သုခကမ္ဘာက ရှီဟောင် - Chapter - 762 ကောင်းကင်၏ဆန္ဒကို ဆန့်ကျင်ခြင်း
“သနားစရာပဲ အရှင်ဟွမ်ထျန်း … တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ” အနောက်ဘက်နယ်စပ်တွင် ဖြစ်ပျက်ခဲ့သည်များကို သိသွားသောအခါ စစ်ဘုရင်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြရ၏။ အချိန်ကြာသည်အထိ သူတို့ ဘာစကားမျှ မပြောနိုင်ကြပေ။
ရှီဟောင်သည် ဧကရာဇ်တံဆိပ်ကို နဂါးစားပွဲပေါ်သို့ တင်လိုက်သည်နှင့် ကျက်သရေရှိသော စွမ်းအားများ ထွက်ပေါ်လာပြီဂ ကောင်းကင်နဂါး ရာပေါင်းများစွာလည်း ဤနေရာကို ဝန်းရံသွားလေသည်။ ထိုအဖိုးတန်တံဆိပ်သည် သာမန်မဟုတ်ပဲ တိုင်းပြည်တစ်ခု၏ ကံကြမ္မာစွမ်းအားများ ပါဝင်လေ၏။ သူ၏ ခွန်အားမှာလည်း အဆုံးအစမဲ့ပင်။
“အရှင်မင်းကြီး အရှင်တကယ်သွားတော့မှာလား” ဖန်ကိုး မေးလိုက်၏။ ရှီဟောင် ဆုံးဖြတ်ချပြီးသွားပြီဖြစ်သောကြောင့် သူတို့ တား၍မရမှန်းလည်း သိကြလေသည်။
“ငါ အဆင့်မြင့်နယ်မြေထဲကို သွားချင်တယ်” ရှီဟောင် ပြောလိုက်၏။ ထို့နောက်သူသည် အားလုံးကို လက်ဆောင်များပေးပြီး ချင်ဖန်းကို ကူညီပေးရန်အတွက် ထိုအဆင့်လွန်ကျွမ်းကျင်သူများကို ပြောလိုက်သည်။
ချင်ဖန်းသာ မသင့်တော်ဘူးဆိုလျှင် သူတို့ ပြောစရာမရှိတော့ပေ။ ချင်ဖန်းကို နန်းချပြီး စစ်ဘုရင်မှ သူ့နေရာကို အစားထိုးရန် မေးလိုက်သည်။ သို့မှသာ ချင်ဖန်း သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိမည်ဖြစ်၏။
အဆင့်လွန်ကျွမ်းကျင်သူများစွာ ဤနိုင်ငံကို အကူအညီပေးနေသောကြောင့် ကျောက်တုံးတိုင်းပြည်ကို ဖယ်ရှားရန်အတွက် အခြားနယ်မြေ ၈ ခုတွင် မည်သည့် စွမ်းအားကြီးသူမျှ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်သူအများစုမှာ ကပ်ဘေးတွင် ရှင်းပစ်ခံလိုက်ရသောကြောင့်ပင်။
“အရှင်မင်းကြီး အဆင့်မြင့်နယ်မြေက သွားမှရမှာလား” စစ်ဘုရင် မေးလိုက်၏။ ရှီဟောင် ထွက်သွားပြီးလျှင် အချိန်ဘယ်နှနှစ်ကြာမှ သူတို့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်မလဲ မသိနိုင်ပေ။ ဤဘဝတွင် ထပ်မတွေ့တော့တာလည်း ဖြစ်နိုင်သည်။
“မဟုတ်ဘူး ကျင့်ကြံဖို့အတွက် သုံးဘဝတောင်ကို သွားမှာ” ရှီဟောင် ပြောလိုက်၏။
ရှီဟောင် စိတ်ထဲတွင် မသက်မသာခံစားနေရသည်။ ကောင်းကင်နိုင်ငံမှ ဆင်းလာသည့် နတ်ဘုရားနှင့် စပါးအုံးမြွေပျံတို့ သေဆုံးသွားပြီဖြစ်သောကြောင့် အဆုံးသတ်သွားပြီလား … ပုံမှန်ဆိုလျှင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲလိုက်ပြီဖြစ်သောကြောင့် အခြားသက်ရှိများ ဆင်းမလာနိုင်တော့ပေ။ သို့သော် ယခုကဲ့သို့ ကိစ္စမျိုး ထပ်ဖြစ်မလာနိုင်ဘူးဟု မည်သူပြောနိုင်မည်နည်း…
ယခုတစ်ကြိမ်တွင် ဂိုဏ်းသုံးခုမှ စွမ်းအားကြီးသူများသည် မမျှော်မှန်းနိုင်သည့်အဖိုးအခများဖြင့် လေဟာနယ်တွင် အက်ကွဲကြောင်းဖြစ်လာအောင် လုပ်ပြီး ဝိဉာဉ်တစ်ခုနှင့် စပါးအုံးမြွေနတ်ဘုရားတစ်ပါးကို ဆင်းခိုင်းခဲ့သည်။
အခြားသူများလည်း နတ်မီးတောက်ရှိသော သက်ရှိများကို အဆင့်နိမ့်နယ်မြေသို့ လွှတ်ရန် ဆုံးဖြတ်လိုက်လျှင် ဘယ်လိုလုပ်မည်နည်း..
