သုခကမ္ဘာက ရှီဟောင် - Chapter - 741 အဆင့်လွန်လိပ်
“အရက်ယူလာခဲ့ …” အထဲတွင်ရှိနေသော သက်ရှိသည် ဟောက်နေရင်းပင် ပြောလိုက်၏။ သူ၏ အားကောင်းနေသော စွမ်းအားများကို အဝေးကနေပင် ခံစားနေရသည်။
“ဘာဖြစ်တာလဲ” ရှီဟောင်မေးလိုက်၏။
ဝိဉာဉ်ကိုးခုဘုရင်သည် မျက်နှာမသာမယာဖြင့် ရှေဟောင်းဂူဘက်သို့ ကြည့်လိုက်သည်။
ခေါင်းကိုးလုံးခြင်္သေ့ ဂျင်းဟောင်သည် အံကြိတ်ကာ “သူက သူတို့ အဆင့်မြင့်နယ်မြေက နတ်ဘုရားတွေ စီးတော်ယာဉ်လုပ်ဖို့ စွမ်းအားကြီးတဲ့ အဆင့်လွန်ကျွမ်းကျင်သူကို လာခေါ်တာတဲ့”
ရှောင်ထျန်း၊ ရှားရုံယုနှင့် အခြားသူများ ထိတ်လန့်သွားကြ၏။ ကောလဟာလများသည် အမှန်ပင် ဖြစ်နေသည်။ နတ်ဘုရားများသည် ရွှေရောင်ခြင်္သေ့ကို သူတို့၏ စီးတော်ယာဉ်အဖြစ် အသုံးပြုရခြင်းကို ကြိုက်နှစ်သက်ကြလေ၏။ သို့သော် ရွှေရောင်ခြင်္သေ့မျိုးနွယ်စု အတွက်မူ ဤအရာသည် သူတို့ကို အရှက်ရစေခြင်းပင်။ သူတို့သည် အလားအလာကောင်းများရှိနေသည့် လူမျိုးစုဖြစ်သည့်အတွက် သူတို့သည် အဘယ်ကြောင့် စီးတော်ယာဉ်အဖြစ် ခစားချင်မည်နည်း။
ဝိဉာဉ်ကိုးခုဘုရင်သည် အဆင့်လွန်ကျွမ်းကျင်သူဖြစ်သည်မှာ မကြာသေးပေ။ ထို့အပြင်သူသည် အဆင့်မြင့်နယ်မြေမှ ဤအဆင့်လွန်ကျွမ်းကျင်သူနှင့် မယှဉ်နိုင်သောကြောင့်သာ သူတို့ သည်းခံနေခြင်းဖြစ်၏။
“သူ့ကို နှိုးလိုက် … သူက ငါတို့ အဆင့်နိမ့်နယ်မြေကို သူတို့ အမဲလိုက်တဲ့နေရာလို့ ထင်နေတာလား … သူတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့နေရာလို့ ထင်နေတာလား” ရှီဟောင်သည် ထိုကိစ္စထဲ ဝင်ပါရမည်သာ။
ခေါင်းကိုးလုံးခြင်္သေ့နှင့် သူအရမ်းမရင်းနှီးလျှင်ပင် သူဤကိစ္စကို ဝင်ပါမည်သာ။
ဤရှေးဟောင်းဂူသည် အလွန်နက်သည်။ ဤနေရာသည် ဝိဉာဉ်ကိုးခုဘုရင် သီးသန့်ကျင့်ကြံသည့် အဖိုးတန်သည့် နေရာတစ်ခုဖြစ်လေသည်။ မြေအောက်မှထွက်လာသော ကျောက်ရည်များလည်း ရှိနေ၏။ ထိုအရည်များသည် ဗွက်အိုင်လေးတစ်ခုပမာဏသာ ရှိသော်လည်း သူသည် ဝိဉာဉ်ဆေးပင် ဖြစ်သည်။
