်းအားကြီးသောသူတစ်ယောက်ဆင်းလာပါက သူ၏လက်တစ်ဖက် ဝေ့ရမ်းယုံနှင့်ပင် တောင်များပြာကျသွားနိုင်ပြီး မြစ်ချောင်းများ ခမ်းခြောက်သွားနိုင်သော်လည်း အဆင့်မြင့်နယ်မြေတွင် ထိုကဲ့သို့ အင်အားပြ၍မရပေ။
ရှီဟောင်သည် ဘာပြောရမှန်းမသိအောင်ပင် ဆွံ့အသွား၏။
“အဆင့်မြင့်နယ်မြေက အဆုံးမရှိဘူး… အဲဒီနေရာမှာ ဂျီးနီးယပ်စ်တွေနဲ့ ထူးခြားတဲ့ စွမ်းရည်ရှိတဲ့သူတွေ နေရာတိုင်းမှာ ရှိတယ်… အဲဒီမှာ ကိုယ့်ရဲ့ စွမ်းအားကို မြှင့်တင်လို့ရတယ်… အစ်ကို ရှီ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် နွံနစ်တဲ့ပတ္တမြားလို ဖြစ်နေမှာ… အစ်ကို အဆင့်မြင့်နယ်မြေကို လာမှ အဲဒီမှာ အစ်ကိုရဲ့ ပြိုင်ဘက်အစစ်အမှန်ကို တွေ့ရပြီးတော့ အစ်ကို တိုးတက်လာမှာ” ရွှေယွဲ့ ပြောလိုက်၏။
ရှီဟောင်သည် ခါးသီးစွာ ပြုံးလိုက်ပြီး “ငါ အဆင့်မြင့်နယ်မြေကိုသွားလိုက်တာနဲ့ ငါ့ကို ချက်ချင်းသတ်ချင်တဲ့သူတွေ ရှိနိုင်တယ်”
သူသည် ထာဝရတောင်ကို ပြောင်းပြန်လှန်ခဲ့သောကြောင့် သူအပေါ်သို့ တက်သွားသည်နှင့် ငြိမ်းငြိမ်းချမ်းချမ်းနေရမည် မဟုတ်ပေ။
“အန္တရာယ်မရှိပါဘူး… အစ်ကို ရှီအဆင့်မြင့်နယ်မြေကို ရောက်လာရင် ကျွန်တော့်ရဲ့ ကျုးလုကျောင်းကို လာခဲ့လိုက်ပါ” တစ်စုံတစ်ယောက်ပြောလိုက်သည်။
ကျောက်တုံးလေးသည် ထူးခြားသော စွမ်းရည်ရှိသူဖြစ်သည်။ သူ့ထံတွင် ပြိုင်ဘက်မရှိသည့် ကောင်းကင်ဘုံအရိုးလည်း ရှိနေ၏။ သူ့ကိုသာ ကောင်းကောင်းပြုစုပျိုးထောင်ပါက အဆင့်မြင့်နယ်မြေ၏ ဂျီးနီးယပ်စ်များကြားတွင် သူသည် ထူးခြားသူဖြစ်နေမည်မှာ သေချာသည်။
အဆင့်မြင့်နယ်မြေတွင် ဂျီးနီးယပ်စ်များသည် များစွာ ပေါ်ပေါက်နေသော်လည်း သူတို့သည် မကြာခဏပင် တိုက်ခိုက်နေကြ၏။ အဆင့်မြင့်နယ်မြေသည် ကျယ်ပြန့်ယုံသာရှိပြီး စွမ်းအားကြီးသောသူများမှာ များသောအားဖြင့် သီးသန့်သာ နေကြသည်။
ကျောက်တုံးလေးနှင့် စွမ်းရည်နှင့်ဆိုလျှင် သူအပေါ်သို့ တက်လာသည်နှင့် ထိုသူများနှင့် တိုက်ခိုက်ရမည်မှာ သေချာပေါက်ပင် ဖြစ်၏။ သူသည် အဆင့်နိမ့်နယ်မြေမှ လာသောသူဖြစ်သော်လည်း အားကြီးသောသူနှင့် အားနည်းသောသူများကို တိုက်ပွဲပြီးမှသာဆုံးဖြတ်ကြခြင်းပင်။
