သုခကမ္ဘာက ရှီဟောင် - Chapter - 783 ရှုပ်ထွေးနေသောကမ္ဘာ
တောင်တန်းများမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ခရမ်းရောင်စွမ်းအားများလည်း လေထဲတွင် ပျံ့လွင့်နေသည်။ ထာဝရတောင်မှာ ခမ်းနားကြီးကျယ်နေဆဲပင်။
အသံသည် တော်တော်ဝေးဝေးသို့ ရောက်သွားပြီး မိုးခြိမ်းသံကဲ့သို့ပင် ပဲ့တင်ထပ်သွားသော်လည်း ချင်းဟောင်၏ တုံ့ပြန်မှု ရောက်မလာခဲ့ပေ။
ရှီဟောင်၏ နှုတ်ခမ်းတောင့်တွင် သွေးစီးကြောင်းတစ်ခုကို မြင်နိုင်သည်။ သူ သွေးများကို ပြန်မြိုချနေသော်လည်း စီးကျနေဆဲပင်။ အားလေးနည်းနည်းထုတ်သုံးလိုက်သည်နှင့် သူ၏ ဒဏ်ရာများ မည်မျှပင် ဆိုးဝါးသွားသည်ကို တွေ့နိုင်လေသည်။
ဘေးပတ်လည်တွင်ရှိနေသည့် လူအားလုံး အံ့အားသင့်နေကြ၏။ ကျောက်တုံးလေး ကြာကြာမနေရတော့သည်ကို သူတို့သိသည်။ သူသည် နတ်ဘုရားများနှင့်တိုက်ခိုက်ခဲ့ပြီး မယုံကြည်နိုင်လောက်အောင်ပင် ပေးဆပ်ခဲ့ရသည်။ သူ ဒီနေ့ သေတော့မည်…
“သူက စွမ်းအားအကြီးဆုံးနတ်ဘုရားနဲ့ တိုက်ခဲ့တယ်လို့ ကောလဟာလ ကြားထားသေးတယ် … သူ နောက်ဆုံးနတ်ဘုရားကို သတ်နိုင်သွားတာလား”
ထိုသို့တွေးလိုက်မိသည်နှင့် ထာဝရတောင်တွင်ရှိနေသော သူများအားလုံး ဝိဉာဉ်မှပင် ကြောက်လန့်သွားသည်ဟု ခံစားလိုက်ရ၏။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းသော ရလဒ်ဖြစ်သနည်း … ထိတ်လန့်စရာကောင်းလွန်းသည်။
ဤအချက်ကြောင့်ပင် ကျောက်တုံးလေး သိပ်ကြာကြာမခံနိုင်တော့တာကို သူတို့ ပို၍ ယုံကြည်သွားကြ၏။ နောက်တစ်ချက် ရိုက်လိုက်ရုံဖြင့်ပင် သူ့ဘဝ အဆုံးသတ်သွားနိုင်သည်။
ဤလူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လျှို့ဝှက်စွာပင် စွမ်းအားများကို ပြန်လည်ပြုပြင်လိုက်သည်။ လိုအပ်ပါက သူတို့ နောက်ဆုံးတိုက်ခိုက်မှုကို စုပေါင်းတိုက်ကြမည်။
ရှီဟောင်၏ အမူအရာမှာ အေးစက်လာ၏။ သူ၏ လက်ချောင်းများကို အားထည့်လိုက်သည်နှင့် သူ၏ လက်ထဲတွင်ရှိနေသာ အဆင့်လွန်ကျွမ်းကျင်သူ၏ လည်ပင်မှ အသံများထွက်လာပြီး အရိုးများတွင်လည်း အက်ကွဲကြောင်းများ ပေါ်လာလေသည်။
ထာဝရတောင်မှာ ဤသည်ကို လက်မခံနိုင်ပေ။ နောက်ဆုံးကျန်သည့် အဆင့်လွန်ကျွမ်းကျင်သူသာ သေဆုံးသွားပါက အဆင့်နိမ့်နယ်မြေတွင် သူတို့မည်ကဲ့သို့ အာဏာတည်ဆောက်နိုင်မည်နည်း … ဤအဆင့်လွန်ကျွမ်းကျင်သူ သေသွား၍ မဖြစ်ပေ။