ရှီဟောင်သည် ပြဿနာကို မရှောင်ပြေးချင်ပေ။ သူသာ အဆင့်မြင့်နယ်မြေကို ခိုးသွားပြီး ထိုနေရာတွင် သိုသိုဝှက်ဝှက်နေနေပါက သူ လုံခြုံနိုင်သည်။ သူသည် ထီးနန်းကို စွန့်လွှတ်ပြီး ပျက်သုန်းခြင်းနယ်မြေတွင် ပုန်းနေပါက သူ အန္တရာယ်ကင်းမည်သာ။
သို့သော် သူထိုကဲ့သို့ မလုပ်ချင်ပေ။ အကယ်၍ နတ်မီးတောက်ရှိသော တစ်စုံတစ်ယောက် ဆင်းလာကာ သူတို့၏ ဒေါသကို ကျောက်တုံးတိုင်းပြည်ပေါ်သို့ ပုံချလိုက်ရင်ရော…
ထို့ကြောင့် သူသည် ထီးနန်းကို သူ့သဘောဖြင့် စွန့်ခွာပြီး သုံးဘဝတောင်တွင် သီးသန့်ကျင့်ကြံမည်ကို တစ်လောကလုံး သိအောင် လုပ်ရမည်။
သူထို့သို့ ပြုလုပ်မှာသာ သူ့ကို ဦးတည်သောသူများသည် သုံးဘဝတောင်သို့ လာပြီး သူနှင့် ရှင်းလိမ့်မည်။ သူတို့ သူ့ဘက်မှ လူများကို ထိခိုက်တော့မည်မဟုတ်။
“အရှင်မင်းကြီး အရှင် ဒီလိုလုပ်လိုက်ရင် အရှင်ကိုယ့်ကိုကိုယ် အန္တရာယ်ထဲ တွန်းပို့သလို ဖြစ်နေမှာပါ” စစ်ဘုရင်သည် ရှီဟောင်ပြောသည်ကို ကြာလိုက်သည့်အချိန်တွင် စိုးရိမ်သွားပြီး ထိုအကြံကို ကန့်ကွက်လိုက်သည်။
“ငါက ဘာလို့ ပြဿနာတွေကနေ ရှောင်ပြေးနေရမှာလဲ” ရှီဟောင် ခေါင်းခါလိုက်၏။
ရှီဟောင်သည် အရာအားလုံးနီးပါးကို ထားခဲ့ပြီး ပစ္စည်းအနည်းငယ်ကိုသာယူပြီး သုံးဘဝတောင်သို့ တစ်ယောက်တည်း သွားလိုက်သည်။
ထိုနေ့တွင် ကမ္ဘာကြီးမှာ တုန်လှုပ်သွားရ၏။ ကျောက်တုံးဧကရာဇ်သည် ထီးနန်းကို စွန့်ကာ မြင့်မြတ်သောတာအိုများကို နားလည်ရန်အတွက် တာအိုတောင်တွင် သီးသန့်နေတော့မည်ဟူသော သတင်းသည် အားလုံးကို အံ့အားသင့်စေခဲ့သည်။
သူ ထီးနန်းကို ရရှိထားသည်မှာ မကြာသေးပေ။ အဓိကရုဏ်းမျိုးစံကို ရှင်းပြီး ကျောက်တုံးတိုင်းပြည်သည် လမ်းကြောင်းမှန်ပေါ် ရောက်ရုံသာ ရှိသေးသည်။ သို့သော် သူသည် ထီးနန်းစွန့်ခွာသွားသောကြောင့် ဤသည်မှာအားလုံး မထင်ထားသည့်ကိစ္စပင်။
လူအားလုံးသည် ဤကိစ္စကို အလွန်ပင် အာရုံစိုက်နေကြသည်။ နတ်နန်းဂိုဏ်း၊ အနောက်ဘက်ဂိုဏ်းနှင့် အခြားသူများသည် ဤသတင်းမှန်မမှန်ကို အတည်ပြုရန် လူလွှတ်ကာ စုံစမ်းခဲ့ကြသည်။
“ကျောက်တုံးလေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ … ဒါက သတ္တိရှိပြီးရဲတင်းတာပဲ … သူက နတ်ဘုရားဖြစ်ချင်တဲ့ လမ်းကြောင်းကိုပဲ တည့်တည့်သွားပြီး သေမျိုးကမ္ဘာက သူ့ကို မဆွဲထားနိုင်ဘူး … သူ့ရဲ့ တာအိုနှလုံးသာက ခိုင်မာပြီးတော့ မြဲမြံတယ်”
