သုခကမ္ဘာက ရှီဟောင် - Chapter - 797 တွန့်ဆုတ်နေသော
ကောင်းကင်ကြီး မှောင်မဲသွားသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး ကြယ်များပင် ထွက်နေလေပြီ။
“ဒီလူတွေက တကယ်ကို ယုတ်မာကြတာပဲ … ဒီကမ္ဘာကို ဆင်းလာဖို့အတွက်နဲ့ သူတို့တွေ အသက်ပေါင်း ဘယ်လောက်ကိုတောင် အန္တရာယ်ပြုခဲ့တာလဲ … သူတို့အားလုံး အပြစ်ပေးခံရသင့်တယ်” ရွာသူကြီးသည် သူ၏ မျက်လုံးများ ကို ပြူးကျယ်ပြီး ပြောလိုက်လေသည်။ သူ၏ ခန္ဓာကိုယ်တွင် အရက်နံ့များ လှိုင်ထွက်နေလေသည်။
လရောင်များဖြာကျနေပြီး ကန်ရေပြင်သည်လည်း ပြာလဲ့နေလေသည်။ ညနောက်ကျနေပြီဖြစ်သောကြောင့် လူများမှာအမူးလွန်ကာ လဲနေကြပြီဖြစ်ပြီး မီးပုံဘေးတွင် လူအနည်းစုသာ ကျန်တော့သည်။ သူတို့၏ မျက်နှာများမှာလည်း နီရဲနေပြီဖြစ်ပြီး အာလေးလျာလေး ဖြစ်နေလေပြီ။
“ကလေး မင်းအဆင့်မြင့်နယ်မြေကို သွားတဲ့အချိန်ကျရင် သတိထားရမယ်နော် … အဲဒီနေရာက အရမ်းကျယ်တယ်လို့ ပြောကြတယ် … စီရင်စုတစ်ခုက အဆင့်နိမ့်နယ်မြေတစ်ခုလုံးစာထက်ကို ကျယ်တယ်တဲ့ … အဲဒါက အနားသတ်မရှိတဲ့ကမ္ဘာကြီးတဲ့” ရှီလင်းဟူမှ ပြောလိုက်၏။
“ဟုတ်တယ် … အဲဒီနေရာက အရမ်းထူးဆန်းတယ် … တာအိုသက်ရှိတွေနဲ့ နတ်ဘုရားတွေရှိတယ် … အဲဒီနေရာ မသိခြင်းတွေ မရေတွက်နိုင်တဲ့ လူမျိုးစုတွေ နေတဲ့နေရာပဲ … ကျွမ်းကျင်သူတွေဆိုတာ သစ်တောထဲက သစ်ပင်တွေလိုပဲ … မင်းသတိထားရမယ်” ဖီးဟိုသည် မူးနေပြီဖြစ်ပြီး ရှီဟောင်ကို သတိပေးနေလေသည်။
ဤနှစ်များတွင် သူတို့သည် ချင်းရိနင်နှင့် အခြားသူများထံမှာ အဆင့်မြင့်နယ်မြေအကြောင်း သိခဲ့ကြသည်။ သူတို့သည် ထိုကြီးမားကျယ်ပြန့်သည့်နေရာကြောင့် မသက်မသာ ခံစားနေကြရလေ၏။
“ငါ ဂရုစိုက်ပါ့မယ်” ရှီဟောင်သည် အပြုံးလေးတစ်ပွင့်နှင့် ပြောလိုက်သည်။ ယခုလက်ရှိတွင် ဤကမ္ဘာ၌ ကျောက်တုံးလေး မရှိတော့ပေ။ အားလုံးမှာ သူသေသွားပြီ ထင်နေကြပြီဖြစ်သောကြောင့် သူ အပေါ်တက်သွားလျှင်လည်း ဘာအန္တရာယ်မှ ရှိမည်မဟုတ်။ သူ ထိုနေရာရောက်သွားသည်နှင့် နေရာအနှံ့သွားကာ သူ့ကိုယ်သူ သန်မာလာအောင် ပြုလုပ်၍ရသည်။ သူ အခြားသူများကို အနိုင်ယူနိုင်သည်နှင့် သူ အချို့လူများကို ‘ကောင်းမွန်သော အံ့အားသင့်မှု’ များကို ပေးမည်။
