သုခကမ္ဘာက ရှီဟောင် - Chapter - 763 သွေးယဇ်ပူဇော်ခြင်းကမ္ဘာ
အဆင့်မြင့်နယ်မြေရှိ ရှေးဟောင်းနန်းတော် တစ်ခုထဲတွင် …
“ကမ္ဘာကြီးက သွေးရောင်လွှမ်းနေပြီးတော့ မရေမတွက်နိုင်တဲ့ သက်ရှိတွေ သေဆုံးသွားတာကို ငါ ဝိုးတိုးဝါးတား မြင်နေရတယ်” တစ်စုံတစ်ယောက်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ထိုသူ၏အနားတွင် ဖရိုဖရဲစွမ်းအင်များ ဝန်းရံနေလေ၏။
“ကောင်းကင်နိုင်ငံမှာ ညရောက်လာရင် သက်ရှိအားလုံးက လေးလေးစားစား ဆုတောင်းလိမ့်မယ် … သွေးနဲ့ အရိုးတွေနဲ့ ဖောက်ထားတဲ့ လမ်းတစ်ခု ပေါ်လာပြီး ကောင်းကင်မှာ သွေးလ ပေါ်လာလိမ့်မယ် … လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာလိမ့်မယ်” အခြားဆုတောင်းဖျာပေါ်တွင် မြူများ လေထဲတွင် ဖုံးလွှမ်းနေလေသည်။
အဆင့်နိမ့်နယ်မြေမှ သုံးဘဝတောင်တွင် …
ရှီဟောင် သီးသန့်လေ့ကျင့်နေသည်မှာ နှစ်လ ရှိသွားပြီဖြစ်၏။ ယနေ့တွင် သူ၏ စိတ်သည် တည်ငြိမ်မနေပဲ တစ်ခုခု ထူးဆန်းနေသည်ကို သူခံစားနေရသည်။
“အချိန်အကြာကြီး ကြာသွားပြီ … ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲရှိနေတာပါ … တစ်ခုခု ဖြစ်တော့မှာလား” သူ၏ စိတ်ထဲမှ ပြောလိုက်သည်။ သူထကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ တောင်များမှာအစိမ်းရောင်ဖြစ်ပြီး လျှိုမြောင်များမှာလည်း အသက်ဓာတ်များ ပြည့်ဝနေသည်။
သူတောင်ကြားမှ လမ်းလျှောက်ထွက်လာပြီး မြို့ငယ်လေးတစ်ခုသို့ ရောက်လာသည်။ သူသည် မိသားစုတစ်စု၏ ဝိုင်ဆိုင်လေးတွင် ထိုင်နေရင်း ရုတ်တရက်ပင် ကျောက်တုံးတိုင်းပြည်သို့ ပြန်ချင်လာသည်။ တစ်ချို့ အကြောင်းအရာများကြောင့် သူသည် သူတို့ကို တွေ့ချင်လာပြီး သူ၏ မိဘများကိုလည်း ချက်ချင်းတွေ့ချင်လာ၏။
“ငါ ဘာဖြစ်နေတာလဲ … ငါဘာလို့ ရုတ်တရက်ကြီး ငါနဲ့ ရင်းနီးတဲ့သူတွေအကြောင်းတွေးမိပြီး သူတို့ကို တွေ့ချင်နေတာလဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ အဆင့်နိမ့်နယ်မြေမှပင်မထွက်ခွာရသေးခင်မှာပင် ဤကဲ့သို့သော ခံစားချက်မျိုး ခံစားနေရပြီလား…
ကလေးအုပ်စု တစ်ခုသည် ဆူဆူညံညံဖြင့် နောက်ဖေးလမ်းကြားထဲတွင် ပြေးလွှားနေကြလေသည်။ အခြားသူများကို လိုက်မှီရန် ကြိုးစားနေသည့် ကလေး သေးသေးလေးများပင် ရှိသည်။ နောက်ဆုံးကလေးသည် ဖင်ထိုင်လျက်သား ပြုတ်ကျသွားသောကြောင့် သူ၏ မျက်လုံးကိုပွတ်ကာ တဝါးဝါးငိုနေလေသည်။
