သုခကမ္ဘာက ရှီဟောင် - Chapter - 747 အဆင့်လွန်လူသားပြန်လည်ရှင်သန်ခြင်းလုပ်ငန်းစဉ်
ရှီဟောင်သည် ထိုယဇ်ပုလ္လင်ကို ပတ်လျှောက်လိုက်သည့်အချိန်တွင် စိတ်မသက်မသာ ခံစားလိုက်ရ၏။ ထိုနေရာသည် အလွန်တောက်ပနေပြီး ပုံမှန်မဟုတ်ပေ။
ထိုယဇ်ပုလ္လင်သည် အနီရင့်ရောင်ဖြစ်ပြီး မျက်နှာပြင်တွင် ဓားခြစ်ရာများ ရှိနေသည်။ ထိုအရာကို သုံးရန်အတွက် စတေးမှုများ လိုအပ်ပြီး ထိုနေရာတွင် သွေးနံ့များ ရနေ၏။ ဤယဇ်ပုလ္လင်ကို မူလအနေအထားအတိုင်း ထိန်းသိမ်းရန်အတွက် အသက်များစွာ လိုအပ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
“ဒါက မင်းအတွက် အကျိုးရှိလား” ရှီဟောင် နူးညံ့စွာ မေးလိုက်သည်။ သူ၏ ညီလေးနှင့် လေးလေးနက်နက်ပြော၍မရသည့် အကြောင်းအရာများရှိသည်။ ထို့အပြင် သူတို့နှစ်ယောက်ကြားတွင် ဖြေရှင်းမရနိုင်သည့်ပြဿနာများ ရှိနေသေး၏။
“ဒါက ကျွန်တော့်ရဲ့ လမ်းကြောင်းပါ … ကျွန်တော့်ရဲ့ တာအိုကို အစ်ကို နားလည်မှာမဟုတ်ဘူး … ဘယ်သူမှ မသိခင် ဒီနေရာကနေ မြန်မြန်ထွက်သွားလိုက်ပါ” ချင်းဟောင်သည် မတုန်မလှုပ်ပင် ပြောလိုက်၏။
“ဒီယဇ်ပုလ္လင် အဆင့်မြင့်နယ်မြေနဲ့ ချိတ်ဆက်နိုင်တယ် မလား” ရှီဟောင် မေးလိုက်သည်။
“ဟုတ်တယ်” ချင်းဟောင် ပြန်ပြောလိုက်၏။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရားချုပ်နှောင်ခြင်းတိုက်ပွဲသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ ဆက်သွယ်ချက်ကို ဖျက်ပစ်ပြီးသွားပြီကို ဘယ်လိုလုပ် ဒီမှာ ကျန်နေသေးတာလဲ။
“စိတ်မပူပါနဲ့ … ဒါက အစ်ကို့ကို တိုက်ဖို့အတွက်မဟုတ်ဘူး … ကျွန်တော့်ရဲ့ အရိုးနဲ့ အသွေးအသားတွေကို အာဟာရပြုဖို့အတွက်ပဲ … အစ်ကိုနဲ့မဆိုင်ဘူး… ပြီးတော့ ဒီကနေပြီးတော့ ဘယ်သူမှလည်း ဆင်းလာလို့မရဘူး” ချင်းဟောင် အေးစက်စွာ ပြောလိုက်သည်။
ဘာကိစ္စပဲရှိရှိ ချင်းဟောင်သည် သူ၏စိတ်ကို ပြောင်းလဲတော့မှာ မဟုတ်မှန်း ရှီဟောင်သိသည်။ ရှီဟောင် ခေါင်းညိမ့်ပြလိုက်ပြီး သေဆုံးခြင်းစွမ်းအားများ ပါဝင်နေသည့် လျှပ်စီးသစ်သီးကို ထုတ်ကာ ပြောလိုက်၏။
” ဒါက မင်းအတွက် … မင်းလျှပ်စီးတာအိုကို လေ့ကျင့်ရင် ဒါက မင်းအတွက် အကျိုးပြုလိမ့်မယ်”
ချင်းဟောင်သည် တစ်ခဏမျှ တွေဝေနေပြီးနောက် ‘ကောင်းပြီလေ’ ဟုပြောကာ ထိုအသီးကို ယူလိုက်သည်။