လူအချို့သာ သက်ပြင်းချကြလေ၏။ သူတို့အားလုံး ရှီဟောင်ကိုလေးစားနေကြရသည်။
သူတို့သာ ရှီဟောင်နေရာမှာဆိုလျှင် တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်ဖြစ်နေလျှင် သူတို့ အရာအားလုံးကို စွန့်ပစ်နိုင်ပါ့မလား … ထိုနေရာသည် လူသားများထဲတွင် အမြင့်ဆုံးနေရာဖြစ်ပြီး ခမ်းနားမှုနှင့် ဘုန်းတန်ခိုးအာဏာကို ကိုယ်စားပြုလေသည်။ သူတို့သည် ထိုကဲ့သို့သောအရာကို မည်ကဲ့သို့ စွန့်လွှတ်နိုင်မည်နည်း…
“သူက ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်း မျက်လုံးနှစ်ထပ်ကို သတ်ခဲ့ပြီးတော့ နေရာပေါင်းစုံက အဆင့်လွန်ကျွမ်းကျင်သူတွေကိုလည်း အနိုင်ယူခဲ့သည်။ အခု ကျောက်တုံးလေးက သူ့လမ်းကို လျှောက်တော့မယ် … သူက ပိုပြီးတော့ကို ထူးချွန်ပြီးတော့ ခမ်းနားကြီးကျယ်ဦးမှာ”
သုံးဘဝတောင်သည် ကျောက်တုံးတိုင်းပြည် အင်ပါယာမြို့တော်နှင့် လီနှစ်သောင်းခန့် ဝေးပြီး ထိုနေရာသည် ဝိဉာဉ်နယ်မြေတစ်ခုပင်။ လှပသောတောင်ထိပ်များသည် တစ်ခုနှင့်တစ်ခု ဘေးချင်းကပ်လျက်ရှိနေကြပြီး ဝိဉာဉ်စွမ်းအင်များလည်း ပေါများစွာပင် စီးဆင်းနေကြ၏။
ရှီဟောင်သည် သီးသန့်ဖြစ်နေသည့် တောင်လေးတစ်လုံးကို ရွေးချယ်ကာ ထိုနေရာတွင် မြက်တဲလေး ထိုးလိုက်သည်။ ထို့နောက် သူသည် အပြာရောင်ကျောက်တုံးကြီးကို ရွှေ့လိုက်ပြီး ထိုနေရာတွင် ထိုင်လိုက်၏။ အရာအားလုံးမှာ အလွန်ပင် ရိုးရှင်းလှသည်။
သူသည် ဤနေရာတွင် ကျင့်ကြံပြီး တာအိုကို နားလည်အောင် လုပ်သည်။ သူသည် ထိုသူများ ရောက်လာမည်ကို ရည်ရွယ်ချက်ရှိရှိစောင့်နေခြင်းမဟုတ်ပေ။ ရန်သူများ ပေါ်မလာလည်း သူ အပြင်ဘက်ကမ္ဘာမှ ကိစ္စများကို စိတ်မဝင်စားပေ။ သူသည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်ပြီး ထိုအရာကို သေချာ လေ့လာလိုက်၏။
ဤအရာသည် သူ၏ လမ်းကြောင်းဖြစ်သလို သူ၏ တာအိုလည်းဖြစ်သည်။ သူဒါကို လေ့လာသည့်အချိန်တိုင်းတွင် သူမတူညီသည့်အရာများကို နားလည်လာရ၏။ ထိုဝိဉာဉ်တစ်သောင်းသင်္ကေတ မျက်နှာပြင်ပေါ်တွင် ခွန်ပန်ကဲ့သို့ စွမ်းအားကြီးသော သတ္တဝါများမှစ၍ ပုရွက်ဆိတ်ကဲ့သို့သော အင်အားနည်းသည့် သတ္တဝါများ ရှိနေလေသည်။
