သုခကမ္ဘာက ရှီဟောင် - Chapter - 750 ကောင်းကင်ဘုံလမ်းကြောင်းကို အလွဲသုံးစား လုပ်ခြင်း
ထိုလူနှစ်ယောက်၏ အော်ရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး အခြားသူများကို ကြောက်ရွံ့မှုများ ခံစားရစေသည်။ အနက်ရောင်လျှပ်စီးများသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး တာအိုအသံများလည်း မြည်ဟီးလာပြီး ဤနေရာကို တုန်လှုပ်စေသည်
သူတို့နှစ်ယောက်၏ ပြောင်းလဲမှုကို အာရုံခံမိသောကြောင့် ရှီဟောင် အံ့အားသင့်သွား၏။ ထိုသူနှစ်ယောက်သည် ထူးခြားသော သူများဖြစ်သည်ကိုသတိထားမိသွားသည်။ ရှီဟောင်သည် သွားနေသည်ကို ရပ်ပြီး မေးလိုက်၏ “ခင်ဗျားတို့ နှစ်ယောက် ကျုပ်ကို ပြောစရာရှိလို့လား”
အဖိုးငှက်နှင့် ဒင်္ဂါးလူကြီးသည် ယခုမှ အိပ်မက်မှ လန့်နိုးလာသကဲ့သို့ပင် သူတို့၏ စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်သွားလေသည်။ ထို့အပြင် ထူးဆန်းသည့် အလင်းလှိုင်းများ ထွက်လာလေ၏။
သူတို့နှစ်ယောက်သည် မျက်မှောင်ကြုတ်ကာ သူတို့၏ အတိတ်အကြောင်းများကို စဉ်းစားနေဆဲပင်။ သူတို့၏ အမူအရာသည် ငြိမ်းချမ်းသွားလိုက် စိတ်ရှုပ်ထွေးသွားလိုက် အလေးအနက်ဖြစ်သွားလိုက်ဖြစ်နေပြီး သူတို့၏ အော်ရာများလည်း ပြောင်းလဲနေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ငါ ဘယ်သူလဲဆိုတာ ငါဒီနေ့မှ စဉ်းစားမိသွားတယ်” ဒင်္ဂါးလူကြီးသည် အတွေးနွံနစ်နေလေ၏။
အဖိုးငှက်လည်း ခေါင်းညိမ့်လိုက်၏။ ထို့နောက် ခေါင်းခါကာ ပြောလိုက်သည် “အန် … ခဏ … ငါက ‘ငါ’ ပဲ … ဒါပေမဲ့ အဲဒီ ‘ငါ’ ဆိုတာက ဘယ်သူလဲ”
ဒင်္ဂါးလူကြီးသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူလည်း စိတ်ရှုပ်ထွေးသွားလေသည် “ဘယ်သူက ‘ငါ’ အစစ်လဲ”
ရှီဟောင်သည် ထိုသူနှစ်ယောက်ကို တည်ငြိမ်စွာပင် ကြည့်နေ၏။ နောက်ဆုံးတော့ ဤလူနှစ်ယောက်၏ နောက်ခံကို သူသိသွားပြီ။ သူတို့သည် ရိုးရှင်းသည့်သူများ မဟုတ်ကြပေ။
“မင်း စံချိန်တွေ ထပ်ချိုးသင့်တယ် … ငါတို့ စိတ်တွေကို ဖုံးအုပ်ထားတဲ့ မြူတွေ ရှင်းတော့မယ် … ငါတို့ တစ်ချို့ဟာတွေကိုတော့ မှတ်မိလာပြီ” အဖိုးငှက် ပြောလိုက်သည်။ သူ၏ မျက်နှာတွင် လူလိမ်၏ အမူအရာအစား ရှားပါးလှသည့် လိုချင်နေသည့် အမူအရာ ပေါ်ပေါက်လာသည်။
