သုခကမ္ဘာက ရှီဟောင် - Chapter - 770 ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု
နတ်ဘုရား ၇ ယောက် အဆင့်နိမ့်နယ်မြေသို့ ဆင်းလာခဲ့ပြီး သူတို့ထဲမှ စွမ်းအားအကြီးဆုံးမှာ ‘ထာဝရခန်းမ’ မှ အစေခံဟောင်းပင်။ သူ၏ ခွန်အားမှာ နတ်မီးတောက် တောက်လောင်နေသည့် ကျွမ်းကျင်သူလေးယောက်အားနှင့် ညီမျှလေသည်။
‘ထာဝရခန်းမ’ သည် အလွန်ရှေးကျကာ ကြောက်စရာကြောင်းပြီး အဆင့်လွန်ခန်းမနှင့်လည်း ဆက်စပ်နေ၏။ သို့သော် ကံမကောင်းစွာပင် နတ်ဘုရားသုံးယောက်၏ အသိစိတ်မှာ ဆယ်ပုံတစ်ပုံခန့်စာ ကျန်တော့သဖြင့် ရှီဟောင် အရာအားလုံးကို မရှာဖွေနိုင်တော့ပေ။
ဒုတိယစွမ်းအားအကြီးဆုံးကျွမ်းကျင်သူမှာ အနောက်ဘက်ဂိုဏ်းမှ ဗာဂျာမပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်ရှိသည့် နတ်ဘုရားပင်။ သူသည် ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်ကို အလွန်အဆင့်မြင့်သည်အထိ ကျင့်ကြံပြီးပြီဖြစ်ပြီး နတ်စွမ်းရည်အများအပြားလည်း ရှိသည်။
ကျန်သော နတ်ဘုရားများ၏ စွမ်းရည်များမှာ အတူတူပင်။
အခြေအနေမှာ တင်းမာနေ၏။ ကျန်သည့် နတ်ဘုရား ၄ ပါးမှာ ပို၍ပင် ကြောက်စရာကောင်းပြီး ရင်ဆိုင်ရန် ခက်ခဲလေသည်။ သူ သူတို့ကို ဘယ်လိုများ တိုက်ခိုက်ရမလဲ…
“ငါ နတ်ဘုရားဖြစ်သွားပြီးတော့် မပျက်စီးနိုင်တဲ့ရွှေရောင်ခန္ဓာကိုယ်နဲ့ ငါ့ရဲ့ခွန်အားတွေကို တိုးအောင်လုပ်ရင်တောင်မှ ငါ နတ်ဘုရားတစ်ပါးနဲ့ပဲ တိုက်နိုင်မှာ … အဲဒါတောင်မှ ဘယ်သူနိုင်မလဲဆိုတာ မသေချာဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောပြီး မျက်မှောင်ကြုတ်လိုက်သည်။
အနောက်ဘက်အုတ်ဂူကမ္ဘာကို ဤတစ်ကြိမ်သာ အသုံးပြုနိုင်မှာ သေချာသည်။ ကျန်သည့်နတ်ဘုရားလေးပါးသည် ထပ်တူညီသည့်အမှားကိုတော့ လုပ်လိမ့်မည်မဟုတ်။
“ငါ ဘာလုပ်သင့်သလဲ … တကယ်ပဲ တစ်ခြားနည်းလမ်း မရှိတော့ဘူးလား” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ ဤကဲ့သို့ မျှော်လင့်ချက်မရှိသည့် အခြေအနေမှ သူ မည်ကဲ့သို့ရုန်းထွက်ရမည်နည်း … သူ၏ စိတ်မှာ လေးလံနေပြီး စိတ်ထင့်နေသည်။ သူမမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာတော့မည်လား…
သူ အနောက်ဘက်သားရဲတောင်မှ ထွက်လာပြီး ကျောက်တုံးတိုင်းပြည်မြို့တော်သို့ ထွက်ခဲ့လိုက်သည်။
အမှန်တကယ်တွင် ရှီဟောင်သည် တန်ဖိုးကြီးသည့် သတင်းများကို ရရှိခဲ့၏။ အဆင့်မြင့်နယ်မြေမှသူများသည် အဆင့်နိမ့်နယ်မြေတွင်ရှိသည့် သဘာဝကံကောင်းခြင်းများရှိသည့်နေရာများကို ကောက်ချက်ချထားကြလေသည်။
နေရာအတိအကျကို မသတ်မှတ်နိုင်သော်လည်း ခန့်မှန်းခြေနေရာကိုတော့ သိလိုက်ရသည်။
ဤသည်မှာအခွင့်အရေးကြီးပင်။ ဤကဲ့သို့သော သတင်းသည် တန်ဖိုးမဖြတ်နိုင်သော်လည်း ရှီဟောင်အတွက် အသုံးမဝင်ပေ။ သူ့အတွက် အရေးအကြီးဆုံးမှာ ဆက်လက်ရှင်သန်နိုင်ပြီး ဤခက်ခဲသည့်ကာလကို ဖြတ်ကျော်နိုင်ခြင်းပင်။
သို့သော် ယခုအချိန်တွင် ဆက်လက်ရှင်သန်ရန် ခက်ခဲနေပြီး မဖြစ်နိုင်သလောက်ပင် ဖြစ်နေ၏။
