သုခကမ္ဘာက ရှီဟောင် - Chapter - 772 ပထမဘိုးဘေး ပြန်လည်ပေါ်ထွက်လာခြင်း
ထိုသူသည် တောင်တစ်လုံးပေါ်တွင် ထိုင်နေသာ ကျောက်တုံးများနှင့် အပျက်အစီးများမှာ လေထဲတွင် လွင့်မျောနေ၏။ စွမ်းအားကြီးသော အော်ရ်ာလည်း လေထဲတွင် ပျံ့လွင့်နေသည်။
ရှီဟောင် လမ်းလျှောက်နေသည်ကို ရပ်တန့်ကာ အံ့အားသင့်သွားရ၏။ ဤနတ်ဘုရားသည် အလွန်စွမ်းအားကြီးပုံပေါ်ပြီး ယန်လိနှင့် သင်းခွေချပ်ကောင်တို့ထက်ပင် ပို၍ အထင်ကြီးစရာကောင်းလှ၏။ သူသည် လေဟာနယ်ထဲတွင် ပျောက်ကွယ်လုနီးပါးဖြစ်ပြီး သူ၏ မျက်လုံးများမှသာ သူ၏ စွမ်းအားကို ထုတ်ဖော်ပြနေသည်။
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနက်ရောင်အလင်းများ တောက်ပနေ၏။ မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်ဝတ်စုံသည် သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော်လည်း စွမ်းအားကြီးသည့် စွမ်းအားလှိုင်းများကို ထုတ်လွှတ်ခြင်းမရှိပေ။ သူ အထူးနည်းလမ်းများဖြင့် ပြုလုပ်ထားသောကြောင့် ဝတ်စုံသည် အဆင့်မမြင့်ခင်က ကဲ့သို့ပင် ဖြစ်နေသည်။ ရှီဟောင်သည် ထိုနတ်ဘုရား၏ အသက်ကိုရယူနိုင်ရန်အတွက် တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေလေ၏။
အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် အခွင့်အရေး အများကြီး မရှိပေ။ ဤအခွင့်အရေးကိုအသုံးချကာ သူ့အတွက် အကျိုးရှိအောင် လုပ်ရမည်။
“မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်လိုမျိုး အဖိုးတန်ပစ္စည်းက ရှေးခေတ်ကတည်းကနေ အခုထိ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” နတ်ဘုရား၏ အေးစက်နေသော မျက်လုံးများမှာ မီးတောက်လာပြီး နေလုံးလေးကဲ့သို့ပင် ဖြစ်လာ၏။
ထို့အပြင် သူ၏ မူလခန္ဓာကိုယ် ပေါ်လာသည်။ ဤလူမှာ ကောင်းကင်နေမင်းကဲ့သိုပင် တောက်ပနေသည့် ယောက်ျားလေး တစ်ဦးဖြစ်၏။ သူ၏ ခန္ဓာကိုယ်တွင် ငွေရောင်အကြေးခွံများ ဖုံးလွှမ်းနေပြီး သူ၏ ကျောဘက်တွင်လည်း ငွေမှ ပြုလုပ်ထားသကဲ့သို့ပင် တောက်ပနေသည့် နတ်အတောင်ပံတစ်စုံ ရှိသည်။
“ယန်လိ၊ သင်းခွေချပ်ကောင်နဲ့ မြေအောက်ကမ္ဘာက နတ်ဘုရားတွေက မင်းကိုသတ်ဖို့အတွက် ကျောက်တုံးတိုင်းပြည်မြို့တော်ကို လိုက်သွားခဲ့ကြတယ် … ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့က မင်းကို လိုက်ဖမ်းနေတာ ဒီအင်္ကျီကြောင့်ကိုး” နတ်ဘုရား ခေါင်းညိမ့်ကာ ပြောလိုက်၏။
သူသာဆိုလျှင်လည်း ရှီဟောင်နောက် လိုက်ဖမ်းမည်ပင်။ ဤဝတ်စုံသည် အလွန် အရေးကြီး၏။ ဤဝတ်စုံကို အပြည့်အဝနားလည်သွားသည်နှင့် ကြီးမားသော အခွင့်အရေးတစ်ခုကို ရရှိသွားခြင်းပင်။
နတ်ဘုရား ခုနှစ်ပါးလုံးတွေ့လျှင်ပင် သူတို့သည် ထိုဝတ်စုံအတွက် အချင်းချင်း တိုက်ခိုက်ရလိမ့်မည်။
