သုခကမ္ဘာက ရှီဟောင် - Chapter - 755 ရွှေမီးတောက်နွယ်ပင်
ကြေးငှက်ယဇ်ပုလ္လင်သည် တုန်ခါလာကာ အရှေ့အနောက် လွှဲရမ်းလာလေ၏။
ဤနေရာသည် လေတိုက်လိုက်သောကြောင့် လွှဲရမ်းသွားသည့် ပန်းချီကားချပ်နှင့် တူနေသည်။ လေတိုးသံ ‘တဝီဝီ’ ကိုပင် ကြားနေရ၏။ ဤနေရာသည် အချိန်မရွေးပျက်စီးသွားတော့မလိုဖြစ်နေပြီး ဤကမ္ဘာတွင် ထိုသူကို ရပ်တန့်နိုင်သောသူ မရှိသကဲ့သို့ပင်။
ရှီဟောင် မျက်လုံးများပင် ပြူးကျယ်သွားရသည်။ ယခုတစ်ခေါက် ဆင်းလာသော သူမှာ ခွန်အားကြီးပြီး စိတ်ကြီးဝင်နေသောသူပင်။ ထိုနေရာတွင်သာ ထိုင်နေပြီး အောက်ဘက်သို့ ဖိအားပေးလာလေသည်။ သူ ရှီဟောင်ကို မျက်လုံးထဲပင် မထည့်ခြင်းလား…
ရှီဟောင် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးလိုက်သည်နှင့် ဓားစွမ်းအင်များ တောက်ပစွာလင်းလက်သွားကာ ကောင်းကင်ပေါ်သို့ တက်သွား၏။ ထိုဓားသည် သာမန်သက်ရှိများ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သည့် ဓားတစ်လက်ပင်။
ကောင်းကင်တွင်ရှိနေသော ပုဂ္ဂိုလ်မှာ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး သူ၏ ကိုယ်နေဟန်ထားမှာလည်း မပြောင်းလဲသေးပေ။
ဒါက ဘယ်လိုတောင် စိတ်ကြီးဝင်နေတာလဲ … လေထဲတွင် ရွှေရောင်နေမင်းကြီးတစ်ခု ရှိနေပြီး အလယ်တွင် ယောက်ျားလေးတစ်ယောက်ထိုင်နေ၏။ ထိုသူသည် ခမ်းနားလှစွာပင် ကောင်းကင်ပေါ်မှ ဆင်းသက်လာကာ ရှီဟောင်ကို ဖိနှိပ်နေလေသည်။
ပေါက်ကွဲသံတစ်ခုနှင့်အတူ ရွှေရောင်သင်္ကေတများသည် ထာဝရစွမ်းအားများကို ထုတ်လွှတ်ကာ နတ်ရေတံခွန်ကဲ့သို့ပင် အပေါ်မှကျလာလေ၏။
ထိုအချိန်တွင် ဓားစွမ်းအားနှင့် နတ်ရေတံခွန်တို့ ထိပ်တိုက်တွေ့သွားသည်။ ဤနေရာတစ်ခုလုံးတွင် နေရောင်များနှင့် ဓားစွမ်းအားများ ဝန်းရံနေပြီး တောက်ပနေသည့်လျှပ်စီးများ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ထိုနေရာတွင်ရှိနေသော လူအားလုံး မျက်လုံးမှိတ်လိုက်ရပြီး အချို့ကျွမ်းကျင်သူများမှာ မျက်လုံးမှ သွေးများပင် စီးကျလာသည်။ စွမ်းအားကြီးသည့် မြင့်မြတ်သော အလင်းကြောင့် သူတို့ ထိခိုက်ဒဏ်ရာ ရသွားကြသည်။ ဤကဲ့သို့သော စွမ်းအားကြီးကာ အပေါ်စီးမှ တိုက်ခိုက်မှုကြောင့် အားလုံး၏ စိတ်ကို တုန်လှုပ်သွားစေသည်။
မိုးခြိမ်းသံများသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် ပဲ့တင်ထပ်နေလေသည်။
ထိုဓားစွမ်းအင်သည် သက်တံ့ကဲ့သို့ပင် ကောင်းကင်ကို ဖောက်ထွက်သွားလေ၏။
ထိုအချိန်တွင် ထိုနေလုံးကြီးမှ တောက်ပသော ရွှေရောင်အလင်းတန်းများ သည် ပင်လယ်မျက်နှာပြင်ပေါ်သို့ ဖြန့်ခင်းနေသကဲ့သို့ပင် ထုတ်လွှတ်လာလေသည်။
ထို ထိပ်တိုက်တွေ့ဆုံမှုသည် ပြင်းထန်လှကာ သာမန်လူများပင် မကြည့်နိုင်လောက်အောင် စွမ်းအားကြီးလွန်းလှ၏။ ထိုကျွမ်းကျင်သူနှစ်ယောက် ထုတ်လွှတ်နေသော တိုက်ပွဲအငွေ့အသက်များမှာ လှမ်းမမှီနိုင်သည့် တောင်ထိပ်ကဲ့သို့ပင်။ သူတို့၏ နတ်စွမ်းအားများသည် အကျဉ်းထောင်ကဲ့သို့ပင် ဤနေရာကို ပိတ်လှောင်ထားလေသည်။
ဝုန်း….
