သုခကမ္ဘာက ရှီဟောင် - Chapter - 754 သစ်တောမှ သစ်ပင်ကဲ့သို့ ပေါများသော ကျွမ်းကျင်သူများ
အဆင့်မြင့်နယ်မြေမှ နတ်ဘုရားနယ်မြေ …။
ရေကန်တစ်ခု၏ ဘေးတွင် ဖန်းဝူသည် မျက်မှောင်ကြုတ်ကာ သူမအောက်တွင် ရှိနေသည့် လိပ်ကြီးကို တက်နင်းထားလေ၏။ သူမ၏ စိတ်အခြေအနေမှာ မကောင်းလှပေ။ ထို ဟောင်ထျန်း၏သတင်းများကို ကြားနေရသောကြောင့် သူမ ငြိမ်ငြိမ်မနေနိုင်ပေ။
“ငါ သူနဲ့တိုက်တာကို တစ်ခြားသူတွေ မမြင်လောက်ဘူးမလား … ငါ့ရဲ့ ထာဝရဓားက သူ့လက်ထဲမှာ ကျန်ခဲ့တယ် … အဲဒီကောင် အဓိပ္ပာယ်မရှိတာတွေကိုတော့ လျှောက်မပြောလောက်ဘူးမလား”
ဟောင်ထျန်း သူမ၏ နှာခေါင်းနှင့် ပါးများကို ဆွဲညှစ်ခဲ့သည်ဟူသော ကောလဟာလသာ ပြန့်သွားပါက သူမ သွေးအန်သွားရလိမ့်မည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အချိန်တွင် သူမသည် အသက်မရှိသည့်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သွား၏။
“ငါ ဒါကို သည်းခံနိုင်မှာ မဟုတ်ဘူး … ငါ ခွင့်မလွှတ်ဘူး”
သူမ၏ ခွန်အားများကို ချက်ချင်းပြန်ကောင်းစေရန်အတွက် သူမ နတ်ဆေးလုံးကို လိုချင်လာသည်။ သို့မှသာ သူမ ကြေးငှက်ယဇ်ပုလ္လင်သို့ ပြန်သွားကာ ထိုသူကို သတ်ပစ်နိုင်မည်။ သူမသည် သူမ၏ မွေးရာပါနတ်စွမ်းအင်များကိုပင် ပြသခွင့်မရလိုက်ပဲ ချောင်းတိုက်ခံလိုက်ရသည်။
ကြေးငှက်ယဇ်ပုလ္လင်ထိပ်တွင် လူတစ်ယောက်ရပ်နေပြီး သူ၏ ပတ်ပတ်လည်တွင် လူမျိုးစုများစွာမှ လူများစွာ လဲနေလေသည်။ ထိုသူများမှာ နှစ်နာရီအတွင်း အဖမ်းခံထားရသော သူများပင်။
ရှီဟောင် တစ်ယောက်မျှပင် မသတ်ရသေးသော်လည်း ကိုယ့်ကိုကိုယ်သတ်သေသွားသော သူများသည် သူတို့၏ သေဆုံးမှုကို သူ့ခေါင်းပေါ် ပုံချသွားလေသည်။ ထို့ကြောင့်ပင် ဟောင်ထျန်းဟူသောနာမည်တွင် ရက်စက်သော အော်ရာများ ရှိနေလေ၏။
“ငွေရောင်လူမျိုးစုက တစ်ယောက်ယောက်လာနေပြီ” တစ်စုံတစ်ယောက်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဤလူမျိုးများသည် အနည်းငယ် ထူးဆန်းသည့် လူမျိုးဖြစ်၏။ သူတို့သည် သတ္တုတစ်ဝက် အသွေးအသားတစ်ဝက်ဖြင့် တည်ဆောက်ထားခြင်းပင်။ သူတို့၏ ခန္ဓာကိုယ် ပတ်လည်တွင် ငွေရောင်အလင်းတန်းများနှင့် နှင်းကဲ့သို့သော အဖြူရောင် အလင်းများသည် တစ်ဝက်စီ တောက်ပေနေလေသည်။ သူတို့သည် အလွန်စွမ်းအားကြီးသော လူမျိုးစုပင်။
သူတို့၏ ဘိုးလေးသည် ရှေးဟောင်ငွေရိုင်းမှ ထွက်လာသော ဝိဉာဉ်တစ်ခုဖြစ်ပြီး လူသားအဆင့်လွန်သူတစ်ဦးနှင့် ပူးပေါင်းပြီးနောက်တွင် သူတို့လူမျိုးစုပေါ်လာခြင်းဖြစ်သည်ဟူသော ကောလဟာလများ ရှိနေ၏။
သူတို့လူမျိုးစုတွင် လူအများကြီးမရှိသော်လည်း သူတို့၏ အဆင့်အတန်းကြောင့် သာမန်လူများမှာ သူတို့ကို ရန်မစရဲပေ။