နည်းနည်းပိုကြီးသော ကလေးသည် ချက်ချင်းပင် ပြေးလာကာ ထိုကလေးကို ဆွဲထူလိုက်၏။ မျက်တောင်များတွင် မျက်ရည်များပင်တွဲခိုနေသေးသောကလေးသည် ငိုရင်း ရီနေလေသည်။ နောက်ဆုံးတွင် သူသည် အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်လေ၏။
ထိုကဲ့သို့ ဖြူစင်သော အပြုံးနှင့် အပျော်မျက်ရည်များကို မြင်လိုက်ရသောကြောင့် လွတ်လပ်ကာ ဘာပူပင်မှုမှ မရှိသည့် သူ၏ ငယ်ဘဝကို ပြန်ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
“တကယ်ကို ပျော်ခဲ့ရတဲ့ အချိန်ပဲ” သူမတ်တပ်ရပ်လိုက်၏။
နောက်တစ်နာရီကြာသည့်အချိန်တွင် ကလေးတစ်အုပ်မှာ ရှီဟောင်ဘေးတွင် လိုက်လာပြီး လမ်းမကြီးတစ်လျှောက်တွင် ဆူညံနေလေသည်။
“အစ်ကိုကြီး သမီး သကြားလုံးစားချင်တယ်”
ရှီဟောင်၏ ဘယ်ဘက်ပုခုံးတွင် နှစ်နှစ် သုံးနှစ်အရွယ်ခန့်ရှိသည့် ကလေးတစ်ယောက် ထိုင်နေ၏။ သူမသည် သူမ၏အရှေ့တွင်ရှိနေသည် သကြားလုံးဆိုင်ကို လက်ညှိုးထိုးပြလိုက်ကာ သူမ၏ ပါးစပ်ထောင့်မှလည်း သွားရေများ စီးကျလာလေသည်။
“ကျွန်တော်လည်း တစ်ခု စားမယ်” ခုနက လဲကျသွားသော ကလေးသည် သူ၏ ညာဘက်ပုခုံးပေါ်တွင် ရောက်နေခြင်းပင်။ သူသည် ယခုမှ လမ်းလျှောက်သင်ကာစ ကလေးပင်ဖြစ်ပြီး သူသည်လည်း လက်ညှိုးထိုးရင်း သွားရေများ ကျနေလေသည်။
“သူဌေး ကလေးတိုင်းကို တစ်ယောက်တစ်ခုစီ ပေးလိုက်ပါ” ရှီဟောင် ပြောလိုက်၏။
“ဟုတ်ကဲ့ပါ” သူဌေးလည်း ပျော်ရွှင်သွားရလေသည်။
ကလေးအုပ်စုသည် ချက်ချင်းပင်အော်ဟစ်ကာ သကြားလုံးဆိုင်ကို ဝန်းရံလိုက်ကြပြီး သူတို့၏ လက်သေးသေးလေးများကို ဆန့်တန်းကာ သကြားလုံးကို တောင်းနေကြလေသည်။
နောက်ဆုံးတွင် အားလုံး ရသွားလေသည်။ သူတို့သည် ပျော်ရွှင်စွာဖြင့်ပင် ရှီဟောင်ကို ဝန်းရံကာ လမ်းလျှောက်နေကြလေ၏။
ရှီဟောင် သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်သည်။ သူ တစ်ခုခုမျာ ပျောက်ဆုံးနေသလား … ကလေးများ၏ နှလုံးသားများသည် ဖြူစင်ကာ စိတ်ကျေနပ်အောင် လုပ်ပေးရရန်လည်း လွယ်ကူသည။ သူသည် အဆင့်မြင့်နယ်မြေသို့ သွားကာ သူကိုယ်တိုင် မုန်တိုင်းတစ်ခုထဲသို့ ဝင်ရောက်မည့်အချိန်တွင် သူတို့အားလုံးသည် လွတ်လပ်ကာ စိုးရိမ်စရာလည်း မရှိပေ။ သူသည် တစ်ချိန်လုံး သူ့ကိုယ်သူ အတင်းဖိအားပေးနေခြင်းပင်။