ကျောက်တုံးတိုင်းပြည်မြို့တော်သို့ ရောက်သည့်အချိန်တွင် ရှီဟောင်ခဏရပ်လိုက်သည်။ လက်ရှိ အင်ပါယာမြို့တော်အကြောင်း သိနိုင်ရန်အတွက် သူသည် မြို့ငယ်လေးအတွင်းသို့ ဆင်းသက်လိုက်၏။
သူ ဘေးပတ်လည်ကို မေးကြည့်လိုက်သည့်အချိန်တွင် ကျောက်တုံးတိုင်းပြည်မြို့တော်တွင် ဖြစ်ပျက်နေသည်များကို မည်သူမျှ မသိပေ။ မည်သည့်နှောင့်ယှက်မှုမှ မရှိပဲ မည်သည့်တိုက်ပွဲမှမဖြစ်ခဲ့သလိုပင်။ သူသည် ကိစ္စများကို ပိုသိလာလေလေ မျက်မှောင်ကြုတ်လာလေပင်။
ရှီဟောင်သည် ရုတ်တရက်ပင် အလွန်ရင်းနှီးနေသည့် မိန်းမပျိုလေးတစ်ဦးကို တွေ့လိုက်ရ၏။ သူမသည် သာမန်ရိုးရှင်းသည့် အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း သီးသန့်ဆန်သည့် ဝိဉာဉ်အော်ရာများ သူမအနားတွင် ရှိနေလေသည်။
ထိုမြို့ငယ်လေးအတွင်းတွင် မိန်းမပျိုလေးသည်လည်း တစ်ခုခုကို အာရုံခံမိသွားပြီး သူ့ဘက်သို့လှည့်လာလေသည်။ သူ့ကို တွေ့သည်နှင့် သူမ၏ မျက်နှာတွင် အံ့အားသင့်သွားသည့်အမူအရာဖြစ်သွားပြီး သူမပါးစပ်ကို လက်ဖြင့်အုပ်ကာ “နင်လား”
သူမသည် ပျက်စီးခြင်းတောင်တန်းတစ်ရာတွင် တွေ့ခဲ့သည့် ယုကျီမော့ဖြစ်မှန်း ရှီဟောင် မှတ်မိသွားသည်။ သူမသည် မိုးကလန်မှ သူရဲကောင်းနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ရှားပါးသည့် မွေးရာပါ ဝိဉာဉ်စွမ်းအင်ကိုပိုင်ဆိုင်ထားသည့်သူမဖြစ်သည်။ သူမသည် အနာဂတ်ကို အနည်းငယ် ခန့်မှန်းနိုင်၏။
မိုးကလန်ကို ဖျက်ဆီးသည့်အချိန်တွင် ရှီဟောင်သည် လူအားလုံးကို ရှင်းလင်းခဲ့ခြင်းမဟုတ်။ သူသည် အမျိုးသမီးအချို့၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို လွတ်ပေးခဲ့သည်။ ဤမိန်းကလေးသည် ထိုနေ့က ကလန်တွင်မရှိသောကြောင့် လွတ်သွားခြင်းပင်။
ယုကျီမော့သည် သူမခေါင်းကိုငုံ့ချလိုက်၏။ ထို့နောက် ခေါင်းပြန်မော့ကာ သူ့ထံသို့ လျှောက်လာပြီး “ရှင် ကျွန်မကို သတ်ချင်နေတာမလား … အဲဒါဆိုလည်း သတ်လိုက်တော့”
“မင်းသွားနိုင်ပါတယ်” ရှီဟောင် ပြောလိုက်၏။ ရှီဟောင် သူမကို အာရုံမစိုက်နိုင်ပေ။ သူ၏ စိတ်သည် နတ်ဘုရားလေးပါးကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ကိုသာ တွေးနေရသည်။
ရုတ်တရက်ပင် ယုကျီမော့သည် အနောက်သို့ ဆုတ်လိုက်ပြီး သူမ၏ မျက်ခုံးကြားတွင် အက်ကွဲကြောင်းပေါ်လာကာ သွေးများ စီးကျလာလေ၏။ သူမရှီဟောင်ကို ကြည့်လိုက်သည့်အချိန်တွင် သူမ၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားလေသည်။
သူမသည် ရှီဟောင်ကို ကြည့်လိုက်ပြီး “ကျွန်မ ရှင့်ရဲ့ အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်မှာ ပရမ်းပတာဖြစ်တာပဲ မြင်ရတယ် … ကျွန်မ နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ ရှင့်ရဲ့နောက်မှာဘာမှမရှိဘူး”
သူတို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့သည့်အချိန်တွင် သူမသည် ပျက်စီးခြင်းတောင်တန်းတစ်ရာတွင် ပြောခဲ့သည့်အတိုင်း ပြောပြန်သည်။
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ခေါင်းမော့ကာ သူမကို မေးလိုက်၏ “မင်းဘာပြောချင်တာလဲ” သူ ဒီလိုစကားမျိုးကို ကြားဖူးခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။