သူသည် ယခု ရှီဟောင်ကိုသာတွေ့ပြီး နတ်ဘုရားသုံးပါးကို မတွေ့ရသောကြောင့် သူ၏ မျက်ဝန်းများမှာ ပို၍ အေးစက်နေသောကြောင့် စိတ်မသက်မသာဖြစ်မှုကိုပင် ခံစားနေရသည်။
သူ အစကထင်နေသည်မှာ နတ်ဘုရားသုံးပါးသည် ရှီဟောင်ကိုသတ်ပြီး အဆင့်လွန်အရိုးကို တိတ်တိတ်လေး လေ့လာနေသည်ဟု သူထင်ထားခဲ့ခြင်းပင်။ ဤကဲ့သို့ ကိစ္စများကို သူတစ်ခါမှ မတွေးကြည့်ဖူးပေ။
သူ၏ မျက်လုံးများမှာ လေးနက်လာ၏။ သို့သော် သူသည် အလျင်စလို မတိုက်ခိုက်ပဲ စကားပြောလိုက်၏ “မင်းက အမိန့်အာဏာတည်ဆောက်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာ … နတ်ဘုရားတွေ အတွက်တော့ မင်းက ကြက်ကလေးငှက်ကလေးလိုလဲ လွယ်လွယ်လေး သတ်ပစ်လိုက်လို့ရတယ်”
ထိုနတ်ဘုရား လက်ညှိုးထိုးလိုက်သည်နှင့် လေဟာနယ်သည် ပုံပျက်လာကာ သူသည် ထိုလူငယ်လေးကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားလိုက်သည်။
ရှီဟောင် အနောက်သို့ တစ်လှမ်းဆုတ်လိုက်သည်နှင့် လီပေါင်း ထောင်ပေါင်းများစွာကို ရောက်သွားလေ၏။ သူသည် ဤသေကွင်းမှ နောက်ပြန်ဆုတ်လိုက်ပြီး ခပ်ဝေးဝေးမှနေ၍ သူ၏ ရန်သူကို ရင်ဆိုင်လိုက်သည်။ သူ၏ အမူအရာမှာ လေးနက်နေပြီး လှုပ်ရှားမှုတိုင်းကိုလည်း အလွန်သတိထားကာ လုပ်နေသည်။
ဝူးကနဲ အသံထွက်လာပြီး လေများ ပြင်းထန်စွာ တိုက်ခတ်သွားလေသည်။ ထိုနတ်ဘုရားသည် သူ၏ မူလနေရာတွင် ပုံရိပ်ယောင်တစ်ခု ချန်ခဲ့ပြီး ရှီဟောင်နောက်သို့ ပြေးလိုက်နေ၏။ သူ၏ နတ်အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် အောက်ဘက်တွင်ရှိနေသည့် တောင်ထိပ်များ အက်ကွဲသွားကာ ကြီးမားသော ကျောက်တုံးကြီးများလည်း မိုးပေါ်သို့ ရောက်လာလေသည်။
ထိုအတောင်ပံများသည် မည်မျှ ကြောက်စရာကောင်းမှန်း ခန့်မှန်းကြည့်နိုင်သည်။
သူ၏ အရှိန်မှာ ထိုနတ်ဘုရားသုံးပါးထက်ပင် အလွန်လျင်မြန်လှပြီး သူလှုပ်ရှားလိုက်သည်နှင့် ဤနေရာတွင် ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်သွားသကဲ့သို့ပင်။
ရှီဟောင်၏ အမူအရာ ပြောင်းလဲသွားသည်။ အခြားတစ်ဖက်မှာ လျင်မြန်လွန်လှ၏။ သူသည် ပြောင်းလဲခြင်း ၇၂ မျိုးဖြင့် ခွန်ပန်အဖြစ်သို့ ပြောင်းလဲကာ ကမ္ဘာမြေဆွဲအားအဆောင်ကိုလည်း သူ၏ ခန္ဓာကိုယ်တွင် ကပ်လိုက်ကာ အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားလေသည်။
နတ်ဘုရားလည်း လေထဲတွင် ရပ်တန့်သွားကာ အေးစက်နေသော အကြည့်ဖြင့် ပြောလိုက်၏ “ဒီလိုလား … မင်းက အရမ်းမြန်နေလို့ အဲဒီသုံးယောက်က မင်းကို ချက်ချင်း မဖမ်းမိနိုင်တာကိုး”
ရှီဟောင် ခပ်ဝေးဝေးတွင် ရပ်တန့်လိုက်သည်။
