သုခကမ္ဘာက ရှီဟောင် - Chapter - 749 အဖိုးငှက်နှင့် ဒင်္ဂါးလူကြီး
ထိုပိုင်နက်သမန်တော်သည် ခံစားချက်ကင်းမဲ့နေပြီး သူ၏ အကြည့်များသည် ဓားကဲ့သို့ပင် စူးရှနေသည်။ သူသည် ရှီဟောင်နှင့် စိမ်းမနေပေ။ ဤလူငယ်လေးကို သူ လေဟာနယ်နတ်ဘုရားနယ်မြေမှ မောင်းထုတ်ခဲ့ဖူးပြီး နတ်အဆင့်နယ်မြေမှာပင် ထိုလူငယ်လေးနှင့် တိုက်ခိုက်ခဲ့ဖူး၏။
“ဒီမေးခွန်းက အဖြေမရှိဘူး … မင်းကိုယ်တိုင် အဖြေရှာရမှာ” ထိုသူသည် ဖြေပြီးသည်နှင့် ပျောက်ကွယ်သွားသည်။
လေဟာနယ်နတ်ဘုရားနယ်မြေသည် ယခင်က အတိုင်းပင်။ ဤနေရာတွင် လူများစွာ ရှိနေပြီး ယခုအချိန်သည် ကပ်ဘေးကြီးပြီးသွားသည့်အချိန်ဖြစ်သောကြောင့် ကျင့်ကြံခြင်းကမ္ဘာသည် ပို၍ စည်ကားလာ၏။
“ငါဘယ်သူလဲဆိုတာ မင်းသိလား … ကျောက်တုံးလေးကိုငါသင်ပေးထားတာ … သူက ငါ့တပည့်ပဲ … မင်းတို့ ငါ့ကို မယုံဘူးဆိုရင် တစ်ခြားသူကို မေးကြည့် ဒီ လေဟာနယ်နတ်ဘုရားနယ်မြေမှာ ဒီအကြောင်းမသိတဲ့သူ မရှိဘူး” လမ်းဘေးဆိုင်ခန်းလေးဖွင့်ထားသည့် လူအိုကြီးဘေးတွင် ယခုမှ လေဟာနယ်နတ်ဘုရားနယ်မြေသို့ ဝင်လာသည့်လူငယ်လေးများ ဝိုင်းနေသည်။
“ဒီလူအိုကြီးက ပိုက်ဆံလိမ်စားချင်နေတာ … ခင်ဗျား ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ” တစ်စုံတစ်ယောက်သည် သူ့ကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။
“လူငယ်လေး စကားကို လက်လွတ်စပယ် မပြောနဲ့နော် … ငါက ဘာလို့ သူများကို လိမ်ရမှာလဲ … မင်း လေဟာနယ်နတ်ဘုရားနယ်မြေမှာ လှည့်ပတ်ပြီးတော့ စုံစမ်းကြည့်လိုက် … ကျောက်တုံးလေး နာမည်ကြီးလာတဲ့နေရာ ဒါမှမဟုတ် သူတိုက်ခိုက်ခဲ့တဲ့နေရာတိုင်းမှာ ဒီလူအိုကြီးရဲ့ ပုံရိပ်တွေ ရှိနေတယ်” လူအိုကြီးသည် ယုံကြည်ချက်ရှိရှိပင် ပြောလိုက်၏။
“အဲ့တာ အမှန်လား … ငါ အဲဒီလိုမျိုး ကောလဟာလကြားဖူးသလိုပဲ” အချို့လူများ သံသယဝင်လာကြ၏။
“ဘာကောလဟာလလဲ … အဲဒါက သူတို့ တစ်နေ့လုံး ကြွားနေကြလို့ တစ်ချို့လူတွေ ယုံသွားကြတာလေ” အသက်ကြီးကြီးလူတစ်ယောက်မှ ရှင်းပြလိုက်သည်။
“ကျောက်တုံလေးရဲ့ လျှို့ဝှက်လေ့ကျင့်ရေး နည်းလမ်း … တစ်ရာပဲ ရှိတယ်နော် … လိုချင်ရင် မြန်မြန်လာခဲ့ကြ” ပုခုံးပေါ်တွင် ငှက်တင်ထားသည့် လူအိုကြီးတစ်ယောက်သည် လမ်းတစ်ဖက်ခြမ်းတွင် အော်နေလေ၏။
