သုခကမ္ဘာက ရှီဟောင် - Chapter - 798 ကျောက်တုံးလေး ပြန်ပေါ်လာခြင်း
ရှီဟောင်သည် ပစ္စည်းများကို ထုပ်ပိုးနေလေ၏။ အဖိုးတန်ဘူးမှ လွှဲလျှင် သူအားလုံးကို ထားခဲ့လိုက်သည်။ နောက်ဆုံးတိုက်ပွဲတွင် သူ၏ ဆုံးရှုံးမှုမှာ ကြီးမားလှသောကြောင့် သက်ပြင်း ချလိုက်လေသည်။
သူသည် ကိုယ့်ကိုကိုယ် ဖျက်ဆီးခြင်းကို ရွေးချယ်ခဲ့သောကြောင့် ကျောက်တုံးကျေးရွာ၏ ဘိုးဘွားပိုင်ပစ္စည်းများလည်း ပျက်စီးသွားခဲ့သည်။ သားရဲအရေခွံတွင် အပေါက်အကြီးကြီးနှစ်ခုဖြစ်သွားပြီး သားရဲအရိုးတွင်လည်း အက်ကွဲကြောင်းများ ထင်သွားသည်။
ထိုနှစ်ခုအပြင် တိုင်းပြည်ကာကွယ်သည့်ရဲဒင်း၊ မှော်ဓားနှင့် အခြားပစ္စည်းများလည်း ထိခိုက်သွားလေသည်။ တစ္ဆေဖိုးဖိုးချန်ထားခဲ့သည့် ဓားပဲ့လေးမှာ မထင်မှတ်စွာပင် မထိခိုက်သွားပေ။
ရှီဟောင် ဝမ်းအနည်းရဆုံမှာ မပျက်စီးနိုင်သော ရွှေရောင်ခန္ဓာကိုယ်လည်းပျက်စီးသွားခြင်းပင်။ နောက်ဆုံးအချိန်တွင် သူ၏ ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသောကြောင့် အပိုင်းပိုင်း ဖြစ်သွားလေသည်။
နားလည်ထားရမည်မှာ ပျက်စီးနေသောဤဝတ်စုံကိုပင် နတ်ဘုရားများ အသာငမ်းငမ်းလိုချင်နေခြင်းပင်။ ဤရှားပါးသည့် စစ်ဝတ်စုံတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်။
ဝတ်စုံမှာ အပိုင်းပိုင်းဖြစ်သွားသော်လည်း ကံကောင်းစွာဖြင့်ပင် အဓိကအပိုင်းမှာ အကောင်းအတိုင်း ကျန်ရှိနေလေသည်။ သူသည် အနက်ရောင်ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး သင်္ကေတများလည်း လင်းလက်နေလေသည်။
မှော်ပစ္စည်းများပင် ပျက်ဆီးသွားသည့်အချိန်တွင် ဤပစ္စည်းသည် အကောင်းအတိုင်း ကျန်ခဲ့သောကြောင့် သူ၏ စွမ်းအားကို စဉ်းစားကြည့်နိုင်သည်။
“ဒါကို ပြန်ပြင်လို့ ရပါဦးမလား” ရှီဟောင် ထိုပစ္စည်းကို သေချာသိမ်းထားလိုက်သည်။
“ကလေး မင်း ဂရုစိုက်ရမယ်နော်” ရွာသူကြီးမှာ ထပ်ခါထပ်ခါပင် သတိပေးနေလေသည်။
ရွာသားများမှာ သူနှင့် ချင်ဖန်း ယဇ်ပုလ္လင်ပေါ်သို့ တက်သွားသည်ကို ကြည့်ပြီး မျက်ရည်များကျကာ လက်ဝေ့ရမ်းပြနေကြသည်။