“ကျောက်တုံးကလန်က ဧကရာဇ် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ … ပြောစရာရှိရင် ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်” အကြီးအကဲတစ်ယောက်သည် အရှေ့သို့ အလျင်စလိုရောက်လာပြီး သူ၏ လက်ကို တောင်းပန်သည့်ပုံစံ လုပ်ပြလေသည်။
အခြားကျန်သည့်သူများအားလုံးလည်း သူတို့၏ အော်ရာများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။ ကျောက်တုံးလေးမှာ ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း သူအမှန်တကယ် ဒေါသထွက်လာလျှင် သူ၏လက်ထဲတွင် ရှိသည့် အဆင့်လွန်ကျွမ်းကျင်သူကို သတ်ရန်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။
ရှီဟောင် အပြင်ဘက်သို့ လက်ညှိုးထိုးလိုက်သည်နှင့် နတ်ခွန်အားများ ထွက်လာကာ ထိုအဆင့်လွန်ကျွမ်းကျင်သူကို ချိတ်ပိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တွင် မည်သည့်စွမ်းအားမှ မရှိအောင် ယာယီလုပ်လိုက်၏။ ထိုအဆင့်လွန်ကျွမ်းကျင်သူ၏ မျက်နှာမှာ ဖြူဖျော့လာပြီး ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ရင်လာသည်။
“ညီလေး မင်းဒီမှာလား … ငါတို့တွေ့ရအောင် ထွက်လာခဲ့ပါ” ရှီဟောင် သူ၏ နတ်ခွန်အားကို အသုံးပြုကာ နောက်တစ်ကြိမ် အသံပို့လွှတ်လိုက်သည်။ သူ၏ အရိုးအက်ကွဲသံများကိုပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။
ငွေရောင်မှော်ဝတ်ဆုံဝတ်ထားသည့်လူငယ်လေးတစ်ယောက် ကောင်းကင်မှ ဆင်းသက်လာလေ၏။ သူ၏ အဝတ်အစားများမှာ တောက်ပနေသောကြောင့် သူသည် မြင့်မြတ်သည့်ပုံစံ ဖြစ်နေစေသည်။
သူသည် အသက် ၁၂ နှစ် ၁၃ ခန့်သာရှိသေးသော်လည်း အလွန်ပင် တိတ်ဆိတ်လှ၏။ သူမျက်တောင်ခတ်လိုက်သည့်အချိန်တွင် နတ်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ သူ၏ နက်မှောင်သော ဆံပင်များမှာ ကျောပေါ်တွင်ဖြန့်ချထားသောကြောင့် သူ၏ ပုံစံမှာ ရဲရင့်ပြီး သူရဲကောင်းဆန်နေသည်။ ဤသူမှာ ချင်းဟောင်ပင်။
ချင်းဟောင်မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ “အစ်ကို ဘာဖြစ်လာတာလဲ”
