သုခကမ္ဘာက ရှီဟောင် - Chapter - 745 သက်ရှိပေါင်းတစ်သောင်း
မူလရှေးဟောင်းမှတ်တမ်းက ဝိဉာဉ်တစ်သောင်းသင်္ကေတက ဒီမှာ တစ်ကယ် ရှိနေတယ်..။
ရှီဟောင် နှလုံးခုန်နှုန်းများပင် မြန်ဆန်လာ၏။ ဤအရာသည် သူအမျှော်လင့်ဆုံးအရာဖြစ်ပြီး ဤအနောက်ဘက်အုတ်ဂူတွင် တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုယဇ်ပုလ္လင်သည် အလွန်မြင့်မားကာ ကျောက်နက်များဖြင့် တည်ဆောက်ထားခြင်းပင်။ ထိုအဆောက်အဦး၏ အောက်ခြေတွင် အရိုးဖြူများသည် အပုံလိုက်ရှိနေပြီး သေချာကြည့်ပါက ထိုအရိုးပုံမှ လူသတ်စွမ်းအင်များ ထုတ်လွှတ်နေသည်ကို တွေ့ရမည်ဖြစ်၏။
“ရှေးဟောင်းသားရဲကြီးနဲ့ နတ်ငှက်ရဲ့ အရိုးတွေလား” ရှီဟောင် ထိတ်လန့်သွားရ၏။
နတ်ဘုရင်များနှင့် ကောင်းကင်ဘုံနတ်ဘုရားများအားလုံး ဤနေရာတွင် မြှုပ်နှံခံလိုက်ရပြီး သူတို၏ အရိုးများမှာလည်း ပျက်စီးသွားပြီဟု သူကြားထားခြင်းပင်။
“အရိုးစာသားတွေက ပျက်သွားပြီ” လိပ်နက်ပြောလိုက်၏။
ရှီဟောင် ခေါင်းညိမ့်ပြလိုက်သည်။ ထိုအရိုးများသည် သင်္ကေတများမရှိတော့သောကြောင့် စွမ်းအားကြီးသောပစ္စည်းအဖြစ်ပြောင်း၍မရတော့ပေ။ သူတို့၏ အကြမ်းခံမှုသာ အသုံးဝင်တော့သည်။
“မင်း အဲဒီယဇ်ပုလ္လင်ပေါ်က အရိုးတွေကို လိုချင်လို့လား” လိပ်ကြီး၏ မျက်လုံးများတွင် သူခိုးအကြည့်များပေါ်လာပြီး သွားရည်များပင် ကျလာနေလေပြီ။
ထို ယဇ်ပုလ္လင်ပေါ်တွင် ရှိနေသည့်အရိုးများမှာ အခြားအရိုးများနှင့် မတူပေ။ အချို့သည် ရွှေရောင်တောက်ပနေပြီး လက်မောင်းရိုးတစ်ခုသည် စွမ်းအားကြီးသည့်သင်္ကေတများ တောက်ပနေ၏။ ထိုအရိုးများဖြင့် အဆင့်လွန်ရတနာများ ပြုလုပ်၍ရသည်။
ထို့အပြင် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသည့် ဦးခေါင်းခွံတစ်ခုလည်း ရှိနေ၏။ ထိုအရိုး၏ မျက်လုံးပေါက်မှာအလွန်နက်ပြီး စကားလုံးဖြင့်ဖော်ပြ၍မရနိုင်အောင်ပင် ထူးခြားလှသည်။ ထိုအရိုးကို စိုက်ကြည့်လိုက်ပါက ကိုယ့်ဝိဉာဉ်ကို ဆွဲငင်နေသလိုပင် ခံစားရ၏။
ထို ယဇ်ပုလ္လင်ပေါ်တွင် သွေးရောင်လွှမ်းနေဆဲဖြစ်သည့် မျက်လုံးတစ်လုံးရှိသေးသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း ထိုမျက်လုံးသည် ခန်းခြောက်မသွားပဲ ကြောက်စရာကောင်းနေဆဲပင်။
နောက်ဆုံးတစ်ခုမှာ ရှီဟောင်အလိုရှိနေသည့် မူလရှေးဟောင်းမှတ်တမ်း အစိတ်အပိုင်းပင်။ သူသာထိုအစိတ်အပိုင်းကို ရလိုက်ပါက ဝိဉာဉ်တစ်သောင်းသင်္ကေတ ပြည့်စုံသွားပြီဖြစ်၏။