ရှီဟောင်သည် ခေါင်းညိမ့်လိုက်ပြီး အရဲတင့်စွာပင် ရှေ့ဆက်တိုးသွားပြီး စံချိန်များကို ဆက်ချိုးနေသည်။
လေဟာနယ်နတ်ဘုရားနယ်မြေတွင် ရှိနေသည့် သူများအားလုံး တုန်လှုပ်သွားကြလေသည်။ ကျောက်တုံးလေးသည် ဤနေရာသို့ ပြန်ရောက်လာပြီး ဤကဲ့သို့ အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်လိုက်သောကြောင့် အားလုံးသည် သူ၏အပြုအမူများကို ထိတ်လန့်သွားလေ၏။
အဖိုးငှက်နှင့် ဒင်္ဂါးလူကြီးသည် ပို၍ ပို၍ စွမ်းအားကြီးလာနေပြီး သူတို့နောက် လိုက်လာနေကြသောသူများအားလုံး ဆွံ့အသွားကြသည်။ ဘာတွေ ဖြစ်နေတာလဲ … သူတို့သည် ရှေးသားရဲကြီးနှစ်ကောင်နောက် လိုက်နေသကဲ့သို့ပင် ခံစားလိုက်ရပြီး မသက်မသာ ခံစားလိုက်ရသည်။
အဖိုးငှက်၏ ပုခုံးပေါ်တွင် ရှိနေသည့် ငှက်သည် အလောတကြီးပြန်ရောက်လာကာ နေမင်းကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အနောက်ဘက်တွင် ရပ်တန့်နေလေသည်။ သူ၏ ဦးခေါင်းအနောက်တွင် တောက်ပနေသောကြောင့် ထာဝရဗုဒ္ဓနှင့်ပင် တူနေလေ၏။
ဒင်္ဂါးလူကြီးသည်လည်း ပြောင်းလဲသွားလေ၏။ သူ၏ အရိုးများသည် တာအိုများဖြင့် ပဲ့တင်ထပ်လာပြီး ထာဝရလေများ တိုက်ခတ်နေလေသည်။ သူ၏ မျက်နှာထက်တွင်ရှိနေသည့် ရက်စက်သည့်အပြုံးများ လုံးဝ ပျောက်ကွယ်သွားပြီး အခြားကမ္ဘာမှ အော်ရာ အနည်းငယ်သာ ရှိတော့သည်။
သူတို့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အားလုံး ဆွံ့အသွားရ၏။ ဤနှစ်ယောက်သည် ဘာမှ အသုံးမကျသည့် သူများမဟုတ်ဘူးလား … ဤကဲ့သို့သော ပြောင်းလဲမှုကြီးမှာ ရူးလောက်စရာ မဟုတ်ဘူးလား … ဤလူနှစ်ယောက်သည် ယခင်က အရှက်မရှိသည့်သူနှစ်ယောက်ဖြစ်သည်မှာ မယုံကြည်နိုင်စရာပင်။
ရှီဟောင်သည် ပိုမြင့်သည့် နေရာသို့ ရောက်နေပြီဖြစ်၏။ သူ၏ တစ်ကိုယ်လုံးသည်လည်း မသေဆုံးနိုင်သည့် နတ်မီးဖိုကဲ့သို့ပင် တောက်ပနေသည်။ သူသည် စံချိန်အများကြီးကို ချိုးဖျက်ခဲ့ရသောကြောင့် ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် ခဏရပ်တန့်ရန် သူဆုံးဖြတ်လိုက်သည်။
“မင်း စံချိန်တွေကို တစ်ခုပြီးတစ်ခု ချိုးဖျက်လေ ငါတို့ စွမ်းအားကြီးလာလေလေပဲ … ငါတို့ရဲ့ ပျောက်နေတဲ့ မှတ်ဉာဏ်တွေလည်း ပြန်ရလာပြီ”