“ငါ အခုတလော တွေးဖို့အချိန်ရနေတာ … နောက်နှစ်နည်းနည်းကြာလို့ ငါ ဒီနေရာကို ပျင်းလာရင် ငါလည်း အဆင့်မြင့်နယ်မြေကို သွားကြည့်မယ်” အနီလေး ပြောလိုက်၏။
“တစ်နှစ်လောက် အချိန်ပေးလိုက်တော့ ငါ့ရဲ့ဒဏ်ရာက တော်တော်လေးကို ပျောက်နေပြီ … အဲဒီတော့ ငါလည်း အဲဒီနေရာတွေကို လျောက်ပတ်ကြည့်လို့ရပြီ” အမွေးလုံးလေးမှ ပြောလိုက်သည်။ သူ၏အနားတွင် အရက်နံ့လှိုင်နေလေ၏။
“ငါကြားတာတော့ နယ်မြေနှစ်ခုက မဆက်တော့ဘူးတဲ့ … ကောင်းကင်လမ်းကြောင်းတွေက ပျက်စီးသွားပြီးတော့ နယ်မြေနှစ်ခုကြားမှာ ဆက်သွယ်လို့ မရတော့ဘူးတဲ့” ရှီဖိန်းကျီး ပြောလိုက်သည်။
ဤသည်မှာ လွန်ခဲ့သည့်နှစ်လမှ သတင်းပင်။
“အာ … အဲဒီလိုလား … ထာဝရတောင်တို့ အနောက်ဘက်ဂိုဏ်းတို့လိုမျိုး ဂိုဏ်းကြီးတွေက အဆင့်မြင့်နယ်မြေကနေပြီးတော့ သတင်းတွေ ပို့လို့မရတော့ဘူးလို့ ကြားလိုက်သေးတယ်” ချင်ဖန်း ခေါင်းညိမ့်ကာ ပြောလိုက်၏။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူတို့သာ ကောင်းကင်လမ်းကြောင်းကို ဖျက်လိုက်ပါက သူ အပေါ်တက်ရန် အနည်းငယ် အခက်အခဲတွေ့သွားလိမ့်မည်။ သို့သော် လမ်းကြောင်းတစ်ခု သေချာပေါက် ရှိလိမ့်မည်ဟု သူယုံကြည်သည်။
ည အရမ်းနက်နေလေပြီ။ လူအားလုံးလည်း မြက်ခင်းပြင်ပေါ်တွင် လဲကျနေလေပြီ။ ရှီဟောင်သည်လည်းအပါအဝင်ပင်။ သူသည် အလွန်ပျော်ရွှင်နေသောကြောင့် စိတ်လွတ်ကိုယ်လွတ်ပင် နေလိုက်သည်။
မနက်ခင်း ရတနာရှစ်သွယ်ကြက် အကြိမ်အနည်းငယ်ခန့် တွန်ပြီးသွားသောအချိန်မှသာ အမူးသမားအုပ်စုမှာ တစ်ယောက်ပြီးတစ်ယောက်ထလာလေသည်။ ထို့နောက်သူတို့အားလုံးအားရပါးရ ရယ်မောလိုက်ကြလေသည်။
“ဦးလေးဟောင် သားတို့ ဦးလေးအတွက် သားရဲနို့ ချက်ပေးထားတယ် … ဒီမှာ”
အမျိုးသမီးများနှင့် ကလေးများမှာ စောစောအိပ်သွားကြသောကြောင့် စောစောပင် နိုးနေလေသည်။ ကလေးအုပ်စုမှာ တစ်ခစ်ခစ်ရယ်မောလျက် ပြေးနေကြလေ၏။
ရှီဟောင်သည် ကလေးတစ်ယောက်ကို ဆွဲယူကာ သူ၏ နဖူးကို ရိုက်လိုက်သောကြောင့် ထိုကလေးငိုသွားလေသည်။
“ဦးလေးဟောင် ဒီမှာကြည့် ကျွန်တော်တို့ တကယ် ချက်ခဲ့တာ … မွှေးနေတာပဲ … မြန်မြန်သောက်လိုက် … ပြီးရင် သားတို့ကို တောင်တွေဘက်ကို ခေါ်သွားပေး သားတို့ ပျက်သုန်းခြင်းနယ်မြေကို မရောက်တာ ကြာနေပြီ” ကလေးတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အဖြူရောင်အရည်ပါသော အိုးလေးထဲမှ ရေနွေးငွေ့လေး ထွက်နေပြီး အမွေးနံ့လည်း လေထဲတွင် လှိုင်တက်နေလေသည်။