“အပြစ်သားရဲ့ မျိုးဆက် … မင်းရဲ့ ရက်စက်တဲ့နာမည်က ထူးချွန်နေပေမယ့် မင်းကို ရှင်းပစ်ဖို့က ငါ့တာဝန်ပဲ … ဒီနေရာက မင်းပြဿနာလာရှာလို့ ရတဲ့ နေရာမဟုတ်ဘူး”
ငွေရောင်ကျွမ်းကျင်သူတစ်ယောက်သည် အပြာရောင်ကျောက်တုံးပေါ်မှ လျှောက်လှမ်းရင်း ပြောနေ၏။ ထိုသူ လမ်းလျှောက်လိုက်တိုင်း ‘ချလွင် ချလွင်’ အသံများ မြည်နေလေသည်။
“ခင်ဗျားက ကျုပ်ကို ရက်စက်တဲ့သားရဲလို့ ပြောပြီးတော့ ရောက်ရောက်ချင်းကို ဒီလိုမျိုး ရဲရဲတင်းတင်းလုပ်တယ်ပေါ့ … ဟာသပဲ … ခင်ဗျား အဲဒီလိုမျိုး ကိုယ့်ကိုကိုယ်ယုံကြည်မှု လွန်ကဲနေတဲ့ပုံစံ မလုပ်လို့ရမလား … ခင်ဗျားက ကျုပ်ရဲ့ ‘ရက်စက်တဲ့သိုင်းပညာ’ နောက် လိုက်လာတာ မဟုတ်ဘူးလား .. ” ရှီဟောင် ခနဲ့လိုက်သည်။
သူ၏ အနောက်ဘက်တွင် ရှိနေသည့် သူများမှာ ဤလူမျိုးစုသည် ရန်မစသင့်သည့် လူမျိုးစုဟု ပြောနေသော်လည်း သူဂရုမစိုက်ပေ။ မိုးမခနတ်ဘုရားသည် အနက်ရောင်စာကလေးကို သတ်ပြီးသွားပြီဖြစ်သောကြောင့် ဤလူများမှာ ငွေဝိဉာဉ်၏ မျိုးဆက်များသာ။
စကားပြောလိုက်သည့် ငွေရောင်ကျွမ်းကျင်သူ အရှေ့သို့ ပြေးလာလေသည်။ သူ၏ အနောက်တွင်ရှိသောသူများမှာ မတိုက်ခိုက်ပဲ မြေပြင်ပေါ်တွင်ထိုင်ကာ ကျမ်းစာများကို ရွတ်ဖတ်နေလေသည်။
“တစ်ခုခု မှားနေပြီ .. ”
ရှီဟောင် စိတ်ထဲတွင် စိုးရိမ်မိသွားသည်။ သူ၏ ဘေးပတ်လည်တွင်ရှိသော လေထုမှာ အေးခဲသွားပြီး သူလှုပ်ရှားရန် ခက်ခဲသွားလေ၏။
ထိုသူ၏ အနောက်တွင်ရှိနေသည့် သူများသည် မှော်ပစ္စည်းကို ထုတ်ကာ မန္တန်များကို ရွတ်ဖတ်နေကြ၏။ ထိုမန္တန်များအသက်ဝင်သွားသည်နှင့် ငွေရောင်နေမင်းတစ်ခု ကောင်းကင်ပေါ်သို့ တက်သွားပြီး ဤနေရာတစ်ခုလုံးကို ချိတ်ပိတ်လိုက်သကဲ့သို့ပင် သူ လှုပ်ရှား၍ မရတော့ပေ။
ထိုအစွမ်းသည် ငွေရောင်ကလန်မှ ကျွမ်းကျင်သူကို ထိရောက်မှု မရှိပေ။ ငွေရောင်သင်္ကေတများ ထွက်ပေါ်နေကာ အားပြင်းသည့် လက်သီးတစ်လုံးသည် သူ၏ ဦးခေါင်းထံသို့ ရောက်လာလေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူများမှာ ထိတ်လန့်တကြား အော်ဟစ်ကြလေ၏။ ကောင်းကင်ပေါ်တွင် တောက်ပနေသည့် မှော်ပစ္စည်းမှာ ‘ငွေရောင်တာအိုပန်း’ ဟုခေါ်ပြီး သူတို့ကလန်၏ လျှို့ဝှက်ရတနာတစ်ခုဖြစ်လေသည်။ သူတို့၏ ရှေးအကြီးအကဲများကိုယ်တိုင် ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်ဟူသော ကောလဟာလများလည်း ရှိလေသည်။
“ချိုးဖျက်စေ .. ”
ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ နတ်အားများထွက်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းဖြင့် ဖုံးလွှမ်းသွားလေသည်။ သူ့ကိုယ်သူ ခုခံနိုင်ရန်အတွက် သူလုပ်နိုင်သည့်အရာမှန်သမျှကို လုပ်နေ၏။ သူ၏လက်ကိုလည်း ခက်ခက်ခဲခဲမလိုက်ကာ သူ၏ ခန္ဓာကိုယ်ရှေ့တွင် ကာထားလိုက်သည်။
