သုခကမ္ဘာက ရှီဟောင် - Chapter - 781 ကျောက်တုံးလေး၏ သေဆုံးမှု
စိန်နီကဲ့သို့ပင် ကြည်လင်တောက်ပနေသည့် သွေးစက်များ အန်ထွက်လာသည်။ ရှီဟောင်၏ ရင်ဘတ်ပွင့်ဟလာလေသည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး သူ၏ ပုံစံမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ သူအတော် ဝမ်းနည်းနေသည်။
“ဒီလိုမျိုး အဆုံးသတ်လိုက်ရတော့မှာလား … ကျောက်တုံးကျေးရွာ … နှုတ်ဆက်ပါတယ် … အဖေ၊ အမေ နှုတ်ဆက်ပါတယ် …” သူ နူးညံ့စွာ ပြောလိုက်၏။
သွေးများမှာ နီရဲလာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ ထိုအချိန်တွင် သူ၏ ရင်ဘတ်အရိုး ပွင့်ထွက်လာပြီးနောက်တွင် ကောင်းကင်ကိုပင် ပြိုလဲစေနိုင်သည့် အော်ရာများ ထွက်ပေါ်လာသည်။
အဆုံးမရှိသော သင်္ကေတများ ထွက်ပေါ်လာပြီး ထာဝရဓားအလင်းကဲ့သို့ ပြောင်းလဲသွားလေ၏။ ကြေးထာဝရနန်းတော်ပုံရိပ်သည်လည်း ပေါက်ကွဲသွားကာ တစ်ဖြည်းဖြည်း မှုန်ဝါးသွားလေသည်။
“မဟုတ်ဘူး …” ဟွမ်ယု ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူဖျော့နေလေ၏။ ဤသည်မှာ သူ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားဖူးခြင်းပင်။ သူ၏ အဆုံးအဖြတ်နေ့ ရောက်လာသကဲ့သို့ပင် ကြောက်ရွံ့တုန်လှုပ်နေလေသည်။
သူသည် မှောစွမ်းအားများကို အသက်သွင်းလိုက်၏။ သူ၏ ခန္ဓာကိုယ်မှ အသက်ဓာတ်ကို လောင်ကျွမ်းစေကာ ကြေးထာဝရနန်းတော်ကို ထောက်ပံ့ပေးသည့် အခြေခံစွမ်းအားများအဖြစ် ပြောင်းလဲလိုက်ပြီး ထိုပုံရိပ် ပြန်ပေါ်လာအောင် လုပ်လိုက်သည်။
ဤသည်မှာ သူ့ထံတွင်ရှိနေသည့် တစ်ခုတည်းသော အသက်ကယ်သင်္ကေတပင်။ ထာဝရနန်းတော်သာ ပျက်ဆီးသွားပါက သူလည်း သေချာပေါက် သေသွားလိမ့်မည်။ သူသည် ပေါက်ကွဲထွက်သွားပြီး ထာဝရနယ်မြေတွင်သာ ထာဝရသေဆုံးသွားလိမ့်မည်။
“ထာဝရနန်းတော် ဆင်းသက်မယ်” ဟွမ်ယု အော်ဟစ်လိုက်၏။
အဆုံးမရှိသည့် သင်္ကေတစွမ်းအားများ ထည့်ပြီးသွားသည်နှင့် ထိုကြေးနန်းတော်မှာ အနည်းငယ် ပို၍ ထင်ရှားလာသည်။ ထို့နောက် အဆင့်နိမ့်နယ်မြေတွင် သူ၏ ပုံရိပ်ယောင်ကို ပေါ်လာပြီး သူ၏စွမ်းအားကို ပြသလိုက်သည်။
ရှီဟောင်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ ရင်ဘတ်တွင် အသံမြည်သွားပြီး အခြားအရိုးများလည်း အက်ကွဲသွား၏။ သူ၏ အဆင့်လွန်အရိုးသာ ဒဏ်ရာအနည်းငယ် ရနေခြင်းပင်။ ထိုအရိုးမှာ ခိုင်ခံလွန်းလှသည်။
ထိုစွမ်းအားကြီးသည့်အရိုးကို ပြင်ပအားဖြင့် ဖျက်ဆီးရန်မှာ ခက်ခဲ၏။ သူကိုယ်တိုင် ဖျက်ဆီးချင်မှသာ ထိုအရိုးအက်ကွဲသွားလိမ့်မည်။ နောက်ဆုံးတွင် … ထိုအရိုးသည် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ပေါက်ကွဲသွားလေသည်။