နောက်ထပ်အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ တောက်ပသော အလင်းများ ကင်းစင်သွားလေသည်။ ထိုအချိန်မှသာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် တစ်ဖြည်းဖြည်း ပြန်ပေါ်လာကာ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။
ရှီဟောင်သည် ကြေးယဇ်ပုလ္လင်အစွန်းတွင် ရပ်နေပြီး သူ၏ အဝတ်အစားများမှာ တည်ငြိမ်နေသော ခန္ဓာကိုယ်ပေါ်တွင် တလွင့်လွင့် လွင့်မျောနေလေသည်။
ကောင်းကင်တွင် ထိုရွှေရောင်နေမင်းကြီးမှာ တောက်ပနေဆဲဖြစ်ပြီး ထိုနေမင်းကြီး၏ အလယ်တွင်ထိုင်နေသည့် ဆံပင်ခရမ်းရောင်နှင့် ထိုအမျိုးသား၏ ပုံရိပ်မှာလည်း တည်ကြည်ကာ ဂုဏ်သိက္ခာရှိနေလေ၏။ သူသည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ဗုဒ္ဓဘုရား လူ့ပြည်သို့ ဆင်းသက်လာသလိုပင်။
ထိုတိုက်ခိုက်မှု၏ ရလဒ်မှာ မသဲကွဲပေ။ နှစ်ဘက်လုံးသည်သူတို့၏ နဂိုမူလအနေအထားသို့ ပြန်ရောက်သွားလေသည်။
“သူက … ဘယ်သူလဲ” ထိုမေးခွန်းသည် လူများစွာ သိချင်နေသော မေးခွန်းပင်။ သူတို့အားလုံး ထိတ်လန့်နေကြရ၏။ ထိုသူသည် အဆင့်မြင့်ကာ ခွန်အားကြီးပြီး အရာအားလုံးကို သူ၏ ထည်ဝါမှုဖြင့် လွှမ်းခြုံထားလေသည်။ မကျော်လွန်နိုင်သည့် နတ်ဘုရင်တစ်ပါး အဆင့်နိမ့်နယ်မြေသို့ ဆင်းလာသကဲ့သို့ပင်။
ဤကဲ့သို့သော တည်ရှိမှုမျိုးမှာ ရှားပါးလှသည်။ ဤလူငယ်လေးသည် အဆင့်လွန်လူငယ်သာ ဖြစ်ရမည်။ သူ၏ ခန္ဓာကိုယ်တွင် အဆုံးမရှိသည့် မှော်စွမ်းအားများ ပါဝင်သည့် အသက်ဓာတ်များ ထွက်ပေါ်နေလေ၏။
“သူဘယ်သူလဲဆိုတာ ငါသိတယ် … သူက ရွှေမီးတောက်လူမျိုးစုက လာတာ … သူက … နတ်နွယ်ပင်ပဲ” တစ်စုံတစ်ယောက်သည် ရောက်လာသော သူကို မှတ်မိသွားပြီး တုန်ရင်စွာ ပြောလိုက်သည်။
ရွှေမီးတောက် လူမျိုးစုသည် မီးတောက်များကို မြိုချကာ သတ္တုများကို အစားအစာအဖြစ် စားသုံးကြ၏။ သူတို့သည် အလွန်တမူထူးခြားသည့် လူမျိုးစုဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ပုံစံမှာ မတူညီကြပေ။ အချို့မှာ နတ်နွယ်ပင်များဖြစ်ကာ အချို့မှ သစ်ပင်ကြီးများနှင့် အချို့မှာ လူသားပုံစံ သို့မဟုတ် သားရဲပုံစံ များဖြစ်ကြ၏။
“ဟုတ်တယ် သူပဲ … တန်ယိပဲ … နတ်မီးတောက်လူမျိုးစုရဲ့ အဆင့်လွန်လူငယ် … အခုတလောကတင် ပေါ်ထွက်လာတဲ့ ‘ထူးခြားတဲ့ ပါရမီ’ရှိတဲ့သူ … သူက မြင့်မြတ်တဲ့ တောင်ပေါင်း သန်းပေါင်းများစွာနဲ့ သူ့အရှေ့မှာရှိနေတဲ့ စွမ်းအားကြီးတဲ့သူတွေ အကုန်လုံးကို ရှင်းပစ်ထားတဲ့ ပြိုင်ဘက်ကင်းတဲ့ လူငယ်”
