သုခကမ္ဘာက ရှီဟောင် - Chapter - 764 နတ်ဘုရားများ ဆင်းသက်ခြင်း
အဆင့်နိမ့်နယ်မြေ လွှမ်းမိုးနယ်မြေ….
ကောင်းကင်တွင် လျှပ်စီးများ လျှပ်နေပြီး မိုးခြိမ်းသံများဆူညံနေလေသည်။ သင်္ကေတပေါင်းစုံလည်း သွေးရောင်အလင်းတန်းများနှင့်အတူ ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွား၏။
လေဟာနယ်သည် ပြိုကွဲသွားကာ အနက်ရောင်လျှပ်စီးများတစ်ခုပြီး တစ်ခု ပေါ်လာလေသည်။ ဤလျှပ်စီးသည် သာမန်လျှပ်စီး မဟုတ်ပေ။ ကောင်းကင်၏ဒေါသကို ကိုယ်စားပြုသည့် ကောင်းကင်အတိဒုက္ခပင်။
ကောင်းကင်ထက်မှ အနီရောင်အလင်းတန်းများ ကျရောက်လာသော ဤထူးဆန်းသည့် မြင်ကွင်းကို ‘ကောင်းကင်၏မျက်ရည်’ ဟု ခေါ်နိုင်သည်။
“ဘာဖြစ်တာလဲ … ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကြားမှာ သွေးမိုးရွာနေတယ် … ဒါက … တစ်ယောက်ယောက်က သေစေလောက်တဲ့ အတိဒုက္ခသင့်တာပဲ … ဒါက ဒဏ္ဍာရီလာ ကောင်းကင်မျက်ရည်ပဲ”
တောင်များကြားတွင် ကျင့်ကြံနေကြသူများသည် မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်သည့်အမူအရာများဖြစ်ပေါ်နေ၏။ အပြင်ဘက်ကမ္ဘာတွင် ရှိနေသောသူများမှာ ဤကိစ္စသည် လူများပျောက်သွားသော ကိစ္စနှင့် ဆက်စပ်နေမည်ကို တွေးမိလိုက်ကြသည်။
ယနေ့တွင် လွှမ်းမိုးနယ်မြေမှ လူများစွာ ပျောက်ဆုံးသွားခဲ့ပြီး မြို့များစွာလည်း ပြည်သူများ အဖမ်းခံရသောကြောင့် တစ်မြို့ပြီးတစ်မြို့ မြို့အခွံများသာ ကျန်တော့သည်။ ကောင်းကင်မျက်ရည်ကဲ့သို့ ဆိုးရွာသော အရာဖြစ်ပေါ်လာသောကြောင့် သူတို့အားလုံး သေသွားပြီဟု ဆိုလိုခြင်းလား …
ဝုန်း….
ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီး ပြိုကွဲသွားလေသည်။ သွေးရောင်အလင်းများပါရှိသည့် အနက်ရောင်လျှပ်စီးသည် ကောင်းကင်ကို ဖြတ်သန်းသွားလေသည်။ ကြီးမားလှသော သားရဲတစ်ကောင် ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ ထိုသားရဲသည် ရှေးဟောင်တောင်ထက်ပင်ကြီးပြီး ကြောက်စရာကောင်းသည့်အော်ရာကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုအကောင်းသည် အနက်ရောင်လျှပ်စီးမှ ရုန်းကန်ပြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာလေ၏။