“ကျွန်မ မသိဘူး” ယုကျီမော့သည် သူမနဖူးမှ စီးကျလာသည့်သွေးများကို သုတ်ပြီး ပြောလိုက်၏ “ရှင်က … ဒီရှေးဟောင်းသမိုင်းရဲ့ အစိတ်အပိုင်းအနေနဲ့ မရှိဘူး … ကြည့်ရတာ ရှင်က … ဒီကမ္ဘာကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်”
အနောက်ပိုင်းမှ ကိစ္စကို ရှီဟောင် နားလည်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အချိန်မရွေးသေနိုင်လေသည်။ ပထမအကြောင်းကို သူနားမလည်ပေ။ သို့သော် သူသည် လက်ကို ဝေ့ရမ်းကာ ထိုနေရာမှ ထွက်သွားလေ၏။ သူ ထိုအကြောင်းကို စဉ်းစားရန် အချိန်မရှိသေး။
ရှီဟောင် ကျောက်တုံးမြို့တော်သို့ တိတ်တိတ်လေး ပြန်သွားခဲ့သည်။ နန်းတော်ခန်းမသည် အေးစက်နေပြီး အစောင့်များ၏ ဝိဉာဉ်များလည်း ပျောက်ဆုံးနေလေသည်။
“ဖန်ကိုး” ထို့နောက်တွင် ရှီဟောင်သည် ဖန်ကိုးကို မြို့အပြင်ဘက်တွင်ရှိသည့် အင်ပါယာစံအိမ်တွင် တွေ့လိုက်ရသည်။ သူသည် သူ၏ဒဏ်ရာများကို ကုသရန်အတွက် ဤနေရာတွင် ပုန်းခိုနေခြင်းပင်။ ကံကောင်းစွာဖြင့်ပင် သူအသက်အန္တရာယ်မရှိတော့ပေ။
“အရှင်မင်းကြီး … အရှင် အသက်ရှင်နေတုန်းပဲ” ဖန်ကိုး ထိတ်လန့်သွားလေသည်။ သူပင်မဟုတ် အင်ပါယာနန်းတော်တွင်ရှိသည့် သူအားလုံးသည် ရှီဟောင် သေဆုံးသွားပြီဟု ထင်နေကြခြင်းပင်။
သူသည် ဘေးကင်းလုံခြုံစွာဖြင့် ပြန်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း … ဖန်ကိုး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်နေပြီး သူဘာပြောရမှန်းပင် မသိတော့ပေ။
ထို့နောက် စစ်ဘုရင်၊ မင်ဘုရင်နှင့် အခြားသူများသည်လည်း သတင်းရသည်နှင့် အပြေးလေး ရောက်လာကြလေသည်။ အချို့သူများမှာ တုန်လှုပ်သွားကြပြီး ဖော်ပြ၍ပင် မရနိုင်လောက်အောင်ပင် ပျော်ရွှင်နေကြ၏။ ရှီဟောင်ကို နောက်တစ်ကြိမ် ပြန်တွေ့ရခြင်းမှာ အံ့ဩဖွယ်ပင် ဖြစ်သည်။
သူသည် နတ်ဘုရားသုံးပါးကို အပြင်ဘက်သို့ ခေါ်သွားပြီး တစ်ယောက်တည်းတိုက်ခိုက်ခဲ့သော်လည်း သူတစ်ယောက်တည်းပြန်လာနိုင်သည်။ ထိုကျွမ်းကျင်သူများအားလုံး သေသွားကြပြီလား … သူတို့ ဤအကြောင်းကိုစဉ်းစားမိသွားသည်နှင့် သူတို့၏နှလုံးသည် လည်ချောင်းထဲမှ ခုန်ထွက်လာတော့မလိုပင် ခံစားနေကြရလေသည်။
“အရှင်မင်းကြီး အရှင်သူတို့ကို … သတ်လိုက်တာလား”
“သူတို့အားလုံး သေသွားပြီ” ရှီဟောင် ပြုံး၍ ပြောလိုက်၏။
ထိုလူများအားလုံး ထိတ်လန့်သွားပြီးနောက် သူတို့၏ အမူအရာများမှာ ချက်ချင်းပင် တောက်ပလာလေသည်။
“ချင်ဖန်းရော ဘယ်မှာလဲ” ရှီဟောင် မေးလိုက်သည်။ သူ ချင်ဖန်းကို ဤနေရာတွင် မတွေ့ပေ။
သူထိုမေးခွန်းကို မေးလိုက်သည်နှင့် အားလုံးမှာ အမူအရာ ပျက်သွားကြ၏။
ရှီဟောင်သည် သူ၏ အသက်ကိုပင် ဂရုမစိုက်ပဲ နတ်ဘုရားသုံးပါးကို ခေါ်ထုတ်သွားသည့်အချိန်တွင် ချင်ဖန်း၏ နှလုံးသားမှာ ပူလောင်လာကာ စိုးရိမ်လာ၏။ ရှီဟောင်သေမည်စိုးသောကြောင့် သူသည် ယဇ်ပုလ္လင်မှတစ်ဆင့် ထွက်ခွာသွားကာ သူ့ကိုကယ်ရန်အတွက် ကျွမ်းကျင်သူများကို သွားရှာနေသည်။
ချင်ဖန်းသည် ကျောက်တုံးကျေးရွာသို့ သွားပြီး အမွှေးဘောလုံးနှင့် အနီလေးတို့ကို သွားခေါ်မှာ သေချာသည်။
