သုခကမ္ဘာက ရှီဟောင် - Chapter - 744 ကံကောင်းမှု
လျှပ်စီးသစ်သီးသည် ဇီးသီးများကဲ့သို့ပင်။ သို့သော် အသီး၏မျက်နှာပြင်တွင် ငွေရောင်များတောက်ပနေပြီး လျှပ်စီးများ နွယ်ယှက်နေကြသည်။
အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဤအသီးသည် ပစ္စည်းကောင်းတစ်ခု ဖြစ်သော်လည်း ဤနေရာသည် အနောက်ဘက်အုတ်ဂူဖြစ်သောကြောင့် စား၍ ရမရ မသိပေ။
သို့သော် သူတို့ ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက မိုက်မဲရာကျလိမ့်မည်။ သူတို့သည် ဤအသီးအတွက် ယခုလေးတင် အန္တရာယ်ကြုံခဲ့ရပြီး လိပ်နက်လည်း ဒဏ်ရာရခဲ့သည်။
လျှပ်စီးပိုးကောင်များသည် နာမည်အတိုင်းပင် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး သာမန်မဟုတ်ပေ။
ဤသက်ရှိများသည် အလွန်ကြောက်စရာကောင်းလှ၏။ သူတို့၏ ကြီးပြင်းသည့် အဆင့် ၃ ဆင့်ရှိသည်။ ပထမအဆင့်မှာ နတ်မီးတောက် စတင်လောင်ကျွမ်းသည့်အဆင့်ဖြစ်ပြီး ထိုအဆင့်ကို ကလေးဘဝဟု ခေါ်သည်။ ထိုကလေးဘဝအဆင့်တွင် နှစ်ပေါင်းရာချီကျင့်ကြံရလေ၏။
သူတို့သာ အဆင့်တက်သွားပါက နတ်ဘုရားများကိုပင် သတ်နိုင်သည်။
သူတို့၏ ကလေးဘဝအဆင့်သည် နတ်မီးတောက်လောင်ကျွမ်းသည့်အဆင့် ဖြစ်သောကြောင့် ထိုအကောင်များ၏ ကြောက်စရာကောင်းသည့် စွမ်းအင်များကို စဉ်းစားကြည့်နိုင်ပေသည်။
အားလုံးသည် ဧကရာဇ်လိပ်ပြာကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ ဤအကောင်သည် မည်ကဲ့သို့သော သတ္တဝါဖြစ်သနည်း။ သူသည် လျှပ်စီးပိုးကောင်ကိုပင် နောက်ကြောင်းပြန်လှည့်အောင် လုပ်နိုင်သည်။
“အဲဒါဆို ငါ့အသက်ကို စွန့်စားကြည့်လိုက်မယ်” လိပ်နက်ကြီးသည် လျှပ်စီးသစ်သီးတစ်လုံးကို ကောက်ယူပြီး ပြောလိုက်၏။
သူသည် အကြောက်တရားမရှိပဲ ကိုယ့်ကိုကိုယ် အန္တရာယ်တွင်းထဲသို့ တွန်းပို့နေခြင်း မဟုတ်။ သူ့လောက် သေရမှာ ကြောက်တာ သူပဲ ရှိသည်။ ဤအသီးကို စားလိုက်လျှင် ဘာမျှမဖြစ်နိုင်ဟု သူခံစားနေရသောကြောင့်သာ စားခြင်းပင်။
“အားရား … နာလိုက်တာ” လိပ်နက် အော်ဟစ်လိုက်၏။
သူ၏ လက်သည်းများကြားတွင် ထိုအသီးသည် တောက်ပလာပြီး လျှပ်စီးများထွက်လာသောကြောင့် သူ၏လက်သည် မီးသွေးခဲဖြစ်တော့မတတ်ပင်။ ထိုအသီးတင်ထားသော နေရာတွင် မဲသွား၏။
အားလုံး အမူအရာပြောင်းလဲသွားလေသည်။ သူသည် စားပင်မစားရသေးသည်ကို ဤကဲ့သို့ ဖြစ်သွား၏။ သူသာ စားလိုက်ပါက သူ၏ အစာအိမ်နှင့်အူများအားလုံး ပေါက်ကွဲသွားလောက်သည်။