ဝုန်း…
ရှီဟောင်၏ ခန္ဓာကိုယ် ပြင်းထန်စွာ လှုပ်ခါသွားပြီး သူ၏ မျက်နှာတွင်လည်း အရောင်အဆင်းမရှိတော့ပဲ သူ၏ ဝိဉာဉ်ပင်လျှင် တုန်ခါနေ၏။ သူ၏ အဆင့်လွန်အရိုးသည် လုံးဝပေါက်ကွဲသွားပြီး အပြင်ဘက်သို့ ထွက်လာသည်။
ဤသည်မှာ ကမ္ဘာကြီးကို အမှောင်ဖုံးကာ နေရောင်နှင့်လရောင်ကိုပင် မှေးမှိန်သွားစေနိုင်သည့် အဆုံးမရှိသည့် စွမ်းအားကြီးပင်။ ထိုစွမ်းအားသည် အရာအားလုံးကို ဖိနှိပ်ထား၏။ ပြန့်ကျဲနေသော အဆင့်လွန်အရိုးပေါ်တွင် ထိုင်နေသော ပုံရိပ်လေးသည် ရှီဟောင်ကို လှည့်ကြည့်ပြီးနောက် အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလေသည်။
ထိုအရာသည် ရှီဟောင်၏ တာအိုဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ မွေးရာပါ သဘာဝဥပဒေမှ ပြုလုပ်ထားခြင်းပင်။ ယခုအချိန်တွင် သူသည် နောက်ကြောင်းပြန်မလှည့်နိုင်အောင်ပင် ပေါက်ကွဲသွားပြီး သက်ရှိအားလုံးကို ဖျက်ဆီးနိုင်သည့် အလင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကြေးထာဝရနန်းတော်သည် တုန်ခါနေသော အသံများ ထွက်ပေါ်လာကာ လျင်မြန်စွာပင် ပြိုကွဲသွားလေသည်။ သူသည် လျင်မြန်စွာပင် အရောင်မှိန်သွားကာ ပျံ့ကျဲသွားပြီး လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားလေသည်။
“အား…” ဟွမ်ယု ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ မျက်နှာတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ မည်သူက သေရမည်ကို မကြောက်ပဲ နေမည်နည်း … ဤအရာကို မည်သူက တည်ငြိမ်စွာဖြင့် ရင်ဆိုင်နိုင်မည်နည်း…
ထာဝရနန်းတော်မှ အစေခံအိုကြီးသည် ရည်မှန်းချက် ကြီးစွာဖြင့် အဆင့်နိမ့်နယ်မြေသို့ ဆင်းလာခြင်းပင်။ သူသည် နယ်မြေ ၈ ခုလုံးကို ပေါင်းစည်းကာ သဘာဝအခွင့်အရေးများကို ရှာဖွေလိုခြင်းပင်။
သူသည် ထာဝရနန်းတော် တစ်ခုတည်းအတွက် နယ်မြေများကို ဖြတ်ကျော်လာခြင်းမဟုတ်ပေ။ အဓိကအားဖြင့် သူ့အတွက်သာဖြစ်သည်။ သူသည် ဘဝအချုပ်အနှောင်များမှာ ရုန်းထွက်ကာ သူပိုင်သည့်လမ်းကို လျှောက်လမ်းလိုခြင်းပင်။
သို့သော် ယခုအချိန်တွင် သူ၏ မျှော်လင့်ချက်များအားလုံး နှစ်မြှုပ်သွားလေပြီ။ အဆင်လွန့်အရိုး ပေါက်ကွဲသွားသည့်အချိန်တွင် အဆင့်မြင့်နယ်မြေတွင်ရှိသည့် သူ၏ အိပ်မက်များအားလုံး လွင့်ကြွေသွားပြီး သူ၏ ဘဝအဆုံးသတ်ကို ရောက်သွားလေပြီ။
