သုခကမ္ဘာက ရှီဟောင် - Chapter - 775 ထာဝရနန်းတော်
အပြင်ဘက်ကမ္ဘာတွင်တော့ မတည်ငြိမ်ပေ။ ကျောက်တုံးလေး၏ စွမ်းအားများကို ဆွေးနွေးနေကြသည့်သူများ ရှိသကဲ့သို့ အချို့သူများသည်လည်း နောက်ဆုံးကျန်သည့်တစ်ယောက်ကို ကျောက်တုံးလေးမှ သတ်ပစ်ရန် မျှော်လင့်နေကြသည်။
သို့သော် ခုနှစ်ယောက်မြောက်နတ်ဘုရားမှာ ခြေရာပျောက်နေပြီး တစ်ချိန်လုံး ပေါ်မလာခဲ့ပေ။
ရှီဟောင်သည် ရွာမှတစ်ခါထွက်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် ဧကရာဇ်လိပ်ပြာတို့ကို ရှာပြီး ကျောက်တုံးကျေးရွာသို့ ပြန်ခေါ်လာခဲ့၏။ သူသည် ရောက်လာမည့် တိုက်ပွဲအတွက် ပြင်ဆင်ရန် ကျောက်တုံးတိုင်းပြည်မှ ကောင်းကင်ရတနာအချို့ကိုလည်း ယူလာခဲ့သည်။
“ဒါက ကျောက်တုံးကျေးရွာရဲ့ နေရာအဟောင်းလား” ကလေးအုပ်စုမှာ အံ့အားသင့်နေကြ၏။ သူတို့အားလုံးသည် သူတို့ခြေထောက်အောက်တွင်ရှိနေသည့် ချိုင့်ကြီးကို ကြည့်နေကြသည်။
ဖန်ကြီး၊ အစိမ်းလေးနှင့် ခရမ်းရောင်တိမ်တိုက်တို့သည် လူငယ်လေးနှင့် ကလေးအုပ်စုကို နေရာအဟောင်းသို့ ခေါ်လာကြ၏။ ထိုနေရာတွင် မြက်များ ပေါက်နေပြီဖြစ်ပြီး အထီးကျန်နေသော နေရာတစ်ခု မဟုတ်တော့ပေ။
ဤနေရာရှိ လီငါးသောင်းပတ်လည်တွင် သွေးသန့်စင်မှု ဖြစ်ခဲ့ပြီး အပင်များအားလုံး သေဆုံးကာ အရိုးစုများလည်း နေရာတိုင်းတွင် ရှိနေခဲ့သည်။ ကြည့်ရသည်မှာ ဤနေရာ၏ အသက်ဓာတ်အနည်းငယ် ပြန်ကောင်းလာပြီထင်သည်။
ကျောက်တုံးကျေးရွာတစ်ခုလုံးကို ယူသွားခဲ့ခြင်းဖြစ်သောကြောင့် ဤနေရာတွင် ချိုင့်ခွက်ကြီးသာ ကျန်ခဲ့သည်။ ဂီဇောင်း၊ အားမင်နှင့် ဖီဟိုတို့ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူတို့ထွက်သွားပြီးသည့်နောက်တွင် ဤတစ်ကြိမ်သည် ပထမဆုံး ပြန်လာခြင်းပင်။
“ဒီအောက်မှာ တစ်ခုခု ရှိနေတယ်”
ဖန်ကြီးသည် အောက်သို့ ဆင်းသွားလိုက်၏။ ယခုအချိန်တွင် သူသည် အစိမ်ရောင်အရေခွံရှိသည့် သိမ်းငှက်မဟုတ်တော့ပေ။ သူ၏ အတောင်ပံများမှာ ရွှေဝါရောင်ပြောင်းသွားပြီး သူသည်လည်း တကယ့်ဖန်နှင့် တူလာလေပြီ။ သူသည် လျှိုမြောင်အတွင်းသို့ ဆင်းလိုက်၏။
အစိမ်းလေးလည်း သူ၏ ချွန်ထက်သည့်လက်သည်များကို အသုံးပြုကာ မြေကြီးများကို ဖယ်ပြီး အောက်သို့ ဆင်းလိုက်၏။ ခရမ်းရောင်တောက်ပနေသည့် ကြီးမားလှသောအရိုးစုကြီးတစ်ခု ပေါ်လာလေသည်။
