သုခကမ္ဘာက ရှီဟောင် - Chapter - 788 လမ်းဆုံးရောက်ခြင်း .. အရိုးထုတ်ခြင်း
ကျောက်တုံးလေး ပြန်သွားခဲ့ပြီဟူသော သတင်းသည် ပျက်သုန်းခြင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
သူသေဆုံးတော့မည်ဟူသော ကောလဟာလများ ရှိခဲ့သော်လည်း ဤမျှအထိ ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မှော်ဆန်သည့်အရာများဖြစ်ပျက်ကာ သူ ဤတောင်ကို ကျော်လွှားသွားနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် ကြည့်ရသည်မှာ မီးစာကုန်ခမ်းချိန်ကို ရောက်နေပြီထင်၏။ နောက်ဆုံးတွင် ကမ္ဘာကြီကို တုန်လှုပ်သွားစေနိုင်လောက်အောင် စွမ်းအားကြီးသည့် အဆင့်လွန်လူငယ်လေးမှာ ဘဝအဆုံးသတ်ကို ရောက်နေလေပြီ။ သူ့ကို ကယ်တင်နိုင်ရန် နည်းလမ်းမရှိတော့ပေ။
“အဲဒီ ကျောက်တုံးဧကရာဇ်က အရမ်းထူးခြားတာ မဟုတ်ဘူးလား … သူက ဒီလိုမျိုးနဲ့ပဲ သေသွားတော့မှာလား … အရမ်းနှမြောစရာကောင်းတာပဲ”
“သူက နတ်ဘုရားတွေနဲ့တိုက်ပြီးတော့ ကပ်ဆိုးကြီးကို ဖယ်ရှားပေးခဲ့တာ …. ဒါပေမဲ့ နောက်ဆုံးတော့ သူကိုယ်တိုင်သေရတော့မယ် … ဒါက မတရားလိုက်တာ … အရမ်းဝမ်းနည်းစရာကောင်းတာပဲ”
“ကျောက်တုံးလေးက တကယ်သနားစရာကောင်းတာပဲ … သူ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အဆင့်လွန်အရိုးကို အထုတ်ခံလိုက်ရပြီး သူ့ရဲ့ သွေးတွေရွှဲနေတဲ့အဝတ်အစားနဲ့ပဲ သေမလိုဖြစ်ခဲ့တယ် … နောက်ပိုင်းမှာ ရွာတစ်ရွာကို ပြောင်းရွေ့သွားခဲ့ရတယ် … ငယ်ငယ်လေးကတည်းက သူမိဘတွေမရှိပဲနဲ့ တစ်ယောက်တည်း ရှင်သန်ခဲ့ရတာ … နောက်တော့ သူ ပျက်သုန်းခြင်းနယ်မြေကို ရောက်လာပြီးတော့ သူ့ရဲ့ လမ်းတစ်လျှောက်မှာရှိတဲ့သူတွေနဲ့ တိုက်ခိုက်ခဲ့တယ် … နှမြောစရာကောင်းလိုက်တာ သူက ဒီလိုမျိုး အဆုံးသတ်ရတော့မှာလား”
ထိုနေ့တွင် ဂိုဏ်းကြီးမှ စွမ်းအားကြီးသူများသည် နယ်မြေများကို ဖြတ်သန်းကာ ရောက်လာကြလေ၏။
လူအနည်းငယ်လည်း လာလည်ကြလေသည်။ ဤသည်မှာ နောက်ဆုံးနှုတ်ဆက်ခြင်းပင်။
နောက်ကျလျှင် ဤကမ္ဘာပေါ်၌ ကျောက်တုံးလေးဆိုသည်မှာ ပျောက်ကွယ်သွားတော့မည်ဖြစ်မှန်း အားလုံးသိနေကြသည်။
ကျောက်တုံးတိုင်းပြည်၌ လျင်မြန်စွာပင် လူများ ထူထပ်လာ၏။ အများစုမှာ ကျောက်တုံးလေးကို ပို့ဆောင်ရန် စောင့်နေကြသည့် ကျင့်ကြံသူများပင်။
ကျောက်တုံးတိုင်းပြည် အင်ပါယာနန်းတော်တွင် …
အဆင့်လွန်ကျွမ်းကျင်သူ သုံးယောက်၊ ကျောက်တုံးတိုင်းပြည်ဘုရင်များနှင့် ကျောက်တုံးကျေးရွာမှ လူများမှာ အရှုံးမပေးသေးပဲ နည်းလမ်းရှာရန် ကြိုးစားနေဆဲပင်။
ရှီဟောင်ကို ကယ်ရန်အတွက် စစ်ဘုရင်၊ ဖန်ကိုးနှင့် အခြားသူများသည် ရှီဟောင်ကို နန်းတော်တွင်သာ နေစေပြီး ချက်ချင်းခေါ်မသွားရန် ကျောက်တုံးရွာသားများကို တောင်းဆိုထားကြသည်။ ရှီဟောင်ကိုသာ ကယ်တင်နိုင်ပါက ကျောက်တုံးတိုင်းပြည်မှ ဘာမဆိုပေးမည်ဖြစ်ကြောင်း ကမ္ဘာကြီးတစ်ခုလုံးကိုလည်း သတင်းလွှင့်ထားလေသည်။
ထိုသတင်းပြန့်သွားသည့်အချိန်တွင် စွမ်းအားကြီးသည် ဂိုဏ်းတစ်ချို့မှာ စိတ်လှုပ်ရှားသွားပြီး ဆေးပင်အချို့နှင့် ဆေးလုံးဖော်မြူလာ အဟောင်းများကို ပို့လိုက်သည်။