ထိုအချိန်တွင် လိပ်နက်ကြီးလည်း တွေဝေသွား၏။ သို့သော် သူသည် အံကြိတ်လိုက်ကာ ထိုအသီးကို နည်းနည်းဖဲ့လိုက်ပြီး သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ထိုအပိုင်းလေး သူ၏ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ချက်ချင်းပင် လျှပ်စီးအဖြစ် ပြောင်းသွားပြီး လိပ်နက်ကြီး၏ ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည်။
လိပ်နက်ကြီး၏ ပါးစပ်ထဲမှ အနက်ရောင်မီးခိုးများ ထွက်လာပြီး သူလည်း အနောက်သို့ ပျံထွက်သွားကာ အော်ဟစ်လိုက်သည်။
သူပြန်ရောက်လာသည့်အချိန်တွင် သူ၏မျက်နှာသည် ဝက်ခေါင်းကဲ့သို့ ယောင်ရမ်းနေပြီး သူ၏နှုတ်ခမ်းလည်း ကွဲသွားကာ သွေးများ စီးကျလာသည်။ သူ၏ သွားများလည်း မည်းနက်သွားကာ အပြင်သို့ ကျွတ်ထွက်မတတ်ပင်။
သူ၏ ပုံစံမှာ တော်တော်ဆိုးဆိုးဝါးဝါးပင်။ သူတို့အားလုံးသည် ရယ်ချင်သော်လည်း မရယ်နိုင်ကြပေ။
“ချီးပဲ … အသီးက မမှည့်သေးဘူး … အသီးကမှည့်ရင် လျှပ်စီးတွေက ဒီလိုမျိုး ဖြစ်မနေဘူး … သင်္ကေတအဖြစ်ပြောင်းသွားပြီးတော့ ခန္ဓာကိုယ်က သူဘာသာသူ စုတ်ယူသွားမှာ” သူသည် နာကျင်စွာ ညည်းညူလိုက်၏။
သူသည် ထိုအသီးကို မစားတော့ဘဲ လွှင့်ပစ်လိုက်သည်။
“စားချင်တဲ့သူ သတိထားပြီး စားကြ” သူသည် နာကျင်လွန်းသောကြောင့် မျက်ရည်များပင် ကျတော့မည်ဖြစ်သည်။
အားလုံးသည် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြ၏။ အဆင့်လွန်ကျွမ်းကျင်သူပင် မစားနိုင်ပါက သူတို့က မည်ကဲ့သို့ စားနိုင်မည်နည်း။
“အရင်ဆုံး ဒီနေရာကနေ ထွက်သွားရအောင် … ဒီနေရာက အရမ်းအန္တရာယ်များတယ်”
ရှီဟောင်ပြောလိုက်၏။ ဤလျှပ်စီးသစ်သီး၏ အကျိုးသက်ရောက်မှုမှာ ပြင်းထန်လွန်းလှသည်။ သူတို့ လုံခြုံသည့်နေရာတစ်ခုကို ရှာရမည်။
အားလုံး ခေါင်းညိမ့်လိုက်ကြ၏။ အစောပိုင်းက ကြုံတွေ့ခဲ့ရသော အရာများကြောင့် ဤနေရာသည် သူတို့ လွယ်လွယ်ကူကူချိုးဖောက်နိုင်သည့် နေရာမဟုတ်မှန်း နားလည်သွားရသည်။ ထိုလျှပ်စီးပိုးကောင်ထက် စွမ်းအားကြီးသော အကောင်များစွာ ရှိသေး၏။ ထို့အပြင် ထိုပိုးကောင်မှာအရွယ်ပင် မရောက်သေးသည့် အကောင်ပင်။ ဤနေရာသည် နတ်ဆိုးနယ်မြေပင်။
ထို့နောက် သူတို့အားလုံး အနောက်ဘက်အုတ်ဂူကမ္ဘာမှ ထွက်လာခဲ့သည်။
“ထင်တဲ့အတိုင်းပဲ … ဒါက အသီးအစစ် မဟုတ်ဘူး” ရှောင်ထျန်းပြောလိုက်၏။
သူတို့ ထိုအထဲမှ ထွက်လာသည်နှင့် အသီးသည် အသားများမရှိတော့ပဲ စွမ်းအင်လုံးကြီဖြစ်သွားပြီး သင်္ကေတမျိုးစုံလည်း လှည့်ပတ်နေသည်။
“ဘယ်သူ စမ်းကြည့်ချင်သေးလဲ” လိပ်နက်ကြီး မေးလိုက်၏။