“ငါ ဒါကိုလက်မခံနိုင်ဘူး” သူသည် ဒေါသတရား၊ အကြောက်တရား၊ တွေဝေမှု၊ မကျေနပ်ခြင်းနှင့် ကူကယ်ရာမဲ့ခြင်းများကို ခံစားနေရသော်လည်း အားလုံးမှာ အသုံးမဝင်တော့ပေ။ သူ ဤစွမ်းအားကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
အဆင့်လွန်အရိုးအပိုင်းအစတစ်ခု လွင့်ထွက်လာကာ သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားကာ သွေးများ စီးကျလာ၏။ သွေးပေါက်တစ်ပေါက်ဖြစ်ပေါ်လာပြီး သူ့ ပေါက်ကွဲသွားနိုင်သည့် အဆုံးမရှိသည့်စွမ်းအားတစ်ခု ရောက်ရှိလာလေသည်။
ဟွမ်ယုသည် နောက်ဆုံးတွင် အပိုင်းပိုင်းကွဲထွက်သွားသည့် လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်လိုက်ရ၏။ သို့သော် သူ၏ မျက်နှာတွင် အေးချမ်းသည့် အပြုံးရှိနေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေကာ ဟွမ်ယုကို ငေးကြည့်နေလေသည်။
ဟွမ်ယု အလွန်ပင် နောင်တရမိသည်။ ဤလူငယ် ဤကဲ့သို့သော အခြေအနေရောက်အောင် ဖိအားပေးခဲ့သော သူမှာ သူပင်ဖြစ်၏။ သူ၏ ဘဝကို စွန့်လွှတ်ရန် ဖိအားပေးခဲ့ပြီး လွတ်လမ်းမရှိအောင် လုပ်ခဲ့သူမှာလည်း သူပင်။
“မဟုတ်ဘူး … ငါတကယ် မသေချင်သေးဘူး” သူ အော်ဟစ်လိုက်၏။ သူ၏ မျက်နှာမှာ သေလူကဲ့သို့ပင် ဖြူဖျော့နေလေသည်။ သူသည် စွမ်းအားရှိသမျှ ရုန်းကန်နေသော်လည်း လွတ်မြောက်ရန်မှာ ခက်ခဲလှပြီး လွတ်လမ်းမရှိပေ။
အဆင့်လွန်အရိုး ပေါက်ကွဲသွားကာ အဆုံးမရှိသည့် စွမ်းအားများ ထွက်ပေါ်လာကာ လှိုင်းလုံးကဲ့သို့ပင် အရာအားလုံးကို တိုက်စားသွားလေသည်။ ထိုစွမ်းအားလှိုင်းသည် ဟွမ်ယုကို မြေပြင်ပေါ်သို့ လဲကျစေပြီး သူ၏ အသက်ဓာတ်ကို ဖျက်ဆီးကာ သူ၏ ခန္ဓာကိုယ်ကိုလည်း တစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။
ဟွမ်ယု၏ ကြောက်လန့်တကြားအော်သံမှာ သနားစရာကောင်းနေလေသည်။ သူသည် ဤနေရာမှ လွတ်မြောက်ရန်အတွက် တတ်နိုင်သမျှ ကြိုးစားနေပြီး အချိန်များကို နောက်ပြန်ဆုတ်ချင်မိသည်။
အဆင့်လွန်အရိုး အပိုင်းအစ နောက်တစ်ခု လွင့်ထွက်လာကာ သူ၏ နဖူးကို ဖြတ်သွား၏။ သူ၏ ခေါင်းမှာ အပိုင်းပိုင်းဖြစ်သွားပြီး စတင်လောင်ကျွမ်းနေလေသည်။
“ငါ တကယ်သေခဲ့ပြီ … မှော်ပစ္စည်းတွေ၊ သိုင်းပညာတွေ ထာဝရနန်းတော်က ငါ့ကို လက်ဆင့်ကမ်းပေးခဲ့တာတွေကို ငါဘယ်တော့မှ သုံးနိုင်မှာ မဟုတ်တော့ဘူး …”သူ၏ ဦးခေါင်းခွံအတွင်းတွင်ရှိနေသည့် မူလဝိဉာဉ်သည် ရုန်းကန်နေဆဲပင်။
“အဆင့်နိမ့်နယ်မြေကို နတ်ဘုရား ၇ ပါးဆင်းလာတယ် ဒါပေမဲ့ သူတို့အားလုံး သေသွားရတယ် … ဒါက တကယ့်ကို သနားစရာကောင်းတဲ့ အဆုံးသတ်ပဲ” သူ ငိုလိုက်ပြီးနောက်တွင် သူ၏ မူလဝိဉာဉ်ဖြင့် အစိမ်းရောင်ကြေးတစ်ပိုင်းကို အသက်သွင်းလိုက်၏။ ထို့နောက်တွင် အေးစက်နေသောအသံဖြင့် အော်ဟစ်လိုက်သည် “ကြေးနန်းတော်ရဲ့ အပိုင်းအစနဲ့ ပန်းပွင့်ကျိန်စာကို ပြုလုပ်လိုက်တယ် … ငါ့အတွက် ပွင့်ပေးပါ”