“ဒီမှာ ဘာအန္တရာယ်မှ မရှိလောက်ဘူးမလား” လိပ်နက်မေးလိုက်၏။ သူသည် သေရမည်ကို အလွန်ကြောက်သည့်ကောင်ပင်။ ဤနေရာသို့ ဝင်ပြီးသွားသည်နှင့် သူသည် ရှီဟောင်အနောက်တွင် ပုန်းနေပြီး ခေါင်းလေးသာ ထွက်ထားသည်။
“မင်းခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ အခွံမာကြီးရှိတာကို မင်းက ဘာကို ကြောက်နေတာလဲ … ငါက မင်းကို ဒိုင်းကာအနေနဲ့သုံးဖို့ စဉ်းစားနေတာ” ရှီဟောင် ပြောလိုက်၏။
“ငါ့ရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ အမွှေးတွေတောင် ထောင်ကုန်ပြီ … မင်းငါ့ကို ဒီလိုမျိုး မခြောက်ပါနဲ့”
သူသည် သတိကြီးကြီးထားကာ နေနေလေ၏။
“မင်းမှာ အမွှေးတွေရှိလို့လား” ရှီဟောင်သည် လိပ်ကြီးကို ကြည့်ကာ ပြောလိုက်၏။ သူသည်လည်း သတိထားနေရသည်။ မည်ကဲ့သို့ပင် ကြည့်ကြည့် ဤနေရာသည် အတိတ်နမိတ်မကောင်းဟု သူခံစားနေရ၏။
ကောင်းသည့်အချက်တစ်ချက်မှာ ဤနေရာသည် အလွန်တိတ်ဆိတ်နေပြီး နတ်ငှက်များနှင့် ရက်စက်သော သားရဲကြီးများ မရှိပေ။ ဤနေရာသည် သန့်စင်သော မြေနှင့်တူသည်။
ရှီဟောင် အရှေ့သို့ လျှောက်သွားလိုက်၏။ ထို့နောက် သူ၏ခြေလှမ်းတိုင်း လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်နေသည့် လိပ်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ၏အရှေ့သို့ ဆွဲယူကာ ဒိုင်းအဖြစ်အသုံးပြုလိုက်သည်။
“လိပ်သတ်သမား … ကယ်ကြပါဦး … မင်းဒီလိုလုပ်လို့ မရဘူးလေ”
“ပါးစပ်ပိတ်ထား”
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တင်းမာသွားသွားကာ သူ၏အရေပြားမှာလည်း ကြေးနီကဲ့သို့ပင် မာကျောသွားသည်။
ယဇ်ပုလ္လင်အောက်တွင် သားရဲကြီးများနှင့် နတ်ငှက်၏ အရိုးများ ရှိနေသည်။ ထိုအရိုးများသည် သင်္ကေတများမရှိတော့ပဲ အဖိုးတန်သည့် ပစ္စည်းများ ပြုလုပ်၍မရတော့သော်လည်း သူတို့တွင် ဖော်ပြ၍ မရနိုင်သည့် ထူးဆန်းသည့်စွမ်းအားများ ရှိနေသေးသည်။
“ကြောက်စရာကောင်းလိုက်တာ … သူတို့အားလုံး သေဆုံးသွားပြီး ဒါတွေက သူတို့ကျန်ခဲ့တဲ့စွမ်းအားတွေဆိုပေမယ့် အားကောင်းနေသေးတယ် … သူတို့သာ အသက်ရှင်သေးရင် ဘယ်လောက်တောင် စွမ်းအားကြီးနေမလဲမသိဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
“အဆင့်မြင့်နယ်မြေက တစ်ချို့ ကျွမ်းကျင်သူတွေက ရှေးခေတ်စစ်ပွဲမှာ တက်သွားတာဆိုတော့ ဒီအရိုးတွေက အဲဒီအချိန်တုန်းက သေသွားတဲ့ ကျွမ်းကျင်သူပဲ ဖြစ်ရမယ်” လိပ်နက်ပြောလိုက်သည်။