“ငါ စမ်းကြည့်မယ်” ရှီဟောင် ထိုင်ချလိုက်ပြီး ရှန်းနီကို သူ၏ကိုယ်ထဲတွင် လှည့်ပတ်စေလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ လျှပ်စီးများထွက်လာပြီး လျှပ်စီးသစ်သီးကို ရစ်ပတ်သွား၏။ ထို့နောက်တွင် အသီးကို ဖဲ့လိုက်ပြီး သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ဤအသီးသည် စွမ်းအင်များမှ ပြုလုပ်ထားသော အသီးဖြစ်သောကြောင့် များစွာသော သင်္ကေတများ တောက်ပနေ၏။ ထိုအစိတ်လေးသည် ရှီဟောင်ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် လျှပ်စီးအလင်းတန်းများဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ဝင်သွားသည်။
သို့သော် သူသည် ရှန်းနီကို အသက်သွင်းထားသောကြောင့် ထိုလျှပ်စီးမှ ပါလာသော သင်္ကေတများကို သူ၏ခန္ဓာကိုယ်မှ စုတ်ယူလိုက်၏။
ရှီဟောင်သည် စိတ်ချောက်ချားပြီး သူ၏ခန္ဓာကိုယ်တုန်လှုပ်သွားသော်လည်း လိပ်နက်ကဲ့သို့ သည်းမခံနိုင်သည်အထိ မဟုတ်ပေ။
“ပစ္စည်းကောင်းပဲ … သူ့ထဲမှာ လျှပ်စီးတာအိုရဲ့ သဘာဝဥပဒေသတွေပါတယ်”
ရှီဟောင်၏ မျက်လုံးတောက်ပသွားကာ အသီးတစ်လုံးလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်၏။ ‘ဝုန်း’ ဟူသော အသံနှင့်အတူ အဆုံးမရှိသော လျှပ်စီးများနှင့် သင်္ကေတများထွက်လာပြီး သူတို့အားလုံး သူ၏ အသွေးအသားတွင်း ၀င်ရောက်သွားသည်။
ရှီဟောင်သည် သနားစရာကောင်းသည့် ပုံစံဖြစ်နေလေ၏။ သူ၏ဆံပင်များအားလုံး မိုးပေါ်ထောင်နေပြီး သူ၏တစ်ကိုယ်လုံးလည်း မည်းနက်နေလေသည်။ သူသည် ထိုနေရာတွင်ရပ်ကာ ချောင်းအဆက်မပြတ်ဆိုးနေလေ၏။
အခြေအနေသည် အလွန်ဆိုးရွားလွန်းသောကြောင့် အားလုံး အံ့ဩသွားရသည်။
“သူ ဒါကို ခံနိုင်ရင် ကံကောင်းမှုတွေ ရတော့မှာ … အဲဒါက လျှပ်စီးသင်္ကေတတွေ … သူက နတ်စွမ်းအင်တစ်မျိုးပဲ” လိပ်နက်ကြီးသည် မနာလိုစွာ ပြောလိုက်လေ၏။
ထို့အပြင်သူသည် မတည်ငြိမ်နိုင်တော့ပဲ နည်းနည်းပို၍ ကြိုးစားသင့်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့်သူသည် အသီးကို ပို၍သေးအောင် ဖဲ့လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။
ဝုန်း…
လိပ်ကြီးသည် သနားစဖွယ် အော်ဟစ်နေလေ၏။ သူ၏ အခွံသည် ခုခံမှုအားကောင်းသော်လည်း သူ၏ အတွင်းပိုင်းသည် မာကျောပြီး မသေနိုင်ခြင်း မဟုတ်ပေ။ သူသည် အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း လျှပ်စီးကြောင့် မဲတူးသွားပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေ၏။
“ခဏ … အဲဒါက ပြဿနာရှိနေတယ်” ရှီဟောင် ရုတ်တရက် ထအော်လိုက်၏။
လျှပ်စစ်အလင်းတန်းများအပြင် အနက်ရောင်အလင်းလွှာ ပါးပါးလေးလည်း ပါနေသည်။ ထိုအနက်ရောင်အလင်းတွင် သေဆုံးခြင်းအော်ရာများ ပြည့်နေသည်။