မြင့်မြတ်သောတောင်တစ်သန်းသည် မြင့်မားသော တောင်များ နေရာတိုင်းတွင်ရှိနေပြီး တောင်ထိပ်များကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည့် နယ်မြေတစ်ခုဖြစ်၏။ ထိုနေရာတွင် မြင့်မြတ်သော တောင်များ အလုံးတစ်သန်းဖြစ်ပြီး ရှေးကျကာ သီးသန့်ဆန်သည့် နေရာတစ်ခုဖြစ်သည်။
ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်သည့် ဂျီးနီးယပ်စ် တန်ယိ သည် ရွှေမီးတောက်နွယ်ပင်မှ လူသားခန္ဓာကိုယ်ဖြစ်လာခြင်းဖြစ်ပြီး သူ၏ ထူးခြားသည့် ပါရမီဖြင့် သူ၏ လမ်းတွင် ပိတ်ဆို့နေသော အရာအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။ သူ၏အသက်သည် သိပ်မကြီးသေးသော်လည်း သူ့ကို ရပ်တန့်နိုင်သည့်သူ မရှိသေးပေ။
ရွှေမီးတောက်လူမျိုးသည် လက်ရှိကမ္ဘာတွင် ကြီးကျယ်ခမ်းနားသည့် ဂိုဏ်းကြီးတစ်ခု မဟုတ်သော်လည်း ဤကဲ့သို့သော ထူးခြားကာ စွမ်းအားကြီးသည့် သူကို မွေးထုတ်ပေးနိုင်လေသည်။
တန်ယိဖြစ်ကြောင်း သိလိုက်သည်နှင့် မလန့်သွားသည့်သူ မရှိပေ။ သူတို့အားလုံးသည် တန်ယိကို မယုံကြည်နိုင်သည့်အကြည့်များဖြင့် ကြည့်နေကြလေသည်။ နောက်ထပ်ဆင်းလာသောသူမှာ သူဖြစ်ကြောင်းကို မည်သူမျှ မထင်ထားခဲ့ပေ။
“သူက နတ်ဘုရားမ စီရင်စုကမှ မဟုတ်တာ .. သူက ဘာလို့ ဒီနေရာကို လာတာလဲ”
ဝိဉာဉ်နယ်မြေသည် ကမ္ဘာအစစ်နှင့် တစ်ပုံစံထဲပင်။ ထို့ကြောင့် မြင့်မြတ်သောတောင်တစ်သန်းသည် ဤနေရာနှင့် ဝေးကွာလွန်းလှ၏။ ထိုဝေးကွာလွန်းလှသော အကွာအဝေးကို သူမည်သို့ ဖြတ်သန်းလာခဲ့သနည်း…
သာမန်ကျင့်ကြံသူများသာဆိုလျှင် ထိုအကွာအဝေးကို ခရီးသွားရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။
“ရွှေတွေကို စားသုံးပြီး မီးတောက်တွေကို မျိုချတယ် … ဒါက တော်တော်ထူးဆန်းတာပဲ … သူက တကယ် ရွှေမီးတောက်လူမျိုးစုက နွယ်ပင်ပဲ …”
ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ အားလုံး ပြောနေကြသည်မှ သူကောက်ချက်ချပြီးသွားသည်နှင့် သူ၏ မျက်လုံးတွင် ထူးဆန်းသည့် အရောင်များ တောက်ပလာလေ၏။
“ခင်ဗျားက ကျုပ်ထင်ထားတာထက်ကို ပိုပြီး စွမ်းအားကြီးတာပဲ” တန်ယိ ပြောလိုက်၏။