ထို့အရည်အပြင် ဂူထဲတွင် ရွှေရောင်အလင်းများ တောက်ပနေသည့် ရွှေရောင်စိတ်စွမ်းအားများလည်း ရှိနေ၏။ ရွှေရောင်ခြင်္သေ့လူမျိုးစု အတွက်မူ ဤနေရာသည် ကျင့်ကြံရန်အတွက် အလေးအမြတ်ထားသည့်နေရာပင်။
ဂူထဲသို့ ဝင်လိုက်သည်နှင့် ရှီဟောင် အံ့အားသင့်သွားရသည်။
အဆင့်မြင့်နယ်မြေမှ စိတ်ကြီးဝင်နေသော အဆင့်လွန်ကျွမ်းကျင်သူမှာ အရက်မူးကာ တစ်နေ့လုံး စားသောက်နေသော လိပ်ကြီးပင်။
သူ၏ ခြေထောက်လေးဖက်မှာ မိုးပေါ်သို့ ထောင်တက်နေကာ သူ၏ အဖြူရောင်ဗိုက်သား ပေါ်နေလေ၏။ သူ၏ အခွံတွင်လည်း ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ သူ၏ပုံစံမှာ ဘာကိုမျှ ဂရုမစိုက်သည့်ပုံစံပင်။
သူ၏ ရှေ့တွင် ဤသို့ ပေါ်လာလိမ့်မည်ဟု မထင်ထားသောကြောင့် ရှီဟောင်မှာ အနည်းငယ် ဆွံ့အသွားရသည်။
လိပ်ကြီးဖြစ်မည်ဟု မထင်ထားဘဲ အလွန်ရိုင်းစိုင်းကာ ရက်စက်ကြမ်းကြုတ်သည့်သူဖြစ်မည်ဟု သူထင်ထားခဲ့ခြင်းပင်။
သူသည် အရက်မူးနေသော်လည်း အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေဆဲပင်။ သူတို့ အနားရောက်သွားသည်နှင့် ချက်ချင်းပင် နိုးသွားလေသည်။ ထို့နောက် မျက်လုံးမဖွင့်ပဲ ပြောလေ၏ “ဝိဉာဉ်ကိုးခုဘုရင် … ခင်ဗျားက မနေ့တနေ့ကမှ အဆင့်လွန်ကျွမ်းကျင်သူဖြစ်လာတာ အဲဒါကြောင့် ပြဿနာမရှာချင်နဲ့ … ခင်ဗျားတို့ ကလန်က အမွှေးဆုံး ဝိုင်ယူလာခဲ့ … မဟုတ်ရင်တော့ ကျုပ်က မယဉ်ကျေးဘူးဆိုပြီးတော့ အပြစ်မတင်နဲ့နော်” လိပ်ကြီးသည် မျက်လုံးပိတ်ရက်နှင့်ပင် လက်သည်းကို ထုတ်ကာ ခြိမ်းခြောက်နေ၏။ ထို့နောက် ကြေးအိုးဖြင့် ကျောက်ရည်အိုင်လေးထဲမှ အရည်ကို ခပ်သောက်လေသည်။
ရှီဟောင် လက်မြှောက်လိုက်သည်နှင့် ရွှေရောင်လက်ကြီးတစ်ခု လေဟာနယ်ထဲတွင် ပေါ်လာကာ ရိုက်ချလိုက်လေသည်။
လိပ်ကြီးသည် ချက်ချင်းပင် လက်ပြန်ရုတ်လိုက်၏။ သူသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သောကြောင့် မျက်လုံးများပြူးကျယ်လာကာ ရှီဟောင်ကို စိုက်ကြည့်နေလေသည်။
“မင်းက ဘာလဲ” သူသည် ကျယ်လောင်စွာ မေးလိုက်၏။
“ခင်ဗျားကို ရှင်းပစ်မယ့်လူ” ရှီဟောင်အရှေ့သို့ တိုးလာသည်။ သူ၏ ကိုယ်တွင် မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်စစ်ဝတ်စုံသည် အလင်းရောင်များဖြင့် တောက်ပနေလေ၏။
