သုခကမ္ဘာက ရှီဟောင် - Chapter - 802 ကမ္ဘာကြီးကို ရှင်းလင်းခြင်း
“ချင်းကလန်ထဲမှာ အရမ်းကြီးတဲ့ အစီအရင်ကြီးတစ်ခု ရှိတယ် … သူ့ထဲမှာထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်” နန်တော်အစောင့်မှ သတင်းပို့လာ၏။
စစ်ဆေးပြီးသွားသည့်အချိန်တွင် ထိုအရာမှာ နယ်မြေများကို ဖြတ်သန်းနိုင်သည့်အစီအရင်ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ယခုလေးတင် ထိုအစီအရင်ကိုသုံးပြီး လူအချို့ ထွက်ပြေးသွားခဲ့လေ၏။
“ဒါက နတ်နန်းဂိုဏ်းကို သွားတာမလား … ကောင်းပြီလေ သွားကြစို့ … ငါတို့နောက်ပစ်မှတ်က နတ်နန်းဂိုဏ်းပဲ” ရှီဟောင်သည် ပြောပြီးသည်နှင့် ထိုအစီအရင်ကိုအသက်သွင်းလိုက်သည်။
စစ်ခရာသံထွက်လာပြီးနောက် စစ်သင်္ဘောကြီးသည် အလင်းရောင်များတောက်ပလျက် ထိုအစီအရင်ထဲသို့ ဝင်လိုက်ပြီး အခြားနယ်မြေတစ်ခုသို့ လျင်မြန်စွာပင် ရောက်သွားလေသည်။
စစ်သင်္ဘောကြီးမှာလေဟာနယ်တွင် ဖြတ်သန်းသွားလာပြီးနောက် နတ်နန်းဂိုဏ်းအနီးသို့ ရောက်လာသည်။ အချိန်တိုင်းတွင် သူတို့အရှေ့၌ မြူများထူထပ်နေပြီး အလင်းရောင်များ တောက်ပနေ၏။ တောင်ထိပ်တစ်ခုပြီးတစ်ခု ပေါ်လာသော်လည်း အားလုံးမှာ မြူများဖြင့် ဖုံးလွှမ်းနေလေသည်။
ထို့အပြင် ကောင်းကင်ထက်၌ ပေါလောပေါ်နေသည့် ကျွန်းအနည်းငယ်ပင် ရှိနေသေးသည်။ တိမ်များမှာလည်းရောင်စုံအလင်းတန်းများ ထွက်ပေါ်နေပြီး ငွေရောင်ရေတံခွန်များလည်း မြင့်မြတ်သည့်အော်ရာများ ထွက်ပေါ်နေလေသည်။
“အဲဒီတော့ ဒါက နတ်နန်းဂိုဏ်းပေါ့ … တကယ်ကို သာမန်မဟုတ်ဘူးပဲ” ကျောက်တုံးတိုင်းပြည်မှ လူများအားလုံး အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။
အရှေ့ဘက်တွင် စစ်ပွဲကြီးတစ်ခု ဖြစ်နေလေသည်။ ကမ္ဘာမြေကြီးမှာ တုန်ခါနေပြီး မိုးခြိမ်းသံများလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
ဖီးနစ်အစစ်သည် လေထဲတွင် ရှိနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်ပနေသော အမွေးအတောင်များ ရှိနေလေ၏။ သူ၏ စွမ်းအားကြီးသော နတ်ခွန်အားဖြင့် နတ်နန်းဂိုဏ်း၏ တောင်ဂိတ်ပေါက်ဝကို ဆက်တိုက်ပင် တိုက်ခိုက်နေ၏။
ကျောက်တုံးကြီးများ လွင့်ပျံနေကာ သင်္ကေတများလည်း တောက်ပနေ၏။ တောင်ကိုကာကွယ်ထားသည့်အစီအရင်လည်း တောက်ပလာလေသည်။ ကျွမ်းကျင်သူများစွာလည်း ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင် တောင်အတွင်းမှ တိုက်ခိုက်နေလေသည်။
ဤသည်မှာ နတ်နန်းဂိုဏ်းမှ အဆင့်လွန်ကျွမ်းကျင်သူများ ထွက်မပြေးနိုင်အောင် ရှီဟောင်လွတ်ထားသည့် သူ၏ ကိုယ်ပွားပင်။
တောင်ဂိတ်ပေါက်ဝမှာ ပျက်စီးနေလေပြီ။ ဤနေရာကို ကာကွယ်ထားသည့် နတ်အဆင့် အစီအရင်ကြောင့်သာ မဟုတ်ပါက ဤနေရာ ပျက်စီးသွားသည်မှာ ကြာလှပြီ။