ရှီဟောင်ကဲ့သို့ အရည်အချင်းရှိသောသူများသည် ကျူးလုကျောင်းသို့ ဝင်ကာ ကျောင်း၏ အကာအကွယ်ကို ခံယူလိုကြသည်။
ရှီဟောင် ဆွံ့အနေ၏။ သူ၏ နှလုံးသည် အလွန်အခုန်မြန်နေသည်ကို သူခံစားနေရသည်။
သူတို့ပြောစကားများအရဆိုလျှင် သူပင်လျှင် ကြောက်စရာကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်တွေ့ရနိုင်၏။ သူ့ထက်စွမ်းအားကြီးသော သူများနှင့်ပင် တွေ့ရနိုင်သည်။
ဤနှစ်များတွင် သူသည် သူ၏ရန်သူများကို ဖိနှိပ်နိုင်ခဲ့သည်။ ကျောက်တုံးကြီးနှင့် နတ်သမီးယွဲ့ချန်မှလွဲလျှင် ကျန်သောသူများသည် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ သူသည် ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရှာကာ သူ စိတ်ကျေနပ်သည်အထိ တိုက်ခိုက်ချင်မိ၏။
“အစ်ကိုရှီ… အစ်ကို အဆင့်မြင့်နယ်မြေကို ဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘဝကျောင်းက အစ်ကို့ရဲ့ လုံခြုံရေးကို အာမခံပြီး အစ်ကို မြန်မြန်တိုးတက်လာဖို့ အာမခံတယ်” မိန်းမပျိုလေး ရင်ရင် ပြောလိုက်သည်။
အဆင့်မြင့်နယ်မြေမှ လူများသည် ဂုဏ်မောက်ကာ စိတ်ကြီးဝင်နေသောသူများဖြစ်ကြသည်။ သူတို့အားလုံးသည် ယခုကဲ့သို့ ရှီဟောင်ကို ဆွဲဆောင်နေသည်ကို မြင်လိုက်ရသောအခါ နယ်မြေ ၈ ခုမှ ဂျီးနီးယပ်စ်များ ထိတ်လန့်သွားရ၏။
သူ့ကို ဖိတ်ခေါ်နေသော ဂျီးနီးယပ်စ်များနှင့် မြင့်မြတ်သောအမျိုးသမီးများသည် စွမ်းအားကြီးသော မျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဆင့်နိမ့်နယ်မြေတွင် သူတို့မျိုးဆက် မရှိပေ။
“အစ်ကို ဘယ်နေရာကိုသွားရမလဲဆိုတာ စဉ်းစားနေစရာမလိုဘူး… အစ်ကို အဆင့်မြင့်နယ်မြေကို ရောက်တာနဲ့ညီမတို့ အနီရောင်ဖီးနှစ်ငှက်ကျောင်းကိုသာ လာခဲ့လိုက်… အစ်ကိုက အဆင့်နိမ့်နယ်မြေမှာ ၁၀ နှစ်ကျော်အောင် လေ့ကျင့်ခဲ့တာဆိုတော့ မြင့်မြတ်တဲ့တာအိုပြီးအောင် အရင်ဆုံး ပြောင်းလဲရဦးမယ်… ညီမရဲ့ အနီရောင်ဖီးနှစ်ငှက်ကျောင်းရဲ့ နိဗ္ဗာန်သိုင်းပညာက အဲဒီလိုပြောင်းလဲမှုအတွက် အသင့်တော်ဆုံးပဲ” ဟုန်ဟွမ်ပြောလိုက်၏။
သူမသည် ရှီဟောင်၏ပုခုံးကို ပုတ်ပြီး ကျယ်လောင်စွာပြောနေသည်။ ဤအမူအရာသည် အနည်းငယ်ရဲတင်းလွန်းသည့် အပြုအမူပင်။