“လူငယ်လေး ငါဘယ်သူလဲဆိုတာ မင်းသိလား” လိပ်ကြီးသည် မျက်လုံးပြူးများဖြင့် စိတ်ကြီးဝင်နေသည့် ပုံစံဖြင့် မေးလိုက်သည်။
“ခင်ဗျားက လိပ်ပဲမဟုတ်ဘူးလား” ရှီဟောင်သည် ခနဲ့တဲ့တဲ့ပြောပြီး ထပ်တိုက်လိုက်၏။ သူ၏ လက်ဖဝါးနှင့် လက်ချောင်းများသည် ရွှေရောင်ဖြစ်သွားပြီး ‘ဝုန်း’ ဟူသောအသံနှင့်အတူ အောက်သို့ ရိုက်ချလိုက်သည်။
လိပ်ကြီးသည် မြေကြီးပေါ်တွင် ချက်ချင်းရပ်လိုက်ပြီး ထိုရိုက်ချက်ကို ရှောင်လိုက်၏။
ဝိဉာဉ်ကိုးခုဘုရင်၊ ရှားရုံယုနှင့် အခြားသူများအားလုံး နောက်ဆုတ်သွားပြီး ဂူထဲမှ ထွက်သွားလိုက်ကြသည်။ အဆင့်လွန်ကျွမ်းကျင်သူများကြားမှ တိုက်ပွဲသည် ကြောက်စရာကောင်းသော အရာတစ်ခုပင်။ တစ်ချက်မှားသွားသည်နှင့် တောင်အားလုံး ပြိုကျသွားလိမ့်မည်။
“ရဲတင်းလိုက်တာ … ဒီနတ်ဘုရားကို တွေ့တာတောင်မှ မင်းက ဒူးမထောက်သေးဘူးလား … ငါက အဆင့်မြင့်နယ်မြေက လာတာ … မင်းစော်ကားလို့ရတဲ့သူ မဟုတ်ဘူး” လိပ်ကြီးသည် ဆူပူလိုက်လေ၏။
“လိပ်ဖြစ်နေတောင်မှ အရှက်မရှိ ကြွားနေသေးတယ် … ခင်ဗျားကို အဆင့်မြင့်ကျွမ်းကျင်သူတွေ မပြောနဲ့ နတ်ဘုရားတွေအားလုံးတောင်မှ ရှင်းပစ်ခံလိုက်ရပြီ” ရှီဟောင်၏ ရွှေလက်ဝါးတံဆိပ်သည် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းနေကာ အောက်သို့ ရိုက်ချလိုက်သည်။
“နတ်မီးတောက်တွေရှိနေတဲ့ ကျွမ်းကျင်သူတွေကို ဘယ်သူက ရှင်းလို့ရမှာလဲ … မင်း အဓိပ္ပာယ်မရှိတာ ပြောမနေနဲ့” လိပ်ကြီး ပြောလိုက်သည်။
ရှီဟောင် ဆွံအသွားရ၏။ ဤဘာမှ ကောင်းကျိုးမပေးသည့် လိပ်အိုကြီးသည် အမှန်တကယ်ပင် အရက်မူးနေပုံရသည်။ သူသည် သူပြန်ရမည့်လမ်းကို မသိသလို အပြင်ဘက်ကမ္ဘာတွင် ဖြစ်ပျက်နေသည်များကိုလည်း မသိပေ။
ရွှေရောင်လက်ကြီး အောက်သို့ ကျရောက်လာကာ မြည်ဟီးသံများ ထွက်ပေါ်လာ၏။
လိပ်ကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သင်္ကေတများ ပေါ်လာကာ သူ့ကိုကာကွယ်ပေးသည့် ဒိုင်းကြီးပေါ်လာသည်။