“အရမ်းစွမ်းအားကြီးတာပဲ” ကျောက်တုံးတိုင်းပြည်မှ လူများမှာ ကြည့်နေရင်းဖြင့်ပင် မူးဝေလာကြသည်။ ရှီဟောင်၏ စွမ်းအားတစ်ခုတည်းဖြင့် မသေမျိုး မျိုးဆက်များကို တောင်နောက်မှ တိုက်ခိုက်ရန် ဖိအားပေးနိုင်လေသည်။
ဝုန်း…
ချွန်ထက်လှသည့်ဓားစွမ်းအားတစ်ခုမှာ ကောင်းကင်ကို ထိုးဖောက်ကာထွက်ပေါ်လာလေသည်။ ထိုဓားမှာ ကျန်းပေါင်းထောင်ပေါင်းများစွာ ရှည်လျားကာ ဖီးနစ်အစစ်ထံသို့ ဦးတည်လာလေသည။
ဖီးနစ်အစစ်မှာ ကောင်းကင်တစ်ခုလုံးတွင် ပြည့်နေပြီး ထိုဓားစွမ်းအင်ကို လျင်မြန်စွာပင် ရှောင်ရှားလိုက်သည်။ မှော်ပစ္စည်းကိုရှိသည့် အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်နှင့် သူ ရင်ဆိုင်နေရခြင်းပင်။
အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားရ၏။ အဲဒီတော့ ဒီလိုမျိုးလား … ဤရှေးဟောင်းရတနာ သူ့ကို တားဆီးနေသောကြောင့်သာ။ မဟုတ်ပါက ရှီဟောင်၏ ကိုယ်ပွားသည် တောင်ဂိတ်တံခါးကို ဖျက်ဆီးပြီးသွားလောက်ပြီ။
လေထဲတွင် ဖီးနစ်ငှက် အော်သံထွက်ပေါ်လာပြီး ရောင်စုံအလင်းများစွာကို ပစ်လွှတ်လိုက်သည်။ သူသည် လေထဲတွင် ဝေ့ဝိုက်ပြီးသည့်နောက်တွင် စစ်သင်္ဘောကြီးထံသို့ ပျံသန်းသွားပြီး ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းတစ်ခုအတွင်းသို့ဝင်ရောက်သွားလိုက်သည်။
နတ်နန်းဂိုဏ်းမှ လူများအားလုံး မျက်မှောင်ကြုတ်လိုက်၏။ ဘာဖြစ်နေသည်ကို သူတို့ သိပြီးသားပင်။ ယခုလေးတင် ထာဝရတောင်မှ လူများ ရောက်လာခြင်းပင်။
“မင်းက … တကယ်ရှီဟောင်လား” အထဲဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကြီးမားလှသည့် စစ်သင်္ဘောကြီး ရပ်တန့်သွားကာ အစိမ်းရောင်နှင့် အပြာရောင်အလင်းများ တောက်ပနေသည်။ ရှီဟောင်သည် သင်္ဘောဦးတွင် ရပ်နေပြီး အောက်မှ ကမ္ဘာကြီးအား ကြည့်လိုက်သည်။ သူ၏ မူလခန္ဓာကိုယ်ဖြင့် လာခြင်းဖြစ်သောကြောင့် အထိတ်တလန့်အော်သံများ ထွက်ပေါ်လာလေသည်။
သူတို့၏ တုံ့ပြန်ချက်များမှာ ထာဝရတောင်နှင့် အတူတူပင်။ မျက်နှာမပျက်သွားသည့် ကျင့်ကြံသူမရှိပေ။ သူတို့သည် မထင်မှတ်ပဲ ကျောက်တုံးလေးကို နောက်တစ်ကြိမ်ပြန်တွေ့ရသောကြောင့် အလွန်ပင် တုန်လှုပ်နေကြ၏။
“မင်းတို့အားလုံးက လေဟာနယ်မီးဖို ပေးရင်ပေး မပေးရင် သွေးလွှမ်းသွားမယ်လို့ ငါ့ရဲ့ ကျောက်တုံးတိုင်းပြည်ကို ခြိမ်းခြောက်တယ်ပေါ့” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်ပြီး သူ၏ အသံတွင် ပျော်ရွှင်မှုမရှိသကဲ့သို့ စိုးရိမ်မှုလည်း မရှိပေ။
“ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်မယ် … အားလုံးလည်းပေါ်သွားပြီပဲ” နတ်နန်းဂိုဏ်းမှ အသံထွက်လာပြီး သူတို့သည် ပြေရာပြေကြောင်း ပြောချင်နေကြသည်။