“ဒါက ငါ့လမ်းကြောင်းပဲ … ဒီကလေးတွေလည်း ကြီးလာမှာပဲလေ” သူသည် လမ်းဘေးနှစ်ဘက်တွင်ရှိနေသည့် အသက်ရှင်ရန်အတွက် ရုန်းကန်နေကြရသော သူများကို ကြည့်လိုက်၏။ နောက် ဆယ်နှစ် အနှစ်နှစ်ဆယ် ကြာပြီးသည့်အချိန်တွင် ဤကလေးများသည်လည်း ထိုကဲ့သို့ ဖြစ်သွားလိမ့်မယ်။
“ငါ ပြုံးရမယ် … ငါပျော်ရွှင်ရမယ် … ငါချစ်တဲ့သူတွေကို ထားခဲ့ပြီး အဆင့်မြင့်နယ်မြေကို တက်သွားတယ်ဆိုရင်တောင် ငါပြုံးပျော်နေရမယ်” ရှီဟောင်သည် သူ၏ သွားဖြူဖြူလေးများ ပေါ်လာသည်အထိ အသက်မပါပဲ ရယ်မောလိုက်ပြီး “အဲဒီရှက်စရာကောင်းတဲ့ကောင်တွေ ငါ့နဲ့ တစ်ကယ် မရှင်းချင်ဘူးဆိုရင် ငါသူတို့အားလုံးကို စားပစ်လိုက်မယ်”
“မွှေးနေတာပဲ … ကမ္ဘာ့နဂါးအသားပေါင်မုန့်စားမယ် … ငါကြားဖူးတာ အဲဒီပေါင်မုန့်မှာ ဝိဉာဉ်စွမ်းအားတွေ အများကြီးပါတယ်တဲ့ … အဲဒီသားရဲတွေက အရမ်းသန်မာတာတဲ့ ငါ အဲဒီပေါင်မုန့်ကို တစ်ခါမှ မစားဖူးဘူး”
သူတို့ ခပ်ကြီးကြီး ပေါင်မုန့်ဆိုင် တစ်ခုရှေ့မှ ဖြတ်သွားသည့်အချိန်တွင် ကလေးကြီးအချို့သည် သူတို တံတွေးများကို မြိုချကာ တိုးတိုးတိတ်တိတ်ရေရွတ်နေကြပြီး သူတို့၏ အင်္ကျီလက်များဖြင့် သူတို့၏ ရှက်ရွံ့မှုကို ဖုံးကွယ်နေကြလေသည်။
ထိုကလေး ပြောသည့်စကားကို ကြားလိုက်သည်နှင့် အခြားကလေးများလည်း ပေါင်မုန့်ဆိုင်သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာသေးသေးလေးများမှာ ညစ်ပတ်နေသော်လည်း သူတို့၏ မျက်လုံးများမှာတောက်ပနေကာ တံတွေးများ မြိုချနေကြလေ၏။
“မင်းတို့တွေ စားချင်ရင် မင်းတို့ ဗိုက်မပြည့်မချင်း ငါကျွေးမယ်” ရှီဟောင် ပြုံးကာ ပြောလိုက်သည်။
“တကယ်လား … မိုက်တယ်” ကလေးအုပ်စုသည် စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားကြလေ၏။ သူ၏ ပုခုံးပေါ်တွင် ရှိနေသည့် ကလေးနှစ်ကောင်သည်လည်း ဟန်ပင်မဆောင်နိုင်တော့ပဲ သူ၏ ပုခုံးပေါ်မှ ဆင်းချင်နေပြီဖြစ်သည်။
နောက်ဆုံးတွင် ရှီဟောင်သူတို့ကို နေရာအနှံ့ခေါ်သွားကာ လမ်းတွင်ရှိသမျှ မုန့်ဝယ်ကျွေးပြီး ထိုကောင်လေးများ၏ ပါးစပ်နှင့် စားချင်စိတ်များ ပြည့်သွားရန်အတွက် သွားရေစာ မုန့်မျိုးစုံကို ဝယ်ကျွေးလိုက်သည်။ သူတို့ ခွဲခွာကြသည့်အချိန်တွင် ထိုကလေးများမှာသူနှင့် မခွဲချင် ဖြစ်နေကြလေ၏။ သူတို့သည် သူ၏ အင်္ကျီလက်ကို ဆွဲထားကာ သူ့ကို မလွှတ်ပေးချင်ကြပေ။
“ဘိုင့်ဘိုင်”