“မင်းရဲ့ ခွန်အားကို သူတို့ကို သတ်ဖို့လောက်ထိ မလုံလောက်ဘူး … မင်း အပြင်ဘက်က အားကို အားကိုးလိုက်တာမလား … မင်းရဲ့ အလျင်နဲ့ သူတို့ကို အဲဒီနေရာကို ခေါ်သွားတာ အဲဒါကြောင့် နင်က အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပြီးတော့ သူတို့ ပျောက်သွားတာကိုး”
ရိုးရှင်းသည့် စမ်းသပ်မှုလေးတစ်ခုဖြင့်ပင် ထိုနတ်ဘုရားမှာ အားလုံးကိုနားလည်သွားပြီး တည်ငြိမ်စွာပင် ပြောလိုက်၏။
ရှီဟောင်၏ အမူအရာ အေးခဲသွား၏။ ဤနတ်ဘုရားမှာ အမှန်တကယ်ပင် ထက်မြက်လှသည်။ ရိုးရှင်းသည့် အပြုအမူလေးတစ်ချို့ဖြင့်ပင် သူသည် အရာအားလုံးကို သိရှိသွားပြီး မှန်ကန်စွာ ကောက်ချက်ချနိုင်၏။ ကြည့်ရသည်မှာ သူ အနောက်ဘက်အုတ်ဂူကမ္ဘာကို နောက်တစ်ခေါက် အသုံးမပြုနိုင်တော့ဘူး ထင်သည်။
ထိုနတ်ဘုရားသည် နေမင်းကဲ့သို့ တောက်ပနေကာ “ရှေးဟောင်းရတနာတစ်ခုက သူတို့ကို ဆွဲဆောင်လိုက်နိုင်တာပဲ … သူတို့က ဒါက လိုချင်လို့ မင်းနောက်ကို လိုက်ခဲ့ကြတယ် … ဟူး… တကယ် ဝမ်းနည်းဖို့ ကောင်းတာပဲ”
ရှီဟောင် သက်ပြင်းချလိုက်၏။ သူသာ မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်ကို ထုတ်သုံးပြီး ဤနတ်ဘုရားကို ရုတ်တရက်တိုက်ခိုက်လျှင်ပင် သူဤနတ်ဘုရားကို ဘာမှ မလုပ်နိုင်လောက်ပေ။
“ခင်ဗျားဘယ်သူလဲ … ဘယ်လိုမျိုး နောက်ခံရှိတာလဲ” ရှီဟောင် မေးလိုက်၏။
“ကောင်းကင်နိုင်ငံ ယင်ယိ” သူ၏ အဖြေစကားမှာ ရိုးရှင်းလှသည်။
“ကောင်းကင်နိုင်ငံ … သွေးယဇ်ပူဇောခြင်း” သူ၏ အဖြေစကားကို ကြားသည်နှင့် ရှီဟောင်၏ နဖူးကြောများ ထောင်လာကာ သူ၏ မျက်လုံးထဲတွင်လည်း သွေးကြောများ ပြည့်နှက်သွား၏။ သွေးယဇ်ပူဇော်ခြင်းသည် ကောင်းကင်တိုင်းပြည်၏ ရှေးဟောင်းနည်းလမ်းဖြစ်ပြီး နယ်မြေများကိုဖြတ်သန်းနိုင်သည်။
ယင်ယိဟုခေါ်သည့် ဤလူသည် ကောင်းကင်နေမင်းထက်ပင် အဆပေါင်းများစွာ တောက်ပနေကာ အခြားသူများ သူ့ကို စိုက်ကြည့်၍ပင် မရနိုင်ပေ။
အကယ်၍ သာမန်ကျင့်ကြံသူသာ ဤကဲ့သို့ နီးကပ်သည့်အခြေအနေတွင် သူနှင့် မျက်နှာချင်းဆိုင် ကြည့်ပါက ထိုကျင့်ကြံသူ မျက်လုံးကန်းသွားမည်မှာ သေချာသည်။
ရှီဟောင် နောက်ပြန်ဆုတ်လိုက်သည်။ ဤအလင်းရောင်သည် သူ့ကိုလည်းအနည်းငယ် ထိခိုက်စေ၏။ ထိုအလင်းသည် သူ၏ မျက်လုံးကို နာကျင်စေကာ သူ၏ ဝိဉာဉ်အာရုံခံမှုကိုလည်း ထိရောက်မှုရှိသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ကြောက်စရာကောင်းသည့် အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ယင်ယိလည်း ခြေရာလက်ရာမကျန်ပဲ လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားလေသည်။