“အရှုံးပေးရမယ်ဟုတ်လား” ရှီဟောင်၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ ခေါင်းခါနေလေသည်။ ယခင်က ဤဂိုဏ်းမှ အဆင့်လွန်ကျွမ်းကျင်သူများသည် သူ့ကို သတ်ရန်ကြိုးစားခဲ့ပြီး ယခုအချိန်တွင် ကျောက်တုံးတိုင်းပြည်ကို ရန်စသောကြောင့် သူ ဤနေရာတစ်ခုလုံးကို ရှင်းပစ်ချင်သည်။
ထို့နောက် စစ်ဘုရင် ပြောလိုက်လေ၏ “ကျောက်တုံးတိုင်းပြည်မှာ နမိတ်မကောင်းတာတွေဖြစ်ပြီးတော့ သွေးလွှမ်းတဲ့ကပ်ဘေးတွေ ဖြစ်မယ်လို့ မင်းတို့ ပြောခဲ့တာ မဟုတ်ဘူးလား … ဒီနေ့ ငါတို့ အဲဒီကပ်ကြီးကို လာကြိုဆိုတာ”
နတ်နန်းဂိုဏ်းမှာ လူများအားလုံး၏ အမူအရာပျက်ယွင်းသွားလေသည်။ အခြားအဖွဲ့မှ သူတို့တံခါးရှေ့ ရောက်နေပြီဖြစ်သောကြောင့် သူတို့ ဤတိုက်ပွဲကို ရှောင်လွှဲ၍ မရတော့ပေ။ ကြောက်စရာအကောင်းဆုံးအရာမှာ ရှီဟောင် ပြန်ပေါ်လာခြင်းပင်။
“ဘာ ကျောက်တုံလေးလဲ … တစ်ကမ္ဘာလုံးက သူ့ကို သေသွားပြီလို့ ထင်နေတာလေ … ငါတို့ ဘယ်သူမှ သူ့ကိုဒီကမ္ဘာမှ ပြန်မတွေ့ချင်ဘူး… နှမြောစရာကောင်းတာက အခု အပေါ်နဲ့အောက်က အဆက်အသွယ်ပြတ်သွားပြီဆိုတော့ ငါတို့ အဆင့်မြင့်နယ်မြေကို သတင်းမပို့နိုင်တော့ဘူး …” နတ်နန်းဂိုဏ်းမှ သူများအားလုံး နောင်တရနေကြလေသည်။
အမှန်တကယ်တွင် သူတို့ အဆင့်မြင့်နယ်မြေနှင့် အဆက်အသွယ်ရလျှင်ပင် အကျိုးမရှိပေ။ မည်သည့်နတ်ဘုရားမှ ဆင်းလာနိုင်မည်မဟုတ်သောကြောင့် အဆင့်မြင့်နယ်မြေမှလူများ ဒေါသထွက်နေယုံသာ ဖြစ်နေလိမ့်မည်။
“ရှီဟောင် နှမြောစရာပဲ မင်းလည်း အပေါ်သွားလို့ မရတော့ဘူး … ကောင်းကင်လမ်းကြောင်းတွေအားလုံးကို ပိတ်သိမ်းလိုက်ပြီ” နတ်နန်းဂိုဏ်းမှ အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်မှ ပြောလိုက်၏။
“ခင်ဗျားအပူမပါဘူး … ခင်ဗျား ဂိတ်တံခါးတွေကို ဖွင့်ပေးမလား … ကျုပ်ဖျက်ပြီး ဝင်လာရမလား” ရှီဟောင် အေးစက်စွာပင် ပြောလိုက်၏။
“မင်းတိုက်နိုင်ရင် တိုက်ဝင်ခဲ့လိုက်လေ … ဒါပေမဲ့ မင်းမတိုက်နိုင်ရင် ငါတို့ ကျောက်တုံးတိုင်းပြည်ကို ပြန်လာလည်မယ်” နတ်နန်းဂိုဏ်းမှ အော်သံ ထွက်လာလေသည်။ သူတို့သည် ဤရလဒ်ကို လက်မခံနိုင်ကြပေ။ ရှေးခေတ်အခါကတည်းက သူတို့ကို မည်သူက လာတိုက်ရဲလို့လဲ …
“ကောင်းပြီလေ ငါ့လမ်းကို ငါဖောက်ပြီးတော့ မင်းတို့အားလုံးကို ပြရတာပေါ့” ရှီဟောင် ပြောလိုက်၏။ သူသည် စစ်သင်္ဘောကြီးထဲမှ ထွက်ခဲ့တာ လေဟာနယ်တွင် လမ်းလျှောက်ပြီး တောင်ဂိတ်ပေါက်ဝသို့ ရောက်လာခဲ့လေသည်။
နတ်နန်းဂိုဏ်းအတွင်းမှ ကြောက်စရာကောင်းလှသည့် ဓားစွမ်းအင်ထွက်ပေါ်လာ၏။ ထိုဓားမှ နတ်ဘုရားပစ္စည်းအစစ်အမှန်ဖြစ်ပြီး ကျန်းပေါင်းတစ်သောင်း ရှည်လျားလေ၏။ ထိုဓားမှာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
ရှီဟောင်သည် အကြောက်တရားကင်းမဲ့စွာဖြင့်ပင် သူ၏ လက်ကို မြှောက်လိုက်ကာ ငွေရောင်အိုးလေးကို ဆင့်ခေါ်လိုက်၏။ ထိုအိုးလေးသည် လှည့်ပတ်ပြီး ဓားစွမ်းအင်ကို စုတ်ယူကာ ချေဖျက်လိုက်လေသည်။
“သွား..”
