သုခကမ္ဘာက ရှီဟောင် - Chapter - 733 တွေ့ဆုံမှုကို နှောင့်ယှက်ခြင်း
ကြိုးကြာတောင်တွင် ထင်းရှုးပင်များ ပြည့်နေပြီး နွေဦးနေရောင်ခြည်လေးလည်း သစ်တော၏ နေရာအနှံ့တွင် ဖြာကျနေသည်။ ကျောက်တုံးများကြားမှ ဖြတ်စီးသွားသည့် ရေစီးသံများကိုလည်း ကြားနေရသေးသည်။ ဤတောင်ထိပ်ပေါ်မှ မြင်ရသော မြင်ကွင်းမှာ အလွန်လှပပေသည်။
ယွဲ့ချန်သည် ရှီဟောင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေကာ အားလုံးနှင့်စကားပြောလျက်ရှိ၏။ သူမ၏အသံသည် နူးညံ့ကာ သံလိုက်ဓာတ်ပါလေသည်။
“နတ်သမီး ယွဲ့ချန် လောကကြီးမှာ ခရီးသွားနေတုန်းက လမင်းလိုပဲ တောက်ပနေတာပဲ… သူ့ကို ဘယ်သူက ဟန့်တားနိုင်မှာမို့လို့လဲ” တစ်စုံတစ်ယောက်သည် ချီးကျူးလိုက်၏။ သို့သော် သူ၏အသံသည် သာမန်မဟုတ်ပဲ ရှီဟောင်ကို ရန်စနေသလိုပင်။
အဘယ်ကြောင့်ဆိုသော ထိုကောလဟာလကို လူတိုင်းကြားလိုက်ရသောကြောင့်ပင်။ ယခု ထိုသတင်းမှားသည်ဟု ဆိုသောအခါ ရှီဟောင်၏ ခွန်အားကို အထင်သေးကြလေသည်။
လူအချို့သည် ရှီဟောင်ကို ဆွဲဆောင်နေကြသော်လည်း အချို့သူများမှာ သူ့ကို စိတ်ထဲမှ ရန်လိုနေကြ၏။ အထူးသဖြင့် အဆင့်နိမ့်နယ်မြေတွင်ရှိသည့် ထိုစွမ်းအားကြီးသည့်သူများ၏ မျိုးဆက်များပင်။
ရှီဟောင်သည် ထိုစကားကိုအလေးမထားပဲ ပြုံး၍သာ နေလေ၏။
ထိုစကားလုံးများသည် ယွဲ့ချန်၏ မူလခန္ဓာကိုယ်ကို ပို၍အရှက်ရစေသောကြောင့် ရှီဟောင် အလွန်ပျော်ရွှင်နေလေသည်။
သူသာ ရန်စသည့် စကားလုံးအနည်းငယ် ထပ်ထည့်လိုက်ပါက ဤထက်ပိုကောင်းသွားမည်ဖြစ်၏။ သို့သော် သူထိုကဲ့သို့လုပ်လိုက်ပါက သိသာသွားမည်ဖြစ်ပြီး သူလည်း စည်းကျော်သလိုဖြစ်သွားလိမ့်မည်။
“မှော်အစွမ်းပဲဖြစ်ဖြစ် စိတ်နေသဘောထားပဲဖြစ်ဖြစ် နတ်သမီးယွဲ့ချန်က တွေ့ရခဲတဲ့ သူတစ်ယောက်ပဲ … နတ်သမီးက ကြည့်တဲ့သူရဲ့ စိတ်ကို ကြည်လင်အေးချမ်းစေတဲ့ ကောင်းကင်ပေါ်က လမင်းကြီးလိုပဲ” အခြားတစ်ယောက် ထပ်ပြောလိုက်၏။
“ဒါက ပြောစရာလိုသေးလို့လား… ချန်လေးက ဒီကမ္ဘာရဲ့ လနတ်သမီးပဲကို… သူမက တောက်ပနေပြီးတော့ သူမရဲ့ အလင်းရောင်က တစ်ကမ္ဘာလုံးကို အလင်းပေးနေတာ” စုန်းမသည် နှုတ်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်သည်။
