သုခကမ္ဘာက ရှီဟောင် - Chapter - 765 ရှောင်လွဲ၍မရသော သေဆုံးခြင်း
ကောင်းကင်မျက်ရည် … ဤကဲ့သို့ ဆိုးဝါးသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့လေပြီ။ လေဟာနယ်မှ သွေးများ စီးကျလာသောကြောင့် ထိုသူများအားလုံး သေဆုံးသွားပြီး ကြောက်စရာကောင်းသည့် သွေးလွှမ်းနေသော ကပ်ဆိုးကြီး ဖြစ်ပျက်ခဲ့လေသည်။
“ဒါက အရမ်းရက်စက်တာပဲ … အသက်တွေအများကြီးပဲ … သန်းပေါင်းဘယ်လောက်တောင်လဲရှိမလဲ … စတေးခံလိုက်ရတဲ့အသက်တွေက ကြည့်ရတာ သန်းတစ်ရာကျော်မယ်ထင်တယ်”
“ဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုလုပ် လုပ်ရက်နိုင်ကြတာလဲ … သူတို့ကို လူလို့ ခေါ်လို့ရောရသေးလို့လား … ”
ဤနယ်မြေတွင်ရှိနေသော လူများအားလုံး မခံမရပ်နိုင် ဖြစ်နေကြ၏။ သက်ရှိအားလုံးသည် ဒေါသထွက်နေကြသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်ရွံ့ခြင်းကိုလည်း ခံစားနေကြရသည်။ သူတို့အားလုံးသည် အကူအညီကင်းမဲ့နေသကဲ့သို့ပင် ခံစားနေရ၏။
ကမ္ဘာကြီးတုန်လှုပ်သွားပြီး နေရာအားလုံးကလည်း ဤအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြလေသည်။
အထူးသဖြင့် လေဟာနယ်သားရဲကြီး ဆင်းသက်လာကာ လမ်းကြောင်းတစ်ခုကို ဖွင့်ခဲ့သောကြောင့် အခြားသူများမှာ ထိတ်လန့်နေကြရလေ၏။
မကြာမီတွင် နတ်ဘုရာများ အဆင့်နိမ့်နယ်မြေသို့ အမှန်တကယ်ပင် ဝင်ရောက်ခဲ့ကြောင်း သတင်းတစ်ခုက သက်သေပြခဲ့သည်။
“ထင်ထားတဲ့အတိုင်းပဲ … သူတို့ ဆင်းလာတာ … ဒါက အရမ်းရက်စက်တာပဲ … နယ်မြေတွေကို ဖြတ်သန်းဖို့အတွက်နဲ့ သူတို့ အသက်တွေ သန်းပေါင်းများစွာကို သုံးခဲ့တယ် … သူတို့ စတေးခဲ့တဲ့ အသက်တွေက သန်းတစ်ရာထက်တောင် ကျော်နိုင်သေးတယ် … တော်တော်အကြင်နာတရား ကင်းတာပဲ”
ဤကမ္ဘာပေါ်တွင်ရှိသည့် ဂိုဏ်းကြီးများနှင့် ရှေးဟောင်းတိုင်းပြည်အချို့မှာ ပို၍ပင် မသက်မသာခံစားနေကြရသည်။ နတ်ဘုရားများ အဆင့်နိမ့်နယ်မြေသို့ ဆင်းလာသောကြောင့် သူတို့ အရာအားလုံးကို ပြောင်းလဲပစ်နိုင်သည်။
သုံးဘဝတောင်ရှိ မြက်တဲရှေ့တွင် ….
