သုခကမ္ဘာက ရှီဟောင် - Chapter - 740 အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း
ရှီဟောင်ခန္ဓာကိုယ်တွင် ခွန်ပန်ဖြစ်ပေါ်လာပြီး ကြီးမားသော စွမ်းအားလှိုင်းများထုတ်လွှတ်ကာ ရွှေရောင်အလင်းတန်းများသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
“ရှီဟောင် မင်းတစ်ခြားသူတွေကို အနိုင်ကျင့်လွန်းတယ်” ခန္ဓာကိုယ်တွင် ငွေရောင်အလင်းတန်းများ တောက်ပနေသည့်ကျွမ်းကျင်သူတစ်ယောက် အော်ဟစ်လိုက်၏။
တုန်ပိုမှ အကြီးအကဲ နောက်တစ်ယောက်ပေါ်လာပြီး သူ၏လက်ထဲတွင် မှော်ပစ္စည်းကိုင်ကာ ရှီဟောင်ထံသို့ ပြေးလာသည်။ အလင်းလှိုင်းလေးများ ထွက်လာကာ ငွေရောင်မြွေများ ရှီဟောင်ထံသို့ ပြေးလာကြ၏။
“အနိုင့်ကျင့်လွန်းတယ် ဟုတ်လား … ခင်ဗျားတို့ နတ်နန်းအိမ်ကို လာသတ်တုန်းက ၁၀ နှစ်အရွယ်ကလေးကိုတောင် အလွတ်မပေးခဲ့တုန်းက ခင်ဗျားဘာလို့ ဘာမှ မပြောတာလဲ” ရှီဟောင် အော်ဟစ်လိုက်သည်။
သူ၏ လည်ချောင်းထဲမှ သင်္ကေတများပါဝင်သည့် နဂါးစွမ်းအင်များ ထွက်လာကာ အရှေ့ဘက်သို့ ပြေးသွားလေ၏။ မိုးခြိမ်းသံများလည်း လေထဲတွင် ဆူညံသွားသည်။
ရှီဟောင်၏အရှေ့တွင်ရှိသော ပုံရိပ်များစွာမှာ ပေါက်ကွဲသွားလေသည်။
ထွက်ပေါ်လာသော ငွေရောင်အလင်းတန်းများလည်း သူ၏ ခန္ဓာကိုယ်ထံသို့ မရောက်မှီမှာပင် ပြိုကွဲသွာလေ၏။
“မင်းက တိုင်းပြည်တစ်ခုရဲ့ အင်ပါယာဖြစ်တာတောင်မှ ဒီလိုမျိုးလုပ်နေတယ် … ငါတို့ တုန်ပိုကလန်ကို ရှင်းပစ်လိုက်ရင် လူတွေက မင်းကို ရက်စက်တဲ့သူလို့ မင်းကိုခေါ်မှာ မင်းမကြောက်ဘူးလား … မင်းရဲ့ ကျောက်တုံးတိုင်းပြည်ကြီး မငြိမ်မသက်ဖြစ်သွားလိမ့်မယ်” အကြီးအကဲ၏ မျက်နှာမှာ ပျက်ယွင်းနေလေ၏။
သူသည် စကားပြောနေရင်းဖြင့်ပင် လက်ဝေ့ရမ်းပြီး တောင်ကို ကာကွယ်သည့် နတ်အစီအရင်ကို အသက်သွင်းလိုက်လေသည်။
အောက်တွင်ရှိသော တောင်သည် အပေါ်ဘက်သို့ ဖောင်းကြွလာသည်။ အပြာရောင်ကျောက်များသည် ကြယ်များကဲ့သို့ပင် တောက်ပလာ၏။ တန်ပိုကလန်အနီးတွင်ရှိနေသည့် တောင်များနှင့် ကျောက်တုံးများအားလုံးသည် ကြယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤသည်မှာ ကြယ်ပင်လယ်ပြုလုပ်ခြင်းပင်။ ကျောက်တုံးတစ်တုံးသည် ကြယ်တစ်လုံးဖြစ်လာသောကြောင့် ဤနေရာသည် ကြယ်ပင်လယ်ကဲ့သို့ ဖြစ်သွားသည်။