“ရွာသူကြီးဖိုးဖိုး၊ ဦးလေး … အားလုံးပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ” ရှီဟောင်ပြောလိုက်၏။ သူ၏ မျက်လုံးများမှာလည်း အနည်းငယ် ဝေဝါးနေလေပြီ။ သူ ဤနေရာမှ ထွက်သွားပြီးသည်နှင့် ဆယ်စုနှစ်၊ ရာစုနှစ် မည်မျှကြာမှ ပြန်တွေ့နိုင်မလဲ မသိပေ။ သူတို့ ပြန်မတွေ့နိုင်တော့တာလည်း ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူ ယခုတစ်ခေါက် ထွက်သွားပြီး လုပ်စရာရှိတာ လုပ်ပြီးသည်နှင့် ကျောက်တုံးကျေးရွာသို့ ပြန်မလာတော့ပဲ အဆင့်မြင့်နယ်မြေကိုသာ တန်းသွားတော့မည်။
ယဇ်ပုလ္လင်တွင် အလင်းရောင်ထွက်ပေါ်လာလေ၏။ သူသည် ချင်ဖန်းနှင့်အတူ လမ်းကြောင်းထဲသို့ ဝင်လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
…
ကျောက်တုံးတိုင်းပြည် အင်ပါယာနန်းတော်ထဲတွင်
“ဟက် ဒီလူတွေက ငါ့ဒေါသကို လာဆွနေတာပဲ … သူတို့တွေက လူ့အသက်ကို စတေးပြီး ငါ့ကျောက်တုံးတိုင်းပြည်ရဲ့ဧကရာဇ် သေဆုံးမှုကို ဦးတည်လာတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို လုပ်ခဲ့တယ် … အဲဒါကိုတောင်မှ အခု လေဟာနယ်မီးဖိုကို လာတောင်းရဲသေးတယ်ပေါ့” စစ်ဘုရင်သည် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
ထိုနေ့တွင် သူတို့သည် ထိုအကြောင်းအရာပါသည့် စာတစ်စောင်ကို ထပ်မံရရှိခဲ့သည်။ သို့သော် သူတို့၏ လေသံမှာ ပို၍ ခြိမ်းခြောက်သည့်လေသံ ဖြစ်နေလေသည်။
“ကျောက်တုံးကျေးရွာနဲ့ အဆက်အသွယ်ပြတ်နေတာ နှမြောစရာကောင်းတယ် … မဟုတ်ရင် ဟိုနှစ်ယောက်ကို ထွက်လာခိုင်းပြီး သူတို့ကို သတ်ခိုင်းလိုက်ရမှာ” မင်ဘုရင် ပြောလိုက်၏။ သူသည် အမွေးလုံးနှင့် အနီလေးကို ပြောလိုက်ခြင်းပင်။
“သူတို့တော်တော်လွန်တာပဲ … ကျောက်တုံးဧကရာဇ်ကို အန္တရာယ်ပေးပြီးတာတောင်မှ အဲဒီလက်နက်တွေကို လာတောင်းနေတယ် … ငါ့ရဲ့ ကျောက်တုံးတိုင်းပြည်မှာ လူမရှိတော့ဘူးလို့ သူတို့ထင်နေတာလာ” ဖန်ဘုရင်လည် အေးစက်စွာပင် အော်ဟစ်လိုက်၏။
ဤရက်များအတွင်းတွင် ထိုစာများ တစ်စောင်ပြီးတစ်စောင် ရောက်လာကာ သူတို့ ဒေါသကို လာဆွနေလေသည်။
သူတို့သည် ဤရက်များတွင် ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးပြီဖြစ်ပြီး လိုအပ်လာပါက သူတို့ လှုပ်ရှားရလိမ့်မည်။ သို့သော် သူတို့သည်လည်းသေချာဂရုစိုက်ရသည်။ ဂိုဏ်းကြီးများစွာသည် သူတို့ကို ဖိအားပေးနေသောကြောင့် သူတို့ ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်မည်နည်း..