ဤအတောအတွင်းတွင် ကိစ္စနှစ်ခု ဖြစ်ပျက်ခဲ့၏။ ပထမတစ်ခုမှာ အခြားနတ်ဘုရားများသည် ယန်လိ၊ သင်းခွေချပ်ကောင်နှင့် မြေအောက်ကမ္ဘာမှ နတ်ဘုရားများကို လာကြည့်ကြ၏။ ထိုအချိန်တွင် သူတို့သည် အမွှေးဘောလုံးနှင့် အနီလေးတို့နှင့် တွေ့ကာ တိုက်ခိုက်ကြရင်း ပျက်သုန်းခြင်းနယ်မြေသို့ ရောက်သွားသည်။
ရလဒ်ကိုမူ သူတို့ မသိကြသေးပေ။
အခြားတစ်ခုမှာ ကောင်းကင်ပြုပြင်စံအိမ် အပျက်အစီးပုံများကြားတွင် နတ်ဘုရားတစ်ပါးပေါ်လာပြီး အားလုံးကို ဖျက်ဆီးပစ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့လေသည်။ သူသည် ရှေးဟောင်းမြင့်မြတ်သည့်တံတိုင်းကို ဖွင့်ရန် ကြိုးစားနေသည့်ပုံပင်။
ထိုအကြောင်းအရာများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် ထိတ်လန့်သွားရ၏။ နောက်ဆုံးတော့လည်း အမွှေးဘောလုံးနှင့် အနီလေးတို့ ရောက်လာရသည်ပင်။ သို့သော် သူတို့သည် နတ်မီးတောက်များ ရခါစဖြစ်သောကြောင့် ထိုနတ်ဘုရားများကိုယှဉ်နိုင်မည်မဟုတ်။ သူတို့ဤအတိုင်းသာ ဆက်တိုက်နေပါက သူတို့ သေသွားလိမ့်မည်။
သို့သော် သူ ချင်ဖန်းကိုလည်း အပြစ်တင်၍မရပေ။ ဤနူးညံ့ကာ အားနည်းသော လူငယ်လေးသည် အလွန်ဒေါသထွက်သွားကာ သူသေမည်ကို စိုးရိမ်သွားသောကြောင့် သူ့ကို ကယ်တင်နိုင်ရန်အတွက် အကျိုးဆက်များကိုပင် မစဉ်းစားတော့ပဲ လုပ်လိုက်ခြင်းပင်။
“အင်ပါယာနန်းတော်မှာ ဘယ်နတ်ဘုရားရောက်လာတာလဲ” ရှီဟောင်သည် တည်ငြိမ်အောင်ကြိုးစားပြီး မေးလိုက်သည်။
“အနောက်ဘက်ဂိုဏ်း ၆ ကျန်းခန္ဓာကိုယ်ကို ကျင့်ကြံတဲ့ ကျွမ်းကျင်သူ … သူ့အနားမှာ တောက်လောင်နေတဲ့ နတ်မီးတောက်က အရမ်းကို တောက်ပနေတာ” ဖန်ကိုး ပြောလိုက်၏။
“ဘာ…” ရှီဟောင် ထိုစကားကို ကြားလိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံးအေးခဲသွားရ၏။ နတ်ဘုရားသုံးပါးမှတစ်ဆင့် သူသိခဲ့ရသည်မှာ အနောက်ဘက်ဂိုဏ်းမှ ကျွမ်းကျင်သူ၏ နတ်မီးတောက်သည် ဒုတိယအဆင့်ဖြစ်သည်။
တစ်နာရီကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ထိုတောင်၏ အတွင်းပိုင်းသို့ ပြေးဝင်သွားလိုက်သည်။ သူသည်ပျက်စီးနေသော တောင်စောင်းများကိုတွေ့လိုက်ရပြီး မြေကြီးမှာလည်း ချော်ရည်ခဲများအဖြစ် ပြောင်းလဲနေသည်ကို သူတွေ့လိုက်ရသည်။
သူ ဘေးပတ်လည်ကို ကြည့်လိုက်သည့်အချိန်တွင် သွေးစွန်းနေသော အနီရောင်အတောင်များကို တွေ့လိုက်ရ၏။ ထိုအတောင်များမှာ အနီလေး၏ အတောင်များပင်။
ထို့နောက်တွင် သူသည် ရွှေရောင်အမွှေးများနှင့်အတူ ကျိုးနေသည့် သံချောင်းကို တွေ့လိုက်ရ၏။ ထိုအရာများမှာ အမွှေးဘောလုံးလေး၏ အရာများပင်။
ရှီဟောင်၏ မျက်ခွံများ ကွဲကြေမတတ် ခံစားနေရသည်။ အရာအားလုံးသည် သူထင်ထားသကဲ့သို့ပင်။ သူတို့နှစ်ယောက် ကျဆုံးသွားလေပြီ။ သူသည် မီးကျွမ်းနေသည့် ဇာမဏီငှက်အတောင်ပံကို တွေ့ခဲ့ပြီး ရွှေရောင်အမွှေးနှင့် သွေးများပေနေသည့် အမွှေးဘောလုံး၏အရိုးကိုလည်း တွေ့ခဲ့ရသည်။ ဤသည်မှာ သူတို့ သေဆုံးသွားပြီဖြစ်ကြောင်းပြသသည့် သက်သေများပင်။