ထိုမြို့ငယ်လေးမှ ထွက်သွားပြီးသည်နှင့် ရှီဟောင်သည် တစ်ခဏလေးအတွင်းတွင် သုံးဘဝတောင်သို့ ပြန်ရောက်လာသည်။ ရှီဟောင်သည် ကျင့်ကြံဆင့်မြင့်ကာ စွမ်းအားကြီးသောသူ ဖြစ်သော်လည်း စိတ်ကြီးဝင်နေသည့်သူ မဟုတ်ပေ။ သူသည် ဤကဲ့သို့ ကလေးများနှင့် ပျော်ရွှင်ရသော ခံစားချက်ကို ကြိုက်နှစ်သက်သည့်သူဖြစ်သည်။
“ငါက အသွေးအသားနဲ့လူပါ … အဲဒီ နတ်ဘုရားလို့ခေါ်တဲ့သူတွေက ဘာလို့ အပေါ်စီးကနေပြီး လူတွေကို အထင်သေးနေတာလဲဆိုတာ ငါနားကို မလည်နိုင်ဘူး … သူတို့ အထင်သေးနေရင် ဘာလို့ ဆင်းလာကြသေးလဲ … သူတို့ နတ်ဘုရားအလုပ်ကိုပဲ သူတို့ လုပ်ပါလား”
လွှမ်းမိုးနယ်မြေရှိ စိမ့်တောတစ်ခု အတွင်းတွင် …
မြူများကင်းရှင်းသွားလေသည်။ ယင်စွမ်းအားများ ထူထပ်လာကာ ရွှံ့မိချောင်းများသည်လည်း သူတို့၏ သားကောင်ကို စောင့်နေကြလေသည်။
ထိုရွှံ့အိုင်အပေါ်တွင် ထူးဆန်းသည့် အနက်ရောင်ယဇ်ပုလ္လင်တစ်ခု ပေါ်လာကာ သတ်ဖြတ်ငွေ့များနှင့် တောက်ပနေလေသည်။ ထို ယဇ်ပုလ္လင်မျက်နှာပြင်တွင် နတ်ဆိုးသင်္ကေတများသည် မြေအောက်ကမ္ဘာ၏ အလွှာကိုးခုသို့ သွားနေသကဲ့သို့ ရှိနေ၏။
ထို ယဇ်ပုလ္လင်ပေါ်သို့ ပုံရိပ်များစွာ ဆင်းသက်လာကာ သူတို့သည် တောင့်တစ်ခုစီတွင် တိတ်ဆိတ်စွာ နေရာယူလိုက်ကြသည်။ ထို့နောက် ယဇ်ပုလ္လင်ပေါ်ရှိ သင်္ကေတများ ချို့ယွင်းချက် ရှိမရှိကို သေချာ စစ်ဆေးနေကြ၏။
နောက်ဆုံးတွင် မီးခိုးရောင်ဝတ်စုံ ဝတ်ထားသည့်ပုဂ္ဂိုလ်မှ ကွဲအက်နေသော အသံဖြင့် ပြောလိုက်၏ “စမယ်…”
ထိုပုဂ္ဂိုလ် ပြောပြီးသွားသည်နှင့် အားလုံးသည် ယဇ်ပုလ္လင်ပေါ်မှ ဆင်းသွားပြီး ခပ်ဝေးဝေးတွင် ရပ်ကာ မန္တန်များကို စတင်ရွတ်ဆိုကြသောကြောင့် ထိုယဇ်ပုလ္လင်တွင် အလင်းများ ထွက်ပေါ်လာသည်။ အနက်ရောင်အလင်းများ ကောင်းကင်ပေါ်သို့တက်သွားပြီး သက်ရှိပေါင်း ထောင်သောင်းများစွာကို သက်ရောက်မှုရှိစေသည်။
ရွှံ့ထဲတွင် ရှိနေသည့် မိချောင်းများသည် သူတို့ အသက်ဘေးအတွက် ချက်ချင်းထွက်ပြေးကြ၏။ သို့သော်လည်း အချည်းနှီးပင်။ သူတို့အားလုံးသည် လျင်မြန်စွာပင် ပေါက်ကွဲသွားပြီး သူတို့၏ သွေးနှင့် ဝိဉာဉ်များသည် အနီရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုယဇ်ပုလ္လင်ထံသို့ ဦးတည်သွားလေ၏။
“သွေးယဇ်ပူဇော်ခြင်းထဲက ကမ္ဘာ၊ အမှောင်ထုနတ်ဘုရားများ အဆုံးအဆမရှိတဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးပြီး ကောင်းကင်နိုင်ငံကို ဒီကမ္ဘာကိုဆင်းသက်ဖို့ ခွင့်ပြုပေးပါ” တစ်စုံတစ်ယောက်သည် ကျိန်စာရွတ်သကဲ့သို့ ရွတ်ဆိုလိုက်သည်။ သူ၏ အနားတွင်ရှိသည့် သစ်ပင်များအားလုံး အုံ့မှိုင်းနေကာ သစ်ရွက်များသည်လည်း မညီမညာလှုပ်ခတ်နေလေ၏။