သူ၏ အနောက်ဘက်တွင် အလင်းများ တောက်ပနေပြီး မရေတွက်နိုင်သည့် လျှပ်စီးအလင်းတန်းများလည်း အောက်သို့ဆင်းလာကာ ကောင်းကင်ပြစ်ဒဏ်ပေးနေလေသည်။ ဤအရာသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သည့် လျှပ်စီးအတိဒုက္ခပင်။
“ဘုရားရေ … အဲဒါ လေဟာနယ်သားရဲပဲ … အရမ်းကြီးတာပဲ … ဒီလိုမျိုးအကောင်ကို တစ်ခါမှ မမြင်ဖူးဘူး … သူတို့ ကောင်းကင်ကို ဆန့်ကျင်ဖို့ ကြိုးစားနေကြတာလား” လွှမ်းမိုးနယ်မြေတွင်ရှိသည့် ကျွမ်းကျင်သူများ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူတို့အားလုံးသည် ဆွံ့အနေကြကာ မထိန်းချုပ်နိုင်လောက်အောင်ပင် တုန်လှုပ်နေကြ၏။
လေဟာနယ်သားရဲများသည် အလွန်ရှားပါးပြီး ရှင်သန်ရန် ခက်ခဲကြသည်။ အရွယ်ရောက်ပြီးသာ အကောင်ပင်လျှင် ဤမျှ ကြီးမည်မဟုတ်။ သူတို့ မျိုးတုန်းပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သောကြောင့် ဤမျှလောက်ထိ ကြီးမားသော အကောင်ကို မည်သူမျှ မြင်ဖူးမည်မဟုတ်။
ထိုသားရဲကြီးသည် ကျန်းပေါင်း ထောင်ပေါင်းမည်မျှ ရှိမည်ကို မသိနိုင်ပေ။ သူ အောက်သို့ ရောက်လာသည်နှင့် ပြိုင်ဘက်မရှိသည့်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ရုတ်တရက်ပင် အဆင့်မြင့်နယ်မြေမှ ဖရိုဖရဲအလင်းများ ထိုအကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ မီးတောက်ဖြစ်သွားသည်။ ထိုသားရဲသည် ပြင်းထန်စွာ လှုပ်ရှားသွားပြီး ပေါက်ကွဲတော့မည်ပုံ ပေါ်နေ၏။
ဤမြင်ကွင်းသည် အားလုံးကို ထိတ်လန့်သွားစေ၏။ ဤသည်မှာကောင်းကင်၏ အမျက်ဒေါသပင်။
သို့သော် ကောင်းကင်အပြစ်ဒဏ်ကို နှောင့်ယှက်နေသည့် စိတ်ဆန္ဒတစ်ချို့ ရှိနေသောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သဘာဝတရားကို ဖျက်ဆီးနေလေသည်။ ထို ဖရိုဖရဲအလင်းသည် တစ်ဖြည်းဖြည်းအားနည်းလာကာ ပျောက်ကွယ်သွားလေ၏။
“ဒါက … ကောင်းကင်ရဲ့စိတ်ဆန္ဒကို တိုက်ခိုက်တာ … ကောင်းကင်ကို ဆန့်ကျင်တဲ့ သူတွေ ရှိနေတယ်”
ဝုန်း….
နောက်ဆုံးအကြိမ်ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ထိုလျှပ်စီးများ ပျောက်ကွယ်သွားပြီး ကောင်းကင်အပြစ်ဒဏ်လည်း ပျောက်ကွယ်သွား၏။ ပုံမှန်မဟုတ်သည့် မြင်ကွင်းများအားလုံးလည်း ပျောက်ကွယ်သွားလေသည်။
အဆင့်မြင့်နယ်မြေရှိ ရှေးနန်းတော် ပျက်စီးသွားပြီး မူလရှေးဟောင်းစွမ်းအားများ ဝန်းရံထားသည့် ပုံရိပ်များမှာ အနောက်သို့ လွင့်ထွက်သွားကာ သွေးအန်ကြလေသည်။