“အဲဒီမှာဘာလို့ နောက်တစ်ယောက်ရှိနေတာလဲ” လေဟာနယ်နတ်ဘုရားနယ်မြေသို့ ရောက်ခါစ လူငယ်လေးများ စိတ်ရှုပ်ထွေးသွားကြသည်။
“အရှက်မရှိတဲ့ တာအိုတွေ … သူတို့တွေ တစ်ယောက်တည်းရှိနေရင်သာ အံ့ဩရမှာ” လူတစ်ချို့ တီးတိုး ရေရွတ်လိုက်ကြသည်။
ထို ‘ရှားပါးစာအုပ်များ’ ကို ဝယ်ယူသည့် သူများပင် ရှိေးသည်။
“ဒီစာအုပ်မှာ အသေးစိတ်ပါတယ် … ပြီးတော့ ဒီစာအုပ်မှာ ကျောက်တုံးလေး မီးစမ်းသပ်ချက်ကို ဖြတ်သန်းခဲ့ရပုံတွေကို အသေးစိတ်ရေးထားတယ် … မင်းတို့တွေ သူ့လို စွမ်းအားကြီးချင်ရင် မြန်မြန်လာဝယ်ကြ” တစ်ချိန်တည်းမှာပင် ထိုကဲ့သို့ ပြောနေကြသည့် လူအချို့လည်း ရှိလေ၏။
“ဝိုး … ဒီ ဘာမှအသုံးမဝင်တဲ့လူအိုကြီးနှစ်ယောက်က တကယ်ကို အရှက်မရှိတာပဲ … သူတို့ သူများကို လိမ်စားတာကို ကူညီပေးနေတဲ့လူတွေက ရှိနေသေးတယ် … သူတို့တွေ တော်တော်လွန်တာပဲ တစ်နေ့လုံး သူများတွေကို လိမ်နေတယ် … တစ်ခါတစ်လေကျရင် သူတို့ အလိမ်အညာတွေကို ယုံတဲ့သူက ရှိသေးတယ်”
“မတတ်နိုင်ဘူးလေ … ကျောက်တုံးလေးက အသက် ၁၅ နှစ်ထဲနဲ့ စွမ်းအားတွေက တိုးလာတာဆိုတော့ … သူ့ရဲ့စွမ်းအားတွေက တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားပြီး နေရာတိုင်းကို ရိုက်ခတ်သွားတာ … ပြီးတော့ သူက ဒီ အသုံးမကျတဲ့ လူအိုကြီး နှစ်ယောက်နောက်ကို တကယ် ခဏလိုက်ခဲ့တော့ သူတို့နှစ်ယောက်က ပြောအားရှိနေတာ”
ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်မှာ ထိုမြင်ကွင်းကိုမြင်ပြီး ဆွံ့အသွား၏။ ထိုလူအိုကြီးများ၏ မွေးရာပါ စရိုက်များကို ပြောင်းလဲရန် ခက်ခဲလှသည်။ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း သူတို့သည် အခြားသူများကို လိမ်ညာနေဆဲပင်။
“လူအိုကြီး ခင်ဗျား ကျုပ်ကို လာညာနေတယ် … ဒီကျင့်ကြံခြင်းစာအုပ်ရဲ့ ပထမစာမျက်နှာမှာ ရေးထားတာက ကျောက်ပြားတစ်ချပ်ကို ခွဲပြီးတော့ လေဟာနယ်နတ်ဘုရားနယ်မြေကနေ ၂ နှစ်ထွက်သွားတဲ့ … ဒါက … ဘယ်လို အမှိုက်ဆန်တဲ့စာအုပ်ကြီးလဲ” အလိမ်ညာခံလိုက်ရသောကြောင့် လူတစ်ယောက်သည် ဒေါသတကြီး အော်ဟစ်နေလေ၏။
