သုခကမ္ဘာက ရှီဟောင် - Chapter - 761 သူပုန်ကို ဖမ်းဆီးခြင်း
ရှီဟောင်သည် မလာခင်ကတည်းက ပြင်ဆင်မှုလုပ်ခဲ့ပြီးသားပင်။ သူ၏ အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် ယဇ်ပုလ္လင်သေးသေးလေးပေါင်းများစွာ ပေါ်လာသည်။ ထိုယဇ်ပုလ္လင်များသည် လေဟာနယ်ထဲတွင် အစီအရီရှိနေပြီး ဤနေရာတစ်ခုလုံးကို ဝန်းရံထားသောကြောင့် မြင့်မြတ်သောအစီအရင်တစ်ခု၏ အော်ရာ ထွက်ပေါ်လာလေ၏။
အရှင်ဟွမ်ထျန်း အော်ဟစ်လိုက်ပြီး သူ၏ အနီရောင်ဆံပင်များလည်း လေထဲတွင် ဝဲလွင့်နေသည်။ သူ၏ မျက်လုံးများမှာလည်း သွေးလကဲ့သို့ ဖြစ်နေပြီး သူသည် နတ်ဆိုးတစ်ကောင်နှင့် တူနေ၏။ တောက်ပသောအနီရောင်နတ်ဆိုးပေတံသည် သူ၏ လက်ထဲတွင်ရှိနေပြီး ထိုပေတံကို လွှဲယမ်းလိုက်သည်နှင့် သွေးရောင်အလင်းများ ထွက်လာပြီး အဆုံးမရှိသော သင်္ကေတများ ထွက်ပေါ်လာလေသည်။
ရှီဟောင်၏ အမူအရာမှာ လေးနက်လာ၏။ သူ ထိုပေတံကို အထင်မသေးရဲပေ။ ရန်သူကို ဖိနှိပ်ရန်အတွက် သူ၏ လက်ကို ပူးကပ်လိုက်ကာ နတ်စွမ်းရည်များဖြင့် တံဆိပ်တော်တစ်ခု ဖန်တီးလိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် အလင်းများ ထွက်ပေါ်လာပြီး အဆုံးမရှိသည့် သင်္ကေတများလည်း ပေါ်ထွက်လာ၏။ ဤတိုက်ခိုက်မှုသည် မီးတောင်ပေါက်ကွဲခြင်းနှင့်တူသည် စွမ်းအားရှင်နှစ်ယောက်ကြားမှ တိုက်ခိုက်မှုပင်။ ကောင်းကင်သည် ဗရုတ်သုတ်ခဖြစ်နေပြီး ကမ္ဘာကြီးလည်း အရောင်မှိန်သွားလေသည်။ အရာအားလုံးကို အနီရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားလေ၏။
အရှင်ဟွမ်ထျန်းတစ်ယောက်တည်းသာဆိုလျှင် သူသည် ရှီဟောင်ကို ရင်ဆိုင်နိုင်မည်မဟုတ်။ သူ၏ လက်ထဲတွင်ရှိနေသည့် နတ်ဆိုးပေတံမှာ အလွန်ကို ပုံမှန်မဟုတ်ခြင်းပင်။ ယခုအချိန်တွင် အနီရောင်နေကဲ့သို့ပင် သွေးရောင်အလင်းများကို ထုတ်လွှတ်နေလေ၏။
ထို့အပြင် ထွက်ပေါ်လာသော သွေးရောင်အလင်းများသည် ကြီးမားသည့် နတ်ဆိုးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှင်ဟွမ်ထျန်းကို နတ်ဘုရားချပ်ဝတ်တန်ဆာကဲ့သို့ ဝန်းရံလိုက်လေသည်။ သူလှုပ်ရှားလိုက်တိုင်းတွင် စွမ်းအားကြီးသော အော်ရာများ ထွက်ပေါ်နေလေ၏။
ဤအရာသည် လူမှ လက်နက်ကို အသုံးပြုခြင်းမဟုတ်ပဲ လက်နက်မှလူကို အသုံးပြုခြင်းပင်။ သွေးနတ်ဆိုးပေတံသည် သခင်အဖြစ်နေပြီး ရှီဟောင်ကိုတိုက်ခိုက်ရန်အတွက် အရှင်ဟွမ်ထျန်း၏ ခန္ဓာကိုယ်ကို အသုံးပြုနေခြင်းသာ။