ရှီဟောင်သည် သူ၏ဒဏ်ရာများကို ဖိနှိပ်လိုက်ပြီး “သူတို့အားလုံးကို သွားခိုင်းလိုက် အစ်ကို မင်းနဲ့ ပြောစရာရှိတယ်”
ချင်းဟောင် ခေါင်းညိမ့်လိုက်ပြီး “ကျွန်တော်နဲ့ ထာဝရတောင်ကိုလိုက်ခဲ့လိုက်”
ဤလူများမှာ ဒေါသထွက်နေသော်လည်း သူတို့၏ ခံစားချက်များကို ဖိနှိပ်လိုက်ကြပြီး ရှီဟောင်ကို မတားဆီးကြတော့ပေ။
တောင်ထိပ်တစ်ခုတွင် ထင်းရှူးပင်များကို နေရာတိုင်းတွင် တွေ့ရသည်။ ညီအစ်ကို နှစ်ယောက်ထိုင်နေကြ၏။ ရှီဟောင်သည် ဘာကိုမှ ဖုန်းကွယ်မထားပဲ မကြာခင်တွင် သူ၏ အသက်ဓာတ်ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ပြောလိုက်၏။
ချင်းဟောင်သည် သူ့ကို ကြည့်ကာ “အဲဒါကကုလို့ မရဘူးလား”
“ငါ ငါ့ရဲ့အခြေအနေကို သေချာနားလည်တယ် … မြင့်မြတ်တဲ့ဆေးတွေတောင် အသုံးမဝင်တော့ဘူး”
ချင်းဟောင်တိတ်ဆိတ်သွား၏။ ထို့နောက်တွင် “အစ်ကို ကျွန်တော့်ကိုဘာလုပ်စေချင်လို့လဲ”
“အဖေနဲ့အမေကို ဂရုစိုက် … ငါ တစ်ခြားဘယ်သူ့ကိုမှ ပြောလို့မရလို့” ရှီဟောင် ထိုစကားကို ပြောပြီးသွားသည်နှင့် မတ်တပ်ရပ်လိုက်၏။ သူသည် အချိန်အကြာကြီး သူ၏ ညီငယ်ကို မသိခဲ့ပေ။ သူ၏ ညီလေးသည် စကားအများကြီး ပြောရသည်ကို မကြိုက်သဖြင့် သူ ဤနေရာတွင် အချိန်ဖြုန်းမနေချင်တော။
“ကမ္ဘာကြီးက အရမ်းကို ကျယ်ပါတယ် … အစ်ကို့ကို ကယ်နိုင်တဲ့ ရှေးဟောင်းနည်းလမ်းတစ်ခုခုတော့ ရှိမှာပါ” ချင်းဟောင် ပြောလိုက်သည်။
“ငါသိတယ်” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူ သူ၏ ညီလေးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ချင်းဟောင် သူ၏ အဖေနှင့်အမေကို သေချာ စောင့်ရှောက်ရမည်။ ဤသည်မှာ သူ၏ အကြီးမားဆုံးဆန္ဒတစ်ခုဖြစ်ပင်။
“စိတ်မပူပါနဲ့ သူတို့ သေချာပေါက် ပျော်ပျော်ရွှင်ရွှင်နေရမှာပါ … ကျွန်တော်တို့ အဆင့်မြင့်နယ်မြေကို ရောက်သွားတဲ့အချိန်ကျရင် ကျွန်တော်တို့ကို ဘယ်သူမှ ရန်စရဲတော့မှာ မဟုတ်ဘူး” ချင်းဟောင် ပြောလိုက်၏။
ရှီဟောင် သက်ပြင်းချလိုက်၏။ “အဲဒီလိုဆိုရင်တော့ အစ်ကိုစိတ်ချရပါပြီ … သူတို့ကို အစ်ကိုအကြောင်းမပြောနဲ့ အစ်ကို သီးသန့်ကျင့်ကြံနေတာလို့ပဲ ပြောလိုက် … မင်းတို့အားလုံး အဆင့်မြင့်နယ်မြေကို စောစောလေး သွားသင့်တယ်”