“မွေးရာပါ ထူးခြားတဲ့ နတ်စွမ်းရည်ရှိတဲ့ ထူးခြားပါရမီရှိတဲ့သူတွေလိုမျိုး သက်ရှိတွေကို ဘာလို့မတွေ့တာလဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
သူသည် တောက်ပနေသည့် အရိုးအပိုင်းအစလေးတစ်ခုကို လက်ထဲတွင် ကိုင်ထားပြီး ထိုအရာကို အကြိမ်များစွာ ကြည့်နေလေသည်။ အချို့အရာများကို သိလိုက်ရသော်လည်း သူရှုပ်ထွေးနေဆဲပင်။ သူသည် အကြောင်းအရာများစွာကို စဉ်းစားပြီး ကောက်ချက်ချလိုက်သည်။
မိုးမခနတ်ဘုရားပြောသည့်အတိုင်းဆိုလျှင် အဆင့်လွန်အရိုးသည် အလွန်စွမ်းအားကြီး၏။ သို့သော် ထိုအရာသည် လူတစ်ယောက်၏ ထူးကဲမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်လေသည်။
ရှီဟောင်သည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို လေ့လာကာ အရာအားလုံးကို ပေါင်းစည်းလိုက်၏။ သူသည် ယနေ့မှစ၍ သူ၏ လမ်းကြောင်းကို အာရုံစိုက်၍ရပြီ။
နောက်ရက်များတွင် သူသည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ခဏထားထားကာ သူ၏ အရိုး၏ ထူးဆန်းမှုများကို လေ့လာနေသည်။ ထို့နောက် ထိုအရိုးနှင့် စမ်းသပ်ချက်များ ပြုလုပ်ပြီး ထိုအရိုးမှ သင်္ကေတများအားလုံးကို သူ၏ အသွေးအသားတွင် ထွင်းလိုက်ပါက မည်သို့ဖြစ်လာမည်ကို ကြည့်လိုက်၏။
အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်သည် ဖြစ်တည်မှုများအားလုံးကို အသွေးအသားတွင် ရိုက်နှိပ်ခြင်းပင်။ ဤနယ်မြေမှတစ်ဆင့် အဆင့်လွန်ကျွမ်းကျင်သူဖြစ်သွားလျှင်လည်း ဤနည်းလမ်းအတိုင်းပင် လုပ်ရလေ၏။ နတ်မီးတောက်များ ရရှိလျှင်လည်း ဤအတိုင်းပင်။
သင်္ကေတများအားလုံးကို သူ၏ခန္ဓာကိုယ်တွင် ထွင်းထုထားရန် ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုသင်္ကေတများသည် ဤအရိုးတစ်ခုတည်းပေါ်တွင် ရှိမနေပဲ သူ၏ အသွေးအသားတစ်လက်မတိုင်းတွင် ရှိနေစေရမည်။
ထိုလဝက်သည် ရှီဟောင်အတွက် ခက်ခဲမှုများနှင့် စိန်ခေါ်မှုများသော နေ့ရက်များပင်။
သူသည် အဆင့်လွန်အရိုးမှ သင်္ကေတများအားလုံးကို မြင်လိုက်ရပြီဖြစ်ပြီး အားလုံးကို ယူပြီးသွားပြီဖြစ်သည်။ သူသည် ယခုအချိန်တွင် ထိုသင်္ကေတများအားလုံးကို သူ၏ အရိုးနှင့် အသွေးအသားများတွင် ထွင်းထုနိုင်ရန်အတွက် အကောင်းဆုံးကြိုးစားလျက်ရှိသည်။