“လူငယ်လေး မင်းကလည်း ဒေါသကြီးလိုက်တာ … ငါ့ကို ဒင်္ဂါးလူကြီးလို့ခေါ်ပေးပါ … မင်းတစ်ခြားလူကို လူအိုကြီးလို့ မခေါ်သင့်ဘူး … ပြီးတော့ ကျောက်တုံးလေးတောင် ငါ့ကို ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံတာ … ငါ့ကို ရှင်းပြခွင့်လေးပေးပါ … မင်းကို ကျောက်ပြားဖျက်ဆီးခိုင်းတာရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ အဓိပ္ပာယ်ရှိတယ် … ငါမေးပါရစေ မင်း အဲဒီလိုမျိုး လုပ်နိုင်လား … ဒါက မင်းကို ပိုပြီးကြိုးစာခိုင်းလိုက်တာ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တုံးလေးက ကျောက်ပြားကို ခွဲလိုက်နိုင်လို့ လေဟာနယ်နတ်ဘုရားနယ်မြေကနေ ၂ နှစ် နယ်နှင်ဒဏ်ခံလိုက်ရတယ် … မသိရင်မေးရတယ် လူငယ်လေး … မင်းဒေါသထွက်နေလို့ ဘာမှ ပိုကောင်းမလာဘူး … လာ ငါ့ကို နောက်ထပ် တစ်ရာထပ်ပေးလိုက် ငါမင်းကို အားလုံး ရှင်းပြပေးမယ်”
ထိုလူငယ်လေးသည် တစ်ခဏတာမျှ တွေဝေပြီးနောက်တွင် နောက်ထပ် ဒင်္ဂါးတစ်ရာကို ထုတ်ပေးကာ ထို ‘အထူးအစီအစဉ်’ ကို နားထောင်ရန် နားစွင့်ထားလိုက်သည်။
“ဒီလူအိုကြီး ခင်ဗျား လိမ်ညာတဲ့နည်းလမ်းကို လုံးဝပြီးပြည့်စုံအောင် လေ့ကျင့်ထားတာပဲ …”
“ဒါပေမဲ့ သူက အဲဒီလိုပါပဲ … သူရဲ့ အမှန်တရားတစ်ဝက်လောက်နဲ့ လိမ်နေကျပဲ … မင်းဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး” လူလတ်ပိုင်းတစ်ယောက် ပြောလိုက်၏။
ရှီဟောင်သည် လူအုပ်ထဲသို့သွားကာ အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏ “ကျွန်တော်လည်း စာအုပ်ဝယ်ချင်လို့”
“ဒင်္ဂါးတစ်ရာ” စီးပွားရေးကောင်းနေသောကြောင့် အဖိုးငှက်သည် ခေါင်းပင်မော့မလာပဲ သူ့ရှေ့သို့ စာလုံးအနည်းငယ်ပါသည့် အရိုးစာအုပ်ကို ပစ်ပေးလိုက်သည်။
“ကျွန်တော် ဒီလိုစာအုပ်မျိုးကို လိုချင်တာမဟုတ်ဘူး” ရှီဟောင် ခေါင်းခါကာ ပြောလာလိုက်သည်။
“ကတ်ထူဖုံးစာအုပ်က ပိုပြီးဈေးကြီးတယ် … မင်းလိုချင်တာ သေချာလား” အဖိုးငှက်သည် အလုပ်ရှုပ်နေရင်းဖြင့်ပင် ပြန်ပြောလိုက်၏။ သူ၏ ပုခုံးပေါ်တွင် ရှိနေသည့် ငှက်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည် “လူသတ်မှုကျူးလွန်တဲ့သူ လာပြီ”
ရှီဟောင်သည် ထိုငှက် ကိုယ်တုံးလုံးဖြစ်သည်အထိ သူ၏အမွှေးများကို ဆွဲနှုတ်ဖူးလေသည်။
“ကျွန်တော် လေဟာနယ်နတ်ဘုရားနယ်မြေရဲ့ ကြေးနီစာအုပ်ကို လိုချင်တာ … ဘယ်မှာ ဝယ်လို့ရလဲဆိုတာ ပြောပြပေးလို့ ရမလား” ရှီဟောင် ပြောလိုက်၏။
ထိုစကားများကို ကြားသည်နှင့် အဖိုးငှက် ခေါင်းမော့လာသည်။ သူသည် ခါးသက်စွာ ရယ်လိုက်ပြီးနောက် “ဒီနေ့ ရောင်းစရာမရှိတော့ဘူး … ဆိုင်သိမ်းရအောင်”