ထိုစကားကို ကြားလိုက်ရသောအခါ ရှီဟောင် သူတို့ကို လေးလေးနက်နက် ကြည့်လိုက်၏။ သူလူသားဧကရာဇ်ဖြစ်လာသည့်အချိန်တွင် ဤလူနှစ်ယောက်အကြောင်းကို စုံစမ်းရန် လူလွှတ်ခဲ့သေးသည်။ သို့သော် ဤလူနှစ်ယောက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်သူကို ရှာမတွေ့ခဲ့ပေ။
“ခင်ဗျားတို့က လေဟာနယ်နတ်ဘုရားနယ်မြေရဲ့ သဘာဝကနေ ဖြစ်လာတဲ့သူတွေ မဟုတ်ဘူးမလား” ရှီဟောင် ခန့်မှန်းလိုက်၏။
“မဟုတ်ဘူး … ငါတို့က အသွေးအသားရှိတဲ့ ဂျီးနီးယပ်စ်တွေ” အဖိုးငှက် ပြောလိုက်၏။ သူ၏အနောက်တွင် နေမင်းကြီးတစ်လုံး ရှိနေလေသည်။
“ပျက်သုန်းခြင်းနယ်မြေက စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး တစ်ခြားနယ်မြေတွေကိုပါ သွားခိုင်းမှာလို့တော့ မပြောနဲ့နော်” ရှီဟောင် ပြောလိုက်၏။
“ငါစိတ်ထဲမှာ ပိုရှင်းလာပြီး တစ်ချို့အရာတွေကို နားလည်လာပြီ … မင်းအရမ်းလုပ်စရာ မလိုတော့ပါဘူး” ဒင်္ဂါးကြီး ပြောလိုက်သည်။
“နေရာ ရှာရမယ်” အဖိုးငှက်သည် အလွန်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်က ဘယ်သူတွေလဲ” ရှီဟောင် မေးလိုက်၏။ ဤမေးခွန်းသည် ကျန်သည့်သူများအားလုံး သိချင်နေသည့် မေးခွန်းပင်။
“ငါတို့လည်း သိချင်နေတာပဲ … ငါတို့ အခုထိ အဖြေရှာနေတုန်းပဲ” အဖိုးငှက်သည် အသက်မပါစွာ ရယ်လိုက်လေ၏။
ဒင်္ဂါးလူကြီးလည်း ခေါင်းညိမ့်လိုက်၏။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာသောအချိန်တွင် ထိုအပြုံးသည် နတ်ဆိုးဆန်သွားပြီး ခုဏက ပေါ်လာခဲ့သည့် မသေမျိုး ခံစားချက်များလည်း တစ်စစီ ပျောက်ကွယ်သွားလေသည်။
ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူတို့သည် တစ်ဖြည်းဖြည်းနှင့် ယခင်က ပုံစံသို့ ပြန်ရောက်သွားသည်။ အရှက်မရှိသော သူနှစ်ယောက် ပြန်ရောက်လာပြီး လမ်းတစ်လျှောက်တွင်ရှိသော လူများကို သူတို့ အရိုးစာအုပ်များကို ရောင်းနေပြီး စီးပွားရေးလုပ်နေလေ၏။
အချိန်ကြာလာသည်နှင့်အမျှ သူတို့ မျက်လုံး ဖွင့်တိုင်း ပိတ်လိုက်တိုင်းတွင် အလင်းလေးများ ဖြတ်သွားပြီး သူတို့ ယခင်ကနှင့် မတူကြောင်း ပြသလေသည်။
“ဒီအရိုးစာအုပ်က ငါးထောင်ကျတယ် … မင်းစိတ်ကျေနပ်မှု ရဖို့ အာမခံတယ်”