“မင်း ဘာလို့ စောစောမပြောတာလဲ” လိပ်နက်ကြီး၏ အမူအရာ ပြောင်းလဲသွား၏။ သူ၏ အသွေးအသားများထဲတွင် သေဆုံးခြင်းအော်ရာ လှည့်ပတ်သွားနေသည်ကို သူခံစားလိုက်ရသည်။
ရှီဟောင်နှင့် လိပ်နက်ကြီးသည် မလှုပ်ရှားတော့ပဲ ထိုနေရာတွင် ထိုင်ကာ သူတို့၏ ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် သေဆုံးခြင်းစွမ်းအင်များနှင့် တိုက်ခိုက်ရန် အကောင်းဆုံးကြိုးစားနေကြသည်။
ထိုအနက်ရောင်အလင်းလွှာလေးမှာ ထူးဆန်းလှ၏။ သူတို့သည် အရိုးများထဲမှ ထွက်လာသော လောက်လိုပင်။ သူတို့ ဘယ်လိုပင် ကြိုးစားကြိုးစား ဖယ်ရှား၍ မရနိုင်အောင် ဖြစ်နေသည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် အကောင်များပွားလာနေသလိုပင်။
ရှီဟောင်နှင့် လိပ်နက်ကြီးကဲ့သို့ စွမ်းအားကြီးသောသူများပင်လျှင် တစ်လက်မမျှ မလှုပ်နိုင်တော့ပေ။ သူတို့ မြေအောက်ကမ္ဘာထဲဝင်လိုက်သကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေ၏။ သူတို့၏ ခန္ဓာကိုယ်တွင်လည်း အသက်ဓာတ်များမရှိတော့ပဲ သစ္ဆေသရဲကဲ့သို့ ဖြစ်နေသည်။
အခြေအနေသည် ပို၍ ဆိုးရွားလာ၏။ ထိုအနက်ရောင်အလင်းသည် အလွန်ကြောက်စရာကောင်းပြီး အနားတွင်ရှိနေသော အရာများကို လှိုက်စားနေသောကြောင့် ရှောင်ထျန်း၊ ရှားရုံယုနှင့် အခြားသူများပင် အနောက်ဆုတ်လိုက်ကြရသည်။
အနောက်ဘက်အုတ်ဂူကမ္ဘာ၏ ဝင်ပေါက်တွင် နက်ရှိုင်းသော မျက်လုံးနှစ်လုံး ပွင့်လာလေ၏။ ကြီးမားသော ကျားဖြူကြီးထွက်လာကာ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် ရှီဟောင်ကို စိုက်ကြည့်နေလေသည်။
“ကျားဖြူဘုရင်…” ရှောင်ထျန်း အလန့်တကြား အော်လိုက်၏။ သူ ဤပုဂ္ဂိုလ်ကို မသိစရာအကြောင်းမရှိ။ သူသည် သားရဲတောင်၏ ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည်။
“အဲဒါက အဆင့်လွန်ကျွမ်းကျင်သူ ကျားဖြူ ဖြစ်မယ်ထင်တယ်”
ရှားရုံယု ထိတ်လန့်သွား၏။ သူမ၏ မျက်နှာလှလှလေးတွင် စိုးရိမ်သည့် အရိပ်အယောင်များပေါ်လာကာ သေဆုံးခြင်းအော်ရာကို တိုက်ခိုက်နေသည့် ရှီဟောင်နှင့် လိပ်နက်ကြီးကို ကြည့်လိုက်သည်။
ကျားဖြူကြီးသည် တိတ်တဆိတ်သည်းခံနေခဲ့ပြီး ကပ်ဘေးကြီးပြီးသွား၍ ကမ္ဘာကြီး အေးချမ်းသောအခါမှ ထွက်လာခဲ့ခြင်းပင်။
“မင်းတို့ ကိုယ့်ပျက်စီးရာ ပျက်စီးကြောင်းကို ရှာနေကြတာပဲ” ကျားဖြူကြီးသည် ကျယ်လောင်စွာ ဟိန်းလိုက်သည်နှင့် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ခံစားလိုက်ရသည်။
ကျားဖြူကြီးသည် ကမ္ဘာစွမ်းအားအကြီးဆုံး မျိုးဆက်တစ်ကောင်ဖြစ်ပြီး ရက်စက်သောသားရဲ၊ နတ်သားရဲကြီးအဖြစ် သတ်မှတ်ထား၏။ သူ၏ သွေးသည် သိပ်မသန့်စင်သော်လည်း ဤကျင့်ကြံခြင်းအဆင့်သို့ပင် ရောက်နေပြီဖြစ်သောကြောင့် သူသည် သာမန်သားရဲများထက် စွမ်းအားကြီးလွန်းသည်။