ဝုန်း…
အဖြူရောင်ဝတ်ထားသည့် လူတစ်ယောက်သည် သူ၏ အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် လူပေါင်း ဆယ်သန်းကျော်သည် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ကြလေသည်။ သူတို့သည် မိုးများရွာသွန်းနေသကဲ့သို့ ကောင်းကင်ပေါ်မှနေ၍ သွန်ကျလာခြင်းပင်။
ဤကပ်ဘေးကြီးသည် သက်ရှိလောကရှိ ငရဲတစ်ခုပင်။
အချို့သူများသည် ယဇ်ပုလ္လင်ပေါ်သို့ ပြုတ်ကျလာပြီး အချို့သူများမှာ လေထဲတွင် ပေါက်ကွဲသွားကာ သွေးမိုးအဖြစ် ပြောင်းသွားလေသည်။ အနီရောင်အလင်းတန်းများ ပျံထွက်လာကာ ယဇ်ပုလ္လင်၏ နတ်ဆိုးသင်္ကေတများထဲသို့ ပျံသန်းသွားလေသည်။
ထိုအချိန်တွင် ယဇ်ပုလ္လင်သည် ကမ္ဘာတစ်ခု ဖြစ်သွားသကဲ့သို့ပင်။ ကောင်းကင်ပေါ်မှ လူမည်မျှပင် ကျလာပါစေ မပြည့်နိုင်ပေ။ ထိုသူများအားလုံးသည် စုတ်ယူခံလိုက်ရပြီး ထိုနေရာတစ်ခုလုံးလည်း သွေးများစီးဆင်းသွားကာ အောက်ခြေကျောက်တုံးများလည်း အနီရောင်ဖြစ်သွားပြီး သွေးများသည် ထွင်းထုထားသည့် လမ်းကြောင်းထဲသို့ စိမ့်ဝင်သွားလေသည်။
နတ်ဆိုးသင်္ကေတအတန်းလိုက်သည် မြွေလေးများကဲ့သို့ ထွက်ပေါ်လာ၏။ သူတို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ သွေးရောင်နှင့် ဝိဉာဉ်စွမ်းအင်များကို သယ်ဆောင်ထားလေသည်။ လူပေါင်းများစွာ၏ ဒေါသတကြီးအော်သံလည်း လေထဲတွင် လွင့်ပျံ့နေ၏။
လူပေါင်း သိန်း သန်းပေါင်းများစွာ၏ အသက်သည် ထိုနတ်ဆိုးယဇ်ပုလ္လင်အတွက် စတေးခံလိုက်ရ၏။ ထိုယဇ်ပုလ္လင်သည် အဆင့်မြင့်နယ်မြေနှင့် ချိတ်ဆက်ပြီး အဆင့်လွန်နတ်ဘုရားများ ဆင်းလာနိုင်ရန်အတွက် လမ်းကြောင်းဖွင့်ပေးခြင်းပင်။
အခြားလူတစ်ယောက်လည်း လှုပ်ရှားလိုက်၏။ သူ၏ လက်ထဲတွင်ရှိသည့် ဘူးသီးကိ ဖွင့်လိုက်သည်နှင့် မရေမတွက်နိုင်သည့် သက်ရှိများ ပြုတ်ကျလာလေသည်။ အချို့မှာ လေထဲတွင် ပြုတ်ကျသွားပြီး အချို့မှာ ယဇ်ပုလ္လင်ပေါ်သို့ ပြုတ်ကျပြီး သေဆုံးသွားလေသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းလှ၏။
အခြားသူများသည်လည်း သူတို့ ဖမ်းထားသည့်သက်ရှိများအားလုံးကို ယဇ်ပုလ္လင်ပေါ်သို့ သွန်ချလိုက်သည်။ ဝိဉာဉ်များမှာ ချက်ချင်းပင် စုတ်ယူခံလိုက်ရပြီး မရေမတွက်နိုင်သည့် သက်ရှိများ ညှိုးခြောက်သွားကြလေ၏။