“ဒါက နတ်ဆိုးနတ်ဘုရားကို ချိတ်ပိတ်ထားတဲ့ နတ်ဆိုးပေတံပဲ … မင်း သူ့ကို ထွက်မလာစေနဲ့ မဟုတ်ရင် ပြဿနာ တက်ကုန်မှာ” အမွှေးဘောလုံးလေး အသံတိုးတိုးဖြင့် ပြောလိုက်၏။ သူ၏ နတ်မီးတောက်ကို ထွန်းညှိလိုက်သည်နှင့် သူ၏ စိတ်အာရုံခံနိုင်စွမ်းမှာ အလွန်စူးရှနေသည်။ သူနှင့် အနီလေးသည် အလင်းမိုးမှဖြစ်လာသည့် လူသားပုံစံပုံရိပ်ကို လျင်မြန်စွာပင် တိုက်ခိုက်လိုက်ကြသည်။
ရှေးနှစ်များတွင် သွေးနတ်ဆိုးများမှာ ဆူပူရမ်းကားကြပြီး သူတို့သည် အလွန်ပင် ရက်စက်ကာ စက်ဆုပ်ဖွယ်ကောင်းလေ၏။ နေရာပေါင်းစုံမှ သူ့ကို ဝန်းရံတိုက်ခိုက်ခဲ့သော်လည်း သူ့ကို သတ်နိုင်ရန် ခက်ခဲလွန်းလှသည်။ သူ သွေးမျိုးစေ့ တစ်စေ့ကို ချလိုက်သည်နှင့် သူပြန်လည်မွေးဖွားနိုင်လေ၏။
“သူ့ကို မြန်မြန်ရှင်းလိုက်” အနီလေး အော်ပြောလိုက်သည်။ ငှက်နီလေးသည် လူသားပုံစံပြောင်းလိုက်ပြီဖြစ်သော်လည်း ချပ်ဝတ်တန်ဆာများ ဝတ်ထားသောကြောင့် သူ၏ ရုပ်ရည်သွင်ပြင်ကို သေချာမမြင်ရပေ။ သို့သော် သူ၏ အသံမှာမူ ကြည်လင်ပြတ်သားနေသည်။
ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်စုံမှာ တောက်ပလာပြီး နတ်ဘရားအစစ် ချန်ထားခဲ့သည့် မှော်ဓားကို သူ၏လက်ထဲတွင် ကိုင်ထားလေသည်။ ထိုဓားသည် တောင်ဘက်လီနတ်မီးတောက်များကို သယ်ဆောင်ထားပြီး အရှေ့ဘက်သို့ တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် အမွှေးဘောလုံး၏ ခန္ဓာကိုယ်မှာ တောင်တစ်လုံးကဲ့သို့ပင် မြင့်မားနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်ဖြစ်နေပြီး သူ၏ လက်ထဲတွင်လည်း နတ်လှံရှည်ကို ကိုင်ဆောင်ထားကာ ကောင်းကင်နိုင်ငံမှ ကျွမ်းကျင်သူကို ဆက်တိုက်ပင် ရိုက်ချနေလေသည်။
“သွေးနတ်ဆိုးဆိုတာ ရှေးနှစ်တွေတုန်းက ငါတို့ရဲ့ ကောင်းကင်နိုင်ငံက ကျွမ်းကျင်သူပဲ … သူ အဆင့်မြင့်နယ်မြေကို ဆင်းလာပြီးတော့ ကျရှုံးသွားတဲ့အချိန်ကစပြီး သူပြန်မပေါ်လာတော့ဘူး” အလင်းမိုးမှ ဖြစ်လာသည့် လူသားပုံရိပ်မှ ပြောလိုက်သည်။
“ကောင်းကင်နိုင်ငံက ထွက်လာသမျှတွေက တစ်ခုမှ မကောင်းဘူး” အမွှေးဘောလုံး ခနဲ့လိုက်သည်။
“ဘုရားသခင်ရဲ့ ဆန္ဒအရ၊ နှလုံးသားက ဘယ်အချိန်မဆို ပြောင်းလဲနိုင်တယ် … သတ် သတ် သတ်…”
အလင်းမိုးမှ ဖြစ်ပေါ်လာသောပုံရိပ်သည် အစက ဗုဒ္ဓနှင့်တူသော်လည်း ယခုအချိန်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးသည့်နောက်တွင် နတ်ဆိုးတိမ်တိုက်များ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကောင်းကင်ထက်သို့ ထွက်ပေါ်လာလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေကာ တရှိန်ထိုးပင် ပြေးလာနေလေ၏။