ငွေရောင်ကလန်မှ ကျွမ်းကျင်သူ၏ ထိုးချက်ရောက်လာလေသည်။ ရှီဟောင်သည် ခံစစ်ကို အများကြီးအားထည့်ထားသောကြောင့် လွင့်ထွက်ရုံသာ လွင့်ထွက်သွား၏။ ငွေရောင်တာအိုပန်း၏ ဖိနှိပ်မှုအောက်တွင် သူသည် ချက်ချင်း အသတ်မခံလိုက်ရသည်ကပင် အံ့အားသင့်စရာကောင်းနေလေပြီ။
“မသေအောင် တကယ် ရှောင်နိုင်တယ်ပေါ့” ငွေရောင်လူမျိုးစုမှ ကျွမ်းကျင်သူ အံ့အားသင့်သွားရသည်။
“ပန်းပွင့်လေးပဲကို … ခင်ဗျားတို့ ဘိုးဘေး ကိုယ်တိုင်လာတာမှ မဟုတ်တာ … ပြီးတော့ ဒါက ကျင့်ကြံခြင်းနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ ကြေးငှက်ယဇ်ပုလ္လင်လေ … အဲဒီတော့ ဒီနေ့ ငါမင်းတို့ကို ဘယ်လို သတ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်”
ရှီဟောင်သည် တိုးညှင်းစွာ ပြောလိုက်ပြီး တစ်ဖြည်းဖြည်း မတ်တပ်ရပ်ကာ ထိုဖိအားကို တွန်းလှန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် မီးတောက်များ စတင်လောင်ကျွမ်းလာပြီး နတ်မီးတောက်များ ဖြစ်ပေါ်လာလေ၏။ သူလှုပ်လိုက်တိုင်း သူ၏ ကျောပေါ်တွင် တောင်ကြီးတစ်လုံး ထမ်းထားသကဲ့သို့ ခံစားနေသည်။
“သတ်”
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လှုပ်ရှားမှုများလည်း ပို၍ လျင်မြန်လာသည်။ ငွေရောင်တာအိုပန်းပွင့်သည် အစွမ်းထက်သော်လည်း သူ့ကို မဖိနှိပ်နိုင်ပေ။ သူသည် ဖြေးညှင်းစွာ လှုပ်ရှားနိုင်နေပြီဖြစ်၏။
ထို့အပြင် ဤအရာသည် မှော်ပစ္စည်းတစ်ခုသာဖြစ်ပြီး အဆင့်လွန်ရတနာတစ်ခု မဟုတ်ပေ။ သူသည် ဤနေရာတွင်ရှိနေသည့် သဘာဝအင်အားများနှင့်လည်း ပေါင်းစပ်ရသောကြောင့် ပန်းပွင့်၏ စွမ်းအား အားလုံးကို အသုံးမပြုနိုင်ပေ။
ဝုန်း …။
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်အလင်းရောင်များပေါ်လာပြီးနောက် သူသည် ချက်ချင်းပင် မိုးပေါ်သို့ ခုန်တက်လိုက်လေသည်။
ရှီဟောင် အရှေ့ဘက်သို့ လက်သီးဖြင့် ထိုးလိုက်သည်နှင့် ရွှေရောင်အမွှေးအတောင်များ ကခုန်သွားလေ၏။ ထိုအရာများမှာ ခွန်ပန်အမွှေးအတောင်များဖြစ်ပြီး သူ့တို့ထံတွင် နှိုင်းယှဉ်၍မရနိုင်သည့် ခွန်အားများ ပိုင်ဆိုင်ထားလေသည်။
အခြားတစ်ဖက်တွင် ထိုင်နေသည့်သူ၏ အမူအရာများ ပြောင်းလဲသွားလေ၏။ သူတို့သည် မမြင်နိုင်သည့်အားကြောင့် လွင့်ထွက်သွားပြီး ထိုလျှို့ဝှက်ရတနာကို မထောက်ပံ့နိုင်တော့ပေ။
ထိုအချိန်တွင် တိုက်ပွဲအလယ်တွင်ရောက်နေသည့် ငွေရောင်ကလန်မှ ကျွမ်းကျင်သူသည်လည်း ရှီဟောင်၏ ပြိုင်ဘက်မဟုတ်ပေ။ စွမ်းအားကြီးသော လေများကြောင့် အနောက်ဘက်သို့ လွင့်ထွက်သွားလေသည်။ သူ၏ ပြိုင်ဘက်ကို ဖိနှိပ်ရန်ခက်ခဲမည်ကို သိသောကြောင့် သူသည် လျင်မြန်စွာပင် နောက်ဆုတ်သွားလေသည်။
ကောင်းကင်တွင် ငွေရောင်အမွှေးအတောင်များသည် နေရာအနှံ့တွင် ရှိနေပြီး ထိုအမွှေးအတောင်များမှာ အလင်းမိုးများ ရွာသွန်းလာလေ၏။ အလင်းများသည် ထိုကျွမ်းကျင်သူကို ဝန်းရံလိုက်ကာ သူ့ကို ပြန်ဆွဲခေါ်လာလေသည်။