ရှီဟောင်၏ ဆံပင်ထဲတွင် ရွှေရောင်အလင်းလေးပေါ်လာကာ ဧကရာဇ်လိပ်ပြာသည် ကခုန်ကာ အပြင်ဘက်သို့ ထွက်လာ၏။ ထို့နောက်တွင် သူသည် မြေကြီးအောက်တွင် ရှိနေသည့် အရိုးစုထဲသို့ ဝင်သွားလိုက်သည်။
“ဒါက နတ်အရိုးစုလား” အားလုံး အံ့အားသင့်နေကြသည်။
ဖန်ကြီး၊ အစိမ်းလေးနှင့် အခြားသူများသည် မြေကြီးများကို ဖယ်ကာ ထိုကြီးမားလှသည့် အရိုးစုကြီး ပေါ်လာအောင် လုပ်လိုက်၏။ ထိုအရိုးစုသည် အနည်းဆုံး ကျန်းတစ်ရာခန့်ရှည်ကာ အရိုးအားလုံးမှာ ခရမ်းရောင်ဖြစ်သည်။
“မိုးမခနတ်ဘုရားက အရင်တုန်းက ဒီနေရာမှာ အမြစ်ပေါက်ခဲ့တာ … သူ့ရဲ့ နတ်ခွန်အားတွေ ပြန်ရဖို့အတွက် နတ်အရိုးကို သုံးခဲ့တာ … အဲဒီအရိုးကြောင့် သူအသက်ရှင်ခဲ့တာ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ သူ ဤအကြောင်းကို နည်းနည်းလေး သိခဲ့သည်။
ထိုအချိန်က မိုးမခနတ်ဘုရားသည် လျှပ်စီးပေါင်းတစ်သောင်းကို ခံခဲ့ရပြီး ကိုးဆင့်မြောက် ကောင်းကင်ဘုံမှ ဆင်းသက်လာခြင်းပင်။ သူ၏ အသက်ဓာတ်များအားလုံးဆိုးရွာစွာ ထိခိုက်ခဲ့သည်။ နတ်အလောင်းသည် မိုးမခနတ်ဘုရားနှင့် မယှဉ်နိုင်သော်လည်း သစ်ပင်သေအတွက်မူ ထိုအလောင်းသည် အကျိုးရှိနေဆဲပင်။
ဤနေရာတွင် အမြစ်ပေါက်ခဲ့သောကြောင့်ပင် မိုးမခနတ်ဘုရားသည် ဆယ်နှစ်ကျော်ကြာပြီးသည့်အချိန်တွင် သူ၏ အသက်ဓာတ်အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး မိုးမခကိုင်းလေး ထွက်လာခြင်းပင်။
ဧကရာဇ်လိပ်ပြာသည် လေထဲတွင် ကခုန်နေ၏။ သူသည် ခရမ်းရောင်ရှိသည့် အစေ့တစ်စေ့ကို သယ်လာကာ ရှီဟောင်၏ ဆံပင်ထဲသို့ ပျံသန်းလာလေသည်။ ထို့နောက်တွင် သူသည် ပုံဆောင်ခဲလေးနှင့်တူသည့် ထိုအရာဝတ္ထုကို စတင်ဝါးစားလိုက်သည်။
“ဒါက ဘာကြီးလဲ” ရှီဟောင် ထိုအရာကို သူ၏ လက်ဖဝါးထဲ ထည့်လိုက်၏။
ထိုအရာသည် လက်သည်းခွံအရွယ်အစားရှိသည့် ခရမ်းရောင်ကျောက်တုံးလေးပင်။ ထိုအရာသည် အနည်းငယ် ဖောက်ထွင်းမြင်နေရကာ ထူးဆန်းသည် စွမ်းအားတစ်ခုလည်း စီးဆင်းနေ၏။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ‘အားအိုး’ အသံများထွက်အောင် ရုန်းကန်လိုက်ပြီး ထိုအရာလေးအတွက် ဧကရာဇ်လိပ်ပြာနှင့် တိုက်ခိုက်နေလေသည်”
“ဒါလေးအတွက်နဲ့ တိုက်နေတာရပ်လိုက်” ရှီဟောင် သူတို့ကို တားဆီးလိုက်၏။