ရှီဟောင်သည် သတင်းကို ကြားပြီးကတည်းက တိတ်ဆိတ်နေလေသည်။ ထို့ကြောင့်ပင် ဤကာလအတွင်းတွင် ဘာမှမဖြစ်ပဲ အလွန် ငြိမ်းချမ်းနေခြင်းပင်။ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ … နောက်ဆုံးတော့ ရောက်လာလေပြီ…
“မရေတွက်နိုင်တဲ့ လူတွေ ပျောက်သွားတယ် … လူမျိုးစုတွေ အများကြီးတွေက သုတ္တာန်တစ်စပြင်ဖြစ်သွားပြီး ကလန်ကြီးတွေ အများကြီးလည်း ပျောက်သွားတယ် … ငြိမ်သက်သွားတဲ့ တိုင်းပြည်လေးတွေတောင် ရှိသေးတယ် … လူတွေ ဘယ်နှစ်ယောက်တောင် သေသွားပြီလဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူ၏ နဖူးတွင် သွေးကြောများ ထောင်လာပြီး လက်သီးများကို တင်းကျပ်စွာ ဆုတ်လိုက်သည်။ နယ်မြေဖြတ်လာသော ထိုသူများကို သူ၏ လက်သီးဖြင့် တစ်စစီဖြစ်သွားအောင် လုပ်ချင်မိသည်။
ထိုအရာသည် သွေးယဇ်ပူဇော်ခြင်းမှန်း သူသိသည်။ အရိုးစာအုပ်တွင် ထိုအကြောင်းကို မှတ်တမ်းတင်ထား၏။ ထိုအရာသည် အရက်စက်ဆုံးနှင့် နှလုံးသားမဲ့သော လုပ်ရပ်ပင်။ အားလုံးသည် စတေးခံဖြစ်သွားနိုင်သည်။ ထိုအရာသည် ကမ္ဘာကြီး၏ ဟန်ချက်ကို ပျက်သွားစေနိုင်ပြီး ကြောက်စရာကောင်းသည့် အဖြစ်အပျက်များကို ဖြစ်ပေါ်လာစေနိုင်သည်။
“စစ်ဘုရင်၊ တပ်မှူးဖန်ကိုးနဲ့ တစ်ခြားသူတွေအားလုံးက အရှင်နောက်ဆုတ်ပြီးတော့ တိတ်တိတ်လေး နေနေဖို့ ပြောလိုက်ပါတယ်” သတင်းလာပို့သောသူမှ ပြောလေ၏။
နတ်မီးတောက်ရှိသောသူများ တစ်ယောက်မကဆင်းလာခြင်းပင်။ နတ်ဘုရားများမရှိသည့် ယခုလိုအချိန်တွင် သူတို့ကို တိုက်ခိုက်သောသူမှန်သမျှ သေလိမ့်မည်သာ။ မကျေနပ်လျှင်ပင် သူတို့ သည်းခံနေကြရလိမ့်မည်။
“ငါနားလည်ပြီ မင်းပြန်လို့ရပြီ” ရှီဟောင် ခေါင်းညိမ့်ပြလိုက်၏။
သူ နောက်မဆုတ်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် ဆင်းလာသော သူများမှာ သူ့ကို လာရှာခြင်းဖြစ်ပြီး သူ့ကို ရှာမတွေ့ပါက သူစိုးရိမ်ရမည့်၊ နောင်တရမည့် ကိစ္စတစ်ခုခုကို သူတို့ လုပ်လိမ့်မည်။
အင်ပါယာအစောင့်၏ မျက်နှာ ဖြူဖျော့လာ၏။ သူ၏ ပါးစပ်ကို ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဘာပြောရမှန်း သူမသိပေ။ ဤ နန်းစွန့်သွားသည့်လူသားဧကရာဇ်ကို မြင်တိုင်း သူ လေးစားရည်။
“မကျေနပ်တာတွေရှိရင် ငါ့ဆီကို တိုက်ရိုက်လာပြီး ငါနဲ့လာရှင်းလိုက်” ရှီဟောင်သည် ထိုသူထွက်သွားရန် လက်ဝေ့ရမ်းပြလိုက်၏။ အချို့အချိန်များတွင် ရွေးချယ်စရာမရှိသည့် အခြေအနေများ ဖြစ်လာနိုင်သည။ သူသေရမည်ဆိုလျှင်တောင် သူထွက်ပြေးမည်မဟုတ်။