သူ အသွေးအသားများကို ကျင့်ကြံရရှိထားသည်မှာ ကြာလှပြီဖြစ်၏။ သူ၏ နတ်အာရုံခံနိုင်စွမ်းမှာ ထက်မြက်လွန်းသောကြောင့် အခြားသူများပင် ထိုထက်မြက်မှုကို အာရုံခံနိုင်လေသည်။ အကန့်အသတ်မရှိသော သွေးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေလေသည်။
“သူ့အသက်က သိပ်မကြီးသေးပေမယ့် သူက ရွှေမီးတောက်လူမျိုးစုရဲ့ ဂါးဒီးယန်းတာအိုဆရာတစ်ယောက် ဖြစ်နေပြီ”
“အဆင့်နိမ့်နယ်မြေက သက်ရှိတစ်ယောက်က ကြေးငှက်ယဇ်ပုလ္လင်ကို လာကြည့်တယ်ဆိုလို့ ငါလာခဲ့တာ … မင်းကို ငါ့ရဲ့ မြင့်မြတ်တဲ့တောင်ကို ကာကွယ်ပေးစေချင်လို့ မင်းကို စည်းရုံးဖို့အတွက် လာခဲ့တာ”
တန်ယိ ပြောလိုက်၏။ ရှီဟောင်ကို ဖမ်းဆီးပြီး သူတို့တောင်၏ ဂိတ်စောင့်လုပ်စေချင်နေသည်မှ သိသာလှသည်။
“အထိန်းအချုပ်ကို မရှိဘူး” ရှီဟောင် သူ့အတွက် ထိုစကားတစ်ခွန်းသာ ပြောလိုက်၏။ ဤလူသည် မြင့်မြတ်ကာ ထူးခြားသော်လည်း စိတ်ကြီးဝင်လွန်းကာ အားသုံးလွန်းသည်။ သူ ရှီဟောင်ကို ဒီလိုမျိုး ဆက်ဆံရဲတယ်။
လေထုထဲတွင် အနည်းငယ် တုန်ခါသွားသည့် အသံများ ထွက်ပေါ်လာသည်။ တန်ယိ၏ လက်နှစ်ဘက်တွင် တံဆိပ်များ ပေါ်လာ၍ သူ၏ ဘယ်ဘက်လက်တွင် နတ်လတစ်စင်း ပေါ်လာပြီး ညာဘက်လက်တွင် နေမင်းတစ်စင်း ထွက်ပေါ်လာပြီး သူတို့ နှစ်ခုလုံး အောက်ဘက်သို့ ဖိနှိပ်လာသည်။
ထိုအချိန်တွင် အလင်းများ အဆက်မပြတ်ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို လင်းလက်သွားစေ၏။
ဤနေလနတ်တံဆိပ် ရှေးခေတ်ကတည်းက ရှိခဲ့သည့် ရှေးဟောင်းနည်းလမ်းတစ်ခုဖြစ်၏။ ထိုတံဆိပ်ကို မည်သည့်လူမျိုးတီထွင်ခဲ့မှန်း မသိခဲ့သော်လည်း လက်ရှိအချိန်တွင် သူ၏လျှို့ဝှက်ချက်ကို နားလည်သောသူမှာ နည်းပါးသည်။
ယခု တန်ယိ ထိုနည်းလမ်းကို ပြသလိုက်သောကြောင့် အားလုံး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ အားလုံးသည် စကားမပြောနိုင်လောက်အောင်ပင် ကြောက်လန့်တုန်လှုပ်သွားကြ၏။
သူ၏ ဘယ်ဘက်လက်တွင် ရှိနေသော နတ်လကို အရှေ့ဘက်သို့ ပို့လိုက်လေသည်။ ရှီဟောင်၏ အနက်ရောင်ဆံပင်များသည် လေထဲတွင် လူးလွန့်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း စွမ်းအားများ ထွက်ပေါ်နေလေ၏။ နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါး ဤကမ္ဘာကို ကြည့်နေသကဲ့သို့ပင်။ သူ၏ ဘယ်ဘက်လက်တွင် အနက်ရောင်အလင်းထွက်ပေါ်လာကာ သူ၏ လက်ဝါးအလယ်တွင် ခွန်ငါးတံဆိပ်တော် ပေါ်လာ၏။
ထိုစွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သည့်အချိန်တွင် ကောင်းကင်သည် လရောင်များလွှမ်းခြုံသွား၏။ ထို့နောက်တွင် အနက်ရောင်ပင်လယ်ကြီး ကောင်းကင်တွင် ပေါ်လာကာ လရောင်ကို ဖယ်ရှားပစ်လေသည်။
ပြင်းထန်သော အလင်းများ ထွက်ပေါ်လာပြီး တန်ယိ၏ ညာဘက်လက်တွင်ရှိသည့် နေမင်းကြီး အောက်သို့ ဆင်းလာလေ၏။ သူထုတ်လွှတ်နေသော အလင်းများသည် မျက်လုံးများကိုပင် ကန်းစေနိုင်လောက်ပြီး ဤနေရာတွင်ရှိသော တစ်လက်မတိုင်းကို သန့်စင်ပေးနေလေသည်။
ရှီဟောင်၏ ညာဘက်လက်တွင် ပန်တံဆိပ်ပေါ်လာပြီး ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ ဟိန်း၍ ကောင်းကင်ထက်သို့ ပျံသန်းသွားလေ၏။
ဤမြင်ကွင်းသည် ကြောက်စရာ ကောင်းလှ၏။ ကောင်းကင်ကြီး ကွဲထွက်သွားတော့ မတတ်ပင် ဖြစ်နေသည်။ နေရာတိုင်းတွင် ယန်စွမ်းအားများ ပြည့်နှက်နေပြီး ဤနေရာ၏ တောင့်တစ်တောင့်မကျန် လင်းလက်တောက်ပနေလေ၏။
ထိုကဲ့သို့ အရေးကြီးနေသည့် အချိန်တွင် ကြေးငှက်ယဇ်ပုလ္လင်တောက်ပလာကာ သင်္ကေတများမှ ပြုလုပ်ထားသည့် ရှေးစာကလေးတစ်ကောင် ပျံတက်သွားသည်။ ထိုငှက်သည် ကောင်းကင်ပေါ်တွင် သူ၏ အတောင်ပံများကို ဖြန့်ကာ ဤနေရာမှ စွမ်းအားများ စိမ့်ထွက်မသွားအောင် ချိတ်ပိတ်ထားလိုက်သည်။ မဟုတ်ပါက အားလုံး အန္တရာယ်ရှိသွားလိမ့်မည်။
“နေနဲ့လ ခေါင်းပေါ်ရောက်နေတဲ့အချိန် ကောင်းကင်နဲ့ ကမ္ဘာမြေကြီး ပြန်လည်မွေးဖွားမယ်” တန်ယိ ကျမ်းစာကို ရွတ်ဖတ်လိုက်၏။
သူ၏ လက်တွင် နေလနတ်တံဆိပ်တော်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန်ဖြစ်သွားကာ လေဟာနယ်ထဲတွင် မရေတွက်နိုင်သည့် ကြယ်များပေါ်လာလေသည်။ ထိုကြယ်များသည် တစ်လုံးပြီးတစ်လုံး ကြွေကျလာကာ ရှီဟောင်ကို ဖိနှိပ်ရန် ကြိုးစားကြလေသည်။
ရှီဟောင်၏ အမူအရာသည် လေးနက်လာကာ သူ၏ လက်နှစ်ဘက်ကို ဖြည်းညှင်းစွာပင် ယှက်လိုက်၏။ ထို့နောက်တွင် ကြောက်စရာကောင်းသော တုန်ခါသံများနှင့်အတူ နတ်အလင်းတန်းများ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် ထွက်ပေါ်လာကြ၏။
သူ၏ ဘယ်ဘက်လက်တွင် ခွန်တံဆိပ်တော်ရှိနေပြီး ညာဘက်တွင် ပန်တံဆိပ်တော် ရှိနေ၏။ ကမ္ဘာကြီး ပြန်ပွင့်လာသကဲ့ပင် ထို ယင်နှင့်ယန်စွမ်းအားများ ရောယှက်သွားလေသည်။