ယဇ်ပုလ္လင်သည် အနီရောင်တောက်လာသည်။ စွမ်းအားကြီးသည့် ဝိဉာဉ်စွမ်းအားနှင့် အသက်ဓာတ်များ ပေါင်းစည်းသွားပြီး ပို၍ ကြောက်စရာကောင်းလာသည်။
“ငါမသေချင်သေးဘူး … ဘာဖြစ်နေတာလဲ … ငါဘာလို့ ဒီကို ရောက်နေတာလဲ” ကျယ်လောင်စွာ အော်ငိုနေကြသည့် ကျင့်ကြံသူများလည်း ရှိသည်။ သို့သော် ထိုပုဂ္ဂိုလ် လုပ်နိုင်သည့်အရာ ဘာမှ မရှိပေ။ ထိုသူ၏ အသက်အဆုံးသတ်သွားပြီး သူ၏ အရိုးများကျိုးသွားကာ အသားများလည်း တစ်စစီဖြစ်သွားလေ၏။
ကျင့်ကြံသူများပင်လျှင် ဤသို့ အဖမ်းခံရလျှင် သာမန်သူများသာဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။
“အမေ … အမေဘယ်ရောက်နေတာလဲ … ဘာဖြစ်နေတာလဲ … သားတို့…” ကလေးအချို့မှာ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့်အချိန်တွင် လေအေးများ သူတို့ ခန္ဓာကိုယ်ကို အဆက်မပြတ်ရိုက်ခတ်နေပြီး သူတို့ ပါးစပ်ထဲသို့ ဝင်ကုန်သောကြောင့် သူတို့ ဘာမှ မပြောနိုင်တော့ပေ။
“ဘုရားရေ ဘာဖြစ်နေလဲဆိုတာ မင်းတို့ မင်းရလား … မင်းတို့ဘာလို့ ဒီလိုကိစ္စမျိုးကို ခွင့်ပြုထားတာလဲ … နတ်ဆိုးတွေ ဒီကမ္ဘာကို လာဖျက်ဆီးအောင်လို့လား…” ဆံပင်ဖြူနှင့် လူကြီးတစ်ယောက်မှ ဝမ်းနည်းစွာ ဟစ်ကြွေးလိုက်သည်။
သို့သော် မည်သည့်အရာကိုမဆို ပြောင်းလဲရန် ခက်ခဲသွားပြီဖြစ်၏။ မရေတွက်နိုင်သည့် သက်ရှိများ ယဇ်ပုလ္လင်ပေါ်သို့ ပစ်ချခံနေရကာ သူတို့၏ ခန္ဓာကိုယ်များသည် သွေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ ဝိဉာဉ်များမှာ စုတ်ယူခြင်း ခံလိုက်ရ၏။ ဤအရာသည် ကြည့်ရှုနိုင်ရန်ပင် ခက်ခဲလှသည့် ကပ်ဆိုးကြီးပင်။
“သွေးယဇ်ပူဇော်ခြင်း”
နောက်ဆုံးတွင် ဝမ်းနည်းမှု၊ မျက်ရည်များ နှင့် ဒေါသတကြီးအော်သံများမှာ ထို စကားလုံးလေးလုံးတွင် ပျောက်ကွယ်သွားလေသည်။ ယဇ်ပူဇော်ခြင်း နောက်ဆုံးအဆင့်ရောက်ရန်အတွက် အဆင့်လွန်ကျွမ်းကျင်သူများစွာ ပူးပေါင်းလုပ်ဆောင်ကြလေ၏။
ယဇ်ပုလ္လင်ပေါ်တွင် အဆုံးမရှိသည့် ဝိဉာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။ ထိုစွမ်းအားများသည် သွေးရောင်အလင်းတန်း၊ အနက်ရောင်မြူများနှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဂိတ်တံခါးတစ်ခု ပွင့်ရန်အတွက် ချက်ချင်းပင် ကောင်းကင်နှင့် ချိတ်ဆက်သွားလေသည်။
….
ထူးဆန်းသောနယ်မြေရှိ ထူးဆန်းသော နယ်မြေတွင် ….