သူမနှင့် ရှီဟောင်၏ ဆက်ဆံရေးသည် ကောင်းသည်ဟု ဆိုနိုင်သည်။ နေနတ်ဘုရားသစ်ပင်တွင် သူတို့ အတူအကွ ကြိုးစားခဲ့သောကြောင့် သူမသည် သူ့ကို မြူဆွယ်ရန်အတွက် ပို၍အခွင့်သာနေသည်။
“နတ်နန်းဂိုဏ်းကို ဝင်တာက ပိုကောင်းမယ်လို့ ကျွန်မထင်တယ်… တစ်ခါမှ ရန်မဖြစ်ပဲနဲ့ သူငယ်ချင်းမဖြစ်နိုင်ဘူးဆိုတဲ့ ဆိုရိုးက တော်တော်မှန်တာပဲ” ချိုသာပြီး သာယာနာပျော်ဖွယ်ကောင်းသည့် အသံ ထွက်ပေါ်လာ၏။
သူတို့အားလုံး လှည့်ကြည့်လိုက်သည့်အချိန်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုလေးကို တွေ့လိုက်ရ၏။
သူမ၏အနောက်တွင် ငြင်သာစွာ လှုပ်ရမ်းနေသည့် မြေခွေးအမြှီးသည် သူမကို ပို၍ချစ်ဖို့ကောင်းအောင် လုပ်ပေးနေသလိုပင်။
“စုန်းမ” ရှီဟောင်၏ မျက်လုံးများ မှေးကျဉ်းသွားရသည်။
ထင်းရှူးတောထဲတွင် လေတိုးသံများ တိတ်ဆိတ်သွားကာ အဖြူရောင်ဝတ်ထားသည့် အမျိုးသမီး လမ်းလျှောက်ထွက်လာနေ၏။ သူမသည် ထူးခြားသည့် အလှတရားကို ပိုင်ဆိုင်ထားပြီး လူ့ပြည်ဆင်းလာသည့် နတ်သမီးနှင့် တူသည်။
အမျိုးသမီး ၂ ယောက်သည် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြ၏။
သူတို့နှစ်ယောက်သည် လုံးဝ ဆန့်ကျင်ဘက်ပင်။
အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်များနှင့် မြင့်မြတ်သော အမျိုးသမီးများပင်လျှင် စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤပြိုင်ဘက်ကင်းသော အလှလေးနှစ်ယောက်သည် အဆင့်မြင့်နယ်မြေမှ လာခြင်းဖြစ်ပြီး သူတို့ထံတွင် အံ့အားသင့်စရာကောင်းသော စွမ်းရည်များ ရှိနေကြသောကြောင့်ပင်။
“ဒီနေ့ တွေ့ဆုံမှုက တာအိုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတာနဲ့ ပညာတွေ ဖလှယ်ဖို့ပါ… တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ကြပါနဲ့… မဟုတ်ရင် တွေ့ဆုံပွဲရဲ့ ရင်းနှီးတဲ့ လေထုက ပျက်ဆီးသွားလိမ့်မယ်”လန်ယုပြောလိုက်၏။ သူမသည် အလွန်လှပကာ သူမပြောသော စကားလုံးများမှာလည်း နူးညံ့နွေးထွေးလှသည်။ လူတိုင်းသည် သဘောတူကြောင်း ခေါင်းညိမ့်ပြ၏။