ချင်းဟောင်၏ ခန္ဓာကိုယ်တွင် ထာဝရအရိုးကို အောင်မြင်စွာ ထည့်လိုက်နိုင်ပြီကို သူသိသောကြောင့်ပင်။
သူ၏ အခြေအနေမှန်ကို မိဘများအား အသိမပေးချင်မိပေ။ မဟုတ်ပါက သူတို့ ဝမ်းနည်းသွားလိမ့်မည်။ သေကွဲကွဲရပြီး ဝမ်းနည်းနေရမည့်အစား သူကျင့်ကြံနေသောကြောင့် ယာယီခွဲနေရသည်ဟုသာ သူ၏ မိဘများကို လိမ်ထားမည်။
ချင်းဟောင်သည် သူ့ကိုကြည့်ပြီး ဘာမှမပြောသောကြောင့် နှစ်ဦးလုံး တိတ်ဆိတ်သွားသည်။
“ကောင်းပြီလေ” ချင်းဟောင်ခေါင်းညိမ့်လိုက်၏။
ရှီဟောင်သည် ကျောက်ပြာလမ်းလေးမှတစ်ဆင့် ထာဝရတောင်မှ ထွက်ခဲ့လိုက်ပြီး နောက်ပြန်လှည့်မကြည့်တော့ပေ။ သူ၏ နောက်ဆုံးထွက်သက်ကို စောင့်ရန်အတွက် သူ အေးချမ်းသည့်နေရာတစ်ခုကိုသာ ရှာဖွေချင်သည်။
လမ်းတစ်လျှောက်တွင် သူ့ကို မည်သူမျှ မတားဆီးကြပေ။
တောင်ဂိတ်ပေါက်ဝအပြင်ဘက်တွင် ကမ္ဘာကြီးမှာ ကျယ်ပြန့်လွန်းလှသည် အဆုံးမရှိသည့်ကွင်းပြင်ကြီးရှိနေသည်။ ရှီဟောင်သည် ထိုနေရာတွင် ခဏရပ်ပြီး တောင်များနှင့် စီးဆင်နေသော မြစ်များကို ရပ်ကြည့်လိုက်၏။ ရုတ်တရက်ပင် သူ ဘယ်ကိုသွားရမလဲ သူမသိတော့ပေ။
“ကျောက်တုံးကျေးရွာကို ပြန်သွားတာလည်း မကောင်းသေးဘူး” သူ သက်ပြင်းချလိုက်သည်။
“သူတို့ အရမ်းကို ဝမ်းနည်းသွားလိမ့်မယ်” ချင်းဟောင်သည် သူ့အနောက်သို့ လိုက်လာပြီး သူ၏အနောက်တွင်ရပ်လိုက်ကာ ပြောလိုက်၏။ သူသည် ရှီကျီလင်းတို့ဇနီးမောင်နှံကို ပြောနေသည်မှာ သိသာလှသည်။
“မင်း သူတို့ကို မပြောသရွေ့ အဆင်ပြေတယ် … ဘာပဲဖြစ်ဖြစ် မင်းအဆင့်မြင့်နယ်မြေသွားတော့မှာမလား အဲဒီတော့ မင်း သူတို့ကို ခေါ်သွားလိုက်” ရှီဟောင် နောက်ပြန်လှည့်မကြည့်ခဲ့ပေ။
သူ ထိုနေရာတွင် အတော်အတန်ကြာအောင် မတ်တပ်ရပ်ခဲ့၏။ အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားကြည့်ပြီးနောက်တွင် ကျောက်တုံးကျေးရွာရှိနေသည့် ပျက်သုန်းခြင်းနယ်မြေသို့သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရွာနှင့် လီပေါင်းများစွာ ဝေးသည့်နေရာတွင် သူ့ကိုယ်သူ မြှုပ်နံပြီး သူတို့ကို တွေ့ခွင့်ပေးမည်မဟုတ်ပေ။ သူကြီးပြင်းခဲ့သည့်နေရာတွင်သာ ရှိနေချင်သည်။
” နှုတ်ဆက်ပါတယ် .. ညီလေး .. ငါသွားတော့မယ်” သူသည်လေဟာနယ်ထဲသို့ ကြည့်လိုက်ကာ ယဇ်ပုလ္လင်ရှိနေမည့် မြို့ကြီးတစ်ခုကို ရှာလိုက်သည်။