ကျောက်တုံးရွာသားများမှာလည်း အလုပ်ရှုပ်နေကြ၏။ သူတို့သည် ရှေးဟောင်းယဇ်ပုလ္လင်ကို ဖွင့်ကာ သူတို့ရွာတွင်ရှိသော ရှေးဟောင်းပစ္စည်းများကို ကျောက်တုံးတိုင်းပြည်သို့ သယ်လာကာ နည်းလမ်းပေါင်းစုံ စမ်းသပ်ကြလေသည်။
ရှေးဟောင်းအိုးများ၊ အနက်ရောင်ရှေးသစ်သား၊ ထူးဆန်းသည့်ကျောက်တုံးများနှင့် အခြား ပစ္စည်းဟောင်းများကိုလည်း တွေ့ရလိမ့်မည်။
သူတို့ကို မည်သူမျှ မရယ်နိုင်ကြပေ။ ဤရိုးသားသည့်ရွာသားများသည် မှော်ဆန်သည့်အဖြစ်အပျက်များကို မျှော်လင့်လျက် သူတို့တတ်နိုင်သမျှ အားလုံးကို လုပ်နေကြသည်ကို လူတိုင်း သိကြသည်။
“ဒီ သစ်သားက … သွေးနဂါးသစ်သား ဖြစ်ရမယ် … ဒါက အစကတည်းက အဖိုးတန်တဲ့သစ်ပင်ပဲ ဒါပေမဲ့ ဒီအပင်ပေါ်ကို နဂါးသွေးလောင်းထားတော့ သူ့တန်ဖိုးက မဖြတ်နိုင်ရတော့ဘူး”
စစ်ဘုရင် အံ့အားသင့်သွား၏။ သူသည် ဆေးတာအိုကို လေ့လာနေသောသူဖြစ်သောကြောင့် သူသည် အပင်များ၊ ဆေးပင်နှင့် အခြားဆေးပစ္စည်းများအကြောင်းကို နားလည်သည်။ ဤ အနက်ရောင်သစ်သားမှာ အမှန်တကယ်ပင် အဖိုးမဖြတ်နိုင်သည့် သစ်သားပင်။
ဤကဲ့သို့သော ပစ္စည်းကို ဆေးရည်ထဲသို့ ထည့်ပါက နဂါးသွေးအစွမ်းထွက်လာကာ အံ့အားသင့်ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုများ ရရှိလာလိမ့်မည်။
“ဒီ သံစက … မဟုတ်သေးဘူး … ဒါက သတ္တုမဟုတ်ဘူး … ဒါက နတ်ပိုးကောင်ရဲ့ ကိုယ်ထည်ပဲ” သမားတော်ကျန်းကျုံးလည်း ဤနေရာသို့ ရောက်လာလေသည်။ သူသည် ထို ‘ပစ္စည်းဟောင်းများ’ ကို ကြည့်ရှုနေခြင်းပင်။
သူ အတော်လေး ထိတ်လန့်သွားရသည်။ သေချာအတည်ပြုပြီးသည့်နောက်တွင် ထိုအရာမှာ ရွှေနက်ပိုးကောင်ဟုခေါ်သည့် အကောင်ဖြစ်မှန်း သိလိုက်ရ၏။ ထိုအရာကို ဆေးများတွင် အသုံးပြုနိုင်လေသည်။
ဤပိုးကောင်လေးမှာ အရွယ်ရောက်ပြီးသားပင်။ ဤအကောင်လေးသည် တစ်ပေခန့်သာရှိသော်လည်း သူ၏ ဆေးအစွမ်းမှာ အံ့အားသင့်စရာကောင်းလှသည်။ သူသည် သတ္တုတစ်ခုကဲ့သို့ပင် လိပ်တက်နေ၏။
အားလုံးမှာ အံ့အားမသင့်ပဲ မနေနိုင်တော့။ ကျောက်တုံးတိုင်းပြည်၏ ဘိုးဘေးနယ်မြေမှာ အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ ဤကဲ့သို့သော အရွယ်ရောက်ပြီးသားပိုးကောင်တွင် နတ်အဆင့်ခွန်အားများ ပါလေ၏။ သို့သော် ကံမကောင်းစွာဖြင့်ပင် အသတ်ခံထားရသည့်အကောင်ဖြစ်နေလေသည်။
“အထင်ကြီးစရာကောင်းတယ် … တကယ်ကို အထင်ကြီးစရာကောင်းတယ်” အားလုံး အံ့အားသင့်စွာ ပြောလိုက်သည်။
“ပြောင်းလဲခြင်းကိုးမျိုးနတ်ဆေးလုပ်ချင်ရင် ဒီရွှေနက်ပိုးကောင်က အဓိကလိုအပ်တဲ့ ဆေးပဲ … ငါတို့ ဆေးပစ္စည်းတွေ အများကြီးလိုနေသေးတာ နှမြောစရာပဲ မဟုတ်ရင် ငါတို့ ဒီဆေးဖော်လို့ရတယ် …” စစ်ဘုရင် သက်ပြင်းချလိုက်သည်။
ပြောင်းလဲခြင်းကိုးမျိုးနတ်ဆေးကိုသာ အောင်မြင်အောင် ဖော်စပ်နိုင်ပြီး စားသုံးလိုက်ပါက နတ်ဘုရားအဖြစ် ပြောင်းလဲသွားနိုင်သည်ဟူသော ကောလဟာလများ ရှိသည်။ သို့သော် ရှေးအခါကတည်းက လူအနည်းငယ်သာ အောင်မြင်အောင် လုပ်နိုင်ခဲ့၏။