သူ၏ ကြီးမားလှသည့် ပါးစပ်ကြီးကို ဟလိုက်သည်နှင့် ကမ္ဘာမှာ ရွှေရောင်စိတ်ဝိဉာဉ်စွမ်းအားများကို ထိန်းချုပ်နိုင်သည့် ရွှေရောင်ဓားစွမ်းအင်များ ထွက်လာသည်။ ဤအရာသည် မွေးရာပါ နတ်စွမ်းရည်တစ်ခုပင်။
အခြားအရာများ မဆိုထားနှင့် ဤစွမ်းအားတစ်ခုတည်းဖြင့်ပင်လျှင် သာမန် အဆင့်လွန်ကျွမ်းကျင်သူကို ဒဏ်ရာရအောင် လုပ်နိုင်လေသည်။
အားလုံး ထိတ်လန့်သွားရ၏။ နတ်နန်းဂိုဏ်းကို လာဖျက်ဆီးသည့်အချိန်တွင် အနောက်ဘက်သားရဲအုတ်ဂူတောင်သည် အဓိကတပ်ဖွဲ့တစ်ခုဖြစ်ပြီး ဤကျားဖြူသည်လည်း ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်၏။ အားလုံးသည် လက်စားချေရန်အတွက်လာခြင်းဖြစ်သော်လည်း သူတို့ အခုအသတ်ခံရတော့မည်လား။
အားလုံးသည် ထိုဓားစွမ်းအင်များကို ရပ်တန့်ရန် ကြိုးစားကြသော်လည်း အသုံးမဝင်ပေ။ ထိုရွှေရောင်ဓားစွမ်းအင်များသည် မိုးခြိမ်းသံများကဲ့သို့ပင် ရှီဟောင်ထံသို့ ကျရောက်သွားသည်။
ရှီဟောင် မျက်လုံးပွင့်လာပြီး လက်ညှိုးထိုးလိုက်၏။ သူလက်ညှိုးထိုးလိုက်သည်နှင့် ရွှေရောင်ခန္ဓာကိုယ်တွင် ခရမ်းရောင်သန်းနေသည့် ရှန်းနီထွက်လာကာ ဓားစွမ်းအင်များကို ပြန့်ကျဲသွားအောင် လုပ်လိုက်သည်။
“သေတော့မှာကို ဒီလိုမျိုး တိုက်ခိုက်နိုင်စွမ်းရှိသေးတယ်ပေါ့ … အထင်ကြီးစရာပဲ”
ကျားဖြူပြောလိုက်၏။ သူ၏ မျက်လုံးများမှာ တစ်စထက်တစ်စ ပို၍ အေးစက်လာသည်။ သူသည် အနောက်ဘက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ရှီဟောင်ကို သေချာလေ့လာလိုက်၏။ သေဆုံးခြင်းစွမ်းအင်များသည် သူ၏ကိုယ်ထဲတွင် ဝင်ရောက်နေပြီး အနက်ရောင်အလင်းများ တောက်ပနေသည်ကို မြင်သောအချိန်တွင်မှ “မင်းက တော်တော် သတ္တိရှိနေတာပဲ … အနောက်ဘက်အုတ်ဂူကမ္ဘာက ပစ္စည်းကိုတောင် ထိရဲတယ်ဆိုတော့ … သေဆုံးခြင်းအလင်းတွေ မင်းခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ နတ်မီးတောက်ရှိတဲ့သူတောင် အသက်ရှင်ဖို့မလွယ်ဘူး”
သူသည် အပိုပြောနေခြင်းမဟုတ်။ အနောက်ဘက်အုတ်ဂူကမ္ဘာတွင် မြှုပ်နှံထားသည့် နတ်ဘုရင်များ၊ ကောင်းကင်ဘုံနတ်ဘုရားများနှင့် အခြားသူများစွာ ရှိသည်။ ထို့ပြင် သူတို့၏ သေဆုံးခြင်းမှ ပြုလုပ်ထားသည့် အနက်ရောင်အလင်းသည် ဖယ်ရှား၍ရနိုင်သည့် အရာတစ်ခု မဟုတ်။ သူသည် နတ်မီးတောက်ရှိသည့် သက်ရှိကိုပင် ကျိန်စာတိုက်နိုင်၏။
အဆင့်လွန်ကျွမ်းကျင်သူသာ ကူးစက်ခံရပါက သေချာပေါက် သေဆုံးသွားမည်သာ။