ရှီဟောင်၏ ဆံပင်များ ထောင်သွား၏။ သူသည် စဉ်းစားမနေပဲ ခွန်ပန်အတောင်ပံများခတ်ကာ ထိုနေရာတွင် စက္ကန့်မျှပင် ထပ်မနေပဲ ပျံသန်းသွားလိုက်သည်။ တစ်ဖက်လူသည် ကောင်းကင်တိုင်းပြည်မှလာပြီး သတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သောသူဖြစ်သည်။ ထို့ကြောင့် သူသည် သေချာပေါက်ပင် လေဟာနယ်ထဲတွင် ပုန်းနေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် သူပျံသန်းလာသည်နှင့် သူရှိနေခဲ့သည့်နေရာတွင် ထိုပုံရိပ် ပေါ်လာလေ၏။ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းများ ပေါ်လာကာ သူ၏ လုပ်ကြံသည့်နည်းလမ်းမှာ အံ့အားသင့်စရာကောင်းလှ၏။
ယင်ယိသည် သူ၏ မူလခန္ဓာကိုယ်ကို ပြသကာ ရှီဟောင်နောက် မလိုက်တော့ပေ။ သူသည် အေးစက်စက်နှင့် အမူအရာကင်းမဲ့စွာပင် ပြောလိုက်၏ “ငါ မင်းနောက်လိုက်ပြီး အဲဒီအန္တရာယ်များတဲ့ နေရာထဲလိုက်ဖို့ကို မင်းအားထားမနေနဲ့”
ရှီဟောင်သည် အစကတည်းက သူ့ကို အနောက်ဘက်အုတ်ဂူကမ္ဘာထဲသို့ ခေါ်သွားဖို့ အစီအစဉ်မရှိပေ။ သူသည် လေဟာနယ်ထဲတွင် ရပ်တန့်လိုက်ကာ သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ဒီကိုလာပြီးတိုက်လေ” ယင်ယိသည် လေသံနိမ့်ဖြင့် ပြောလိုက်၏။
“ခင်ဗျားက နှစ်ပေါင်းများစွာကတည်းက နတ်မီးတောက် ရထားတာကို ခင်ဗျားဒီလိုစကားမျိုး ပြောထွက်တယ်ပေါ့ … ခင်ဗျားက ကျုပ်လို ကျင့်ကြံသူလေးနဲ့ ဒီလိုမျိုး သူသေကိုယ်သေ တိုက်ချင်တာလား” ရှီဟောင်လှောင်ရယ်လိုက်သည်။
ယင်ယိသည် ဘာမှမပြောပဲ လက်ဝါးဖြင့် အောက်ဘက်သို့ ရိုက်ချလိုက်လေသည်။ ကြီးမားသည် ငွေရောင်လက်ဝါးတစ်ခု ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားကာ ကောင်းကင်ပြုပြင်စံအိမ်၏ တောင်ထိပ်တစ်လုံးပြိုကျသွားကာ ထိုနေရာတွင် အဆောက်အဦးဆောက်လုပ်နေသည့် သာမန်လူများမှာလည်း သွေးမြူများအဖြစ် ပေါက်ကွဲသွားလေသည်။
“ခင်ဗျား…” ရှီဟောင် ဒေါသထွက်သွားကာ သူ၏ နဖူးကြောများပင် ထောင်ထလာသည်။
“မင်း ထွက်ပြေးဖို့ ကြိုးစားရင် ငါဒီနေရာတစ်ခုလုံးကို ရှင်းပစ်မယ် … အပျက်အစီးတွေပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် အားလုံးကို ပြာအဖြစ် ပြောင်းပေးလိုက်မယ် … ပြီးရင် ငါ ကျောက်တုံးတိုင်းပြည်သွားပြီးအားလုံးက သတ်ပြစ်မယ် … ကောင်းကင်ထိကို သွေးတွေ စီးဆင်းသွားပြီး အလောင်းတွေ တောင်လိုပုံအောင် လုပ်လိုက်မယ်” ယင်ယိသည် သာမန်ထမင်းစားရေသောက် ကိစ္စကို ပြောနေသကဲ့သို့ပင် အလွန်တည်ငြိမ်နေ၏။ သူသည် သွေးအေးလူသားဖြစ်ကာ လေဟာနယ်ထဲတွင် မလှုပ်မယှက်ပင် ရပ်နေပြီး “မင်းထွက်ပြေးရင် မင်းဂရုစိုက်တဲ့အရာအားလုံးကို ငါဖျက်ဆီးပစ်မယ်”
ရှီဟောင်သည် သူ့ကို အစိတ်စိတ်အမွှာမွှာလုပ်ပစ်လိုက်ချင်၏။ ကောင်းကင်နိုင်ငံမှ လာသောသူများအားလုံးမှာ သွေးအေးကာ သူတို့ရည်မှန်းချက် ပြည့်ဝရန်အတွက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ သူတို့အားလုံးလုပ်မည်သာ။