ကျောက်နက်မြို့သည် အတော်အတင့်ကြီးမားသည့် မြို့တစ်ခုဖြစ်၏။ ထိုမြို့ကို ကြီးမားသည့် အနက်ရောင်ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားသောကြောင့် ကျောက်နက်မြို့ဟု ခေါ်ခြင်းပင်။
“ယဇ်ပုလ္လင်က ပျက်စီးနေတာလား” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး ကောင်းကောင်းမထိန်းသိမ်းထားသောကြောင့် ဤယဇ်ပုလ္လင်မှာ အသုံးပြု၍ မရတော့ပေ။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သူ့အနားရှိစဉ်တွင် သူ အစီအရင်အချို့အား လေ့လာထားသောကြောင့် သူ ထိုယဇ်ပုလ္လင်ကို ပြုပြင်ပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ရန် ကြိုးစားလိုက်သည်။
တစ်နာရီကြာသည့်အချိန်တွင် ပြန်လည်ပြုပြင်ခြင်းအောင်မြင်သွား၏။ သူ၏မျက်နှာမှာ ပို၍ ဖြူဖျော့လာကာ သူ၏ ပုံစံမှာ ပို၍ပင် အားနည်းလာသည်။ သူထပ်မစောင့်နိုင်တော့ … ပျက်သုန်းခြင်းနယ်မြေကို မြန်မြန်သွားရမည်။
“ငါ့တို့ကလေးလေး”
“ဟောင်အာ”
အလောကြီးကာ စိုးရိမ်နေသည့် အသံများ သူ၏အနောက်မှ ထွက်ပေါ်လာသည်။ လေထဲမှ ပုံရိပ်နှစ်ခုမှာ လျင်မြန်စွာပင် သူ့အနားသို့ ရောက်လာလေ၏။ ဤသည်မှာ သေချာပေါက် ရှီကျီလင်းတို့ ဇနီးမောင်နှံပင်။
သူတို့သည် ဤရက်အနည်းငယ်အတွင်းတွင် ပျက်သုန်းခြင်းနယ်မြေအတွင်း၌သာရှိနေပြီး ရှီဟောင်နောက် လိုက်နေခဲ့သည်။ သူတို့သည် ရှီဟောင်မတော်တဆဖြစ်ကာ သေဆုံးသွားမည်ကို ကြောက်ရွံ့နေကြရသည်။
သို့သော် သူတို့ နောက်ကျသွားလေပြီ။ တိုက်ပွဲတစ်ပွဲပြီးတိုင်း ရှီဟောင်သည် အလွန်ဝေးကွာသောနေရာများသို့ ထွက်သွားလေသည်။
ဤနေ့ရက်များတွင် သူတို့ ကိုယ်ရောစိတ်ပါ ပင်ပန်းခဲ့ကြရ၏။ သူတို့သားကို နောက်တစ်ကြိမ်ထပ်မတွေ့ရတော့ပဲ ထာဝရကွဲကွာသွားကြရမည်ကို သူတို့ အလွန်ကြောက်ရွံ့နေကြသည်။
ကံကောင်းစွာဖြင့်ပင် သူတို့ဇနီးမောင်နှံသည် ကျောက်တုံးတိုင်းပြည် အင်ပါယာနန်းတော်အစောင့်ထံမှ အချို့ကိစ္စများကို သိခဲ့ရပြီး ယဇ်ပုလ္လင်တွင် ကျန်ခဲ့သည့်သင်္ကေတများမှတစ်ဆင့် သူသွားသည့်နေရာကို ခန့်မှန်းနိုင်ခဲ့သည်။