“နတ်နန်းအိမ်က အသက်ရှင်ကျန်တဲ့သူတွေ … ငါကနောက်ဆုတ်ပေးလိုက်ပြီကို မင်းတို့က သေခြင်းနဲ့ ရှင်ခြင်းက ကွာခြားချက်ကို မသိကြဘူးပဲ … မင်းတို့က ကောင်းကင်ဘုံက မေ့လျော့သွားတာကို ခံချင်နေကြတာပဲ”
ကျားဖြူကြီး၏ မျက်လုံးမှာ ပို၍ အေးစက်လာလေသည်။ သူသည် ရှီဟောင်ကို စိုက်ကြည့်လိုက်ကာ “မင်းက ဒီတစ်လော အံ့အားသင့်စရာကောင်းလာတယ်ဆိုပေမယ့် မင်းဘာသာမင်း သေမင်းကိုလာရှာသလိုဖြစ်မနေဘူးလား”
သူ၏ ပါးစပ်ကို နောက်တစ်ကြိမ်ဟကာ နတ်အလင်းတန်းဖြင့် ရှီဟောင်ကို တိုက်ခိုက်လိုက်သည်။ ရှီဟောင်သည် အနက်ရောင်အလင်းတန်းကို ဖယ်ရှားနိုင်မည်မဟုတ်မှန်း သူယုံကြည်သော်လည်း သူ၏ကြိုးစားနေမှုကို ပို၍ကောင်းသည်ဟု သူခံစားနေရသည်။။
“ကောင်းကင်အိမ်က လူတွေရဲ့ ဦးခေါင်းခွံကို ဝိုင်ခွက်အနေနဲ့သုံးပြီး ငါ့နားမှာပဲ အမြဲတမ်းထားထားတာ … ဒီနေ့က ဧကရာဇ်ခေါင်းခွံအလှည့်ထင်တယ်” ကျားဖြူသည် ရှီဟောင် ဒေါသထွက်အောင် တမင်သက်သက်ပင် ပြောလိုက်သည်။
“ခင်ဗျား သေသင့်တယ်” ရှောင်ထျန်းနှင့် အခြားသူများသည် သူတို့၏ မှော်ပစ္စည်းများကို ထုတ်ကာတိုက်ခိုက်လာကြ၏။
“အဆင့်လွန်ကျွမ်းကျင်သူ မဟုတ်တဲ့သူတွေက ရိုက်ချက်တစ်ချက်တောင် ခံနိုင်မှာ မဟုတ်တဲ့ အမှိုက်တွေပဲ” ထိုအချိန်တွင် အနောက်ဘက်အုတ်ဂူ၏ အဝင်ဝတွင် ခြင်္သေ့အိုကြီးတစ်ကောင်နှင့် ကြီးမားလှသည့် ဆင်တစ်ကောင်လည်း ပေါ်လာသည်။
ခြင်္သေ့အိုကြီးသည် တစ်ကိုယ်လုံးဖြူဖွေးနေ၏။ သူသည် ပါးစပ်ဟကာ သူ၏ ခြင်္သေ့ဟိန်းသံနတ်စွမ်းရည်ကို ပြသလိုက်သည်။ မှော်ပစ္စည်းများမှာ တစ်စစီဖြစ်သွားပြီး အချို့ပစ္စည်းများမှာ ပေါက်ကွဲသွားလေ၏။
အနောက်ဘက်သားရဲအုတ်ဂူတောင်၏ ခေါင်းဆောင် သုံးယောက်လုံး ရောက်လာပြီဖြစ်သည်။ သူတို့ထဲတွင် ခြင်္သေ့အိုကြီးမှာ အဆင့်လွန်ကျွမ်းကျင်သူဖြစ်သည်မှာ မကြာသေးပေ။ သူသည် နှစ်ပေါင်း ရာချီအောင် ကျင့်ကြံပြီးပြီဖြစ်သည်။
ရှီဟောင်သည် သူတို့ကို ရင်ဆိုင်ရန်အတွက် ရုတ်တရက်ပင် ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ ဖော်ပြ၍မရနိုင်သည့် သင်္ကေတလှိုင်းများသည် သူ၏ကိုယ်မှ ထွက်နေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်အလင်းများကို သူထုတ်လိုက်နိုင်ပြီဖြစ်၏။
“ဘာ…” ကျားဖြူ၊ ခြင်္သေ့နှင့် ဆင်ကြီးတို့အားလုံး ထိတ်လန့်တကြား အော်လိုက်ကြ၏။ နတ်မီးတောက်ရှိသော သူပင်လျှင် သေသွားနိုင်သည်ကို သူ မည်ကဲ့သို့ လုပ်လိုက်သနည်း။
ရှီဟောင်၏ ရင်ဘတ်ရှိ အရိုး တောက်ပလာ၏။ ပြန်လည်မွေးဖွားခြင်းအစွမ်းသည် အလွန်ထူးခြားလှသည်။ သူသည် လိပ်နက်ကြီးကို ဆွဲကိုင်လိုက်လိုက်ပြီး ထိုအစွမ်းဖြင့် သူ၏ခန္ဓာကိုယ်ကို သန့်ရှင်းအောင် လုပ်ပေးလိုက်သည်။