ဤနေရာတွင် လေနုအေးလေးများ တိုက်ခတ်နေပြီး အပင်များမှာလည်း စိမ်းစိုနေ၏။ ရှီဟောင်သည် တောင်ထိပ်တစ်ခုပေါ်တွင်ရပ်ကာ ခပ်ဝေးဝေးသို့ ငေးကြည့်နေသည်။ ဤလှပသော တောင်တွင် မြူများလည်း ရစ်ဆိုင်းနေပြီး အရောင်စုံအလင်းများ ဖြတ်ပြေးနေသောကြောင့် ဤနေရာသည် နိဗ္ဗာန်ဘုံတစ်ခုနှင့်ပင်တူနေ၏။ သို့သော် ဤနေရာသည် ငြိမ်းချမ်းတော့မည်မဟုတ်။ သွေးများ စီးဆင်းကာ မုန်တိုင်းကြီးလည်း ဒေါသတကြီး တိုက်ခတ်တော့မည်ဖြစ်သည်။
“ဟောင်အာ”
တုန်ယင်နေသော အသံများ ထွက်ပေါ်လာလေသည်။ ချင်းရိနင်နှင့် ရှီကျီလင်းတို့ အလောတကြီးရောက်လာလေ၏။ သတင်းကြားလိုက်ရသည့်အချိန်တွင် သူတို့သည် အလွန်စိုးရိမ်သွားသောကြောင့် နယ်မြေများကို ဖြတ်သန်းကာ ဤနေရာသို့ လာခဲ့ခြင်းပင်။
“အဖေ အမေ”
ရှီဟောင် ပြုံးပြလိုက်၏။ သူတို့ကို မြင်လိုက်ရသောကြောင့် သူ၏ ရင်ထဲတွင် အနည်းငယ် ရှင်းလင်းသွားပြီး သူ၏ နောက်ဆုံးဆန္ဒအချို့လည်း ပြည့်သွားပြီဖြစ်သည်။ ယခုအချိန်တွင် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ သူသေပျော်ပြီ။
“ဟောင်အာ မြန်မြန်ထွက်သွားတော့ … သားဒီမှာ နေလို့မရဘူး” ချင်းရိနင်သည် အလွန်စိုးရိမ်နေပြီး ရှီဟောင်၏လက်ကို ဆွဲကာ ထွက်သွားခိုင်း၏။
ရှီဟောင်သည် ခေါင်းခါလိုက်ကာ သူမ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး “အမေ ကျွန်တော်ထွက်သွားလို့ မရဘူး”
ချင်းရိနင်သည် ကြောက်ရွံ့မှုကို စတင်ခံစားလာရ၏။ သူမသားသည် အဆင့်မြင့်နယ်မြေနှင့် ရန်သူလုပ်လိုက်သည်ကို သူမသိသည်။ ယခု မုန်တိုင်းသည်လည်း သူ့ကို ဦးတည်လာနေခြင်းပင်။
သူ၏ အမေအနေနှင့် သူမ ဘယ်လိုလုပ် မစိုးရိမ်ပဲ နေမည်နည်း … သူမ ဤနေရာသို့ တတ်နိုင်သမျှ မြန်မြန်လာခဲ့ခြင်းမှာ ရှီဟောင်ကို ခေါ်ပြီး သူ့ကို ပုန်းခိုင်းဖို့ပင်။ သူမသား ဤနေရာတွင် သေသွားမည်ကို သူမ ထိုင်ကြည့်မနေနိုင်ပေ။
ရှီဟောင်သည် သူဘာမှ မဖြစ်ကြောင်းနှင့် သူဘာကိုမျှ အလျင်စလိုလုပ်မည်မဟုတ်ကြောင်း သူ့အမေကို နှစ်သိမ့်ပေးလိုက်သည်။
“ဟောင်အာ ဒီလိုမျိုး မလုပ်ပါနဲ့ … အဖေတို့ သားကို တစ်ခါ ဆုံးရှုံးပြီးတော့မှ ခက်ခက်ခဲခဲနဲ့ ပြန်တွေ့ကြရတာ … အဖေတို့ ဘာမတော်တဆမှ အဖြစ်မခံနိုင်တော့ဘူး … အဖေတို့ … သည်းခံနိုင်မှာ မဟုတ်ဘူး … ” ရှီကျီလင်း၏ အသံပင်လျှင် တုန်ခါလာနေပြီဖြစ်ပြီး ရှီဟောင်ကို အဝေးသို့ ခေါ်သွားချင်နေသည်။