“ဘာ မကျေနပ်ဘူးလား … ကျောက်တုံးလေးကို ကြည့်လိုက် … သူ ဒီစာအုပ်ထဲမှာပါတဲ့ လေ့ကျင့်ရေးနည်းလမ်းအတိုင်း အတိအကျ လေ့ကျင့်ခဲ့တာ … လူငယ်လေး ကြိုးစားပြီးလေ့ကျင့် … နောက်ထပ်ကျောက်တုံးလေးက မင်းဖြစ်လာနိုင်တယ်”
“…”
သူတို့နှစ်ယောက်သည် ဘဝင်ခိုက်နေသည့် ပုံစံဖြင့်ပင် ဆက်နေကြလေသည်။ သူတို့သည် လူအုပ်စုကြီးကို ကလိမ်ကျနေသောကြောင့် မျက်နှာများမှာ အထင်သေးသည့် ပုံစံ ဖြစ်နေ၏။ သူတို့ကို လူများဝိုင်းနေသောကြောင့် သူတို့သည် နတ်တိုင်နှစ်ခုကဲ့သို့ ဖြစ်နေသည်။
“ဒီနေရာက ဘာနေရာလဲ” အားလုံး အံ့ဩနေကြသည်။ ထာဝရစွမ်းအင်ကဲ့သို့ ဖြစ်နေသော သန့်စင်သည့် အဖြူရောင်အလင်းနောက်လိုက်လာရင်း မမျှော်လင့်ပဲ ဤနေရာသို့ရောက်လာခြင်းပင်။
ကြီးမားသော တောင်ကြီးတစ်လုံးနှင့် တူသည် ကြေးနီဂိတ်တံခါးတစ်စုံကို တွေ့လိုက်ရ၏။ ဤကဲ့သို့သော နေရာရှိမှန်း ယခင်က မည်သူမျှ မသိခဲ့ပေ။
“ဖွင့်” ဒင်္ဂါးလူကြီးသည် လက်ညှိုးထိုးလိုက်သည်နှင့် သင်္ကေတအလင်းများ တောက်ပလာလေသည်။ ကြီးမားသော ရှေးဟောင်းဂိတ်တံခါးသည် အသံများမြည်ကာပွင့်သွားပြီး စွမ်းအားလှိုင်းများ ထွက်လာလေ၏။
အားလုံးသည် ကြောက်လန့်တကြားပင် အနောက်သို့ ဆုတ်လိုက်သည်။ ထွက်လာသော စွမ်းအားများမှာ မူလရှေးဟောင်းစွမ်းအားများပင်။ ဤနေရာသည် သေချာပေါက် အရေးကြီးသော နေရာတစ်ခုပင်။
ကြေးနီဂိတ်တံခါးနောက်တွင် ကျယ်ပြန့်ကာ အဆုံးမရှိသော မြင်ကွင်းတစ်ခု ရှိနေ၏။ မြူများ သိပ်သည်းနေသောကြောင့် ရှင်းရှင်းလင်းလင်းပင် မမြင်ရပေ။ အချိန်အကြာကြီးကြာပြီးသွားမှသာ ကောင်းကင်သို့ သွားသည့်လမ်းတစ်ခုကို တွေ့လိုက်ရလေသည်။
ထိုလမ်းကြောင်းသည် အပြာရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထား၏။ ထိုလမ်းသည် တောင်ပေါ်တွင် ရှိနေခြင်းမဟုတ်ပဲ လေဟာနယ်တွင် ပေါလောပေါ်နေသောကြောင့် ထူးခြားနေသည်။ ထိုကျောက်များသည် အလေးချိန်ရှိပုံ မပေါ်ပဲ စိမ်းပြာရောင်တိမ်များ ဆက်ထားသလိုပင်။
၎င်းလမ်းကြောင်းသည် ကောင်းကင်လမ်းကြောင်းဖြစ်ပြီး ကောင်းကင်ဘုံသို့ တိုက်ရိုက်ရောက်သွားမည်ဟုပင် ထင်ရသည်။
ရှီဟောင်သည် လက်နောက်ပစ်ကာ ထိုလမ်းကြောင်းကို ကြည့်လိုက်သည်။ သူ၏ စိတ်များလည်း လှုပ်ရှားနေရ၏။ လေဟာနယ်နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့သော နေရာလည်း ရှိသလား … သူအရင်က တစ်ခါမှ မကြားဖူးခဲ့ပေ။