“ခင်ဗျားတို့အားလုံးကို ကျုပ်ရှာစရာမလိုတော့ အချိန်ကုန်သက်သာတာပေါ့ … သေဆုံးခြင်းစွမ်းအင်လိုမျိုး မဖြစ်စလောက်စွမ်းအင်လေးနဲ့များ … အခု ကျုပ်က အဲဒီလျှပ်စီးသင်္ကေတတွေကို နားလည်အောင် ကျင့်ကြံနေတာ”
“မင်း…” ကျားဖြူကြီးသည် ကြောက်လန့်ကာ ဒေါသထွက်သွားရ၏။ သူသည် အဖြူရောင်အလင်းအဖြစ်ပြောင်းလိုက်ပြီး အနောက်ဘက်အုတ်ဂူကမ္ဘာထဲသို့ ချက်ချင်းပင် ပျံသန်းသွားလိုက်သည်။ ဤကျောက်တုံးလေးသည် ထူးဆန်းသည်ဟု ခံစားလိုက်ရသောကြောင့် သူ၏တစ်ကိုယ်လုံး ကြက်သီးများပင် ထလာ၏။ သူသည် အနောက်ဘက်အုတ်ဂူမှ လျှပ်စီးသစ်သီးကို စားပြီးသွားတာတောင် ဘာမျှမဖြစ်ပေ။
“ထွက်သွားချင်သေးတယ်ပေါ့”
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်များဖြင့် ဖုံးလွှမ်းသွား၏။ လျှပ်စီးသင်္ကေတများသည် ရှန်းနီနှင့်အတူ ထွက်ပေါ်လာလေသည်။ ‘ဝုန်း’ ဟူသောအသံနှင့်အတူ ကြီးမားသောလျှပ်စီးကြီးတစ်ခု ထွက်သွားလေ၏။
ကျားဖြူ၏ သတ္တိများ ပျောက်ဆုံးသွားရသည်။ သူသည် မည်မျှပင် မြန်နေစေကာမူ ထိုလျှပ်စီး၏ အလျင်ကို ကျော်နိုင်မည်မဟုတ်။
လျှပ်စီးအလင်းများ ဆက်တိုက်ထွက်လာသောကြောင့် သူ၏ ဆံပင်များပင် ထောင်တက်သွားရ၏။ ကြည့်ရသည်မှာ သူတို့ ဤတိုက်ပွဲဖြင့် အားလုံးကို သင်ပုန်းချေရမည်ထင်သည်။
လျှပ်စီး ငါးခု ဆက်တိုက်ထွက်လာပြီး ထိုငါးခုသည် လျှပ်စီးတစ်ခုတည်းအဖြစ် ပေါင်းသွားပြီး ကျားဖြူ၏ ခေါင်းကို ထိမှန်သွား၏။
ထိုအချိန်တွင် ကျားဖြူ၏ မျက်လုံးများ ကွဲထွက်သွားပြီး ခေါင်းကြီးလည်း ပေါက်ကွဲသွားသည်။ သူ၏ ဦးနှောက်အစိတ်အပိုင်းများလည်း နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး သူ၏ တစ်ကိုယ်လုံးလည်း မည်းနက်သွားလေ၏။
သူ၏ ခန္ဓာကိုယ်သည် မီးသွေးခဲအဖြစ်ပြောင်းသွားပြီး ထိုနေရာမှာတင် သေဆုံးသွားသည်။
ခြင်္သေ့အိုနှင့် ဆင်ကြီးတို့မှာ ထွက်ပြေးချင်သော်လည်း လျှပ်စစ်မှ ဖြစ်ပေါ်လာသည့် ဓားအလင်းတန်းများကြောင့် နှစ်ပိုင်းကွဲသွားပြီး ပြင်းထန်စွာပင် သေဆုံးသွား၏။
“အရမ်းစွမ်းအားပြင်းတာပဲ … မင်း တကယ်ရသွားပြီပေါ့ … လျှပ်စီးသစ်သီးက သင်္ကေတတွေကို မင်းပြန် ပြင်လိုက်နိုင်ပြီလား”
လိပ်နက်ကြီးသည် ထိတ်လန့်ပြီး မနာလိုအူတို ဖြစ်သွားရသည်။ သူသည် ယခုလေးတင်မှ လွတ်မြောက်လာသောကြောင့် ထိုအသီးကို နောက်တစ်ခေါက် ထပ်မထိရဲတော့ပေ။
“ဒါက တကယ်ကို ပစ္စည်းကောင်းပဲ … “ရှီဟောင် ပြောလိုက်၏။
အားလုံး အံ့ဩသွားရသည်။ နတ်မီးတောက်ရှိသော နတ်ဘုရားများပင်လျှင် သေစေနိုင်သော ထိုသေဆုံးခြင်းအလင်းရောင်ကို သာမန်လူက မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ထို့အပြင် လျှပ်စီးစွမ်းအားသည် သာမန်လူများ တောင့်ခံနိုင်သည့် စွမ်းအားတစ်ခု မဟုတ်။