သူတို့သည် အလွန်ပင် စိုးရိမ်နေပြီး ထိတ်လန့်နေကြ၏။ သူတို့သည် ရှီဟောင်၏ လက်မောင်းကို တင်းကျပ်စွာ ဆုတ်ကိုင်ထားပြီး လွှတ်မပေးပေ။ သူတို့ ရှီဟောင်ကို အပါခေါ်သွားရမည်ဟု ခံစားနေရသည်။
“အဖေ အမေ … အမေတို့ မစိုးရိမ်ပါနဲ့ … ကျွန်တော်က ဘယ်လိုလုပ် သေမှာလဲ … ကျွန်တော် ကောင်းကောင်း အသက်ရှင်မှာပါ … ကျွန်တော် လိပ်သားနဲ့ ထာဝရဖီးနှစ်သားကို မစားရသေးဘူး ပြီးတော့ ကျွန်တော် အဆင့်မြင့်နယ်မြေကိုလည်း မသွားသေးပါဘူး … ကျွန်တော်လည်း အမေတို့ကို မခွဲနိုင်သေးဘူး … ကျွန်တော်တို့ ဒီကမ္ဘာကြီးမှာ အသက်ရှည်ရှည် နေကြဦးမှာ” ရှီဟောင်သည် အပူအပင်မရှိသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်၏။
“မင်း မကောင်းတဲ့ကောင်လေး” ဇနီးမောင်နှံနှစ်ယောက်သည် အလွန်ပင် စိုးရိမ်နေသော်လည်း ရှီဟောင်၏ စကားကြောင့် သူတို့သည် မျက်ရည်များကြားမှ ရယ်မောလိုက်ကြသည်။
ရှီဟောင် ဘာပဲပြောပြော သူတို့သည် ရှီဟောင်ကို အတင်းပင် ပြန်ခေါ်နေ၏။ သူတို့စိတ်ထဲတွင် မသက်မသာခံစားနေရပြီး သူတို့သားကြီးကို နောက်တစ်ခေါက် ပြန်ဆုံးရှုံးရမှာကို ကြောက်နေ၏။ သူတို့ တစ်ခါ ဆုံးရှုံးခဲ့ပြီးပြီဖြစ်သောကြောင့် သူတို့ နောက်တစ်ခေါက် ပြန်မဆုံးရှုံးချင်တော့ပေ။
“စိတ်မပူပါနဲ့ ပြေးဖို့ လိုအပ်လာရင် ကျွန်တော် ချက်ချင်းပြေးမှာပါ … ကျွန်တော် မသေပါဘူး” ရှီဟောင် သူတို့ကို နှစ်သိမ့်ကာ ဂတိပေးလိုက်သည်။ ထို့နောက် သူသည် စကားလမ်းကြောင်းပြောင်းကာ ချင်းဟောင်၏ အခြေအနေကို မေးမြန်းလိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို မေးလိုက်၏။
“အန္တရာယ်နည်းနည်းလေး ရှိခဲ့ပေမယ့် သူ အောင်မြင်သွားပြီ”
“သူအောင်မြင်သွားပြီလား” ရှီဟောင် အံ့အားသင့်သွား၏။
ထို့ကြောင့်သာ ရှီကျီလင်းနှင့်သူ၏ဇနီးတို့ ထာဝရတောင်မှ ထွက်မလာခြင်းပင်။ သူတို့သည် ချင်းဟောင် အိပ်နေသည့်အချိန်တွင် ပြုလုပ်သည့် အဆင့်လွန်အရိုးအစားထိုးခြင်းကို စိုးရိမ်စွာ စောင့်ကြည့်နေခဲ့ကြသည်။
ကံကောင်းစွာပင် သူတို့ အောင်မြင်ခဲ့ပြီး ချင်းဟောင်သည်လည်း ပြန်နိုးလာပြီဖြစ်ပြီး အားလုံးလည်း အဆင်ပြေ ချောမွေ့နေသည်။
အဆင့်မြင့်နယ်မြေမှ ထာဝရတောင်နှင့် အဆင့်နိမ့်နယ်မြေတွင် ရှိသည့် မျိုးဆက် နှစ်ခုလုံးသည် အလွန်ပင် သိုသိုသိပ်သိပ်နေပြီး ဂိတ်တံခါးကို ပိတ်ကာ မည်သည့်နေရာတွင်မှ ဝင်မပါခဲ့ပေ။ ထိုသို့ပြုလုပ်ခြင်းမှာလည်း ဤကိစ္စပြီးမြောက်သွားရန် အတွက်ပင်။