ထိုအချိန်တွင် ဒင်္ဂါးအဖိုးသည်လည်း သူ၏ဆိုင်ကို သိမ်းကာ လျင်မြန်စွာပင် ထွက်သွားလေသည်။
“ဒီလူငယ်လေးက ရင်းနှီးနေသလိုပဲ … ဘယ်သူလဲ”
“မင်းမျက်လုံးက တစ်ခုခု ဖြစ်နေတာလား … သူက လက်ရှိကျောက်တုံးတိုင်းပြည်ရဲ့ ဧကရာဇ် ကျောက်တုံးလေးပဲလေ … ဒါပေမဲ့ … သူက ဘာလို့လာတာလဲ”
“အဲဒါကြောင့် အဲဒီလူအိုကြီးနှစ်ယောက်ပြေးသွားတာကိုး … သခင်အစစ်ရောက်လာတာကိုး … ဘယ်သူက သူတို့ကို တစ်နေ့လုံး လိမ်ခိုင်းလို့လဲ … နောက်ဆုံးတော့ ရှင်းလင်းသွားပြီ”
ရှီဟောင် ပြန်ပေါ်လာသောကြောင့် အားလုံး ထိတ်လန့်သွားကြ၏။ နှစ်နှစ်ကြာပြီးသည့်အချိန်တွင် သူပြန်ပေါ်လာခဲ့သည်။ သူ့ကို အနီးကပ်မြင်လိုက်ရသည့်အချိန်တွင် အားလုံး စိတ်လှုပ်ရှားသွားကြလေ၏။
သူသည် အမှန်တကယ်ပင် ငယ်လွန်းလှသည်။ ၁၅ ၁၆ ခန့်သာ ရှိဦးမည်။ သို့သော် သူသည် နယ်မြေ ၈ ခုစလုံးကို ကိုင်လှုပ်နိုင်လေသည်။ သူသည် အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းလှ၏။
သို့သော် ရှီဟောင်သည် ဒင်္ဂါးလူကြီးနှင့် အဖိုးငှက်တို့ကို ဆွဲထားပြီးသားပင်။ သူတို့သည် အပြုံးတစ်ခုကို အားယူပြုံးပြလိုက်ပြီးနောက် ချက်ချင်းပင် တည်ငြိမ်သွားကာ ရှီဟောင်ကို သူတို့နှင့် ရင်းနှီးနေသည့် လူကဲ့သို့ နှုတ်ဆက်လိုက်ကြလေသည်။
“တွေ့လား ငါတို့ မလိမ်ပါဘူးဆို … ကျောက်တုံးလေးက ငါတို့ကို တွေ့ဖို့ လာခဲ့တာ … ဒါက ငြင်းလို့မရတဲ့သက်သေပဲ … လေ့ကျင့်ရေးစာအုပ်ကို လိုချင်တဲ့သူ မြန်မြန်လာဝယ်ကြ … အခုတော့ တစ်အုပ်တစ်ထောင်ဖြစ်သွားပြီ”
လူတိုင်း ထိုလူအိုနှစ်ယောက်ကို ရိုက်ချင်သွားသည်။ သူတို့သည် အရှက်မရှိလွန်းပေ။
သို့သော် ထိုနှစ်ယောက်ကို ယုံကြည်နေကြသည့် လူများလည်း ရှိသေး၏။ သူတို့သည် ပိုက်ဆံထုတ်ကာ စာအုပ်များကို ဝယ်ယူကြလေသည်။
ရှီဟောင်သည် နဖူးကြောများပင် ထောင်လာ၏။ ဤလူနှစ်ယောက်၏ မျက်နှာသည် အရေထူလွန်းလှသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာပင်လျှင် လိမ်လည်နေကြသေးသည်။
“လူအိုကြီးတွေ … လွန်မလာနဲ့နော်” ရှီဟောင်သည် ထိုလူနှစ်ယောက်ကိုလက်တစ်ဖက်တည်းဖြင့်ဆွဲကာ ထိုနေရာမှ ထွက်ခဲ့လိုက်သည်။
“အားလုံးပဲ ငါတို့ အဲဒီလူလိမ်နှစ်ယောက်ကို ရှင်းပစ်ဖို့ လိုတယ် … သူတို့ကို ဖမ်းဖို့ ကျောက်တုံးဧကရာဇ်ကို ပြောကြရအောင်” တစ်စုံတစ်ယောက် အော်ပြောလိုက်၏။