“သတ်သင့်တဲ့သူတွေကို သတ်လိုက်လို့ ဘယ်သူက ကျုပ်ကို လာအပြစ်တင်ရဲမှာလဲ” ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏ ခြေထောက်အောက်တွင် နှစ်ဘီးတပ် စစ်ရထားပေါ်လာပြီး လျှပ်စီးတစ်ခုကဲ့သို့ပင် အစီအရင်ထဲသို့ ဝင်သွားလေသည်။
ထိုအချိန်တွင် သူ၏လက်ထဲတွင် မှော်နတ်ဓားကို ကိုင်ထားပြီး အံ့အားသင့်စရာကောင်းသည့် လှိုင်းများကို ထုတ်လွှတ်နေသည်။
သူ၏လက်ထဲတွင် ရှိသည့် မှော်ဓားပင်ဖြစ်စေ နှစ်ဘီးတပ်စစ်ရထားပင်ဖြစ်စေ အရာအားလုံးမှာ ကျောက်တုံးတိုင်းပြည်တွင် နတ်ဘုရားများ ချန်ထားခဲ့သည့် ရတနာများဖြစ်ကြသည်။ သူတို့သည် အစီအရင်များကို ဖျက်ဆီးရန်အတွက် အလွန်သင့်တော်လေ၏။
ကြယ်ပင်လယ်ထဲတွင် လျှပ်စီးအလင်းများ ရောယှက်နေသောကြောင့် ဤနေရာသည် ကြည့်၍မရလောက်အောင်ပင် အလင်းရောင်များ တောက်ပနေလေ၏။ နေရာတိုင်းတွင် သင်္ကေတများနှင့် အလင်းတန်း ထွက်ပေါ်လာ၏။
မြေပြင်ပေါ်တွင် အစီအရင်အနည်းငယ်သည် မြည်သံများထွက်ပေါ်လာပြီး ကျောက်တုံးကြီးများသည် တစ်ခုပြီးတစ်ခု ကျိုးပဲ့သွားလေ၏။ အစီအရင်က ရှေးခေတ်ကတည်းက လုပ်ထားခြင်းဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ မတည်မငြိမ်ဖြစ်လာသည်။
အချိန်ကြာလျှင် နတ်ဘုရားများ အသက်ကြီးလာသကဲ့သို့ပင် နတ်ဘုရာများ စီရင်ခဲ့သော အစီအရင်များသည်လည်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းမရှိလျှင် ယခင်ကကဲ့သို့ စွမ်းအားမကြီးနိုင်ပေ။
နောက်ဆုံးတွင် ခမ်းနားသောအစီအရင်ကြီးမှာလည်း ပျက်ဆီးသွားလေ၏။ ကြီးမားလှသော ကျောက်တုံးကြီးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားလေသည်။
ထိုတုန်ပိုကလန်အကြီးအကဲသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ဦးခေါင်းထက်တွင် ရိုးရှင်းပြီး ရှေးကျသည့် စွမ်းအင်များ တောက်လောင်နေသည့် ငွေရောင်မီးအိမ်တစ်လုံးပေါ်လာလေသည်။
သူ ရှီဟောင်ဘက်သို့ လက်ညှိုးထိုးလိုက်သည်နှင့် ထိုမီးအိမ်မှ ငွေရောင်အလင်းတန်းထွက်လာကာ ရှီဟောင်ဘက်သို့ ဦးတည်လာလေသည်။ ထိုမီးအိမ်လေးက ကလန်ကို စောင့်ရှောက်နေသည့် အဆင့်လွန် မှော်နတ်ရတနာပစ္စည်းပင်ဖြစ်၏။
ထိုငွေရောင်မီးတောက်သည် သူ၏ ပတ်ဝန်းကျင်တွင်ရှိသည့် အရာအားလုံး ကုန်သွားသည်အထိ လောင်ကျွမ်းသောကြောင့် ကြောက်စရာကောင်းလှ၏။ ထိုမီးတောက်သည် ရှီဟောင်ထံသို့ လျင်မြန်စွာပင် ရောက်လာသည်။
ရှီဟောင်သည် တည်ငြိမ်နေဆဲပင်။ ဤတစ်ခေါက်တွင် သူသည် တိုင်းပြည်ကို ကာကွယ်ပေးသည့် ရှေးကျသောအနက်ရောင်လှံရှည်ကို အသက်သွင်းလိုက်၏။ သူအသက်သွင်းလိုက်သည်နှင့် နတ်အလင်းရောင်များ ထွက်လာကာ ကောင်းကင်ပေါ်သို့ လျှံတက်သွားလေသည်။