“ကောင်းကင်ရဲ့ စိတ်ဆန္ဒကို တိုက်ခိုက်တာရဲ့ အကျိုးဆက်က အရမ်းကြီးတာပဲ … ငါတို့ ဒီလိုမျိုး နောက်တစ်ခေါက် ထပ်မလုပ်နိုင်တော့ဘူး … ဒါက တစ်ခုတည်းသော အခွင့်အရေးပဲ … ငါတို့ အများကြီးပေးဆပ်လိုက်ရပေမယ့် အောင်မြင်သွားလို့ တော်သေးတယ်”
လူအချို့သည် သူတို့၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့သည် ရှေးယခင်ကတည်းက ရှိခဲ့သည့် နတ်ဆိုးနတ်ဘုရားများနှင့် တူလေ၏။ သူတို့၏ မျက်လုံးများသည် ခံစားချက်ကင်းမဲ့နေပြီး လျှပ်စီးများ ထုတ်လွှတ်နေကာ မြူများလည်း သူတို့အနားတွင် ဝန်းရံနေလေသည်။
အဆင့်နိမ့်နယ်မြေတွင် လေဟာနယ်သားရဲသည် ယဇ်ပုလ္လင်ပေါ်သို့ ဆင်းသက်လာသည်။
ဝုန်း…
သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဖရိုဖရဲအလင်းများသည် သင်္ကေတများအဖြစ်ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို ထူထပ်စွာပင် ဖုံးအုပ်သွား၏။ ထို့နောက် ထိုသင်္ကေတများ ပေါက်ကွဲသွားကာ သားရဲ၏ ကြီးမားလှသောခန္ဓာကိုယ်ကို တောက်ပသွားစေသည်။
သားရဲကြီး၏ အရေပြားတစ်ခုလုံး စတင်လောင်ကျွမ်းလာပြီး မီးဖိုတစ်ခုကဲ့သို့ ဖြစ်သွား၏။ စွမ်းအားကြီးသည့် နတ်ခွန်အားမှာ အပြင်ဘက်သို့ ထွက်လာကာ အာကာသမှ ကြယ်တံခွန်များ ကမ္ဘာမြေအတွင်းသို့ ကျလာသကဲ့သို့ပင် ထွန်းလင်းနေလေသည်။
လေဟာနယ်သားရဲကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တောက်ပသော အလင်းရောင်အောက်တွင်ပင် တစ်စစီဖြစ်သွား၏။ သူ၏ နတ်အရေပြားများ ပြာအဖြစ်သို့ လောင်ကျွမ်းသွားသည်သာမက သူ၏ အရိုးစုလည်း ပျက်စီးသွားကာ နေရာအနှံ့သို့ လွင့်ထွက်သွားလေသည်။
သူ၏ ဦးခေါင်းထဲတွင် လက်သီးအရွယ်ခန့်ရှိသည့် မီးဖိုတစ်ခု တောက်ပနေ၏။ သူသည် စွမ်းအားလှိုင်းများကို ခုခံရန် ကြိုးစားနေလေသည်။
သို့သော် သူသည်လည်းထိခိုက်သွား၏။ မိုးခြိမ်းသံများ လေထဲတွင် ထွက်ပေါ်လာကာ နတ်မီးဖိုပေါ်တွင်ရှိသည့် ထူးဆန်းသည့်သင်္ကေတများသည် သူ့ကိုယ်သူ ကာကွယ်လိုက်ပြီး လျင်မြန်စွာပင် ကြီးမားလာသည်။
လေဟာနယ်မီးဖို….
ထိုမီးဖိုသည် တောင်တစ်လုံးအရွယ်အစားခန့်သို့ ပြောင်းလဲသွားသော်လည်း သူ၏ မျက်နှာပြင်တွင် အလွန်ထိခိုက်ထားပြီး ချိုင့်ခွက်များဖြစ်နေလေသည်။ သူသည် ကမ္ဘာမြေကြီးပေါ်သို့ အနီရောင်အလင်းတန်းတစ်ခုကဲ့သို့ပင် တရှိန်ထိုး ဆင်းသက်လာလေသည်။