ရှီဟောင်သည် လျှပ်စီးသစ်သီးကို သေချာလေ့လာကြည့်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သင်္ကေတများနှင့် အတူတူပင် ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် တစ်လုံးစားစား နှစ်လုံးစားစား ဘာမျှ ထူးခြားသွားမည် မဟုတ်။
“အသီးက မမှည့်သေးပေမယ့် ငါ့ရဲ့ လျှပ်စီးသိုင်းပညာကို တိုးတက်သွားအောင် လုပ်ပေးနိုင်တယ် … ပြီးတော့ အထဲမှာက သေဆုံးခြင်းအလင်းပါ ရှိနေတာ … လျှပ်စီးအသီးအစစ်သာဖြစ်လို့ကတော့ ဘယ်လိုဖြစ်မလဲ မသိဘူး” ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။
လျှပ်စီးအသီးအစစ်သာဖြစ်ပါက သူ၏ ရှန်းနီသည် သူ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ နောက်တစ်ဆင့် တက်သွားမည်ဟု သူခံစားရသည်။
“အဲဒါဆိုရင် အဆင့်မြင့်နယ်မြေကိုသွားတော့ … အဲဒီနေရာက အကန့်အသတ်မရှိဘူး … လျှပ်စီးအသီးနဲ့ တစ်ခြား နတ်ဆေးပင်တွေ အများကြီးရှိတယ် … မင်းကြိုက်သလို ခူးလို့ရတယ် … မင်းမှာ စွမ်းအားအလုံအလောက်ရှိနေသရွေ့ မင်းသူတို့တွေကို ယူလို့ရတယ်” လိပ်နက်ကြီးသည် အဆင့်မြင့်နယ်မြေသို့ ပြန်သွားချင်နေပြီဖြစ်၏။
“လွတ်သွားတဲ့ လူတစ်ချို့ ရှိသေးတယ် … ငါသူတို့နဲ့ သွားရှင်းလိုက်ဦးမယ် … မင်းတို့ ဒီမှာ စောင့်နေကြ” ရှီဟောင် ပြောလိုက်၏။
ရှောင်ထျန်း၊ ရိုးရုံယုနှင့် အခြားသူများ ခေါင်းညိမ့်လိုက်ကြသည်။ သူတို့သည် အများကြီး မကူညီနိုင်သောကြောင့် ဤနေရာတွင် နေခဲ့ခြင်းမှာ အကောင်းဆုံးပင်။
ရှီဟောင်သည် လိပ်နက်ကို ခေါ်ကာ အနောက်ဘက်အုတ်ဂူကမ္ဘာထဲသို့ ပြန်ဝင်သွားပြီး သေချာလိုက်ရှာလိုက်၏။ နောက်ဆုံးတွင် သားရဲတောင်မှ အခြားကျွမ်းကျင်သူများကို ရှာတွေ့သွားပြီး သူတို့ကို ရက်ရက်စက်စက်ပင် သတ်ပစ်ခဲ့သည်။
“အဲဒါ ဘာကြီးလဲ” လိပ်နက်ကြီးသည် သူ၏ အခွံထဲသို့ ခေါင်းပြန်ဝင်သွားလေသည်။ သူသည် သေရမည်ကို အလွန်ကြောက်သော သူတစ်ယောက်ပင်။
သူတို့၏အရှေ့တွင် ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ထိုနေရာတွင် အရိုးများစွာ စုပုံနေပြီး ယဇ်ပူဇော်သည့်နေရာနှင့် တူနေလေ၏။
ရှီဟောင်၏ လက်ထဲတွင်ရှိသည့် မူလရှေးဟောင်းမှတ်တမ်းအပိုင်းအစလေးသည် ပို၍ တောက်ပလာကာ တုံ့ပြန်လာလေသည်။ ထိုနေရာတွင်ရှိသည့် အရိုးအချို့မှာ ထူးခြားနေသည်ကို သူတွေ့လိုက်ရ၏။ ထိုထဲမှ တစ်ခုမှာ အလွန်သေးငယ်ပြီး ကျောက်စိမ်းကဲ့သို့ပင် ဖြူဖွေးနေသည်။ ထိုအရိုးလေးသည် သူ လိုအပ်နေသည့် အရိုးလေးပင်။