သူ အသံနိမ့်လေးဖြင့် အော်လိုက်ပြီး အိုးလေးကို တောင်ဂိတ်ပေါက်ဝထံသို့ ပို့လွှတ်လိုက်ရာ နတ်အလင်းရောင်များ ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံး ပေါက်ကွဲသွားလေသည်။
သူတို့နှစ်ယောက်လုံးသည် အဆင့်လွန်ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း သူတို့၏ စွမ်းအားများမှာ ကွာခြားလှ၏။ ရှီဟောင်သည် ငွေရောင်အိုးလေးကိုသုံးပြီး တစ်ချက်တည်းဖြင့် တောင်ဂိတ်ပေါက်ဝကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်လေသည်။
“ဘာ…” နတ်နန်းဂိုဏ်းမှလူများအားလုံး ကြောက်ရွံ့သွားကြသည်။
“အစီအရင်လုပ်မယ်” ရှီဟောင် အော်ဟစ်လိုက်သည်နှင့် သူ၏အနောက်တွင် မှော်ပစ္စည်းများစွာ ပေါ်လာ၏။ ထိုပစ္စည်းအားလုံးကို ကျောက်တုံးတိုင်းပြည်၏ ရတနာသိုက်မှ ယူလာခြင်းဖြစ်ပြီး သူတို့အားလုံးသည် နတ်အဆင့် မှော်ပစ္စည်းများပင်။
ဝုန်း…
ချက်ချင်းပင် တောင်ဂိတ်ပေါက်ဝနှင့်အတူ အစီအရင်များအားလုံး ပျက်စီးသွားလေသည်။
“ပြန်ဆုတ်မယ်”
တောင်ဂိတ်ပေါက်ဝကို ကာကွယ်နေသည့် ကျွမ်းကျင်သူများအားလုံးမှာ ရှိသမျှ အကုန် ထုတ်သုံးပြီး ထွက်ပြေးသွားကြလေသည်။ အနည်းငယ်နှေးသွားသည့်သူအချို့မှာ နတ်အလင်းရောင်ကြောင့် ထိုနေရာတွင်ပင် ပြာဖြစ်သွားလေသည်။
“ရှီဟောင် မင်းက ငါတို့ဂိုဏ်းနဲ့ ရန်သူလုပ်မလို့လား” အတွင်းဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာလေ၏။
“ခင်ဗျားတို့အားလုံးပဲ ကျုပ်ကိုဒီလိုမျိုး တိုက်ဖို့ဖိအားပေးနေတာလေ … ကျုပ်က ခင်ဗျားတို့ ဆန္ဒကို လာဖြည့်ပေးတာ” ရှီဟောင် ပြန်ပြောလိုက်၏။
“သတ်…”
သူ့နောက်တွင်ရှိနေသည့် စစ်ဘုရင်၊ ဖန်ဘုရင်နှင့် မင်ဘုရင်တို့သည် စစ်သားပေါင်း ထောင်ပေါင်းများစွာကို သူတို့နှင့်အတူခေါ်သွားလေသည်။ သူတို့အားလုံးသည် ပြိုင်တူအော်ဟစ်လိုက်ကာ ကမ္ဘာကြီးကို သူတို့အသံဖြင့် တုန်ခါသွားစေပြီး နတ်နန်းဂိုဏ်းမှ မြင့်မြတ်သည့်မြေကိုပင် တုန်လှုပ်စေလိုက်၏။
“မိစ္ဆာချုပ်နှောင် အစီအရင်ကို အသက်သွင်းမယ်” နတ်နန်းဂိုဏ်းမှ တစ်စုံတစ်ယောက်သည် ရှေးအစီအရင်ကို အသက်သွင်းကာ ရှီဟောင်ကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။
“ဖျက်ဆီးမယ်”
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သင်္ကေတများ ဖုံးလွှမ်းနေပြီး မှော်ပစ္စည်းငါးခုကို ထိန်းချုပ်ထားလေသည်။ သူသည် ထိုပစ္စည်းများကို အစီအရင်ထံသို့ ပို့လွှတ်လိုက်လေ၏။