ထိုလှံတံသည် ငွေရောင်အလင်းတန်းများကို ပျက်ပြယ်စေကာ မီးအိမ်ထံသို့ ဦးတည်သွားနေလေ၏။
ငွေရောင်မီးအိမ်လေး တောက်ပလာကာ ဓားစွမ်းအင်များ အဆက်မပြတ်ထွက်လာသည်။ သို့သော် ထိုစွမ်းအင်များသည် လှံတံကို ထိရောက်မှုမရှိပေ။ သူသည် ထူးခြားသည့် ပစ္စည်းတစ်ခုဖြစ်သော်လည်း ကျောက်တုံးတိုင်းပြည်၏ အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်သည့် လှံတံကို မယှဉ်နိုင်ပေ။
လှံတံ အောက်သို့ဆင်းလာသည်နှင့် ငွေရောင်မီးတောက်များသည် နေရာအနှံ့တွင် ရှိနေ၏။ ရှီဟောင်သည် မည်သည့် ထိခိုက်ဒဏ်ရာမှ မရသော်လည်း တုန်ပိုကလန်တွင်ရှိသော လူအားလုံးမှာ ကြောက်ရွံ့နေကြပြီဖြစ်၏။ သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမည်နည်း။
အကြီးအကဲများသည်လည်း ကျယ်လောင်စွာ အော်ဟစ်နေပြီး သူတို့ မျက်နှာများမှာလည်း လူသေကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်နေလေပြီ။
‘ဝုန်း’ ဟူသော အသံနှင့်အတူ မီးတောက်များ ထတောက်လာပြီး ရှေးဟောင်း တုန်ပိုမိသားစုတွင် ရှိနေသည့် အဆောက်အဦးများအားလုံး လောင်ကျွမ်းသွားလေသည်။ ထိုငွေရောင်အလင်းတန်နှင့် ထိမိသောသူများမှာလည်း ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအရာသည် နတ်စွမ်းအားများဖြစ်သောကြောင့် သာမန်ကျင့်ကြံသူများမှာ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ပေ။
ရှီဟောင် သူတို့ကို မသနားမိပေ။ နတ်နန်းအိမ်တိုက်ပွဲတွင် သူတို့သည် ရက်ရက်စက်စက်ပင် သတ်ခဲ့ကြပြီး သူတို့လက်တွင် သွေးများ စီးကျနေခဲ့သည်။ ယခုအချိန်သည် ဝဋ်ကြွေးပြန်ဆပ်ရမည့် အချိန်ပင်။
ရှီဟောင်သည် သူ၏ဓားကို လွှဲရမ်းလိုက်သည်နှင့် ကြီးမားသည့် ဓားအလင်းတန်းကြီး ထွက်ပေါ်လာကာ တုန်ပိုအကြီးအကဲကို ချက်ချင်းပင် အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ မီးဖိုထဲသို့ ကျသွားသည့် နှင်းစက်ကလေးကဲ့သို့ပင် လုံးဝကို အစအနပျောက်သွားလေ၏။
ရှီဟောင်အနောက်တွင်ရှိနေသည့် ရှောင်ထျန်း၊ ကျိုးယုဟောင်နှင့် အခြားသူများအားလုံး ဆွံ့အနေကြသည်။ ရှီဟောင်၏ လက်ရှိအစွမ်းသည် ကမ္ဘာကို ကိုင်လှုပ်နိုင်မှန်း သူတို့သိကြသော်လည်း ကိုယ်တွေ့ ကြုံလိုက်ရသည့်အချိန်တွင် မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်မိသွားကြသည်။
