သုခကမ္ဘာက ရှီဟောင် - Chapter - 737 နတ်ဘုရားများကို ရှင်းလင်းခြင်း
ထိုနေ့တွင် အဆင့်နိမ့်နယ်မြေသည် အလွန်တုန်လှုပ်သွားခဲ့ရလေသည်။
မသေမျိုးသက်ရှိသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် သွားလာနေခဲ့ပြီး သူအတောင်ပံခတ်လိုက်သည်နှင့် ရွှေရောင်မြူများ ထွက်ပေါ်လာ၏။ သူသည် ပြိုင်ဘက်ကင်းသည့် နတ်ဆိုးဘုရင် ဆင်းသက်လာသလိုပင်။
တောင်ပုလေးတစ်လုံးပေါ်တွင် ရှေးဟောင်းဘုရားကျောင်းတစ်ခု ရှိနေ၏။ ထိုဘုရားကျောင်းအတွင်းမှ ကြေးခေါင်းလောင်းသည် လီပေါင်းများစွာသို့ ပျံ့လွင့်သွားကာ အလင်းတန်းများသည် ကောင်းကင်ထက်သို့ တက်သွားလေသည်။
ထိုကျောင်းဆောင်လေးသည် အနောက်ဘက်ဂိုဏ်းနယ်မြေအတွင်းတွင် တည်ရှိခြင်းမဟုတ်သော်လည်း သူ့ကို ရှာတွေ့သွားသေးသည်။ မန္တန်ရွတ်သံများသည် နားစည်ကွဲလောက်အောင် ထွက်လာပြီး နတ်ဘုရားအော်ရာများလည်း လေထဲတွင် ပြည့်နှက်သွား၏။
အဆင့်မြင့်နယ်မြေမှ အနားလာယူနေသည့် သူသည်လည်း ဒေါသထွက်သွားရသည်။ သူ၏ မှော်စွမ်းအားများသည် ကောင်းကင်ထက်သို့ပင် ရောက်နိုင်သော်လည်း ထိုရွှေရောင်လက်တစ်ဖက်ကို သူမယှဉ်နိုင်ပေ။
လက်ကြီးသည် သူ့ကို အပေါ်သို့ မသွားလေ၏။ သူသည် ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် မသေမျိုးသက်ရှိ၏ ပါးစပ်အတွင်းသို့ ဝင်သွားလေသည်။
ရွံ့ညွန်အောက်တွင် ကိုးလွှာရှိသည့် လှိုင်ဂူတစ်ခုရှိနေပြီး တစ်လွှာထက်တစ်လွှာပို၍ မှောင်မဲနေ၏။ ကြီးမားသော ခြေထောက်တစ်ခုကျလာပြီး ထိုအမှောင်ထုကို ဖျက်ဆီးပစ်လိုက်သည်။ မြေအောက်ကမ္ဘာမီးတောက်များ တောက်ပနေသည့် နတ်ဘုရားတစ်ပါးသည် အပေါ်သို့ ပြေးသွားလေ၏။
သူသည် အဆင့်မြင့်နယ်မြေရှိ မြေအောက်ကမ္ဘာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုနေရာတွင် အနားယူကာ အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။ သို့သော် နောက်ဆုံးတွင် မသေမျိုးသက်ရှိ သူ့ကို ရှာတွေ့သွားပြီး ဖမ်းဆီးသွားလေသည်။
ကျွန်းတစ်ကျွန်းတွင် ပုံရိပ် နှစ်ခုသည် အထူးအစီအရင်အောက်တွင် ထိုင်နေကြပြီး သူတို့ကိုယ်တွင် နတ်အလင်းများ တောက်ပနေသည်။ သူတို့သည် ဤနေရာတွင် ပုန်းခိုနေပြီး အဆင့်မြင့်နယ်မြေသို့ ပြန်သွားချင်နေကြ၏။