သူသည် အသိစိတ်အနည်းငယ်သာရှိတော့သော်လည်း သူ၏အသက်ကိုကယ်တင်နိုင်မည့်နည်းလမ်းကို အသက်သွင်းလိုက်သည်။
အဆင့်လွန်အရိုး၏ နောက်ဆုံးအပိုင်းအစ လွင့်ထွက်လာကာ ဟွမ်ယုကို အမြစ်ဖြတ်လိုက်လေ၏။ သူ၏ အသွေးအသားနှင့် မူလဝိဉာဉ်နှစ်ခုလုံး ပေါက်ကွဲသွားကာ ပြာအဖြစ် ပြောင်းလဲသွားလေ၏။
ရှီဟောင်သည် သူ၏ အဆင့်လွန်အရိုးကို ဖျက်ဆီးလိုက်သောကြောင့် သူ၏ စိတ်အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေသည်။ သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီဖြစ်ပြီး သူ၏ ရင်ဘတ်လည်း ပျောက်ဆုံးနေလေ၏။ သူ၏ ရင်ဘတ်အပေါ်ပိုင်းသည် တစ်ပိုင်းဖြစ်နေပြီး အောက်ပိုင်းမှာ တစ်ပိုင်းသပ်သပ်ဖြစ်နေ၏။
ထို့နောက်တွင် ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းနှင့် ဖျက်ဆီးခြင်းအလင်းကြောင့် သူသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေ၏။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ကြေမွသွားပြီး သူ၏အရိုးများလည်း ပြန့်ကျှဲနေလေသည်။
သူသည်လည်း ဟွမ်ယုထက် အခြေအနေ မကောင်းပေ။ သူသည် သူ၏ခန္ဓာကိုယ်ကို ကိုယ်တိုင် ဆုတ်ဖြဲပစ်ပြစ်ပြီး ကိုယ့်ကိုကိုယ် ဖျက်ဆီးလိုက်ခြင်းပင်။
လေဟာနယ်ထဲတွင် အရိုးများ တစ်စစီ လွင့်ထွက်နေပြီး အသွေးအသားများလည်း နေရာအနှံ့တွင် ပျံ့လွင့်နေသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ဆိုးရွားလှ၏။ ရှီဟောင် ဤကမ္ဘာမြေကြီးပေါ်မှ အပြီးပျောက်ကွယ်သွားရန်မှာ တည်းတည်းလေးသာ လိုတော့သည်။
သူ၏ ဦးခေါင်းခွံလည်း အက်ကွဲနေပြီး သူ၏ မျက်ခုံးကြားမှ သွေးများ စီးဆင်းလာသည်။ သူ၏ မူလဝိဉာဉ်မှာ အရောင်မှိန်လာပြီး ပြိုကွဲတော့မည်။
အဆင့်လွန်ပုဂ္ဂိုလ် ဆင်းလာလျှင်ပင် ဦးခေါင်းမရှိသောသူကို ကူညီရန်မှာခက်ခဲလှ၏။ တံဆိပ်များအားလုံး ဆုံးရှုံးရခြင်းမှာ ထိုလူသည် ဤကမ္ဘာလောကကြီးမှ အပြီးပျောက်ကွယ်သွားခြင်းနှင့် တူသည်။
နောက်ဆုံးအချိန်တွင် ရှီဟောင် မျက်လုံးများကို မှိတ်လိုက်၏။ သူ၏ စိတ်ထဲတွင် အကြောင်းအရာများ တစ်ခုပြီးတစ်ခု ပေါ်လာကာ အမှတ်တရများမှာလည်း မနေ့က ဖြစ်ခဲ့သလိုပင်။
သူသည် အလွန်ငယ်ရွယ်သေးပြီး သူ၏ ဆွေမျိုးများက သူ၏ အဆင့်လွန်အရိုးကို ထုတ်ခဲ့သေးသည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများ တစ်စက်စက်စီးကျလာပြီး အေးစက်နေသော အိပ်ရာပေါ်တွင် လဲလျောင်းခဲ့ရသည်။ သူမဘာကြောင့် ဤသို့လုပ်ခဲ့ရသလဲဆိုသည်ကို သူ သူ၏အဒေါကို ထပ်ကာ ထပ်ကာ မေးခဲ့သည်။