“သတ်…”
အမွှေးဘောလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်အလင်းများ တောက်ပနေပြီး သူ၏ ဦးခေါင်းထိပ်တွင်ရှိနေသည့် နဂါးဦးချိုသည်လည်း ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး နဂါးအစစ်အမှန် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားလေသည်။ ထို့နဂါးသည် သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသည့် သင်္ကေတများအဖြစ် ပြောင်းလဲသွားလေ၏။
အမွှေးဘောလုံးသည် သာမန် ကျူးယွမ်နှင့် မတူပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်တောက်ပနေကာ အထူးခြားဆုံး အချက်မှာ နဂါးဦးချိုတစ်စုံပင်ဖြစ်၏။ ယခုအချိန်တွင် ထိုဦးချိုသည် စွမ်းအားများ ထွက်နေပြီး နဂါးအော်သံများလည်း လေထဲတွင် ပျံ့လွင့်နေသည်။
ထို့အပြင် သူသည် ရှီဟောင်ထံမှ ခွန်ပန်၏ ယန်ဘက်အခြမ်းကို သင်ထားခဲ့သောကြောင့် ခွန်ပန်၏ နတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် ရွှေရောင်အလင်းများ တောက်ပလာလေသည်။
ထို့နောက်တွင် သူသည် ကျူးယွမ်၊ နဂါးအစစ်အမှန်နှင့် ခွန်ပန် သိုင်းပညာသုံးခုကို ပေါင်းလိုက်၏။ သူတို့အားလုံးကို ရောလိုက်သည့်အချိန်တွင် အလင်းများမှာ မျက်စိကျိန်းလောက်အောင်ပင် ထွက်ပေါ်လာလေ၏။
ဤအရာသည် ကြောက်စရာကောင်းသည့်စွမ်းအားချင်း တိုက်ခိုက်မှုပင်။ သူ၏ အနားတွင်ရှိသော တိမ်များ လွင့်ပြယ်သွားပြီး သူ၏အောက်တွင်ရှိနေသည့် တောင်တန်းအချို့မှာလည်း ပျက်ဆီးသွားလေသည်။
တစ်ချိန်တည်းမှာပင် အနီရောင်လေးသည် သံရှည်ဆွဲအော်လိုက်သည်နှင့် ကြီးမားသည့် ဇာမဏီငှက်သည် သူ၏အနောက်ဘက်တွင် ပေါ်လာပြီး သူ၏ ပါးစပ်ထဲတွင် နေ၊ လနှင့် ကြယ်များရှိနေ၏။ သူ၏ အတောင်ပံကို ခတ်လိုက်သည်နှင့် ကြယ်စမ်းချောင်းများသည် တစ်ခုပြီးတစ်ခု စီးဆင်းလာပြီးအဆုံးမရှိသည့် မီးတောက်များလည်း သူတို့နှင့် အတူ ပါလာလေသည်။
တောက်လောင်နေသော မီးတောက်များနှင့် နဂါးအော်သံများအောက်တွင် တိုက်ခိုက်နေရသောကြောင့် ထို အဆင့်လွန်နတ်ဆိုးသည် နောက်ဆုံးတွင် ပြိုကွဲသွားလေ၏။ အလင်းမိုးသည် ဟိုဘက်သည်ဘက် ယိမ်းနေပြီး ပျက်စီးခြင်းမှ လွတ်မြောက်အောင် ရုန်းကန်နေလေသည်။