“အရှင်မက ထက်မြက်ပြီးတော့စွမ်းအားလည်းကြီးတယ်… အရှင်မက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကနေ ပြုလုပ်ထားတဲ့ နတ်သမီးတစ်ပါးပဲ… ကျွန်တော်တို့အားလုံး နတ်သမီးကို လေးစားနေရတာပါ” တစ်စုံတစ်ယောက်သည် စုန်းမကို ကြည့်ကာ သူတို့၏ လေးစားမှုကို ပြသကြသည်
အချို့သူများသည် ခေါင်းကို ဆက်တိုက်ငြိမ့်ကာ ထောက်ခံကြလေသည်။
သို့သော်လည်း စုန်းမသည် သူတို့ပြောသည့်စကားများကို အလေးမထားပဲ ရယ်မောကာ ပြောလိုက်၏ “ကျောက်တုံးလေး မင်းက အချိန်အကြာကြီးအထင်လွဲခံရပြီးတော့ ဓားစာခံဖြစ်သွားတာ… မင်း စိတ်မသက်မသာမဖြစ်ဘူးလား”
အားလုံး၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ယွဲ့ချန်နှင့် ကောင်းကင်ခစားဂိုဏ်းမှ မြင့်မြတ်သောအမျိုးသမီးတို့သည် ပြိုင်ဘက်များဖြစ်သည်ဟူသော ကောလဟာလရှိလေသည်။
ထိုကောလဟာလသည် အမှန်ပင် ဖြစ်ပုံရ၏။ သူမသည် ထိုကိစ္စကိုပဲ ထပ်ကာထပ်ကာ ပြောနေပြီး ပြဿနာများ ကြီးထွားအောင် လုပ်ချင်နေ၏။
ရှီဟောင်သည် သက်ပြင်းချလိုက်ကာ ” ကျွန်တော်လည်း မတတ်နိုင်ဘူးလေ သိတယ်မလား… ကောလဟာလတွေက အရမ်းကြောက်ဖို့ကောင်းတယ်… ဒီကလူတွေအကုန်လုံးပေါင်းပြီးတော့ ကျွန်တော့်ဆီက နတ်သမီးကို လာတောင်းမှာကို ကျွန်တော်ကြောက်နေတာ… အခုတော့ ကံကောင်းစွာနဲ့ အားလုံးက အတိတ်တွေဖြစ်သွားပါပြီ”
“ကျွန်တော် မလိမ်ပါဘူး… ဒီသတင်းကို ကြားတဲ့အချိန်တုန်းက ချက်ချင်းကို ပြေးလာပြီး မေးချင်တာ… တော်သေးတာပေါ့ ကောလဟာလတွေက ပျောက်သွားတော့ အဲဒီအစီအစဉ်က မလုပ်ဖြစ်လိုက်ဘူး” ပိုင်ဂုသည် ရယ်မောကာ ပြောလိုက်၏။
စုန်းမသည် အလွန်ချိုသာစွာ ပြုံးနေ၏။ သူမသည် ယွဲ့ချန်၏ မူလခန္ဓာကိုယ်ကို ကြည့်ကာ သူ၏မျက်လုံးတွင် အလွန်ပျော်ရွှင်နေသကဲ့သို့ပင် ထူးဆန်းသည့် အမူအရာဖြစ်သွားသည်။
ယွဲ့ချန်၏ စိတ်နေသဘောထားမှာ နူးညံ့လှ၏။ သူမသည် ရှီဟောင်နှင့် စုန်းမကို ကြည့်ကာ ပြုံးပြနေသော်လည်း သူမစိတ်ထဲတွင် ဘာတွေးနေမည်ကိုတော့ သူမသာ သိနိုင်ပေလိမ့်မည်။
“သူ သည်းမခံနိုင်တော့ပဲနဲ့ ငါ့ကို လာရိုက်မှာတော့ မဟုတ်ဘူးမလား” ရှီဟောင် တွေးလိုက်မိ၏။
“နတ်သမီးကို သီချင်းတစ်ပုဒ်လောက်တောင်းဆိုချင်ပါတယ်” တစ်စုံတစ်ယောက်ပြောလိုက်သည်။