ရှီဟောင် ဘာမျှ မပြောပေ။ လိပ်နက်ကြီးပြောသည့်အတိုင်းသာဆိုလျှင် ဤနေရာတွင်ရှိနေသည့် အရိုးများသည် ပို၍ပင် ကြောက်စရာကောင်းသေးသည်။
သူ ဘေးပတ်လည်ကို သေချာကြည့်လိုက်သည့်အချိန်တွင် မည်သည့်သင်္ကေတ၊ မည်သည့် အစီအရင်မှ မတွေ့ရသောကြောင့် သက်မချလိုက်၏။ ထို့နောက် သူ၏ လက်မှ အလင်းတန်းတစ်ခုကို ထိုယဇ်ပုလ္လင်ထံသို့ ပို့လွှတ်လိုက်သည်။
သူ ထိုအရာကို တိုက်ရိုက်မထိရဲပေ။ သူသည် မူလရှေးဟောင်းမှတ်တမ်းကို အရင်ယူလိုက်သည်။ ထိုအရိုးကို ယူပြီးမှ ကျန်သည့်အရိုးသုံးခုကိုယူလည်း နောက်မကျသေးပေ။
အနီရောင်ငှက်လေးပေါ်လာပြီး ထိုယဇ်ပုလ္လင်ပေါ်တွင် ခိုနားလိုက်ကာ တောက်ပနေသည့် အရိုးဖြူလေးကို ကိုက်ချီကာ ရှီဟောင်အနားသို့ ပြန်လာလိုက်သည်။
“ဘာမှမဖြစ်ဘူး … ဘာအန္တရာယ်မှ မရှိဘူးပေါ့” လိပ်နက်ကြီးသည် ပျော်ရွှင်စွာ ပြောလိုက်၏။
သို့သော် သင်္ကေတမှ ဖြစ်လာသည့် ထိုငှက်လေး သူ့ထံသို့ ပြန်လာသည့်အချိန်တွင် သွေးများပေနေသော ထိုမျက်လုံးသည် သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် ရှီဟောင်၏ သွေးများပင် အေးခဲသွားသည်။
ထိုမျက်လုံးသည် လူမျက်လုံးမဟုတ်ပေ။ သူ၏ အရွယ်အစားသည် လူမျက်နှာလောက်ရှိပြီး သူ၏ မျက်နှာပြင်တွင်ရှိနေသည့်သွေးများပင် မခြောက်သေးပေ။
ရှီဟောင်သည် လက်ကို မြှောက်လိုက်ကာ ငှက်လေးထံမှ အရိုးဖြူကို ယူလိုက်ပြီး ထိုနေရာမှ ချက်ချင်းထွက်သွားလိုက်သည်။
ထိုအချိန်တွင် လိပ်နက်ကြီးသည်လည်း ထိုမျက်လုံးရွေ့နေသည်ကို သတိထားမိသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
” အဲဒီမျက်လုံးကြီး ငါ့ကို ကြည့်နေတယ်”
သူ့ထံတွင် မွှေးညှင်းပေါက်များမရှိသော်လည်း ကြက်သီးထသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ အရွယ်အစားမှာ သေးငယ်သွားပြီး ရှီဟောင်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
ရှီဟောင် ဒေါသတကြီး အံကြိတ်လိုက်ပြီးနောက် သူ့ကို ဖမ်းဆွဲလိုက်ကာ ထိုနေရာမှ ပျံထွက်သွားသည်။
“သူငါ့ကို ကြည့်နေတယ် … သူရဲ့ အကြည့်တွေက အရမ်းစူးရှတာပဲ … ငါ့ဝိဉာဉ်တောင် လွင့်ထွက်သွားပြီလို့ ခံစားလိုက်ရတယ်” လိပ်နက်ကြီးမှာ ကြောက်ရွံ့နေလေ၏။ သူသည် ထိုမျက်လုံးထံမှ အကြည့်လွဲလိုက်ပြီဖြစ်သော်လည်း ထိုအကြည့်ကို ခံစားမိနေသေးသည်။