အစီအရင်အတွင်းတွင် ရှိနေသော ရှီဟောင်မှာ ရုတ်တရက်ပင် ကြက်သီးထလာပြီး သူ၏ ဆံပင်များလည်းထောင်သွားရသည်။ အနက်ရောင်လှံတံသည် ရုတ်တရက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်မိတော့မလိုပင်။
သူ လေထဲသို့ ခုန်ရှောင်လိုက်၏။ အညိုရောင်အဝတ်အစားဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်ပေါ်လာပြီး သူ၏လက်ထဲတွင် လှံတံကို ကိုင်ထား၏။ ထို့နောက် သူ အရှင်ဟွမ်းထျန်းကို ပြောလိုက်၏။
” ဒီလမ်း အချိန်ကျပြီ”
သူသည် အစီအရင်ကို နားလည်သောကြောင့် ဒေါသထွက်နေသော အနီရောင်နတ်ဆိုးပုံရိပ်ကို အပြင်ထွက်စေလိုက်၏။ ထို့နောက် မန္တန်များကို ရွတ်လိုက်သည်နှင့် သူ၏ လက်ထဲတွင်ရှိနေသည့် သွေးနတ်ဆိုးပေတံ တောက်ပလာကာ နတ်စွမ်းအားများ ထွက်ပေါ်လာလေသည်။
“သွား…”
သူ တိုးတိတ်စွာ အော်လိုက်သည်။ ထိုသွေးနတ်ဆိုးပေတံသည် ကြောက်စရာကောင်းသည့် နတ်ခွန်အားများကို ထုတ်ပြကာ အမွှေးဘောလုံးရှိနေသည့်ဘက်သို့ ပြေးသွားလေသည်။ သူသည် ပြန့်ကျံသွားသည့် ထိုအလင်းမိုးများကို မြိုချပြီး နတ်ဘုရားကို စားသောက်ရန် ကြိုးစားနေခြင်းပင်။
“မင်းက ကျားပါးစပ်ကနေ လုစားချင်နေတာလား” အမွှေးဘောလုံးလေး ဒေါသထွက်သွားပြီး သူ၏ လှံရှည်ကို အောက်ဘက်သို့ ဝေ့ယမ်းလိုက်လေသည်။
အနီရောင်လေးသည် ပို၍ အော်ဟစ်နေလေ၏။ သူ ထွေးထုတ်လိုက်သော နတ်မီးတောက်များသည် သွေးနတ်ဆိုးကို တားဆီးနေပြီး လေထဲတွင်ရှိသော သွေးမြူများကို မီးရှို့လိုက်လေ၏။
“သွား…”
မီးခိုးရောင်ဆံပင်နှင့် လူကြီးမှ ငြင်သာစွာ အော်ဟစ်လိုက်သည်။ အလင်းမိုးအနည်းငယ်ကို စားသုံးလိုက်ရသည့် သွေးနတ်ဆိုးပေတံသည် သွေးရောင်အလင်းတန်းများ တောက်ပလာ၏။ သူသည် အရှင်ဟွမ်ထျန်းကို ရစ်ပတ်လိုက်ကာ ရှီဟောင်ထံသို့ ပြေးလာလေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် သွေးစွမ်းအင်များ ထွက်ပေါ်နေပြီး အလွန်လျင်မြန်လှ၏။
“မင်း လွတ်နိုင်မှာမို့လို့လား” ရှီဟောင်အေးစက်စွာ ပြောလိုက်၏။ သူသည် သူ၏ ဆံပင်ထဲတွင်ရှိနေသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို အားအပြည့်ဖြင့် ပစ်လွှတ်လိုက်၏။
“အား…”နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဤနေရာတွင် သူက သနားစရာအကောင်းဆုံး ဖြစ်နေသကဲ့သို့ပင် ကြောက်စရာကောင်းသည့် အသံဖြင့် အော်လိုက်လေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်သည် တန်းတန်းမတ်မတ်ပင် ပျံသန်းသွားပြီး သင်္ကေတများလည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။ ‘ဝုန်း’ ဟူသော အသံနှင့်အတူ ထိုကျောက်တုံးလေးသည် သူ၏ ပစ်မှတ်ကို ထိသွားလေသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ကျောက်တုံးတိုင်းပြည်၏ ရတနာသိုက်ထဲတွင် ရှိသည့် နတ်ပစ္စည်းများကို စားသောက်နေရသောကြောင့် သူ၏ စွမ်းအားများ တိုးလာပြီး အဆင့်လွန်ရတနာအမြုတေတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်၏။
ဖုန်း…
ပစ်ချက်မှာ ကွက်တိပင်။ သူ၏ ပစ်မှတ်ကို ထိသွားပြီး မီးခိုးရောင်ဝတ်ထားသော လူကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
“သတ်…”
အမွှေးဘောလုံးနှင့် အနီလေးတို့သည် တစ်ရှိန်ထိုးပြေးလာကြပြီး သူတို့ကိုယ်တိုင် အစီအရင်လုပ်ပြီး ဤနေရာကို ပိတ်ထားလိုက်လေသည်။
“နတ်ဆိုးဘုရင် ဒီကမ္ဘာကိုလာပြီ” မီးခိုးရောင်ဝတ်ထားသောလူကြီးမှ အော်ဟစ်လိုက်သည်။ သူ၏ ပါးစပ်မှ ရှေးဟောင်းမန္တန်များကို ရွတ်နေပြီး သွေးနတ်ဆိုးပေတံကို တုန်ခါအောင် ပြုလုပ်နေ၏။
“ကံကောင်းစွာနဲ့ ဒါက ပျက်စီးနေတဲ့ အလောင်းတစ်လောင်းပဲ … သူ့ကို ပြန်ပြင်ထားပေမယ့် မူလခန္ဓာကိုယ်က ပြန်ဆက်ထားတာမဟုတ်ဘူး … သူက နတ်မီးတောက် တောက်လောင်နေတဲ့ သက်ရှိရဲ့ နတ်ခွန်အားပဲရှိတာ” အနီလေး ပြောလိုက်သည်။
အမွှေးဘောလုံး၏ လက်ကြီးတစ်ဖက်ထွက်လာပြီး အပြင်ဘက်သို့ ဆုတ်ကိုင်လိုက်၏။ သူ၏ ရွှေရောင်ဆံပင်များသည် တောက်ပနေသောကြောင့် အလွန်အစွမ်းထက်သည့်ပုံ ပေါ်နေသည်။
“သူ ကမ္ဘာကြီးကို ဒုက္ခမပေးနိုင်အောင်လို့ ဒီပေတံကို ဖျက်ဆီးပစ်လိုက်” ရှီဟောင် ပြောလိုက်သည်။
“မဆိုးဘူး”
အမွှေးဘောလုံးနှင့် အနီလေးတို့ နှစ်ယောက်လုံး ခေါင်းညိမ့်လိုက်ကြ၏။ သူတို့သည် သူတို့၏ နတ်ဘုရားလက်နက်များကို တစ်ချိန်တည်းအသုံးပြုကာ အရှေ့ဘက်သို့ ပြေးသွားလိုက်ကြသည်။
“မင်းတို့က ငါ့ကို ဖျက်ဆီးချင်နေတာလား … ပုရွက်စိတ်ကောင်တွေကများ … ငါက ပျက်စီးနေတယ်ဆိုရင်တောင်မှ မင်းတို့ ငါ့ကို ရှင်းပစ်မယ့်ကိစ္စကို မေ့လိုက်” သွေးနတ်ဆိုးပေတံ နိုးလာကာ ပြောလိုက်လေ၏။
သူသည် အရှင်ဟွမ်ထျန်းလက်မှ ရုန်းကန်လိုက်ကာ ထိုသူနှစ်ယောက်နှင့် တိုက်ခိုက်ရန်အတွက် သွေးလအဖြစ်သို့ ပြောင်းလိုက်လေသည်။
အရှင်ဟွမ်ထျန်းသည် ယခုမှ အိမ်မက်မှ နိုးလာသောသူကဲ့သို့ပင် လဲကျသွားပြီး သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေလေ၏။ မီးခိုးရောင်ဝတ်ထားသည့် လူကြီးသည် သူ့ကို ဆွဲထူလိုက်ပြီး ချက်ချင်းပင် ပြန်ဆုတ်ခွာသွားလေသည်။