ထို့နောက်တွင် ကျောက်တုံးလေးနှင့် လိပ်ပြာလေးနှစ်ယောက်လုံးသည် အပေါက်ကြီးထဲသို့ ဆင်းသွားကာ ထိုကြီးမားလှသည့် အရိုးစုထဲသို့ ဝင်သွားကာ ဘေးပတ်လည်ကို ရှာဖွေနေကြလေသည်။
ချင်ဖန်း၊ အားမန်၊ ဖီဟိုနှင့် အခြားသူများအားလုံး သိချင်သွားကြ၏။ သူတို့အားလုံး လာကြည့်ကြသည်။ ကလေးများမှာမူ မျောက်လေးများကဲ့သို့ပင် တစ်ချက်ကြည့်ပြီးသည်နှင့် လျှိုမြောင်ထဲသို့ ဆင်းရှာကြလေသည်။
“ဒါက နတ်ဘုရားပဲ … ခန္ဓာကိုယ်ကြီးက ကြီးလိုက်တာ … ကျန်းတစ်ရာထက်ပိုရှည်တယ် … ဒီလောက်ကြီးအောင် သူဘာတွေများ စားတာလဲ” အသက်အနည်းငယ်သာရှိသေးသည့် ကလေးငယ်သည် နူးညံ့နေသည့် အသံဖြင့် ပြောလိုက်၏။
ရှီဟောင်နှင့် အခြားသူများသည်လည်း လျှိုမြောင်အောက်ခြေသို့ သွားလိုက်ပြီး ထိုအရိုးစုကြီးကို ကြည့်လိုက်ကြသည်။ ထိုခရမ်းရောင်အရိုးစုကြီးသည် အလွန်မာကျောပြီး သူ၏ မျက်နှာပြင်ကို ရိုက်လိုက်ပါက သံချင်းထိခပ်သည့်အသံ ထွက်ပေါ်လာ၏။ အချို့စွမ်းအားများလည်း စီးဆင်းနေသေးသည်။
“ဒီကျောက်က ဘာအမျိုးအစားလဲ” ရှီဟောင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို မေးလိုက်၏။ နတ်အရိုးထဲတွင် ဤကဲ့သို့ အရိုးများ ဆယ်ခုကျော်ရှိသေးသည်ကို ရှီဟောင် သတိထားမိလိုက်ပြီး အကြီးဆုံးမှာ သစ်ကြားသီး အရွယ်အစားရှိလေသည်။ သူတို့ထံမှာ ထွက်လာသည့် စွမ်းအင်များမှာ အနည်းငယ် စိတ်ဝင်စားစရာကောင်းနေသည်။
“ဒါက အဆင့်အမြင့်ဆုံးနတ်ဘုရားတွေမှ လုပ်နိုင်တဲ့ နတ်ကျောက်သလင်း … ဒီလိုမျိုး ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ပစ္စည်းက ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုကျောက်ကို ဝါးစားရင်း ပြောလိုက်၏။
“ဒီမှာ ကျန်နေခဲ့တာတွေအားလုံးက အကျွင်းအကျန်တွေဆိုတော့ သူတို့ နတ်ခွန်အားက မသန့်စင်တော့ပဲနဲ့ ရှုပ်ထွေးနေပြီ … နှမြောစရာကောင်းလိုက်တာ”
ဧကရာဇ်လိပ်ပြာနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့သည် အကြိမ်အနည်းငယ်ခန့် ဝါးပြီးသွားသည့်နောက်တွင် ဆက်မစားရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကျောက်တုံးများတွင် နတ်ခွန်အားအပြင် သေဆုံးခြင်းစွမ်းအားများပါ ရှိနေ၏။
ဤအရာများသည် မိုးမခနတ်ဘုရားစုတ်ယူပြီးသည့် အကျွင်းအကျန်များဖြစ်သည်မှာ သိသာလှသည်။