ထိုအချိန်တွင် အသက်ကြီးကြီးလူများထွက်လာကာ ထိုလူအုပ်ကြီး၏ အနောက်တွင် ရပ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ခေါင်းခါကာ ပြောလိုက်၏ “သူတို့ကို ရန်မစနဲ့ … ဒီနှစ်ယောက်က မရိုးရှင်းဘူး … ငါ့အဖိုး ငယ်ငယ်တုန်းက ဒီလူနှစ်ယောက်ကို တွေ့ဖူးတယ် … နှစ်တွေကြာလာလည်း အဲဒီနှစ်ယောက်က အဲဒီပုံစံပဲ … အရင်တုန်းက သူတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး … ကျောက်တုံးလေး စွမ်းအားကြီးလာတဲ့ အချိန်ကျမှ သူတို့ဒီကိုလာပြီး သူများတွေ သူတို့ကို အာရုံစိုက်လာအောင် လုပ်နေတာ”
ထိုစကားကို ကြားလိုက်သည့်အချိန်တွင် ရှီဟောင် အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူလည်း ဤကဲ့သို့သော ကောလဟာလများကို ကြားဖူးသည်။ ကြည့်ရသည်မှာ ထိုကောလဟာလများမှာ အမှန်ဖြစ်နေပုံပင်။
“အရမ်း ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်ပါနဲ့ … ငါတို့ လက်မောင်းအိုတွေက မင်းရဲ့ အားကို မခံနိုင်ဘူး” အဖိုးငှက်အော်လိုက်၏။ သူ၏ ပုခုံးပေါ်တွင် ရှိနေသောငှက်မှာ အစောကြီးကတည်းကပင် သူ၏ အတောင်ပံကို ခတ်ကာ လေထဲတွင် ပျံသန်းနေပြီဖြစ်သည်။
“အကြွေးတောင်းဖို့ လာတာမဟုတ်ဘူး … ခင်ဗျားတို့ကို မေးစရာရှိလို့ လာတာ” ရှီဟောင်သည် လက်ကို ဖြေလျော့ပေးလိုက်သည်။
“အဲဒါဆိုရင်လည်း စောစောပြောရောပေါ့ … ငါ့မှာ နောက်ဆုံးစာအုပ်ရှိတယ် … တစ်အုပ်ငါးရာ မင်းယူမှာလား”
ရှီဟောင်၏ မျက်လုံးမှ လူသတ်ငွေ့များကို တွေ့လိုက်ရသည့်အချိန်တွင် ဒင်္ဂါးလူကြီးသည် ချက်ချင်းပင် ရယ်မောလိုက်ကာ “ငါမင်းကို လက်ဆောင်အနေနဲ့ အလကား ပေးလိုက်မယ်”
“ငါ ကြေးနီနတ်စာအုပ် လိုချင်တယ် … ငါ ရှစ်အုပ်ရထားပြီးပြီ … အဲဒီ စာအုပ်တွေရဖို့ ဘာလုပ်ရမလဲ” ရှီဟောင်မေးလိုက်၏။
“လွယ်လွယ်လေးပါ … မင်းရဲ့ အခုလက်ရှိ ပြီးမြောက်မှုတွေနဲ့ဆိုရင် မှတ်တမ်းတွေထက်ကို ကျော်အောင်လုပ်လိုက် … အဲဒါဆိုရင် မင်းရလာလိမ့်မယ်” အဖိုးငှက်ပြောလိုက်သည်။
ထို့နေ့တွင် လေဟာနယ်နတ်ဘုရားနယ်မြေသည် တုန်လှုပ်သွားရပြီး လူအားလုံးလည်း ထိတ်လန့်သွားရသည်။
ကျောက်တုံးလေး ပြန်ပေါ်လာပြီး လေဟာနယ်နတ်ဘုရားနယ်မြေတွင် သူ၏ နတ်စွမ်းအားများကို ပြသနေလေ၏။ မြေပြင်မှ စတင်ကာ သူ၏လမ်းတွင် ရှိသမျှအရာအားလုံးကို သတ်ကာ စံချိန်တစ်ခုပြီးတစ်ခုကို ချိုးသွားသည်။