ဤသည်မှာ ရှီဟောင် သူတို့ကို တောင်တန်းဘက် ခေါ်သွားရန် လာဘ်ထိုးခြင်းပင်။ တောင်တန်းများတွင်သူတို့သည် စိတ်ကြိုက်ပြေးလွှားကာ လုပ်ချင်တာလုပ်နိုင်လေ၏။
ဟူကျီ၊ နှပ်ချေးတွဲလောင်းကလေး၊ ဖီးဟိုနှင့် အခြားသူများမှာ ရှီဟောင် ရှက်မည့်အချိန်ကို စောင့်နေကြလေသည်။
ရှီဟောင်သည် ရယ်မောလိုက်ကာ ကလေးများလက်ထဲမှ အိုးကို ယူလိုက်ကာ ဂလု ဂလု မည်အောင်ပင် သောက်လေ၏။ နောက်ဆုံးတွင် သူ၏နှုတ်ခမ်းထောင့်တွင် စီးကျနေသည့် နို့ကို လျှာဖြင့်သပ်လိုက်ပြီး ချီးကျူးလိုက်လေသည် “အရသာရှိတယ် … မဆိုးဘူး”
ဤသည်မှာ စောင့်ကြည့်နေကြသည့် ဂီဇောင်း၊ ဖီးဟို၊ ချင်ဖန်းနှင့် အခြားသူများကို ဆွံ့အသွားစေပြီး သူတို့ ဘာပြောရမည်မှန်းပင် မသိတော့ပေ။
“ကောင်စုတ်လေး” ရှီလင်းဟူနှင့် အခြားသူများလည်း ခေါင်းတစ်ခါခါဖြင့် ရယ်မောလိုက်ကြလေသည်။
ထိုအချိန်တွင် လမ်းလျောက်တတ်ကာစ ကလေးလေးမှ ရေရွတ်လိုက်လေသည် “အဲဒါ သားတို့ မနက်စာ .. ဦးလေးဟောင် အားလုံးကို သောက်ပစ်လိုက်ပြီ”
ဘေးဘက်တွင်လည်း နှစ်နှစ်ပင် မရှိသေးသည့် ကလေးမလေးနှစ်ဦးရှိနေပြီးသူတို့သည် ငိုမဲ့မဲ့လေးဖြင့် “ဦးလေးဟောင် သမီးတို့ရဲ့ သားရဲနို့ကို ခိုးသွားတယ်…”
ထိုအချိန်တွင် ရှီဟောင်သည် အရေမထူနိုင်တော့ပဲ ချက်ချင်းပင် ရွာသူကြီးခြံထဲသို့ လှည့်ပြေးသွားလေသည်။
ဟား ဟား … ရွာသားများမှာ အော်ဟစ်ရယ်မောလိုက်ကြလေသည်။
ဤနေ့ရက်များတွင် အပျော်များဖြင့်သာ ပြည့်နေလေသည်။ ရှီဟောင်သည် ကလေးအားလုံး၏ ဆန္ဒများကို ဖြည့်ဆည်းပေးကာ သူတို့ကို ပျက်သုန်းခြင်းနယ်မြေအနှံ့သို့ ခေါ်သွားပြီး သူတို့ စိတ်ရှိသလို လေ့လာခွင့်ပြုခဲ့သည်။
ငှက်နီကြီး၊ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် အခြားသူများအားလုံးလည်း ပြန်ရောက်လာကြလေ၏။ သူတို့အားလုံးသည် ဆူညံစွာ ငိုကြွေးလိုက်ကြလေသည်။ နောက်တစ်ခေါက် အသက်ရှင်လျက် ပြန်တွေ့နိုင်ခြင်းမှာ အမှန်တကယ်ပင် ပျော်စရာကောင်းသော ကိစ္စပင်။
အားလုံးသည် ကန်ဘေးတွင် ညတိုင်းသောက်ကြပြီး ညနက်သည်အထိ နေကြလေသည်။