“ငါ့ကိုယ်ထဲမှာ မီးတောက်နေပြီ … ငါသူတို့တွေကို တစ်ခါတည်းသတ်ပစ်ချင်နေပြီ … သူတို့ ဂိတ်ပေါက်ဝတွေကို ဖျက်ဆီးပစ်ပြီးတော့ အားလုံးကို ရှင်းပစ်မယ်” စစ်ဘုရင် ပြောလိုက်သည်။
“အရှင်မင်းကြီးရဲ့ သေဆုံးမှုက တကယ်ကိုကံဆိုးသွားတာ … သူ့မှာ အံ့ဩဖို့ကောင်းတဲ့ မွေးရာပါ အရည်အချင်းတွေရှိတယ် … သူသေသွားတာ စောလွန်းတယ်” ရှီဟောင် အကြောင်းပြောလိုက်သည်နှင့် အားလုံးမှာ တိတ်ဆိတ်သွားလေသည်။
“ချင်းဟောင်ဆီမှာ အခု အဆင့်လွန်အရိုးနှစ်ခုရှိနေပြီဆိုတော့ သူကတော့ အဆင့်မြင့်နယ်မြေမှာ တောက်ပနေမှာပဲ … ဟိုးအရင်လကတောင် သတင်းကြားလိုက်ရသေးတယ် … သူက ကောင်းကင်ဂျီးနီးယပ်စ်ငါးယောက်ကို တစ်ဆက်တည်း အနိုင်ယူခဲ့တာတဲ့”
“ကျောက်တုံးဧကရာဇ်လည်း အပေါ်တက်သွားရင် အဲဒီနယ်မြေတစ်ခုလုံးကို သူ့ရဲ့နာမည်နဲ့ …” သူတို့ ဆက်မပြောနိုင်ကြတော့ပေ။
ဤအခြေအနေသို့ ရောက်နေမှတော့ သူတို့ ဘာတတ်နိုင်မည်နည်း .. ကျောက်တုံးလေး ကွယ်လွန်သွားသည်မှာ တစ်နှစ်ကျော်ပင် ရှိနေလေပြီ။ အရာအားလုံးမှာ အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။
“ကံဆိုးလိုက်တာ … ငါတို့ရဲ့ ခွန်အားက နည်းနည်းလေး နည်းနေသေးတယ် မဟုတ်ရင် ငါတို့ အရှင်မင်းကြီးအတွက် အဲဒီဂိုဏ်းတွေရဲ့ မျိုးဆက်တွေကို ရှင်းပစ်မှာ”
“အခွင့်အရေး ရလာမှာပါ … ထာဝရနန်းတော်က အဆင့်နိမ့်နယ်မြေမှာ မျိုးဆက်မရှိတော့ သူတို့ကို ရှင်းလို့မရတော့ဘူး … နှမြောစရာပဲ”
ဘုရင်အိုကြီးများမှာ သူတို့ဘာသာသူတို့ ဆွေးနွေးနေကြခြင်းပင်။
ထိုအချိန်တွင် အင်ပါယာနန်းတော်အတွင်းတွင်ရှိသည့် ရှေးဟောင်းယဇ်ပုလ္လင်တောက်ပလာကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ တစ်စုံတစ်ယောက် ထွက်လာတော့မည်။ ထိုအခြင်းအရာသည် ထိုနေရာကို စောင့်ကြပ်နေသည့် အစောင့်များကို ထိတ်လန့်သွားစေသည်။
“သတင်းပို့ပါတယ် … တစ်ယောက်ယောက် ယဇ်ပုလ္လင်ကနေ ပေါ်လာပါတယ်” အစောင့်မှ သတင်းပို့လာသည်။
“ဘာ…” ဘုရင်အိုကြီးများ မတ်တပ်ထရပ်မိသွားလေသည်။ ထို့နောက်တွင် သူတို့အားလုံး ယဇ်ပုလ္လင်ထံသို့ အပြေးအလွှားသွားကြလေ၏။ ကျောက်တုံးကျေးရွာမှ တစ်ယောက်ယောက် ရောက်လာခြင်းဖြစ်သည်ဟု သူတို့ခံစားနေရသည်။
သေချာပေါက်ပင် ယဇ်ပုလ္လင်ပေါ်မှ ချင်ဖန်းဆင်းလာလေသည်။
“အရှင်မင်းကြီး ဘာဖြစ်လို့လဲ … ဘာလို့ ရုတ်တရက်ကြီးထွက်သွားပြီးတော့ နှစ်လလောက် ကျောက်တုံးရွာနဲ့ အပြင်ကမ္ဘာကို အဆက်အသွယ်ဖြတ်ထားတာလဲ” မင်ဘုရင် မေးလိုက်သည်။ သူ ‘အရှင်မင်းကြီး’ ဟုပြောလိုက်ခြင်းသည် ချင်ဖန်းကို ရည်ရွယ်လိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ချင်ဖန်းသည် အောင်မြင်စွာပင် ဘုရင်ရာထူး ရသွားခဲ့လေသည်။