သူတို့ ထာဝရတောင်သို့ ရောက်သွားသည့်အချိန်တွင် ရှီဟောင် ထွက်သွားယုံသာ ရှိသေးသည်ဟု သိလိုက်ရသောကြောင့် သူတို့ သူ့နောက်သို့ လျင်မြန်စွာ လိုက်ခဲ့ကြသည်။
ရှီဟောင်သည် လမ်းကြောင်းကို မြန်မြန်ဖွင့်ပြီး ထွက်သွားချင်သော်လည်း သူမလုပ်နိုင်တော့ပေ။ သူ့ကို ရှာတွေ့သွားပြီဖြစ်သောကြောင့် သူဒီထပ်ပို ပုန်းနိုင်မည်မဟုတ်တော့။
“ဟောင်အာ ဘာဖြစ်ခဲ့တာလဲ” ချင်းရိနင် ထိတ်လန့်တကြားအော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ရှီဟောင်၏ ခေါင်းအစခြေအဆုံးအက်ကွဲနေသည့် ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်အချိန်တွင် သူမ ခြေဖျားလက်ဖျားများပင် အေးစက်သွား၏။
ချင်းဟောင်လည်း သူတို့နောက်လိုက်လာလေသည်။ သူသည် ဤနေရာသို့ ဦးဆောင်ခေါ်လာခဲ့ခြင်းပင်။
“အဖေ အမေ…” ရှီဟောင်ပြောလိုက်၏။ သူပြုံးပြလိုက်ပြီး သူ၏ စိတ်ထဲတွင်လည်း ငြိမ်းချမ်းသွား၏။ သို့သော် သူသည် မူးဝေလာကာ ယဇ်ပုလ္လင်ပေါ်သို့ လဲကျသွားလေသည်။
“မြန်မြန် သူ့ကို ထာဝရတောင်ကို ပြန်ခေါ်သွားပြီး ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို စဉ်းစား … ဝိဉာဉ်ဆေးပင်အားလုံးနဲ့ မြင့်မြတ်တဲ့ဆေးလုံးအားလုံးကို သုံးလိုက် … ငါတို့ ဟောင်အာကို ရအောင် ကယ်ရမယ်” ရှီကျီလင်းသည် ရှီဟောင်ကို ပွေ့ဖက်ပြီး အော်ဟစ်လိုက်လေ၏။
“ငါတို့ ဟောင်အာကိုတစ်ခါဆုံးရှုံးရပြီးပြီ … ဒီတစ်ခေါက်တော့ သူ့ကို နောက်တစ်ခေါက် အဆုံးရှုံးမခံနိုင်တော့ဘူး … သူ အသက်ရှင်ရမယ်” ချင်းရိနင်လည်း မျက်ရည်များစီးကျလာကာ ပြောလိုက်သည်။
သူတို့သည် ရှီဟောင်ကို ပွေ့ဖက်ကာ ထာဝရတောင်သို့ သွားလိုက်သည်။
ထိုနေ့တွင်ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး ရှီဟောင် နတ်ဘုရားခုနှစ်ပါးထဲမှ နောက်ဆုံးနတ်ဘုရားကို သတ်လိုက်သည်ဟူသောသတင်းသည် အခြားနယ်မြေများသို့ပင် ပျံ့နှံ့သွားလေသည်။
“ကျောက်တုံးလေး လုပ်နိုင်သွားပြီ … မယုံကြည်နိုင်စရာကောင်းလိုက်တာ … ဒါက သမိုင်းဝင်တဲ့နေ့တစ်နေ့ ဖြစ်သွားမှာ”
“ဒါက အံ့ဩဖို့ ကောင်းတာပဲ ဘယ်သူမှ ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး … ကျောက်တုံးလေးက အရမ်းအံ့အားသင့်ဖို့ကောင်းတယ် သူက ပြိုင်ဘက်မရှိတဲ့ အဆင့်လွန်တစ်ယောက်ဖြစ်လာမှာ … သူရဲ့ အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်ဘူး သူ့ရဲ့အောင်မြင်မှုတွေလည်း အဆုံးရှိမှာ မဟုတ်ဘူး”