ငွေရောင်ကလန်မှ ကျွမ်းကျင်သူသည် ပါးစပ်မှ ငွေရောင်သွေးများ အန်ထွက်လာပြီး သတိမေ့မတတ်ပင်။ သူမြေပြင်ပေါ်သို့ ကျလာသည့်အချိန်တွင် သူ မလှုပ်နိုင်တော့ပေ။
“သွား”
အခြားသူများသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ငွေရောင်တာအိုပန်းပွင့်ကို အသက်သွင်းလိုက်သည်နှင့် ပန်းပွင့်သည် ထိုသူများကို သယ်ဆောင်ကာ အဝေးသို့ ပျံသွားလေ၏။ သို့သော် ရွှေရောင်လက်သီးချက်သည် အနောက်ဘက်မှ ရောက်လာပြီး ထိုလျှို့ဝှက်ရတနာကို လွင့်ထွက်သွားစေပြီး ထိုပန်းပွင့်ပေါ်မှ လူနှစ်ယောက် ပြုတ်ကျလာပြီး ထိုသူများကို ချက်ချင်း ဖမ်းလိုက်သည်။
ငွေရောင်ကလန်မှ ကျွမ်းကျင်သူသည် နာမည်ကြီးသည့် အဖိုးတန်ပစ္စည်းကို သယ်ဆောင်လာသော်လည်း ရှုံးနိမ့်သွားပြီး လူသုံးယောက် အဖမ်းခံလိုက်ရသည်။
လူများ တစ်ဖွဲဖွဲ ရောက်လာကြလေသည်။ သူတို့အားလုံးသည် အဆင့်နိမ့်နယ်မြေမှ ရက်စက်သောသက်ရှိကို မြင်ချင်သောကြောင့် ပြင်းထန်သော တိုက်ပွဲများသည် မလွဲသာမရှောင်သာ ဖြစ်လာရလေ၏။ သူတို့အားလုံးသည် သတိကြီးကြီး ထားကြသော်လည်း ထိုဂျီးနီးယပ်စ်များ ကံမကောင်းလိုက်ကြပေ။
ရလဒ်အနေဖြင့် ရက်စက်သော ဟောင်ထျန်းသည် ပို၍ ဆိုးဝါးလာလေသည်။ သူသည် ကျွမ်းကျင်သူများကို ဖမ်းကာ ကြေးယဇ်ပုလ္လင်ပေါ်သို့ ပစ်တင်လိုက်လေ၏။
“ဧရာမကျောက်တုံးကလန်က လူတွေ ရောက်လာပြီ”
လေထဲတွင် မိုးခြိမ်းသံများ ဆူညံလာလေ၏။ ကြီးမားသော ကျောက်တုံးလူသားများ ရောက်လာကြခြင်းပင်။ သူတို့၏ အရပ်သည် ကျန်းတစ်ရာကျော်ခန့် ရှည်လျားကာ သူတို့၏ ခြေလက်များကို လှုပ်ရှားလိုက်သည့်အချိန်တိုင်းတွင် ထူးခြားသည့်ခွန်အားများကို ပြသလျှက်ရှိသည်။ သူတို့၏ ကိုယ်ထဲတွင် တောင်နတ်ဘုရားများ၏ သွေးများ စီးဆင်နေသောကြောင့် သူတို့သည် တစ်ချက်လှုပ်လိုက်ရုံဖြင့်ပင် တောင်များကို ရွှေ့နိုင်လေ၏။
ရှီဟောင်လည်း အော်ဟစ်ကာ နတ်ဘုရားပစ်ချက်ကျောက်တုံးကို ပစ်လွှတ်လိုက်သည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သူတို့အားလုံးကို စားသုံးပစ်လိုက်လေ၏။ ကျောက်တုံးအပိုင်းအစများမှာ နေရာတိုင်းတွင် လွင့်ပျံ့နေပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ အငမ်းမရစားသုံးခြင်း ခံနေရလေသည်။
ဤအရာသည် ဧရာမကျောက်တုံးကလန်မှ လူများကို အသက်မသေစေသော်လည်း ဒဏ်ရာပြင်းထန်စွာ ရသွားစေသည်။
ယခုတစ်ခေါက်တွင်လည်း ရှီဟောင်၏ ခေါင်းပေါ်သို့ ရောက်သွားလေသည်။ အဆင့်မြင့်နယ်မြေသို့ သတင်းပို့သည်အချိန်တွင် သူတို့အားလုံးသည် ရှီဟောင် ကျောက်နတ်ဘုရားမျိုးဆက်တစ်ရာကျော်ကို တစ်ခါတည်း စားပစ်သည်ဟု ပြောကြလေ၏။ သူ၏ ရက်စက်သော ဂုဏ်သတင်းမှာလည်း ပို၍ ကြီးမားလာလေသည်။