ကောင်းကင်ကြီး တုန်လှုပ်သွားကာ မြေကြီးများတုန်ခါသွား၏။ ထိုတောင်ကြီးသည် ကြွေကျလာသော ကြယ်တစ်လုံးကဲ့သို့ပင် ယဇ်ပုလ္လင်ပေါ်သို့ ကျသွားလေ၏။
ယဇ်ပုလ္လင်သည် ချက်ချင်းပင် ပျက်စီးသွားကာ မရေတွက်နိုင်သော ဝိဉာဉ်များသည် ဒေါသတကြီးအော်ဟစ်လိုက်ကြ၏။ ထိုအသံများသည် မြင့်မြတ်သောအလင်းနှင့် ပေါင်းသွားကာ ထာဝရပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် မြေပြင်ပေါ်တွင်ရှိသည် အရိုးနှင့် သွေးများသည် ခြောက်သွေ့ကာ ပြာဖြစ်သွားသည်အထိ စတင်လောင်ကျွမ်းလေသည်။
မိုးကုပ်စက်ဝိုင်းတွင်ရှိနေသည့် စွမ်းအားကြီးသူများစွာ တုန်လှုပ်သွားကြသည်။ သွေးယဇ်ပူဇော်ခြင်း အောင်မြင်သွားသော်လည်း နယ်မြေများကို ဖြတ်သန်းလာသည့် နတ်ဘုရားများ အသက်ရှင်သေးလား …
မြေပြင်ပေါ်တွင် ဖုန်မှုန့်နှင့် မီးခိုးများ အပေါ်သို့ တလူလူတက်နေပြီး ရွှံ့အိုင်ထဲတွင်ရှိနေသည့် ရေများမှာ ခမ်းခြောက်သွားပြီဖြစ်သည်။
အက်ကွဲကြောင်းများ နေရာတိုင်းတွင် ထွက်ပေါ်လာကာ လီပေါင်းရာကျော်အထိ ရှည်လျားလေ၏။ ယဇ်ပုလ္လင်ပျောက်ကွယ်သွားကာ မြေပြင်ပေါ်တွင် လျှိုမြောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုလျှိုမြောင်ထဲတွင် နတ်မီးဖိုတစ်ခုကို မြင်တွေ့နိုင်သည်။
လေဟာနယ်မီးဖိုသည် ဂိုဏ်းကို ကာကွယ်ပေးသည့် ပစ္စည်းဖြစ်ပြီး ထိုအရာသည် အလွန်အဖိုးတန်ကာ ကြီးမြတ်သော နတ်ဘုရားများပင်လျှင် ပြုလုပ်ရန် ခက်ခဲလေသည်။ ထိုအရာသည် ရှားပါးလွန်းသည့် နတ်ပစ္စည်းဖြစ်သော်လည်း ယခုအချိန်တွင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
သူ့အပေါ်တွင် ရှိနေသည့် သင်္ကေတများမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။ မီးဖိုကိုယ်ထည် ရှိသေးသော်လည်း သူ၏ စွမ်းအားများကို ပြသနိုင်တော့မည်မဟုတ်ပဲ သာမန် ပစ္စည်းတစ်ခုသာ ဖြစ်သွားလေပြီ။
မီးခိုးနှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီး အသံများလည်း တိတ်ဆိတ်သွားလေ၏။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် သတ္တုချင်း ထိခတ်မိသည့်အသံထွက်ပေါ်လာလေသည်။ အထဲတွင် အသက်ရှင်သည့် ကျွမ်းကျင်သူများ ရှိနေပြီး သူတို့ အပြင်ထွက်ရန် ကြိုးစားနေခြင်းပင်။