သူ ထိုအသီးကို အလောတကြီးစား၍မရကြောင်း၊ စွမ်းအင်များကို စုပ်ယူသည့်အချိန်တွင် ဂရုစိုက်ရန်လိုကြောင်း ရှီဟောင် သူ့ကို သတိပေးလိုက်၏။ လိုအပ်လျှင် သူ၏ခန္ဓာကိုယ်အတွင်း ပြန်ပြင်သည့်အချိန်တွင် သူကူညီပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။
ချင်းဟောင်းသည် ခေါင်းခါကာ သူ၏ အကူအညီကို လက်မခံပေ။
ရှီဟောင်သည် ထာဝရတောင်ရှိလူများကို ခြောက်လှန့်မနေတော့ပဲ ကိုယ်ကိုလှည့်လိုက်ကာ ပိုးကောင်အဖြစ်သို့ ပြောင်းလိုက်ပြီး သူလာရာလမ်းအတိုင်း ပြန်လှည့်ထွက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နတ်မီးတောက်ရှိသည့် သူများအားလုံးသည် ဤထာဝရတောင်မှ ပျောက်ကွယ်သွားပြီဖြစ်သည်။
ထို့နောက် ရှီဟောင်သည် ပျက်သုန်းခြင်းနယ်မြေသို့ ပြန်လာပြီး အင်ပါယာနန်းတော်၏ ရှေးဟောင်ယဇ်ပုလ္လင်ကို အသုံးပြုကာ ကျောက်တုံးကျေးရွာသို့ တိုက်ရိုက်သွားလိုက်၏။
မိုးမခနတ်ဘုရားသည် ဤနေရာတွင် အစီအစဉ်ပြုလုပ်ခဲ့ပြီး ရွာအတွင်းတွင်လည်း အပြင်ဘက်ကမ္ဘာကို တိုက်ရိုက်ဆက်သွယ်နိုင်သည့် ယဇ်ပုလ္လင်ရှိသောကြောင့် ရှီဟောင် သွားလိုက်လာလိုက်လုပ်ရန်အတွက် အဆင်ပြေသည်။
“သူက ထာဝရတောင်ကို ပြန်သွားတယ်လို့ ပြောလိုက်တာလား” ရှီကျီလင်း မျက်မှောင်ကြုတ်လိုက်၏။
ချင်းရိနင်၏ လှပသော မျက်ခုံးများလည်း ကျုံ့သွားသည်။ သူမ၏ ဒုတိယသား ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာ သူမ သိသည်။ ဤသို့ ပြုလုပ်ခြင်းသည် သူ၏ တိုးတက်ရေးအတွက် ကောင်းမွန်သော်လည်း သူသည် ထာဝရတောင်နှင့် ဖြတ်တောက်၍မရသည့် ဆက်ဆံရေးတစ်ခု တည်ဆောက်သွားလိမ့်မည်။
ဤအချိန်အတောအတွင်းတွင် ဇနီးမောင်နှံနှစ်ယောက်လုံးသည် ကျောက်တုံးကျေးရွာတွင် နေပြီး တည်ငြိမ်မှုနှင့် ငြိမ်းအေးမှုကို ခံစားနေကြခြင်းပင်။ သူတို့အတွက် ဤနေရာသည် လှပပြီး ရှားပါးသည့် နေရာတစ်ခုဖြစ်သည်။
သူတို့၏ ငြိမ်းချမ်းသည့် နေ့ရက်များ ကုန်ဆုံးပြီး သူတို့ ထာဝရတောင်သို့ အလည်သွားရမည့်အချိန်ရောက်နေပြီဖြစ်ကြောင်း သူတို့သိသည်။ မဟုတ်ပါက သူတို့ စိတ်ချမ်းသာရမည် မဟုတ်။
“ဦးလေးဟောင် .. ပြန်လာပြီ … သားတို့ကို သားရဲငှက်သိုက်တွေကို ခေါ်သွားပေးဦး … ကျွန်တော် မီးတောက်လုအန်ကို လိုချင်တယ် … သူတို့က အရမ်းလှပြီး အစွမ်းထက်တယ်”