“ဟုတ်တယ် ဒီနေ့ ရှင်တို့နှစ်ယောက် သူသေကိုယ်သေ မတိုက်ရဘူး” ရွှေယွဲ့၊ ဟုန်ဟွမ်၊ ရင်ရင်နှင့် အခြားအမျိုးသမီးများ လျှောက်လာကြသည်။
“ငါတို့က တစ်ယောက်ကိုတစ်ယာက် အသိအမှတ်ပြုဖို့ လာခဲ့ကြတာပါ” နတ်သမီးယွဲ့ချန်သည် တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။
“ဟုတ်တယ်မလား… ငါတို့က တိုက်မယ်လို့ ဘယ်သူပြောတာလဲ” စုန်းမလည်း ပြုံးပြီး ပြောလိုက်၏။ ထို့နောက် ရှီဟောင်ကို လက်ဝေ့ရမ်းပြလိုက်ကာ “ကျောက်တုံးလေး… မင်းက ဘာလို့ ဒီနေရာကို မလာသေးတာလဲ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးသည် အံ့ဩသည့် ပုံစံ ဖြစ်သွားသည်။
စုန်းမသည် ပြုံးကာ ပြောလိုက်လေ၏။
“ဟိုတစ်လောတုန်းက မင်းက နတ်သမီးယွဲ့ချန်ကို ဖမ်းပြီး မင်းအနားခေါ်ထားတယ်လို့ ကောလဟာလထွက်သေးတယ်လေ… အခု ယွဲ့ချန်ပေါ်လာပြီဆိုတော့ မင်းရဲ့ မတရားခံရမှုကို ဖြေရှင်းလို့ ရပြီ”
ပိုင်ဂုသည် ထိုစကားကို ကြားလိုက်သည့်အချိန်တွင် ရယ်မောကာ ပြောလိုက်၏။
“ဟုတ်တယ်… ငါ အစ်ကိုရှီကို အထင်လွဲတော့မလို့ပဲ… အဲဒါက အရမ်းရှက်ဖို့ကောင်းတယ်… အပြစ်ပေးတဲ့အနေနဲ့ တစ်ခွက်လောက်သောက်သင့်တယ်”
လူငယ်လေးများ အားလုံး ရယ်မောလိုက်ကြ၏။ သူတို့သည် ဦးခေါင်းကို ခါရမ်းလိုက်ကြကာ ကောလဟာလသည် အခြေအမြစ်မရှိဟု ခံစားကြရ၏။ နတ်သမီးကဲ့သို့သော မြင့်မြတ်သည့်သူကို မည်သူက စော်ကားရဲမည်နည်း။ ယွဲ့ချန်၏ ခန္ဓာကိုယ်အစစ်အမှန်ပေါ်လာသည်နှင့် ကောလဟာလများအားလုံး ပျောက်ကွယ်သွားလေသည်။
“ငါနဲ့ ယွဲ့ချန်က အမြဲတမ်း ပြိုင်ဘက်တွေ ဖြစ်နေပေမယ် အတူတူ သောက်လို့ရတယ်… ကျောက်တုံးလေး မင်းသူနဲ့ တိုက်ခဲ့ပေမယ့် မင်းယွဲ့ချန်နဲ့ တစ်ခွက်သောက်သင့်တယ်” စုန်းမသည် ပြုံး၍ ပြောလိုက်၏။
“နားလည်မှုလွဲနေတာတွေ အားလုံး ရှင်းသွားပြီ… သောက်ကြရအောင်” ပိုင်ဂုသည် ကျယ်လောင်စွာ ရယ်လိုက်၏။
“နတ်သမီး .. ဒီတစ်ခွက်ကို နတ်သမီးနဲ့ အတူတူ သောက်ပါ့မယ်” ရှီဟောင် ပြုံးလိုက်သည်။ ထို့နောက် သူနှင့် ယွဲ့ချန်၏ မူလခန္ဓာကိုယ်သည် ခွက်ချင်းတိုက်တာ သောက်လိုက်ကြသည်။
ယွဲ့ချန်ပြုံးလိုက်ပြီးနောက် ကျောက်စိမ်းခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်၏။ သူမ၏ မျက်နှာမှာ အမြဲတမ်းပင် ပြုံးနေလေသည်။