ကံမကောင်းစွာဖြင့်ပင် ဤဆေးလုံးကို ဖော်စပ်ရန်အတွက် နတ်အဆင့် ဆေးပင်များစွာကို လိုအပ်သည်။ မဟုတ်ပါက ဤဆေးနည်းအကြောင်းကို မေ့ထားလိုက်ပါ။ ဤသည်မှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုပင်။ သူတို့မှာသာ ဤဆေးရှိပါက ရှီဟောင် အသက်ရှင်နိုင်သည်။
“ဒီဆေးက ငါတို့ ဆုတောင်းနေရုံနဲ့ ရလာမယ့်ဆေးမဟုတ်ဘူး … ဆေးပင်တစ်ခုတည်းကတောင် နှစ်ပေါင်း တစ်သောင်းမှာ တစ်ခါ ရှာတွေ့ဖို့ခက်တယ်” ကျန်းကျုံး ခေါင်းခါလိုက်သည်။
အားလုံးသက်ပြင်းချလိုက်ကြ၏။
အားလုံး ထိုပစ္စည်းဟောင်းများကို ကြည့်လိုက်ကြသည်။ ကံမကောင်းစွာဖြင့်ပင် ထိုပစ္စည်းနှစ်ခုသာ သူတို့မမျှော်လင့်ထားသည့်ပစ္စည်းဖြစ်ပြီး ကျန်သည့်အရာများမှ အထူးဆေးပင်များနှင့် အခြားအရာများသာ။
သို့သော် သူတို့သည် အလွန်အစွမ်းထက်သည့် ရှေးပစ္စည်းတစ်ခုကို တွေ့ရှိခဲ့သည်။ သို့သော်လည်း ဤသည်မှာ လက်နက်တစ်ခုဖြစ်သောကြောင့် လူ့အသက်ကို မကယ်နိုင်ပေ။
ရှေးယဇ်ပုလ္လင်တောက်ပလာကာ အမွှေးဘောလုံးနှင့် အနီလေးတို့ ပေါ်လာ၏။ တစ်ယောက်မှာ ခန္ဓာကိုယ်တစ်ပိုင်းပျောက်နေပြီး ကျန်တစ်ယောက်မှာ အတောင်ပံ ပျောက်နေသည်။ သူတို့သည် ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီး ကောင်းမွန်စွာ မသွားလာနိုင်ပေ။
သို့သော် သူတို့ ရောက်အောင်လာခဲ့သည်။ သူတို့နှစ်ဦးသည် နတ်ဘုရားများဖြစ်သောကြောင့် ထိုနေရာတွင်ရှိနေသောသူများအားလုံး ထိတ်လန့်သွားကြသည်။
“ငါတို့မှာ … ဘာနည်းလမ်းမှမရှိတော့ဘူး ..” ထိုကျွမ်းကျင်သူနှစ်ယောက်လည်း ဝမ်းနည်းလာရသည်။
“ဒါက အသုံးဝင်လောက်တယ်” အမွှေးဘောလုံးသည် သူယူလာသည့် ဆုတောင်းဖျာကို ထုတ်လိုက်သည်။
ဤအရာသည် ရှီဟောင် တိုက်ပွဲကြီးမတိုက်ခင် ကျောက်တုံးကျေးရွာသို့ ယူလာပေးသည့်ပစ္စည်းပင်။ ဤဆုတောင်းဖျာသည် ခွန်ပန်အသိုက်မှလာခြင်းဖြစ်ပြီး သစ်သားအိုကြီးနှင့် ကမ္ဘာသစ်ပင်၏ သစ်ကိုင်းဖြင့် လုပ်ထားခြင်းပင်။
“နှမြောစရာပဲ နှစ်ပေါင်းများစွာကြာတော့ သူ့ရဲ့ဝိဉာဉ်စွမ်းအားက ကုန်သွားပြီ … မဟုတ်ရင် ဒါက အရမ်းအသုံးဝင်မှာ” ကျန်းကျုံး သက်ပြင်းချပြီး ပြောလိုက်၏။
“ဒါက ငွေရောင်မက်မွန်သီးတွေ … ငါတို့ အားလုံ ခူးလာခဲ့တာ” ရှီဖိန်းကျောင်း ပြောလိုက်၏။ ထို့နောက် ကျောက်စိမ်းဘူးလေးကို ဂရုတစိုက်ထုတ်လိုက်သည်။ မက်မွန်းသီးများမှာ ငွေရောင်အလင်းများ တောက်ပနေသည်။
ဤသည်မှာ ရှီဟောင် ပျက်စီးခြင်းတောင်တန်းတစ်ရာမှ ယူလာသော ဆေးဖြစ်ပြီး ကျောက်တုံးကျေးရွာတွင် စိုက်ထားခြင်းပင်။ ဤအပင်မှာ အရွယ်ရောက်လာပြီဖြစ်သော်လည်း သူတို့ တစ်ခါမှ မခူးခဲ့ပေ။ ဤနေ့တွင်တော့ အသုံးဝင်လာခဲ့ပြီ။
“ဒါက နတ်ဝိုင် … ဒါကိုလည်း ခွန်ပန်အသိုက်ကနေ ရလာတာ” အမွှေးဘောလုံး ပြောလိုက်၏။
“အဲဒါကို မသုံးနဲ့ … ဘာကိုမှ မဖြုန်းတီးနဲ့တော့” ရှီဟောင် ခေါင်းခါကာ ပြောလိုက်သည်။ သူ၏ အခြေအနေကို သူနားအလည်ဆုံးပင်။
သူသည် ခွန်ပန်ပညာကို ဆက်လက်ထွင်းထုနေဆဲပင်။ သူ့ကို မည်သူမျှ မတားနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ ရင်ဘတ်မှ အရိုးကျိုးသံလေးကို ကြားနေရလေသည်။
အားလုံးမှာ သူ့ကို မသက်မသာဖြင့်ပင် ကြည့်နေကြသော်လည်း သူတို့ ဘာမှ မကူညီနိုင်ပေ။ ဤသည်မှာ ရှီဟောင်၏ နောက်ဆုံးဆန္ဒပင် ဖြစ်သောကြောင့်ပင်။