အား…. ရှီဟောင် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဒဏ်ရာရနေသည့် သားရိုင်းကောင်ကဲ့သို့ပင် ငိုကြွေးနေလေသည်။ သူ ဤအဖြစ်အပျက်ကို လက်မခံနိုင်သေးပေ။
“ငါ မင်းတို့အားလုံးကို မသေစေချင်ဘူး” သူ၏ မျက်လုံးများမှာ နီရဲနေသည်။ အမွှေးဘောလုံးကို သူငယ်စဉ်ကတည်းက ခေါ်ထားခြင်းဖြစ်ပြီး သူတို့ အတူတူကြီးပျင်းလာခဲ့ကြသောကြောင့် သူတို့၏ ခံစားချက်များမှာ နက်ရှိင်းလှသည်။ အနီလေး၏ နှုတ်ခမ်းသည် ပွစိပွစိနိုင်သော်လည်း သူသည် ကျောက်တုံးကျေးရွာကို ကာကွယ်ပေးနေသည့် သူပင်။
သူတို့ ဘယ်လိုသေသွားရတာလဲ … ဘယ်လောက်တောင် ဆိုးဝါးတဲ့ အဖြစ်အပျက်ကြီးဖြစ်ခဲ့တာလဲ … ဤအဖြစ်အပျက်ကို လက်ခံနိုင်ရန် သူ့အတွက် ခက်ခဲလွန်နေ၏။
အနောက်ဘက်နယ်စပ်မှ တိုက်ပွဲပြီးဆုံးသွားသည့်နောက် သူတို့ ကျောက်တုံးကျေးရွာသို့ ပြန်သည့်အချိန်တွင် မည်သည့်နတ်ပစ္စည်းမှ မယူသွားကြပေ။ သူတို့သည် ဒုတိယစွမ်းအားအကြီးဆုံးဖြစ်သည့် အနောက်ဘက်ဂိုဏ်းမှ ကျွမ်းကျင်သူနှင့် မည်သို့များ တိုက်ခိုက်ခဲ့သနည်း … ထိုကျွမ်းကျင်သူမှာ ယန်လိ၊ သင်းခွေချပ်ကောင်နှင့် မြေအောက်ကမ္ဘာမှ နတ်ဘုရားများအားလုံး ပေါင်းသည်ထက်ပင် ပို၍ အင်အားကြီးသည်။
ရှီဟောင်သည် အရူးတစ်ယောက်ကဲ့သို့ပင် နေရာအနှံ့ကို လိုက်ရှာနေသည်။ ထို့နောက်တွင် သူ အမွှေးများနှင့် သွေးများပေနေသည့် အမွှေးဘောလုံးအရိုးများနှင့်အတူ အနီလေး၏ အတောင်ပံနောက်တစ်ဖက်ကိုလည်း တွေ့လိုက်ရသည်။ ဤအရာများသည် သူ့ကို ရူးအောင် လုပ်နေလေသည်။ ရှီဟောင် ခေါင်းမော့ကာ အော်ဟစ်လိုက်၏။
ရှီဟောင် ပြင်းထန်စွာပင် ငိုကြွေးခဲ့သည်။ ဤအကြိမ်သည် သူပထမဆုံး ရင်ကွဲသည့်ခံစားချက်ကို ခံစားဖူးခြင်းပင်။ သူ ကျောက်တုံးကျေးရွာမှ ထွက်လာပြီးနောက်တွင် သူသည် အမြဲတမ်းပျော်ရွှင်စွာနှင့် အကြောက်တရားကင်းမဲ့စွာပင် နေထိုင်ခဲ့ပြီး သူ၏ ရန်သူမျာအားလုံးကို ရှင်းလင်းခဲ့သည်။ သူ ဤကဲ့သို့ကပ်ဆိုးကို တစ်ခါမှ မကြုံဖူးပေ။
ကမ္ဘာလုံးရှိ လူများ၏ အမြင်တွင် သူသည် ပြိုင်ဘက်ကင်းသည့် အဆင့်လွန်လူငယ် ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်၏။ လေဟာနယ်နတ်ဘုရားနယ်မြေတွင် သူသည် လူသားနှင့် နတ်ဘုရားများကို ဒေါသထွက်စေသည့် နတ်ဆိုးကလေးဖြစ်သည်။ သူသည် အမြဲတမ်းပင် သူ၏ ရန်သူများကို ရှင်းလင်းပစ်ခဲ့၏။
သူ၏ အားနည်းသည့်ဘက်ခြမ်းကိုမည်သူမျှ မမြင်ဖူးခဲ့ပေ။ ရှီဟောင်သည် ရှိုက်ကြီးတငင်ငိုကာ မြေပြင်ပေါ်တွင် ကျနေသည့် အမွှေးဘောလုံး၏ အရိုးများနှင့် အနီလေး၏ အတောင်ပံကို သိမ်းဆည်းလိုက်၏။
“ငါမင်းတို့ကို မသေစေချင်ဘူး … ငါမင်းတို့ နှစ်ယောက်ကို အသက်ရှင်စေချင်တယ်” သူ ဝမ်းနည်းကာ နာကျင်နေရ၏။ မျက်ရည်များအဆက်မပြတ် ကျဆင်းလာပြီး ကျယ်လောင်စွာပင် အော်ဟစ်နေလေသည်။
ယခုအချိန်တွင် သူသည် တစ်ကမ္ဘာလုံးမြင်နေရသည့် ဂျီးနီးယပ်စ်ကျောက်တုံးလေး မဟုတ်တော့ပဲ သာမန် အသက် ၁၅ နှစ်အရွယ် လူငယ်လေးသာ ဖြစ်သွား၏။ သူသည် အကူအညီကင်းမဲ့ကာ နှိုင်းယှဉ်၍ မရအောင်ပင် ဝမ်းနည်းနေရသည်။
ရှီဟောင်သည် တောင်တစ်ခုလုံးကို ရှာဖွေပြီးသွားသည့်အချိန်မှသာ စိတ်ပျက်အားငယ်စွာ ထွက်သွားလေသည်။