ဤနေ့ရက်များတွင် ရှီဟောင်သည် ပျက်သုန်းခြင်းနယ်မြေတစ်ခွင် လှည့်လှည်သွားလာပြီး ဝိဉာဉ်ဆေးပင်များကို ယူလာကာ ကျောက်တုံးကျေးရွာတွင်ပြန်လည်စိုက်ယုံသာမက တစ်ခါတစ်ရံတွင် သားရဲကြီးများနှင့် ငှက်များပင် ခေါ်လာခဲ့လေသည်။ ထိုအကောင်များသည် ရတနာရှစ်သွယ်ကြက်နှင့် မယှဉ်နိုင်သော်လည်း အားလုံးသည် ရှားပါးသည့် မျိုးစိတ်များသား။
“ဒါတွေက ငွေရောင်ဝိဉာဉ်ရေချိုငါးမလား” ရွာသူကြီးမှာ အံ့အားသင့်သွားရ၏။ သူ ဤသက်ရှိကို မှတ်တမ်းများတွင် မြင်ခဲ့ဖူးသည်။ ဤအကောင် ငွေဖြူရောင်ရှိပြီး အမွှေးနံ့များ ထုတ်လွှတ်နေပြီး အကြီးဆုံးမှာ တစ်ပေခန့်သာ ရှိသည်။ ဤသည်မှာ အလွန်ရှားပါးသည့် သက်ရှိပင်။
ငွေရောင်ဝိဉာဉ်ရေချိုငါး၏ ဆေးအကျိုးကျေးဇူးမှာ များပြားလှ၏။ ထိုအကောင်သည် ကြွက်သားများ၊ အရိုးများကို သန်မာစေကာ အသွေးအသားများကို အားဖြည့်ပေးလေသည်။
ရှီဟောင်သည် ပျက်သုန်းခြင်းနယ်မြေအတွင်းပိုင်းရှိ ကန်ကြီးတစ်ခုမှ အကောင်ပေါင်း ရာကျော်ဖမ်းမိလာပြီး အားလုံးကို ကျောက်တုံးကျေးရွာရှိ ကန်ထဲသို့ လွှတ်ပေးလိုက်သည်။ ဤကန်သည် ရွာ၏အစီအရင်များဖြင့် ကာကွယ်ထားသောကြောင့် ဝိဉာဉ်ရေကန် ဖြစ်နေလေပြီ။
“ရွှေရောင်အစင်းကြောင်းရှိတဲ့လိပ်တွေ … သူတို့ကို သတ်ဖို့မလိုဘူး … ဒဏ်ရာပြင်းပြင်းထန်ထန်ရထားရင်တောင် သူ့ရဲ့သွေးနည်းနည်းလေးနဲ့ ကုသနိုင်တယ်” ရှီလင်းဟူသည် အထင်ကြီးစွာပင် ပြောလိုက်သည်။
ရှီဟောင်သည် ရှစ်ကောင်ပင် ဖမ်းမိလာခဲ့သည်။ သူအားလုံးကို ကန်ထဲသို့ လွှတ်လိုက်သည်။ သူတို့အားလုံးသည် တိုက်ခိုက်နိုင်စွမ်းရှိသည့် သက်ရှိများပင်။ သူတို့သာ မျိုးပွားလာပါက သူတို့အားလုံးသည် ရတနာပင် ဖြစ်သွားလိမ့်မည်။
လဝက်လုံးတွင် ရှီဟောင်သည် လူမနေသည့်နေရာများသို့ ဆက်တိုက်သွားရောက်ခဲ့ပြီး ကလေးများ၊ ငှက်နီကြီးနှင့် အခြားသူများကိုလည်း သူနှင့်အတူ ခေါ်သွားကာ ပျက်သုန်းခြင်းနယ်မြေတစ်ခုလုံးကို ရှာဖွေနေလေသည်။ ထို့နောက်တွင် သူတို့သည့် အဖိုးတန်ပစ္စည်းအနည်းငယ်ကို ပြန်ယူလာခဲ့ကြလေသည်။
ရွှေရောင်ငန်းမှအစ သစ်သားဝိဉာဉ်နွားမအဆုံး ထိုနေရာတွင် ရှိသင့်သည့်အကောင်များအားလုံး ရှိနေလေသည်။ ဤအကောင်များသည် နူးညံ့သော သတ္တဝါများဖြစ်ပြီး ကျောက်တုံးကျေးရွာအနီးတွင် မွေးမြူထားလေသည်။