သူသည် ဤကိစ္စကို အလွန်အရေးထား၏။ အဘယ်ကြောင့်ဆိုသော် အသက်ဘေးကြုံသည့် တိုက်ပွဲပေါင်းများစွာနှင့် ကြုံတွေ့ပြီးသွားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်တွင်ရှိသည့် အဖိုးတန်ပညာသည် စွမ်းအားအကြီးဆုံးဖြစ်သည်ကို သူသိလိုက်ရသည်။
သူ၏ အဖိုးတန်ပညာသည် ကောင်းကင်အောက်တွင် နံပါတ် ၁ ဖြစ်သည်ဟု ပြောခြင်းမဟုတ်။ ခွန်ပန်ပညာသည် အလွန်စွမ်းအားကြီးပြီး ရှေးဟောင်းသားရဲ ၁၀ မျိုးထဲမှ တစ်မျိုးဖြစ်သည်။ သူ၏ အင်အားသည် ရှေးခေတ်၌သာမက ယခုအချိန်ထိပင် အားလုံးကို တုန်လှုပ်စေ၏။ သို့သော် ခွန်ပန်လူမျိုးစု၏ နည်းလမ်းများကို လူသားများအသုံးပြုသောအခါ သူသည် စွမ်းအားအကြီးဆုံးမဖြစ်နိုင်တော့ပေ။
ရှီဟောင်သည် ကျူးယန်လူမျိုးစု၏ ပြောင်းလဲခြင်း ၇၂ မျိုးကို ကျင့်ကြံပြီး သူ့ကိုယ်သူ ခွန်ပန်အဖြစ်ပြောင်းကာ ဤစွမ်းရည်များကို အသုံးပြုသည့်အချိန်တွင် ပို၍ စွမ်းအားကြီးလာသည်။
သို့သော် သူသည် ခွန်ပန်၏ အကောင်းဆုံးအခြေအနေသို့ မရောက်သေးဟု သူခံစားနေရသည်။
သူ၏ ကိုယ်ပိုင်ပညာ သို့မဟုတ် သူကိုယ်တိုင်ဖန်တီးထားသည့် အဖိုးတန်ပညာသာ သူနှင့် အသင့်တော်ဆုံးဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ထိုအရာကို အလေးထားကာ ကျန်သည့်အတွေးများအားလုံးကို ဘေးချိတ်ထားပြီး သူ၏ ကိုယ်ပိုင်ပညာကိုသာ စိတ်ပါလက်ပါ ကျင့်ကြံနေ၏။
သူ ထိုကဲ့သို့ သင်္ကေတများကို အသွေးအသားများထဲသို့ ထွင်းထုနေရခြင်းမှာ အဆင့်လွန်ကျွမ်းကျင်သူ နယ်မြေသို့ ရောက်သွားရန်ဖြစ်သည်။ သူ ပြည့်စုံသည့်အဆင့်သို့ ရောက်သွားသည်နှင့် သူ ပြောင်းလဲခြင်းကို စတင်တော့မည်ဖြစ်သည်။
တစ်နေ့တွင် သူ့ထံ၌ အဆင့်လွန်အရိုးမရှိတော့လျှင်ပင် သူသည် ထိုသိုင်းပညာကို အသုံးပြုနိုင်အောင်အထိ ပြုလုပ်လိုခြင်းပင်။ အမှန်တွင် သူသာ ဤပြန်လည်မွေးဖွားခြင်းအစွမ်းကို သေချာ နားလည်ပြီး အရိုးပေါ်တွင် မမှီခိုရတော့ဘူးဆိုလျှင် သူပို၍ စွမ်းအားကြီးလာမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ထိုသင်္ကေတများသည် သူ၏ အသွေးအသားနှင့် အရိုးများပေါ်တွင် မရှိလျှင်ပင် သူထိုအစွမ်းကို အသုံးပြု၍ ရနိုင်ဦးမည်ဖြစ်၏။