နတ်ခေါင်းလောင်းတီးလိုက်သကဲ့သို အသံထွက်ပေါ်လာပြီး တောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ ထွက်ပေါ်လာသောစွမ်းအင်များမှာလည်း အလွန်စွမ်းအားကြီးလေ၏။
လိပ်ကြီးသည် ညည်းသံထွက်လာပြီး အနောက်သို့ ဆုတ်သွားလေသည်။ သို့သော် သူဒဏ်ရာမရလိုက်ပေ။
ရှီဟောင် အံ့အားသင့်သွားရ၏။ ရွှေရောင်လက်ဝါးသည် အလွန်စွမ်းအားကြီးပြီး သာမန် အဆင့်လွန်ကျွမ်းကျင်သူများဆိုလျှင် မခုခံနိုင်ပဲ ချက်ချင်းလွင့်ထွက်သွားမည်သာ။
ဤလိပ်ကြီး၏ ခုခံမှုစွမ်းအားမှာ အံ့အားသင့်စရာပင်။ ထိုဒိုင်းကြီးသည် မာကျောလွန်းကာ ရှီဟောင်၏ ကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သည့် အားကိုပင် ခုခံနိုင်လေသည်။
လိပ်ကြီးသည် လျင်မြန်စွာပင် အဖြူနှင့်အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ လျှပ်စီးတစ်ခုကဲ့သို့ပင် ဂူနံရံကို ဖောက်ထွက်ကာ အပြင်သို့ ပြေးသွား၏။
“ပြန်လာခဲ့” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ခွန်ပန်သိုင်းပညာကို သုံးကာ ထိုလိပ်ကြီးနောက် ပြေးလိုက်ပြီး သူ၏လမ်းကို ပိတ်လိုက်သည်။
လိပ်ကြီးသည်ပါးစပ်ဟကာ အနက်ရောင်အလင်းများကို ထုတ်လွှတ်လိုက်ပြီး ထိုအလင်းများသည် ရေအိုင်လေး တစ်ခု ဖြစ်သွားသည်။ ထိုရေအိုင်လေးထဲတွင် အစိမ်းရောင်အရိုးပုတီးစေ့ ၁၈ စေ့ပေါ်လာကာ ရှီဟောင်ကို ဖိနှိပ်ရန်ကြိုးစားလေ၏။
ရှီဟောင်သည် လက်ချောင်းတစ်ချောင်းကို ထုတ်လိုက်သည်နှင့် ကောင်းကင်ကို ချိတ်ဆက်ထားသည် ဓားစွမ်းအင်ပေါ်လာ၏။ ထိုစွမ်းအားများသည် အရိုးစေ့လေးတစ်ခုချင်းစီကို ရိုက်ချနေသည်။ ထိုအချိန်တွင် သူသည် သွေးစွမ်းအင်ပင်လယ်တစ်ခုကို ထုတ်လွှတ်ပြီး အော်ဟစ်လိုက်ကာ လိပ်ကြီးထံသို့ ဦးတည်သွားလေသည်။
နားစည်ကွဲလောက်သည့် အသံများ ထွက်ပေါ်လာလေ၏။ လိပ်ကြီး၏ အခွံသည် မာကျောသော်လည်း ရှီဟောင်၏ ရိုက်ချက်ကို ကြောက်ရွံ့သောကြောင့် အခွံထဲမှ ထွက်မလာရဲတော့ပေ။
ရှီဟောင်သည် ခွန်ပန်ပညာကိုသုံးကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်ပြောင်းလိုက်သည်။ သူ၏ လက်ဝါးရိုက်ချက် နောက်တစ်ခေါက်ကျရောက်သွားသည့်အချိန်တွင် လိပ်ကြီးသည် ထိုရိုက်ချက်များကို မခံစားနိုင်တော့ပေ။