အရာအားလုံးသည် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ခြင်းပင်။ ထိုအရိုးသည် လေဟာနယ်ထဲရှိ အသက်ရေကန်ထဲတွင် ရှိနေပြီး နှစ်ပေါင်းများစွာ ပုံရိပ်ယောင် ထိုးပြပြီးသွားပြီဖြစ်၏။ ယခုအချိန်တွင် ထိုအရိုးသည် ဆင်းသက်လာကာ ချင်းဟောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။
“ညီလေး ပြန်ကောင်းလာပြီလား” ရှီဟောင် အလေးအနက် မေးလိုက်၏။ ထိုဖြစ်စဉ်မှာ အလွန်အန္တရာယ်များသောကြောင့်ပင်။
“သူ့ရဲ့ ကြံ့ခိုင်မှုက အရမ်းကောင်းတယ် ပြီးတော့ သူအဲဒီလိုမျိုး သွေးစွမ်းအင်တွေကို ထုတ်လွှတ်နေတာ ကြာနေပြီလေ … ဘာအန္တရာယ်မှ မဖြစ်တော့ဘူး … အဓိကကတော့ သူ အဆင့်မြင့်နယ်မြေကရတဲ့ နတ်ဆေးလုံးကို စားခဲ့လို့ပဲ” ရှီကျီလင်း ပြောလိုက်၏။
နတ်ဆေးလုံးသည် ဝိဉာဉ်ဆေးပင် ရာပေါင်းများစွာနှင့် ဝိဉာဉ်ပိုးကောင်များ၊ သတ္တုများနှင့် အခြားအရာများစွာကို ပေါင်းထားသည့် မြင့်မြတ်သည့် အဖိုးတန်းသော ဆေးလုံးတစ်လုံးပင်။ ထိုဆေးလုံးသည် အလွန်အဖိုးတန်ကာ ဆေးလုံးတစ်လုံးတည်းဖြင့်ပင် သွားများကို အစားထိုးနိုင်၊ အရိုးများ ပြန်ကြီးထွားနိုင်၊ အသွေးအသားများ ပြန်ဖန်တီးနိုင်သောကြောင့် လူတစ်ယောက်၏ အသွေးအသားနှင့် အရိုးများကို ပြောင်းလဲနိုင်သည့် ဆေးလုံးပင်။
ရှီဟောင် ခေါင်းညိမ့်ပြလိုက်၏။ အဲဒါဆိုလျှင်တော့ ဘာမှသိပ်စိတ်ပူစရာမလိုတော့ပေ။ ချင်းဟောင်သည် တစ်ဖြည်းဖြည်းပြန်ကောင်းလာပြီး ပို၍လည်း စွမ်းအားကြီးလာမည်ဖြစ်သည်။
အမှန်တကယ်တွင် သူ သိချင်နေမိ၏။ ထိုအရိုးသည် မည်မျှပင်စွမ်းအားကြီးသနည်း … သူ၏ မူလခန္ဓာကိုယ်မှ ထွက်ပြီး ထို ယဇ်ပုလ္လင်ပေါ်တွင် နှစ်ပေါင်း မည်မျှရှိနေပြီဖြစ်မှန်း မသိသော်လည်း အသက်ဓာတ်များ ကျန်ရှိနေဆဲဖြစ်သည်။ ထိုအချက်မှာ ကြောက်စရာကောင်းလွန်းလှ၏။ ထို့ကြောင့်သာ ထာဝရအရိုးဟု လူများ သတ်မှတ်နေကြခြင်းပင်။
သူ၏ မိဘများကိုတွေ့ဆုံပြီးသည်နှင့် ရှီဟောင်၏ဆန္ဒတစ်ချို့ ပြည့်ဝသွားသည်။ ယခုအချိန်တွင် သူ ကျောက်တုံးရွာကို ပြန်ပြီး ခဏသွားကြည့်ချင်မိ၏။ သူ ထိုရွာလေးကို မခွဲချင်သေးပေ။ နောက်ဆုံးတစ်ခေါက် သွားကြည့်ချင်သေးသည်။ သို့သော် သူနှင့်အတူ ကပ်ဆိုးကြီး ပါသွားမည်ကို သူ ကြောက်မိ၏။ ထို့ကြောင့် သူသည် သူ၏ ဆန္ဒကို ချိုးနှိမ်ထားရုံသာ။