လေးလံသော အရာဝတ္ထုဖြင့် မီးဖိုကိုယ်ထည်ကို ထုရိုက်နေသောကြောင့် ထူးဆန်းသည့်အလင်းများထွက်ပေါ်လာ၏။ စွမ်းအားကြီးသည် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ အနီးအနားတွင်ရှိသည့် ကျောက်တုံးနှင့်သဲများ နေရာတိုင်းသို့ လွင့်ပျံ့သွားပြီး အလွန်ကြောက်စရာကောင်းလှသည်။
မီးဖို၏ အဖုံးသည် တင်းကျပ်စွာ ပိတ်ထားသောကြောင့် ဖွင့်ရန် ခက်ခဲနေလေသည်။
၁၅ မိနစ်ခန့် ကြာပြီးသည့်နောက်တွင် အဖုံးလွင့်ထွက်သွားလေ၏။ ထိုအဖုံးသည် မှော်စွမ်းအားများမရှိတော့ပဲ သာမန်ပစ္စည်းတစ်ခုသာ ဖြစ်တော့သောကြောင့် အားပြင်းပြင်းနှင့် ရိုက်ထုယုံဖြင့် ဖွင့်နိုင်လေသည်။
သွေးများလွှမ်းနေသော လက်တစ်ဖက်သည် မီးဖိုအဝကို ကိုင်ကာ ခက်ခက်ခဲခဲထွက်လာ၏။ သူသည် အသက်ရှင်နေသည့် စွမ်းအားကြီးသူဖြစ်သည်။ သို့သော်လည်း သူ ဒဏ်ရာရထားသောကြောင့် မီးဖိုထဲမှ တွားသွားကာ ထွက်လာသည်။
ထိုသူမှာ ငွေရောင်ဆံပင်နှင့် အနက်ရောင်မျက်ဆံရှိကာ မျက်နှာဖြူဖျော့နေသည့် လူငယ်လေးတစ်ယောက်ပင်။ သူ၏ လက်မောင်းမှ သွေးများ တစ်စက်စက်ကျနေလေ၏။ သူသည် ဘေးပတ်လည်ကို ကြည့်ပြီးနောက်တွင် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာကာ “အောင်မြင်ပြီ … ငါ အဆင့်နိမ့်နယ်မြေကို ရောက်လာပြီ”
လျှိုမြောင်အတွင်းတွင် လေဟာနယ်မီးဖိုသည် နောက်တစ်ကြိမ်အသံမည်လာကာ အသွေးအသားများမရှိသည့် အရိုးစုတစ်ခု ထွက်လာသည်။ သူလှုပ်ရှားလိုက်တိုင်း အရိုးများမှ တခွပ်ခွပ် အသံများ ထွက်ပေါ်နေ၏။
သူ၏ အရိုးများမှာ အပြည့်အစုံရှိပြီး ရွှေရောင်အဆင်းရှိပြီး တောက်ပသည့် အလင်းများ စီးဆင်နေသည်။ ယင်စွမ်းအားများ တစ်စက်မှ မရှိပဲ မြင့်မြတ်သည့်ပုံပေါ်နေ၏။ ထိုအချိန်တွင် သူ၏ ကျောရိုးနှင့် ဆက်သွယ်ထားသည့် အတောင်ပံတစ်စုံ သူ၏ ကျောပေါ်တွင် ထွက်ပေါ်လာသည်။ အတောင်ပံမှာ အရိုးအတောင်ပံမဟုတ်ပေ။ နှင်းကဲ့သို့ ဖြူဖွေးနေသည့် အမွှေးအတောင်များရှိသည့် အတောင်ပံတစ်စုံပင်။
“ငါမသေသေးပဲနဲ့ အဆင့်နိမ့်နယ်မြေကို အောင်အောင်မြင်မြင်ရောက်လာပြီ … အဲဒီ အကန့်အသတ်မဲ့အပိုင်းအစကို ငါရအောင်ရှာမယ် … ကမ္ဘာကြီးရဲ့ သဘာဝကံကောင်းခြင်းကို ငါရအောင်ယူမယ်” ကြီးမားသော သားရဲကြီး ပေါ်လာ၏။ သူ၏ တစ်ကိုယ်လုံးမှာ အဖြူရောင်ဖြစ်ပြီး သူ၏ အကြေးခွံများလည်း တောက်ပနေကာ ဆယ်ကျန်းကျော်ခန့် မြင့်သည်။ သူ၏ ခန္ဓာကိုယ်ကို ကျုံ့ထားသောကြောင့်သာ ဆယ်ကျန်းခန့်ရှိနေခြင်းပင်။ အမှန်တကယ်တွင် သူသည် တောင်တစ်လုံးခန့်ကြီးမား၏။