“စီနီယာ အစ်ကို အစ်မတို့ မြန်မြန်လာကြ … ကျွန်တော်တို့ လေဟာနယ်နတ်ဘုရားနယ်မြေကို သွားကြမယ် … အဲဒီမှာ ထူးခြားတာ တစ်ခုခု ဖြစ်နေပြီတဲ့”
“ကျောက်တုံးလေး ပြန်ပေါ်လာပြီးတော့ လေဟာနယ်နတ်ဘုရားနယ်မြေကို ပြောင်းပြန်လှန်တော့မယ်”
ဤအရာသည် ဂိုဏ်းတစ်ဂိုဏ်း၏ တုံ့ပြန်မှုပင်။
“အားလုံးပဲ လေဟာနယ်နတ်ဘုရားနယ်မြေကို မြန်မြန်သွားကြ … အဲဒါမှ ဘာဖြစ်နေသလဲဆိုတာ မင်းတို့ သိနိုင်မှာ … ရှီဟောင် ပြန်ပေါ်လာပြီးတော့ စံချိန်တွေကို တစ်ခုပြီးတစ်ခု ချိုးနေတယ်တဲ့”
“ဘာ … ငါတို့ မြန်မြန်သွားရမယ်”
နေရာတိုင်းတွင် ဤကဲ့သို့ ဖြစ်နေသည်။ အားလုံးသည် သူတို့၏ ဘေးတွင်ရှိနေသည့် သူများကို ပြောပြကာ ထိုပွဲကို သွားကြည့်ရန် စုစည်းကြလေ၏။
လေဟာနယ်နတ်ဘုရားနယ်မြေတွင်လည်း လူများ ပြည့်နှက်သွားသည်။
လေဟာနယ်နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့ အလုပ်မရှုပ်သည်မှာ မည်မျှပင် ကြာနေပြီလဲ … လူအုပ်ကြီးသည် မြစ်ကဲ့သို့ပင်။ လူအုပ်ကြီးမှာ ထူထပ်လွန်းသောကြောင့် လှုပ်၍ပင် မရတော့ပေ။
“မြန်မြန်ကြည့် … အဲဒီကျောက်ပြား ပြန်ပေါ်လာပြီ … သူက ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား”
“ငါရေထားတယ် … သူတစ်ချက်မှ မနားပဲနဲ့ကို ရှေ့ဆက်သွားနေတာ … စံချိန်တွေ အများကြီး ချိုးပြီးသွားပြီ”
ရှီဟောင် စံချိန်တစ်ခုကို ချိုးလိုက်တိုင်း လေဟာနယ်နတ်ဘုရားနယ်မြေကို သတိပေးသည့်အနေဖြင့် နယ်မြေတိုင်းတွင် ကျောက်ပြားတစ်ခုပေါ်လာ၏။ အစမှ ယခုအချိန်ထိဆိုလျှင် ကျောက်ပြားများမှာ ဆက်တိုက်ပင် ပေါ်လာနေ၏။ သူတို့သည် အလင်းရောင်များ တောက်ပ လင်းလက်နေလေသည်။ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာကာ ကမ္ဘာကြီးကို တုန်လှုပ်စေသည်။
“ဘုရားရေ … သူ ယောင်ရွယ်ရဲ့ စံချိန်ကို ချိုးလိုက်ပြီ … အဲဒီစံချိန်ကို လူတွေ မချိုးနိုင်တာ နှစ်ပေါင်းထောင်ချီရှိနေပြီ”
ယောင်ရွယ်သည် လေဟာနယ်နတ်ဘုရားနယ်မြေကို လွန်ခဲ့သည့် နှစ်တစ်ထောင်က ဝင်ရောက်ခဲ့လေ၏။ သူသည် သွေးပြောင်းလဲခြင်းနှင့် ကောင်းကင်ဘုံလမ်းကြောင်းနယ်မြေတွင် အတော်ဆုံးဟု သတ်မှတ်ထားသောသူဖြစ်သည်။
ဤအရာသည် ရွှေအဆင့် မှတ်တမ်းတစ်ခုဖြစ်ပြီး ပေါ့သေးသေးစံချိန်တစ်ခု မဟုတ်ပေ။