ယွဲ့ချန်၏ မူလခန္ဓာကိုယ်သည် တည်ငြိမ်ကာ အပြုံးတစ်ခုဖြင့် ခေါင်းညိမ့်ပြလိုက်၏။ ထို့နောက် သူမသည် ထိုင်ချလိုက်ကာ သူမ၏ လက်ချောင်းလေးများသည် ဗျတ်စောင်းပေါ်တွင် လှုပ်ရှားလာသည်။ သာယာလှသော တေးသံသည် ကောင်းကင်ထက်သို့ လွင့်ပျံလာ၏။
ထိတ်လန့်စရာကောင်းသော အချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်မှ ကြယ်အလင်းတန်းများ ကျလာကာ ယွဲ့ချန်၏အနားတွင် ဝန်းရံနေလေသည်။
ထိုအချိန်တွင် ထိုနေရာတွင် ရှိနေသော အပင်များသည် လျင်မြန်စွာကြီးထွားလာပြီး ပန်းများလည်း ပွင့်လာကာ လေထဲတွင် ပန်းရနံ့များ မွှေးပျံ့နေသည်။
ဗျတ်စောင်းသံ လေထဲသို့ ပျံ့လွင့်သွားသည်နှင့် ဝိဉာဉ်ငှက်များလည်း လေထဲတွင် ကခုန်နေကြသည်။ လူများအားလုံး ဆွံ့အသွားကြ၏။
“ဒီသီချင်းက တာအိုနဲ့ လိုက်ဖက်တယ်… ငါ ဒီကနေ အတွေ့အကြုံတစ်ချို့ ရလိုက်ပြီး ငါ့ရဲ့ကျင့်ကြံခြင်းက ငါမရှင်းတဲ့ အပိုင်းတွေလည်း ရှင်းသွားပြီ” တစ်စုံတစ်ယောက်သည် အထင်ကြီးစွာ ပြောလိုက်သည်။
“ဒါက စုဝေးခြင်းရဲ့ အဓိပ္ပာယ်ပဲ… တစ်ခြားတစ်ယောက်ဆီက သင်ယူနိုင်ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်နိုင်တာ” ရွှမ်မင်သည် ချီးကျူးကာ ပြောလိုက်၏။
ထို့နောက်တွင် အားလုံးသည်သူတို့၏ ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့်အမြင်များကို ဆွေးနွေးကြပြီး သူတို့ အဖိုးတန်သည့် ပညာများကို ကျင့်ကြံသည့်အချိန်တွင် ကြုံတွေ့ခဲ့ရသည့် ခက်ခဲသည့်မေးခွန်းများကို ပြောကြသည်။ အားလုံးအတွက် အကျိုးရှိသော တွေ့ဆုံမှုပင် ဖြစ်သည်။
ရှီဟောင်သည်လည်း အားလုံးနှင့် စကားပြောလိုက်ရသောကြောင့် အဆင့်မြင့်နယ်မြေအကြောင်းကို ပို၍သိလိုက်ရသည်။ ပိုင်ဂုထံမှ အဆင့်မြင့်နယ်မြေမှ အသေးစိတ် လေ့လာနေသည့် သင်္ကေတများအကြောင်းကိုသိလိုက်ရ၏။
ပိုင်ဂုပြောလိုက်၏။
” တစ်ခုခုမှာ အထွတ်အထိပ်ကို ရောက်ချင်ရင် အားလုံးကို စွန့်ပစ်ရတယ်… ဥပမာ စွမ်းအားကို လိုချင်ရင် ဗာဂျာမျောက်ဝံ၊ နတ်ဆိုးဆင်ကြီး၊ ရွှေရောင်ဘီလူးနဲ့ တစ်ခြားသူတွေရဲ့ သင်္ကေတကို လေ့လာရပြီးတော့ အဲဒီအားက မတည်ငြိမ်မချင်း တစ်ခြားကျန်တဲ့ ပြောင်းလဲမှုပုံစံတွေကို လျစ်လျူရှုရတယ်”