“ခက်လိုက်တာ” ရှီဟောင်သက်ပြင်းချလိုက်၏။ သူ ထိုသင်္ကေတများကို သူ၏ အသွေးအသားနှင့် အရိုးများပေါ်တွင် ထွင်းထုလိုက်သည့်အချိန်တွင် ရက်အနည်းငယ်ကြာသည်နှင့် ထွင်းထုထားသော သင်္ကေတအများစုကို အဆင့်လွန်အရိုးမှ စုတ်ယူသွားပြီး သူ၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာလေ၏။
“ဒီအဆင့်လွန်အရိုးမှာ သွေးစွမ်းအင်နည်းနည်းရှိနေတယ် ပြီးတော့ ဒီသွေးကပဲ အရိုးကို အာဟာရဖြည့်ပေးနေတာ … ငါဒီသွေးတွေကို ခန္ဓာကိုယ်ရဲ့ တစ်ခြားအစိတ်အပိုင်းတွေဆီပို့လိုက်ရင် ဘာဖြစ်သွားမလဲ”
သို့သော် သူ လက်လွတ်စပယ်မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် အလွန်အန္တရာယ်များသည်။ သူ ဆုံးဖြတ်ချက်မချခင် သေချာလေ့လာပြီး ကောက်ချက်ချရဦးမည်။
နောက်လသည် ရှီဟောင်အတွက် အလွန်အရေးကြီးသည့် လဖြစ်၏။ အကြောင်းအရာများစွာကို စဉ်းစားပြီး ကောက်ချက်ချပြီးသွားသည့်အချိန်တွင် သူ ကြိုးစားကြည့်သင့်သည်ဟု သူခံစားလိုက်ရသည်။
ဤကာလများအတွင်းတွင် ခေါင်းကိုးလုံးခြင်္သေ့၊ ရှောင်ထျန်း၊ ရှောင်ရုံယုနှင့် အခြားသူများ သူ့ကို လာလည်ကြ၏။ သူတို့သည် သူ့ကို စိတ်ပူကြသော်လည်း သူသည် သီးသန့်ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ့ကို မနှောင့်ယှက်ကြတော့ပေ။
ရှီဟောင်သည် အင်ပါယာပုလ္လင်ကို စွန့်လွတ်ကာ တာအိုတွင်သာ စိတ်ကို မြှုပ်နှံထားသည်ကို တစ်ကမ္ဘာလုံးမှ ယုံကြည်သွားပြီဖြစ်၏။
ရှေးဟောင်းနန်းတော်တစ်ခုအတွင်းတွင် ဖရိုဖရဲဖြစ်နေသည့် စွမ်းအားများ လေထဲတွင် ထွက်ပေါ်နေပြီး အားလုံးကို မှုန်ဝါးဝါးဖြစ်စေသည်။ ဤနေရာသည် မြူဆိုင်းကာ ထူးဆန်းနေလေ၏။
ထိုနေရာတွင် ဆုတောင်းဖျာများရှိနေပြီး ထိုအပေါ်တွင် ထိုင်နေသည့် ပုံရိပ်များလည်း ရှိသည်။ သူတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းကဲ့သို့ပင် မလှုပ်မယှက်ဖြစ်နေ၏။ သူတို့၏ ခန္ဓာကိုယ်များမှ အသက်ဓာတ်ပင် ထွက်မနေပေ။
“အားလုံးပဲ ဘယ်လိုစဉ်းစားထားလဲ” မူလရှေးဟောင်းစွမ်းအားဖြင့် ကာဆီးထားသည့် ပုံရိပ်တစ်ခုမှ မေးလိုက်၏။
“အခုက အရင်ကနဲ့ တူတော့မှာမဟုတ်ဘူး … နတ်မီးတောက်ရှိတဲ့ ကျွမ်းကျင်သူကို အချိန်အကြာကြီး လွှတ်ထားရမှာ … အဲဒါက တစ်ရက်နှစ်ရက်မဟုတ်သလို ဆယ်နှစ် အနှစ်နှစ်တယ်လည်း မဟုတ်ဘူး … သူတို့ အကန့်အသတ်မဲ့အပိုင်းနဲ့ တစ်ခြားသဘာဝကံကောင်းမှုတွေကို ရှာတွေ့တဲ့အထိ နေရမှာ … အဲဒါကြောင့် ငါတို့ ကောင်းကင်ရဲ့ စိတ်ဆန္ဒကို တိုက်ခိုက်ပြီးတော့ ကြီးမြတ်တဲ့တာအိုရဲ့ သဘောတူညီမှုကို ရအောင် လုပ်ရမှာ … အဲဒါမှ သူတို့တွေ နှစ်ပေါင်း ထောင်ပေါင်း သိန်းပေါင်း ကြာအောင် နေလို့ရမှာ”