ကောင်းကင်နိုင်ငံသည် လုပ်ကြံသည့်အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် ထိုအဖွဲ့အစည်းမှ လာသည့်သူများမှာ သာမန်ကျွမ်းကျင်သူများ မဟုတ်ကြပေ။ ရက်စက်ခြင်းသည် သူတို့၏ လက္ခဏာတစ်ခုလိုပင်။
“ယန်လိ၊ သင်းခွေချပ်ကောင်နဲ့ မြေအောက်ကမ္ဘာက နတ်ဘုရားက သူတို့အားလုံး မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်ဝတ်စုံကို လိုချင်နေတာဆိုတော့ သူတို့ အချင်းချင်းပြန်တိုက်နေရဦးမှာ ဒါပေမဲ့ ငါကတော့ တိုက်စရာမလိုဘူး … ဒီမှာ အမဲလိုက်နေတဲ့သူက ငါတစ်ယောက်တည်းပဲ ပြီးတော့ ငါမင်းနောက်ကို မလိုက်ချင်ဘူး … အဲဒီတော့ ဒီနေရာမှာပဲ တိုက်ကြမယ်” ယင်ယိ အေးစက်စွာ ပြောလိုက်၏။
ရှီဟောင်သည် ဒေါသထွက်နေသော်လည်း ရယ်မောလိုက်ကာ “ငါ့ကို ဒီလိုမျိုးဖိအားပေးနေရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ … ငါကိုယ့်ကိုကိုယ် သတ်သေပြီးမင်းကို ဒီအဖိုးတန်ဝတ်ဆုံးပေးလို့ပဲ ပြောလိုက်ပါတော့လား”
“ငါမင်းကို မျှမျှတတ တိုက်ဖို့ အခွင့်အရေးပေးမယ် … မင်းဒါကို လက်မခံနိုင်ဘူးဆိုရင်တော့ ပထမဆုံး ဒီနေရာကို ဖျက်ဆီးပစ်မယ် ပြီးရင် ကျောက်တုံးတိုင်းပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ပစ်မယ် … အဲဒီအချိန်ကျမှ မင်းနောင်တရပြီး စိတ်ပျက်နေလို့ ရတာပေါ့” ယင်ယိ အေးစက်စွာပင် ပြောလိုက်၏။
ရှီဟောင်၏ မျက်လုံးများမှာ လျှပ်စီးများကဲ့သို့ပင်။ သူ ဤနတ်ဘုရားကို ချက်ချင်းပင် သတ်ချင်မိသည်။
“ကောင်းကင်ပြုပြင်စံအိမ်က ရှေးခတ်တုန်းက ခမ်းနားတဲ့နေရာတစ်ခုလို့ ပြောလို့ရတယ် နယ်နှင်ဒဏ်ခံရတဲ့ တပည့်တစ်ယောက်က တည်ထောင်ခဲ့တာမလား .. ငါ အမှတ်မမှားရင် သူ့ကို ငါတို့ ကောင်းကင်နိုင်ငံက အရမ်းစွမ်းအားကြီးတဲ့ကျွမ်းကျင်သူ သတ်လိုက်တာမလား” ယင်ယိပြောလိုက်၏။
“ဘာ…” ရှီဟောင်ထိတ်လန့်သွားသည်။ တစ္ဆေဖိုးဖိုး၏ သေဆုံးမှုသည် သူ့အတွက် အမြဲတမ်းထူးဆန်းနေခဲ့သော်လည်း ယနေ့တွင် သူသည် ဤလျှို့ဝှက်သတင်းကို ရခဲ့ပြီ။ ဖိုးဖိုး၏ သေဆုံးမှုမှာ ကောင်းကင်နိုင်ငံနှင့် အမှန်တကယ်ပင် ပတ်သတ်နေ၏။ ထို့ကြောင့်သာ ဤလူသည် ဤနေရာကို တန်းလာခဲ့ခြင်းပင်။
“ဘယ်လိုသတ်တာလဲ … မင်းတို့ ဖိုးဖိုးကို ချုံခိုတိုက်ကြတာမလား” ရှီဟောင် ပြောလိုက်၏။ ကောင်းကင်နိုင်ငံမှလူများသည် ဘယ်လိုလုပ် ဂုဏ်ရှိရှိ တိုက်ခိုက်ကြမည်နည်း…
“သေတာက သေတာပဲလေ ဘယ်လိုသတ်လိုက်သလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ … ကံမကောင်းတာက ငါတို့ရဲ့ ကောင်းကင်နိုင်ငံက စွမ်းအားကြီးတဲ့ စီနီယာလည်း သေသွားတာပဲ” ယင်ယိ ခေါင်းခါကာ ပြောလိုက်၏။