ရှီဟောင်သည် ကြောက်လန့်နေရ၏။ သူ လှည့်ထွက်လာသည်မှာ ကြာနေပြီဖြစ်သော်လည်း ထိုမျက်လုံးသည် သူ့ကို စိုက်ကြည့်နေဆဲဟု သူခံစားနေရသည်။ အတိအကျပြောရလျှင် သူ၏ ဝိဉာဉ်ကို စိုက်ကြည့်နေခြင်းပင်။
ရှီဟောင်သည် ခွန်ပန်ဖြင့် မြန်မြန်သွားနေပြီး ကောင်းကင်ကိုဖောက်ထွက်သွား၏။ သူသည် ဤနေရာတွင် တစ်စက္ကန့်မျှ မနေချင်ပေ။ ဤနေရာသည် ထူးဆန်းပြီး ကြောက်စရာကောင်းလွန်းလှသည်။
သို့သော် လေထဲတွင် အသံအကျယ်ကြီး ပေါ်လာပြီး သူပင် သတိလစ်သွားမတတ် ဖြစ်သွား၏။ သူ၏ ပါးစပ်နှင့်နှာခေါင်းမှ သွေးများထွက်လာပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
သူ၏အနောက်တွင် ရှိသည့် ယဇ်ပုလ္လင်သည် ယိမ်းထိုးနေပြီး ထူးဆန်းသည့် အားများလည်း ထွက်နေသည်။
“အဲဒါက ဘာကြီးလဲ… ခွန်ပန်ထွက်လာတဲ့အချိန်တုန်းကတောင်မှ ဒီလောက် ကြောက်စရာမကောင်းဘူး ဟုတ်တယ်မလား … ရှေးဟောင်းသားရဲတစ်ကောင်ကို ဒီမှာ ချိတ်ပိတ်ထားတာလား”
လိပ်နက်ကြီးသည် ကြောက်လန့်တကြား အော်ပြောလိုက်၏။
သူတို့အနောက်တွင်ရှိသည့် ယဇ်ပုလ္လင်မှ အနက်ရောင်အလင်းလှိုင်းများထွက်ပေါ်လာပြီး သူတို့ထံသို့ ဦးတည်လာနေ၏။ ထိုအလင်း၏ လမ်းကြောင်းတွင်ရှိနေသည့် ကျောက်တုံးကြီးများ ရှေးသစ်ပင်များနှင့် အခြားအရာများအားလုံး တစ်စစီဖြစ်သွားသည်ကို သူတို့ တွေ့လိုက်ရ၏။
ရှီဟောင်သည် အနောက်သို့ တစ်ခေါက်လှည့်ကြည့်လိုက်သည်နှင့် ထိုအလင်းတန်းသည် ခုခံနိုင်ရန်အတွက် ခက်ခဲလွန်းသည်ဟု ခံစားလိုက်ရ၏။ နတ်မီးတောက်ရှိသောသူအတွက်ပင်လျှင် လွယ်ကူမည်မဟုတ်။ သူသည် တတ်နိုင်သမျှ မြန်မြန်ပျံသန်းသွားလိုက်ပြီး ထိုအလင်းရောင်၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် အဆင့်လွန်မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုမှော်ပစ္စည်းသည် အနက်ရောင်အလင်းတန်းကို နည်းနည်းမျှပင် မဟန့်တားနိုင်ပဲ ချက်ချင်းပင် ပြာဖြစ်သွားလေ၏။
ထိုအလင်းလှိုင်းသည် ရှီဟောင်ထံသို့ မရောက်သေးသော်လည်း သူ သွေးအန်နေရပြီဖြစ်သည်။ သူ၏ ဒွါရပေါက် ၇ ခုလုံးမှ သွေးထွက်နေပြီး သူ၏အရိုးမှလည်း တဂျွတ်ဂျွတ်အသံများ ထွက်နေလေသည်။ အလွန်ကြောက်စရာကောင်းသည့် ပုံစံမရှိသည့် ဖိအားတစ်ခု ရှိနေလေ၏။
သူသည် ဤမျှ အားပြင်းသည့်စွမ်းအားမျိုးကို မကြုံဖူးခဲ့ပေ။ သူသာ ထိုလှိုင်းနဲ့ ရိုက်ခတ်မိပါက သူ၏ ခန္ဓာကိုယ်နှင့်စိတ်ဝိဉာဉ်သည် ပျက်စီးသွားမည်မှာ သေချာသည်။