ကျောက်တုံးရွာသည် သူ၏ နှလုံးသားမှ အယုံကြည်ရဆုံး နေရာတစ်ခုပင်။ ထိုနေရာတွင် ငြိမ်းချမ်းမှုများ ပြည့်နေပြီး အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းသည့်နေရာတစ်ခုပင်ဖြစ်သည်။ သူ ဘယ်သောအခါမှ ထိုနေရာကို အန္တရာယ်ဖြစ်အောင် လုပ်မည်မဟုတ်။ ထိုနေရာသည် သူ့အတွက်တော့ သူ၏ မိဘများကဲ့သို့ပင် အရေးကြီးသည်။
“ငါ တကယ် ပြန်သွားပြီး တစ်ချက်လောက် သွားကြည့်ချင်တာ …” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ သို့သော် သူ၏ ဤဆန္ဒမှာ မပြည့်နိုင်တော့ပေ။ သူ၏ ဘေးတွင် ရှိနေသောသူနှစ်ယောက်မှာ သူ့ကို အလွန်ပင် စိုးရိမ်နေလေသည်။
သူ၏ အရှေ့တွင် အန္တရာယ်များစွာ စောင့်ကြိုနေသည်ကို သူသိသည်။ ဤကာလကို သူ ငြိမ်းချမ်းစွာ ဖြတ်ကျော်နိုင်ပါ့မလား … သူ၏ စိတ်ထဲတွင် စနိုးစနှောင့်ဖြစ်နေပြီး မကောင်းသည့် ခံစားချက်များ ရနေသည်။
ထို့နောက်တွင် ရှီဟောင်သည် ထိုမြို့လေးကိုနောက်တစ်ခေါက် ပြန်သွားလည်လိုက်ပြီး လမ်းမကြီးနှင့် လမ်းကြားထဲတွင်ရှိနေသည့် ဟောင်းနွမ်းစွာ ဝတ်စားထားသည့် ကလေးများအားလုံးကိုခေါ်ကာ မုန့်မျိုးစုံဝယ်ပေးပြီး ထိုကလေးများ လုံးဝ စိတ်ကျေနပ်အောင် လုပ်ပေးလိုက်သည်။ သူတို့၏ မျက်နှာများတွင် အပျော်များ ပြည့်နှက်နေပြီး သူတို့၏ နှုတ်ခမ်းထောင့်၊ မျက်နှာနှင့် အဝတ်အစားများတွင် မုန့်များ ပေပွနေလေသည်။
ရှီကျီလင်းနှင့် ချင်းရိနင်တို့သည် ရှီဟောင်နောက်သို့ လိုက်ခဲ့ပြီး သူတို့စိတ်ထဲတွင် နာကျင်မှုတစ်မျိုးကို ခံစားနေရ၏။ ဤအရာသည် သူတို့သားအကြီး၏ အတွင်းစိတ်ဖြစ်မှန်းသူတို့ သိသည်။ သူသည် အတိတ်မှ ကြည်နူးစရာကောင်းသည် အမှတ်တရများကို ပြန်လိုချင်သော်လည်း ကျောက်တုံးရွာကို မသွားနိုင်သောကြောင့် သူ၏ အမှတ်တရများကို ဤနေရာတွင် ပြန်အသက်သွင်းနေခြင်းပင်။
အတိတ်အကြောင်း စဉ်းစားမိသွားသည့်အချိန်တွင် သူတို့စိတ်ထဲတွင် အပြစ်ရှိသည့် ခံစားချက်များ ပြည့်နှက်သွားကြ၏။ သူတို့သည် ရှီဟောင် သူတို့ကို စိတ်ပျက်သွားအောင် လုပ်မိသွားသည်ဟု ခံစားရသောကြောင့် သူ့ကို ပို၍ ခေါ်သွားချင်မိသည်။ သူ့ထံတွင် မကောင်းသည့် ကိစ္စများ ဖြစ်လာမည်ကို သူတို့ ခွင့်မပြုနိုင်တော့ပေ။