သူသည် ကောင်းကင်ပြုပြင်စံအိမ်ကို ကြည့်ကာ ပြောလိုက်သည် “အစက ငါကိုယ်တိုင် ဒီနေရာကို ဖျက်ဆီးပစ်မလို့ ဒါပေမဲ့ ဒီနေရာက ဒီလိုမျိုး ပျက်စီးနေလိမ့်မယ်လို့ ငါမထင်ထားဘူး … အားလုံးက အတိတ်တွေ ဖြစ်သွားပြီပဲ … အဲဒီတော့ ဒီအပျက်အစီးတွေက ပိုပိပြားသွားအောင် ငါလုပ်ပေးရတာပေါ့”
မူလက ကောင်းကင်ပြုပြင်စံအိမ်ရှိခဲ့သည့်နေရာကို ပြိုကွဲသွားအောင် သူ၏ လက်ကို မြှောက်လိုက်လေ၏။ ပထမတစ်ချက်မှာ ရှီဟောင် သူ့ကို တိုက်ခိုက်လာအောင် ဖိအားပေးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူ၏ ဆန္ဒပြည့်ဝသွားစေရန်ပင်။
ရှီဟောင်အော်ဟစ်လိုက်ကာ ကျိုးပဲ့နေသည့် အနက်ရောင်ဓားသွားကို ထုတ်လိုက်၏။ ဤသည်မှာ တစ္ဆေဖိုးဖိုး သူ့ကို ပေးထားခဲ့သည့်ပစ္စည်းပင်။
သို့သော် သူသည် မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်ကို ချက်ချင်းမသုံးသေးပေ။ ကောင်းကင်နိုင်ငံမှ ဤသွေးအေးနတ်ဘုရားကို သတ်နိုင်မည့် အခွင့်အရေးကို သူစောင့်ချင်သေးသည်။
ထိုအခွင့်အရေးမရခင်အချိန်တွင် သူသည် သေစေနိုင်သည့် တိုက်ခိုက်မှုများကို ရှောင်ရှားနေယုံသာ တတ်နိုင်သည်။ သူသာလှုပ်ရှားမှုတစ်ချက် မှားသွားသည်နှင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကွဲကာသွားကာ လုံးဝ ရှင်းပစ်ခံရလိမ့်မည်။
ရှီဟောင် ဓားကို ထုတ်လိုက်သည်နှင့် အနက်ရောင်အလင်းများ ထွက်ပေါ်လာသည်။
ယင်ယိပြောလိုက်၏ “ငါမင်းကို သတ်လိုက်တာနဲ့ ဒီနေရာလည်း ပျက်စီးပြီးသားပဲ … ဒီလိုအောင်မြင်မှုမျိုးက ကောင်းကင်နိုင်ငံက စွမ်းအားကြီးတဲ့ စီနီယာက ကောင်းကင်ပြုပြင်စံအိမ်က ပထမဆုံးဘိုးဘေးကို သတ်နိုင်တာထက်ကို ပိုပြီး ကြီးကျယ်တယ်”
သူသည် ကောင်းကင်နိုင်ငံ၏ ထူးဆန်းသည့် ဓားကွက်တစ်ခု ထုတ်လိုက်ပြီး အပြင်ဘက်သို့ ရိုက်ထုတ်လိုက်သည်။ သင်္ကေတများမှာ ထူးဆန်းစွာ ပြုမူနေပြီး ‘တဝူဝူ’ အသံများလည်း လေဟာနယ်တစ်ခုလုံးကို ပြည့်နှက်သွားလေသည်။
ရှီဟောင်သည် နေရာတော်တော်ဝေးဝေးသို့ ရှောင်လိုက်နိုင်သော်လည်း ဓားစွမ်းအင်အလင်းတန်းသည် သူ၏ ကျိုးပဲ့နေသောဓားကို အနည်းငယ် ထိခတ်မိသွား၏။ သင်္ကေတများထွက်ပေါ်လာကာ သူ၏ ဓားကို လွှမ်းခြုံသွားလေသည်။
ရှီဟောင်အလွန် ထိတ်လန့်သွားသည်။ နတ်မီးတောက်များ တောက်လောင်နေသည့် နတ်ဘုရားများမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။ သာမန် ရိုက်ချက်တစ်ချက်ပင်လျှင် အထင်ကြီးစရာကောင်းလွန်းလှသည်။ ကောင်းကင်နိုင်ငံ၏ သင်္ကေတများမှာ အမှန်တကယ်ပင် နိုင်ထက်စီးနင်းနိုင်လွန်းပြီး သူ၏ လက်နက်ကို လာရစ်ပတ်ကာ ဖျက်ဆီးချင်နေလေသည်။
ထို သင်္ကေတများ ပျောက်ကွယ်သွားရန်အတွက် ရှီဟောင် သူ၏လက်ကို ခါထုတ်လိုက်သည်။