“ငါ အော်သံတွေ ကြားလိုက်တယ် … သွေးယဇ်ပူဇော်တာ စနေပြီ … အဲဒီတော့ လမ်းကြောင်းတစ်ခု ပွင့်သွားအောင် ပူးပေါင်းကြရအောင် ပြီးရင် နတ်မီးတောက်ရှိတဲ့သူတွေကို အဆင့်နိမ့်နယ်မြေကို လွတ်ပြီး အဲဒီ သဘာဝအခွင့်အရေးကောင်းတွေကို သွားရှာခိုင်းကြရအောင်” ပုံရိပ်ယောင်တစ်ခု သည် ထိုင်ရင်း ပြောနေလေသည်။ ထို့နောက် သူ တံဆိပ်တစ်ခုကို စတင်ပြုလုပ်လိုက်၏။
ဘေးဘက်တွင်ရှိသည့် သူသည်လည်း သူ၏ အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်။
ကြီးမားသော အရိုးစုကြီးပေါ်လာကာ ရှေးနန်းတော်ထဲတွင် မိုးထိုးနေလေ၏။ သူ၏ ဘေးပတ်လည်သည် ချက်ချင်းပင် မှုန်ဝါးလာကာ ပုံပျက်သွားပြီး လမ်းကြောင်းပုံစံ မျိုးစုံသည် သူ့အလိုလို ပေါ်လာလေသည်။
ဤအရိုးစုကြီးသည် လေဟာနယ်သားရဲဖြစ်ပြီး သူ၏ ခွန်အားမှာ အဆင့်လွန်ဘီလူးကြီးတစ်ကောင်နှင့် ယှဉ်နိုင်၏။ ထိုအကောင်သည် မြေအောက်ကမ္ဘာသို့ ပြုတ်ကျလာပြီး ယခုအချိန်တွင် အလွန်စွမ်းအားကြီးသည် အရိုးစုသို့ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုအရိုးသည် နယ်မြေများကြားမှ ကြားခံနယ်ကို ကျော်ဖြတ်နိုင်၏။
“ဒါက ငါ့ရဲ့ မြေအောက်ကမ္ဘာဂိုဏ်းရဲ့ အဆင့်လွန်ရတနာတစ်ခုပဲ… အဆင့်မြင့်နယ်မြေတစ်ခုလုံးကို ရှာရင်တောင် ဒီလိုမျိုး လေဟာနယ်သားရဲကြီးကို အများကြီး တွေ့ရမှာ မဟုတ်ဘူး … အားလုံး စကြရအောင်” မြေအောက်ကမ္ဘာအရှင်သည် အေးစက်နေသောအသံဖြင့် ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ကြီးမားလှသည့် ဆုတောင်းဖျာပေါ်တွင် ထိုင်နေလေ၏။
“ဒါက မလုံလောက်သေးဘူး … လေဟာနယ်သားရဲရဲ့ အရေခွံကိုလည်း စတေးပေးပါလား … အဲဒါမှ လမ်းကြောင်းတစ်ခု ပွင့်လာပြီး ငါတို့ ကောင်းကင်ရဲ့စိတ်ဆန္ဒကို တိုက်ခိုက်နိုင်မှာ … အဲဒါမှ ငါတို့ တပည့်သားတွေက အဆင့်နိမ့်နယ်မြေမှ ခဏလေးမဟုတ်ပဲနဲ့ ထာဝရနေနိုင်မှာ” အခြားတစ်ယောက်မှ ပြောလိုက်၏။
ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ မြေအောက်ကမ္ဘာဂိုဏ်းခေါင်းဆောင် လက်ကို ဝေ့ရမ်းလိုက်သည်နှင့် ကြီးမားလှသည့် သားရဲအရေခွံကြီး ပျံထွက်လာကာ ထိုအရိုးစုပေါ်သို့ ကျရောက်သွားပြီး ထိုအရိုးစုကို လွှမ်းခြုံသွားလေသည်။
“စကြရအောင်” တစ်စုံတစ်ယောက် ပြောလိုက်၏။
သက်ရှိဆယ်ယောက်ကျော် ပေါ်လာလေသည်။ သူတို့သည် မတူညီသည့် လူမျိုးစုများမှ ရောက်လာခြင်းဖြစ်ပြီး အားလုံးတွင် နတ်မီးတောက်များ ရှိနေလေသည်။ သေမျိုးနယ်မြေတွင် နေထိုင်သည့်သူများနှင့်ယှဉ်လျှင် သူတို့သည် နှိုင်းယှဉ်၍မရလောက်အောင်ပင် စွမ်းအားကြီးကာ ပြိုင်ဘက်မရှိပေ။
“ငါတို့ သူတို့ကိုပဲ ရွေးလို့ရတယ် သူတို့ထက် စွမ်းအားကြီးတာ ရွေးလို့မရဘူး … မဟုတ်ရင် ငါတို့ ကောင်းကင်ရဲ့ ဆန္ဒကို ဆန့်ကျင်တဲ့အချိန်မှာ သူတို့အားလုံး အသတ်ခံရလိမ့်မယ်”