“ငါတို့ နည်းနည်းမှတ်မိလာပြီ … မင်း စံချိန်တွေကို ဘယ်လောက်ပဲ ချိုးချိုး မင်း ကြေးနီစာအုပ်ရဲ့ နောက်ဆုံးနှစ်ပိုင်းကို ရမှာ မဟုတ်ဘူး … မင်း ဒီလမ်းအတိုင်းတက်သွားပြီး တိုက်ခိုက်မှ အဲဒါတွေကို ရမှာ” အဖိုးငှက် ပြောလိုက်၏။
“မကောင်းတဲ့လူအိုကြီး … ခင်ဗျား ဘာလို့ အဲဒီလိုမျိုး ပြုံးနေရတာလဲ” ရှီဟောင် မေးလိုက်၏။
အဖိုးငှက်သည် ချက်ချင်းပင် ဒေါသထွက်ကာ ပြောလိုက်၏ “အဓိပ္ပာယ်မရှိတာ… ပေါက်ကရတွေ မပြောနဲ့ … မင်း အဲဒီစကားတွေကို ဘယ်လိုလုပ် ဒီလူအိုကြီးကို ပြောရက်ရတာလဲ … မင်းလိုမျိုး တော်တဲ့လူငယ်တစ်ယောက် ဒီလမ်းကို တက်ဖို့အတွက် ငါ ပျော်ပျော်ကြီး စောင့်နေတာ”
“ဒါက ကောင်းကင် လမ်းကြောင်းပဲ … မင်းဒီလမ်းအတိုင်း တက်သွားပြီး ရန်သူကို ချေမှုန်းနိုင်ရင် အဲဒီ ကြေးနီစာအုပ် အပိုင်းအစတွေက သူ့အလိုလို ပေါ်လာမှာ” ဒင်္ဂါးလူကြီးမှ ပြောလိုက်၏။
အားလုံး စိတ်လှုပ်ရှားသွားရ၏။ ဒီလမ်းကြောင်းသည် မည်ကဲ့သို့သော လမ်းကြောင်း ဖြစ်သနည်း … သူတို့ အရင်က ဒါကို မကြားဖူးသေးပေ … ထိုလမ်းအဆုံးတွင် မည်ကဲ့သို့သော ရန်သူမျိုး ပေါ်လာမည်နည်း …
ဤနေရာကြီးကို ကြီးမားလှသည့် ကြေးနီဂိတ်တံခါးဖြင့် ချိတ်ပိတ်ထားခြင်းဖြစ်ပြီး ယနေ့မှ ပေါ်လာခြင်းပင်။ ထိုလမ်းအဆုံးတွင် ရှိနေသောသူမှာ ရှေးအချိန်ကတည်းကနေ ယခုထိ အသက်ရှင်နေသေးသော သူလား…
ရှီဟောင် ရယ်မောလိုက်၏။ ယခုအချိန်တွင် သူသည် မည်သည့်စွမ်းအားကြီးသူကိုမျှ မကြောက်တော့ပဲ တိုက်ပွဲကောင်းတစ်ခုကို မျှော်လင့်နေမိသည်။
သူထိုအပြာရောင်ကျောက်တုံးပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်နှင့် ရောင်စုံမြူများ ထွက်လာပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။ သူ၏ ခြေထောက်အောက်တွင် ရှိနေသည့် အဖြူရောင်မြူများ ပျောက်ကွယ်သွားကာ အပြာရောင်ကျောက်တုံးလမ်း ပေါ်လာလေ၏။