“အဲဒါဆိုရင်လည်း တိုက်ခိုက်ကြရအောင် … ကောင်းကင်ရဲ့ စိတ်ဆန္ဒကို တိုက်ခိုက်မယ်၊ ကြီးမြတ်တဲ့တာအိုကိုခုခံမယ် ပြီးတော့ လူနည်းနည်းလွှတ်လိုက်မယ် … အဲဒီ အကန့်အသတ်မဲ့အပိုင်းလေးက ငါနဲ့ တစ်ခြား အသက်ကုန်ဆုံးခါနီးနေပြီဖြစ်တဲ့ သူတွေအတွက် အရမ်းအရေးပါတယ်” အခြားတစ်ယောက်မှ ပြောလိုက်၏။
“ငါတို့ ကောင်းကင်ရဲ့ စိတ်ဆန္ဒနဲ့ တိုက်ခိုက်လို့ နိုင်နိုင်မနိုင်နိုင် ငါတို့ ကြီးမြတ်တဲ့တာအိုရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမှာပဲ ဒီအခွင့်အရေးတစ်ခုပဲ ရှိတယ်” ဆုတောင်းဖျာပေါ်တွင် ထိုင်နေသည့် အခြားသူတစ်ယောက် ပြောလိုက်၏။ သူ၏ ဘေးနားတွင် မူလရှေးဟောင်းမြူများ ထွက်ပေါ်လာသည်။
နန်းတော်သည် ချက်ချင်းပင် တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားမပြောတော့ပေ။
“ကောင်းကင်နိုင်ငံက သွေးယဇ်ပူဇော်ဖို့အတွက် ပြင်ဆင်ပြီးပြီ … အားလုံးနည်းနည်းစီ ဝင်ပါလို့ရလား … ကြည့်ရတာ အဆင့်နိမ့်နယ်မြေက တပည့်သားတွေကို ဆက်သွယ်ပြီး သွေးယဇ်ပူဇော်တာကို လုပ်ခိုင်းရမယ်ထင်တယ်” ပြောလိုက်သော ပုဂ္ဂိုလ်မှာ မြူဆိုင်းနေပြီး ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် မှုန်ဝါးဝါးဖြစ်နေ၏။
“ငါ့ရဲ့ မြေအောက်ကမ္ဘာမှာ အဆင့်လွန်အဆင့်နဲ့ နီးတဲ့ လေဟာနယ်သားရဲ အရိုးစုရှိတယ် … ငါတို့ နယ်မြေကို ဖြတ်ဖို့ အဲဒါကို သုံးလို့ရတယ် … ငါ့မှာ အခြေအနေတစ်ခုရှိတယ် … အဲဒါက ရှီဟောင်လို့ခေါ်တဲ့ လူငယ်လေးကို သတ်ဖို့ပဲ” ထိုပုဂ္ဂိုလ်မှာ အနောက်ရောင်မြူထဲတွင် ဖုံးလွှမ်းနေပြီး အလင်းများလည်း ထွက်ပေါ်နေ၏။ သူသည် ကြောက်စရာကောင်းလောက်အောင်ပင် စွမ်းအားကြီးလှသည်။
“ငါ သဘောတူတယ်”
အဆင့်နိမ့်နယ်မြေ လွှမ်းမိုးနယ်မြေ…
ဤနေရာတွင် ရေကန်ငယ်တစ်ခုရှိနေပြီး နေရာတိုင်းတွင်လည်း မြူများ ထူထပ်နေ၏။ ယဇ်ပုလ္လင်တစ်ခုသည် မည်သည့်အချိန်တွင် ဆောက်လိုက်မှန်းမသိပေ။ ထိုယဇ်ပုလ္လင်တစ်ခုလုံးမှာ အနက်ရောင်ဖြစ်ပြီး သူ၏ မျက်နှာပြင်တွင် နတ်ဆိုးသင်္ကေတများစွာကို ထွင်းထုထားသည်။
အဝေးမှာ ရပ်ကြည့်နေလျှင်ပင် သူတို့၏ ဝိဉာဉ်ကို စုတ်ယူခံနေရသကဲ့သို့ပင် ဖိအားကြီးကို ခံစားနေကြရ၏။ အလွန်ဆိုးဝါးကာ သက်သောင့်သက်သာမဖြစ်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ထိုနေ့တွင် ဤယဇ်ပုလ္လင်ပေါ်၌ ပုံရိပ်အနည်းငယ်လည်း ပေါ်လာသည်။ မည်သူမျှ သူတို့၏ ခန္ဓာကိုယ်အစစ်အမှန်ကို မဖော်ပြကြပေ။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးသွားသည့်အချိန်တွင် ခေါင်းညိမ့်ပြကာ ဘာမှမပြောပဲ တိတ်တိတ်လေး ထွက်သွားကြလေသည်။
လွှမ်းမိုးနယ်မြေရှိသည့် ရှေးဟောင်းတိုင်းပြည်တစ်ခုတွင် နတ်ဆိုးလေးများ နေရာအနှံ့မှ တိုက်ခတ်နေပြီး မြူများလည်း ပိန်းပိတ်နေသည်။ ပုံရိပ်တစ်ခုသည် သူ၏အင်္ကျီလက်ရှည်ကို ဝေ့ရမ်းလိုက်သည်နှင့် မည်မျှမှန်းပင် မရေမတွက်နိုင်သည့် သက်ရှိများ ပေါ်လာလေသည်။ ထို့နောက်တွင် ထိုနယ်မြေတစ်ခုလုံး ငြိမ်သက်သွား၏။
သစ်သားကလန်တိုင်းပြည်အတွင်းတွင်ရှိသည့် လူသားများနှင့် မသက်ဆိုင်သည့် အခြားနေရာတစ်ခုတွင်လည်း ထိုကဲ့သို့ပင် ဖြစ်နေသည်။ မိုးထိုးနေသည့် တောက်ပသောပုံရိပ်တစ်ခုသည် လက်ထဲတွင်ဘူးသီးကို ကိုင်ထားပြီး ထိုနေရာတွင်ရှိသည့် သက်ရှိများအားလုံးကို စားသုံးနေလေသည်။
အခြားနေရာများတွင်လည်း ထိုကဲ့သို့ ဖြစ်နေလေသည်။
ကျွမ်းကျင်သူတစ်ယောက်သည် သူ၏ ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်ကို သယ်ဆောင်ကာ အောက်ဘက်တွင်ရှိနေသည့် သက်ရှိများအားလုံးကို အငမ်းမရပင် စုတ်ယူနေလေသည်။ ထိုထဲတွင် စွမ်းအားကြီးကာ ရုန်းကန်နေသည့် ငွေရောင်ခြင်္သေ့လည်းပါ၏။ ထိုကဲ့သို့ ပြုလုပ်နေသည့်သူ၏ ပုံပန်းသွင်ပြင်အမှန်ကို မြင်လိုက်ရသည့်အချိန်တွင် “မင်းက … မသေမျိုးဂိုဏ်းက အဆင့်လွန်ကျွမ်းကျင်သူ အသစ်မလား … မင်းဘာလို့ ဒီလိုမျိုး လုပ်တာလဲ”
ကံမကောင်းစွာဖြင့်ပင် သူ့ကို မည်သူမျှ အရေးမစိုက်ပေ။
ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ကမ္ဘာကြီးကို တုန်လှုပ်သွားစေပြီး သမိုင်းမှတ်တမ်းတင်ရမည့်နေ့တစ်နေ့ပင်။
ထိုအချိန်တွင် အဆင့်မြင့်နယ်မြေသည်လည်း တုန်လှုပ်သွားရသည်။ ဤဖြစ်ရပ်သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာသည်အထိ သတ်မှတ်ရန် ခက်ခဲသည့် အကျိုးသက်ရောက်မှုများ ဖြစ်သွားစေနိုင်သည်။