“ဦးလေးဟောင် .. သားက ငွေဖြူရောင်ကျားသစ်လိုချင်တယ် … သူတို့တွေက ရဲရင့်ပြီးတော့ နဂါးလိုပဲသန်မာတယ် … သူတို့ ကြီးလာတဲ့အချိန်ကျရင် အရမ်းသစ္စာရှိတယ်လို့ သား ကြားထားတယ်…”
……
ကလေးများ စိတ်ကျေနပ်ရန်အတွက် သူသည် ကျောက်တုံးကျေးရွာတွင် ရက်အနည်းငယ်နေခဲ့ပြီး ကလေးများ၏ ဆန္ဒများကို ဖြည့်ဆည်းပေးခဲ့၏။ ထို့နောက် သူ ကျောက်တုံးတိုင်းပြည်သို့ ပြန်လာခဲ့သည်။
မကြာမီတွင် ရှီကျီလင်းနှင့် သူ၏ဇနီးသည်လည်း ကျောက်တုံးတိုင်းပြည်အင်ပါယာနန်းတော်သို့ ပြန်လာပြီး ချင်းဟောင်သည် ထိုယဇ်ပုလ္လင်ကို လိုအပ်ကြောင်း၊ သူ စွမ်းအားအကြီးဆုံးဖြစ်လာရန်အတွက် ထိုနေရာတွင် နေရန် လိုအပ်ကြောင်း ရှီဟောင်ကို ပြောပြလေသည်။
“ဘာလို့ အဲဒီလိုမျိုး ဖြစ်ရတာလဲ” ရှီဟောင်မေးလိုက်၏။ ထိုအစီအစဉ်၏ အသေးစိတ်များကို သူသိပ်နားမလည်ပေ။
“အဲဒါ ရှင်းပြဖို့က နည်းနည်းကြာလိမ့်မယ် … လျှို့ဝှက်ချက်တွေ ပါနေတယ်” ချင်းရိနင် ပြောလိုက်၏။ ထို့နောက် သူမသည် အသေးစိတ်အချက်အလက်များကို တစ်ဖြည်းဖြည်း ပြောပြလေသည်။
သူတို့ ဤတစ်ခေါက် ထာဝရတောင်သို့ ပြန်သွားသည့်အချိန်တွင် တောင်အတွင်းတွင် ရှိသည့် အတွင်း ပဋိပက္ခများကို ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း မမျှော်လင့်ပဲ သိခဲ့ရ၏။ ချင်းရိနင်ဘက်မှ ကလန်သားများ ပြန်ရောက်လာပြီး သူတို့ အနိုင်ရရှိခဲ့သည်။
ချင်းရိနင်တို့ မျိုးဆက်ကို ကိုယ်စားပြုသောသူမှာ ချင်းရိဖန်ပင်။ ထိုသူကို ရှီဟောင်တစ်ခေါက်တွေ့ဖူးခဲ့သည်။ ထိုသူမှာ ပန်းမိုးများကြားရှိ သစ်ပင်အောက်တွင် သူတွေ့ခဲ့သည့် တည်ငြိမ်ကာ ငြိမ်းချမ်းသည့် နတ်ဘုရားပင်ဖြစ်သည်။
ချင်းရိနင်သည် ထိုယဇ်ပုလ္လင်မှတစ်ဆင့် အဆင့်မြင့်နယ်မြေတွင် ရှိနေသည့် သူမ၏ မိဘများနှင့် စကားပြောခဲ့ရပြီး သူမ ယခင်က မသိခဲ့ရသည့် အကြောင်းအရာများကို သိခဲ့ရသည်။
ထူးဆန်းကာ ခက်ခဲနက်နဲ့သည့် အရိုးတစ်ခု ထာဝရတောင်တွင် ရှိခဲ့၏။ ထိုအရိုးကို ထိခွင့်မရှိပဲ သိမ်းဆည်းထားသည်ဟု ထင်ကြေးပေးကြလေသည်။
“အဲဒီလိုမျိုး အရိုးရှိတယ်လား” ရှီဟောင် အံ့ဩသွားရ၏။ သူယခင်က ထိုကိစ္စကို မကြားဖူးခဲ့ပေ။
“အဲဒါက အဆင့်နိမ့်နယ်မြေမှာ ရှိတာ မဟုတ်ဘူး … အဲဒါက …” ချင်းရိနင်သည် ကောင်းကင်ကို ကြည့်လိုက်ပြီး အဆင့်မြင့်နယ်မြေတွင် ရှိနေကြောင်း အရိပ်အမြွက်ပေးလိုက်၏။