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သူ ဤကျောက်တုံးပေါ်သို့ ခြေချယုံဖြင့်ပင် စွမ်းအားကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ သာမန် ကျင့်ကြံသူများမှာ ဤကျောက်တုံးပေါ်တွင်ပင် ခြေချနိုင်မည်မဟုတ်။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏အရှေ့တွင်ရှိနေသည့် မြူများမှာ နေမင်းဘေးမှ လွင့်စင်သွားသည့် တိမ်များကဲ့သို့ပင် လွင့်ပါးသွားလေသည်။
“စီနီယာ ကျွန်တော်တို့လည်း အဲဒီကောင်းကင်ဘုံလမ်းကို လျှောက်လို့ရလား” တစ်စုံတစ်ယောက်သည် ထိုဆိုးယုတ်သော သူနှစ်ယောက်ကို မေးလိုက်၏။
“ရတယ် ဒါပေမဲ့ မင်းပြုတ်ကျသွားတာနဲ့ မူလနေရာကို ပြန်ရောက်သွားမှာ … လနည်းနည်းလောက် အနားမယူပဲနဲ့ ဒီကို ပြန်လာဖို့ မစဉ်းစားနဲ့တော့” အဖိုးငှက် ပြန်ပြောလိုက်သည်။
“အဲဒီလမ်းက အဲဒီလောက်တောင် အန္တရာယ်များတယ်လား” လူများစွာ သံသယ ဝင်သွားကြလေ၏။ ရှီဟောင်သည် မည်သည့်တိုက်ခိုက်မှုမျှ မခံစားရသလိုပင် အေးဆေးတက်သွားနေသောကြောင့် သူတို့ မယုံကြသည့် ပုံပင်။
တစ်ခဏကြာသောအခါ လူမျာစွာသည် ထိုလမ်းကြောင်းထံသို့ ပြေးသွားကြလေသည်။ သို့သော် လူတစ်ယောက်နင်းလိုက်သည်နှင့် သူသည် ချက်ချင်းပင် အနောက်သို့ လွင့်ထွက်သွားလေ၏။
အချို့လူများသည် ဆက်တက်သွားနိုင်သော်လည်း ၁၀ လှမ်းခန့် ရောက်သည့်အချိန်တွင် အနောက်ပို့ ပြန်ပြုတ်ကျလာပြီး လေထဲတွင်လည်း အော်ဟစ်သံများ ဆူညံသွားလေသည်။
တိမ်တိုက်များအောက်တွင် မြူများ ဆိုင်းနေပြီး လေများ တိုက်ခိုက်နေကာ အောက်တွင်ရှိသောအနက်ကို မမြင်ရပေ။ ဖော်ပြ၍မရနိုင်သည့် သတ်ဖြတ်လိုသည့်အော်ရာများသည် အပေါ်ဘက်သို့ တက်လာကာ သူတို့ကို တိုက်ခိုက်လေ၏။
အားလုံးသည် ချွေးစေးများ ပြန်သွားကာ မည်သူမျှ မစွန့်စားရဲတော့ပေ။
“ကောင်းကင်လမ်းကြောင်းက ကြမ်းတမ်းပြီး အန္တရာယ်များတယ် … အမှားသေးသေးလေးတစ်ခုလုပ်မိရင်တောင် မင်းတို့ ပြန်ပြုတ်ကျလာလိမ့်မယ်” ဒင်္ဂါးလူကြီးသည် ခေါင်းခါရမ်းကာ ပြောလိုက်၏။
“သူ ကောင်းကင်ပေါ်ကို တကယ်တက်နိုင်လားဆိုတာ ဘေးကနေ ရပ်ကြည့်ရအောင်” အဖိုးငှက် လက်ဝေ့ရမ်းလိုက်သည်နှင့် တိမ်နှင့် မြူများ ကင်းစင်သွားပြီး မြင့်မားနေသည့် တောင်တစ်လုံးကို သူတို့ တွေ့လိုက်ရသည်။
ထိုတောင်သည် လေပေါ်တွင် ရှိနေသည့် လမ်းနှင့် သိပ်မဝေးပေ။ ရှီဟောင်၏ လှုပ်ရှားမှုများအားလုံးကို သူတို့ တွေ့နေရ၏။ သူတို့သည် ဘေးချင်းကပ်ရပ်ဖြစ်နေသော်လည်း ဆက်သွယ်၍ မရပေ။