ဤအကောင်သည် သင်းခွေချပ်ပင်။ သူသည် ဒဏ်ရာမရသော်လည်း ထိတ်လန့်သွားသောကြောင့် သတိလစ်သွားလေ၏။ သူ၏ အရေပြားရှိ သံချပ်ကာသည် အလွန်အကြမ်းခံပြီး ဤကမ္ဘာတွင်ရှိသည့် နတ်တောင်များကိုပင် ဖောက်ထွင်းနိုင်လေသည်။
သူ၏ အနောက်တွင် နတ်ဆိုးနေကြာပန်း ထွက်ပေါ်လာ၏။ ထိုပန်းသည် ယောက်ျားလေးတစ်ယောက်ပုံစံ ပြောင်းသွားပြီး သူ၏အနောက်တွင် အနက်ရောင်နေတစ်လုံးပေါ်လာကာ သူ့ကို ဝန်းရံထားလေ၏။ အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ သူသည် ဤကမ္ဘာပေါ်တွင် သီးသန့်ဖြစ်တည်နေသကဲ့သို့ပင်။
ထို့နောက်တွင် ရွှေရောင်လူသားလူမျိုးစုမှ ကျွမ်းကျင်သူ လမ်းလျှောက်ထွက်လာ၏။ သူသည်လည်း မထိခိုက်ပေ။ သူသည် ၆ ကျန်းခန္ဓာကိုယ်၊ ဗာဂျာနှင့် မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို ကျင့်ကြံထားသောကြောင့်ပင်။
သူတို့ နှစ်ယောက်၏ အနောက်တွင် အခြားသူနှစ်ယောက် ထပ်ပေါ်လာ၏။ တစ်ယောက်သည် ဘာမှမရှိပဲ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားမတတ်ပင်။ အခြားတစ်ယောက်မှာ ကြောက်စရာကောင်းသည့် အော်ရာများထွက်နေပြီး သူနှင့်အတူတူ ဆင်းသက်လာသည့် သက်ရှိများပင် သူ့အနားသို့ မကပ်ချင်သည့် လူအိုကြီးတစ်ယောက်ဖြစ်သည်။
မီးဖိုထဲမှ စုစုပေါင်း သက်ရှိ ၇ ယောက် ထွက်လာ၏။ သူတို့၏ ဒဏ်ရာများမှာ ပွန်းပဲ့ဒဏ်ရာသာဖြစ်ပြီး ဒဏ်ရာကြီးကြီးမားမား မရကြပေ။ သူတို့အားလုံးသည် လျှိုမြောင်အပေါ်တွင် မတ်တပ်ရပ်နေကြ၏။
အနီရောင်မီးတောက်များ ထွက်ပေါ်လာကာ သူတို့၏ ခန္ဓာကိုယ်အားလုံး တောက်ပလာ၏။ ဤအုပ်စုမှာ နတ်မီးတောက်ရှိသောသူများဖြစ်ကြောင်း သိသာလှသည်။
ထိုအချိန်တွင် သူတို့သည် ဘာကိုမျှ ဖုံးကွယ်မထားသောကြောင့် သူတို့၏ နတ်အင်အားကို ထုတ်လွှတ်ကာ သူတို့၏ ဒဏ်ရာများကို ကုသလိုက်ပြီး ဤနယ်မြေနှင့် နေသားကျအောင် လုပ်လိုက်သည်။
“သဘာဝဥပဒေတွေက မပြည့်စုံဘူး ပြီးတော့ ကမ္ဘာကြီးက ကျင့်ကြံသူတွေကို မတားမြစ်ထားဘူး … ဒီမှာဆိုရင် အဆင့်မြင်နယ်မြေမှာထက်ကို စွမ်းအားတွေ ထုတ်သုံးလို့ရတယ်”