ရှီဟောင်၏ ပုခုံးတစ်ဖက်စီတွင် ကလေးတစ်ယောက်စီ ရှိနေ၏။ သူတို့အားလုံးသည် အလွန်ငယ်ရွယ်ပြီး လမ်းလျှောက်တတ်ကာစ အရွယ်လေးများဖြစ်ပြီး သူတို့ စကားပြောလျှင်လည်း ထစ်နေလေသည်။ သူတို့၏ နူးညံ့သော မျက်နှာများအားလုံး ပြုံးနေကြပြီး အလင်းများပင် တောက်ပနေ၏။ သူတို့၏ အဝတ်အစားလေးများမှာ ဟောင်းနွမ်းနေသော်လည်း သူတို့၏ အပြုံးများမှာမူ ရှီဟောင်၏ အပြုံးများကဲ့သို့ပင် တောက်ပလွန်လှသည်။
“ဟောင်အာ ဒီကလေးက…” ရှီကျီလင်းတို့ ဇနီးမောင်နှံသည် သူ့နောက်မှ လိုက်ခဲ့ကြသည်။
ထိုအချိန်တွင် အလင်းများ ဝန်းရံထားသည့် စက္ကူကြိုးကြာငှက်ရုပ်လေး ကျလာပြီး ရှီဟောင်၏ လက်ဝါးပေါ်သို့ ကျလာသည်။ အံ့အားသင့်မှုကြောင့် ကလေးအားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားလေ၏။
ရှီဟောင်၏ အမူအရာမှာ လေးနက်သွားသည်။ ဤစက္ကူကြိုးကြာငှက်သည် ကျောက်တုံးတိုင်းပြည်အင်ပါယာနန်းတော်တွင် သူထားခဲ့သည့် အရာဖြစ်၏။ သူ့ကို သုံးဘဝတောင်တွင် ရှာမတွေ့လျှင် သူတို့ ဤကြိုးကြာငှက်လေးကို ဘေးပတ်ဝန်းကျင်သို့ ပို့လွှတ်ပြီး သူ့ကို သတင်းပို့နိုင်သည်။
ရှီဟောင် စာကို ဖွင့်ဖောက် ဖတ်လိုက်သည်။
“အစ်ကိုကြီး သွားတော့မှာလား” သူ၏ ပုခုံးပေါ်မှ ကလေးသည် သူ့ကို မျက်လုံးဝိုင်းကြီးဖြင့်ကြည့်ကာ မေးလိုက်၏။
“အစ်ကိုသွားရတော့မယ် … နောက်မှ မင်းတို့ကို လာတွေ့တော့မယ်” ရှီဟောင် ပြုံးပြီး ပြောလိုက်သည်။
တစ်ခြားပုခုံးတစ်ဖက်တွင်ရှိသည့် ကလေးကမလေးသည် ငိုတော့မယောင် နှုတ်ခမ်းများကို ထော်လိုက်ပြီး “အစ်ကိုကြီး သွားတော့မှာလား … သမီးတို့ အစ်ကို့ကို ဘယ်အချိန်ပြန်တွေ့ရမှာလဲ”
“ကံတရားက တွေ့ခွင့်ပေးရင် အစ်ကိုတို့ တွေ့ရမှာပေါ့” ရှီဟောင်သူတို့ကို ချပေးပြီး အမြန် ထွက်သွားလိုက်သည်။
ရှီကျီလင်းတို့ ဇနီးမောင်နှံလည်း သူ့နောက်လိုက်ကာ ထိုနေရာမှ လျင်မြန်စွာပင် ထွက်သွားလိုက်၏။
“အဖေ အမေ … အမေတို့ အေးဆေးနားနားနေနေ နေပါ … ကျွန်တော်အခု ပုန်းဖို့ သွားမလို့ပါ ဒါပေမဲ့ ကျွန်တော် အမေတို့နဲ့ ထာဝရတောင်ကို လိုက်မလာနိုင်တော့ဘူး … အားလုံး ငြိမ်သွားတဲ့အချိန်ကျရင် ကျွန်တော် အမေတို့ကို လာတွေ့ပါ့မယ် …” ရှီဟောင် စကားတော်တော်များများ ပြောလိုက်၏။
ယခုအချိန်တွင် သူသည် ပြောစရာစကားအများကြီးရှိနေသကဲ့သို့ ခံစားနေရသည်။ သူသည် နေခဲ့ချင်သည့် စိတ်ဆန္ဒများကို ဖိနှိပ်ကာ နာကျင်မှုများစွာဖြင့် လှည့်ထွက်ကာ နောက်ပြန်လှည့်မကြည့်ပဲ ပြေးထွက်လာကာ ပျောက်ကွယ်သွားလေသည်။