နောက်ပိုင်းတွင် သူသည် ကျောက်တုံးကျေးရွာသို့ သွားခဲ့ပြီး အပြစ်ကင်းစင်သည့်လူငယ်လေးအဖြစ် ကြီးပြင်းလာခဲ့၏။ နောက်ဆုံးတွင် သူသည် ပျက်သုန်းခြင်းနယ်မြေမှ ထွက်ခဲ့ပြီး သူ၏ တစ်ကိုယ်တော်ခရီးကို စတင်ခဲ့သည်။
ပျက်စီးခြင်းတောင်တန်းတစ်ရာ၊ မြောက်ဘက်ပင်လယ်မှ ခွန်ပန်အသိုက်၊ ကျောက်တုံးမြို့တော်မှ တိုက်ပွဲကြီး၊ ကျောက်တုံးနှစ်တုံးကြားမှ တိုက်ပွဲ … သူသည် ဤစွမ်းအားကြီးရရှိရန်အတွက် တစ်ဆင့်ချင်း တက်လှမ်းခဲ့သည်။
ဤကောင်းကင်အောက်တွင် ကျောက်တုံးလေးနာမည်ကို မသိသည့်သူ မရှိပေ။
သူသည် ငယ်စဉ်က မိဘများကို ဆုံးရှုံးခဲ့သောကြောင့် သူ့ကိုယ်သူသာ အားကိုးခဲ့သည်။ သူသည် နတ်ဘုရားခုနှစ်ပါးကို သတ်ခဲ့ပြီး ကံမကောင်းစွာဖြင့်ပင် … အဆုံးသတ်တွင်လည်း သူလည်း ကျရှုံးခဲ့ရသည်။
ရှီဟောင်၏ မျက်ခုံးကြားမှ အက်ကွဲလာပြီး အရိုးများမှာ တစ်စပြီးတစ်စ ပေါက်ကွဲသွားလေသည်။
သူ၏ နှလုံးသားထဲတွင် စိုးရိမ်မှုများ ပြည့်လျှံနေ၏။ သူသည် ဤကမ္ဘာကြီးကို ကြည့်လိုက်ကာ “ကျောက်တုံးကျေးရွာက ထွက်လာပြီးကတည်းက ငါ့မိဘတွေနဲ့ မတွေ့တာကြာပြီ … ငါသူတို့ကို တကယ် နောက်ဆုံးအကြိမ်အဖြစ် တွေ့ချင်တယ် …”
သို့သော် သူ ဤအခွင့်အရေးကို မရနိုင်တော့သည်ကို သူသိ၏။ သူသည် ဤကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားတော့မည်။
ဤနေရာတွင် အချိန်များရပ်တန့်နေသည်ဟု ခံစားနေရသည်။ ကျောက်တုံးလေးသည် သူသေမည့်အချိန်ကို စောင့်ဆိုင်းနေပြီး သူ၏ မျက်လုံးတွင်လည်း မျက်ရည်များ စီးကျနေပြီး ဝမ်းနည်းသည့် အမူအရာလည်း ဖြစ်ပေါ်နေ၏။
ဤသည်မှာ သူ၏ နောက်ဆုံးအချိန်ဖြစ်သော်လည်း သူ ဘယ်သူ့ကိုမှ မတွေ့နိုင်တော့ပေ။
ယခုပုံစံသည် သူငယ်စဉ်တုန်းကအတိုင်းပင်။ အိပ်ရာသေးသေးလေးပေါ်တွင် လဲနေရပြီး ရင်ဘတ်မှ သွေးများ စီးကျနေသည်။ မည်သည့်နွေးထွေးမှုမှမရှိ၊ သူ့ကို ကာကွယ်ပေးမည့်သူ မည်သူမှမရှိသလို မည်သူ၏ အချစ်ကိုမှလည်း မရရှိခဲ့ပေ။ အေးစက်ခြင်းတစ်ခုသာရှိနေခဲ့ပြီး သေမင်းကိုသာ စောင့်ဆိုင်းခဲ့ရသည်။
သူသည် အတိတ်တုန်းကကဲ့သို့ပင် ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ သူသည် အေးစက်မှုနှင့် ဝမ်းနည်းခြင်းကိုသာ ခံစားရ၏။
“ငါဘာလို့ အခုထိ မသေသေးတာလဲ” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ သူသည် သူသေဆုံးမည်ကို ကိုယ်တိုင်ကြည့်နေပြီး အဆုံးမရှိသည့် အိပ်စက်ခြင်းသို့ သွားရန် စောင့်နေရ၏။