စွမ်းအားကြီးသော တုန်ပိုကလန်သည် ဤကဲ့သို့ပင် ဖြိုခွင်းခံလိုက်ရ၏။ သူတို့ဘက်မှ အထိအခိုက်မရှိပဲ ရှီဟောင်သည် အားလုံးကို သူ၏လက်ခုပ်ထဲမှရေကဲ့သို့ ပြုလုပ်ခဲ့သည်။
ငွေရောင်မီးအိမ်လည်း ပျက်ဆီးသွားပြီး ငွေရောင်အလင်းတန်းလည်း ပျောက်ကွယ်သွားလေသည်။
ရှီဟောင်သည် သူ၏ မှော်ဓား၊ လှံတံနှင့် နှစ်ဘီးတပ်စစ်ရထားကို ပြန်သိမ်းလိုက်ပြီး သူ၏ကိုယ်မှ ထွက်နေသည့် အလင်းရောင်များကိုလည်း ပြန်ရုတ်သိမ်းလိုက်သည်။
“ရှီ မျိုးရိုးနာမည်နဲ့လူ မင်းအသေခံလိုက်”
တုန်ပိုကလန်မှ တစ်စုံတစ်ယောက်သည် သူ၏အသက်ကိုပင် အလေးမထားပဲဒေါသတကြီးအော်ဟစ်ကာ ရှီဟောင်ကိုသတ်ရန်အတွက် ပြေးထွက်လာလေသည်။
“ခင်ဗျားတို့လည်း ဒေါသထွက်တတ်တယ်ပေါ့ … ခင်ဗျားတို့ နတ်နန်းအိမ်ကို လာတိုက်တုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မတွေးခဲ့ဘူးလား”
ရှီဟောင်၏ အမူအရာမှာ အေးစက်နေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် တောက်ပလာကာ သူ၏ အသွေးအသားတစ်လက်မတိုင်းတွင် ဓားစွမ်းအင်များ ထုတ်လွှတ်နေ၏။
ရှီဟောင်ဘက်တွင် အစိမ်းရောင်မြက်ပင်များသည် လေဟာနယ်တွင် အမြစ်တွယ်ကာ တစ်ပင်ပြီးတစ်ပင် ပေါက်လာ၏။ ထိုအပင်များသည် နတ်ဓားများကဲ့သို့ပင်။
ထို့နောက်တွင် အရှေ့သို့ ပြေးလာနေသော သူအားလုံးသည် သတ်ခံလိုက်ရပြီး သွေးများလည်း နေရာအနှံ့ ပန်းထွက်သွားလေ၏။ သူ၏ ဓားစွမ်းအင်ကို မည်သူမျှ မခုခံနိုင်ပေ။
“သူတို့ပဲ … သူတို့ဆိုတာ သေချာတယ်” ယွမ်ရှင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမ၏ စီနီယာ အစ်ကိုအစ်မများကို သတ်သွားသောသူအားလုံးကို သူမ မှတ်မိသည်။
……
ထိုတိုက်ပွဲအတွင်းတွင် တုန်ပိုကလန်သည် ဖျက်ဆီးခံလိုက်ရပြီး ငွေရောင်မီးတောက်များလည်း နေရာအနှံ့တွင် တောက်လောင်နေလေ၏။ နတ်နန်းအိမ်ကို လာတိုက်ခဲ့သည့် သူတိုင်းကို ရှီဟောင်သည် သွေးအေးစွာပင် သတ်ဖြတ်ခဲ့သည်။
သူတို့ကို မတိုက်ခိုက်ခဲ့သည့် အမျိုးသမီးနှင့် ကလေးများ ကျန်သေးသော်လည်း ရှီဟောင်သည် သူတို့ကို မသတ်ပဲ နောက်ပြန်လှည့်ခဲ့လိုက်သည်။
အားလုံးသည် ခပ်ဝေးဝေးတွင် ရပ်ကာ တုန်ပိုကလန်ကြီး မီးလောင်ကျွမ်းနေသည်ကို ကြည့်နေကြ၏။ သူတို့သည် လူသတ်သမားများကို သတ်ခဲ့ပြီးပြီဖြစ်သော်လည်း မပြုံးနိုင်ကြပေ။
သူတို့ နတ်နန်းအိမ်တွင် သေဆုံးသွားကြသော သူများမှာ လူကြီးများနှင့် အရွယ်မရောက်သေးသော ကလေးများ ဖြစ်ကြသည်။ သေဆုံးသွားသော သူများ၏ မျက်နှာများသည် သူတို့စိတ်ထဲတွင် စွဲထင်ကျန်နေဆဲပင်ဖြစ်၏။