“ဆရာ ကျွန်တော်တို့ ရှုံးသွားပြီ” အရှင်ဟွမ်ထျန်း ပြောလိုက်၏။
ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူတို့ အရက်သောက်ပြီး စကားပြောကြသည့်အချိန်တုန်းက သူ၏ဆရာအကြောင်းပြောသည်ကို ရှီဟောင် ကြားလိုက်ရသေးသည်။ ထိုအချိန်က သူ့ထံမှ ကပ်ဘေးကြီးအကြောင်းကိုလည်း ကြားလိုက်ရသေး၏။ ထို့ကြောင့် သူ၏ဆရာမှာ သာမန်မဟုတ်မှန်း ရှီဟောင်သိလိုက်သည်။
“ခင်ဗျား ဘယ်သူလဲ” ရှီဟောင် မေးလိုက်သည်။
“သွေးနတ်ဆိုးဆီကနေ အမွေဆက်ခံထားတဲ့ တစ်ယောက်ယောက်ပေါ့” မီးခိုးရောင်ဝတ် လူကြီးမှ ပြောလိုက်၏။ သူ၏ မျက်လုံးများမှာလည်း နီရဲနေလေသည်။ အစမှ ယခုအချိန်ထိ သူသည် စကားများများ မပြောသေးပေ။ သူ၏ လက်ဝါး တောက်ပလာကာ ပြင်းထန်သောအသက်ဓာတ်စီးဆင်းနေသည့် အနက်ရောင်အရိုးလှံတံကို ပြုလုပ်လိုက်လေသည်။
ထိုအချိန်တွင် အပူချိန်သည် ချက်ချင်းပင် ထိုးကျသွားပြီး မကောင်းဆိုးဝါးလေများလည်း ဒေါသတကြီးအော်ဟစ်နေကာ ဤနေရာတစ်ခုလုံးတွင်လည်း အနက်ရောင်သင်္ကေတများ ပြည့်နှက်သွားလေ၏။ မိစ္ဆာမြူများ ထလာသကဲ့သို့၊ မကျေမချမ်းဖြစ်နေသော ဝိဉာဉ်များ ကနေသကဲ့သို့ပင် ထိုအနက်ရောင်လှံတံ၏ ထိပ်တွင် ရစ်ပတ်ကြလေသည်။
ထိုသူသည် အနက်ရောင်လှံတံကို ပစ်လွှတ်လိုက်လေ၏။ ထိုလှံတံသည် လျှပ်စီးအလျှင်ဖြင့် ရှီဟောင်၏ နဖူးထံသို့ ဦးတည်လာနေသည်။ ထိုလှံတံသည် ကြောက်စရာကောင်းသည် စွမ်းအားလှိုင်းကို သယ်ဆောင်လာပြီး ရုတ်တရက်ပင် မြေအောက်ကမ္ဘာမှ ဝိဉာဉ်ပေါင်း ဆယ်သန်း၏ အော်ငိုသံများကို ကြားလိုက်ရသလိုပင်။
“ကျိန်စာသင့်လှံရှည် … အမုန်းတရားတွေ ပြည့်နေတဲ့ နှလုံးသားပဲ”
ရှီဟောင်၏ မျက်ဝန်းမှာ အေးစက်သွားလေ၏။ ထိုအော်သံများမှာ မရေမတွက်နိုင်သည့် သက်ရှိများ၏ အော်သံဖြစ်ပြီး သူတို့ကို စိတ်ဝိဉာဉ်ကို ဤမှော်ပစ္စည်းထဲတွင် ဖမ်းချုပ်ထားပြီး ကျိန်စာသင့်လှံရှည်အဖြစ် ပြောင်းလဲလိုက်ခြင်းပင်။
မကျေမချမ်းဖြစ်နေသော ဝိဉာဉ်ပေါင်း တစ်သန်းဖြင့် ကျိန်စာလေးကို ပြုလုပ်နိုင်သည်ဟု အရိုးစာအုပ်တွင် ပြောထား၏။ သို့သော် ဝိဉာဉ်ပေါင်း တစ်သန်းကို ပေါင်းခြင်းမှာ ကိစ္စလေးမဟုတ်ပေ။ အနောက်ဘက်နယ်စပ်တွင် အသက်ပေါင်း ဆယ်သန်းကျော် ဆုံးရှုံးသွားခဲ့ပြီး စပါးအုံးမြွေပျံမှ သူတို့၏ အသွေးအသားများကိုစားသုံးပြီးသွားသည့်အချိန်တွင် ဤလှံတံသည် အနည်းဆုံး ဝိဉာဉ်ပေါင်း ဆယ်သန်းကို စုတ်ယူပြီးသွားပြီဖြစ်သည်။