ထိုအချိန်တွင် ကျိုးပဲ့နေသော ဓားသည် သူ့အလိုလို တောက်ပလာကာ အနက်ရောင်နေလုံးကဲ့သို့ပင် ဖြစ်လာ၏။ အဆုံးမရှိသည့် အသက်ဓာတ်များ ဤကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာပြီး ဘေးပတ်လည်ကို တုန်လှုပ်သွားစေသည်။
ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။
ရှီဟောင် ဤဓားကို သုံးကတည်းက တစ်ခါမှ ဤကဲ့သို့ မဖြစ်ဘူးသေးပေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပြန်၍ အသက်ဝင်လာသကဲ့သို့ပင် ဖြစ်နေသည်။
ကျိုးပဲ့နေသည့် ဓားမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာ၏။ သူ၏ ခေါင်းတစ်ခုလုံး မီးခိုရောင်ဆံပင်များ ဖုံးလွှမ်းနေကာ ရှေးဟောင်း အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ဤလူကြီး၏ အကြည့်များမှာ ဓားသွားကဲ့သို့ပင် စူးရှကာ သူ၏ အကြည့်သည် လူတစ်ယောက်၏ အတွင်းစိတ်ကို ထိုးဖောက်သွားနိုင်သည်။
ဤပုံရိပ်မှာ တစ္ဆေဖိုးဖိုးပင် … သူ ဤကမ္ဘာကြီးတွင် ပြန်ပေါ်လာပြီ…
ယခုတစ်ခေါက်တွင် သူ၏ မျက်လုံးများမှာ ယခင်တစ်ခေါက်ကကဲ့သို့ ရှုပ်ထွေးမှုများ ရှိမနေတော့ပေ။ သူသည် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် တူနေသလို သူထုတ်လွှတ်သော အော်ရာမှာလည်း စွမ်းအားကြီးကာ ကြောက်စရာကောင်းလှ၏။
ထို့အပြင် သူ၏ခေါင်းကို ဖောက်ဝင်နေသည့် ဓားလည်း ပျောက်ကွယ်သွားကာ စွမ်းအားကြီးသည့် နတ်အားအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသောကြောင့် သူပို၍ အစွမ်းထက်လာလေသည်။
“ကောင်းကင်နိုင်ငံနဲ့ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် ငါ့ရဲ့ စိတ်ဆန္ဒတွေအားလုံး ပြိုကွဲသွားပြီ မဟုတ်ဘူးလား … နှမြောစရာပဲ ငါစောင့်နေတဲ့သူကို တွေ့ရဖို့အတွက် ငါ့ရဲ့နောက်ဆုံးပုံပန်းသွင်ပြင်က အဆင်မပြေသေးဘူး” တစ္ဆေဖိုးဖိုး ပြောလိုက်၏။
“ခင်ဗျားက … အဲဒီနယ်နှင်ဒဏ်ခံရတဲ့ တပည့်လား” ယင်ယိထိတ်လန့်သွားကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။
ရှီဟောင်သည်လည်း ကြက်သေ သေသွားသည်ပင်။ တစ္ဆေဖိုးဖိုး ပြန်ပေါ်လာလိမ့်မည်ဟု သူအမှန်တကယ်ပင် ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ တစ္ဆေဖိုးဖိုးသည် သူထင်ထားသည်ထက်ပင် ပို၍ စွမ်းအားကြီးပြီး သူ၏ အော်ရာမှာလည်း ပင်လယ်ကဲ့သို့ပင် အဆုံးအဆမရှိ ထွက်ပေါ်နေသည်။
“ခင်ဗျားက သေပြီးသွားပြီ ဝိဉာဉ်လေးပဲ ကျန်ခဲ့တာ … အရင်တုန်းက ခင်ဗျားကိုသတ်ဖို့ ကောင်းကင်နိုင်ငံက ကျွမ်းကျင်သူ ဆင်းလာခဲ့တယ် … ဒီနေ့ ကျုပ် ခင်ဗျားရဲ့ဝိဉာဉ်ကို သတ်ပေးမယ်” ယင်ယိ အော်ပြောလိုက်သည်။
“အမှောင်ကမ္ဘာက လာတဲ့သက်ရှိကောင် … မင်းက လူသတ်ဖို့ပဲ သိတာကို မင်းကိုယ်မင်း စွမ်းအားကြီးတဲ့သူလို့ ခေါ်သေးတယ်ပေါ့” တစ္ဆေဖိုးဖိုးသည် တည်ငြိမ်စွာပင် ပြောလိုက်လေသည်။