သို့သော် သူတို့ မသွားနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်မျက်လုံးတစ်စုံသည် ဤနေရာကို ကြည့်နေလေသည်။ သူပါးစပ်ဟပြီး လေကို ရှူသွင်းလိုက်သည်နှင့် ထိုသူနှစ်ယောက်လည်း ပါသွားလေသည်။
ဤကမ္ဘာအပြင်ဘက်တွင်ရှိသည့် ရှေးဟောင်းဘုရားကျောင်းတစ်ခုသည် ကြယ်များကြားတွင် လုံလုံခြုံခြုံပုန်းနေ၏။ ထိုနေရာသည် နတ်နန်းဂိုဏ်း ပိုင်ဆိုင်သည့် နေရာတစ်ခုပင်။
ထိုနေရာတွင်ရှိနေသည့် အေးချမ်းမှုမှာ ပျက်စီးသွားလေပြီ။ ထိုနေရာတွင် ပုန်းနေသည့် ကျွမ်းကျင်သူသည် ကျယ်လောင်စွာအော်ဟစ်ပြီး အပြင်ဘက် အမှောင်ထဲသို့ ထွက်ပြေးရန်ကြိုးစားသော်လည်း အချည်းနှီးပင်။
သူ၏ အနောက်မှ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ သူ၏အတောင်ပံများကို ဖြေးညှင်းစွာ ခတ်လိုက်ပြီး ရွှေရောင်လှိုင်းများကို ပို့လွှတ်လိုက်သည်။ ထို့နောက်တွင် ထိုပုန်းနေသည့်သူသည် မလှုပ်ရှားနိုင်တော့ပဲ သူ၏ခန္ဓာကိုယ်သည်လည်း တစ်လက်မပြီးတစ်လက်မ ကွဲသွားလေ၏။ သူ၏ ခန္ဓာကိုယ် တစ်စစီဖြစ်သွားသည်ကို သူသည် ကြောက်လန့်စွာပင် ကြည့်နေရသည်။
ဤအရာသည် ကပ်ဆိုးကြီးတစ်ခုဖြစ်သော်လည်း အဆင့်မြင့်နယ်မြေမှ သူများကိုသာ ပစ်မှတ်ထားသည့် ကပ်ဆိုးကြီးပင်။
မသေမျိုးသက်ရှိ၏ ခန္ဓာကိုယ်ကြီးသည် နယ်မြေ ၈ ခုကို လှည့်ပတ်သွားနေပြီး နတ်မီးတောက်များရှိသည့် ကျွမ်းကျင်သူများကို ဖမ်းဆီးနေလေသည်။ သူသည် ကမ္ဘာစဖွင့်ကတည်းက ရှိနေသော နတ်ဆိုး သို့မဟုတ် နတ်ဘုရားကဲ့သို့ ဖြစ်နေသောကြောင့် သူ့ကို မည်သူမျှ မတားဆီးနိုင်ပေ။
အရင်က သူ့ကို ဖမ်းဆီးရန် ကြိုးစားခဲ့သူများကို သူပစ်မှတ်ထားနေခြင်းပင်။ အဓိကအားဖြင့် ထာဝရတောင်၊ အနောက်ဘက်ဂိုဏ်းနှင့် အခြားအင်အားကြီးသည့် ဂိုဏ်းများပင်။ သူသည် ကမ္ဘာ၏နေရာအနှံ့သွားကာ နတ်အော်ရာများကို လိုက်ရှာနေ၏။
ယနေ့ နတ်ဘုရားများကို သူဖမ်းဆီးခဲ့ခြင်းသည် နတ်ဘုရားများကို သတ်ခဲ့ကာ အဆင့်နိမ့်နယ်မြေတွင် ရှုပ်ထွေးအောင် ထားခဲ့ခြင်းမဟုတ်။ သူသည် အဆင့်မြင့်နယ်မြေမှ ကျွမ်းကျင်သူများနှင့် ဂိုဏ်းကြီးမှ ယောက်ျားလေးများကို ရှင်းပစ်ခြင်းပင်။