သူသည် အင်ပါယာနန်းတော်သို့သာ ပြန်လာခဲ့သည်။ သူသည် လမ်းကြောင်းတစ်ခုကို ဂရုတစိုက်ဖွင့်ပြီးနောက် ခြေရာအားလုံးကို ဖျောက်ဖျက်ကာ ကျောက်တုံးကျေးရွာသို့ ဦးတည်ခဲ့လိုက်သည်။
ပုံမှန်အားဖြင့် မည်သည့်ကိစ္စပင် ဖြစ်နေပါစေ သူနှင့်အတူ ကပ်ဆိုးများ ပါသွားမည်စိုးသောကြောင့် သူ ထိုရွာသို့သွားလိမ့်မည်မဟုတ်။ သို့သော် ယခုအချိန်တွင် သူသည် အလွန်ဝမ်းနည်းနေပြီး အသက်ရှူရန်ပင် ခက်ခဲနေသည်။ သူ၏ စိတ်သည်လည်း မီးတောက်များ ပွင့်ထွက်မတတ်ပင်။
သူရောက်သွားသည်နှင့် ငိုကြွေးနေသည့်အသံများကို ကြားလိုက်ရ၏။ ကလေးများမှာ မျက်ရည်သုတ်နေကြပြီး လူကြီးများမှာလည်း ဝမ်းနည်းသည့်ပုံ ပေါက်နေလေသည်။ ကျောက်တုံးကျေးရွာတစ်ခုလုံးမှာ အလွန်ပင် ညှိုးငယ်ထိုင်းမိုင်းနေလေ၏။
သူ ယဇ်ပုလ္လင်ပေါ်မှ ဆင်းလာသည်နှင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျယ်လောင်စွာ ငိုကြွေးနေသည့် ချင်ဖန်းကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အခေါင်းတစ်ခုလည်း ရှိနေလေသည်။
“အမွှေးဘောလုံး အနီလေး” ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ပါးစပ်မှ သွေးများအန်ထွက်လာကာ မျက်ရည်များလည်း ကျဆင်းလာ၏။ “မင်းတို့နှစ်ယောက် ဆိုးဆိုးဝါးဝါး သေခဲ့ရတာပဲ”
ထိုအချိန်တွင် ရွာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ အားလုံးသည် သူ့ကို လှည့်ကြည့်လာကာ ဆွံ့အနေကြလေသည်။ ချင်ဖန်းပင်လျှင် ပို၍ အံ့ဩသွားကာ ရှီဟောင့်မျက်မှာကို စိုက်ကြည့်နေလေသည်။
“ဘယ်ကောင်က … ငါသေဖို့ကို ကျိန်ဆဲနေတာလဲ” ထိုအချိန်တွင် အားနည်းနေသည့် အမွှေးဘောလုံး၏ အသံထွက်ပေါ်လာလေသည်။
ထို့နောက် အနီလေး၏ ငိုသံ ထွက်ပေါ်လာလေ၏။
ရှီဟောင်မှာ ချက်ချင်းပင် ဆွံ့အသွားကာ သူ၏ နားကိုပင် သူမယုံကြည်နိုင်ဖြစ်နေသည်။ ထို့နောက်တွင် သူသည် အမွှေးဘောလုံးနှင့် အနီလေးကို တွေ့လိုက်ရသောကြောင့် သူ၏ ဝမ်းနည်းမှုများအားလုံး ပျောက်ကွယ်သွားကာ ပျော်ရွှင်မှုများ အစားထိုး ဝင်ရောက်လာ၏။ ထို့နောက်တွင်မူ သူသည် ကျယ်လောင်စွာ ငိုကြွေးလိုက်လေသည်။
ထိုအချိန်တွင် ကျောက်တုံးကျေးရွာတွင်ရှိသည့်သူများအားလုံးသည်လည်း ကျယ်လောင်စွာ အော်ဟစ်ကြလေတော့သည်။
“ဟောင်အာ ငါတို့က မင်းသေသွားပြီ ထင်နေတာ … အဲဒီနတ်ဘုရားသုံးပါးက မင်းကို သတ်သွားပြီ ထင်နေတာ”
“ဟောင်လေး မင်းအသက်ရှင်နေသေးတယ်ပေါ့ … ကောင်းလိုက်တာ”
အားလုံးသည် သူ့ကို မြှောက်လိုက်ကြပြီး သူ့ကို သေချာထိကြည့်နေကြသည်။ သူတို့အားလုံးသည် အငိုမျက်လုံး အပြုံးမျက်နှာ ဖြစ်နေကြ၏။
ထိုအခေါင်းသည် အမွှေးဘောလုံးနှင့် အနီလေးအတွက်မဟုတ်ပဲ သူ့အတွက် ပြင်ဆင်ထားခြင်းဖြစ်မှန်း ရှီဟောင် ရုတ်တရက်ပင် နားလည်သွားလေသည်။ သူတို့အားလုံးသည် သူသေသွားပြီဟု ထင်နေကြခြင်းပင်။
“အားလုံး အသက်ရှင်နေကြသေးတယ် … ဒါက တကယ်ကို ကောင်းတယ်” ရှီဟောင်သည် သူ၏ မျက်နှာမှ မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ရှက်နေသည့် အမူအရာ ဖြစ်နေလေသည်။ သူလူအများရှေ့တွင် သတိလက်လွတ်ပြုမူခြင်းမှာ ဤအရာသည် ပထမဆုံးအကြိမ်ပင်။