ထိုမှော်ပစ္စည်းငါးခုကို သူသေချာရွေးထားခြင်းပင်။ သူတို့သည် ဒြပ်စင်ငါးခုကို ကိုယ်စားပြု၏။ သူ၏ ထိန်းချုပ်မှုအောက်တွင် အဆုံးမရှိသည့် နတ်အလင်းရောင်များ ထွက်ပေါ်လာကာ ချက်ချင်းပင် အစီအရင်ထဲသို့ ဝင်သွားလေသည်။
ရှီဟောင် ချက်ချင်းပင် အထဲသို့ တရှိန်ထိုးပြေးသွားလိုက်၏။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် သင်္ကေတများသည် ပင်လယ်ကဲ့သို့ပင် ထွက်ပေါ်လာပြီး ဤနေရာကိုကာကွယ်ပေးထားသည့် အစီအရင်ကြီးလည်း ပျက်စီးသွားလေသည်။
ဤသည်မှာ ပြင်းထန်သော်လည်း လှပသည့် မြင်ကွင်းတစ်ခုပင်။
နတ်နန်းဂိုဏ်းမှာ ကျွမ်းကျင်သူအချို့မှာ သွေးအန်သွားသည်။ သူတို့သည် အချိန်မှီပြန်မဆုတ်နိုင်လိုက်သောကြောင့် သူတို့၏ ခန္ဓာကိုယ်ကြီး စတင်ပြိုကွဲသွားပြီး အလောင်းပုံကြီး ဖြစ်ပေါ်လာသည်။
“မြင့်မြတ်မြေရဲ့ အလယ်အထိ ပြန်ဆုတ်မယ် … အစီအရင်အားလုံးကို အသက်သွင်းလိုက်” နတ်နန်းဂိုဏ်းမှ အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက် အော်လိုက်သည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေလေ၏။ ရှီဟောင်၏ မှော်ပစ္စည်းများမှာ အစီအရင်များကို ချိုးဖောက်ရန်အတွက် ပြင်ဆင်ထားခြင်းပင်။
“ကျောက်တုံးဧကရာဇ်က မမျှတဘူး” သူ၏အနောက်ဘက်တွင်ရှိနေသည့် လူပေါင်းများစွာ အော်ဟစ်လိုက်ကြ၏။
ထို့နောက်တွင် ရှီဟောင်သည် မှော်ပစ္စည်းများကို အသက်သွင်းလိုက်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ လမ်းညွှန်မှုနှင့်အတူ ထောပတ်ကို လှီးနေသည့်ဓားကဲ့သို့ပင် ရှေးမှော်အစီအရင်သုံးခုကို ဖြတ်သန်းသွားလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” နတ်နန်းဂိုဏ်းမှ အဆင့်လွန်ကျွမ်းကျင်သူမှာ စိုးရိမ်နေကြ၏။ ဤအတိုင်းသာဆိုလျှင် အဆင့်နိမ့်နယ်မြေတွင်ရှိနေသည့် နတ်နန်းဂိုဏ်းမှာ မလွဲမသေပင် ဖယ်ရှားခံရတော့မည်။
ရှေးအစီအရင် ရှစ်ခုပြိုကွဲသွားပြီး မီးခိုးနှင့် ဖုန်မှုန့်များ လေထဲတွင် မျောပါနေလေသည်။
“အားလုံးပဲ နတ်နန်းအစီအရင်ကို ဝင်မယ်” ထို အဆင့်လွန်ကျွမ်းကျင်သူမှ လော်ဆော်လိုက်၏။ အမှန်တကယ်တွင် သူမပြောလျှင်ပင် လူအများအပြားမှာ ထိုနေရာသို့ ပြေးနေလေပြီ။
“ဒီအစီအရင်က အရမ်းကြောက်စရာကောင်းတာပဲ … ငါ ဒါက မဖျက်နိုင်သလို အထဲဘက်ကို လည်း မမြင်ရဘူး” နတ်ဘုရားကျောက်တုံးလေးကို ကြည့်ရသည်မှာ ရုန်းကန်နေရသည့်ပုံစံပင်။