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူသည်လည်း ခွန်ပန်ကဲ့သို့သော ပညာများကိုသာ အာရုံစိုက်ထားပြီး အချို့အရာများကို လျစ်လျူရှုထားသည်။
ဤကမ္ဘာပေါ်တွင် မရေမတွက်နိုင်သည့် သက်ရှိများရှိပြီး သင်္ကေတအရိုးများလည်း ပုံစံမျိုးစုံရှိသည်။
ထိုထဲတွင် ခွန်ပန်၊ ဖီးနှစ်နှင့် အခြားအရာများသည် ထိပ်တန်းအဆင့်များ ဖြစ်ကြ၏။
အခြား သင်္ကေတအရိုးများသည် အသုံးမဝင်ဟု ပြောခြင်းမဟုတ်ပေ။ အားလုံးသည် သူတို့၏ တာအိုများရှိပြီး သေချာလေ့လာပါက ထိုအရာများကိုလည်း သူတို့ လမ်းကြောင်းအတွက် အသုံးပြုနိုင်သည်။
“အနောက်ဘက်ဂိုဏ်းရဲ့ ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်က ဗာဂျာမျောက်ဝံ၊ တောင်ပုရွက်ဆိတ်၊ ငွေရောင်နွယ်ပင်နဲ့ တစ်ခြား စွမ်းအားမကြီးတဲ့ သက်ရှိတွေကနေ လေ့လာထားတာ”လန်ယု ပြောလိုက်၏။
“ဟုတ်တယ် သားရဲကြီးပင်လယ်လို့ခေါ်တဲ့ အစောဆုံးဘိုးဘေးက အဆင့်နိမ့်သားရဲတွေရဲ့ အရိုးစာသားတွေကို လေ့လာဖို့အတွက် နှစ်ပေါင်း ရာချီ ကြာခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကြောင့် အဆင့်မြင့်နယ်မြေတစ်ခုလုံးကို ကိုင်လှုပ်နိုင်တဲ့ သားရဲတစ်ရာစာသား ပေါ်လာခဲ့တယ်” ရင်ရင် ထပ်ပြောလိုက်၏။
ရှီဟောင်လည်း အံ့ဩသွားပြီး ခေါင်းသာ ညိမ့်နေလေ၏။ ဤတစ်ခေါက်တွင် သူသည် အသိပညာအများကြီး ရလိုက်သည်။
“အစ်မကြီး ယွဲ့ချန် ရှင်က ဖီးနှစ်ငှက် အဖိုးတန်သိုင်းပညာကို အရမ်းဂရုစိုက်တယ်ဆို… ကျွန်မတို့ ဒီနေရာမှာ အမြင်ဖလှယ်ကြရင်ရော” ဟုန်ဟွမ်သည် နတ်သမီးယွဲ့ချန်ကိုလည်း အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်၏။
ယွဲ့ချန်သည် စုန်းမကိုလည်း စကားပြောသည့် ဝိုင်းထဲသို့ ဆွဲသွင်းလိုက်သည်။
“အစ်မကြီး ယွဲ့ချန်… အစ်မက အဆင့်မြင့်နယ်မြေကို ပြန်သွားတာလား… အစ်မက သေချာပေါက် အရှေ့ဘက်နယ်မြေရဲ့ အလှဆုံးဖြစ်မှာ” ဟုန်ဟွမ်သည် လေးစားစွာ ပြောလိုက်သည်။
“အရှင်မက ခွန်ပင်လယ်ရဲ့ နံပါတ်တစ် အလှဆုံးပဲ” လန်ယုလည်း ချီးကျုးလိုက်၏။ သူမသည် စုန်းမ၏ ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကို ချီးမွမ်းလိုက်သည်။