လေထဲတွင် ‘ဖုန်း ဖုန်း’ အသံများ ဆက်တိုက်ထွက်ပေါ်နေပြီး နေနှင့်လမှာ မှေးမှိန်သွားသည်။ ကောင်းကင်ပေါ်တွင် ရှိနေသည့် ကြယ်များလည်း ဆက်တိုက်ပင် ကြွေကျနေလေ၏။
ဤမြင်ကွင်းမှာ ထူးဆန်းလှ၏။ ယခုတိုက်ပွဲမှာ မှော်စွမ်းအားများ တိုက်ခိုက်ခြင်း၊ သဘာဝဥပဒေသများ ထိပ်တိုက်တွေ့ဆုံခြင်း၊ နဂါးနှင့်ကျား တို့၏ တိုက်ပွဲဖြစ်သည်။
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွား၏။ ဤတစ်ယောက်သည် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားသွားရသည်။ သူ နေလနတ်တံဆိပ်တော်ကို ချိုးဖျက်ပြီးပြီဖြစ်သော်လည်း သူ၏ ပြိုင်ဘက်မှာ လွင့်ထွက်မသွားပေ။
တန်ယိသည် နေမင်းကြီး ဝန်းရံလျက် လေထဲတွင်သာ ရှိနေလေသည်။ သူ၏ မျက်လုံးများမှာ ပိတ်ထားဆဲဖြစ်ကာ သူ၏ လက်များတွင် တံဆိပ်တော်များ ထွက်ပေါ်နေ၏။ ထို့နောက် လက်များကို သူ၏ ဦးခေါင်းထက်သို့ မြှောက်လိုက်သည်နှင့် လက်ထဲတွင် အဖိုးတန်ပန်းအိုး ပါလာ၏။
ထိုပန်းအိုးသည် သူ၏ လက်ထဲတွင် သေးငယ်သွားကာ အနီရောင်အလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ လျှံတက်သွားသည်။ ထိုပန်းအိုးကို ဖွင့်လိုက်သည်နှင့် ရှီဟောင်ထံသို့ဦးတည်လာနေသည့် အနီရောင်ဖားတစ်ကောင် ထွက်ပေါ်လာသ်ည။
“ရွှေမီးတောက်အဖိုးတန်ပန်းအိုးတံဆိပ်တော်” အားလုံးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ အားလုံး၏ အမူအရာ ပြောင်းလဲသွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော နတ်ပညာကို သူတို့ ယခင်က ကြားဖူးကြ၏။
ရွှေမီးတောက်လူမျိုးစုသည် ယခုအချိန်တွင် စွမ်းအားကြီးသော လူမျိုးစု မဟုတ်သလို လူအရေအတွက်လည်း သိပ်မများပေ။ သို့သော် သူတို့သည် ရှေးခေတ်အခါက ရက်စက်ပြီး စွမ်းအားကြီးသော လူမျိုးစု တစ်စုဖြစ်ပြီး အဆင့်မြင့်နယ်မြေကိုပင် တုန်လှုပ်စေခဲ့သည်။
ထိုအချိန်တုန်းက ဤလူမျိုးစုသည် အခြားလူမျိုးစုပေါင်းစုံမှ ပညာများအားလုံးကို ပေါင်းကာ ဤရွှေမီးတောက်အဖိုးတန်ပန်းအိုးတံဆိပ်တော်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ သဘာဝအားများကို အသုံးပြုကာ ထိုပစ္စည်းကြာရှည်ခံအောင် ပြုလုပ်ထားခြင်းပင်။ ထိုတံဆိပ်တော်သည် ကြီးကျယ်မြင့်မြတ်ကာ ကမ္ဘာကို ကိုင်လှုပ်နိုင်သည့် တံဆိပ်တော်ပင်။
ဤလူမျိုး အင်အားယုတ်လျော့သွားသည့်အချိန်တွင် ဂိုဏ်းလည်း ပျောက်ကွယ်သွားကာ ထိုတံဆိပ်တော်ကို အသက်သွင်းမည့်သူပင် မရှိတော့ပေ။