ထို့အပြင် ယခုအချိန်တွင် သူ၏အရှေ့တွင် ရှိနေသည့် ကောင်းကင်ဘုံနတ်ဘုရားများနှင့် နတ်ဘုရင်များအားလုံး အော်ဟစ်လိုက်ကြ၏။ ရွှေရောင်အတောင်ပံပန်၊ ဟုန်၊ တိုတိုင်းနှင့် အခြားသားရဲကြီးများအားလုံး နိုးကြားသွားကြသည်။
သူတို့သည် လူသားအသိဉာဏ်မရှိသော်လည်း သူတို့ကို တစ်ခုခုမှ ထိန်းချုပ်ထားသကဲ့သို့ပင် ရှီဟောင်ထံသို့ သတ်ဖြတ်လိုစိတ်ပြင်းစွာဖြင့် ပြေးလာကြ၏။
လိပ်နက်ကြီး၏ မျက်နှာမှာအစိမ်းရောင် ဖြစ်သွားပြီး သူ၏ ခြေထောက်နှင့် လက်များလည်း တုန်ယင်နေသည်။ သူတို့ အခု ဘယ်လိုလုပ် လွတ်နိုင်တော့မှာလဲ… ပွဲသိမ်းရိုက်ချက်ဖြစ်တော့မည်လား…
“အဲဒီအရိုးကို မြန်မြန်လွင့်ပစ်လိုက် … မဟုတ်ရင် ငါတို့ သေမှာ သေချာတယ်” သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ရှီဟောင်သက်ပြင်းချလိုက်သည်။ သူယခုအချိန်လွင့်ပစ်လိုက်လျှင်ပင် မမှီတော့ပေ။ ထိုသူများ သူ့ထံသို့ ရောက်တော့မည်ဖြစ်၏။
သူ၏ ခွန်ပန်သည် ကမ္ဘာပေါ်ရှိ အရှိန် အမြန်ဆုံးထဲမှ တစ်ခုပင်ဖြစ်သည်။ သို့သော် ထိုအလင်းနက်သည် သူ့ကို မှီတော့မည်။ သူ၏မျက်လုံးသည် သွေးများ အဆက်မပြတ်ထွက်နေသောကြောင့် အမြင်များပင် မှုန်ဝါးနေပြီဖြစ်သည်။
သူ၏ ဒွါရ ၇ ပေါက်မှ သွေးထွက်နေယုံသာမက ခန္ဓာကိုယ်လည်း တစ်စစီ ဖြစ်နေသလိုပင် ခံစားရ၏။
လိပ်နက်လည်း ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ သူသည် အခွံထဲသို့ ပြန်ဝင်သွားသော်လည်း သူ၏ အခွံမှ အသံများထွက်ပေါ်လာပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။
ဝုန်း… တိုတိုင်းတစ်ကောင် ရုတ်တရက်ပေါ်လာပြီး သူတို့ကို တိုက်မိတော့မည်။
တည်ငြိမ်နေသော ယဇ်ပုလ္လင်က ဤကဲ့သို့ အလွန် အန္တရာယ်များသော အခြေအနေဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရှီဟောင်သည် အဖိုးတန်ကြေးနီဘူးကို ဖွင့်လိုက်ပြီး ထိုအထဲသို့ ဝင်ပြေးလိုက်၏။ သူထပ်ပြီး မပျံသန်းနိုင်တော့ပေ။
ထိုအချိန်တွင် အဖိုးတန်းဘူးလည်း ပိတ်သွားပြီး သူလည်း ထူးဆန်းသည့်ဖိအားကို မခံစားရတော့ပေ။
“ဒါက ဘယ်နေရာလဲ” လိပ်နက်ကြီးသည် ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လှည့်ပတ်ကြည့်နောက် ရုတ်တရက် ထအော်လိုက်သည်။
” ဒီမှာ မိန်းကလေးတစ်ယောက်ရှိနေတယ် … ဒီနေရာက ချစ်ရတဲ့အမျိုးသမီးအတွက် တည်ဆောက်ပေးထားတဲ့ အိပ်ပဲ”