ရှီဟောင်သည် သူမကြာခင် ထွက်သွားတော့မည်ဖြစ်သောကြောင့် ကျောက်တုံးကျေးရွာအတွက် နည်းနည်းလေးပဲဖြစ်ဖြစ် လုပ်ပေးထားချင်မိသည်။
ရှီဟောင်သည် ဤအချိန်များတွင်သူ့ကိုယ်သူ ပြန်လည်ကုသခဲ့သည်။ အရိုးများ ပြန်ဆက်သွားပြီဖြစ်ပြီး သူ၏ အရေပြားပေါ်တွင် ရှိနေသော ပြတ်ရှရာများလည်း ပျောက်ကွယ်သွားလေပြီ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး သွေးစွမ်းအားများလည်း မြစ်တစ်စင်းကဲ့သို့ပင် သူ၏ ကိုယ်ထဲ၌ လှည့်ပတ်စီးဆင်းနေလေသည်။
ယနေ့တွင် ရှီဟောင်သည် မြူများဆိုင်းနေသည့် တောင်ထိပ်ပေါ်တွင် ထိုင်နေပြီး သူ၏ ပါးစပ်နှင့် နှာခေါင်းမှာ အဖြူရောင်စွမ်းအားများ ထွက်နေလေသည်။
နောက်ဆုံးတွင် သူသည် စွမ်းအားများကို ထုတ်လွှတ်လိုက်သောကြောင့် တောင်ကြီးတစ်ခုလုံး တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်ရှိ မွေးညှင်းပေါက်များမှ အလင်းရောင်များ တောက်ပလျက်ရှိနေလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှ အသံများထွက်ပေါ်လာလေ၏။ သူ မတ်တပ်ရပ်လိုက်သည်နှင့် သူ၏ မျက်လုံးများမှ အလင်းတန်းများထွက်ပေါ်လာလေသည်။
သူ၏ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားလေပြီ။ ယခင်က သူသည် ကျိုးပဲ့ပြီး တစ်စီဖြစ်နေပြီး ဒဏ်ရာများမှာလည်း ဆိုးဝါးလှ၏။
“ကောင်းလိုက်တာ ငါက အရင်ကထက်တောင် ပိုပြီးတော့ သန်မာသွားပြီ” သူ သူ့ကိုယ်သူ ပြောလိုက်သည်။ သူ၏ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားပြီဖြစ်သောကြောင့် ယခုအချိန်သည် ခရီးထွက်ရမည့်အချိန်ပင်။
“ဦးလေးဟောင် အမွေးလုံးက ဒီနေ့ ရေနဂါးတစ်ကောင်ကို သတ်လိုက်တယ် … အဲဒီနဂါးကြီးက ကျန်းပေါင်း အများကြီး ရှည်ပြီးတော့ တောက်ပနေတာပဲ” သူ တောင်အောက်သို့ ဆင်းလာသည်နှင့်ကလေးတစ်စု သူ့ကို စကားလာပြောကြလေသည်။
“ဦးလေးဟောင် မြန်မြန်ပြန်သွားကြရအောင် … ရွာသူကြီးဖိုးဖိုးနဲ့ တစ်ခြားသူတွေ အဲဒီရေနဂါးကြီးကိုကင်နေပြီ … အနံ့က အဝေးကြီးကနေတောင် ရနေတာ … သားတစ်ခါမှ ရေနဂါးသားကို မစားဖူးဘူး”
သူသည် ကလေးဗိုလ်ဖြစ်နေလေ၏။ ထို့နောက်တွင် ကလေးများကို ခေါ်ကာ ရွာသို့ ပြန်သွားလိုက်လေသည်။
….