၎င်းနေရာသည် ‘လေဟာနယ်ကန့်သတ်နယ်မြေ’ ဖြစ်ပြီး ပျံသန်းခြင်းကို ခွင့်မပြုထားသောကြောင့် သူ မပျံသန်းသင့်ကြောင်း သတိပေးထားလေသည်။
ရှီဟောင် ဆက်လျှောက်လာသည်နှင့် အဆုံးမရှိသော လူအုပ်ကြီးသည် ထို ကြီးမားလှသည့် အနက်ရောင်တောင်ကြီးပေါ်သို့ ပြေးတက်ကြလေ၏။ ထိုကြီးမားသော တောင်ကြီးသည် အလွန်ခန့်ညားကာ ကမ္ဘာအစစ်တွင် ရှိနေသည့် တောင်များပင်လျှင် ထိုတောင်ကို မယှဉ်နိုင်ပေ။
မည်မျှကြာအောင် လျှောက်ခဲ့မှန်းမသိသော်လည်း ယခုအချိန်တွင် ရှီဟောင်သည် ဖိအားကြီးကို ခံစားလိုက်ရသည်။ သို့သော် သူ မရပ်တန့်ခဲ့ပေ။
သူသည် ပို၍ ပို၍ မြင့်လာသည်။ သူသည် ဘာမျှ မကြားရတော့သလို အခြားလူများ၏ အရိပ်အယောင်ကိုလည်း မမြင်ရပေ။ သူသည် ကမ္ဘာ၏ အဆုံးသို့ ရောက်သွားသကဲ့သို့ပင် အားလုံး တိတ်ဆိတ်နေလေ၏။
“ဒီလမ်းကြောင်းက ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းလား … ငါ့အနာဂတ်က ဒီလိုမျိုးလား”
ရှီဟောင်၏ အရှိန်သည် မနှေးသော်လည်း သူသည် သုံးရက် သုံးည လမ်းလျှောက်ခဲ့ပြီးမှ အဆုံးသတ်သို့ ရောက်လာသည်။ သူမည်မျှပင် လျှောက်ခဲ့ရသနည်း…
ထိုအချိန်တွင် သူ့ကို တစ်ချိန်လုံးလိုက်ကြည့်နေသည့်သူအားလုံးသည် ထို မြင့်မားလှသည့် တောင်နက်ပေါ်သို့ တက်ကာ ခပ်ဝေးဝေးမှနေ၍ ရှီဟောင်ကို ကြည့်နေကြလေသည်။
သူ လမ်းအဆုံးသို့ ရောက်သည့်အချိန်တွင် ရှေးဟောင်းယဇ်ပုလ္လင်နှင့်တူသော မြင့်မားသည့် စင်္ကြံတစ်ခုကို တွေ့လိုက်ရသည်။ ထိုပုလ္လင်ကြီးမှာ ထူးဆန်းသည့် ပြိုင်ကွင်းတစ်ခုနှင့်လည်း တူနေပြီး ကြေးနီးဖြင့် လုပ်ထားသည်။
ထို စင်္ကြံမြင့်သည် လေပေါ်တွင် ရှိနေပြီး ရှေးကတည်းက တည်ရှိနေခဲ့ပုံပင်။ ထို စင်္ကြံပေါ်တွင် သားရဲမျိုးစုံကို ထွင်းထုထားပြီး မျက်မှာပြင်တွင်လည်း အစိမ်းရောင်အလွှာတစ်လွှာရှိနေလေသည်။
သူသည် ထိုပုလ္လင်ထံသို့ လမ်းလျှောက်သွားသည့်အချိန်တွင် မြူများဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရ၏။ သူသည် လမ်းကြောင်းပေါ်မှ ပြုတ်ကျသွားတော့ မတတ်ပင် တုန်လှုပ်သွားခဲ့ရသည်။