ရှီဟောင်သည် နဂိုကတည်းကပင် အရေထူသောသူ ဖြစ်သောကြောင့် ယွဲ့ချန်နှင့် ဟုန်ဟွမ်ထံမှ ဖီးနှစ်ငှက်သိုင်းပညာနှင့် ပတ်သတ်၍ ညွှန်ကြားချက်များကို မေးလိုက်၏။
“ရှင်က အဲဒီလိုမျိုး ရှေးဟောင်း သိုင်းပညာတွေကို လေ့လာနေပြီလား” ဟုန်ဟွမ် ထိတ်လန့်သွားသည်။
“တစ်ခု နှစ်ခု လောက်ပါပဲ” ရှီဟောင် ခေါင်းညိမ့်ကာ ပြောလိုက်၏။
ယွဲ့ချန်၏ မူလခန္ဓာကိုယ်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားသော်လည်း မသိသာလိုက်ပေ။ သူမသည် ဖီးနစ်ငှက်၏ စွမ်းအားများအကြောင်းကို ဆွေးနွေးနေသော်လည်း ပင်မပြောင်းလဲခြင်းအကြောင်းကိုမူ မပြောပေ။
“နတ်ဘုရားတွေရဲ့ စစ်ပွဲက ဘယ်လိုဖြစ်သွားပြီလဲ မသိဘူး” နောက်ဆုံးတွင် ရှီဟောင်သည် မနေနိုင်တော့ပဲ အားလုံးကို မေးလိုက်သည်။
ထိုစကားသံများ ထွက်လာသည်နှင့် ဤနေရာသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး လူအများစု၏ အမူအရာလည်း ပြောင်းလဲသွား၏။
“ငါတို့လည်း မသိသေးဘူး… ပြောကြတာကတော့ သူတို့က မူလရှေးဟောင်းနယ်မြေထဲမှာ တိုက်နေကြတာတဲ့” ရွှေယွဲ့ပြောလိုက်သည်။
“နတ်ဘုရားတွေကြားက တိုက်ပွဲက ငါတို့ မပြောတာ အကောင်းဆုံးပဲ” ရွှမ်မင်သည် ခေါင်းညိမ့်ကာ ပြောလိုက်၏။
“အစ်ကိုရှီက အဲဒီအရိုးစေတီလေးကို စိုးရိမ်နေတာလား” ယွဲ့ချန်သည် ပြုံးရင်းပင် ပြောလိုက်၏။
သူနှင့် စေတီလေး ရင်းနှီးသည်ကို လူတိုင်းသိကြသည်။ သူသည် ထာဝရတောင်ကို မွှေရန်အတွက် စေတီလေး၏အစွမ်းကိုပင် ငှားခဲ့သေးသည်။
“အဲဒီစေတီလေးက မရှိတော့ဘူးတဲ့… မူလရှေးဟောင်းဂိတ်တံခါးဝမှာ တိုက်တဲ့အချိန်တုန်းက သေသွားတာတဲ့… သူက ဒီလောကမှာ မရှိတော့ဘူးတဲ့” ထိုအချိန်တွင် အနက်ရောင်မြူများ ဖုံးလွှမ်းနေသော လူတစ်ယောက်သည် ခပ်ဝေးဝေးမှ လမ်းလျှောက်လာနေလေသည်။
“အဲဒါက သတင်းအသစ်လား” အားလုံး အံ့ဩသွားရသည်။
ထိုသူသည် အသားဖြူဖြူနှင့် အလွန်ချောမောသော သူတစ်ယောက်ဖြစ်၏။ သူသည် ပြုံးနေသော်လည်း သူ၏အပြုံးမှာ အေးခဲနေကာ နတ်ဆိုးဆန်နေသည်။ အနက်ရောင်မြူများ သယ်ဆောင်လာသောကြောင့် သူသည် ရှီဟောင်တို့အနားသို့ လျင်မြန်စွာပင် ရောက်လာ၏။
“ယွဲ့ချန် ကိုယ်ကြားတာ ဒီအဆင့်နိမ့်တဲ့လူနဲ့ မင်းနဲ့က မတည့်ဘူးဆို… သူ မင်းကို ဖမ်းထားတယ်ဆိုတဲ့ ကောလဟာလတောင် ထွက်လာသေးတယ်… ဒီနေ့ မင်းအစား သူ့ကို သတ်ပေးမယ်”