ဤအရာသည် သူတို့ပထမဆုံးခံစားရသည့် ခံစားချက်ပင်။ လူအချို့ ဤနေရာတွင် သူတို့ကိုယ်သူတို့ ထက်မြက်အောင် လုပ်ချင်နေရသည်မှာလည်း ဤအကြောင်းပြချက်ကြောင့်ပင်။ ဤနေရာတွင် သူတို့သည် အဆင့်မြင့်ကျင့်ကြံခြင်းနယ်မြေ၏ စွမ်းအားကို စောစော ကြုံတွေ့နိုင်သောကြောင့် သူတို့ အဆင့်မြင့်နယ်မြေသို့ ပြန်ရောက်သည့်အချိန်တွင် တာအိုများကို အလွယ်တကူနားလည်နိုင်သည်။
သူတို့အားလုံး၏ နတ်မီးတောက်များသည်လည်း တောက်ပစွာ လောင်ကျွမ်းလျက်ရှိ၏။ သူတို့အားလုံးသည် သွေးရောင်လွှမ်းနေသော နေမင်းကြီးအောက် ရောက်နေသောကြောင့် သူတို့၏ အရိပ်အရှည်ကြီး ထွက်နေလေ၏။ သူတို့၏ ခန္ဓာကိုယ်တွင် နေမင်းကြီး၏ နောက်ဆုံးအလင်းရောင် လွှမ်းခြုံနေသောကြောင့် သူတို့သည် ကမ္ဘာကြီးကို အထင်အမြင်သေးစွာ ကြည့်နေသည့် နတ်ဆိုးနှင့် တူနေလေသည်။
“တစ်ခြားလူတွေအားလုံး သေသွားပြီလား” တစ်စုံတစ်ယောက်သည် အလွန်အေးစက်နေသည့် အသံဖြင့် ပြောလိုက်သည်။
‘ဝုန်း’ ဟူသော အသံနှင့်အတူ တစ်ဦးတည်းသော အသက်ကြီးသည့်သူသည် လက်ကို ဝေ့ရမ်းလိုက်ပြီး လေဟာနယ်မီးဖိုကို ယူလိုက်၏။ ထို့နောက် မီးဖိုကိုလှုပ်ခါလိုက်သည်နှင့် အရိုးစုအလောင်း ၇ ခု ၈ ခုခန့် ထွက်လာလေသည်။ သူတို့ သေဆုံးသည့်ပုံစံ မတူသောကြောင့် အချို့သူများမှာ မီးကျွမ်းနေပြီး အချို့၏ ဦးခေါင်းခွံများမှာ အက်ကွဲနေလေသည်။
ထိုမီးဖို ပြုတ်ကျသွားသည့်အချိန်တွင် အချို့နေရာများမှာ ချိုင့်ဝင်သွားရသည်။
“သူတို့ ခန္ဓာကိုယ်မှာ နတ်စွမ်းအား နည်းနည်းနဲ့ တစ်ခြားတန်ဖိုးရှိတာတွေ ရှိတယ် … ခွဲယူကြရအောင်” တစ်စုံတစ်ယောက် ပြောလိုက်၏။
နောက်ဆုံးတွင် ထိုအလောင်းကောင်များကို စုစည်းလိုက်ပြီး သင်းခွေချပ်ကောင်သည် သူ့ဝေစုနတ်အလောင်းများကို ချက်ချင်းပင် စားသုံးလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာလေသည်။
“အားလုံးပဲ ငါတို့ အတူတူ သွားကြမလား … ဒီမှာပဲ လမ်းခွဲကြမလား” ဆံပင်ငွေရောင်နှင့် လူငယ်လေး ပြောလိုက်သည်။ သူ၏ အမူအရာမှာ မထူးခြားသော်လည်း သူ၏ မျက်လုံးများမှာ ပြင်းထန်စွာ လောင်ကျွမ်းနေလေသည်။
“ငါတို့ အခုမှ အဆင့်နိမ့်နယ်မြေကို ရောက်နေတာဆိုတော့ ငါတို့ ကိုယ့်တစ်ယောက်တည်း မသွားတာ အကောင်းဆုံးပဲ” အသက်ကြီးသည့် သူမှ ပြောလိုက်၏။
ရွှေရောင်အရိုးစုသည် သူ၏ ပါးစပ်ကို ဟလိုက်ကာ နတ်စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည် “အားလုံးပဲ မြေအောက်ကမ္ဘာအရှင်က ရှီဟောင်လို့ခေါ်တဲ့ လူငယ်လေး နောက်တစ်နေ့ အသက်မရှင်နိုင်အောင် လုပ်လိုက်ဖို့ ခိုင်းလိုက်တာကို မမေ့နဲ့”