“ကလေး အမေတောင်းဆိုပါတယ် … ဒီလိုမျိုး မလုပ်ပါနဲ့တော့” ချင်းရိနင် သူ၏ လက်မောင်းကို ကိုင်ကာ ပြောလိုက်သည်။
သူသည် သားကြီးကို ကယ်ချင်သော်လည်း သားငယ်သေသွားမည်ကို ကြောက်နေသည်။ သူမ တွေဝေနေသောကြောင့် အရိုးအစားထိုးရန်အတွက် အကောင်းဆုံးအချိန်ကို သူတို့ လွဲချော်ခဲ့ရသည်။
ရှီကျီလင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သွေးများစီးကျနေသည်။ သူသည် သူ့ကိုယ်သူအပြစ်တင်ကာ အရိုးများ ကျိုးကျေမတတ် လက်သီးဆုတ်ထားလေသည်။
“အဖေ .. အမေ .. အမေတို့ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ မဟုတ်ရင် ကျွန်တော် ဝမ်းနည်းနေရမှာ … အားလုံးက တစ်နေ့တော့ သေမှာပဲလေ … အခု ကျွန်တော့်ဆန္ဒတွေလည်း ပြည့်သွားပါပြီ” ရှီဟောင် ပြောလိုက်၏။ သူ သူ၏မိဘများကို ဝမ်းမနည်းစေချင်ပေ။
ထိုနေ့တွင် ရှီဟောင်ကို နှုတ်ဆက်ရန်အတွက် ကျောက်တုံးတိုင်းပြည်အင်ပါယာမြိုတော်သို့ လူပေါင်းများစွာ ရောက်လာကြ၏။
သို့သော် ကိုးဆယ်ရာခိုင်နှုန်းမှာ နန်းတော်အပြင်ဘက်တွင် တားခံလိုက်ရ၏။ ရှီဟောင်အနားယူရန်လိုအပ်ပြီး သူ၏ နောက်ဆုံးအချိန်ကိုဖြေးညှင်းစွာ ဖြတ်သန်းရန် လိုအပ်သည်။ ထိုလူများသာ အနားတွင် ရှိနေပါက ဆူညံနေလိမ့်မည်။
နန်းတော်အတွင်းတွင် ရှောင်ထျန်း၊ ခေါင်းကိုးလုံးခြင်္သေ့၊ စစ်ဘုရင်နှင့် ကျောက်တုံးရွာသားများသာ ရှိသည်။
ထို့နောက် နန်းတော် သက်တော်စောင့်မှ သတင်းပို့လာ၏။
“အဆင့်မြင့်နယ်မြေက မြင့်မြတ်တဲ့ မမလေး လန်ယု၊ ဟုန်ဟွမ်၊ ရွှေယွဲ့နဲ့ တစ်ခြား ဂျီးနီးယပ်စ်တွေက ဧကရာဇ်ကို တွေ့ဖို့ လာပါတယ်”
ချင်းရီနင်သည် တစ်ခဏမျှ ငေးမောနေပြီးသည့်နောက်တွင် “သူတို့ကို အထဲဖိတ်လိုက်” ဟုန်ဟွမ်၏ ကလန်မှ ပိုင်ဆိုင်သော အဖိုးတန်ပညာကို သူမ စဉ်းစားနေခြင်းပင်။ သူတို့ထံတွင် ဖီးနှစ်နှင့် သက်ဆိုင်သော အလွန်စွမ်းအားကြီးသည့် ပြန်လည်မွေးဖွားသည့်ပညာရှိ၏။ မည်မျှပင် ကုန်ကျပါစေ ထိုပညာကို ရအောင်ယူပြီး ရှီဟောင်ကို ကယ်တင်ချင်သည်။
ရွှမ်မင်၊ လန်ယု၊ ပိုင်ဂု၊ ရွှေယွဲ့နှင့် အခြားသူများမှာ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ကြသည်။ ရှီဟောင်ကို မြင်လိုက်ရသည့်အချိန်တွင် တောက်ပကာ အလွန်စွမ်းအားကြီးခဲ့သည့် ကျောက်တုံးလေးသည် ယခုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူတို့ မယုံကြည်ရဲခဲ့ပေ။
“နှမြောစရာကောင်းလိုက်တာ .. တကယ် ကံမကောင်းခဲ့တာပဲ” သူတို့အားလုံး ခေါင်းခါလိုက်ကြ၏။
“ဟူး … ဒီကနေ လွတ်မြောက်ဖို့ လမ်းမရှိဘူး … ထာဝရနန်းတော်ရဲ့ ကျိန်စာမိခဲ့တဲ့သူတွေအားလုံး ဘယ်သူမှ အသက်မရှင်ခဲ့ဘူး” ရွှမ်မင် ခေါင်းခါလိုက်သည်။
ချင်းရိနင်သည် ဟုန်ဟွမ်ကို ဘေးဘက်သို့ ခေါ်သွားလိုက်ပြီး သူမသည် ဘာမဆိုပေးနိုင်ပြီး သူတို့ကလန်၏ ပြန်လည်မွေးဖွားခြင်းပညာကို လိုချင်ကြောင်း ပြောလိုက်သည်။
ဖန်ကိုးလည်း လန့်သွားကာ “မီးနိုင်ငံမှာ ဇာမဏီငှက်ပညာရှိတယ် … သူတို့ရဲ့ ပြန်လည်မွေးဖွားခြင်းမီးတောက်ပညာက အံ့အားသင့်စရာကောင်းတယ် … ငါတို့ ရှာကြည့်လို့ အရှုံးမရှိဘူး”