“တော်တော့ … မင်းပြောစရာရှိရင်လည်း ကောင်းကောင်းမွန်မွန်ပြောကြရအောင်”
ရှီဟောင်၏ လက်ဖဝါးနှင့် သူ၏ခန္ဓာကိုယ်ကြားတွင် အခွံကြီးရှိသေးသော်လည်း သူသည် သွေးပင်အန်သွားပြီး ကြောက်လန့်သွားသည်။
“ငါ အရှုံးပေးပြီ” လိပ်ကြီးသည် သူ၏ အခွံထဲမှ ခေါင်းမထွက်ပဲ အော်ဟစ်နေသည်။ သူ၏ အရိုးပုတီးစေ့ ၁၈ စေ့ကိုလည်း ပြန်သိမ်းလိုက်ပြီဖြစ်၏။
ရှီဟောင်သည် သူ့ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။ ဤလူသည် သူ၏ရိုက်ချက်များကို ခံနိုင်သောကြောင့် ဤလိပ်ကြီးကို သူ၏ ဘေးနားထားလျှင် သူ့အတွက် အကျိုးမယုတ်နိုင်။ ထို့အပြင် အဆင့်မြင့်နယ်မြေမှ ကိစ္စများကို မေးရန်အတွက် ဤလိပ်ကြီးကို အသုံးချရမည်။
ရှီဟောင် ဘာမျှ မပြောမှီမှာပင် သူသည် ဆူညံဆူညံအသံကျယ်ကြီးဖြင့် အော်ဟစ်နေလေသည်။
လိပ်ကြီး၏ သေမှာကြောက်သည် ပုံစံကို မြင်ပြီး အားလုံး ဆွံ့အသွားရ၏။
“ငါက ခရမ်းရောင်စံအိမ်တောင်ကနေလာတာ … တောင်သခင်က လက်ခြောက်ခုတာအိုဆရာပါ … ပြီးတော့ ငါက တောင်ဂိတ်တံခါးအပြင်ဘက်က ဝိဉာဉ်ရေကန်မှာ ကြီးလာတဲ့ လိပ်နက်ပါ … ငါးတစ်ကောင်က အဆင့်နိမ့်နယ်မြေကို ဆင်းပြီးတော့ စီးတော်ယာဉ် ရှာချင်နေတာ … ငါက သေမျိုးကမ္ဘာကို ကြိုက်လို့ သူ့အစား အဆင့်နိမ့်နယ်မြေကို လာခဲ့တာ”
ဘာမှ မမေးရသေးခင်မှာပင် လိပ်ကြီးသည် အကုန်လုံးကို ဝန်ခံနေသည်။
လက်ခြောက်ခုတာအိုဆရာသည် ဒုတိယကပ်ဘေးတွင် ပေါ်လာခဲ့ပြီး နတ်ဘုရားများကို အမဲလိုက်ကာ အဆင့်လွန်ကျွမ်းကျင်သူများကို ဖမ်းဆီးခဲ့သည်။ သူသည် အနောက်ဘက်ဂိုဏ်းကိုပင် ခြိမ်းခြောက်ခဲ့သောကြောင့် ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်နှင့်ပင် တိုက်ခဲ့ကြသေးသည်။
“ကြည့်ရတာ ခင်ဗျားက အပြေးတော်မယ့်ပုံပဲ … ဒီနေ့ကစပြီးတော့ ခင်ဗျား ကျုပ်ရဲ့စီးတော်ယာဉ်လုပ်သင့်တယ်” ရှီဟောင် ပြောလိုက်သည်။
“ငါက လိပ်တစ်ကောင်ပါ … ငါ လေဟုန်စီးတဲ့သိုင်းပညာတစ်ချို့ကို သင်ထားပေမယ့် ငါက စီးတော်ယာဉ်ဖြစ်ဖို့ မသင့်တော်ပါဘူး” လိပ်ကြီးသည် အော်ဟစ်ကာ ပြောလိုက်၏။