တစ်ကိုယ်လုံးတွင် ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး သူ၏ကျောဘက်တွင် နတ်အတောင်ပံတစ်စုံ ရှိနေ၏။ သူ၏ မျက်လုံးများသည် ဒေါင်လိုက်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားကြီးသော အော်ရာများ ထွက်နေလေသည်။
လူအများစုမှာ စိတ်လှုပ်ရှားလာကြလေသည်။
“ဝိဉာဉ်ကလန်က လူတွေ လာပြီ … သူက ကျန်းဂုရဲ့ ညီလေး … သူ့မှာ အံ့ဩဖို့ကောင်းတဲ့ မွေးရာပါ ပါရမီ ရှိပြီးတော့ သူ့ကို ဝိဉာဉ်ဘုရင်လို့ ခေါ်ကြတာ”
ဝိဉာဉ်လူမျိုးစုသည် အလွန်စွမ်းအားကြီးသော လူမျိုးစုဖြစ်ပြီး သူတို့အားလုံး၏ ပုံသဏ္ဌာန်မှာ ထူးခြားကြလေသည်။
ကျန်းဂုကို ကောင်းကင်ကိုဆန့်ကျင်နိုင်သည့်နတ်လူသားဟု ခေါ်ကြလေသည်။ သူမွေးဖွားလာသည့်အချိန်တွင် ပုံမှန်မဟုတ်သည့် အဖြစ်အပျက်များစွာ ဖြစ်ပေါ်လာခဲ့၏။ သူ၏ ဘယ်ဘက်လက်တွင် သွေးမှ ဖြစ်ပေါ်လာသည့် လှံတံကို ကိုင်ထားကာ ထူးခြားသည့်စွမ်းရည်ရှိလေသည်။ သူသည် မည်သည့်အရာကိုမဆို ဖောက်ထွင်းနိုင်သည့် ဝိဉာဉ်လူမျိုးစု၏ လူငယ်ကျွမ်းကျင်သူပင် ဖြစ်၏။
ယခုရောက်လာသော တစ်ယောက်မှာ သူ၏ညီလေးဖြစ်ပြီး ကျန်းလွန်ဟု ခေါ်သည်။ သူသည် မွေးရာပါ နတ်စွမ်းရည်မရှိသော်လည်း သူသည်လည်း စွမ်းအားကြီးသည့်သူပင်။
“သိုင်းပညာတွေ ဖလှယ်ချင်လို့ ရောက်လာတာပါ .. ”
ကျန်းလွန်သည် လက်နှစ်ဘက်ကို လက်ခုပ်ပုံစံပြုလုပ်ပြီး ပြောလိုက်၏။ သူ၏အရပ်သည် နှစ်မီတာခန့် ရှည်ပြီး တစ်ကိုယ်လုံးမှာ ရွှေရောင်များဖုံးလွှမ်းထားလေသည်။ သူသည် အနောက်ဘက်ဂိုဏ်း၏ ဗာဂျရာ မချိုးဖျက်နိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟူသော ကောလဟာလလည်း ရှိနေသေးသည်။
“အရင်စပါ .. ”
ရှီဟောင်၏ မျက်လုံးများ တောက်ပနေလေ၏။ သူသည် စွမ်းအားကြီးသည့် ပြိုင်ဘက်နှင့် တိုက်ပွဲကောင်းတစ်ခုကို တိုက်ခိုက်လိုခြင်းပင်။ သူမျှော်လင့်နေခဲ့သော အံ့အားသင့်ဖွယ်ကောင်းသည့် ကျွမ်းကျင်သူ ရောက်လာခဲ့ပြီဖြစ်သည်။
‘ထူးခြားသောပါရမီရှင်’ ၏ ညီလေး၊ အနောက်ဘက်ဂိုဏ်းမှ ကောင်းချီးများကို ရရှိထားသောသူ၊ ဤလူသည် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ သူ့ထံတွင် ဝိဉာဉ်လူမျိုးစု၏ ဘုရင်ဟူသော ဂုဏ်ပုဒ်လည်း ရှိနေ၏။
ကျန်းလွန်သည် ကောင်းကင်တစ်ခုလုံးကို ရွှေရောင်ဖုံးလွှမ်းစေကာ ရှီဟောင်ထံသို့ ပြေးလာနေ၏။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကမ္ဘာကြီးတစ်ခုလုံးကို ရောင်စုံအလင်းများ ဖုံးလွှမ်းနေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဘေးပတ်လည်တွင်ရှိနေသော သူများမှာ ကောင်းကင်ထက်သို့ လွင့်ထွက်သွားလေသည်။
သူသည် အကြောက်တရားကင်းမဲ့သည့် ဘီလူးကြီးနှင့် တူပြီး ကျန်သောသူများမှာ ကြောက်လန့်နေသောကျီးကန်းများကဲ့သို့ပင် သူ၏ ဖိအားကို မခံနိုင်ပဲ အဝေးသို့ ထွက်ပြေးသွားကြလေသည်။