ကြိုးကြာတောင်တွင် ပြုလုပ်နေသော တွေ့ဆုံပွဲလေးလည်း ပျက်သွား၏။ ယနေ့တွင် ဖြစ်ပျက်သွားသည့် ပြောင်းလဲမှုများမှာ မယုံကြည်နိုင်လောက်အောင်ပင်။
နောက်ဆုံးတွင် နာရီအနည်းငယ်ကြာမှသာ သူတို့အားလုံးသည် နေရာအသီးသီးသို့ အလျင်စလို သွားလိုက်ကြ၏။ ထို့နောက် သူတို့ဂိုဏ်း၏ အခြေအနေများကို လျှို့ဝှက်စာများဖြင့် မေးကြလေသည်။
ဟုန်ဟွမ်၊ ရွှေယွဲ့နှင့် အခြားဂိုဏ်းမှ သူများမှာ အဆင့်နိမ့်နယ်မြေတွင် သူတို့၏ မျိုးဆက်မရှိသောကြောင့် ဤကိစ္စကို ပူစရာမလိုပေ။
ရှီဟောင် အင်ပါယာနန်းတော်သို့ ပြန်ရောက်သည်နှင့် သတင်းများ တစ်ခုပြီးတစ်ခု ရောက်လာ၏။ အချို့ ရှေးဟောင်းအဆောက်အဦးများမှာ ပေါက်ကွဲတော့မတတ်ပင် ဖြစ်သွားကြလေသည်။ မသေမျိုးသက်ရှိ၏သိုင်းပညာများသည် အားလုံးကို ကြောက်လန့်သွားစေလေ၏။
“သူက အဆင့်မြင့်နယ်မြေကို ပစ်မှတ်ထားတာဆိုတော့ ကောင်းတာပေါ့” ကောင်းကင်ဗဟိုနန်းတော်ထဲတွင် ရှီဟောင်သည် ဖန်ကိုးကို စိတ်မပူရန် ပြောနေ၏။
နတ်မီးတောက် ထုတ်လွှတ်နိုင်သောသူမှာ အနည်းငယ်သာရှိသည်။ သူတို့အများစုမှာ အဆင့်မြင့်နယ်မြေမှ ဆင်းလာခြင်းဖြစ်ကြ၏။ သူတို့ သေချာပုန်းနေပါက သူတို့ကို ရှာရန် ခက်ခဲပေလိမ့်မည်။
လွတ်မြောက်သွားသောသူများ သူ့ကို ပြဿနာလာရှာမည်ကို စိုးရိမ်သွားပြီး ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
“ဂိုဏ်းကို ကာကွယ်ပေးဖို့ ဂိုဏ်းခေါင်းဆောင်ကို ပြောထားတယ်”
နယ်မြေပေါင်းစုံမှ ဆုတောင်းသူများ များပြားလာသည်။ အထူးသဖြင့် အဆင့်မြင့်နယ်မြေတွင် ဘိုးဘေးရှိနေသောဂိုဏ်းများပင်။
သူတို့သည် အဆင့်မြင့်နယ်မြေနှင့် ဆက်သွယ်ရန်ကြိုးစားပြီး ထိုမသေမျိုးသက်ရှိရန်မှ ကာကွယ်ရန် ကြိုးစားကြ၏။ မသေမျိုးသက်ရှိ သူတို့တစ်ဂိုဏ်းလုံးကို ရှင်းပစ်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
သို့သော် သူတို့သည် အဆက်အသွယ်များ ပြန်မရခဲ့ပေ။
အားလုံးသည် မကောင်းသောခံစားချက်များ ရနေကြသည်။ အဆင့်မြင့်နယ်မြေမှ အင်အားကြီးသူများသည် ရက်ပေါင်းများစွာ တိုက်ခိုက်နေကြပြီး ထိုမူလရှေးဟောင်းဂိတ်တံခါးနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သူတို့၏ အချိန်ကုန်သွားကာ အဆင့်မြင့်နယ်မြေသို့ ပြန်သွားလိုက်ရတာလည်း ဖြစ်နိုင်ပေ၏။