နတ်သမီးယွဲ့ချန်လည်း ဤနေရာတွင် ရှိနေ၏။ သူမကို အင်ပါယာနန်းတော်တွင် ထားခဲ့ရမည်ကို စိတ်မချသောကြောင့် ရှီဟောင် သူမကို ခေါ်လာခြင်းပင်။ သူမသာ ထွက်ပြေးလွတ်မြောက်သွားပါက ပြဿနာ တစ်သီတစ်တန်းကြီး ပေါ်လာလိမ့်မည်။
ယွဲ့ချန်၏ ကိုယ်ပွားသည် ရှီဟောင်သည် သွေးအလိမ်းလိမ်းဖြင့် ခုန်ဝင်လာသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ထိတ်လန့်သွားရ၏။ ကျောက်တုံးလေးကဲ့သို့ စွမ်းအားကြီးသောသူပင်လျှင် ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာရခဲ့လေသည်။
ပေါက်ကွဲတော့မည့် လိပ်ကြီးကို တွေ့လိုက်ရသည့်အချိန်တွင် သူမ ပို၍ အံ့ဩသွားသည်။
ရှီဟောင်သည် ဘူးအထဲသို့ ရောက်သည်နှင့် ဘာမျှမပြောပဲ ကျောက်စိမ်းကဲ့သို့ တောက်ပြောင်နေသည့် နေကြာစေ့လက်တစ်ဆုပ်စာ ယူလိုက်ပြီး ပါးစပ်ထဲသို့ လေး ငါးစေ့ခန့် ပစ်ထည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောက်ပလာပြီး နတ်အားများ ထွက်လာကာ သူ၏ ဒဏ်ရာများသည် လျင်မြန်စွာပင် ပြန်ကောင်းသွား၏။
“ဒါက နတ်ဆိုးနေကြာစေ့တွေ မင်း … ဒါက ကောင်းကင်ကို ဆန့်ကျင်တာပဲ … မင်း ဒီလိုပစ္စည်းမျိုးကိုတောင် စားရဲတယ်ပေါ့ … ဒါတွေအားလုံးက အဆင့်လွန်သူတွေရဲ့ မျိုးဆက်တွေပဲ” လိပ်နက်ကြီးသည် တစ္ဆေသရဲမြင်တွေ့လိုက်ရသကဲ့သို့ပင်။ သူသည် ပါးစပ်အပြည့်သွေးများအန်ထွက်လာပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် ရှီဟောင်ကို ကြည့်လိုက်သည်။
ရှီဟောင်သည် လိပ်နက်ထံသို့ လေး ငါးစေ့ခန့် ပစ်ပေးလိုက်သည်။ ထိုပမာဏသည် သူ၏ ခန္ဓာကိုယ် ပြန်ကောင်းလာရန်အတွက် လုံလောက်ပေ၏။
လိပ်ကြီးသည် လျှာသပ်လိုက်ကာ ထိုနေကာစေ့များကို အငမ်းမရပင် စားသုံးလိုက်သည်။ နတ်ဆိုးနေကြာဥယျာဉ်သည် အဆင့်မြင့်နယ်မြေတွင် ဂုဏ်သိက္ခာရှိသည့် နေရာတစ်ခုဖြစ်သောကြောင့် သူ၏ အစေ့များကို မည်သူက စားရဲမည်နည်း။
သူ နည်းနည်းတည်ငြိမ်သွားသည်နှင့် ရှီဟောင်သည် ပျက်စီးနေသော အရိုး ၃ ခုကို ထုတ်ယူလိုက်၏။ သူ မဆက်ခင်မှာပင် ထိုအရိုးများမှာ မူလရှေးဟောင်းအလင်းများ ထွက်ပေါ်လာပြီး သူတို့အချင်းချင်းပင် ပြန်ဆက်သွားပြီး ဆက်တိုက် တုန်ခါလာသည်။
ဤအရိုးသည် တောက်ပနေကာ မည်သည့်အက်ကွဲကြောင်းမှ မရှိသည်ကို တွေ့လိုက်ရသည့်အခါ ရှီဟောင် အံ့အားသင့်သွား၏။
ဤအရိုးသည် ထူးဆန်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ထူးဆန်းလှ၏။
ဤအရိုးကို ဘယ်သူ ဖျက်ဆီးခဲ့သလဲ … ဘယ်လိုလုပ် ပျက်စီးခဲ့သလဲ…
စေတီလေးပင်လျှင် ဤအရိုးကို လိုချင်နေခဲ့သည်။