“လောစရာမလိုပါဘူး … အဆင့်နိမ့်နယ်မြေက နည်းနည်းထူးဆန်းတယ် အဲဒီတော့ လက်လွတ်စပယ်မလုပ်ကြရအောင် … ငါအဆင့်နိမ့်နယ်မြေမှာ ရှိတဲ့ ငါ့ရဲ့ဂိုဏ်းက မျိုးဆက်တွေကို သွားလည်ပြီး လက်နက်တစ်ခုလောက် ရမလားလို့ သွားကြည့်လိုက်ဦးမယ်” တစ်စုံတစ်ယောက် ပြောလိုက်သည်။
“ကောင်းပြီလေ အဲဒါဆိုရင် ကိုယ်လုပ်စရာရှိတာ လုပ်ပြီးမှပဲ ပြန်တွေ့ကြတာပေါ့” အနောက်ဘက်ဂိုဏ်းမှ ရွှေရောင်ခန္ဓာကိုယ်နှင့် ကျွမ်းကျင်သူမှ ခေါင်းညိမ့်လိုက်၏။
ပုံရိပ်များစွာသည် လေထဲတွင် ဆုတ်ဖြဲခံလိုက်ပြီး အလင်းတန်းနှင့်အတူ တစ်စစီဖြစ်သွားလေ၏။ ထိုအချိန်တွင် ခပ်ဝေးဝေးတွင် ပုန်းနေသည့် အဆင့်လွန်ကျွမ်းကျင်သူများကိုလည်း သူတို့ ရှင်းပစ်လိုက်ကြလေသည်။
လေဟာနယ်မီးဖိုသည်လည်း တစ်စုံတစ်ယောက်မှ သိမ်းယူလိုက်လေသည်။
ထိုအချိန်တွင်ကမ္ဘာကြီးသည် ပြန်လည်တည်ငြိမ်သွားပြီဖြစ်ပြီး လီပေါင်းများစွာ ရှည်သည့် အက်ကွဲကြောင်းကြီးမှ လွဲလျှင် ဘာမျှ မကျန်တော့ပေ။
ကမ္ဘာကြီးသည် ဘာအသံမှ မထွက်တော့ပဲ တိတ်ဆိတ်သွားလေသည်။
ထိုနေ့က သတင်းသည် အခြားနယ်မြေများကိုပါ ပျံ့နှံ့သွားလေသည်။ လွှမ်းမိုးနယ်မြေမှ မရေတွက်နိုင်သည့်သက်ရှိများ ပျောက်သွားသည့်သတင်းသည် နယ်မြေရှစ်ခုလုံးကို တုန်လှုပ်စေပြီး ထိုသတင်းသည် စွမ်းအားကြီးသူများ၏ နားသို့ ပေါက်ရောက်သွားသည်။
ဤသတင်းသည် ယဇ်ပုလ္လင်မှတစ်ဆင့် နေရာအနှံ့သို့ ပျံ့လွင့်သွား၏။
ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမဖြစ်နေသည်။
ထိုသတင်းနှင့်အတူတူ ထွက်လာသည့်သတင်းမှာ လေဟာနယ်သားရဲကြီး ကမ္ဘာပေါ်သို့ ဆင်းသက်လာပြီး လွှမ်းမိုးနယ်မြေတွင် အက်ကွဲကြောင်းကြီး ဖြစ်လာစေသည် ဟူသော သတင်းပင်။ ထို ပုံမှန်မဟုတ်သည့် မြင်ကွင်းကို တစ်ယောက်ယောက်မြင်သွားပြီး သတင်းဖြန့်လိုက်သည်မှာ သေချာသည်။
“ကောင်းကင်ရဲ့ စိတ်ဆန္ဒကို တိုက်ခိုက်ပြီး တစ်ယောက်ယောက်က လမ်းကြောင်းတစ်ခုကိုဖွင့်ပြီး အဆင့်မြင့်နယ်မြေကနေ ဆင်းလာပြီ”
ထိုသတင်းကြောင့် ကလန်များအားလုံး စိတ်မအေးနိုင်ကြတော့ပေ။ ကမ္ဘာကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်နေပြီး ဖရိုဖရဲဖြစ်နေလေသည်။