သို့သော် အကြောင်းအရာတစ်ချို့ကြောင့် အချိန်များ ရပ်တန့်နေသည်ကို ခံစားရသည်။ သူ၏ ဦးခေါင်းခွံမှာ အက်ကွဲသွားသော်လည်း ပေါက်ကွဲမထွက်သွားသေးသလို သူ၏ အသိစိတ်မှာလည်း ရှင်းရှင်းလင်းလင်းပင် ရှိနေသေးသည်။
“အဲဒါက ဘာကြီးလဲ” အစိမ်းရောင်အလင်းလေးကို သူတွေ့လိုက်ရသည်။
အစိမ်းရောင်အလင်းပျောက်လေးများသည် သူ၏ ဦးခေါင်းခွံပေါ်တွင် ပျံ့ကြဲသွားပြီး သူ၏ ဒဏ်ရာများ ဆိုးဝါးမလာအောင် လုပ်လိုက်သည်။ ထိုအလင်းသည် အက်ကွဲကြောင်းကို ပြန်ပြင်လိုက်ပြီး အချိန်များကိုလည် ရပ်တန့်အောင် လုပ်ထားသလိုပင်။
သိပ်သည်းလှသော အစိမ်းရောင်အလင်း စီးဆင်းလာကာ သူ၏ဦးခေါင်းခွံနှင့် ပေါင်းစည်းသွားလေသည်။
တစ်ချိန်တည်းမှာပင် နေရာအနှံ့သို့ လွင့်ထွက်သွားသည့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အသွေးအသားအပိုင်းအစများနှင့် ခန္ဓာကိုယ်အောက်ပိုင်းသည် ထူးဆန်းသည့်အားတစ်ခု၏ ပြန်လည်ဆွဲယူခြင်း ခံလိုက်ရသည်။
တောက်ပနေသည့် အဖူးအညွန့်များ ရှိနေသော အစိမ်းရောင်သစ်ကိုင်းလေးတစ်ခုသည် နူးညံ့သော အလင်းတန်းများ ထုတ်လွှတ်လျက်ရှိ၏။ သူ၏ အသွေးအသားများနှင့် အရိုးအပိုင်းအစများကို ပေါင်းစည်းပေးခဲ့သည်မှာလည်း ဤသစ်ကိုင်းလေးပင်။
“မိုးမခနတ်ဘုရား”
ရှီဟောင် အော်ဟစ်လိုက်၏။ နောက်ဆုံးအချိန်တွင် သူသည် အထီးကျန်ကာ ဝမ်းနည်းနေခဲ့သည်။ သူသည် မည်သူမျှ မသိပဲ ဤကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားရတော့မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ပဲ သူရင်းနှီးနေသည့် အော်ရာတစ်ခုကို အာရုံခံမိလိုက်သည်။
နောက်ဆုံးအချိန်တွင် ဤသစ်ကိုင်းကို တွေ့လိုက်ရသောကြောင့် သူ ပျော်ရွှင်ကာ စိတ်လှုပ်ရှားသွားရ၏။ သူ၏ အခြေအနေများမှာလည်း တစ်စထက်တစ်စ ပိုမို ကောင်းမွန်လာသည်။
ဤသည်မှာ မိုးမခနတ်ဘုရားအစစ်မဟုတ်ပေ။ သူချန်ထားခဲ့သည့် သစ်ကိုင်းလေးတစ်ခုသာ။
ရှီဟောင် မြောက်ဘက်ပင်လယ်ရှိ ခွန်ပန်အသိုက်မှ ထွက်လာသည့်အချိန်တွင် မိုးမခနတ်ဘုရားသည် သူ့ကို မိုးမခကိုင်းလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီး ဂရုတစိုက်သိမ်းဆည်းထားရန်လည်း မှာကြားခဲ့သည်။ သူ အန္တရာယ်တစ်ခုခု ကြုံရပါက ဤသစ်ကိုင်းကို အသုံးပြု၍ ရကြောင်းလည်း ပြောခဲ့၏။ သို့သော် သူတစ်ခါမှ အသုံးမပြုရသေးပေ။
သို့သော် မိုးမခနတ်ဘုရားသည် မူလရှေးဟောင်းဂိတ်တံခါးကို ဖြတ်သန်းသွားသောကြောင့် ဤသစ်ကိုင်းသည်လည်း အစွမ်းမရှိတော့ပဲ မိုးမခနတ်ဘုရားကို မခေါ်နိုင်တော့ပေ။
ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ထိုသစ်ကိုင်းသည် ခြောက်သွေ့တော့မတတ်ပင် တစ်ဖြည်းဖြည်း မှိန်ဖျော့လာ၏။ အဘယ်ကြောင့်ဆိုသော် မိုးမခနတ်ဘုရား ဤကမ္ဘာမှ ထွက်သွားသောကြောင့် ဤသစ်ကိုင်းနှင့် အဆက်အသွယ် ပြတ်သွားလေပြီ။
ရှီဟောင် ထိုသစ်ကိုင်းလေးကို ကိုယ်နှင့်မကွာ ဆောင်ထားခဲ့သည်။ ယနေ့ သူ သူ့ကိုယ်သူ စတေးကာ သူ၏ အဆင့်လွန်အရိုးကို ဖောက်ခွဲခဲ့၏။ ဤသည်မှာ ရှင်သန်ရန်မဖြစ်နိုင်သည့် သေလမ်းတစ်ခုဖြစ်ပြီး ဤကဲ့သို့သောအချိန်တွင် ဤသစ်ကိုင်းလေး အသက်ဝင်လာပြီး အစိမ်းရောင်အလင်းများ တောက်ပလာကာ သူ၏ အသွေးအသားများ အရိုးများကို ပြန်လည်ယူဆောင်ပေးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
မိုးမခသစ်ကိုင်းလေး တောက်ပလာကာ အသက်ဓာတ်ပါရှိသော နူးညံ့သည့် အဖူးအညွန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ထိုအဖူးများသည် သစ်ကိုင်းမှ ခွာကာ ရှီဟောင်၏ ပျက်စီးနေသော ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ပြန့်ကျဲနေသော အသွေးအသားများကို ချိတ်ဆက်ပေးလေသည်။
အသွေးအသားများနှင့် သွေးများကို ပြန်ဆက်ခြင်းမှာ အလွန် ခက်ခဲသော အလုပ်ဖြစ်ပြီး နတ်ဆေးလုံးများပင် အလွယ်တကူ မပြုလုပ်နိုင်ပေ။
ယနေ့တွင် မိုးမခသစ်ကိုင်းလေးသည် သူ၏ အဖူးအညွန့်လေးများကို သုံးကာ သူ၏ အသွေးအသားများကို ပြန်ဆက်ပေးခဲ့ပြီး သူ၏ ရှင်သန်နိုင်စွမ်းကို ပြန်လည် ထိန်းသိမ်းပေးခဲ့သည်။
သူသည် မြေပြင်ပေါ်သို့ ကျကွဲသွားသည့် ပန်းကန်ပြားတစ်ချပ်ကဲ့သို့ပင်။ သူသည် တစ်စစီ ပြိုကွဲသွားပြီးနောက် ပြန်ဆက်သွားကာ သူ၏ မူလပုံစံပြန်ပေါ်လာသော်လည်း သူ၏ ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ရှိနေလေသည်။
ဤသည်မှာ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် ယာယီချိတ်ဆက်ထားခြင်းသာ။
ရှီဟောင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ ဤတောတောင်ထဲတွင် သူ၏ ခန္ဓာကိုယ်မှ အသွေးအသားများ ပြန်ဆက်သွားသည်ကို သူမယုံကြည်နိုင် ဖြစ်နေ၏။
သို့သော် ပျောက်ကွယ်သွားပြီဖြစ်သော အသွေးအသားနှင့် အရိုးများ ရှိနေသောကြောင့် သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာပင် ဒဏ်ရာရနေပြီး အရေးကြီးသည့် အခြေအနေ ဖြစ်နေသည်။
အဖူးအငုံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ ဒဏ်ရာရနေသည့် သူ၏ ခန္ဓာကိုယ်ကို ကုသပေးကာ အက်ကွဲကြောင်းများကို ပိတ်လိုက်ပြီး ကြီးမားသည့် အပေါက်ကြီးကိုလည်း ပြန်ပြင်နေ၏။