ရှီဟောင်၏ ရင်ဘတ်တောက်ပလာကာ သင်္ကေတများထွက်လာပြီး လိပ်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။ ထို့နောက်တွင် လိပ်ကြီးသည် လက်ဝါးအရွယ်အစားခန့်သို့ ပြောင်းလဲသွားလေ၏။
ရှီဟောင်သည် လိပ်အမြှီးကို ကောက်ကိုင်လိုက်ကာ ဇောက်ထိုးဆွဲလိုက်ပြီး “မင်း ရိုးရိုးသားသားမနေဘူးဆိုရင် ငါမင်းကို ချက်စားလိုက်တော့မယ်”
“ငါလုပ်မယ် … ငါလုပ်မယ်” လိပ်ကြီးသည် ကတိပေးလိုက်ရလေသည်။
“နောက်ကျရင် ငါမင်းကို ဘလက်ကီသုံး လို့ ခေါ်မယ်” ရှီဟောင် သူ့ကို နာမည်ပေးလိုက်၏။
ဝိဉာဉ်ကိုးခုဘုရင်၊ ရှောင်ထျန်းနှင့် ရှားရုံယုတို့အားလုံး ဆွံ့အသွားသည်။ ဤလိပ်ကြီးသည် အဆင့်လွန်ကျွမ်းကျင်သူနှင့်ပင် မတူတော့ပေ။ ထို့အပြင် ရှီဟောင်၏ နာမည်ပေးသည့် ပုံစံမှာလည်း ကျိုးကြောင်းဆီလျော်မှု မရှိပေ။
လိပ်ကြီးသည် ထိုကံမကောင်းစေသည့်နာမည်ကြီးကို မကြိုက်သောကြောင့် ဆန္ဒပြနေလေ၏။
“ငှက်နီကြီး၊ ဒုတိယ ကတုံးပြောင်၊ ဘလက်ကီသုံး … မင်းတို့က အစဉ်လိုက်ပဲ … ဒီနာမည်က ဒီလောက်ကောင်းတာကို … မင်းမကြိုက်ချင်ရင်လည်း ကြိုက်ရမယ်” ရှီဟောင် ခြိမ်းခြောက်လိုက်သည်။
လိပ်ကြီးသည် လုံးဝကို ပြိုလဲသွားလေပြီ။ ဘယ်လောက်တောင် ဆိုးဝါးတဲ့ နာမည်ကြီးလဲ … သူသာ ကျူးယွမ်၏ အမွှေးဘောလုံးနှင့် ယူနီကွန်း၏ အဖြူလေး ဟူသောနာမည်များကို ကြားလိုက်ပါက သူ ဆွံ့အသွားလိမ့်မည်။ ဤလူငယ်လေး၏ နာမည်ပေးပုံမှာ ကောင်းမွန်လွန်းလှပေသည်။
ရှီဟောင်သည် မထင်မှတ်ပဲ လိပ်တစ်ကောင်ကို သိမ်းပိုက်လိုက်ရ၏။ သူ အဆင့်မြင့်နယ်မြေကို သွားတော့မည်ဖြစ်သောကြောင့် ထိုနေရာတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို မေးလို့ရသောကြောင့် သူ့အတွက် အကျိုးရှိလေသည်။
“မင်းက ဒီကနေထွက်သွားပြီး အဆင့်မြင့်နယ်မြေကို သွားတော့မလို့လား” ခေါင်းကိုးလုံးခြင်္သေ့ အံ့ဩသွားသည်။
“ငါ ဒီကိုလာတာ မင်းကို နှုတ်ဆက်ဖို့” ရှီဟောင်သည် ခေါင်းညိမ့်ပြကာ ပြောလိုက်၏။
“မင်းသွားမယ့်အချိန်ကျရင် ငါ မီးတောက်ကျီးကန်း၊ သက်တန့်လုအန်နဲ့ တစ်ခြားသူတွေကို ခေါ်ပြီး မင်းကို လိုက်ပို့ပေးမယ်” ခေါင်းကိုးလုံးခြင်္သေ့သည် အနည်းငယ် စိတ်ပျက်ကာ စိတ်ရှုပ်ထွေးနေသည့် ပုံစံဖြင့် ပြောလိုက်သည်။ သူလည်း အဆင့်မြင့်နယ်မြေသို့ သွားချင်သည်။