တုန်ပိုကလန်အတွင်းတွင် အတွင်းလျှို့ဝှက်ချက်များ အနည်းငယ်ရှိသည့် လျို့ဝှက်နေရာတစ်ခု ရှိသည်။ လတ်တလောတွင် ရှုပ်ထွေးနေသောကြောင့် သူတို့ ပြင်ဆင်မှု လုပ်ထားခြင်းပင်။
သို့သော် ထိုနေရာကို ရှီဟောင်နှင့် အခြားသူများသည် လွယ်လွယ်ကူကူပင် ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် ရှိနေသည့် ကျွမ်းကျင်သူများကို သတ်ပစ်ခဲ့ကြသည်။
တုန်ပိုကလန်သည် သူတို့၏ အခြေခံအုတ်မြစ်ဖြစ်သည့် ကျွမ်းကျင်သူများကို ဆုံးရှုံးခဲ့ရပြီး ကလန်သည်လည်း လုံးဝကို ပျက်ဆီးသွား၏။ ယနေ့မှစ၍ သူတို့ကလန်သည် ကျင့်ကြံခြင်းလောကမှ ထွက်ခွာသွားရပြီး ဤစွမ်းအားကြီးသော မိသားစုသည်လည်း ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်။
“ဒါက ခြင်္သေ့တောင်လား”
ထိုတိုက်ပွဲပြီးဆုံးသွားပြီးနောက် သူတို့သည် တောတောင်များကို ဖြတ်ကာ လီပေါင်းများစွာ ခရီးသွားခဲ့ကြသည်။ သူတို့ ကြီးမားသော တောင်ကြီးတစ်ခုကို ဖြတ်သန်းသွားသည့် အချိန်တွင် ခြင်္သေ့တောင်ဟု ကမ္ဗည်းရေးထိုးထားသည့် ကျောက်တိုင်ကို တွေ့လိုက်ရသည်။
ထိုတောင်ကြီးသည် ကြီးမားကျယ်ပြန့်လှ၏။
“အထဲသွားကြည့်ရအောင်” ရှီဟောင်သည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ ဤတောင်သည် ခေါင်းကိုးလုံးခြင်္သေ့၏ အိမ်ဖြစ်နိုင်သည်။ သူအဆင့်မြင့်နယ်မြေသို့ မသွားမှီ သူ၏ သူငယ်ချင်းဟောင်းများကို တွေ့သွားချင်၏။
သူတောင်ထဲသို့ ဝင်သွားလိုက်သည်နှင့် အပင်များကို သိပ်မတွေ့ရပေ။ ပေါင်းပင်မြက်ပင်များလည်း မရှိပဲ အပင်ကြီးအနည်းငယ်သာ ရှိသည်။ ရွှေခြင်္သေ့လူမျိုးစု နေထိုင်ရန်အတွက် သင့်တော်သည့် နေရာတစ်ခု ဖြစ်လေ၏။
“ဘယ်သူလဲ … ရပ်လိုက်”
သူရောက်သည်နှင့် တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ခြင်္သေ့ကြီးများစွာ ရောက်လာကြလေသည်။ ထိုသူများသည် အလွန်ထူးကဲကာ စွမ်းအားကြီးလှ၏။
“ငါ့သူငယ်ချင်းကို လာတွေ့တာပါ … သူ့ရဲ့ သွေးသောက်ညီအစ်ကို ရောက်နေတယ်လို့ ဂျင်းဟုန်ကို ပြောပေးပါ” ရှီဟောင် ပြောလိုက်၏။
ခေါင်းကိုးလုံးခြင်္သေ့၏ နာမည်မှာ ဂျင်းဟောင်ဖြစ်၏။ သို့သော် သူသည် သူ၏မျိုးဆက်ထဲတွင် ထူးခြားသည့်သူဖြစ်သောကြောင့် သူ၏ကလန်နာမည်ကိုသာ အသုံးပြုလေ့ရှိသည်။ ရှီဟောင်နှင့် အခြားသူအနည်းငယ်သာ သူ၏နာမည်ကို သိကြ၏။