ထိုခန့်မှန်းချက်သာမှန်ကန်ပါက ဤကမ္ဘာတစ်ခုလုံးသည် မသေမျိုးသက်ရှိ၏ လက်အောက်တွင် ကျရောက်သွားလေပြီ။
ထိုကြီးမားသော ပုံရိပ်သည် နယ်မြေ ၈ ခု အနှံ့သွားလာနေကာ နတ်ဘုရားများကို အမဲလိုက်နေဆဲပင်။
သိပ်မကြာသေးခင်က ကပ်ဘေးကြီးဖြစ်ခဲ့ပြီး အဆင့်မြင့်နယ်မြေမှ အင်အားကြီးသောသူများသည် စွမ်းအားကြီးသည့် သက်ရှိများကို ဖမ်းဆီးပစ်ကာ သူတို့ လူများကိုသာ ချန်ထားခဲ့၏။ ထိုသို့လုပ်ရခြင်း၏ ပထမအကြောင်းအရင်းမှာ စွမ်းအားကြီးသောပစ္စည်းများကို သူတို့သာ ရရှိချင်သောကြောင့်ပင်။ ဒုတိယအချက်မှာ အဆင့်နိမ့်နယ်မြေတွင်ရှိသော သူတို့မျိုးဆက် ကြီးပွားချမ်းသာစေချင်သောကြောင့်ပင်။
ယခုအချိန်တွင် မသေမျိုးသက်ရှိသည် ထိုဂိုဏ်းကြီးများကို လက်စားချေကာ သူတို့၏ မျိုးဆက်များအားလုံးကို ဖျက်ဆီးပစ်နေသည်။
ရက်ပေါင်းများစွာကြာပြီးသည့်အချိန်တွင် မသေမျိုးသက်ရှိသည် ကျောက်တုံးတိုင်းပြည်၏ အင်ပါယာမြို့တော်တွင် ပေါ်လာ၏။ သူ၏စွမ်းအားများကို မပြသည့်အချိန်တွင် သူသည် အန္တရာယ်မရှိဘူးဟု ထင်ရသော်လည်း သူစွမ်းအားပြလိုက်သည်နှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားကြမည်သာ။
“ဟိုလူတွေက…” ရှီဟောင် မေးလိုက်၏။
“သူတို့ အချိန်ကုန်သွားပြီးတော့ အဆင့်မြင့်နယ်မြေကို ပြန်ရောက်သွားပြီ” မသေမျိုးသက်ရှိမှ ပြန်ပြောလိုက်သည်။ ယခုအချိန်တွင် သူသည် သာမန်လူသား၏ အရွယ်အစားသို့ပြောင်းထားလေ၏။ သူတို့ ပထမဆုံးတွေ့ခဲ့သည့် အချိန်ကကဲ့သို့ သူ၏ ခန္ဓာကိုယ်သည် ခြောက်သွေ့မနေတော့ပေ။ သူ၏အနားတွင် အလင်းရောင်များ တောက်ပနေလေသည်။
အဆင့်မြင့်နယ်မြေမှ စွမ်းအားကြီးသောသူများမှာ မိုးမခနတ်ဘုရားနှင့် စေတီလေးကို ဝိုင်းထားပြီး သူတို့ထံမှ စွမ်းအားများကို ရယူရန် ကြိုးစားကြလေသည်။
မိုးမခနတ်ဘုရားသည် လင်းလက်ကာ မွှေးပျံ့နေသောရနံ့ကို ထုတ်လွှတ်လိုက်သောအချိန်တွင် ထိုသူများ ထိတ်လန့်သွားကြ၏။ ထိုအရာသည် သူတို့ရှာဖွေနေသည့်အရာပင်ဖြစ်သောကြောင့် သူတို့သည် မိုးမခနတ်ဘုရားကို ဝိုင်းတိုက်ကြလေသည်။