“ဒီထဲမှာပါတဲ့ နတ်စွမ်းအင်က တကယ်တော့ တော်တော် ကြောက်စရာကောင်းတယ် … ဒါကို ကောင်းကောင်းသုံးနိုင်ရင် စွမ်းအားကြီးတဲ့ လူသတ်လက်နက်ဖြစ်သွားနိုင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ပြောလိုက်၏။
“မင်းဒါကို စွမ်းအားကြီးတဲ့ လက်နက်အဖြစ် ပြောင်းနိုင်လား … အစ်ကိုလေး သုံးနိုင်အောင်လို့” ချင်ဖန်းသည် ရှီဟောင်ကို စိုးရိမ်ကာ ပြောလိုက်လေသည်။
“ဒါတွေအားလုံးကို သုံးပြီး တစ်ခုခုလုပ်ဖို့ ငါစဉ်းစားထားတယ် … ငါနည်းနည်းလောက် ထပ်စဉ်းစားလိုက်ဦးမယ် … ဒီအဆင့်မြင့်နတ်ဘုရားရဲ့ အလောင်းက ဝိဉာဉ်စွမ်းအင်တွေက နှစ်တွေဒီလောက်ကြာနေတာတောင် မပျံ့သွားသေးဘူး … သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အဖိုးတန်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
နောက်ဆုံးတွင် ကလေးများမှာ ထိုချိုင့်ဝှမ်းကြီးထဲမှ ထွက်သွားကြလေသည်။ ဤအရာသည် အလွန်အရေးကြီးသည့်အရာဖြစ်မှန်း သူတို့သိသွားသောကြောင့် အနှောက်ယှက်ကြတော့ပေ။
ရှီဟောင်၊ အားမန်၊ ဖီဟို နှင့် အခြားသူများသည် ကလေးများကို သူတို့၏ အိမ်အဟောင်းသို့ သွားပြကာ ဤနေရာကို လှည့်ပတ်ကြည့်ကြလေ၏။ ငှက်အချို့နှင့် သားရဲအချို့မှာ ဤရေရာတွင် ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း သူတို့ တွေ့လိုက်ရသည်။
နောက်ဆုံးတိုက်ပွဲသည် မလွဲမသွေပင်ဖြစ်လာလိမ့်မည်။ ထို့ကြောင့်ပင် ရှီဟောင်သည် ဤနေရာသို့ နောက်တစ်ခေါက် ပြန်မရောက်နိုင်မည်ကို စိုးရိမ်သောကြောင့် သူ၏ ကလေးဘဝမှ လှပသောမှတ်ဉာဏ်များကို ပြန်ခေါ်ချင်၍ ဤနေရာသို့ လာလည်ခြင်းပင်။
နောက်ဆုံးတွင် သူတို့သည် ထိုကြီးမားလှသည့် အရိုးစုကို ကျောက်တုံးကျေးရွာသို့ သယ်သွားပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုအရိုးစုကို ပြုပြင်ရန်အတွက် အမွှေးဘောလုံးနှင့် အနီလေးကို အကူအညီတောင်းလိုက်သည်။
“နတ်ကျောက်သလင်းကို မူလပစ္စည်းအနေနဲ့သုံးပြီး ခရမ်းရောင်အရိုးစုကို နတ်ပစ္စည်းအနေနဲ့သုံးမယ် … အဲဒီကနေ ငါတို့ လက်နက်တစ်ခု လုပ်မယ် … ပြီးရင် အဲဒီလက်နက် ပိုပြီး ကြောက်စရာကောင်းသွားအောင်လို့ အစီအရင်နည်းနည်းထည့်လိုက်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