သာမန်လူသာ ဤခြင်္သေ့ကြီးများကို မြင်လိုက်ပါက မြေပြင်ပေါ်သို့ လဲကျသွားလိမ့်မည်။ ခြင်္သေ့ကြီးများသည် တောင်ငယ်လေးတစ်လုံးစာခန့်ပင် ရှိသည်။
“ဒီမှာ စောင့်နေ” ခြင်္သေ့တစ်ကောင်သည် လေအလျင်ကဲ့သို့ပင် ထွက်သွား၏။
တစ်ခဏကြာသောအချိန်တွင် ရွှေရောင်ဆံပင်နှင့်လူငယ်သည် အပြေးလေးရောက်လေ၏။ သူ၏ပုံစံသည် အလွန်ရဲရင့်ကာ သူ၏ ရွှေရောင်မျက်ဆံများမှာလည်း တောက်ပနေသည်။ ဤလူသည် ခေါင်းကိုးလုံး ခြင်္သေ့ပင်။ သူသည် လူသားပုံစံဖြင့် လာခြင်းပင်။
သူသည် ပျက်စီးခြင်းတောင်တန်းတစ်ရာတွင် ရှီဟောင်နှင့် တိုက်ခိုက်ခဲ့သေးသည်။ သူတို့၏ သူငယ်ချင်းဆက်ဆံရေးသည် တိုက်ခိုက်ခြင်းမှတစ်ဆင့် ရရှိခဲ့ခြင်းပင်။
“ရှီဟောင်”
သူတို့ ပြန်တွေ့သည့်အချိန်တွင် နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ကပ်ဘေးမတိုင်မီတွင် ကွဲကွာသွားခဲ့ကြပြီး ထိုအချိန်တွင် ဟော်လင်းအာ၊ ယွမ်ရှီး၊ မီးတောက်ကျီးကန်းနှင့် ဒုတိယကတုံးပြောင်နှင့် အခြားသူများလည်း ရှိသေးသည်။ သို့သော် ယခုအချိန်တွင် အချို့သူများသည် အဆင့်မြင့်နယ်မြေသို့ တက်သွားပြီဖြစ်ပြီး အချို့သူများသာ ကျန်နေခဲ့တော့သည်။
“ငါမင်းဆီကို မကြာခင် ပြန်လာလည်မယ်ဆိုပြီးတော့ ဒီနေ့အထိ ရောက်သွားတာပဲ” ရှီဟောင် ရယ်မောကာ ပြောလိုက်သည်။
ခေါင်းကိုးလုံးခြင်္သေ့သည် သူတို့ကို တောင်အတွင်းသို့ ဖိတ်ခေါ်လိုက်၏။ ရွှေတောင်များကဲ့သို့ပင် ကြီးမားသည် ရွှေရောင်ခြင်္သေ့ကြီးများကို လမ်းတစ်လျှောက်တွင် တွေ့လိုက်ရသည်။
ရှောင်ထျန်း၊ ရှားရုံယု၊ ကျိုးယုဟောင်နှင့် အခြားသူများသည် ဤနေရာကို စိတ်ဝင်တစား လိုက်ကြည့်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ခေါင်းကိုးလုံးခြင်္သေ့လူမျိုးစုသည် ဂုဏ်သတင်းကြီးမားသည့် လူမျိုးစုပင် ဖြစ်သည်။
အကျော်ကြားဆုံး ဒဏ္ဍာရီမှာ သူတို့သည် စီးတော်ယာဉ် ၁၀ မျိုးထဲမှ တစ်ခုပင် ဖြစ်ခဲ့သည်။ ရှေးခေတ်တွင် နတ်ဘုရားများသည် ဤရွှေရောင်ခြင်္သေ့ကို နှစ်ခြိုက်စွာစီးနင်းကြ၏။
ခေါင်းကိုးလုံးခြင်္သေ့များသည် ကြီးလာသည့်အချိန်တွင် ကြောက်စရာကောင်းလောက်အောင်ပင် စွမ်းအားကြီးလာကြ၏။ နတ်ခြင်္သေ့များသည် သူတို့၏ သခင်များကို ပြန်၍စားသုံးကြသည်ဟူသော ဒဏ္ဍာရီပင် ရှိခဲ့လေသည်။