ထို ရက်စက်ပုံပေါက်သောသူပြောလိုက်၏။ သူသည် ဘာကိုမျှ မထိန်းချုပ်ထားပဲ ရှီဟောင်ကို ပွင့်ပွင့်လင်းလင်းပင် ဆန့်ကျင်လိုက်သည်။
အားလုံး အံ့အားသင့်သွားရ၏။ ဤလူ၏ နောက်ခံသည် မရိုးရှင်းပေ။ မြေအောက်ကမ္ဘာမှ ဖရိုဖရဲအလောင်းကောင်သေသွားသောကြောင့် ဤလူငယ်လေးသည် မြေအောက်ကမ္ဘာကို အုပ်စိုးမည့်သူပင်။
“ဒါက ဘာသဘောလဲ” ရှီဟောင်သည် ဒေါသမထွက်ပဲ တည်ငြိမ်စွာပင် မေးလိုက်၏။
“မင်းလိုမျိုး အဆင့်နိမ့်လူတစ်ယောက်ရဲ့ စွမ်းအားက မဆိုးပါဘူး… ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာက အဲဒီလောက် ကောင်းနေတာ မဟုတ်ဘူး… မင်းက ငါ့မျက်လုံးထဲမှာ မျက်စိစပါးမွေးစူးနေလို့ မင်းကို သတ်ချင်တာ” ဤမြေအောက်မှ လူသည် အလွန်ပင် စိတ်ကြီးဝင်နေသည်ဟု ပြောနိုင်သည်။ သူ၏ လုပ်ရပ်သည် ကျိုးကြောင်းဆီလျော်မှုမရှိလောက်အောင်ပင် တိုက်ရိုက်ဆန်နေ၏။
“မင်းက အရမ်းကို စိတ်ကြီးဝင်နေတာပဲ…” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။
ဤမြေအောက်မှ လာသောသူသည် အသိဉာဏ်နှင့် စိတ်ဝိဉာဉ်ရှိသော အလောင်းကောင်နှင့် ပြင်ပကမ္ဘာမှ လူသားတစ်ဦး လက်ထပ်ခြင်းမှ ဖြစ်ပေါ်လာခြင်းသောကြောင့် သူသည် မွေးရာပါ ယင်စွမ်းအားများ ပိုင်ဆိုင်ထားပြီး အလွန်စွမ်းအားကြီးသည်။
ဖရိုဖရဲအလောင်းကောင်သေသွားသည်နှင့် အဆင့်မြင်နယ်မြေတွင်ရှိသော မြေအောက်ကမ္ဘာများကို ပေါင်းစည်းလိုက်သောကြောင့် မြေအောက် ကမ္ဘာနောက်တွင်ရှိသည့် ဤလူငယ်လေးသည် ပို၍ စွမ်းအားကြီးလာ၏။
“ဘာလုပ်မှာလဲဆိုတော့ ငါမင်းကို ဒီမှာ သတ်မှာလေ… မင်း ကိုယ့်ကိုကိုယ်တောင် ကာကွယ်နိုင်မှာမို့လို့လား” ထိုမြေအောက်ကမ္ဘာမှ လူငယ်လေးသည် နှုတ်ခမ်းသည် ကွေးတက်သွားကာ ခနဲ့လိုက်၏။ သူ၏အပြုအမူများမှာ တစ်စထက် တစ်စပို၍ ရဲတင်းလာသည်။
“မြေအောက်ကမ္ဘာရဲ့ လက်တံက တော်တော်ရှည်လာတာပဲ… သူ့မှာ ထာဝရတောင်ရဲ့ သွေးတွေရှိနေသေးတယ်… အဲဒီတော့ မင်းသူ့နဲ့ ရှင်းစရာကိစ္စမရှိဘူး” မိုးကုတ်စက်ဝိုင်း၏အစွန်းတွင် ဒြပ်စင် ငါးခု၏ ငါးရောင်စပ် တိမ်တိုက်တစ်ခုပေါ်လာပြီး လူငယ်ကျွမ်းကျင်သူတစ်ယောက် အလျင်အမြန် အပြေးလေး လာနေ၏။