“ငါတို့ ဒီထိတောင် ရောက်လာပြီဆိုမှတော့ လမ်းတစ်ဝက်မှာ အရှုံးပေးလိုက်လို့ မရဘူး” ရှီဟောင် ပြောလိုက်၏။ သူ ဤနတ်နန်းဂိုဏ်းကို ပြောင်းပြန်လှန်ပစ်မည်ဟု ဆုံးဖြတ်ထားပြီးသားပင်။
ဤသည်မှာ ဆေးခင်းများရှိသည့် မြင့်မြတ်သည့်မြေတစ်ခုပင်ဖြစ်ပြီး မွှေးပျံ့နေလေသည်။ ထို့အပြင် ကောင်းကင်ထက်တွင်ရှိနေသည့် ကျွန်းများမှာလည်း တောက်ပနေလေသည်။ ဤနေရာတွင် ဝိဉာဉ်ဆေးပင်များနှင့် ဝိဉာဉ်ရေပူစမ်းနှင့် အခြားအရာများလည်း ရှိနေလေသည်။ ဤနေရာတွင် ထာဝရစွမ်းအားများ ထွက်ပေါ်နေလေ၏။
“တွေ့ပြီ … ဒီအစီအရင်က ပျက်စီးနေပြီးတာ ဒီမှာအပေါက်တွေ့ပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
နတ်နန်းဂိုဏ်းမှ အစီအရင်များမှာ ရှုပ်ထွေးလှ၏။ ပျက်စီးသွားသည်နှင့် အဆင့်နိမ့်နယ်မြေမှ ပြန်ပြင်ရန်မှာ မဖြစ်နိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ အစီအရင်၏ အစိတ်အပိုင်းတစ်ခုမှာ ပျက်စီးလာလေပြီ။
“ဟုတ်ပြီ ဖျက်လိုက်” ရှီဟောင် ပြောလိုက်၏။
“ဒါကို ဖျက်ဖို့က ငါ အနည်းဆုံးတော့ ၇ ရက်လိုတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။
“နတ်နန်းဂိုဏ်းကို အထဲမှာ ပိတ်ထားလိုက် … သူတို့တွေ ထွက်မလာစေနဲ့” ရှီဟောင် အမိန့်ပေးလိုက်၏။ စစ်သင်္ဘောကြီးသည် လေထဲတွင် လှုပ်ရှားလာသည်။ စစ်ဘုရင်၊ ဖန်ဘုရင်နှင့် မင်ဘုရင်သည် လူငယ်ကျွမ်းကျင်သူ ထောင်ပေါင်းများစွာကို ဦးဆေင်ကာ ဘေးပတ်လည်ကို ချုပ်နှောင်ထားလိုက်သည်။
ထိုအချိန်တွင် ရှီဟောင်သည် သူ၏ ကောင်းကင်လမ်းကြောင်းကိုဖွင့်ကာ သူ၏ ကိုယ်ပွားများကို ထုတ်လိုက်ပြီး သူတို့ကို အနောက်ဘက်ဂိုဏ်းနှင့် အခြားနေရာများကို ပို့လွှတ်လိုက်ကာ စောင့်ကြည့်စေလိုက်သည်။
ထိုနေ့တွင် ရှီဟောင် အသက်ပြန်ရှင်လာသည်မှာ အမှန်တကယ်ပင်ဖြစ်ကြောင်း သတင်းပြန့်သွားပြီး တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားလေသည်။
“ဘုရားရေ … ဒါက ယုံနိုင်ဖို့တောင် ခက်တယ် … သူတကယ်အသက်ရှင်နေသေးတယ် … ကျောက်တုံးလေးက ကောင်းကင်ကို ဆန့်ကျင်တော့မှာလား”
“ရှီဟောင်က ထာဝရတောင်ကို ရောက်ပြီးသွားပြီ … သူက ကျောက်တုံးတိုင်းပြည်က ကျွမ်းကျင်သူတွေကို ခေါ်ပြီးအဲဒီနေရာကို ရှင်းပစ်လိုက်ပြီ”
ထို့အပြင် ရှီဟောင် နတ်နန်းဂိုဏ်းကို တိုက်ခိုက်ပြီး လူများကို ဖမ်းထားသည့်သတင်းသည်လည်း ပျံ့နှံ့သွားကာ လူအားလုံးကို ဆွံ့အသွားစေ၏။
တစ်ရက်တည်းတွင် သူ မြင့်မြတ်သည့်မြေ နှစ်ခုကို ဆက်တိုက် တိုက်ခဲ့တာလား…