ရှီဟောင်လည်း ကောင်းကင်ပေါ်သို့ တက်သွားပြီး ရွှေရောင်လက်သီးကို လက်ဝါးဖြင့် ကာလိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။
ကျန်းလွန်၏ ရွှေရောင်ဆံပင်များ လေပေါ်တွင် ထောင်တက်နေပြီး သူ၏ ကျောနောက်တွင်ရှိသည့် ရွှေရောင်အတောင်ပံများမှာ ကျယ်ပြန့်လှသော ဓားကြီးကဲ့သို့ပင် အရှေ့ဘက်သို့ တိုက်ခိုက်လာလေသည်။
နားစည်ကွဲလောက်သည့်အသံများ ပဲ့တင်ထွက်လာနေပြီး တာအိုလမ်းကြောင်းများလည်း တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။ သင်္ကေတများသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လျှပ်စီးလျှပ်နေသကဲ့ ဖြစ်နေ၏။ ထိုရွှေရောင်အတောင်ပံများကို ခုခံရန်အတွက် ရှီဟောင်သည် လက်ဝါးဖြင့် ဆက်တိုက်ရိုက်ချနေလေသည်။
သူတို့သည် တိုက်ခိုက်မှုပေါင်းများစွာကို ဖလှယ်ခဲ့ကြ၏။ မိုးခြိမ်းသံများ မြည်ဟီးနေသလို ရွှေရောင်လျှပ်စီးများလည်း ယှက်နွယ်နေသည်။ အဆင့်လွန် ကောင်းကင်နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေသကဲ့သို့ပင်။
ကျန်းလွန်၏ နဖူးအလယ်တွင်ရှိနေသည့် ဒေါင်လိုက်မျက်လုံးပွင့်လာပြီး သက်တံ့ရောင် အလင်းစုများသည် သင်္ကေတများ ဝန်းရံလျက် ထွက်လာလေသည်။ ပဲ့တင်သံများ ထွက်ပေါ်လာပြီး ကြီးမြတ်သော တာအိုအသံများသည် လူအများ၏ ဝိဉာဉ်ကို တုန်လှုပ်သွားစေ၏။
သူ့တို့နှစ်ယောက်သည် နီးကပ်နေသောကြောင့် ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန်မှာ ခက်ခဲလွန်လှသည်။
ရှီဟောင်သည် လက်များကို ဖြန့်လိုက်ကာ ဖီးနှစ်ငှက်ကဲ့သို့ အော်ဟစ်လိုက်၏။ ဤအရာသည် ဒဏ္ဍာရီလာဖီးနှစ်၏ ပထမပုံစံပင်။ နီရဲနေသော ထာဝရအတောင်ပံတစ်ခုသည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို မီးတောက်ဖြင့် ဝါးမြိုကာ ရှီဟောင်အရှေ့တွင် ကာထားလေ၏။
ငါးရောင်စပ်သင်္ကေတများသည် ဖီးနှစ်၏ အတောင်ပံပေါ်သို့ ကျသွားသည်နှင့် မီးပွားလေးများထွက်လာပြီး သံချင်းသံ ပွတ်တိုက်မိသည့်အသံများ ထွက်လာလေသည်။ ကြီးမြတ်သော တာအိုမှ နတ်အသံထွက်လာသကဲ့သို့ပင်။ လူအများစုမှာ တုန်ရင်လာကြကာ ၎င်းဖိအားကို မခံစားနိုင်ကြပေ။
ဒေါင်လိုက်မျက်လုံးသည် သူ၏ ရည်မှန်းချက် မပြည့်ဝသောကြောင့် အလင်းတန်းများ ပြန်ဆုတ်သွားပြီး ရှီဟောင်၏ ဒဏ္ဍာရီလာ ဖီးနှစ်ငှက်အတောင်ပံလည်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် ထိုရွှေရောင်အမွှေးအတောင်များနှင့် ဆက်လက်တိုက်ခိုက်ကြလေ၏။
တစ်စက္ကန့်အတွင်းတွင် ရှီဟောင်၏ အနောက်ဘက်တင် ခွန်ပန်၏ အတောင်ပံပေါ်လာပြီး ကျန်းလွန် သွေးထွက်ကာ နောက်ပြန်ဆုတ်သွားသည်အထိ သူ၏ ရွှေရောင်အမွှေးအတောင်များကို တိုက်ခိုက်နေလေသည်။