သူ အမွှေးဘောလုံးနှင့် အနီလေးကို တွေ့လိုက်ရ၏။ သူတို့သည် ဒဏ်ရာပြင်းထန်စွာ ရရှိနေကြပြီး အမွှေးဘောလုံးသည် အောက်ပိုင်းတစ်ပိုင်းလုံး မရှိတော့ပေ။ အနီလေး၏ အတောင်ပံများမှာလည်း စုတ်ပြဲနေ၏။ သူတို့၏ အခြေအနေမှာ ဆိုးဝါးလွန်းလှသည်။
သို့သော် သူတို့နှစ်ယောက် အသက်ရှင်နေသရွေ့ ဤဒဏ်ရာများသည်ပြဿနာ မဟုတ်ပေ။ နတ်မီးတောက်သော သူများအတွက် သူတို့၏ ပြန်လည်ကုသနိုင်စွမ်းမှာ အလွန်ပင် မြန်လွန်းလှသည်။ အနှေးနှင့်အမြန် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ပြန်ကောင်းလာလိမ့်မည်။
“ငါက မင်းတို့ နှစ်ယောက် သေသွားပြီ ထင်နေတာ” ရှီဟောင် ပြောလိုက်၏။
“ငါတို့ တကယ် သေတော့မလို့ပဲ … အဲဒီရွှေရောင်ခန္ဓာကိုယ်ကြီးက အရမ်းစွမ်းအားကြီးတယ် … ငါတို့ သူ့ကိုမတိုက်နိုင်ဘူး” အမွှေးဘောလုံး ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကြောင့် ညီးတွားလိုက်သည်။ သူ၏ အခြေခံစွမ်းအားများပင်လျှင် ပျက်စီးသွားပြီဖြစ်သည်။
အနီလေးလည်းထို့အတူပင်။ ဒဏ်ရာမရသည့်နေရာမရှိပေ။ သူ၏ မူလရှေးဟောင်းသင်္ကေတအရိုးများပင် အက်ရာထင်သွားပြီဖြစ်၏။ သူတို့နှစ်ယောက်သည် ထိုဒဏ်ရာများကို အနည်းဆုံး ၁ နှစ် ၂ နှစ်ခန့် မကုလျှင် ပျောက်မည်မဟုတ်။
“စိတ်မပူပါနဲ့ … ငါ့မှာ နေနတ်ဘုရားသစ်ပင်ရဲ့ နတ်ဆေးရည်ရှိတယ် … ရော့ မင်းတို့ တစ်ယောက်တစ်စက် … မင်းတို့ နှစ်ဝက်အတွင်း ပြန်ကောင်းသွားမှာ” ရှီဟောင် ပြောလိုက်ကာ ကျောက်စိမ်းဘူးလေးကို ထုတ်လိုက်ပြီး သူတို့ကို တစ်ယောက်တစ်စက် ပေးလိုက်သည်။
သူ သုံးစက်သာရခဲ့ပြီး တစ်စက်ကို သူ၏မိဘများကို ပေးခဲ့ပြီး ကျန်သည့်နှစ်စက်ကို ဤနှစ်ယောက်ကို ပေးလိုက်ပြီဖြစ်၏။
“အနောက်ဘက်ဂိုဏ်းက ကျွမ်းကျင်သူကရော” ရှီဟောင် မေးလိုက်၏။
“သေပြီ ငါတို့ သူ့ကို သတ်လိုက်တာ” အနီလေး ပြောလိုက်သည်။
“သေပြီဟုတ်လား” ရှီဟောင်သည် သူကြားလိုက်သည်ကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။ ဤအရာမှာ မဖြစ်နိုင်ပေ။ အမွှေးဘောလုံးနှင့် အနီလေးက ဒုတိယစွမ်းအားအကြီးဆုံးနတ်ဘုရားကို ဘယ်လိုလုပ် သတ်နိုင်မည်နည်း … သူတို့ကြားမှ ကွာခြားမှုမှာ ကြီးမားလွန်းသည်။
“ငါတို့ ကျောက်တုံးကျေးရွာရဲ့ ရှေးဟောင်းပစ္စည်းကို သုံးလိုက်တာ” အမွှေးဘောလုံး ပြောလိုက်၏။
ကျောက်တုံးကျေးရွာတွင် ရှေးဟောင်းပစ္စည်းနှစ်ခု ရှိသည်။ တစ်ခုမှာ အရိုးဖြစ်ပြီး အခြားတစ်ခုမှာ သားရဲအရေခွံဖြစ်၏။ ယခုတစ်ခေါက်တွင် အမွှေးဘောလုံးနှင့် အနီလေးမှာ ထိုရှေးဟောင်းပစ္စည်းများကို အသုံးပြုလိုက်ခြင်းပင်။ သူတို့သည် ထိုပစ္စည်းများမှ ချိတ်ပိတ်ထားသည်များကို ဖယ်ရှားလိုက်သောကြောင့် ထိုပစ္စည်းများမှာ ကျောက်တုံးတိုင်းပြည်မှ မှော်နတ်ပစ္စည်းများထက်ပင် အစွမ်းထက်သည်။
ရှီဟောင် အံ့အားသင့်သွား၏ “အဲဒီပစ္စည်းတွေကို သုံးလိုက်တယ်ဆိုရင်တောင်မှ သူ့ကို သတ်ဖို့က အရမ်းခက်တယ်လေ မဟုတ်ဘူးလား”
“ဟုတ်တယ် … ငါတို့က အခုမှ နတ်မီးတောက်ရတာလေ အနောက်ဘက်ဂိုဏ်းက ကျွမ်းကျင်သူက နတ်မီးတောက်ရတာ နှစ်ပေါင်းရာချီနေပြီ … သူက အရမ်းစွမ်းအားကြီးပြီး သူ့ရဲ့ ခွန်အားက သူနဲ့အဆင့်တူတဲ့သူတွေထက်တောင် ပိုကြီးသေးတယ်” အနီလေး ပြောလိုက်၏။