ထိုသူသည် ဒြပ်စင်ငါးခု စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အနားတွင် စွမ်းအင် ၅ ခု လှည့်ပတ်နေသည်။ ထိုသူသည်လည်း အဆင့်မြင့်နယ်မြေမှ အလွန်စွမ်းအားကြီးသော သူတစ်ယောက်ပင်။
“ဟား ဟား…” မြေအောက်ကမ္ဘာမှ လူငယ်သည် ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်၏။
“ဒါက ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲ… သူက မင်းတို့ ထာဝရတောင်ကို ပြောင်းပြန်လှန်ပစ်ခဲ့တာတောင် မင်းက သူ့ကို မင်းတို့လူလို့ ပြောနေတုန်းလား”
“သူ့မှာ အပြစ်ရှိလို့ သူ့ကို ဖမ်းပြီး အဆင့်မြင့်နယ်မြေကို ခေါ်သွားပြီးတော့ သူနဲ့ ရှင်းမလို့”
ဒြပ်စင် ၅ ခု ဝတ်စုံဝတ်ထားသည့် လူငယ် ကျွမ်းကျင်သူမှ ပြောလိုက်၏။
“ဟာသပဲ… ငါက မင်းတို့လူမျိုး အတုအယောင်တွေ မလုပ်ဘူး… သူ့ရဲ့ ကောင်းကင်ဘုံအရိုးကိုလိုချင်လို့ သူ့ကို သတ်တာ… ဒါပေမဲ့ မင်းတို့က ကလန်တစ်ခုတည်းကမို့လို့ အပြစ်ပေးမလို့ ဆိုတဲ့အကြောင်းပြချက်ကို လာသုံးနေတယ်… မင်းတို့ရဲ့ ရည်ရွယ်ချက်က ငါနဲ့ အတူတူပဲမဟုတ်ဘူးလား” မြေအောက်ကမ္ဘာမှ လူငယ်သည် ခနဲ့ကာ ပြောလိုက်၏။
“သူ့ကို ဘယ်လိုအပြစ်ပေးမလဲဆိုတာက ငါတို့ ထာဝရတောင်ရဲ့ အတွင်းကိစ္စ မင်းတို့ မြေအောက်ကမ္ဘာနဲ့ မဆိုင်ဘူး… မင်း အထင်မလွဲပါနဲ့” ထိုလူငယ်လေး စကားပြောလိုက်သည်နှင့် ဒြပ်စင် ၅ ခု စွမ်းအင်များ ထွက်လာ၏။ သူ၏အနောက်မှ နတ်မီးတောက် ဖျော့ဖျော့လေး ထွက်လာသည်။ လူငယ်လေးဘက်မှ စွမ်းအားကြီးသောသူသည် ကိုယ်ထင်ပြလာလေသည်။
“သူ့ကို သတ်ပြီး ကောင်းကင်ဘုံအရိုးကို ယူမယ်လို့ ပြောပြီးပြီလေ… အဲဒီတော့ ကျုပ် လက်ဗလာနဲ့ မပြန်နိုင်ဘူး”
မြေအောက်ကမ္ဘာမှ လူငယ်သည် သူ၏ဖြူဖွေးနေသော သွားများ ပေါ်လာသည်အထိ အေးစက်စွာ ရယ်မောလိုက်၏။ သူ၏အနောက်ဘက်ရှိ မြူများမှ မထင်ရှားသည့် ပုံရိပ်တစ်ခု ထွက်လာလေသည်။ ထိုသူမှာ လူသားပုံစံရှိသည့် အရိုးစုဖြစ်ပြီး သူ၏ကျောနောက်တွင် အတောင်ပံ တစ်စုံ ရှိနေ၏။ သူရွေ့လျားလိုက်သည်နှင့် သူ၏အနားတွင် အနက်ရောင်မြေအောက်ကမ္ဘာမီးတောက်များ တောက်လောင်နေလေသည်။
ထိုသူနှစ်ယောက်၏ နောက်တွင် ထင်မှတ်မထားသည့် နတ်မီးတောက်များ ထွက်ပေါ်လာလေသည်။ ထွက်ပေါ်လာသောသူများမှာ သူတို့၏ စီနီယာများပင် ဖြစ်၏။