မိုးမခနတ်ဘုရားသည် အဆင့်နိမ့်နယ်မြေတွင်ရှိသည့် သဘာဝဥပဒေသများရှိနေသောနေရာများကို ပြောပြလိုက်သောကြောင့် အချို့သူများသည် ထိုနေရာသို့ ချက်ချင်း ထွက်သွားကြလေသည်။
“သူတို့… ရသွားလား” မိုးမခနတ်ဘုရားသည် သူတို့ကိုအချိန်ဆွဲလိုက်မှန်း သိသော်လည်း ရှီဟောင်မေးလိုက်သည်။
“ငါ မသိဘူး” အသေမျိုးသက်ရှိသည် ခေါင်းခါကာ ပြောလိုက်၏။ အချိန်စေ့သွားသည်နှင့် ထိုစွမ်းအားကြီးသူများသည် အဆင့်မြင့်နယ်မြေသို့ မသွားချင်ပဲ သွားလိုက်လေသည်။
ထိုသူများပြန်သွားသည်နှင့် မိုးမခနတ်ဘုရားနှင့် စေတီလေးတို့လည်း မူလရှေးဟောင်းဂိတ်တံခါးအတွင်းသို့ ဝင်သွားလိုက်သည်။
မသေမျိုးသက်ရှိသည်လည်း သူ၏ကိုယ်ပွားကို ဂိတ်အတွင်းသို့ လွှတ်လိုက်၏။
“ငါ နည်းနည်းလေးပဲ တွေ့လိုက်ရတာ… အဲဒီနေရာက တကယ်ကို ကြောက်ဖို့ကောင်းတယ်” မသေမျိုးသက်ရှိသည် သက်ပြင်းချပြီး ပြောလိုက်သည်။
သူ၏ ကိုယ်ပွားသည် ဝင်သွားပြီး ဘာကိုမျှပင် မမြင်ရသေးခင်မှာပင် သူသည် သွေးအိုင်အဖြစ်သို့ ပြောင်းသွားပြီး အပြင်ဘက်သို့ စီးကျလာလေသည်။ သူဘာကြောင့် သေသွားရသည်ကိုပင် သူမသိလိုက်ပေ။
“မိုးမခနတ်ဘုရားနဲ့ စေတီလေးကရော” ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားပြီး အရမ်းစိုးရိမ်နေ၏။
“သူတို့တွေက စွမ်းအားကြီးပါတယ်… သူတို့ ဝင်မသွားခင် အဆင့်မြင့်နယ်မြေက လူနှစ်ယောက် သုံးယောက်လောက်ကို စတေးလိုက်သေးတယ်” မသေမျိုးသက်ရှိသည် ထူးမခြားနားသည့်အမူအရာဖြင့်ပင် ပြောလိုက်၏။
စီးကျလာသော သွေးများထဲတွင် မိုးမခနတ်ဘုရား၏ သွေးပါမပါကို သူမသိပေ။ ထိုနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် အလွန်ပြင်းထန်လှသည်။ မူလရှေးဟောင်းဂိတ်တံခါးသည်လည်း ပျောက်ကွယ်သွားကာ မူလရှေးဟောင်းနယ်မြေ၏ အတွင်းထဲသို့ ဝင်သွားလေသည်။
“ငါ လုပ်စရာတွေ ရှိသေးတယ်” မသေမျိုးသက်ရှိ၏ လက်ထဲတွင် နှင်းကဲ့သို့ ဖြူစွတ်နေသည့် ကျောက်စိမ်းတစ်ခု ပေါ်လာလေသည်။
“အဲဒါ ဘာကြီးလဲ” ရှီဟောင် မေးလိုက်၏။
“မူလ ရှေးဟောင်းမှန်” မသေမျိုးသက်ရှိ ပြန်ပြောလိုက်လေသည်။