အရေးအကြီးဆုံးတစ်ခုမှာ သူတို့သည် ကျောက်တုံးကျေးရွာမှ အခြား ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည့် အနက်ရောင်အိုးကိုလည်း ယူသွားခြင်းပင်။
ထို ဆေးအိုးမှာ အလွန်ထူးဆန်းလှ၏။ ဝိဉာဉ်ဆေးပင်၊ ရှေးဟောင်းသားရဲသွေးနှင့် အခြားအရာများကို အသုံးပြုပြီး ဆေးလုံးဖော်စပ်သည့်အချိန်မှသာ သူ၏ သာမန်မဟုတ်သည့် ရလဒ်များကို တွေ့နိုင်လေသည်။
ချင်ဖန်းအကြံပေးချက်ကို နားထောင်ကာ သူတို့ ထိုအိုးကို ယူသွားခြင်းပင်။ အရေးကြီးသည့်အချိန်တွင် အိုးသည် အံ့ဩဖို့ကောင်းသည့် အစွမ်းကို ပြသနိုင်ခဲ့သည်။ သူ၏ ခုခံနိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းလှပြီး ထိုအိုးထဲ ဝင်ပုန်းနေလျှင် ပျက်စီးမှု၏ ကိုးဆယ် ရာခိုင်နှုန်းကို ရှောင်ရှားနိုင်သည်။
ထို့အပြင် သူတို့ ကျဆုံးတော့မည့်အချိန်တွင် အိုးသည် ဆေးလုံးမီးတောက်များကို ထုတ်လွှတ်ကာ အနောက်ဘက်ဂိုဏ်းမှ ကျွမ်းကျင်သူများကို ပြာဖြစ်သွားအောင် လုပ်လိုက်သည်။
“ဒါက …” ရှီဟောင်သည် လုံးဝပင် ကြက်သေ သေသွားပြီး ပြောစရာစကားလုံးများပင် ပျောက်ရှသွား၏။ ထိုအိုးသည် သာမန်မဟုတ်မှန်း သူသိသော်လည်း ဆေးလုံးများကို ပြုလုပ်ပေးနိုင်ယုံသာမက ဤကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
နတ်ဘုရားခုနှစ်ပါးထဲမှ ဒုတိယစွမ်းအားအကြီးဆုံး နတ်ဘုရားသည် ဤကဲ့သို့ပင် အဆုံးသတ်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“အိုးက ဘယ်မှာလဲ နောက်ထပ်နတ်ဘုရားတစ်ပါးကို သတ်ဖို့ ငါအဲဒါကို သုံးရမယ်” ရှီဟောင် မေးလိုက်၏။
ရှီဟောင်သတ်လိုက်သော နတ်ဘုရားများနှင့် အမွှေးဘောလုံးနှင့် အနီလေးသတ်လိုက်သည့် နတ်ဘုရားအကြောင်း သတင်းမပြန့်သေးပေ။
သူသည် အိုးကို အသုံးပြုကာ ကောင်းကင်ပြုပြင်စံအိမ်ကို ဝင်မွှေသွားသည့် နတ်ဘုရားကို သတ်ပစ်ချင်သည်။
“ပျောက်သွားပြီ” အမွှေးဘောလုံး သက်ပြင်းချကာ ပြောလိုက်၏။
ထိုအိုးသည် ဆေးလုံးမီးတောက်ထွက်ပေါ်လာကာ အနောက်ဘက်ဂိုဏ်းမှ ကျွမ်းကျင်သူကို သေအောင်လုပ်ပြီးသွားသည့်အချိန်တွင် ထိုအိုးသည်လည်း အနီရောင်အလင်းနှင့်အတူ ပျောက်ကွယ်သွားလေသည်
ယနေ့တွင် ဝမ်းနည်းခြင်းမှ ပျော်ရွှင်ခြင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသောကြောင့် ရှီဟောင် အနည်းငယ် ထုံနေလေ၏။ ထိုအနက်ရောင်အိုးပျောက်သွားသည်ဟု ကြားလိုက်ရသော အချိန်တွင် သူ ဆွံ့အသွားသော်လည်း မတုန်လှုပ်မိပေ။ သူအနည်းငယ်သာ နှမြောမိသည်။
“အဲဒီ အိုးအက်သွားတာကို ငါသေချာ မြင်လိုက်တယ် … သူ့ရဲ့ အနက်ရောင်အခွံကွဲသွားပြီး အဖြူရောင်ကျောက်စိမ်းလိုမျိုး ချောမွတ်သွားတာ ပြီးတော့ အရိုးအိုးပုံစံပြောင်းသွားပြီး ပျောက်သွားတာ” အနီလေး ပြောလိုက်၏။
အနီလေးသည် မီးနတ်စွမ်းရည်တွင် ကျွမ်းကျင်သောကြောင့် အနက်ရောင်အိုးမှ ဆေးလုံးမီးတောက်များကို ထုတ်လွှတ်သည့်အချိန်တွင် သူအာရုံခံနိုင်လေသည်။ အဖြူရောင်အရိုးအိုးလေး အနီရောင်မီးတောက်အောက်တွင် ပျောက်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။