ထို့အပြင် သူ၏ ကိုယ်ပွားများမှာ အခြားမသေမျိုးဂိုဏ်းများ၏ တောင်ဂိတ်ပေါက်ဝကို ပိတ်ပြီး တိုက်ခိုက်နေသည်ကို လူများ တွေ့လိုက်ရသည်။
“ကျောက်တုံးလေး ပြန်ရှင်လာပြီ … သူက အရင်ကလိုပဲ အံ့အားသင့်စရာ ကောင်းနေတုန်းပဲ”
“သူက ဒီကမ္ဘာကြီးက မြင့်မြတ်တဲ့မြေတွေအားလုံးကို တစ်ယောက်တည်း တိုက်ခိုက်မလို့လား”
ဂိုဏ်းကြီးများအားလုံးမှာ ကျောက်တုံးတိုင်းပြည်ကို ပစ်မှတ်ထားနေမှန်း အားလုံး သိကြ၏။ ယခု ရှီဟောင် ပြန်လာသည့်အချိန်တွင် အားလုံးပြောင်းပြန်ဖြစ်သွားလေသည်။
အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။
ရှစ်ရက်မြောက်နေ့တွင် နတ်နန်းဂိုဏ်း၏ တိုက်ပွဲကြီး အဆုံးသတ်သွားလေ၏။ ရှီဟောင်သည် တွေ့သမျှ လူတိုင်းကို သတ်သွားပြီး ခွန်ပန်၏ အတောင်ပံကို ဖြန့်ကျက်လိုက်ပြီး ထိုအဆင့်လွန်ကျွမ်းကျင်သူများကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်၏။
နတ်နန်းဂိုဏ်းသည် ချိုးဖောက်ခံလိုက်ရကာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားသောကြောင့် ကမ္ဘာကြီးတစ်ခုလုံးကို ဆွံ့အသွားစေ၏။
နတ်နန်းဂိုဏ်းတွင် စုစည်းထားသည့်ပစ္စည်းများမှာ ပေါများလှပြီး ကျောက်တုံးတိုင်းပြည်၏ အတွင်းရတနာသိုက်ထက်ပင် များသေးသည်။
ဆေးခင်းများတွင်လည်း မည့်သည့်နေရာတွင်မှ မရှိနိုင်သည့် ဝိဉာဉ်ဆေးပင်များ ရှိနေသည်။ ထိုအပင်များအားလုံးမှာ သက်တမ်းရင့်နေသည့် ဆေးပင်များဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ရှာလျှင်ပင် တွေ့ရန် ခက်ခဲနိုင်သည့် အံ့အားသင့်ဖွယ်ဆေးပင်များလည်း ရှိနေလေသည်။
ဤတစ်ခေါက်တွင် စေတီးလေးနှင့် မသေမျိုးသက်ရှိမည်သူမျှ မရှိသောကြောင့် နတ်ပစ္စည်းများနှင့် ဝိဉာဉ်ဆေးပင်များ တစ်ခုမှ ‘ဖြုန်းတီး’ သလို ဖြစ်မည်မဟုတ်။
စစ်ဘုရင်၊ ဖန်ဘုရင်နှင့် မင်ဘုရင်တို့ တုန်လှုပ်သွားကြ၏။ ကျောက်တုံးကလန်မှ ကျွမ်းကျင်သူများစွာ မှာ သူတို့မြင်ရသည့်မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။ ထို့နောက်တွင် သူတို့သည် အရာအားလုံးကို စစ်သင်္ဘောပေါ်သို့ တင်လိုက်ကြသည်။
စွမ်းအားကြီးသည့် မှော်ပစ္စည်းအနည်းငယ်မှ လွှဲ၍ ရှီဟောင် စိတ်ဝင်စားသည်မှာ ဆေးပင်အချို့ပင်။ သူ ထိုဆေးပင်များ၏ မြေကြီးများကိုပါ ယူသွားလိုက်၏။ ထိုအပင်များကို ပြန်စိုက်ရမည်။