မီးနိုင်ငံမှ ဘုရင်ရောက်လာသောကြောင့် ချက်ချင်းပင် သူ့ကို နန်းတော်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
ယခုသည် အရေးကြီးသည့်အချိန်ကို ရောက်နေပြီဖြစ်သောကြောင့် အလုပ် လုပ်လုပ်မလုပ်လုပ် သူတို့ စမ်းကြည့်ချင်သည်။ သူတို့သည် နောက်ဆုံးမျှော်လင့်ချက်အဖြစ် ဒြပ်စင်ငါးခု ပြန်လည်မွေးဖွားခြင်းနည်းလမ်း၊ ဇာမဏီငှက် ပြန်လည်မွေးဖွားခြင်းနှင့် ဖီးနစ်ငှက်ပြန်လည်မွေးဖွားခြင်းတို့ကို ပေါင်းစပ်လိုက်သည်။
မီးနိုင်ငံမှ ဘုရင်သည်လည်း ရှီဟောင်ကို ကူညီရန်အတွက် ပြန်လည်မွေးဖွားခြင်းပညာကို ပေးရန် သဘောတူညီခဲ့သည်။
ဖီးနစ်ပြန်လည်မွေးဖွားခြင်းပညာမှာ အပြင်သို့ ပေါက်ကြား၍ မရသည့် လျှို့ဝှက်ပညာတစ်ခုဖြစ်သောကြောင့် ဟုန်ဟွမ် အနည်းငယ်တွေဝေနေ၏။ သို့သော် ချင်းရိနင်၏ ဆက်တိုက်တောင်းဆိုမှုကြောင့် ဒြပ်စင်ငါးခုပြန်လည်မွေးဖွားခြင်းနှင့် အလဲအလှယ်လုပ်ရန်သဘောတူလိုက်သည်။
ရှီဟောင် တိတ်တဆိတ်သာ နေလိုက်၏။ အားလုံး၏ စိတ်အခြေအနေကို သူမနှောက်ယှက်ချင်ပေ။
ကံမကောင်းစွာဖြင့်ပင် အားလုံး ကျရှုံးသွားခဲ့သည်။
ရှီကျီလင်းသည် လမ်းလျှောက်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်၏။ ချင်းရိနင်သည် အံ့အားသင့်သွားကာ သူ့ကိုကြည့်လိုက်ပြီး “ရှင်ဘယ်သွားမလို့လဲ”
“နတ်မီးဖိုတောင်ကြား” ရှီကျီလင်း ဖြေလိုက်သည်။
ထိုစကားကိုကြားလိုက်ရသော်လည်း အားလုံးမှာထိုနေရာသည် မည်သည့်နေရာဖြစ်မှန်း မသိကြပေ။ ကျန်းကျုံး၏ အမူအရာသာ အနည်းငယ် ပြောင်းလဲသွား၏။
ထိုတောင်ကြားမှာ နတ်မီးဖိုကဲ့သို့ပင်။ အလွန်တရာရက်စက်ပြီး ပုံမှန်မဟုတ်သည့်အရာများ ပြည့်နေသည်။
သာမန်လူများသာ ဝင်ရောက်သွားပါက သဘာလွန်ဖြစ်ရပ်များ ဖြစ်ပေါ်လာလိမ့်မည်။ သူတို့ အသက်သာ အလကားဖြစ်သွားလိမ့်မည်။ သို့သော် အချို့စွမ်းအားကြီးသူများမှာ နတ်မီးဖိုတောင်ကြားတွင် ရှာရန်ကြိုးစားကြသော်လည်း ဘာမှ မတွေ့ကြပေ။
အထူးဆန်းဆုံးအရာတစ်ခုမှာ ဤနေရာကို တွေ့ရှိပုံပင်။ ကျွမ်းကျင်သူတစ်ယောက်သည် သွေးယဇ်ပူဇော်ခြင်းကို ပြုလုပ်ကာ သူ၏နှလုံးသားတစ်ခုလုံးဖြင့်ဆုတောင်းခဲ့သောကြောင့် နောက်ဆုံးတွင် သူ၏အဖော်အတွက် ပြောင်းလဲခြင်းကိုးမျိုး နတ်ဆေးလုံးကို ရရှိခဲ့သည်။
သို့သော် ဤသည်မှာ မည်သူမျှ သက်သေမပြနိုင်ပဲ ဒဏ္ဍာရီသက်သက်သာ ဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းမျိုးဆက်များသည် ခက်ခဲသည့်အခြေအနေများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိုနေရာသို့ သွားခဲ့ပြီး သွေးယဇ်ပူဇော်ခဲ့သော်လည်း ဘာမှ မရခဲ့ပေ။
ရှီကျီလင်းလည်း ပြောင်းလဲခြင်းကိုးမျိုးဆေးလုံးအကြောင်းကြားလိုက်ရသည့်အချိန်တွင် ဤအကြောင်းအရာများကို သတိရသွားခြင်းပင်။ ယခု သူ အားလုံးကို စွန့်စားတော့မည်။
ကျန်းကျုံးသည် ခေါင်းခါလိုက်ပြီး သူမသွားရန် တောင်းဆိုလိုက်သည်။ သူသည် လျှို့ဝှက်သတင်းများကို ပြောပြလိုက်သည့်အချိန်တွင် အားလုံး၏ အမူအရာ ပြောင်းလဲသွားလေသည်။
“ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်” ချင်းရိနင်ပြောလိုက်၏။