“သေပြီးသွားရင် အားလုံးက ဘာမှမဟုတ်တော့ဘူး … ဒီနေ့ ခင်ဗျားဘယ်လောက်ပဲ စွမ်းအားကြီးပါစေ အဲဒါက အသုံးဝင်မှာ မဟုတ်ဘူး … ကျုပ် ခင်ဗျားကို သတ်ပစ်မယ်” ယင်ယိ အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင် တောက်ပလာကာ သူ၏ လက်ထဲတွင်ရှိသည့် ဓားလည်း အဆမတန်ပင်နီရဲလာကာ သွေးများ တစ်စက်စက် ကျနေ၏။ ယင်ယိသည် သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို အသုံးပြုတော့မည်။
တစ္ဆေဖိုးဖိုးသည် သူ၏ လက်ကို ဆန့်တန်းလိုက်ကာ “ဓား လာခဲ့”
ရှီဟောင်လက်ထဲတွင်ရှိသည့် ကျိုးပဲ့နေသည့် ဓားမှာ တစ္ဆေဖိုးဖိုး လက်ထဲသို့ ရောက်သွားသည်။ အပိုအလိုမရှိပဲ ဓားချက်ကို အပြင်ဘက်သို့ ထုတ်လွှတ်လိုက်သည်နှင့် ကောင်းကင်တွင် ဖုံးလွှမ်းနေသော သင်္ကေတများ ပျက်စီးသွားလေသည်။
ယင်ယိ၏ လက်ထဲတွင်ရှိနေသည့် သွေးများ တစ်စက်စက်ကျနေသည့် ဓားမှာ ပျက်စီးသွားကာ ထိုဓားကိုင်ထားသည့်လက်မှာလည်း တစ်လက်မချင်း ပေါက်ကွဲသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ ယင်ယိသည် အော်ဟစ်ကာ ကောင်းကင်ပေါ်သို့ လျင်မြန်စွာပင် ပြန်ဆုတ်သွားလေသည်။
“မင်းလိုမျိုး အခုမှ နတ်မီးတောက် ရထားတဲ့ နတ်ဘုရားအတုက ဒီနေရာရဲ့ နောက်ဆုံးလက်ကျန်ကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ရဲတယ်ပေါ့ … မင်းလိုလူမျိုးက ဒီလိုမျိုး လုပ်နိုင်မှာ မို့လို့လား” တစ္ဆေဖိုးဖိုးသည် တည်ငြိမ်စွာပင် ပြောလိုက်၏။
ဤကဲ့သို့သော စကားမျိုးသည် ယင်ယိ၏ မျက်လုံးများကို နီရဲလာစေကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ထွက်ပေါ်လာလေပြီး ခေါင်းမော့ကာ အော်ဟစ်လိုက်ပြီး အမှန်တကယ်ပင် တိုက်ခိုက်လိုက်ချင်၏။
သို့သော် နောက်ဆုံးတွင် သူသည် ထွက်ပြေးရန်သာ ရွေးချယ်လိုက်လေသည်။ ကောင်းကင်နိုင်ငံမှ လူတစ်ယောက်အနေဖြင့် သူသည် ရက်စက်ကာ သွေးအေးသော်လည်း မည်ကဲ့သို့ တိတ်ဆိတ်စွာ သည်းခံရမည်ကို သူပိုသိသည်။ သူသည် လေဟာနယ်ထဲတွင် ပုန်းကွယ်ကာ ထွက်ပြေးချင်နေလေ၏။
“မင်းက ထွက်ပြေးချင်တယ်ပေါ့ ဒါပေမဲ့ မင်းလိုလူမျိုးက ထွက်ပြေးနိုင်ပါ့မလား” တစ္ဆေဖိုးဖိုးသည် အသံအနိမ့်အမြင့်မရှိပဲ ဆက်ပြောလေသည်။ သူ၏ လက်ထဲတွင်ရှိသည့် ဓားဖြင့် လေဟာနယ်နေရာအနှံ့ကို ဝေ့ရမ်းလိုက်ရာ ‘ဖူး’ ဟူသောအသံနှင့်အတူ ယင်ယိအနောက်ဆုတ်သွားပြီး သူ၏ မူလခန္ဓာကိုယ်လည်းပေါ်လာလေသည်။ သူ၏ ခြေထောက်သည် ဓားနှင့် ထိမိသွားကာ သွေးများထွက်လာပြီး သူ သနားစဖွယ်အော်ဟစ်ရလောက်အောင်ပင် နာကျင်နေလေ၏။
တစ္ဆေဖိုးဖိုးနှင့် ယခင်ကနှင့် တကယ်ပင် မတူတော့ပေ။ သူသည် ဒေါသထွက်မနေပဲ အလွန်ပင် တည်ငြိမ်နေလေ၏။ ထို့အပြင် သူသည် ယခင်ကထက် အဆပေါင်းမည်မျှမှန်း မသိလောက်အောင်ပင် စွမ်းအားကြီးလာလေသည်။