ကျောက်တုံးတိုင်းပြည်မြို့တော်
ဘုရင်ကြီးများမှာ နန်းတော်ခန်းမထဲတွင် စီးပွားရေးကိစ္စများကိုဆွေးနွေးနေကြလေ၏။ အားလုံးမှာ မျက်မှောင်ကြုတ်နေပြီးအခြေအနေ တင်းမာနေလေသည်။
“ဘာဖြစ်တာလဲ … ဘိုးဘေးနယ်မြေက အပြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားတော့ ငါတို့ သတင်းပို့လို့လည်း မရတော့ဘူး … မကောင်းတာမဖြစ်ပါစေနဲ့ …” စစ်ဘုရင် သက်ပြင်းချလိုက်သည်။
“နှစ်လကျော်သွားပြီး ဘာသတင်းမှလည်း ရောက်မလာဘူး … မကောင်းတာတစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ဘူးမလား” မင်ဘုရင် ပြောလိုက်၏။
ရှီဟောင် သေသွားသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်သော်လည်း ဘုရင်အိုကြီးများမှာ အမြဲတမ်း သူ့အကြောင်း စဉ်းစားမိသော်လည်း သက်ပြင်းချခြင်းတွင်သာ အဆုံးသတ်သွားလေသည်။
“အရှင်မင်းကြီးကို နှမြောလိုက်တာ … သူ့မှာ အရည်အချင်းတွေရှိနေပေမယ့် ဘာလို့ စောစောသေသွားရတာလဲ” ဖန်ကို ခေါင်းခါလိုက်သည်။ ထို့နောက်တွင် သူတစ်ခုခုကို တွေးမိသွားသည့်ပုံစံဖြင့် “ဟုတ်သားပဲ အဲဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်းတို့အားလုံး ဘယ်လိုထင်လဲ”
“ဘာဖြစ်နိုင်မှာလဲ … ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်နေမှတော့ အဲဒီဂိုဏ်းကြီးတွေပဲ ဖြစ်မှာပေါ့ … ဘယ်သူလဲဆိုတာ ငါတို့မသိဘူးလို့ ထင်နေကြတာလား” စစ်ဘုရင်နှာရှုံ့လိုက်သည်။
ယခုတလောတွင် အချို့သူများသည် ကျောက်တုံးတိုင်းပြည်အားဆက်သွယ်လာကြ၏။ သူတို့သည် လေဟာနယ်မီးဖိုနှင့် နတ်ဘုရား ၇ ပါးမှ ချန်ထားခဲ့သည့်ပစ္စည်းများကို လိုချင်နေကြပြီးအခြားပစ္စည်းနှင့် လဲလှယ်ပေးမည်ဟု ပြောနေလေသည်။
“အဲဒီလူတွေက တကယ် သေသင့်တယ် … အရင်တုန်းက နတ်ဘုရား ၇ ပါးဆင်းလာဖို့အတွက် လူပေါင်းများစွာရဲ့ အသက်ကို စတေးခဲ့တာလည်းသူတို့ပဲ … သူတို့က ကျန်ခဲ့တဲ့ ပစ္စည်းတွေကို မေးရဲသေးတယ်ပေါ့” မင်ဘုရင် အေးစက်စွာ ပြောလိုက်လေသည်။
“သူတို့အလိုချင်ဆုံးက လေဟာနယ်မီးဖိုရဲ့ အစိတ်အပိုင်းတွေပဲ” စစ်ဘုရင် ပြောလိုက်၏။