ဇနီးမောင်နှံနှစ်ယောက်သည် တွေဝေခြင်းအလျှဉ်းမရှိပဲ ပြေးထွက်သွားကြလေသည်။ သူတို့သည် အဖိုးတန်ပညာတစ်ခုကို အသက်အသွင်းကာ ကျောက်တုံးမြို့တော်မှ ထွက်သွားလေ၏။
“မင်းတို့အားလုံး သူတို့နှစ်ယောက်ကို စောင့်ရှောက်ရမယ် … ငါ နောင်တမရချင်ဘူး” ရှီဟောင် စစ်ဘုရင်ကို ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ” စစ်ဘုရင် ခေါင်းညိမ့်လိုက်ပြီး သူတို့နောက်လိုက်သွားလေသည်။
စစ်ဘုရင်၏ အရှိန်နှင့်ဆိုလျှင် ပြဿနာမရှိနိုင်ဟု ရှီဟောင် ယုံကြည်၏။ စစ်ဘုရင်သည်လည်း အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ပင်။
“ငါတို့ ရလဒ်ကို မပြောင်းလဲနိုင်ဘူးဆိုမှတော့ ကျောက်တုံးဧကရာဇ်ရဲ့ နောက်ဆုံးခရီးအတွက် ပြင်ဆင်ကြရအောင်” ဘုရင်အိုကြီးမှ သက်ပြင်းချကာ ပြောလိုက်သည်။
ထို့နေ့တွင် ကျောက်တုံးတိုင်းပြည်သည် ပြင်ဆင်မှုများကို စတင်လုပ်ဆောင်လိုက်သည်။ ရှီဟောင် ကြာကြာအသက်မရှင်နိုင်တော့သည်ကို သိသောကြောင့် ဂိုဏ်းများမှာ ကျွမ်းကျင်သူများကို ဝင်ခွင့်ပြုပြီး သူ၏ နောက်ဆုံးအခမ်းအနားကိုပြုလုပ်ခွင့်ပေးခဲ့သည်။
စစ်ဘုရင်က ရှီကျီလင်းနှင့် သူ၏ဇနီးကို တားဆီးလိုက်နိုင်သည်။ သူတို့သာ ရွေးချယ်မှုရှိနေပါက ဤကဲ့သို့ ထူးဆန်းသည့် ဒဏ္ဍာရီကို ယုံကြည်နေမည်မဟုတ်ပေ။
“အဖေ အမေ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်မှာ အမေတို့နဲ့ တွေ့ရတာက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်” ရှီဟောင် ပြောလိုက်သည်။
ရှီဟောင် နောက်တစ်နေ့ပင် နေရတော့မည်မဟုတ်ဟု ကျန်းကျုံးခန့်မှန်းမိလေသည်။
“ခဏလောက်စောင့်ရအောင် … ကျွန်တော် အားလုံးကို နှုတ်ဆက်ဦးမယ် … ကျောက်တုံးကျေးရွာကို ပြန်ပြီးသွားရင် ကျွန်တော် နောက်တစ်ခေါက် ပြန်လာနိုင်မှာ မဟုတ်တော့ဘူး” ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။
ရှီဟောင်သည် ဂိုဏ်းပေါင်းစုံမှ သခင်ကြီးများနှင့် တွေ့ဆုံခဲ့သည်။ သူတို့အားလုံးကို ခေါင်းညိမ့်ပြပြီး သူတို့လာရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
ထိုညသည် အခမ်းအနားကြီးတစ်ခုဖြစ်နေပြီး အားလုံးမှာ တိတ်တဆိတ်ပင် ဖြစ်ပျက်နေခဲ့၏။
ပို၍ ထူးဆန်းသည်မှာ ရှီဟောင်သည် တစ်ချိန်လုံး သတိရနေခဲ့သည်။ ကျန်းကျုံး၏ စကားအရဆိုလျှင် ဤသည်မှာ နေမင်းကြီး၏ နောက်ဆုံးလက်ကျန်အလင်းရောင်ပင်ဖြစ်သည်။ သူ၏ နောက်ဆုံးလက်ကျန်အချိန်များတွင် သူ သတိလစ်မည်မဟုတ်ပေ။
ညတွင် ရှီဟောင်နှင့် ချင်းဟောင်တို့ နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ကြ၏။ ထိုနေရာတွင် မည်သူမျှ ရှိမနေတော့ပဲ သူတို့နှစ်ယောက်သာ ရှိသည်။
သူတို့နှစ်ယောက်ကြားတွင် ပြောစရာရှိသည်များကို ပြောပြီးသွားလေပြီ။ သူ့ညီလေးကိုမှာချင်သည့်တစ်ခုတည်းသောအရာမှာ မိဘများကို စောင့်ရှောက်ရန်ပင်။ သူတို့ကြားတွင် တိတ်ဆိတ်နေလေသည်။
“အစ်ကိုကြီးကျွန်တော့်ကို မုန်းလား” ချင်းဟောင် မေးလိုက်၏။