“သူ နောက်တစ်ခုကို ချိုးလိုက်ပြန်ပြီ … တာအိုခန္ဓာကိုယ် ၆ ရဲ့ စံချိန်ကိုလည်းချိုးလိုက်ပြီ … ကျောက်တုံးလေးရဲ့ အော်ရာက မြစ်တွေ တောင်တွေကို တကယ် စုတ်ယူနိုင်တာပဲ … သူက စံချိန်တွေကို တစ်ခုပြီးတစ်ခု ချိုးနေတယ်”
တာအိုခြောက်သည် လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင့်ငါးရာအတွင်းတွင် စွမ်းအားအကြီးဆုံး သူတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ကင်းသည့် အမိန့်အာဏာတည်ထောင်ခြင်းဘုရင်အဆင့်ဖြစ်သည်။ သူ့ကို ယှဉ်နိုင်သည့်သူ မရှိခဲ့ပေ။ သူ၏ တည်ရှိမှုသည် မျိုးဆက်တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့လေသည်။
ဤစံချိန်သည်လည်း သေချာပေါက်ပင် ထူးခြားချက်များ ပါရှိနေသည့် စံချိန်တစ်ခုပင် ဖြစ်သည်။ရှီဟောင်သည် ထိုစံချိန်ကိုချိုးကာ ပို၍မြင့်သော နေရာသို့ ရောက်သွားလေ၏။
နေရာအနှံ့မှ ကျင့်ကြံသူများသည်လည်း ဆွံ့အနေကြလေသည်။ ကျောက်တုံးလေးသည် အခြားသူများ ကြောက်လန့်သွားအောင် လုပ်နိုင်လေသည်။
ထိုနေ့တွင် လေဟာနယ်နတ်ဘုရားနယ်မြေသို့ လူအများအပြား ရောက်လာပြီး ရှီဟောင်ကို လူကိုယ်တိုင် လာကြည့်ကြလေသည်။
ရှီဟောင်သည် မောပန်းနေသော်လည်း အနားယူခြင်းမရှိပဲ မကြောက်မရွံ့ပင် ရှေ့ဆက်နေလေသည်။
သူ ချိုးဖျက်လို့ မရနိုင်သည့် စံချိန်များလည်းရှိသေးသည်။ ဥပမာအားဖြင့် လွန်ခဲ့သည် နှစ်ပေါင်း ထောင်သောင်းများစွာတွင် ထာဝရမီးတောက်တိမ်၏ အင်ပါယာမီးတောက်ပညာသည် စွမ်းအားအကြီးဆုံးဟု သတ်မှတ်ထားခဲ့ကြလေ၏။ ထိုစံချိန်သည်လည်း ယနေ့ထက်ထိတိုင် အမြင့်ဆုံးစံချိန်တစ်ခု ဖြစ်လေသည်။
ရှီဟောင်သည် ယခင်က ထိုမီးတောက်တာအို အဖိုးတန်ပညာများကို လေ့လာခဲ့သော်လည်း သူတို့ကဲ့သို့ စွမ်းအားမကြီးသေးပေ။ သူ ဤစံချိန်ကို ချိုးရန်မှာ မဖြစ်နိုင်ပေ။
ဤစံချိန်သည် နယ်ပယ်တစ်ခု၏ စံချိန်ပင်ဖြစ်သည်။ ဤနယ်ပယ်ထဲတွင် သေချာ စိတ်နှစ်မြှုပ်ပြီး လေ့ကျင့်မှသာ ထိုစံချိန်ကို ချိုးဖျက်နိုင်လိမ့်မည်။
ထိုဖြစ်စဉ်တစ်ခုလုံးတွင် အဖိုးငှက်နှင့် ဒင်္ဂါလူကြီးတို့သည် တစ်ဖြည်းဖြည်း မျက်လုံး ပြူးလာသည်။ မှတ်တမ်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်နှင့် သူတို့ အမူအရာ ပြောင်းလဲသွား၏။ သူတို့သည် ရှီဟောင်နောက်သွားကြပြီး သူတို့၏ ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်သော ကြောက်စရာကောင်းသည့် စွမ်းအားများလည်း တစ်ဖြည်းဖြည်း ပေါ်ထွက်လာလေသည်။