နယ်မြေ ၈ ခုလုံးသည် ဤအကြောင်းကို စိတ်ဝင်တစားပင် ဆွေးနွေးနေကြလေသည်။
ဆွေးနွေးနေကြရင်းဖြင့်ပင် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာပြင်းထန်စွာ ရသွားသည့်အကြောင်းလည်း ထွက်ပေါ်လာလေသည်။
“ဘာ … ကျောက်တုံးလေးက သေတော့မှာဟုတ်လား … သူ ကြာကြာအသက်မရှင်နိုင်တော့ဘူးလား”
“မဖြစ်နိုင်တာ … သူအသက်ရှင်ဖို့ ရက်နည်းနည်းလောက်ပဲ ကျန်တော့တယ် ဟုတ်လား”
ထိုကဲ့သို့သော သတင်းမျိုးပြန့်သွားသည့်အချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွား၏။ ကျောက်တုံးလေးသည် ထူးချွန်ကာ တောက်ပသောသူဖြစ်သော်လည်း သူ၏ ဘဝသည် နောက်ဆုံးနားကို ရောက်နေလေပြီ။ ဤသတင်းသည် အားလုံးကို ဆွံ့အသွားစေပြီး ဘာပြောရမှန်းပင် မသိကြတော့ပေ။
“ဒါက အရမ်းနှမြောဖို့ ကောင်းတာပဲ … ကျောက်တုံလေးလိုမျိုးလူမျိုးက နှစ်ပေါင်းများစွာမှာမှ တစ်ယောက်ပေါ်လာတာ ဒါပေမဲ့ သူကသေတော့မှာတဲ့လား … ကောင်းကင်ကြီးက မတရားလိုက်တာ”
ရှီဟောင်သည် အဆင့်မြင့်နယ်မြေမှ နတ်ဘုရား ၇ ပါးကို တိုက်ခိုက်ရသောကြောင့် ဒဏ်ရာရသွားခဲ့သောကြောင့် မျိုးဆက်များအားလုံး သူ့ကိုလေးစားကြလေသည်။ သူသာ သေဆုံးသွားပါက သူတို့ ဝမ်းနည်းကြရလိမ့်မည်။
“ကောင်းကင်က ချစ်မြတ်နိုးတဲ့သူတွေက စောစောသေကြတယ် … သူက အသက်ငယ်ငယ်လေးနဲ့ ထူးခြားတဲ့ စွမ်းရည်တွေရှိတယ် … သူက ဘယ်လိုလုပ် ဒီလိုမျိုး ကြွေကျသွားရတာလဲ”
“အဲဒါ တကယ်လား…” လူများစွာမှာ မယုံကြည်နိုင် ဖြစ်နေကြသည်။
“ဒီသတင်းက မမှားနိုင်ဘူး … ကျောက်တုံးလေးက တကယ်သေတော့မှာ … ဒါက အရမ်းနှမြောဖို့ ကောင်းတာပဲ”
“ကျောက်တုံးတိုင်းပြည်မှာ အကြီးအကဲတွေက အဖိုးတန်ဆေးနဲ့ ဆေးနည်းတွေ အားလုံးကို ရှာနေကြတာ … သူ့ကို ကယ်နိုင်သရွေ့ သူတို့က ဘယ်လောက်ပဲဖြစ်ဖြစ်ပေးမှာ”
တစ်ရက်နှင့် နှစ်ည ကြာပြီးသည့်အချိန်တွင် ရှီဟောင် သတိမေ့သွားရာမှ ပြန်လည် သတိရလာသည်။ သူတို့ကို ပေးခဲ့သည့် နေနတ်ဘုရားသစ်ပင်ထံမှ ရွှေရောင်အရည်ကို သုံးပြီး သူ၏အသက်ကို ယာယီကယ်ခဲ့မှန်း ရှီဟောင်သိလိုက်သည်။ သို့သော် သူသည် မကြာခင်တွင် သေသွားရမည်သာ။