“အစ်ကိုက ဘယ်လိုလုပ် မုန်းနိုင်မှာလဲ .. အစ်ကိုတို့က ညီအစ်ကိုတွေပဲကို” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကျွန်တော်က ပိုပြီး သန်မာလာပြီးတော့ ကောင်းကင်မှာ နံပါတ် ၁ အတော်ဆုံးသူ ဖြစ်ချင်တာ .. ကျွန်တော် အဖေနဲ့အမေကို သေချာ စောင့်ရှောက်လိုက်ပါ့မယ် … ဒီတစ်ခေါက်တော့ ကျွန်တော် အစ်ကို့ကို မကယ်နိုင်တော့ဘူး …” ချင်းဟောင် နူးညံ့စွာပင်ပြောလိုက်သည်။
“ဒါက အစ်ကို့ရဲ့ ကံတရားပါ … ဘာလို့ ညီလေးကို အပြစ်တင်ရမှာလဲ” ရှီဟောင် ခေါင်းခါလိုက်သည်။
“အချိန်ရှိသေးရင်တော့ ကျွန်တော်တွေဝေမနေပဲနဲ့ အစ်ကို့ကို ထာဝရအရိုးကို ပေးလိုက်မှာ … အစ်ကို့မှာ အရိုးနှစ်ခု ရှိသွားပြီးတော့ ဒီကမ္ဘာမှာ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူဖြစ်လာမှာ … အစ်ကို့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး” ချင်းဟောင် နူးညံ့စွာ ပြောလိုက်၏။
ရှီဟောင်သည် တစ်ခုခုကို စဉ်းစားနေသည်ပုံပင်။ သူ၏ စကားများကို ပြန်မဖြေပဲ “အစ်ကို တတ်နိုင်သမျှ အားလုံးကို လုပ်ရင်တောင် အစ်ကို ခွန်ပန်ပညာရဲ့ တစ်ဝက်ကိုပဲ ထွင်းနိုင်မှာ … အဲဒါနဲ့အတူတူ ကျောက်တုံးကလန်ကို ထားခဲ့မယ်နော်”
ချင်းဟောင်သည် ဘာမှမပြောပဲ ခေါင်းသာ ညိမ့်ပြလိုက်သည်။
အချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်နေလေ၏။
အချိန်ကြာပြီးမှသာ “လူတစ်ယောက်မှာ အဆင့်လွန်အရိုးနှစ်ခုရှိရင် သူတို့က ကောင်းကင်အောက်မှာ နံပါတ်တစ် ဖြစ်နိုင်မယ်လို့ မင်းထင်လား”
“အရိုးနှစ်ခုကို ဘယ်သူက ယှဉ်နိုင်မှာလဲ” ချင်းဟောင် အမေးကို အမေးဖြင့် တုံ့ပြန်လိုက်၏။
“ညီလေး အဲဒီအကြောင်းကိုပြောလိုက်တဲ့အချိန်မှာ အဆင့်မြင့်နယ်မြေကို သတိရမိလိုက်တယ် … အဲဒီနေရာမှာ ‘ထူးချွန်စွမ်းရည်’ ရှိတဲ့သူတွေ အများကြီးရှိတယ် … အဆင့်လွန်အရိုးနှစ်ခု ရှိတဲ့သူတောင် ရှိနိုင်တယ်”
ချင်းဟောင် ဆွံ့အသွား၏။ သူ ယခင်က မကြားဖူးပေ။
အလွန်လေးနက်နေသော အသံဖြင့်ပင် “အရိုးအရေအတွက်က အဓိကမဟုတ်ဘူးလို့ ငါထင်တယ် … အဲဒါက အသန်မာဆုံးလူဖြစ်နိုင်မယ့်လမ်းကြောင်းမဟုတ်ဘူး … မင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီးတော့ မင်းရဲ့ အဆင့်လွန်အရိုးကို မလိုတော့ဘူးလို့ ခံစားရတဲ့အချိန်ကျမှ မင်းက တကယ် စွမ်းအားကြီးတာလို့ ပြောလို့ရမှာ”
ချင်းဟောင် ဤအချက်ကို သဘောမတူပေ။
” အစ်ကို့မှာ အဲဒီလိုမျိုး ရည်မှန်းချက်ရှိရင် ဘာလို့စွန့်ပစ်ခဲ့တာလဲ … အရိုးနှစ်ခုရှိတဲ့သူက ပိုပြီးတော့ စွမ်းအားကြီးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် … အဲဒီလူက နံပါတ်တစ် အဆင့်လွန်လူသား ဖြစ်လာမှာ”
“ကြည့်ရတာ အဆင့်မြင့်နယ်မြေမှာ အဲဒီလိုလူမျိုးက ရှိပြီးသားထင်တယ်” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ ထို့နောက် သူ၏ညီလေးကို ကြည့်လိုက်ပြီး “မင်းက အသန်မာဆုံးကျွမ်းကျင်သူဖြစ်နိုင်မယ်လို့ထင်ရင် ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ် … ဒါပေမဲ့ မင်းသေချာ စဉ်းစားဖို့လိုတယ်”
သူ ထိုအကြောင်းများ ပြောလိုက်သည့်အချိန်တွင် သူ့ညီလေး စိတ်ဝင်စားသလား မဝင်စားဘူးလားဆိုတာကို သူ မသိသလို အရေးလည်းမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်လွန်အရိုးကို သူ ဂရုမစိုက်တော့ပေ။