ဤပစ္စည်းသည် မိုးမခနတ်ဘုရား ထုတ်ပြလိုက်သော ပစ္စည်းပင်။ ဤအရာသည် အံ့ဩဖွယ်ကောင်းသည့် ပစ္စည်းတစ်ခုဖြစ်ပြီး အပိုင်းများအားလုံးစုံသွားသည်နှင့် ကမ္ဘာကြီး၏ မည်သည့်နေရာကို မဆို ကြည့်နိုင်၏။ ကောင်းကင်ဘုံ ၉ ဆင့်နှင့် ကမ္ဘာမြေ ၁၀ ခုကိုပင် ဖောက်ထွင်းကြည့်နိုင်သည်။
ဤပစ္စည်းတစ်ခုတည်းမှာပင်လျှင် အံ့အားသင့်စရာကောင်းသည့် နတ်စွမ်အားကို ပိုင်ဆိုင်ထား၏။ ထိုပစ္စည်းဖြင့် နယ်မြေ ၈ ခုလုံးကို ကြည့်နိုင်သည်။
ထို့ကြောင့်သာ ထိုစွမ်းအားကြီးသောသူများ ဤပစ္စည်းကို ရူးသွပ်နေကြခြင်းပင်။ သူတို့သည် ဤပစ္စည်းကို ရသည်နှင့် သူတို့အားလုံးပေါင်းကာ အသက်သွင်းမည်ဖြစ်သည်။ ထို့နောက်တွင် သူတို့သည် ၎င်းပစ္စည်းမှ တစ်ဆင့် အဆင့်မြင့်နယ်မြေရှိ တောင်များ မြစ်များကို လေ့လာကာ သဘာဝအခွင့်အရေးများကို ရှာဖွေချင်သောကြောင့်ပင်။
အမှန်တကယ်တွင် သူလက်ထဲတွင်ရှိနေသည်မှာ အပိုင်းလေးတစ်ခုသာ ရှိသေးသည်။ လူတစ်ယောက်ကို ရှာဖွေရန် လွယ်ကူသော်လည်း သဘာဝအခွင့်အရေးများကို ရှာဖွေရန်မှာ ခက်ခဲလှသည်။
“ငါသွားပြီ” မသေမျိုးသက်ရှိသည် မိုးမခနတ်ဘုရားသူ့ကို ပေးထားခဲ့သည့် ပစ္စည်းလေးဖြင့် ကောင်းကင်ဘုံသို့ တက်သွား၏။
ထိုနေ့တွင် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွက်သွားသည့် နတ်အလင်းတန်းတစ်ခု ပေါ်လာပြီး နယ်မြေ ၈ ခုလုံးမှ မြင်နေရသည်။
မသေမျိုးသက်ရှိသည် ထိုအပိုင်းလေးကို အသက်သွင်းကာ နတ်မီးတောက်နေသောသက်ရှိများကို ရှာဖွေနေ၏။ သူသည် အဆင့်လွန်များကို ဘုရားကျောင်းများကို မရှာနိုင်သော်လည်း သူ့ထက်အားနည်းသည့် ကျင့်ကြံသူများကို အလွယ်တကူပင် ရှာတွေ့နိုင်သည်။
ချောက်နက်ကြီးထဲတွင် သရဲနွယ်ပင် ပုန်းနေလေ၏။ သူသည် သူ၏နတ်မီးတောက်ကို ငြိမ်းသတ်ပြီးသွားပြီဖြစ်သော်လည်း သူကြောက်ရွံ့နေဆဲပင်။
အဖြူရောင်အလင်းတန်းတစ်ခု ကျရောက်လာကာ လက်တစ်ဖက်သည် ထိုချောက်နက်ကြီးကို ဖျက်ဆီးကာ သရဲနွယ်ကို ဆွဲထုတ်ပြီး သူ၏ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။