ထိုအရိုးသည် ချင်းကလန်မှ လူများ၏ ခန္ဓာကိုယ်မှ ပြုလုပ်ထားခြင်းမဟုတ်။ လူမနေသော ထူးဆန်းသည့် နေရာမှ မမျှော်လင့်ပဲ ရလာခြင်းပင်။ ထိုနေရာသည် အဆင့်မြင့်နယ်မြေရှိ စွမ်းအားကြီးသူများပင် ထဲထဲဝင်ဝင်လေ့လာ၍မရသည့် အကန့်အသတ်မရှိသည့်နယ်မြေတစ်ခုပင်။
ထာဝရတောင်မှ ကောင်းကင်ဘုံနတ်ဘုရားသည် သူ၏အသက်ကို စွန့်ကာ ထိုနယ်မြေထဲသို့ လေ့လာရင်း ထိုအရိုးကို မမျှော်လင့်ပဲ တွေ့ခဲ့ခြင်းပင်။ ထိုအရိုးသည် ရှေးဟောင်းယဇ်ပုလ္လင်တစ်ခုပေါ်တွင် ရှိနေပြီး နှစ်ပေါင်းမည်မျှ ကြာသွားမှန်းမသိသော်လည်း သွေးများစွန်းထင်ကာ အသက်ဓာတ်များ ရှိနေဆဲပင်။
ဤအရာသည် အခြားသူများ ယုံကြည်ရန် ခက်ခဲသည့် မှော်ဆန်မှုတစ်ခုပင်။
အရိုးများသည် အသွေးအသားများမှ ကင်းကွာသွားသည်နှင့် အသက်မရှိနိုင်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း ခမ်းခြောက်သွားမည်သာ။
သူကဲ့သို့ စွမ်းအားကြီးသောသူပင်လျှင် ထိုအရာကို နားမလည်နိုင်ပေ။ ထို့အပြင် သူ၏ နတ်စွမ်းအားများဖြင့် ထိုအရိုးကို နည်းနည်းလေးမျှပင် ထိခိုက်အောင် မလုပ်နိုင်ပေ။ သူသည် ထိုအရိုးကို ထာဝရ ရတနာအဖြစ်သဘောထားကာ ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် လေ့လာခဲ့သော်လည်း အရိုးပေါ်တွင် ရှိနေသည့် အရိုးစာသားများကို နားမလည်နိုင်ခဲ့ပေ။
ထိုအရိုးသည် အလွန်စွမ်းအားကြီးသည်ဆိုသည်ကိုသာ သူအာရုံခံနိုင်၏။ ထိုအရိုးသာ စွမ်းအားအပြည့်ကို ပြသလိုက်ပါက သူပင် ချက်ချင်းအသတ်ခံရနိုင်သည်။
“အဲဒါပြီးတော့ အဆင့်လွန်လူသားမွေးဖွားခြင်းလုပ်ငန်းကို စခဲ့တာ” ချင်းရိနင် ပြောလိုက်၏။
ဤအချက်အလက်များကို ကြားလိုက်ရသည်နှင့် ကျန်သည့်ကိစ္စအနည်းငယ်ကို သူ ခန့်မှန်းနိုင်သည်။ အဆင့်မြင့်နယ်မြေ၏ ကိုးဆယ်ရာခိုင်နှုန်းကို နေရာယူထားပြီး ဂိုဏ်းကြီးမှ ဂိုဏ်းခေါင်းဆောင်များပင် ဝင်၍မရသည့် ထူးဆန်းသောနယ်မြေတွင် ဤကဲ့သို့သော အရိုးရှိသည်ဆိုသောကြောင့် သူ အနည်းငယ် အံ့ဩသွားခဲ့ရ၏။
“အဲဒီကျယ်ပြန့်ပြီးသော လူမနေနိုင်တဲ့ နေရာက ထူးဆန်းပြီးတော့ ကြောက်ဖို့ကောင်းတယ် … သား သားရဲ့ ညီလေးကို လျှပ်စီးသစ်သီး ပေးခဲ့တယ်မလား … အဲဒီသစ်သီးကို တစ်ခြားသူတွေက အရင်တုန်းက လူမနေတဲ့ နေရာမှာ မြင်ဖူးတယ် … အဲဒီအပင်ရှိနေတဲ့ နေရာမှာ လျှပ်စီးအလင်းတွေက ပင်လယ်ကြီးလိုမျိုးပဲ ဖုံးလွှမ်းနေတာ … အဲဒီနေရာကို မယုံကြည်နိုင်လောက်အောင်ကို ထူးဆန်းတဲ့နေရာတစ်ခု ဖြစ်စေတယ် … အဲဒီ လူမနေရဲတဲ့ နေရာမှာ မရေတွက်နိုင်တဲ့ ရတနာတွေ ရှိပြီးတော့ ရှေးနတ်ဆေးပင်တွေလည်း အဲဒီနေရာကနေ ခဏခဏ ထွက်လာတယ် … ဒါပေမဲ့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်” ချင်းရိနင်သည် သက်ပြင်းချကာ ပြောလိုက်၏။
အခြားသူများ မပြောနှင့် ထာဝရကောင်းကင်ဘုံနတ်ဘုရားပင်လျှင် အချိန်ခဏလေးဝင်သွားသည့်အချိန်တွင် သေမလိုဖြစ်ခဲ့၏။ သူ ထိုယဇ်ပုလ္လင်နှင့် အရိုးကို ရှာတွေ့ခြင်းမှာ ကံကောင်းသောကြောင့်ပင်။ သို့သော် သူသည် တကယ်ပင် အသက်ဘေးလွတ်ခဲ့သည် ဆိုရုံပင်။
ကျူ းလုကျောင်းနှင့် သဘာဝကံကောင်းခြင်းကျောင်းကဲ့သို့သော စွမ်းအားကြီးသည့် အခြားသူများမှာမူ ကံမကောင်းခဲ့ကြပေ။ သူတို့ ထိုနေရာကို လေ့လာသည့်အချိန်တွင် သူတို့အားလုံး သေဆုံးခဲ့ကြပြီး သူတို့၏ တာအိုများလည်း ဖျက်ဆီးခံလိုက်ရ၏။
ထိုစကားကို နားထောင်ပြီးသွားသည်နှင့် သူ၏ စိတ်အာရုံတစ်ခုလုံးမှာ ထိုနေရာတွင်သာ ရှိနေတော့သည်။ ထိုနေရာသည် ထိတ်လန့်မှု၊ အန္တရာယ်များနှင့်အတူ များပြားလှသော အခွင့်အရေးများလည်း ပူးတွဲတည်ရှိနေ၏။ လူများကို မီးတိုးသည့် ပိုးဖလံလေးကဲ့သို့ ဖြစ်စေသည်။
“သားကို မွေးတဲ့အချိန်တုန်းက သားမှာ အဆင့်လွန်အရိုးပါမှန်း အဆင့်မြင့်နယ်မြေက လူတွေ သိသွားတဲ့အချိန်တုန်းက အမေနဲ့ သားအဖေရဲ့ သွေးသားက အရိုးကို အာဟာရပေးနိုင်လောက်တယ်လို့ ထင်ခဲ့ကြတယ်” ချင်းရိနင် ဆက်ပြောလိုက်သည်။
ထိုမျှစွမ်းအားကြီးသော အရိုးကို ချင်းဟောင်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ပေ။ သူ ထိုအရိုးနှင့် နေသားမကျမချင်း တစ်ဖြည်းဖြည်းချင်း ပြုလုပ်ရသည်။
ထို့အပြင် ထာဝရကောင်းကင်ဘုံနတ်ဘုရားသည်လည်း ထိုအရိုးကိုသာ တစ်ချိန်လုံး လေ့လာနေသောကြောင့် ထူးခြားသည့် တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ထိုအရိုး ပြန်လည်အသက်ဝင်လာရန်အတွက် သူ ပထမဆုံးအစားထိုးကုသမှုကို ပြုလုပ်နိုင်ပြီဟု သူ့ကိုယ်သူ ယုံကြည်ချက် ရှိ၏။
ချင်းဟောင် မွေးဖွားလာသည့်အချိန်တွင် ထိုအရိုးပေါ်တွင် ရှိနေသည့် သွေးကို ချင်းဟောင်၏ ခန္ဓာကိုယ်တွင်းသို့ ထည့်ခဲ့ပြီး သူ၏ ရင်ဘတ်ထဲသို့ အရိုး၏ပုံရိပ်ယောင်ထည့်ခြင်းကိုလည်း နေ့တိုင်း ပြုလုပ်ခဲ့သည်။