ကြည့်နေကြသော သူအားလုံးလည်း ကြက်သီးထသွားရ၏။ သူသာ ပြုတ်ကျသွားပါက အဆုံးမရှိသည့် ချောက်နက်အတွင်းသို့ ပြုတ်ကျသွားပေလိမ့်မည်။ ဤနေရာတွင် ပျံသန်း၍လည်း မရသောကြောင့် သူသည် ထူးဆန်းသည့် စွမ်းအားများနှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။
သူမြင်လိုက်ရသည့် အရာကြောင့် ရှီဟောင် အံ့အားသင့်သွားရသည်။ ထို ကြေးယဇ်ပုလ္လင်ကို ကာကွယ်ပေးနေသည့် စွမ်းအင်များ ရှိနေသည့်ပုံပေါ်ပြီး သူအားမသုံးပါက ထိုနေရာသို့ ဝင်ရန် ခက်ခဲလိမ့်မည်။
သူသည် တစ်ခဏမျှ အနားယူလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏ “ဖွင့်”
ရှီဟောင်၏ လက်သီးသည် ရွှေရောင်လက်သီးအဖြစ် ပြောင်းလဲသွားကာ ထို စွမ်းအားကို ထိုးလိုက်သည်နှင့် ထိုပုံစံ မရှိသည့် စွမ်းအားများမှာ တစ်စစီ ပြိုကွဲသွားလေ၏။ သူသည် အရှေ့သို့ တိုးကာ ထို ရှေးဟောင်း ကြေးယဇ်ပုလ္လင်ပေါ်သို့ တက်သွားလိုက်သည်။
ထိုလက်သီးချက်ကြောင့် မြူများ ရှင်းလင်းသွားပြီး ထိုစင်္ကြံပေါ်ရှိ မြင်ကွင်းကို သေချာမြင်လိုက်ရသည်။ ထိုနေရာသည် အလွန်ကျယ်ပြန့်ပြီး အနောက်မှ လူများပင် မြင်ရသည်။
တစ်စုံတစ်ယောက် လှည့်ကြည့်လာကာ ထိတ်လန့်စွာ ကြည့်လိုက်သောကြောင့် ရှီဟောင်လည်း အံ့ဩသွားရ၏။
ထိုသူမှာ တောက်ပနေသည့် ရွှေရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမအရပ်အမောင်းမှာ မြင့်မားပြီး ကျက်သရေရှိလှ၏။ သူမသည် နက်မှောင်သော ဆံနွယ်များမှာ အောက်သို့ ဖြာကျနေကာ သူမ၏ မျက်လုံးများမှာ ကြည်လင်နေသည်။ သူမ၏ မျက်နှာကိုလည်း ကာထားလေ၏။
သူမသည် ထိုနေရာတွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေသည်။ သူမ မျက်လုံး ဖွင့်လိုက်ပိတ်လိုက် လုပ်သည့်အချိန်တွင် လျှပ်စီးများမှာ အမှတ်တမဲ့ပင် ထွက်ာလသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထူးခြားကာ စွမ်းအားကြီးလှသည်။ စွမ်းအားကြီးသည့် အော်ရာလည်း သူမဘေးပတ်လည်တွင် ဝန်းရံနေလေ၏။
“ရက်စက်တဲ့သူလား” အမျိုးသမီးသည် သာယာနာပျော်ဖွယ်ကောင်းသည့် အသံဖြင့် ပြောလိုက်၏။ သူမ ရှီဟောင်ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် သူမ၏ မျက်လုံးတွင် နတ်အလင်းများ ပေါ်လာလေသည်။
“မကောင်းဆိုးဝါးလား” ရှီဟောင်လည်း ပြောလိုက်သည်။
“မသေမျိုး” ထိုအမျိုးသမီး ပြန်ပြောလိုက်၏။
“ဧကရာဇ်” ရှီဟောင် ပြန်ပြောလိုက်သည်။