မီးတောင်အတွင်းတွင် နီရဲနေသော ချော်ရည်များ ပြည့်နေသည်။ အနီရောင်နဂါးတစ်ကောင်သည် ထိုကပ်ဆိုးကြီးကို ရှောင်ရှားရန်အတွက် မီးတောင်ထဲသို့ လာပုန်းနေ၏။ သူသည် သူစွမ်းအားကြီးလာပြီဖြစ်သည့်အတွက် အဆင့်နိမ့်နယ်မြေသို့ ရောက်သည်နှင့် ထင်တိုင်းကြဲပစ်မည်ဟု စဉ်းစားထားခဲ့သည်။ သို့သော် သူ၏သေကွင်းသို့ ရောက်လာသကဲ့သို့ ဖြစ်သွား၏။
သူ၏ ခန္ဓာကိုယ်အထက်တွင် အလင်းရောင်များ ထွက်လာလေသည်။
သူသည် ကြောက်လန့်တကြားအော်ဟစ်ဟာ လေထဲသို့ ခုန်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်၏။ မသေမျိုးသက်ရှိသည် သူ၏ပါးစပ်ကို ဟပြီး စားသုံးလိုက်ပြီဖြစ်သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး ကွဲသွားပြီဖြစ်သောကြောင့် အဆင့်မြင့်နယ်မြေမှလူများ အောက်သို့ ဆင်းမလာနိုင်တော့ပေ။ သို့သော် အောက်မှ လူများ အပေါ်သို့ တက်နိုင်သော လမ်းကြောင်းများစွာ ရှိသေးသည်။
အဆင့်နိမ့်နယ်မြေမှ လူများအပေါ်သို့ အလွယ်တကူ တက်နိုင်သော်လည်း အပေါ်မှ လူများ အောက်ဆင်းမလာနိုင်အောင် သဘာဝတရားမှ ကန့်သတ်ထားလေသည်။ သူတို့ဆင်းလာသည်နှင့်ဒဏ်ပေးခံရမည်သာ။
သို့သော် မသေမျိုးသက်ရှိသည် ထိုလမ်းကြောင်းများကို ယာယီပိတ်ထားလေသည်။
ကျန်ရစ်နေသေးသော စွမ်းအားကြီးသူများသည် အဆင့်မြင့်နယ်မြေသို့ ပြန်သွားချင်သောကြောင့် မသေမျိုးသက်ရှိ ပိတ်ထားသည့်လမ်းကြောင်းများကို ဖွင့်ရန် ကြိုးစားကြ၏။ သို့သော် ထိုသို့ဖွင့်ရန်မှာ သူတို့အတွက် ခက်ခဲလှသည်။
“မင်းက မသေနိုင်ဘူးဆိုရင်တောင်မှ ကောင်းကင်ဘုံကို ဆန့်ကျင့်တဲ့အတွက် မင်းအပြစ်ပေးခံရမှာပဲ… ငါတို့ ဘိုးဘေးတွေပေါင်းပြီး မင်းကို ဖိနှိပ်ပြီး သတ်ပစ်မှာ” စွမ်းအားကြီးသော အချို့သူများ အော်ဟစ်လိုက်ကြသည်။
“ဆူလိုက္တာ”
မသေမျိုးသည်ရှိ၏ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းတန်း ၂ ခု ထွက်လာကာထိုနေရာတွင် ရှိနေသော သူများ အေးခဲသွား၏။ ထို့နောက် တစ်ချက်ရိုက်လိုက်သည်နှင့် သူတို့အားလုံး ပျောက်ကွယ်သွားလေသည်။
သူ၏ နတ်ဘုရားဖမ်းဆီးသည့် လုပ်ငန်းများ အဆုံးသတ်သွားသောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် တစ်ဖန် ပြန်၍ အေးချမ်းလာသည်။