“ငါက အနောက်ဘက်ဂိုဏ်းရဲ့ ဗာဂျရာရေကန်မှာ လေးဆယ့်ကိုးရက် စိမ်နေခဲ့ပြီးတော့ ဒီ မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်ကို ရလာတာ … ဒါပေမဲ့ ဒါက ပျက်စီးသွားသေးတာပဲ” ကျန်းလွန် နူးညံ့စွာ ပြောလိုက်၏။ ရှီဟောင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သူ ကြောက်လန့်သွားခဲ့ရသည်။
ထိုအချိန်တွင် သူ၏ ဘယ်ဘက်လက်တောက်ပလာပြီး အနီရောင်အလင်းတန်းများ စုစည်းသွားကာ လှံတံတစ်ခု ဖြစ်လာသည်။ ထိုလှံတံသည် တိုင်းတာ၍မရနိုင်သည့် စွမ်းအားဖြင့် သူ၏လက်မှ ပျံထွက်သွားလေ၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … အဲဒါက ကျန်းဂုရဲ့ ‘ထူးခြားပါရမီ’ မဟုတ်ဘူးလား … သူက မွေးကတည်းက အရာအားလုံးကို ဖောက်ထွက်နိုင်တဲ့ သွေးလှံတံ ပါလာတာလေ … သူ့ရဲ့ ညီလေးလည်း အဲဒီလိုမျိုး စွမ်းရည်ရှိတာလား”
လူများစွာသည် မျက်လုံးများ ပြူးကျယ်လာကာ သူတို့၏ အရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြလေ၏။
အနီရောင်အလင်းသည် ကောင်းကင်ထက်သို့ ပျံတက်သွားလေ၏။ ထိုအချိန်တွင် အခြားအရောင်များအားလုံး မှေးမိန်သွားပြီး သွေးရောင်ရှိသည့်လှံတံတစ်ခုသာ ဤကမ္ဘာကြီးတွင် ကျန်ခဲ့လေသည်။ ထိုလှံတံလေးသည် တစ်မီတာခန့်သာ ရှည်လျားသော်လည်း ကျန်းလွန်လက်မှ ထွက်သွားသည်နှင့် ထာဝရအလင်းများ တောက်ပသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ပဲ့တင်သွားလေသည်။
ထိုအလင်းသည် စူးရှလွန်ကာ တိုက်ရိုက်ပင် မကြည့်နိုင်သောကြောင့် အားလုံး မှိတ်သွားကြရ၏။
ပြင်းထန်လှသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါ်ပေါက်လာပြီးနောက်တွင် အနီရောင်အလင်းများသည် ကန့်သတ်ခံလိုက်ရလေသည်။ ထိုအချိန်မှသာ အားလုံးသည် မျက်စိပြန်ဖွင့်နိုင်ပြီး စစ်မြေပြင်အခြေအနေကို ပြန်ကြည့်နိုင်ကြလေ၏။
ရှီဟောင်၏ ညာဘက်လက်တွင် သွေးများစီးကျနေကာ ကြောက်စရာကောင်းသည့် ဒဏ်ရာတစ်ခုလည်း ရထားလေသည်။ ထိုဒဏ်ရာနားတွင် အနီရောင်အလင်းများ တောက်ပနေပြီး သူ၏ လက်ဖဝါးအလယ်ကို ဖောက်ထွက်မတတ်ပင်။
“စွမ်းအားကြီးလိုက်တာ … ဒဏ္ဍာရီတွေမှာ ပြောထားတဲ့အတိုင်း ဖြစ်ထိုက်ပါတယ်” လူများစွာမှာ အံ့အားတကြီး အော်ဟစ်ကြလေ၏။
ကျန်းလွန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်တောက်ပနေကာ သူ၏ ကျောဘက်တွင် နတ်အတောင်ပံတစ်စုံရှိနေသည်။ သူသည် တောင်တစ်လုံးကဲ့သို့ပင် နည်းနည်းလေးမျှ မလှုပ်ပေ။
“ဒါက ဝိဉာဉ်လူမျိုးစုရဲ့ ထူးခြားပါရမီဖြစ်တဲ့ နတ်စွမ်းရည်လား… အရမ်းအထင်ကြီးစရာကောင်းတာပဲ … ငါ့ရဲ့ အသွေးအသားကို ဆုတ်ဖြဲသွားနိုင်တယ်” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။
“မဟုတ်ပါဘူး … ငါ့ရဲ့ သွေးခဲလှံတံက ငါ့အစ်ကိုရဲ့ ဟာနဲ့ ယှဉ်လို့ မရဘူး … သူ့ရဲ့ စွမ်းအားက ပိုကောင်းတယ်”