ချင်ဖန်း၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေသော်လည်း စိတ်ကြီးဝင်နေသည့် အရိပ်အယောင်ပင် မရှိပေ။ ဘုရင်အိုကြီးများကို လေးလေးစားစားပင် နှုတ်ဆက်လိုက်လေသည်။ “ကျောက်တုံးရွာမှာ ပုံမှန်မဟုတ်တဲ့ကိစ္စတွေ ဖြစ်သွားလို့ပါ”
“ဘယ်လို ကိစ္စမျိုးတွေလဲ” အားလုံး စိတ်လှုပ်ရှားသွားလေသည်။
ထိုအချိန်တွင် လမ်းကြောင်းမပိတ်သေးမှန်း သူတို့သတိထားမိသွား၏။ ယဇ်ပုလ္လင်ထဲမှ လမ်းလျှောက်ထွက်လာသည့် နောက်ထပ်ပုံရိပ်တစ်ခု ရှိနေလေ၏။
“အား…” အနီးအနားတွင်ရှိသည့် အစောင့်များမှာ ချက်ချင်းပင် အံ့အားသင့်ကာ ဆွံ့အသွားကြလေသည်။
စစ်ဘုရင်၊ မင်ဘုရင်၊ ဖန်ဘုရင်နှင့် အခြားသူများမှာ ထိုပုံရိပ်ကို မြင်လိုက်သည်နှင့် သူတို့၏ စိတ်ထဲတွင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာပြီး သူတို့မျက်လုံးမှာ ရေပူများ စီးကျလာလေသည်။
“အရှင် …. မင်းကြီး”
သူတို့၏ အသံမှာ တုန်ယင်နေပြီး သူတို့မြင်နေရသည်ကို မယုံရဲကြပေ။ သူတို့သည် ယဇ်ပုလ္လင်ပေါ်တွင်ရှိနေသည့် လူငယ်လေးကို မျက်လုံးပြူးများဖြင့် ကြည့်နေကြပြီး သူတို့တစ်ကိုယ်လုံး တောက်လောင်နေသည်ဟုပင် ခံစားနေကြရလေသည်။
သူတို့ခွဲခွာသွားရသည်မှာ တစ်နှစ်ကျော်သွားသည့်အချိန်တွင် ထိုရင်းနှီးသည့်ပုံရိပ်ကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရသောကြောင့် ဤသည်မှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေ၏။
“အရှင်မင်းကြီး … တကယ် အရှင်ပဲလား” အစောင့်များမပြောနှင့် ဘုရင်အိုကြီးများပင်လျှင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရလေသည်။
“ကျွန်တော်အိပ်မက်မက်နေတာ မဟုတ်ဘူးမလား … ကျောက်တုံးဧကရာဇ် … ဧကရာဇ်အသက်ရှင်နေတုန်းပဲ … ဧကရာဇ် ပြန်ပေါ်လာပြီ” နန်းတော်အစောင့်များမှာ အော်ငိုနေကြလေ၏
“အရှင်မင်းကြီး” စစ်ဘုရင်အိုကြီးများမှာ အရှေ့ဘက်သို့ ပြေးလာလိုက်ကြသည်။ ဤသည်မှာ ပုံရိပ်ယောင်မဟုတ်မှန်း သူတို့ အတည်ပြုပြီးသွားလေပြီ။ ဤအော်ရာမှာ ရင်းနှီးလွန်းလှ၏။ သူတို့ ဘယ်လိုမှ အမှတ်မမှားနိုင်။ ရှီဟောင် ပြန်လာပြီ …
“ငါပါ မင်းတို့အားလုံးကို စိုးရိမ်ရအောင် လုပ်မိသွားပြီ” ရှီဟောင် အောက်သို့ ဆင်းလာလိုက်သည်။ ဤဘုရင်အိုကြီးများကို မြင်လိုက်ရသည့်အချိန်တွင် သူသည်လည်း စိတ်လှုပ်ရှားသွားရသည်။ ဤလူများသည် သူနှင့် အရင်းနှီးဆုံးလူများပင်။ သူ ပြင်းထန်စွာ ဒဏ်ရာရပြီး သေမလိုဖြစ်နေသည့်အချိန်တွင် သူတို့သည် ကျောက်တုံးတိုင်းပြည်၏ ရတနာများအားလုံးကို အသုံးပြုခဲ့ပြီး သူ့ကို ကယ်တင်ရန်အတွက် တစ်ကမ္ဘာလုံးကိုပင် အကူအညီတောင်းခဲ့လေသည်။