သူသည် သေတော့မည်သူ ဖြစ်သောကြောင့် ဒါကို ဆက်သိမ်းထားလို့ ဘာထူးမည်နည်း … သူ၏ညီလေးသည် အဆင့်လွန်အရိုးနှစ်ခု ရှိလျှင် အဆင့်မြင့်နယ်မြေတွင် နံပါတ် ၁ ဖြစ်မည်ဟု ထင်နေသောကြောင့် သူ သူ၏ညီလေးကိုပဲ ပေးလိုက်တော့မည်။
“စစ်ဘုရင်၊ ဖန်ဘုရင်၊ ကျန်းကျုံးသမားတော်…” ရှီဟောင် ထိုသူများကို ခေါ်လိုက်သည်။
“အရှင်မင်းကြီး” ဘုရင်ကြီးများအားလုံး သူ့ကို ကြည့်လိုက်၏။
“ငါ ငါ့ရဲ့အဆင့်လွန်အရိုးကို ငါ့ညီလေးကို ပေးမလို့ … လွှဲပြောင်းပေးနေတုန်း ငါတို့ကို ကာကွယ်ပေးထားပါဦး” ရှီဟောင် ပြောလိုက်သည်။ အခြားသူများ အထင်လွဲသွားမည်ဆိုးသောကြောင့် သူတို့ကို ခေါ်၍ ရှင်းပြခြင်းပင်။
“ဘာ .. အရှင်မင်းကြီး အရှင်မလုပ်ရဘူး” ထိုလူများအားလုံး ထိတ်လန့်သွားသည်။
“အစ်ကိုကြီး …” ချင်းဟောင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။
“မင်းတို့ ဘာမှ သိပ်ပြောစရာမလိုပါဘူး”
ရှီဟောင်သည် အမြဲတမ်းပင် ဆုံးဖြတ်ချက်ပြတ်သားသောသူဖြစ်၏။ သူ၏ အားအနည်းဆုံးအခြေအနေတွင်ပင်လျှင် ဤကဲ့သို့ ပြုမူနေသည်။ သူ၏ မျက်လုံးမှ အလင်းတန်းများ ထွက်ပေါ်နေသောကြောင့် အားလုံး စကားပြောရန် ခက်ခဲနေသည်။
သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပြည့်နေသော်လည်း ယခုအချိန်တွင် သူအားထည့်လိုက်သောကြောင့် သူ၏ ရင်ဘတ်ပေါက်ကွဲသွားလေသည်။ ရှီဟောင်သည် ကျန်နေသည့်အရိုး သုံးပုံနှစ်ပုံကို ထုတ်ပစ်လိုက်လေသည်။
ထိုအရိုးသည် တောက်ပနေဆဲဖြစ်သော်လည်း အက်ကွဲကြောင်းများ ပြည့်နှက်နေလေ၏။ ထိုအရိုးသည် သူ၏ ခန္ဓာကိုယ်နှင့် ကင်းကွာသွားပြီဖြစ်သော်လည်း ထာဝရအလင်းများတောက်ပနေသည့်ပုံပေါ်ကာ ရောင်စုံအလင်းများ တောက်ပနေဆဲပင်။
“အရှင်မင်းကြီး”
စစ်ဘုရင်၊ ဖန်ဘုရင်တို့ စိတ်လှုပ်ရှားသွားရ၏။ ကျောက်တုံးလေးသည် မည်မျှပင် စွမ်းအားကြီးနေသနည်း…
“သမားတော်ကြီး ကျန်းကျုံး ကျွန်တော့်ညီလေး ဒီအရိုးကို လက်ခံနိုင်အောင် ကူညီပေးပါဦး” ရှီဟောင် ပြောလိုက်၏။ သူသည် ထိုနေရာတွင်ပင် တည်ငြိမ်စွာ ထိုင်နေပြီး သူ၏ ရင်ဘတ်ကို ပြန်ပိတ်လိုက်သည်။ သွေးများစီးကျနေဆဲဖြစ်သော်လည်း သူသိပ်မလှုပ်ရှားနိုင်ပေ။
“ကျောက်တုံးဧကရာဇ်”
ကျန်းကျုံး အံ့အားသင့်သွား၏။ ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ပေ။ ရှီဟောင်သည် သူ၏ အဆင့်လွန်အရိုးကို သူ၏ညီလေးအားပေးခဲ့လေသည်။
စစ်ဘုရင်၊ ဖန်ကိုး၊ မင်ဘုရင်နှင့် အခြားသူများသည် ရှီဟောင် သွေးတိတ်အောင် ကူညီလိုက်ကြသည်။
တစ်ခဏကြာသောအခါ ကျောက်တုံးကျေးရွာမှ လူများ ထိုသတင်းကို လက်ခံရလိုက်သည်။ ရှီကျီလင်းနှင့် ချင်းရိနင်လည်း ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် တုန်လှုပ်စွာဖြင့် နန်းတော်ထဲသို့ ပြေးဝင်လာကြသည်။
“ဒီအရိုးနှစ်ခုကိုပဲ အရမ်းအားမကိုးနဲ့ … တကယ်လို့တစ်နေ့မှာ မင်း အဆင့်လွန်သွေးကိုသုံးပြီးတော့ မင်းတစ်ကိုယ်လုံးစီးဆင်းသွားအောင် လုပ်နိုင်ရင် မင်းရဲ့အရိုးတွေအားလုံး ပြောင်းလဲသွားလိမ့်မယ် … အဲဒါက တစ်ခြားသူတွေနဲ့ မတူတဲ့ လမ်းကြောင်းတစ်ခု ဖြစ်သွားလိမ့်မယ်” ရှီဟောင် ပြောလိုက်၏။