ထိုလူများအားလုံးသည် ကြေးနီမီးဖိုအတွင်းသို့ ပျံသန်းသွားလိုက်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်လိုက်သည်။ ထိုကြေးနီမီးဖိုကြီးသည် သာမန်နတ်ဘုရားများ မပြုပြင်နိုင်၊ အသုံးမပြုနိုင်၊ မြင်ပင်မြင်ဖူးမည်မဟုတ်သည့် ဂိုဏ်းကာကွယ်သည့် မှော်ပစ္စည်းပင် ဖြစ်၏။
“လေဟာနယ်မီးဖို” တစ်စုံတစ်ယောက် နူးညံ့စွာ ပြောလိုက်၏။
ထိုမီးဖိုသည် လက်သီးအရွယ်အစားအဖြစ်သို့ ကျုံ့သွားပြီးနောက် လေဟာနယ်သားရဲ၏ ဦးခေါင်းခွံအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
“သွေးယဇ်ပူဇော်ခြင်းမှ ကမ္ဘာ”
“ကောင်းကင်၏ စိတ်ဆန္ဒကို ဆန့်ကျင်ခြင်း”
ထိုအသံများသည် ခန်းမကြီးထဲမှ ထွက်လာခြင်းပင်။ ထို့နောက် အားလုံးသည် တံဆိပ်များကို ပြုလုပ်လိုက်ပြီး အဆင့်နိမ့်နယ်မြေနှင့်ဆက်သွယ်သည့် လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာစေရန်အတွက် အတူတူအလုပ်လုပ်လိုက်ကြသည်။
နတ်ဆိုးလေများသည် ချက်ချင်းပင် ဤနေရာတစ်ခုလုံးတွင် ဒေါသတကြီး အော်မြည်နေပြီး ဖရိုဖရဲစွမ်းအားများလည်းထွက်ပေါ်လာ၏။ ထိုနန်းတော်ခန်းမကြီးသည်လည်း မှုန်ဝါးဝါးဖြစ်လာသည်။
ထိုအချိန်တွင် ကောင်းကင်ထက်တွင် ပုံမှန်မဟုတ်သည့် လျှပ်စီးတန်းထွက်ပေါ်လာကာ ကောင်းကင်ဓားသွားအဖြစ်သို့ ပြောင်းလဲသွားပြီး ဤနန်းတော်ကို ထိုးခွဲလိုက်၏။ ‘ဝုန်း’ ဟူသောအသံနှင့်အတူ ဤနေရာသည် ပွင့်သွားပြီး အပိုင်းအစများလည်း လွင့်ထွက်သွားလေသည်။
ဤနေရာတွင် အလွန်စွမ်းအားကြီးကာ ကြီးမြတ်သော အစီအရင်တစ်ခုရှိနေခြင်းဖြစ်သော်လည်း ထိုအရာသည် တစ်စစီဖြစ်သွားပြီး နန်းတော်လည်း ထိခိုက်သွားသည်။
“ကောင်းကင်ရဲ့ စိတ်ဆန္ဒကို တိုက်ခိုက်မယ် … အားလုံးပဲ ငါတို့ ပူးပေါင်းရမယ် မဟုတ်ရင် ငါတို့ တန်ပြန်ခံရပြီး အကျိုးဆက်က ကောင်းမှာ မဟုတ်ဘူး”
ဖရိုဖရဲလျှပ်စီး ပေါ်လာလေ၏။ ထိုအရာသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ထွက်ပေါ်လာသည့်အချိန်တွင်သာ ပေါ်လာမည်ဖြစ်သော်လည်း ယခုအချိန်တွင် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနေပြီး အရှိန်အဟုန်ဖြင့်စီးကျနေသည်။
ထိုဂိုဏ်းခေါင်းဆောင်များ၏ ခန္ဓာကိုယ်တောက်ပလာကာ သူတို့အားလုံးသည် တာအိုအတွက် ကြားခံနယ်မြေအဖြစ်သို့ ပြောင်းလဲသွားလေ၏။ အဆုံးမရှိသည့်အလင်းတန်းများ ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံးတွင် သင်္ကေတများ ပြည့်နှက်သွားလေသည်။
အဆုံးမရှိသည့် ဖရိုဖရဲအလင်းများ ကောင်းကင်ထက်မှ ဆင်းသက်လာကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း….
နောက်ဆုံး ထိတွေ့မှု ဖြစ်ပေါ်လာပြီး အားလုံး အော်ဟစ်လိုက်ကြသည်။
အက်ကွဲကြောင်းပေါ်လာကာ လမ်းကြောင်းတစ်ခု ပွင့်သွား၏။ လေဟာနယ်သားရဲသည် အောက်သို့ဆင်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်နိမ့်နယ်မြေအတွင်းတွင် ပျောက်ကွယ်သွားလေသည်။