ထိုအချိန်တွင် အဖိုးတန်ဘူးသည် ပြင်းထန်စွာ တုန်ခါသွားပြီး အထဲတွင်ရှိနေသောသူများသည် တုန်လှုပ်သွားကြသည်။
နောက်ဆုံးတွင် ထိုအဖိုးတန်ဘူးသည် ဖောက်ထွင်းမြင်နိုင်ပြီး သူတို့ အပြင်ဘက်ကမ္ဘာကို မြင်လိုက်ရသည်။ ဖောက်ထွင်းမြင်နိုင်နေပြီဖြစ်သောကြောင့် ထိုဘူးလေး ပျက်စီးသွားတော့မည်ဖြစ်သည်။
“ဘာ” ရှီဟောင် ထိတ်လန့်သွားသည်။
ထို ကြေးနီနံရံကြီး ဖောက်ထွင်းမြင်လိုက်ရသည့်အချိန်တွင် သူတို့ မြင်လိုက်ရသည်မှာ ကျောက်သလင်းဦးခေါင်းခွံသည် အဖိုးတန်ကြေးနီဘူးကို ထိုင်ဝါးနေလေသည်။
ထိုဦးခေါင်းခွံအရိုးမှာ ယဇ်ပုလ္လင်ပေါ်တွင် တွေ့ခဲ့သည့် အရိုးပင်။
ထိုဦးခေါင်းခွံအရိုးအပြင် ထိုအနက်ရောင် အလင်းလှိုင်းသည်လည်း အဖိုးတန်ဘူးကို ဖျက်ဆီးကာ အထဲသို့ ဝင်ရောက်လာတော့မည်ဖြစ်သည်။
“ငါတို့တော့ သွားပြီ … ဒီ နတ်လိပ်ကြီးက အကြာကြီးတောင် မနေရသေးဘူး အခုတော့ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်ကြီးက ဖျက်ဆီးခံရတော့မယ်” လိပ်ကြီးသည် သနားစဖွယ်ပင် ငိုနေလေ၏။
ယွဲ့ချန်၏ အမူအရာလည်း ပြောင်းလဲသွား၏။ သူ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးပေ။ ဤထူးဆန်းသည့် ဦးခေါင်းခွံကြီး လာတိုက်ရလောက်အောင် ကျောက်တုံးလေး ဘာတွေများ လုပ်ခဲ့သလဲ။
ထိုအချိန်တွင် ဝိဉာဉ်တစ်သောင်းသင်္ကေတသည် အလင်းတန်းများ ထွက်လာပြီး တိုတိုင်း၊ ဇာမဏီငှက်၊ ဟုန်နှင့် အခြားအကောင်များ ထွက်လာသည်။
အရိုးသည် တစ်ဖြည်းဖြည်းကြီးလာပြီး ပန်းချီကားချပ်တစ်ခုလိုပင် လေထဲတွင် ပေါလောပေါ်နေ၏။
ကြေးနီဘူးအပြင်ဘက်တွင် အရိုးခေါင်းနှင့် အနက်ရောင်လှိုင်းသည် တစ်ခုခုကို အာရုံခံမိသွားသလိုမျိုး ဖြစ်သွား၏။ တစ်ခဏမျှ တွေဝေသွားပြီးသည့်နောက်တွင် မထင်မှတ်စွာပင် သူတို့ အနောက်ပြန်ဆုတ်သွားကြလေသည်။
ရှီဟောင် အသိစိတ်ပြန်ဝင်လာသည့်အချိန်တွင် အချိန်မည်မျှ ကြာသွားမှန်း မသိလိုက်ပေ။ ထိုအရိုးသည် သူ၏ လက်ထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် မည်သည့် အလင်းရောင်မျှ ထွက်မနေတော့ပေ။
“ဝိဉာဉ်တစ်သောင်းသင်္ကေတမှာ ဒီလိုမျိုး ထူးဆန်းတဲ့အားလည်း ရှိတယ်လား” ရှီဟောင်သည် လုံးဝပင် ထိတ်လန့်သွားရ၏။
အသက်ဘေးမှ လွတ်မြောက်သွားသောကြောင့် လိပ်ကြီးသည် အသံပေါင်းစုံဖြင့် အော်ဟစ်နေပြီးမျက်ရည်များပင် ကျမတတ်ပင်။
ဤမျှလောက်ထိ သေရမှကြောက်သော အဆင့်လွန်ကျွမ်းကျင်သူကို သူမတွေ့ဖူးသေးပေ။