အဆင့်လွန်အရိုးလည်း ပြန်ရောက်၏။ သို့သော် သူ၏ သုံးပုံတစ်ပုံခန့် ပျောက်ဆုံးသွား၏။ ထိုအရိုး တစ်ပိုင်းမှာ ကြောက်စရာကောင်းသည့် စွမ်းအားမုန်တိုင်းတွင် လောင်ကျွမ်းသွားပြီး ကျန်နေခဲ့သည်မှာလည်း ဒဏ်ရာရထားသည့် အပိုင်းအစများပင်။
ထို့အပြင် ကျန်နေသည့် အဆင့်လွန်အရိုးအပိုင်းအစများမှာလည်း ပြန်လည်ပေါင်းစည်းသွားသည်။
ရုတ်တရက်ပင် သူ၏ ခန္ဓာကိုယ်ထဲမှ အချို့အရိုးများ ပြန်၍ အက်ကွဲလာပြီး ကျိုးပျက်သွား၏။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်သည် ယခင်အတိုင်းပင် တောင်ခြေတွင် တစ်စစီ ပြိုကွဲသွားလေသည်။
ရှီဟောင် လေ့လာလိုက်သည့်အချိန်တွင် သူ၏အရိုးတွင်ရှိသော ထူးဆန်းသည့် သင်္ကေတအချို့သည် မိုးမခသစ်ကိုင်း၏ ရှင်သန်မှုနှင့် တိုက်ခိုက်နေပြီး သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးနေလေ၏။
ကြောက်စရာအကောင်းဆုံး အချက်မှာ ဤဖျက်ဆီးသည့်စွမ်းအားသည် အလွန်အားကောင်းကာ သစ်ကိုင်းလေး၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းထက်ပင် အနည်းငယ် အားသာနေသည်။ သူ၏ အသွေးအသားများမှာလည်း မတည်ငြိမ်တော့ပဲ နောက်တစ်ကြိမ် ပြန်လည်ပြိုကွဲတော့မည်။
“ထာဝရနန်းတော်ရဲ့ သဘာဝဥပဒေတွေက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ လာပေါင်းတာလား” ရှီဟောင် သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ဘာဖြစ်နေသည်ကို နားလည်သွား၏။ သူ၏ မျက်လုံးများ အရောင်ဖျော့သွားကာ သက်ပြင်းချလိုက်သည်။ သူသည် သေဆုံးတော့မည်ပင်။
မိုးမခနတ်ဘုရားထွက်သွားပြီး သူချန်ထားခဲ့သူသည့် မိုးမခကိုင်းသည်လည်း လုံးဝပင် ညှိုးခြောက်သွားခဲ့သည်။ ထိုသစ်ကိုင်းလေးသည် အသက်ပြန်ဝင်လာကာ အလင်းများ တောက်ပလာသော်လည်း သူ၏ ကိုယ်ထဲတွင်ရှိနေသည့် သဘာဝဥပဒေများလောက် အားမကောင်းပေ။
ထိုအချိန်တွင် ထာဝရနန်းတော်၏ သဘာဝဥပဒေများသည် သူ၏ အသွေးအသားများနှင့် ပေါင်းစပ်သွားကာ သူ့ကိုသတ်ရန်အတွက် စတင်ဖျက်ဆီးနေလေသည်။
“နောက်ဆုံးတော့လည်း သေခြင်းတရားက လွတ်မြောက်ဖို့က အရမ်းခက်ခဲတာပဲ … ငါ ငွေရောင်မျှော်လင့်ချက်လေးကို ရလိုက်တာပဲ … ငါတွေ့ချင်နေတဲ့သူတွေကို တွေနိုင်ဖို့ ငါ့ကို ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ချန်ထားပေးခဲ့တာပဲ … ” သူ သူ့ကိုယ်သူ ပြောလိုက်၏။
ရှီဟောင် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူ၏ ဘဝသည် မကြာမီတွင် ကုန်ဆုံးတော့မည်ကို သူသိသည်။ ယခုအချိန်တွင် သူသည် ဤကမ္ဘာကြီးပေါ်တွင် အချိန်တစ်ခဏခန့်တော့ ရှိနေနိုင်သေးသည်။ သူ ဤအခွင့်အရေးကို အပြည့်အဝ အသုံးချရမည် မဟုတ်ပါက သူသည် ဤစွမ်းအားကြောင့် တကယ်ပင် ကြွေလွင့်သွားလိမ့်မည်။