ထို့အပြင် ထိုအရိုး၏ ပုံရိပ်ယောင်သည် ထည့်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုအရိုးနှင့် လိုက်လျောညီထွေဖြစ်ရန်အတွက် သွေးကြောများ စတင်ပေါ်လာပြီဖြစ်သောကြောင့် ဤကိစ္စသည် အောင်မြင်နိုင်ချေ များလှ၏။
ထိုအရိုးကို အစားထိုးသည့်အချိန်တွင် အရိုးမှ စွမ်းအားလှိုင်းများထုတ်လွှတ်ပြီး အဆင့်မြင့်နယ်မြေတွင် ရှိသည့် အခြားကျွမ်းကျင်သူများ အာရုံစိုက်လာမည်စိုးသောကြောင့် ချင်းဟောင်ကို အဆင့်နိမ့်နယ်မြေတွင် ဖွက်ထားခဲ့သည်။
သူတို့ အရိုးအစားထိုးမည့်အချိန်နီးကပ်လာနေပြီမှာ သေချာသည်။ သူတို့သည် အရိုးအစစ်ကို ချင်းဟောင်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်နိုင်တော့မည်။
ရှီဟောင်သည် တစ်ခုခုကို ပြောချင်သောကြောင့် ပါးစပ်ဟလိုက်၏။ အရိုးအစားထိုးပြီးပါက ချင်းဟောင်သည် ချက်ချင်းပင် အဆင့်မြင့်နယ်မြေသို့ သွားနိုင်ပြီဖြစ်သည်။ သို့သော် ထာဝရကောင်းကင်ဘုံနတ်ဘုရားသည် မည်သူနည်း။
သူသည် သူ၏အသက်ကို စွန့်စားကာ အရိုးကို ထူးဆန်းသောနယ်မြေမှ ယူခဲ့ခြင်းပင်။ သူကိုယ်တိုင် ထိုအရိုးကို အသုံးပြုချင်ပေလိမ့်မည်။ သို့သော် ဖြစ်လာနိုင်သည့် အန္တရာယ်များကို မစွန့်စားနိုင်သောကြောင့် သူ မသုံးခြင်းပင်။
“အစားထိုးတာက … ကောင်းကင်ဘုံနတ်ဘုရားတကယ် လုပ်ချင်နေတဲ့ဟာ မဟုတ်ဘူး” ချင်းရိနင် ရှင်းပြလိုက်၏။
ထာဝရကောင်းကင်ဘုံနတ်ဘုရားသည် ထိုအရိုးပေါ်တွင် ရှိနေသည့် သင်္ကေတများကို လိုချင်နေခြင်းပင်။ သို့သော် ထိုသင်္ကေတများကို ရနိုင်ရန်အတွက် ထိုအရိုး နောက်တစ်ကြိမ်ပြန်လည်ရှင်သန်လာရန်လိုအပ်၏။ ချင်းဟောင်သာ ထိုသင်္ကေတများကို ရရှိသွားပါက ထာဝရကောင်းကင်ဘုံနတ်ဘုရားကို ဝေမျှနိုင်လိမ့်မည်။
ထို့အပြင် ထာဝရကောင်းကင်ဘုံနတ်ဘုရားသည် သူကိုယ်တိုင်စွန့်စားမည် မဟုတ်။ သူ၏ ခန္ဓာကိုယ်သည် အကျဘက်သို့ ရောက်နေပြီဖြစ်ပြီး သူ၏ သွေးစွမ်းအင်များလည်း အရင်ကလောက် မများတော့ပေ။ သူ၏ ပုံပန်းသွင်ပြင်မှာ ငယ်ရွယ်နေသေးသော်လည်း သူ၏အသွေးအသားများမှာ ခမ်းခြောက်နေပြီဖြစ်သည်။ ထိုအရိုးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလိုက်ပါက အမှားတစ်ခုလုပ်မိသည်နှင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိဉာဉ် ပျက်ဆီးသွားလိမ့်မည်။