နတ်သမီးယွဲ့ချန်လည်း ထိတ်လန့်သွားရ၏။ သူမသည် ရှီဟောင်နှင့် အရိုးဖြူကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးတွင် အလင်းတန်းများ ဖြတ်ပြေးသွားလေသည်။ သူမဘာတွေးနေသည်ကို သူမသာ သိနိုင်လိမ့်မည်။
“ဒီနေရာက မြန်မြန်ထွက်သွားရအောင် … ငါ ဒီအနောက်ဘက်အုတ်ဂူကမ္ဘာမှ တစ်စက္ကန့်လေးတောင် မနေချင်တော့ဘူး … ဒီလိပ်ကြီးက အရမ်းကြောက်နေပြီ … ဒီမှာ မသေချင်ဘူး” လိပ်နက်ကြီး ပြောလိုက်၏။
ရှီဟောင် ကြေးနီဘူးထဲမှ ထွက်လာသောအချိန်တွင် အပြင်ဘက်ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်နေပြီဖြစ်သည်။
ရှီဟောင်သည်လည်း တုန်လှုပ်နေသည်ပင်။ သူသည် လိပ်နက်ကြီးကို ခေါ်ကာ အနောက်ဘက်အုတ်ဂူမှ ထွက်ခဲ့လိုက်၏။ သူ၏ လက်ထဲတွင် ရှိနေသည့် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ကြည့်ပြီး ရေရွတ်လိုက်သည်။
“ဒါက ငါအဆင့်နိမ့်နယ်မြေကနေ မထွက်ခင်ရတဲ့ အကောင်းဆုံးလက်ဆောင်ပဲ”
“ရှီဟောင် မင်းတို့ ပြန်လာပြီလား … ဘာတွေဖြစ်နေတာလဲ … ကမ္ဘာကြီးအဆုံးသတ်တော့မှာ ကျနေတာပဲ … အဲဒီအနောက်ဘက်အုတ်ဂူကမ္ဘာကနေ အလင်းတွေထွက်လာတာက အရမ်းကြောက်ဖို့ကောင်းတာပဲ” ရှောင်ထျန်း ပြောလိုက်၏။
“ဒီနေရာမှာ ထူးဆန်းတဲ့ဟာတွေ အများကြီးပဲ … နောက်တစ်ခေါက်ကျရင် ဒီကို မလာခဲ့နဲ့”
ရှီဟောင်ပြောလိုက်၏။ သူသည် ဝိဉာဉ်တစ်သောင်းသင်္ကေတမှလွဲ၍ သူတို့ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ပြောပြလိုက်သည်။ ဤကဲ့သို့ ပစ္စည်းအကြောင်း မပြောတာက ပိုကောင်း၏။ မဟုတ်ပါက မည်ကဲ့သို့ ကပ်ဘေးဖြစ်လာနိုင်သည်ကို သူ မသိနိုင်ပေ။
သူသည် သံသယများရှိနေသောကြောင့် သားရဲတောင်သို့ နောက်တစ်ခေါက်ပြန်သွားလိုက်၏။ ထိုအနောက်ဘက်အုတ်ဂူကမ္ဘာ မည်သည့်အချိန်တွင် ပေါ်လာခဲ့သည်ကို ထိုနေရာတွင်ရှိနေသော သူများကို မေးလိုက်၏။
နောက်ဆုံးတော့ သူသိချင်နေသည့် အဖြေကို သိခဲ့ရပြီ။
ယခင်က ထိုနေရာသည် သင်္ချိုင်းတစ်ခုသာ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် ကမ္ဘာတစ်ခု ဖြစ်နေပြီဖြစ်သည်။
“ထင်ထားတဲ့အတိုင်းပဲ … ဒီနားမှာ အရမ်းထူးဆန်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိရမယ် … မဟုတ်ရင် ကမ္ဘာတစ်ခုကို ဖန်တီးလို့ ရမှာ မဟုတ်ဘူး” လိပ်နက်ကြီး ပြောလိုက်၏။
ရှီဟောင်သည် အားလုံးကို ခေါ်ကာ ထိုနေရာမှ ထွက်သွားလိုက်သည်။