“ငါသွားတော့မယ်” မသေမျိုးသက်ရှိသည် ကျောက်တုံးတိုင်းပြည် အင်ပါယာနန်းတော်သို့ နောက်တစ်ခေါက်ပြန်ရောက်လာပြီး ရှီဟောင်အား ပြောလေသည်။ သူ၏စကားလုံးများမှာ သူလုပ်စရာရှိတာ အားလုံး လုပ်ပြီးသွားသောကြောင်း ပြောလိုခြင်းပင်။
မမျှော်လင့်ထားသည့် အဖြစ်အပျက်များ မဖြစ်ပါက ဤနေ့မှ စ၍ အဆင့်နိမ့်နယ်မြေကို မည်သူမျှ နှောင့်ယှက်တော့မည်မဟုတ်ပေ။ နေ့ရက်များသည် အလွန်ငြိမ်းချမ်းနေပြီး ဘုန်းကြီးများ တန်ခိုးကြီးမားလာအောင် ပြိုင်ဆိုင်သည့် အချိန်သို့ ပြန်ရောက်သွားနိုင်လေသည်။
နတ်ဘုရားများ ပေါ်လာခဲ့လျှင်ပင် အဆင့်နိမ့်နယ်မြေတွင် သူတို့မျှ အင်အားကြီးသောသူ ပေါ်လာလောက်ပြီဖြစ်သည်။
“စီနီယာ နည်းနည်းကြာကြာ ထပ်နေလို့ မရဘူးလား” ရှီဟောင်သည် သူ၏လမ်းညွှန်မှုများ ရရှိနိုင်ရန်အတွက် သူ့ကို နေစေလို၏။
“ငါမစောင့်နိုင်တော့ဘူး… သွားတော့မယ်” မသေမျိုးသက်ရှိ၏ ရွှေရောင်မျက်ဆံ များ တောက်ပလာလေသည်။ သူသည် အဆင့်မြင့်နယ်မြေတွင် ပြဿနာသွားရှာမည်မှာ သေချာပေါက်ပင်။
မသေမျိုးသက်ရှိသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသောကြောင့် သူ၏ရင်ထဲတွင် မီးတောက်နေပြီဖြစ်၏။ သူသည် နှစ်ပေါင်းများစွာ ခါးသီးစွာပင် သည်းခံခဲ့သည်။ ယခု သူလက်စားပြန်ချေရမည်။
“မင်း အဆင့်မြင့်နယ်မြေကို သွားသွား မသွားသွား… မင်းသွားရင်တော့ ငါ့နာမည်မသုံးတာ ပိုကောင်းလိမ့်မယ်… မဟုတ်ရင် မင်း ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားလိမ့်မယ်” မသေမျိုးသက်ရှိမှ သတိပေးလိုက်သည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ ဤလူသည် အဆင့်မြင့်နယ်မြေကို ပြောင်းပြန်လှန်ပစ်တော့မည် ဖြစ်၏။ ထိုနေရာတွင် ဖြစ်ပျက်နေမည့်ပုံကို သူ့မျက်စိထဲ မြင်ယောင်နေမိသည်။
“စီနီယာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ” သူသည် ထိုစကားသာ ပြောနိုင်တော့သည်။
မသေမျိုးသက်ရှိသည် စွမ်းအားကြီးသော်လည်း သူ့ထံတွင် ရန်သူအများအပြားရှိသည်။ အပေါ်သို့ တက်သွားခြင်းသည် ကောင်းလား ဆိုးလား ရှီဟောင်မသိပေ။ သူ ထောင်ချောက်အတွင်းသို့ ဝင်သွားခြင်းပင် ဖြစ်နိုင်သည်။
မသေမျိုးသက်ရှိသည် စကားတစ်ခွန်းမှ မပြောတော့ပဲ ကောင်းကင်ထက်သို့ ပျံတက်ကာ ထွက်သွားလေသည်။