ဝိဉာဉ်ဆေးပင်များမှာ သူတစ်ဘဝလုံးမြင်ခဲ့ရသည့် အပင်များထက်ပင် များနေသေးသည်။ ထိုဆေးခင်းထဲတွင် မတ်တပ်ရပ်နေလျှင် သူ မကျင့်ကြံသော်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ ဝိဉာဉ်စွမ်းအားများ ဝင်ရောက်လာသည်ကို ခံစားနေရသည်။
တိုက်ပွဲမှာ နတ်နန်းဂိုဏ်း ရှုံးနိမ့်သွားခြင်းဖြင့် အဆုံးသတ်သွား၏။ အဆင့်မြင့်သည့်သူများအားလုံး တစ်ချက်တည်းအရှင်းခံလိုက်ရပြီး သူတို့သည် အဆင့်နိမ့်နယ်မြေရှိ သက်ရှိစာရင်းထဲမှ ဖယ်ရှားခံလိုက်ရသည်။ မြင့်မြတ်သည့်မြေနောက်တစ်ခု ပြောင်းပြန်လှန်ခံလိုက်ရလေပြီ။
ထိုအချိန်တွင် ရှီဟောင်၏ ခွန်ပန်ကိုယ်ပွားပြန်ရောက်လာ၏။ မီးခိုးရောင်ရေနဂါး အဆင့်လွန်ကျွမ်းကျင်သူ၏ ဦးခေါင်းကို ယူခဲ့ယုံသာမက ပင်လယ်မိစ္ဆာလူမျိုးစု အဆင့်လွန်ကျွမ်းကျင်သူ၏ အလောင်းနှင့်အတူ ပင်လယ်ကြမ်းပြင်တွင် ရှိနေသည့် ရတနာသိုက်ကိုပါ ယူလာခဲ့လေသည်။
ရှီဟောင်၏ ကိုယ်ပွားကပင်လျှင် မြောက်ဘက်ပင်လယ်ရှိ လူမျိုးစုနှစ်ခုကို အနိုင်ယူနိုင်ခဲ့သည် ဟူသော သတင်းမှာ ကြောက်လန့်စရာကောင်းလှ၏။
တစ်နေ့တည်းမှာပင် စစ်သင်္ဘောကြီးသည် အနောက်ဘက်ဂိုဏ်းသို့ ဆက်လက်ထွက်ခွာသွားလေသည်။ သူတို့သည် ဂိတ်ပေါက်ဝတွင် တားဆီးခံလိုက်ရသောကြောင့် နောက်ထပ် ထောင်ချောက်တစ်ခု ထပ်လုပ်ရလေသည်။
“အနောက်ဘက်ဂိုဏ်းလည်း ခုခံနိုင်မှာ မဟုတ်ဘူး”
ဤသည်မှာ အားလုံး ခန့်မှန်းနေကြခြင်းပင်။
၁၂ ရက်မြောက်နေ့တွင် အစီအရင်ကြီး ပျက်စီးသွားကာ ရှီဟောင်အားလုံးကို သတ်ပစ်ခဲ့သည်။
“ဒါက ဗာဂျာအရည်လား” စစ်ဘုရင်သည် စိတ်လှုပ်ရှားလွန်းသောကြောင့် တုန်ယင်နေလေ၏။ သူသည် အဖိုးတန်သည့်အရည်များ ပြည့်နေသည့် နတ်ကန်တစ်ခုကို တွေ့ခဲ့ပြီး ထိုကန်သည် ထူးဆန်းသည့် အမွှေးနံ့များ ပျံ့လွင့်နေလေသည်။
“ဟုတ်တယ် ဒါက ဗာဂျာအရည်ပဲ … ခန္ဓာကိုယ်ကို ပြုပြင်နိုင်တဲ့ အဖိုးတန်အရည်ပဲ” ဖန်ကိုး ခေါင်းညိမ့်လိုက်၏။
ဤသည်မှာ ဝိဉာဉ်တောင်တွင်ရှိသော ဘုရားကျောင်းအဟောင်းမှ တွေ့ခဲ့ခြင်းပင်။ ထိုနတ်ရေကန်မှာ တစ်မီတာခန့်သာ ကျယ်လေသည်။
“ဒါက အရမ်းမိုက်တာပဲ … ဒါနဲ့ဆိုရင် ငါ့ရဲ့ ကျောက်တုံးကလန်က ပိုပြီးတော့စွမ်းအားကြီးလာမှာ” မင်ဘုရင်မှာ စိတ်လှုပ်ရှားလာ၏။
ရှီဟောင်ပင်လျှင် စိတ်လှုပ်ရှားသွားရ၏။ ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်းပင်။
ထိုအရာများအပြင် အနောက်ဘက်ဂိုဏ်းတွင် အဖိုးတန်ပစ္စည်းများနှင့် ဆေးပင်မျိုးစုံရှိသောကြောင့် သူတို့အား ပင့်သက်မောများပင် ရှိုက်စေသည်။ ဤနေရာသည် မသေမျိုးဂိုဏ်းဟု ခေါ်ထိုက်လေသည်။