“ကောင်းတာပေါ့ … ငါ ငါ့ရဲ့ သူငယ်ချင်းဟောင်းတွေကို ပြန်တွေ့ရတာပေါ့” ရှီဟောင် ခေါင်းညိမ့်ပြလိုက်၏။
တောင်ဘက်နတ်ကြယ်တောင်တွင် ရှေးနတ်တစ်ပါးနေထိုင်နေသည်ဟူသော ကောလဟာလ ရှိလေသည်။ ထိုနေရာသည် ပျက်သုန်းခြင်းနယ်မြေတွင် ကန့်သတ်ထားသည့် နေရာတစ်ခုဖြစ်ပြီး သာမန် ရှေးဟောင်းနတ်တောင်ထက်ပင် ကြောက်စရာကောင်းသေးသည်။
ရှီဟောင် ခေါင်းကိုးလုံးခြင်္သေ့ကို နှုတ်ဆက်ကာ ရှောင်ထျန်း၊ ယွမ်ရှင်းနှင့် အခြားသူများကို ခေါ်ကာ လိပ်နက်ကြီးပေါ်သို့ တက်ကာ ခရီးထွက်ခဲ့ကြလေသည်။
“တောင်က ကြည့်ရတာ သိပ်မကောင်းသလိုပဲ … ငါတို့ ဝင်လို့ရော ရပါ့မလား” ကျိုးယုဟောင်၏ နှလုံးခုန်နှုန်းများပင် မြန်လာလေ၏။
အရှေ့ဘက်တွင် တောင်များသည် တစ်လုံးနှင့်တစ်လုံး ဆက်နေလေ၏။ အပေါ်ဘက်တွင် တိမ်များလည်း အုပ်မိုးထားသောကြောင့် အဖြူရောင်ထာဝရစွမ်းအင်များ ဤနေရာကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။
“သူက အစကတည်းက ထူးခြားနေတာ” ရှီဟောင် ပြောလိုက်၏။
တောင်ထဲတွင် မြူဆိုင်းနေသည်ကို သူတို့တွေ့လိုက်ရသည်။ တောင်ထဲသို့ ဝင်သွားသည်နှင့် လမ်းပျောက်သွားကာ ပြန်မထွက်နိုင်လောက်ပေ။
ရှီဟောင်သည် နှစ်ဘီးတပ် စစ်ရထားကို ထုတ်ယူလိုက်၏။ ထိုအရာသည် နတ်ပစ္စည်းတစ်ခုဖြစ်ကာ မြူများကို စုတ်ယူနိုင်သည်။ သူ၏ ဆံပင်ထဲတွင်ရှိနေသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း တောက်ပလာကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို လမ်းညွှန်ပေးနေသည်။
လှပတော တောင်ကြီးထဲတွင် ရှေးဟောင်းသစ်ပင်များသည် မိုးထိုးနေပြီး ကြီးမားသော ကျောက်တုံးကြီးများလည်း ရှိ၏။ အောက်ဘက်သို့ စီးဆင်းနေသည့် ငွေရောင်စမ်းချောင်းလေး တစ်ခုလည်း ရှိသေးသည်။
နှစ်ဘီးတပ်စစ်ရထားကို အသုံးပြုလိုက်သော်လည်း မြူများသည် လျော့နည်းမသွားပဲ ပို၍ပင် ထူထပ်လာပြီး အရာအားလုံးကို မှုန်ဝါးဝါးသာ မြင်ရတော့သည်။