ခြင်္သေ့တောင်တွင် မြက်ပင်များမရှိပဲ အပင်ကြီးများသာ ရှိ၏။ သို့သော် တောင်ကမူနှင့် တောင်ကြားတွင် ဝိဉာဉ်ဆေးပင်များ ရှိနေလေသည်။ ထိုဆေးပင်များသည် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော အပင်များဖြစ်ပြီး အားလုံးသည် ရှားပါးပြီး တန်ဖိုးကြီးသည့် ဆေးပင်များပင်။
ဝိဉာဉ်ကိုးခုဘုရင်လည်း ထွက်လာလေသည်။ သူသည် ခေါင်းကိုးလုံးခြင်္သေ့လူမျိုးစု၏ ဘုရင်လည်း ဖြစ်ပြီး လေးစားခံရသောသူလည်း ဖြစ်၏။ သို့သော် ရှီဟောင်လည်း ကျောက်တုံးတိုင်းပြည်၏ ဧကရာဇ်ဖြစ်နေပြီ ဖြစ်သောကြောင့် သူကိုယ်တိုင်လာခြင်းမှာ သင့်တော်ပေသည်။
ရှီဟောင်သည် ဝိဉာဉ်ကိုးခုဘုရင်၊ မီးတောက်ကျီးကန်းဘုရင်နှင့် အခြားသူများကို မီးတိုင်းပြည်အင်ပါယာနန်းတော်တွင် ပြုလုပ်သည့် ဟော်လင်းအာ တွေ့ဆုံပွဲတွင် တွေ့ခဲ့ရပြီး သူတို့ထံမှ အတွေ့အကြုံများလည်း ရရှိခဲ့သည်။
“ဝိဉာဉ်ကိုးခုဘုရင်က အဆင့်လွန်ကျွမ်းကျင်သူဖြစ်သွားပြီလား” ရှီဟောင် သည် အံ့အားသင့်စွာ ပြောလိုက်ပြီးနောက် ဂုဏ်ပြုလိုက်သည်။
“ကပ်ဘေးကြီးပြီးသွားတဲ့အချိန်ကျမှ အဆင့်တက်သွားတာ” ဝိဉာဉ်ကိုးခုဘုရင်သည် ခေါင်းညိမ့်ပြီး ပြောလိုက်၏။
ထို့နောက်တွင် တစ်ခုခု မှားယွင်းနေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ ခြင်္သေ့တောင်ထဲတွင် အခြားအဆင့်လွန်ကျွမ်းကျင်သူများ၏ အော်ရာများရှိနေ၏။ ဤလူမျိုးစုကို ကျူးကျော်လာသည့်သူများ ရှိနေတာလား။ ဤအရာသည် မရိုးရှင်းနိုင်သောကြောင့် သူတိုက်ရိုက်ပင် မေးလိုက်သည်။
ဝိဉာဉ်ကိုးခုဘုရင်သည် မျက်မှောင်ကြုတ်သွားပြီး ဂျင်းဟောင်၏ အမူအရာလည်းပြောင်းလဲသွားကာ ဒေါသထွက်နေသည့်ပုံ ဖြစ်သွား၏။
ခပ်ဝေးဝေးတွင် ရှေးဟောင်းဂူတစ်ခုရှိနေပြီး ရွှေရောင်အလင်းများ ထွက်ပေါ်နေသည်။ ထိုနေရာတွင် မြူများဆိုင်းနေပြီး စွမ်းအားကြီးသော နတ်စွမ်းအားများလည်း အပြင်ဘက်သို့ လွင့်ထွက်နေသည်။ ဟောက်သံကိုလည်း ကြားနေရသောကြောင့် ထိုဂူထဲတွင် အိပ်နေသည့် သက်ရှိ ရှိနေလေသည်။
“ဝိုင်ယူလာခဲ့…” အိပ်နေသည့် ကျွမ်းကျင်သူ ပြောလိုက်ခြင်းပင်။ သူသည် ဆက်လက်ရေရွတ်နေလေသည်။ အဆင့်လွန်ကျွမ်းကျင်သူ အော်ရာများလည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။
“ဒါက ဘယ်သူလဲ” ရှီဟောင် မေးလိုက်သည်။
“အဆင့်မြင့်နယ်မြေက ကျွမ်းကျင်သူ” ဝိဉာဉ်ကိုးခုဘုရင်သည် အံကြိတ်ပြီး ပြောလိုက်၏။ သူ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
“ဘာ…” ရှီဟောင်ပင်မက ရှောင်ထျန်း၊ ရှားရုံယုနှင့် အခြားသူများလည်း ထိတ်လန့်သွားကြလေသည်။
အတွဲ – ၃၇ ပြီး၏။