နေ့ပေါင်းများစွာ ကြာပြီးနောက် ကျောက်တုံးတိုင်းပြည်မြို့တော်တွင်…
လူအိုကြီးတစ်ယောက်သည် ဖြေးညှင်းစွာပင် လျှောက်လာပြီး မြို့ထဲသို့၏။ သူ၏ခြေလှမ်းများသည် ဌာန်ဂရိုဏ်းကျနေသည်။ လမ်းမပေါ်တွင် လူများစည်ကားနေသော်လည်း သူသည် မည်သူ့ကိုမှ မထိအောင် လျှောက်လာနေသည်။
သူသည်ရှေးဟောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ အသားအရေမှာ တွန့်နေပြီဖြစ်ပြီး ဆံပင်များမှာလည်း မီးခိုးရောင်ပေါက်နေပြီဖြစ်သည်။ သူသည် အသက်ကြီးပြီဖြစ်သော်လည်း မျက်လုံးများမှာမူ တောက်ပနေသေး၏။ မြို့ထဲသို့ ဝင်လာပြီးသည့်နောက်တွင် သူသည် မနှေးလွန်း မမြန်လွန်းသည့် ခြေလှမ်းများဖြင့် ကျောက်တုံးမြို့တော်ကို ကြည့်နေလေသည်။
ခဏကြာသည့်အချိန်တွင် သူသည် အင်ပါယာနန်းတော်အတွင်း၌ ပေါ်လာသောကြောင့် အင်ပါယာအစောင့်တပ်သားများအားလုံး ထိတ်လန့်သွားကြ၏။ ထိုသူနန်းတော်ထဲသို့ မည်ကဲ့သို့ ဝင်ခဲ့မှန်း သူတို့ မသိလိုက်ပေ။
“ဒီအစီအရင်တွေက မှတ်သားဖွယ်ကောင်းတဲ့ တာအိုတွေပဲ” သူသည် အင်ပါယာနန်းတော်အတွင်းရှိ အစီအရင်များကိုကြည့်ကာ ခေါင်းညိမ့်နေလေ၏။ သူသည် မျက်လုံးများကို မှေးကျဉ်းကာ အစီအရင်အနည်းငယ်ကို သေချာလေ့လာနေလေသည်။
သူသည် တစ်ယောက်ကိုမှ မသတ်ပဲ ပြောလိုက်၏ “မင်းတို့ရဲ့ လူသားဧကရာဇ်ဘယ်မှာလဲ … သူနဲ့ ကိစ္စတစ်ချို့ ဆွေးနွေးချင်လို့ သူနဲ့တွေ့ချင်တယ်”
အင်ပါယာအစောင့်များသည် ကျောက်တုံးကျေးရွာမည်သည့်နေရာတွင်ရှိမှန်းသိသော်လည်း သူတို့ ဘာမှ ပြောမည်မဟုတ်။ သူတို့မသိသည့် သူစိမ်းတစ်ယောက်ကိုဆိုလျှင် ပိုဆိုးမည်။ ထို့ကြောင် သူတို့သည် ထိုလူအိုကြီးကို အဖြေပြန်မပေးကြပေ။
“ဒီလိုလား…” လူအိုကြီးသည် ဘာမှမလုပ်ပဲ တစ်ဖက်သို့လှည့်ကာ ပျောက်ကွယ်သွား၏။ တစ်နာရီကြာပြီးသည့်နောက်တွင် သူသည် အင်ပါယာမြို့ရှိ လျှို့ဝှက်စံအိမ်အတွင်းတွင် ပေါ်လာကာ ဖန်ကိုးကို တွေ့သွား၏။
“မစိုးရိမ်ပါနဲ့ … ငါ အန္တရာယ်ပေးဖို့ လာတာ မဟုတ်ပါဘူး… ကောင်းသောလာခြင်းနဲ့ လာတာပါ ပြီးတော့ မင်းတို့ရဲ့ လူသားဧကရာဇ်ကို တွေ့ချင်လို့” သူသည် ပြုံးပြီးပြောလိုက်ကာ သူ၏ အမူအရာများမှာလည်း နူးညံ့နေသည်။