“မင်းတို့အားလုံးကို မသတ်လိုက်ရင် ဒီကမ္ဘာကြီး ငြိမ်းချမ်းမှုပြန်ရဖို့ ခက်လိမ့်မယ်” ရှီဟောင်၏ အသံမှာ အလွန်ပင် အေးစက်နေလေ၏။
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတောက်ပလာကာ သူသည် ပြောင်းလဲခြင်း ၇၂ မျိုးဖြင့် ခွန်ပန်အဖြစ် ပြောင်းလိုက်သည်။ သူ၏ အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက် သူ လူမျိုးစု၏ ထူးဆန်းသည့် ပညာကို အသုံးပြုလိုက်၏။ ကြောက်စရာကောင်းသည် လက်သည်းတစ်စုံ အောက်သို့ ဆင်းလာလေသည်။
သူ ထိုအနက်ရောင်လှံတံနှင့် တိုက်ခိုက်လိုက်သောကြောင့် အနက်ရောင်ဝိဉာဉ်မီးတောက်များနှင့် လျှပ်စီးများ ပေါ်လာလေ၏။ မီးခိုရောင်ဝတ်ထားသော လူကြီးသည် အနောက်ဘက်သို့ လွင့်ထွက်သွားကာ သူ၏ ပါးစပ်မှ သွေးများ အန်ထွက်လာကာ အနောက်ဘက်သို့ ဆုတ်သွားလေသည်။
သူ ထိတ်လန့်သွားရ၏။ သာမန် အဆင့်လွန်ကျွမ်းကျင်သူသာ ဤအရိုးလှံတံဖြင့် ရိုက်ခံလိုက်ရပါက သူတို့သည် ထိုနေရာတွင်ပင် ချက်ချင်းသေသွားလိမ့်မည်။ သူတို့၏ ဝိဉာဉ်သည်လည်း အရိုးလှံတံစားသုံးခြင်းကို ခံရပေလိမ့်မည်။
သို့သော် ကျောက်တုံးလေးသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ သူ တစ်ချက်ရိုက်လိုက်ယုံဖြင့်ပင် ကျိန်စာသင့်လှံတံမှာ အက်ကွဲသွားပြီး သူသည်လည်း သွေးအများကြီး အန်ထွက်သွားရသည်။ ရှီဟောင်သည် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် စွမ်းအားကြီးလှ၏။
“သွား”
မီးခိုးရောင်ဝတ်လူကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် အနက်ရောင်မြူများ ထွက်လာသည်။ သူသည် အရိုးလှံတံကို ရှီဟောင်ထံသို့ ပစ်လွှတ်လိုက်၏။ ထိုလှံတံသည် အနက်ရောင်လျှပ်စီးကဲ့သို့ပင် ပျံထွက်သွားပြီး ဒေါသထွက်နေသော ဝိဉာဉ်ပေါင်းဆယ်သန်း၏ အော်သံများလည်း ပျံ့လွင့်နေလေ၏။ ထိုအချိန်တွင် သူသည် အရှင်ဟွမ်ထျန်းကို ခေါ်ကာ ထွက်ပြေးသွားလေသည်။
“ဖျက်ဆီးစေ” ရှီဟောင်သည် မိုးခြိမ်းသံကဲ့သို့ပင် အော်ဟစ်လိုက်သည်။
အော်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် အနက်ရောင်လှံတံသည် သူ၏အရှေ့တွင် ရပ်တန့်သွားကာ သင်္ကေတများဖြင့် ချုပ်နှောင်ခြင်းခံလိုက်ရ၏။ ထို့နောက်တွင် တစ်လက်မချင်း အက်ကွဲလာသည်။ ထို့နောက် အနက်ရောင်မီးတောက်များ ထွက်ပေါ်လာကာ တစ်စစီ ပေါက်ကွဲသွားလေ၏။
ထွက်ပြေးနေသည် မီးခိုးရောင်ဝတ် လူကြီး၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေသည်။ ကျိန်စာသင့်ပစ္စည်းများသည် တစ်ခါတစ်ရံတွင် စွမ်းအား အနောက်ပြန်ကန်လာပြီး သူ့ကို ပြင်းထန်စွာ ရရှိစေလေသည်။