ကျိုးလွန် ပြောလိုက်ပြီး အနောက်သို့ ဆက်တိုက် ဆုတ်သွားလေသည်။ သူ၏ ခန္ဓာကိုယ်မှ အရိုးကျိုးနေသောအသံကို ရှင်းရှင်းလင်းလင်းပင် ကျယ်လောင်စွာ ကြားနေရသည်။
ထို့အပြင် သူအနောက်သို့ တစ်လှမ်းဆုတ်လိုက်တိုင်း သူသည် ပါးစပ်အပြည့်သွေးများ အန်ထွက်နေလေ၏။ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသည်မှာ သိသာနေသည်။
“အဲဒါဆိုရင် မင်းအစ်ကိုကို ခေါ်လိုက်ပါလား … ငါ အတွေ့အကြုံနည်းနည်းလိုချင်တယ် … ပြီးတော့ အားလုံးကို ဖောက်ထွက်သွားနိုင်တဲ့ သူ့ရဲ့ ဘယ်ဘက်လက်က အဆင့်လွန်လှံတံကိုလည်း မြင်ဖူးချင်တယ်”
ရှီဟောင် ပြောလိုက်၏။ ကျန်းလွန်သည် မိမိကိုယ့်ကို ယုံကြည်မှု လွန်ကဲခြင်းမရှိပေ။ ထို့အပြင် သူသည် သူနှင့် အချိန်ကြာရှည်စွာ တိုက်နိုင်ပြီး အချက်ရေ တစ်ရာကျော်ခန့်ကို သည်းခံနိုင်လေသည်။ သူသည် ဝိဉာဉ်လူမျိုးစု၏ ‘ထူးခြားပါရမီရှိသူ’ကို အမှန်တကယ်ပင် တွေ့ချင်မိသည်။
“ဟုတ်ပြီ … မင်းပြောတာကို ငါသူ့ကို ပြန်ပြောပေးမယ်” ထို့နောက် ကျိုးလွန်သည် နောက်လှည့်ကာ ထွက်သွားလိုက်လေ၏။
ထိုအချိန်တွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ပြိုလဲကျသွားစေနိုင်သည့် အသံများ ကောင်းကင်ထက်မှ ထွက်ပေါ်လာလေသည်။ ရွှေရောင်ဂိတ်တံခါးအတွင်းမှ ပြိုင်ဘက်မရှိ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာနေ၏။
သူတို့မတ်တပ်ရပ်ရန်ပင် ခက်ခဲသည့် စွမ်းအားကြီးသည့် ဖိအားကို ခံစားလိုက်ရသောကြောင့် အားလုံး ဒူးထောက်လိုက်ကြရသည်။ ထို့နောက် သူတို့အားလုံး အားနည်းစွာပင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ထို့နောက်တွင် ရွှေရောင်နေမင်းကြီးပျံသန်းလာကာ စကြာဝဠာကဲ့သို့ပင် အဆုံးအစမရှိသည့် ဝိဉာဉ်များမှာ ရှီဟောင်ကို ဖိနှပ်ရန် ဆင်းသက်လာကြလေသည်။
“ဒါက …” လူများစွာမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေသည်။
တောက်ပနေသည့်နေမင်းကြီးအတွင်းတွင် အဆင့်လွန်ပုံရိပ်တစ်ခု ထိုင်နေလေ၏။ သူသည် နတ်ဘုရင်ကဲ့သို့ပင် မြင့်မြတ်ကာ သီးသန့်ဆန်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ သူ၏ မျက်လုံးများကိုလည်း ပိတ်ထားလေ၏။ အလင်းရောင်အားလုံးသည် သူ့ထံမှ လာခြင်းပင်။
နေမင်းကြီး အောက်သို့ ကျဆင်းလာလေ၏။ သူသည် တင်ပလ္လင်ခွေထိုင်ထားဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှလည်း မရှိပေ။ သူ၏ ခန္ဓာကိုယ်ဖြင့်ပင် ရှီဟောင်ကို တိုက်ရိုက်ဖိချလေသည်။
“ဒါက ထူးခြားတဲ့စွမ်းရည်ပဲ … သူက ဘယ်လူမျိုးစုကလဲ”
တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဤကဲ့သို့သော စွမ်းအားမျိုးသည် အဆင့်လွန်လူငယ်များသာ ရရှိနိုင်သည့် စွမ်းအားများပင်။