ဤနေ့ ဤနေရာတွင် ပြန်ပေါ်လာမည်ဟု မည်သူ ထင်ထားမည်နည်း… အရိုးစာအုပ်များတွင် ဖော်ပြထားသောပုံစံနှင့် တစ်ပုံစံထဲပင်။ အဖိုးတန်ပန်းအိုးကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ခေါင်းပေါ်သို့ မြှောက်ထားကာ အရာအားလုံး၏ စွမ်းအားကို စုတ်ယူနေလေ၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … သူ့ရဲ့ အမွေဆက်ခံသူက ပျောက်သွားပြီ မဟုတ်ဘူးလား … သူက အသက်ဘယ်လောက် ရှိသေးလို့လဲ … သူက ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ အဖိုးတန်ပညာကို ပြန်ပြီး ဖန်တီးနိုင်တယ်လား…”
အားလုံး ဆွံ့အသွားရ၏။ သူတို့သည် ချိတ်ပိတ်ထားသည့် စစ်မြေပြင်အပြင်ဘက်တွင် ပုန်းနေသောကြောင့်သာ ထိုကဲ့သို့ ပြောနိုင်ခြင်းပင်။ ကြေးစာကလေးသာ လေဟာနယ်ကို ချိတ်ပိတ်မထားပါက သူတို့အားလုံး မြေပြင်ပေါ်တွင် လဲကျသွားလောက်ပြီဖြစ်၏။
တန်ယိသည် လက်ကို မြင့်မြင့်မြှောက်ထားပြီး အဖိုးတန်ပန်းအိုးအတွင်းမှ တောက်ပသော အနီရောင်အလင်းများသည် ကောင်းကင်ပေါ်သို့ တက်သွားကာ ရှီဟောင်ထံသို့ ဦးတည်လာနေ၏။
ရှီဟောင် ရန်သူကြီးကို ရင်ဆိုင်နေရပြီး ဤတိုက်ပွဲသည် အလွန်အန္တရာယ်များလှသည်။ အခြေအနေများမှာ ပို၍ ဆိုးရွားလာသည်ဟု သူ ခံစားနေရသည်။ အခြားတစ်ဖက်မှလူသည် ဤကဲ့သို့ ဝှက်ဖဲရှိနေသောကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက် ကြီးမားနေခြင်းပင်။ သူသည် ယုံကြည်ချက် ရှိချင်ယောင်ဆောင်ခြင်းမဟုတ်ပဲ သူ၏ နှလုံးသားထဲမှလာသော ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပင်။
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းများ ထွက်ပေါ်လာပြီး သူ ခွန်ပန်ပညာကို အသက်သွင်းလိုက်သည်။ တစ်လက်မခန့်ရှိသော ခွန်ပန်များ အဆက်မပြတ်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် လှည့်ပတ်နေကာ သူ၏ လက်ဝါးတွင် စုစည်းသွားသည်ကို မြင်တွေ့နိုင်လေသည်။
လက်တစ်ဖက်သည် ကောင်းကင်ကို လက်ညှိုးညွှန်ထားပြီး အခြားလက်တစ်ဖက်သည် ကမ္ဘာမြေကြီးကို ညွှန်ထားလေ၏။ သူ၏ လက်များမှ ယင်နှင့် ယန်စွမ်းအားများ ချက်ချင်းထွက်ပေါ်လာသည်။ ထိုစွမ်းအားနှစ်ခု ရောယှက်သွားသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ပျောက်ကွယ်သွားတော့မလို ဖြစ်သွား၏။