သူ့အတွက်နှင့် ဤဘုရင်အိုကြီးများမှာ များစွာ ပေးဆပ်နေခဲ့ရသည်။ အစားအစာများကဲ့သို့ အိတ်လိုက်ယူလာသည့် ဆေးများ၏ တန်ဖိုးမှာ နည်းမည်မဟုတ်။
ထို့အပြင် ရရှိရန် အလွန်ပင်ခက်ခဲသည့် မြင့်မြတ်သည့်ဆေးကိုပင် ယူလာခဲ့ကြသည်။ သူတို့သည် တိုင်းပြည်၏ ရတနာအချို့နှင့် လဲလှယ်ခဲ့ရမည်မှာ သေချာပေါက်ပင်။
“အရှင်မင်းကြီးက … တကယ်အသက်ရှင်နေသေးတယ်” အားလုံးကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ အချို့ အစောင့်ငယ်လေးများမှာ ခုန်ပေါက်နေကြလေသည်။
“ဟား ဟား …” စစ်ဘုရင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မျက်ရည်များ စီးကျလာလေသည်။ ဤသည်မှာ သူ လုံးဝ မမျှော်လင့်ထားသည့်အရာပင်။
သူသည် နတ်ဘုရား ၇ ပါးနှင့် အဆင့်မြင့်နယ်မြေမှ မျိုးဆက်များကို အလွန်ပင် ဒေါသထွက်နေခဲ့သည်။ သို့သော် နတ်ဘုရားများအားလုံးမှာ အဆင့်မြင့်နယ်မြေတွင် ရှိနေသောကြောင့် သူဘာမှ မတတ်နိုင်ပေ။
ဤတစ်နှစ်အတွင်းတွင် သူသည် ရှီဟောင်၏ သေဆုံးမှုအတွက် နောင်တရကာဝမ်းနည်းနေရသောကြောင့် အချိန်အများစုကို အရက်ဖြင့်သာ ဖြတ်သန်းနေခဲ့သည်။
သို့သော် ယနေ့တွင် ရှီဟောင်သည် ယဇ်ပုလ္လင်မှ အကောင်းတိုင်းထွက်လာသည်ကို နောက်တစ်ကြိမ်ပြန်တွေ့လိုက်ရသောကြောင့် သူဘယ်လိုလုပ်စိတ်မလှုပ်ရှားပဲ နေမည်နည်း ..
“ဒါက … အရမ်းအံ့ဩဖို့ကောင်းတယ်” မင်ဘုရင်လည်း တုန်လှုပ်လာ၏။ သူသည် ပုံရိပ်ယောင်ဖြစ်မည်စိုးသောကြောင့် ရှီဟောင်ကို သေချာ စစ်ဆေးနေလေသည်။
“အရှင်မင်းကြီးက တကယ်ကို ထူးခြားတာပဲ ဟား ဟား … ဒီတစ်ခေါက်တော့ ကောင်းကင်ကြီးက အမြင်တွေ ပွင့်လာပြီပဲ … ဒီကမ္ဘာကြီးက အထီးကျန်တော့မှာ မဟုတ်ဘူး” ဖန်ကိုးသည် ကြုံးဝါးရင်းအော်ဟစ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် ကျနေလေသည်။
ဟား ဟား….
သူတို့အားလုံး ကောင်းကင်တစ်ခွင်နန်းတော်သို့ ပြန်သွားကြပြီး ရှီဟောင်၏ သေရွာပြန်ခရီးစဉ်ကို နားထောင်ပြီးသည့်အချိန်တွင် အဆင့်လွန်ကျွမ်းကျင်သူများအားလုံး ဝမ်းနည်းစွာ သက်ပြင်းချလိုက်ကြသည်။ ထို့နောက်တွင် သူတို့လူများကို စားသောက်ပွဲ ပြင်ခိုင်းလိုက်ကြသည်။ သူတို့ အားလုံး မလဲမချင်း သောက်ကြရမည်။
အင်ပါယာနန်းတော်အတွင်းတွင် ရယ်သံများ ဆက်တိုက်ပင်ထွက်ပေါ်လာနေသည်။ ဘုရင်အိုကြီးများ စိတ်ဓာတ်ကျနေသည်မှာ အချိန်အတော်ကြာနေလေပြီ။
“တကယ် အရမ်းပျော်ဖို့ ကောင်းတာပဲ … ဒီနေ့လိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး … ကောင်းလိုက်တာ .. အရှင်မင်းကြီးက သေရာကနေ ပြန်ရှင်လာပြီ … အဲဒီဂိုဏ်းကြီးတွေ ဒီအကြောင်းသာသိသွားရင်ဘယ်လိုဖြစ်နေမလဲမသိဘူး ဟား ဟား…”