“အဲဒီလိုဆိုရင်တော့ နည်းနည်း စိတ်အေးရပါတယ်” ရှီဟောင် ခေါင်းညိမ့်ကာ ပြောလိုက်၏။
သူ စိတ်ပူနေသေးသော နောက်အချက်တစ်ချက်မှာ ထိုအရိုးအစားထိုးခြင်းသည် အောင်မြင်ပါ့မလား။ မအောင်မြင်ပါက ချင်းဟောင်သည် ထိုအရိုးကို မထိန်းချုပ်နိုင်ပဲ ပေါက်ကွဲသွားလိမ့်မည်။
ယခုအချိန်တွင် ထိုအရိုးသည် အဆင့်မြင့်နယ်မြေနှင့် အဆင့်နိမ့်နယ်မြေကြားရှိ လေဟာနယ်တွင်ရှိနေပြီး သူ၏ ပုံရိပ်ယောင်ကို ထုတ်လွှင့်လျက်ရှိပြီး မကြာခင်တွင် ဆင်းသက်လာတော့မည်ဖြစ်သည်။
“အဆင့်မြင့်နယ်မြေက တစ်ယောက်ယောက်လာမှာလား” ရှီဟောင် မေးလိုက်၏။
“အပေါ်တက်ဖို့က လွယ်ပေမယ့် ပြန်ဆင်းလာဖို့က ခက်တယ် … ထာဝရကောင်းကင်ဘုံနတ်ဘုရားဆင်းလာလို့ ရမှာ မဟုတ်ဘူး … ယဇ်ပုလ္လင်ကနေတစ်ဆင့် ဆက်သွယ်ပြီးတော့ လုပ်ရမှာတွေကို သူက ပြောပြမှာ” ချင်းရိနင်ပြောလိုက်သည်။
ဤကိစ္စသည် အလွန်အန္တရာယ်များသည်မှာ သိသာလှ၏။
ထိုကြောင့်ပင် ဇနီးမောင်နှံနှစ်ယောက်သည် ထူးဆန်းသည့်နယ်မြေကို ချက်ချင်းပြန်သွားခြင်းပင်။ ဤလုပ်ငန်းစဉ်အတွင်း ချင်းဟောင်သေသွားမည်ကို သူတို့ စိုးရိမ်ကြသည်။
ရှီဟောင်ပင်ဖြစ်စေ ချင်းဟောင်ပင်ဖြစ်စေ နှစ်ယောက်လုံးသည် သူတို့၏ သားများဖြစ်ကြ၏။ တစ်ယောက်ယောက် အန္တရာယ်ဖြစ်သည်နှင့် သူတို့ချက်ချင်းပင် စိုးရိမ်ကာ ဒုက္ခရောက်ကြမည်သာ။
ဤအရာသည် ချင်းဟောင်၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ရှီကျီလင်းနှင့် ချင်းရိနင်ပင် သူ၏ ဆုံးဖြတ်ချက်ကို ပြန်မပြင်နိုင်ကြပေ။ ဤအရာသည် သူရွေးချယ်ထားသည့် လမ်းကြောင်းဖြစ်ပြီး ဤကဲ့သို့သော အဆင့်လွန်တာအိုကို သူကြုံတွေ့ချင်သည်။
“အရိုးတစ်ခုတည်းအတွက်နဲ့ ဒီလိုမျိုး စွန့်စားရတာက တန်လို့လား” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ သူ ဘာပြောပြော အသုံးမဝင်တာကို သူသိသည်။
“ဒါက ထာဝရအသက်ရှင်နိုင်တဲ့ ထာဝရအရိုးဖြစ်နိုင်တယ် … သူ့ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့တာနဲ့ ထာဝရအသက်ရှင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိနိုင်လိမ့်မယ်” ချင်းရိနင် ပြောလိုက်၏။