“ဟောင်အာ” ချင်းရိနင် ကျယ်လောင်စွာ ငိုကြွေးလိုက်၏။ သူမသည် ရှီဟောင်၏ ဦးခေါင်းကို ပွေ့ဖက်ထားပြီး မျက်ရည်များဆက်တိုက်ပင် ကျဆင်းနေသည်။
ဤအခြေအနေသို့ပင် ရောက်နေပြီဖြစ်သောကြောင့် သူတို့ ဘာတတ်နိုင်မည်နည်း … ကျွမ်းကျင်သူအချို့ပေါင်းပြီး ကောက်ချက်ချထားသည်မှာ နတ်ဘုရားအစစ်ဆင်းလာလျှင်ပင် သူ့ကို မကယ်နိုင်တော့ပေ။
သူ၏ ခန္ဓာကိုယ်အခြေနေမှာ အလွန်ဆိုးဝါးနေပြီဖြစ်ပြီး ရက်အနည်းငယ်သာ ကျန်တော့သည်။
ဤနှစ်ရက်အတွင်းတွင် မရေမတွက်နိုင်သည့် သမားတော်များ ရောက်လာခဲ့ကြ၏။ အချို့မှာကျောက်တုံးတိုင်းပြည်မှ စေလွှတ်သောသူများဖြစ်ပြီး အချို့သူများမှာ ကျောက်တုံးလေး လုပ်ခဲ့သည့်အရာများကို လေးစားသောကြောင့် ကိုယ့်သဘောနှင့်ကိုယ် လာကြည့်ခြင်းပင်။ သူတို့အားလုံး သူ့ကို ကယ်ချင်သော်လည်း သူတို့ထံတွင် မျှော်လင့်ချက်မရှိပေ။
“နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး … တန်ကြေးက အရမ်းများနေတာပါ” သမားတော်အိုကြီးသည် အနောက်ဆုတ်ပြီး ရှီကျီလင်းနှင့် သူ၏ဇနီးကို ပြောလိုက်သည်။
“သမားတော်ကြီး ကျေးဇူးပြုပြီး ဟောင်အာကို ကယ်ပေးပါ … ဘာပဲပေးရပေးရ ကျွန်မတို့ ပေးမှာပါ” ချင်းရိနင် ပြောလိုက်၏။ သူမသည် ထက်မြက်ကာ မြင့်မြတ်သည့်အမျိုးသမီးတစ်ယောက်နှင့် မတူတော့ပဲ သာမန်အမေတစ်ယောက်နှင့်သာ တူတော့သည်။ သူမသည် အလွန်ပင် စိတ်ဆင်းရဲနေကာ မျက်ရည်များကြောင့် သူမ၏ အမြင်များလည်း ဝေဝါးနေသည်။
“ကျွန်တော် … ဒါက ပြောဖို့ခက်တယ် …” သမားတော်အိုကြီးသည် သက်ပြင်းချကာ ခေါင်းခါလိုက်လေသည်။
“သမားတော်ကြီးတွေရဲ့လမ်းညွှန်မှုတွေကို မေးမှာပါ … ဘာမှ စိတ်မချမဖြစ်ပါတဲ့ … ကျွန်တော်တို့ ကူညီနိုင်တာမှန်သမျှကို ကူညီပေးမှာပါ” ရှီကျီလင်း အလောတကြီး ပြောလိုက်သည်။
“ဒုတိယသားမှာ ထာဝရအရိုးရှိတယ်လို့ ကျွန်တော်ကြားထားတယ် … အဲဒါနဲ့ဆိုရင်တော့ ကျောက်တုံးဧကရာဇ်ကို ကယ်လို့ ရနိုင်လောက်ပါတယ်” သမားတော်အိုကြီးမှ ပြောလိုက်၏။
“ဘာ…” ချင်းရိနင်၏ မျက်နှာ သွေးဆုတ်သွားပြီး သူမလက်ထဲတွင် ကိုင်ထားသည့် ဆေးပန်းကန်လုံးလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ဆေးရည်များလည်း မြေပြင်ပေါ်တွင် ဖိတ်စင်သွားလေ၏။