ဖန်ကိုး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများထလာ၏။ သူသည် အစွမ်းကုန်တိုက်ခိုက်လျှင်ပင် ဤပုဂ္ဂိုလ်၏ ဆံချည်တစ်မျှင်ကိုပင် ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်မှန်း ခံစားနေရသည်။ ဤလူအိုကြီးရှေ့တွင် မတ်တပ်ရပ်နေရသည်မှာ ဟုန်အစစ်အမှန်ရှေ့တွင် မတ်တပ်ရပ်နေရသကဲ့သို့ပင်။ သူတို့နှစ်ဦးကြားမှာ ကွာခြားချက်မှာ ကြီးမားလှသည်။
“အရှင်မင်းကြီး ထွက်သွားပြီ … သူအခု ဘယ်မှာလဲဆိုတာ ကျွန်တော်တောင် မသိဘူး” ဖန်ကိုးသည် သူ့ကိုယ်သူ အားတင်းကာ ပြောလိုက်၏။
“အဲဒီလိုလား … အဲဒါဆို ငါသူ့ကို ကျောက်တုံးမြို့တော်မှာ စောင့်လိုက်မယ်” လူအိုကြီး၏ ပုံရိပ်သည် မှုန်ဝါးဝါးဖြစ်လာကာ လေထဲတွင် ပျောက်ကွယ်သွားလေသည်။
ကျောက်တုံးကျေးရွာတွင် …
ရှီဟောင် ယဇ်ပုလ္လင်ထက်သို့ တက်လိုက်သည်။
ယခုအချိန်တွင် တစ်ရွာလုံး ဤနေရာသို့ ရောက်နေ၏။ သူတို့အားလုံးသည် ပါးစပ်ဟလိုက်သော်လည်း သူနေခဲ့ရန် မည်သို့ပြောရမည်ကို မသိတော့ပေ။ သူတို့ပြောချင်သည့် စကားများအားလုံးကိုလည်း ပြောပြီးသွားပြီဖြစ်သည်။
“ကလေး မင်းရဲ့ ခန္ဓာကိုယ်ကိုကာကွယ် … မသေစေနဲ့ … အသက်ရှင်ဖို့က တစ်ခြားအရာတွေအားလုံးထက် ပိုအရေးကြီးတယ်” ရွာလူကြီးမှာ ပြောလိုက်၏။
“ဦးလေးဟောင် သားတို့ ဦးလေးကို စောင့်နေမှာ … ရွှေရောင်ဖန်ရဲ့ အသိုက်ထဲက ဥခိုးပေးမယ်လို့ ဦးလေးပြောထားတယ် … အဲဒီတော့ ဦးလေး သေချာပေါက် ပြန်လာရမယ်” ကလေးတစ်ယောက်သည် မျက်ရည်များကို သုတ်ကာ ပြောနေလေသည်။
ရှီဟောင်သည် ထိုကဲ့သို့ နှုတ်ဆက်သည့်မြင်ကွင်းကို မမြင်ချင်သောကြောင့် လမ်းကြောင်းတစ်ခု ဖွင့်လိုက်ကာ အထဲသို့ဝင်ရောက်လိုက်၏။
“အရှင်မင်းကြီး” အင်ပါယာအစောင့်မှ သတိကြီးစွာ အော်ဟစ်လိုက်၏။
ရှီဟောင်သည် အင်ပါယာနန်းတော်အတွင်းရှိ ယဇ်ပုလ္လင်မှ ဆင်းသက်လိုက်သည်နှင့် စွမ်းအားကြီးသည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ စွမ်းအင်လှိုင်းတစ်ခုသည် ကျောက်တုံးမြို့တော်တစ်ခုလုံးကို လွှမ်းခြံထားကာ နေမင်းကဲ့သို့ တောက်ပသည့်လူတစ်ယောက် ရပ်နေလေသည်။
သာမန်လူများသည် ထိုပုံရိပ်ကို မမြင်နိုင်မခံစားနိုင်သော်လည်း သူမြင်နိုင် ခံစားနိုင်သည်။ သူသည် အင်ပါယာနန်းတော်၏ အမြင့်ဆုံးနေရာတွင်ရပ်နေကာ အပြင်ဘက်သို့ ကြည့်လိုက်၏။ စားသောက်ဆိုင်တစ်ခုမှ ရွှေရောင်အလင်းတန်းများ တောက်ပနေကာ နေရာအနှံ့သို့ ဖြန့်ကျက်နေသည်။.