“ဟောင်အာ” ရှီကျီလင်းတို့ဇနီးမောင်နှံ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီဟောင်းပျောက်ကွယ်သွားသည်။ သူသည် နောက်ပြန်လှည့်မကြည့်ပဲ အလင်းတန်းအဖြစ်သို့ ပြောင်းကာ သုံးဘဝတောင်သို့ ပြန်သွားလေသည်။
ယခုတစ်ခေါက်တွင် နတ်ဘုရား ၇ ပါး ဆင်းသက်လာမှန်းသူသိသည်။ ထိုကဲ့သို့ စွမ်းအားကြီးသူများကို သူမည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း…
မကြာသေးခင်အချိန်က အမွှေးဘောလုံးနှင့် အနီလေး အတူတူ ပေါင်းကာ နတ်ပစ္စည်းများကို သုံးပြီး နတ်ဘုရားတစ်ပါးကို သတ်ခဲ့သည်။ ယခု သူတို့ ခုနှစ်ယောက် ဆင်းလာခဲ့ပြီ။ သူတို့ကို ရှင်းရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။
နတ်ဘုရာများစွာသည် ကျောက်တုံးတိုင်းပြည်မြို့တော်သို့ ဆင်းသက်လာကာ သူ့ကို ထွက်လာရန်ပြောနေကြောင်း မဟုတ်ပါက အကုန်လုံးကို သတ်ပစ်မည်ဖြစ်ကြောင်း သတင်းရခဲ့သည်။
ရှီဟောင် လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်၏။ သူ သုံးဘဝတောင်တွင် သီးသန့်လာနေခြင်းမှာ သူနှင့် အခြားသူများ၏ ဆက်ဆံရေးကို ဖြတ်တောက်ကာ ထိုသူများ တစ်ယောက်တည်းတိုက်ခိုက်ပြီး သူတစ်ယောက်တည်းတာဝန်ယူချင်သောကြောင့်ပင်။
သို့သော် ထိုနတ်ဘုရားများသည် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းသည်ဟု ထင်နေကြပြီး အပြင်မထွက်ပဲ စာပို့လိုက်လေသည်။ သူတို့သည် ကျောက်တုံးတိုင်းပြည်မြို့တော်တွင် စောင့်နေကာ သူ့ကို မြန်မြန်လာရန် မဟုတ်ပါက သူအကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဤလုပ်ရပ်မှာ အလွန်ပင် အထိန်းအကွပ်မဲ့သော လုပ်ရပ်ပင်။
ရှီဟောင် သုံးဘဝတောင်တွင် ရှိနေမှန်း သူတို့သိကြသော်လည်း ထိုတောင်သို့မသွားပဲ သူ့ကို လူသိရှင်ကြားပင် ပြန်လာပြီး အပြစ်လာခံယူရန် ပြောလိုက်လေ၏။
“အရမ်း ဗိုလ်ကျလွန်းတာပဲ” ရှီဟောင် တီးတိုးပြောလိုက်၏။
သူတို့ အဆင့်နိမ့်နယ်မြေသို့ ဆင်းလာရန်အတွက် အသက်ပေါင်းများစွာကို စတေးခဲ့သည့်အကြောင်းကို ပြန်တွေးမိသွားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ပို၍ ပင် တုန်ခါလာ၏။ သူ ဒေါသထွက်လာကာ သူတို့အားလုံးကို သတ်ချင်နေသည်။
သို့သော် ယခုအချိန်တွင် သူတို့ ခုနှစ်ယောက် ဆင်းသက်လာကာ ကမ္ဘာကြီးကို အထင်အမြင်သေးစွာ ပြုလုပ်နေသော်လည်း သူတို့ကို မည်သူက တွန်းလှန်နိုင်မည်နည်း … မည်သို့ပင် ကြည့်ကြည့် ဤအရာသည် သူ့ကို သတ်မည့် ထောင်ချောက်မှန်း သိသာလှသည်။