တန်ယိ၏ လက်များ တုန်ခါလာကာ သူ၏ ခေါင်းပေါ်တွင်ရှိသည့် အဖိုးတန်ပန်းအိုးတောက်ပလာ၏။ ထို့နောက် ဤနေရာတစ်ခုလုံးကို သင်္ကေတများ သိပ်သည်းစွာ ဖုံးအုပ်သွားလေသည်။ အဆုံးမရှိသည့် သင်္ကေတအလင်းများ ထွက်ပေါ်လာကာ ထိုအလင်းများအားလုံး ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
တောင်ဘက်လီနတ်မီးတောက်များသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ မီးတောက်စာကလေးထွက်ပေါ်လာကာ လူမျိုးစုအားလုံး တုန်လှုပ်သွားစေနိုင်မည့် အော်သံတစ်ခုကို ထုတ်လွှတ်လိုက်လေ၏။
နေစွမ်းအင်မီးတောက် ထွက်ပေါ်လာပြီး ရွှေရောင်ကျီးကန်းတစ်ကောင်သည် သူ၏ အတောင်ပံကို ဖြန့်ကာ လေထုကို ရွှေရောင်စွမ်းအားများဖြင့် ပြည့်နှက်စေလိုက်သည်။ သူ၏ ခြေထောက် သုံးချောင်းအောက်တွင် ကောင်းကင်နှင့် မြေကြီး ကွဲထွက်သွားပြီး ထိုငှက်သည် ရှီဟောင်ထံသို့ တရှိန်ထိုး ဦးတည်သွားနေလေ၏။
ပြန်လည်မွေးဖွားခြင်းမီးတောက်သည် တောက်ပလာပြီး စစ်မှန်သောဖီးနှစ်ငှက်ထွက်ပေါ်လာ၏။ သူ၏ လှပသော အမွှေးအတောင်များမှာ ပြန်လည်မွေးဖွားခြင်းမီးတောက်အရောင်ဖြစ်နေသည်။ သူသည် ပို၍ ပို၍ စွမ်းအားကြီးလာကာ ကောင်းကင်တစ်ခုလုံးကို သူ၏ စွမ်းအားများဖြင့် ပြည့်နှက်စေလေသည်။
ထိုအချိန်တွင် တန်ယိ၏ လက်ထဲတွင်ရှိသည့် အဖိုးတန်ပန်းအိုး တုန်ခါလာလေ၏။ သူသည် ကောင်းကင်မီးတောက်များစွာကို ထုတ်လွှတ်ပြီးပြီဖြစ်ပြီး ထိုမီးတောက်များသည် နယ်ပယ်အသီးသီး၏ စွမ်းအားအကြီးဆုံး အမျိုးအစားများပင်။ ထိုမီးတောက်များသည် အလွန်ကြောက်စရာကောင်းလှပြီး ကမ္ဘာပေါ်တွင် အရာအားလုံးကို လောင်ကျွမ်းစေတော့မည် ဖြစ်သည်။
အားလုံး ဆွံ့အသွားရ၏။ ရွှေမီးတောက်အဖိုးတန်ပန်းအိုးတံဆိပ်တော်တွင် လူမျိုးစုအားလုံး၏ ထူးဆန်းမှုများအားလုံး ပါဝင်နေလေ၏။ ဤအရာသည် အမှန်တကယ်ပင် ကမ္ဘာကို တုန်လှုပ်စေနိုင်လေသည်။
ရှီဟောင်၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သူ၏ မျက်လုံးသည် နတ်မီးအိမ်များကဲ့သို့ပင် တောက်ပနေကာ ခြိမ်းခြောက်နေသော အလင်းများလည်း ထွက်ပေါ်နေသည်။ ထို့နောက် သူ၏ လက်များကို လှုပ်ရှားလိုက်ကာ ယင်နှင့်ယန်စွမ်းအားများကို အရှေ့သို့ ပို့လွှတ်လိုက်လေ၏။ သူသည် စွမ်းအား ကြီးမားသော ပြိုင်ဘက်နှင့် တွေ့နေရခြင်းပင်။
သူ အစွမ်းရှိသမျှ အကုန်တိုက်ရမည်။ မဟုတ်ပါက သူဤနေရာမှ မတော်တဆ ပြုတ်ကျသွားနိုင်သည်။