သူတို့နှစ်ဦးကြားတွင် လီနှစ်ဆယ်ခန့်ဝေးသော်လည်း သူတို့သည် ချက်ချင်းပင် တစ်ယောက်ကိုတစ်ယောက် အာရုံခံမိသွားလေသည်။ နေလုံးကြီးကဲ့သို့ပင် သူ၏ ခန္ဓာကိုယ်တွင် ရွှေရောင်နတ်မီးတောက်များ ထွက်ပေါ်နေသည့် လူကြီးတစ်ယောက် ရှိနေလေသည်။
သူသည် တစ်ယောက်တည်းသောက်နေခြင်းဖြစ်ပြီး သူသည် လေဟာနယ်ကို ဖြတ်သန်းကာ မြင်နိုင်သကဲ့သို့ပင် သူသည် ခွက်ကို မြှောက်လိုက်ကာ ရှီဟောင်ကို ခေါင်းညိမ့်ပြပြီး နှုတ်ဆက်လိုက်သည်။
“ကျောက်တုံးဧကရာဇ် နောက်ဆုံးတော့အရှင့်ကိုတွေ့ရတာ ဂုဏ်ယူပါတယ်” လူကြီးသည် ပြုံးလိုက်ကာ ခွက်ကို ချလိုက်၏။
ရှီဟောင်လက်ဝေ့ရမ်းလိုက်သည်နှင့် သူ၏လက်ထဲတွင် ဝိုင်ပုလင်းနှင့်ခွက် ပေါ်လာသည်။ သူသည် ထိပ်တွင် ထိုင်လိုက်ပြီး ခွက်ကိုမြှောက်လိုက်ကာ သောက်လိုက်သည်။
“အတူတူသောက်တာက ပိုမကောင်းဘူးလား မင်းဘယ်လိုထင်လဲ” လူကြီးသည် မတ်တပ်ရပ်လိုက်ကာ သူ၏မျက်နှာတွင်လည်း နွေးထွေးသည့်အပြုံး ရှိနေလေ၏။
“အကွာအဝေးတွေက နှစ်သက်စရာကောင်းတဲ့ စိတ်ခံစားချက်တွေကို ပေးပါတယ်” ရှီဟောင် ပြန်တုံ့ပြန်လိုက်သည်။
“ကျောက်တုံးဧကရာဇ် အဲဒီလောက်ကြီး သတိထားနေစရာ မလိုပါဘူး … ငါတို့နှစ်ယောက်ကြားက တွေ့ဆုံမှုက သေခြင်းရှင်ခြင်းတွေ ဖြစ်လာမှာ မဟုတ်ပါဘူး” လူကြီးမှ ပြောလိုက်၏။ ထို့နောက်တွင် ထာဝရနန်းတော်မှ ဟွမ်ယုအဖြစ် သူ့ကိုယ်သူ မိတ်ဆက်လေသည်။
ထာဝရနန်းတော်သည် အလွန်ထူးဆန်းကာ ကြောက်စရာကောင်းသည် ရှေးမျိုးဆက်တစ်ခုဖြစ်သည်။ ရှီဟောင်သည် နတ်ဘုရားသုံးပါးထံမှ သတင်းအချက်အလက် အနည်းငယ်သာ ရလိုက်သော်လည်း ထိုနေရာမှာ မည်မျှ ကြောက်စရာကောင်းမှန်းကို သိလိုက်ရ၏။
“ဘာအငြင်းပွားမှုမှ မရှိပဲ အားလုံးကို အေးအေးချမ်းချမ်းပြီးသွားဖို့ ကျွန်တော်လည်း ဆုတောင်းပါတယ် ” ရှီဟောင် ခေါင်းညိမ့်ကာ ပြောလိုက်၏။
“သူငယ်ချင်းလေး မင်းငါ့ရဲ့ ထာဝရနန်းတော်ထဲကို မဝင်ချင်ဘူးလား” လူကြီးမှ မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် အံ့အားသင့်သွားရ၏။ ထိုလူကြီးအဘယ်ကြောင့် ထိုကဲ့သို့ ပြောမှန်းသူမသိပေ။
“သူငယ်ချင်းလေး ကြည့်ရတာ မင်းငါ့ရဲ့ ထာဝရနန်းတော်အကြောင်း သိပ်မသိသေးဘူးထင်တယ် … မင်း ထာဝရနန်းတော်ထဲဝင်လိုက်ရင် မင်းရဲ့ စွမ်းရည်တွေနဲ့ အဆင့်အတန်းကြောင့် မင်းသိက္ခာကျမှာ မဟုတ်ဘူး” လူကြီးသည် ပြုံးလိုက်ပြီး ရိုးရှင်းစွာပင် မိတ်ဆက်ပေးလေသည်။
ထာဝရတောင်တွင် မျိုးဆက်တစ်ခု၏ အဖွဲ့ဝင်မှာ ငါးယောက်ထက် ပိုမရှိပေ။ ဤသည်မှာ လက်ဆင့်ကမ်းလာသည့် စည်းမျဉ်းတစ်ခုပင်။