ထို့အပြင် ထာဝရကောင်းကင်ဘုံနတ်ဘုရား ထိုအရိုးကို တွေ့သည့်အချိန်တွင် သူသည် ရှေးဟောင်းယဇ်ပုလ္လင်တစ်ခုပေါ်တွင် ရှိနေ၏။ ထိုနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းမည်မျှ ရှိနေပြီဆိုသည်ကို မည်သူမျှ မသိနိုင်သော်လည်း ထိုအရိုးတွင် ရှိနေသည့် သွေးများမှာ လတ်ဆတ်နေဆဲဖြစ်ကာ အသက်ဓာတ်များ ရှိနေဆဲပင်။
ဤသည်မှာ အကြောင်းပြချက်တစ်ခုပင်။ ဤအရိုးတွင် လျှို့ဝှက်ချက်တစ်ခုခု မရှိပါက ထိုကဲ့သို့ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကြားတွင် ဒွန်တွဲနေနိုင်မည်မဟုတ်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူသည် အဆင့်မြင့်နယ်မြေသို့ ပို၍သွားချင်လာသည်။ ထူးဆန်းသော နယ်မြေကို ကိုယ်တိုင်သွားလေ့လာကာ အားလုံးကို သူမျက်စိဖြင့် ကြည့်ချင်မိ၏။
ထို့အပြင် သူတို့၏ နောက်ဆုံးတိုက်ပွဲတွင် ထာဝရကောင်းကင်ဘုံနတ်ဘုရားသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အဆင့်မြင့်နယ်မြေတွင် သေမလိုပင် ဖြစ်ခဲ့သည်။ အခြား စွမ်းအားကြီးသောသူများမှာလည်း ထို့အတူပင်။
“အဲဒီ မသေမျိုးသက်ရှိကရော” ရှီဟောင် သူ၏ မိဘများကို မေးလိုက်၏။ ရက်အနည်းငယ် ကုန်လွန်သွားပြီဖြစ်သောကြောင့် အခြေအနေများကို သူသိချင်မိသည်။
“သား ဒီကိစ္စကို သိချင်နေမှန်းသိလို့ သားအတွက် မေးခဲ့တယ်” ချင်းရိနင် ပြောလိုက်၏။
မသေမျိုးသက်ရှိသည် ထင်သည့်အတိုင်းပင် စွမ်းအားကြီးလှ၏။ သူသည် တောင်ဘက်မှ မြောက်ဘက်အဆုံးထိသွားပြီး လမ်းတွင်တွေ့သမျှလူ အားလုံးနှင့် တိုက်ခိုက်ခဲ့ပြီး ပြဿနာ ရှာခဲ့သည်။
ရှေးဟောင်းခေတ်ကတည်းက မပေါ်လာတော့သည့် စွမ်းအားကြီးသည့်သူများပင်လျှင် နှိုးထလာကာ သူ့ကို ဖိနှိပ်ရန် ကြိုးစားခဲ့သည်ဟူသော ကောလဟာလပင် ရှိခဲ့၏။
“သူ့မှာ မသေဆုံးနိုင်တဲ့ အစွမ်းရှိတယ် … သူ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေတာတောင် ရှေ့ဆက်တိုးပြီးတော့ သူ့ရဲ့ ရန်သူ နှစ်ယောက်ကို သတ်ခဲ့တယ် … နောက်ဆုံးတော့ ထူးဆန်းတဲ့နယ်မြေထဲကို သွားဖို့ ဖိအားပေးခံခဲ့ရတယ်”
ရှီဟောင် ဆွံ့အသွားရ၏။ ထိုမသေမျိုးသက်ရှိသည် အလွန်အစွမ်းထက်ပြီး သူရောက်သွားသည်နှင့် ကပ်ဘေးကြီးကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ အသက်ရှင်ရန် ခက်ခဲပေလိမ့်မည်။
“ဟောင်အာ သား ဂရုစိုက်ရမယ်နော် … သား အဆင့်မြင့်နယ်မြေကိုသွားရင် သူ့နာမည် ထုတ်မပြောနဲ့နော် … မဟုတ်ရင် သားမှာ ရန်သူတွေ ဝိုင်းနေလိမ့်မယ်” ချင်းရိနင် သတိပေးလိုက်၏။