ရှီဟောင်လူသားပုံစံ ပြန်ပြောင်းပြီး လျင်မြန်စွာ သွားလိုက်၏။ ထိုသူတို့ကို မှီသွားသည်နှင့် လက်သီးတံဆိပ်ပြုလုပ်လိုက်ပြီး သူတို့ကို ထိုးချလိုက်၏။
မီးခိုးရောင်ဝတ်လူကြီးသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးမိုးနှင့် အရိုးအပိုင်းအစများ ဖြစ်သွားလေသည်။ ယနေ့မှစ၍ သူ၏ တည်ရှိမှုသည် ဤကမ္ဘာပေါ်မှ ထာဝရပျောက်ကွယ်သွားလေပြီ။
“အရှင်ဟွမ်ထျန်း မင်းရဲ့ အမှားကို ဝန်ခံလား” ရှီဟောင် အော်ဟစ်လိုက်သည်။
အရှင်ဟွမ်ထျန်း၏ အမူအရာမှာ တည်ငြိမ်နေကာ “ငါ့ကို သွေးနတ်ဆိုးပေတံ လွှမ်းမိုးသွားပေမယ့် အဲဒါက ငါ့ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ဆန္ဒပဲလေ … အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ ပြောစရာမရှိဘူး … မင်းလုပ်စရာရှိတာ လုပ်ပါ”
ရှီဟောင် လက်ထုတ်လိုက်ပြီး အလင်းတန်းစုလေး လွှတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းများကို ဖျက်ဆီးပစ်လိုက်သည်။
“ကျွန်တော့်ဘဝကို ကိုယ့်ဘာသာကိုယ် အဆုံးသတ်သင့်တာပေါ့” အရှင်ဟွမ်ထျန်းသည် တည်ငြိမ်စွာပင် ပြောလိုက်ပြီး ဓားမြောင်တစ်ချောင်းကို ထုတ်ကာ သူ၏ လည်ပင်းတွင် တင်ထားလေ၏။ ထို့နောက် အားဖြင့် ဆွဲလိုက်သည်နှင့် သူ၏ ခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားလေသည်။
သူမသေမှီတွင် ဖြစ်နေသော သူ၏ အမူအရာမှာ ရှုပ်ထွေးလှ၏။ သူ၏ စိုးရိမ်စိတ်များမှ လွတ်မြောက်သွားသကဲ့သို့ပင်။ ထို့နောက် တစ်ခုခု ပြောချင်နေသည့်ပုံစံဖြင့် ပါးစပ်ဟလာသည်။
“အရှင်မင်းကြီး … ကောင်းကင်နိုင်ငံရဲ့ သွေးယဇ်ပူဇော်တာကို … သတိထားပါ”
ဤစကားသည် အရှင်ဟွမ်ထျန်း ပြောခဲ့သည့် နောက်ဆုံးစကားပင်။
“အရှင်ဟွမ်ထျန်း…” ရှီဟောင် ငြင်သာစွာ သက်ပြင်းချလိုက်လေ၏။
ကောင်းကင်ပေါ်တွင်လည်း အမွှေးဘောလုံးနှင့် အနီလေးသည် နတ်ဘုရားမှော်ပစ္စည်းများကို ကိုင်ဆောင်ထားကာ သွေးနတ်ဆိုးပေတံကို တစ်စစီဖြစ်အောင် လုပ်ပစ်ပြီးနောက် နတ်မီးတောက်သုံးကာ ပြာချလိုက်လေသည်။
တိုက်ပွဲပြီးသွားသော်လည်း ရှီဟောင်သည် အနောက်ဘက်နယ်စပ်တွင် အချိန်အတော်ကြာ နေခဲ့သေးသည်။
ထို့နောက် အင်ပါယာနန်းတော်သို့ ပြန်ကာ စစ်ဘုရင်၊ မင်ဘုရင်၊ ဖန်ကိုးနှင့် အခြားသူများအားလုံးကို ဆင့်ခေါ်လိုက်ပြီး သူ့၏ နန်းစွန့်မည့်အကြောင်းကို ကြေငြာလိုက်လေသည်။