သို့သော် သူတို့သည် အလွန်ပင် ကြောက်စရာကောင်းလွန်းလှ။ အဆင့်မြင့်နယ်မြေတွင်ပင် သူတို့ကို ရန်စရဲသည့်သူ မရှိပေ။ ထာဝရနန်းတော်အတွင်းမှ ထွက်လာသူများအားလုံးမှာ ပြိုင်ဘက်ကင်းကာ တွေ့ဆုံရန် ခက်ခဲလှသည့် ပြိုင်ဘက်များပင်ဖြစ်သည်။
ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဤသတင်းသာ မှန်ပါက ဤသည်မှာ မယုံကြည်နိုင်စရာပင်။
“ခင်ဗျားက အဆင့်လွန်နန်းတော်နဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိတာလဲ” ရှီဟောင် မေးလိုက်၏။
ရှီဟောင် သိသလောက်ဆိုလျှင် အဆင့်လွန်နန်းတော်တွင် ပို၍ လူနည်းပြီး မျိုးဆက်တစ်ခုကို တစ်ယောက်သာခေါ်သည်။ ထိုနေရာသည် အလွန်ထူးဆန်းသည့်နေရာဖြစ်ပြီး နတ်ဘုရားသုံးပါးထံမှ သူသိရသလောက်ဆိုလျှင် ထိုစွမ်းအားကြီးနှစ်ခုကြားတွင် ဆက်ဆံရေးတစ်ချို့ ရှိနေ၏။
“ဟား ဟား” ထိုလူကြီးရယ်မောလိုက်လေသည်။ ထို့နောက်တွင် စကားတစ်ခွန်းတည်းပြောလိုက်၏ “ရန်သူတွေ”
ရှီဟောင် အံ့အားသင့်သွား၏။ ဤသည်မှာ သူမထင်ထားသည့်အရာပင်။ ဤထူးဆန်းသည်အဖွဲ့အစည်းနှစ်ခုသည် အရင်းအမြစ်တစ်ခုတည်းမှ လာခြင်းဖြစ်မည်ဟု သူထင်ထားခဲ့သော်လည်း ဤကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်နေသည့် ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အဆင့်လွန်နန်းတော်ကလည်း အဆင့်မြင့်နယ်မြေမှာပဲ … လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှုံးသွားခဲ့လို့ အဆင့်နိမ့်နယ်မြေကို ပြေးလာကြတာ” ထိုလူကြီး ပြုံး၍ ပြောလေသည်။
ရှီဟောင် ဆွံ့အသွား၏။ ဤသည်မှာ ယုံကြည်ဖို့ရန် ခက်ခဲလှသည်။
အဆင့်လွန်နန်းတော်တွင် မူလရှေးဟောင်းမှတ်တမ်းအစိတ်အပိုင်းဖြစ်သည့် အကန့်အသတ်မဲ့ရှိသည်ဟူသော ကောလဟာလကို ကြားဖူးခဲ့သည်။ ထိုအရာတွင် မသေဆုံးနိုင်သည့် စွမ်းအားများရှိကာ အမွေဆက်ခံသူပေါ်လာသည်နှင့် ထိုသူသည် ကမ္ဘာမြေကြီးအပေါ်နှင့်အောက်တွင် ပြိုင်ဘက်မရှိသည့်သူ ဖြစ်လာလိမ့်မည်။
အဆင့်လွန်နန်းတော်ကဲ့သို့သော စွမ်းအားကြီးသည့်သူများပင်လျှင် ရှုံးနိမ့်ခဲ့သော ထာဝရနန်းတော်တွင် မည်ကဲ့သို့သော နောက်ခံရှိနေသနည်း … သူတို့ထံတွင် အကန့်အသတ်မဲ့အပိုင်းအစနှင့် ယှဉ်နိုင်သည့်အရာ ရှိနေခြင်းလား
“ငါကြားထားတာက သူငယ်ချင်းလေးက အဆင့်လွန်နန်းတော်ရဲ့ အမွေဆက်ခံသူဆို အဲဒါ တကယ်ပဲလား” ထိုလူကြီးသည် ပြုံးနေသော်လည်း မျက်လုံးများကို ကျုံ့ကာ မေးလိုက်သည်။