လွန်ခဲ့သည့် တစ်နှစ်က ထိုမီးဖိုကြောင့် နတ်ဘုရား ၇ ပါးသည် အဆင့်နိမ့်နယ်မြေသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ သူ၏ အထဲဘက်တွင်ရှိသော သင်္ကေတများပျက်စီးသွားပြီး အနောက်ဘက်အုတ်ဂူကမ္ဘာတွင် တစ်စစီဖြစ်အောင် ဖျက်ဆီးခံလိုက်ရသော်လည်း ကျန်ခဲ့သည့်အပိုင်းအစများမှာ အံ့အားသင့်စရာ ကောင်းနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းသည် အလွန်ရှားပါးသည့်ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့်ပင်။ ထိုပစ္စည်းထဲတွင် ‘လေဟာနယ်ရွှေ’လည်း အနည်းငယ် ပါရှိလေသည်။ ဤသည်မှာ အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံးပစ္စည်းတစ်ခုပင်။
ရှီဟောင်သည် သူ၏ တန်ဖိုးကို သိပ်မသိသော်လည်း ပြန်ယူလာကာ ကျောက်တုံးတိုင်းပြည်၏ အတွင်းရတနာသိုက်အတွင်းတွင် ထားခဲ့လေ၏။
“သတင်းပို့ပါတယ်”
နန်းတော်ခန်းမ၏အပြင်ဘက်တွင် အင်ပါယာအဆောင့်တစ်ယောက်သည် ချိတ်ပိတ်ထားသည့်စာတစ်ဆောင်ကို လာပို့လေ၏။
ဤစာရွက်တွင် အလင်းတန်းများပါဝင်နေပြီး စွမ်းအားကြီးသည့် သင်္ကေတများလည်း ပါဝင်နေသည်။ ဤသည်မှာလည်း မီးဖိုအကြောင်းသာဖြစ်ပြီး သူတို့ကို အခြားပစ္စည်းများနှင့် လဲလှယ်စေလိုခြင်းပင်။
“သူတို့တွေက နူးညံ့တဲ့နည်းလမ်းနဲ့ကြမ်းတမ်းတဲ့နည်းလမ်းကို သုံးနေတာပဲ … ငါတို့ကို လဲပေးဖို့ပြောနေပေမယ့် ခြိမ်းခြောက်နေတာပဲ … သူတို့ဘာတွေ ပြောနေတာလဲ ‘ဒီလေဟာနယ်မီးဖိုက အချိန်အကြာကြီးသိမ်းထားလို့ရှိရင် သွေးလွှမ်းတဲ့ကပ်ဆိုးတွေ ဖြစ်စေနိုင်တယ်’ … ချီးပဲ သူတို့က ငါတို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား” စစ်ဘုရင် ဒေါသထွက်သွားရ၏။
“ငါတို့ သူတို့ကို ဘာပြဿနာမှမပေးခဲ့ဘူး … လက်စားတောင် မချေခဲ့ဘူး … ဒါပေမဲ့ တစ်ချို့လူတွေက ငြိမ်ငြိမ်မနေနိုင်ကြတော့ဘူး … ဒီတစ်ခေါက်ကတော့ ငါတို့ သေချာပေါက် ဖြေရှင်းချက်တစ်ခုကို လိုအပ်တယ် … ငါတို့ကျောက်တုံးတိုင်းပြည်ကို လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရမယ်များ ထင်နေတာလား” စာကိုဖတ်ပြီးသည့်နောက်တွင် ဖန်ကိုးမတ်တပ်ရပ်လိုက်ပြီး သူ၏ ကိုယ်တွင်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။