“သတင်းသာ ပျံ့သွားရင် ကမ္ဘာကြီးတစ်ခုလုံးတုန်လှုပ်သွားပြီးတော့ မယုံကြည်နိုင် ဖြစ်သွားကြမှာ”
“ဘယ်သူမှ ငါတို့ပြောတာကို မယုံမှာ စိုးရတာ … သတင်းအမှားလို့ သူတို့ ထင်သွားကြလိမ့်မယ် ဟား ဟား …”
“ဒါက ဘာကြီးလဲ” ရှီဟောင်သည် စားပွဲပေါ်တွင် တင်ထားသည့်စာကို တွေ့သွားပြီး သံသယဝင်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုစာကို ဖတ်ပြီးသည့်နောက်တွင် သူ၏ မျက်နှာတွင် ယုတ်မာသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
ဤတောင်းဆိုမှုကို ပြုလုပ်သောသူများမှာ ထိုဂိုဏ်းကြီးဖြစ်လိမ့်မည်မှန်း သူခန့်မှန်းမိသည်။ ထို လေဟာနယ်မီးဖိုသည် ဤမျှ အရေးကြီးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“လေဟာနယ်ရွှေက အရမ်းရှားတဲ့ ပစ္စည်းပဲ … အပိုင်းသေးသေးလေးကတောင် နှစ်ပေါင်းထောင်ပေါင်းများစွာမှာတောင်မှ တစ်ခု ရှာတွေ့ဖို့ခက်တယ် … အဲဒီမီးဖိုထဲမှာ နည်းနည်းလေးရှိတယ် … အဲဒါကြောင့်မို့လို့ သူတို့ မနာလိုဖြစ်နေကြတာ” မင်ဘုရင်မှ ရှင်းပြလိမ့်မည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်” ရှီဟောင်သည် ‘ကောင်းတယ်’ ကို သုံးခါပြောလိုက်လေသည်။ သူ ထိုဂိုဏ်းများကို ပြဿနာမရှာသော်လည်း အခြားသူများက သူတို့တံခါးကို သွားခေါက်တော့မည်။
“သူတို့တွေက အဆင့်မြင့်နယ်မြေနဲ့ပေါင်းကြံပြီးတော့ အရှင်မင်းကြီးကို ဒုက္ခပေးခဲ့ပြီးတော့ ဒီလိုကိစ္စမျိုးကိုတောင် လုပ်ရဲတယ် … ဒီတစ်ခေါက်တော့ သူတို့သေချာပေါက် ပြန်ပေးဆပ်ရမယ်” စစ်ဘုရင်မှ ပြောလိုက်၏။
ရှီဟောင်ပြန်ရောက်လာပြီဖြစ်သောကြောင့် သူတို့ဘာကို ကြောက်ရမည်နည်း…
“သူတို့ကို ပြန်စာပို့လိုက် … သူတို့ဂိုဏ်းက ကာကွယ်ထားတဲ့ ရတနာပစ္စည်းအားလုံးက နမိတ်မကောင်းတဲ့ပစ္စည်းတွေပဲလို့ … သူတို့တွေ ကြာကြာသိမ်းထားရင် သွေးလွှမ်းတဲ့ကပ်ဆိုးတွေဖြစ်လိမ့်မယ်လို့ … အဲဒါကြောင့် ကျောက်တုံးတိုင်းပြည်ကို မြန်မြန်ပို့လိုက်လို့ ပြောလိုက်” ရှီဟောင် ပြောလိုက်၏။
ဘုရင်အိုကြီးများမှာ တစ်ခဏမျှ ဆွံ့အသွားသည့်နောက်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ဤသည်မှာ ထပ်တူ တိုက်ခိုက်လိုက်ခြင်းပင်။ သူတို့ ထိုအတိုင်း စာပြန်လိုက်ပါက သူတို့စကားနှင့် သူတို့ကို ပြန်တိုက်ခိုက်ခြင်းပင်။
“နောက်တစ်ချက် ထပ်ထည့်လိုက် … အချိန်ကန့်သတ်ချက်ကို ၂ ရက်လို့ထည့်လိုက် … မဟုတ်ရင် ငါကိုယ်တိုင် သူတို့ဆီကိုလာလည်မယ်လို့ပြောလိုက်”
“ဟုတ်ပြီ” ဘုရင်အိုများသာမက အစောင့်ငယ်များလည်း စိတ်လှုပ်ရှားနေကြ၏။ ကျောက်တုံးဧကရာဇ်ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး ယခင်ကကဲ့သို့ စွမ်းအားကြီးနေဆဲပင်။