“ဟူး…” အသက်ကြီးနေသော သက်ပြင်းချသံကြီး ထွက်ပေါ်လာသည်။
ဤကန့်သတ်ထားသော နယ်မြေတွင် အသံတစ်ခုသည် ရုတ်တရက်သူတို့နားတွင် ပဲ့တင်လာသောကြောင့် အားလုံး ကြက်သီးပင်ထသွားရ၏။
“သူငယ်ချင်းလေး ရောက်လာပြီးလား … ဝဋ်ကြွေးကို ပြန်ပေးဆပ်ရမယ်ဆိုတာ ငါသိပါတယ်” အသက်ကြီးသော အသံသည် နောက်တစ်ခေါက် ထပ်ထွက်လာသည်။
“အရှေ့ဘက်ကို ကျန်းတစ်ရာသွားပြီး ဘယ်ဘက်ကွေ့ … ပြီးရင် တောင်ပေါ်တက်လိုက်” ရှီဟောင်သည် လိပ်နက်ကြီးကို ပြောလိုက်သည်။
မြူများ ရှင်းလင်းသွားပြီး အနက်ရောင်တောင်ကြီးတစ်လုံးသည် သူတို့ရှေ့တွင် ပေါ်လာ၏။ အားလုံးသည် မည်သည့်အခက်အခဲမှ မတွေ့ပဲ ချောချောမွေ့မွေ့ပင် ထိုအနက်ရောင်တောင်ကြီးထံသို့ ရောက်သွား၏။
တောင်ထိပ်တွင် အသက်ကြီးသော လူတစ်ယောက်ပေါ်လာ၏။ သူ၏ ဆံပင်များမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ခါးကိုင်းနေသောကြောင့် တုတ်ကောက်တစ်ခုကို ကိုင်ထားလေသည်။ သူ၏မျက်လုံးများမှာ တွဲကျနေကာ အသားအရေများလည်း လျော့ရဲနေပြီဖြစ်၏။
သူ၏အနောက်တွင် အုတ်ဂူ ၁၀ ခုရှိနေပြီး ထိုအုတ်ဂူများတွင် သစ်နံကိုင်းများပင် ပေါက်နေပြီဖြစ်ပြီး ကြည့်ရသည်မှာ ပို၍ ချောက်ခြားစရာကောင်းနေသည်။
ထိုအသက်ကြီးသည့် ပုဂ္ဂိုလ်သည် စာရွက်များကို မီးရှို့ကာ ထိုအုတ်ဂူများကို ပူဇော်နေသည်ကို ရှီဟောင်တွေ့လိုက်ရသည်။
“ဒါတွေက…” ရှားရုံယုသည် ထိုမြေစာပုံများကို မြင်လိုက်သည်နှင့် အံ့ဩသွားသည်။
“နတ်ဘုရားတွေ ပုန်းနေတယ်ဆိုတဲ့ နေရာက တစ်ကယ်တမ်းတော့ နတ်ဘုရားတွေကို မြှုပ်နှံထားတဲ့ နေရာပါ … သူတို့တွေက ရှေးခေတ်ကတည်းက ရှင်သန်လာခဲ့ကြတဲ့သူတွေ … ဒါပေမဲ့ သူတို့တွေ တစ်ယောက်ပြီတစ်ယောက် သေသွားကြပြီ” လူကြီးသည် ထိုမြေစာပုံများကို လက်ညှိုးထိုးကာ သက်ပြင်းရှည်ကြီးကို ချပြီး ပြောလိုက်၏။
ရှီဟောင်၏ မျက်လုံးတွင် အရောင်များ လင်းလက်သွား၏။ သူ တောင်ဘက်နတ်ကြယ်တောင်ကို ဝင်ဝင်ချင်း ဤကဲ့သို့ မြင်ကွင်းမျိုးကို တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ကို မည်သည့်ရည်ရွယ်ချက်ဖြင့် နတ်ဘုရားမြှုပ်နှံထားသည့်နေရာသို့ ခေါ်လာခဲ့သနည်း။