သုခကမ္ဘာက ရှီဟောင် - Chapter - 806 မမျှော်လင့်ထားသည့်လမ်းကြောင်း
ရှီဟောင်သည် တိုက်ခိုက်မှုကြောင့် ပင်ပန်းနေပြီး သူ၏ ခန္ဓာကိုယ်တွင်လည်းသွေးများ ဒဏ်ရာများဖြင့် ပြည့်နေသည်။ ဤရက်အတွင်းတွင် သူသည် ဆက်တိုက်ပင် တိုက်ခိုက်ခဲ့ပြီးနောက်တွင် မမျှော်လင့်ပဲ ဤသို့ တွေ့ခဲ့ခြင်းပင်။
“ဒါက…” သူ၏ စိတ်ထဲတွင် တုန်လှုပ်သွား၏။ သင်္ကေတများ တောက်ပနေပြီး အလင်းစက်များလည်း နေရာတိုင်းတွင် ရှိနေလေသည်။ ဤနေရာသည် အလွန်တောက်ပနေသော်လည်း ရွှေ့ပြောင်းသည့်အစီအရင်တစ်ခု မဟုတ်ပေ။
ဒီနံရံက ဘာလို့ ပျက်စီးနေတာလဲ .. ရှီဟောင်ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ တောင်ကြောနှင့်တူသည့် တောင်မှာ ရှိနေသေးသော်လည်း ပြတ်နေလေသည်။ ဘာလို့ ဒီလိုမျိုးဖြစ်နေရတာလဲ …
သူအလွန်ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင် ဤမြင်ကွင်းကိုသာ မြင်တွေ့ရလေသည်။
ဤနံရံကြီးမှာ အလွန်ရှည်လျား၍ ရှီဟောင်အဆုံးထိသို့ မရောက်သေးသော်လည်း ဤအပိုင်းတွင်ပင် ပျက်စီးနေလေ၏။
ပျက်စီးနေသော အပိုင်းတွင် သင်္ကေတများရှိနေပြီး ထူးဆန်းသည့်စွမ်းအားများ ရစ်ပတ်နေကာ အလင်းများလည်း တောက်ပနေလေသည်။
“ငါ့လမ်းကြောင်းက ဖြတ်ခံထားရပြန်ပြီလား” ရှီဟောင် လက်သီးများကိုတင်းကြပ်စွာ ဆုတ်ကိုင်လိုက်ပြီး ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေ၏။
ထိုနေရာကို သေချာကြည့်လိုက်သည့်အချိန်တွင် ဤနံရံမှာ ချွန်ထက်သောလက်နက်ဖြင့် အဖြတ်ခံထားရသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် ဤပြတ်ရာမှာ ချောမွေ့နေလေ၏။
“အာ .. ဒါက..”
သူ ခေါင်းကို မော့လိုက်သည်နှင့် သင်္ကေတများဖြင့် တောက်ပနေသည့် တစ်စုံတစ်ခုကိုတွေ့လိုက်ရသည်။
ဤနံရံကြီးမှာ တောင်တစ်လုံးကဲ့သို့ပင် မြင့်မားလှသောကြောင့် ပျက်စီးနေသော မျက်နှာပြင်မှာလည်း မြင့်မားလေ၏။ ကျန်းပေါင်းများစွာ မြင့်သည့်နေရာတွင် အရိုးအပိုင်းအစတစ်ခု ရှိနေလေသည်။
ရှီဟောင်လေထဲသို့ ခုန်တက်လိုက်ပြီး ထိုနေရာသို့သွားကြည့်လိုက်သည့်အချိန်တွင် ထိုအရိုးမှ မည်သည့်စွမ်းအားလှိုင်းကိုမှ မတွေ့ရပေ။ သူ လေထဲတွင် ပေါလောပေါ်နေခြင်းမှာ ပျက်စီးနေသောနံရံမှ ထွက်ပေါ်နေသည့် သင်္ကေတများကြောင့်ပင်။
“ဒါက ဘာကြီးလဲ” ရှီဟောင် ထိုအရိုးကို ယူပြီး သေချာကြည့်လိုက်သည်။
ဤအရိုးမှာ နူးညံ့ပြီး ပြစ်ချက်ကင်းစင်လှသည်။ သူသည် လက်ဝါးတစ်ဝက်ခန့် အရွယ်အစားရှိပြီး သူ၏ မျက်နှာပြင်တွင် မှုန်ဝါးဝါးသင်္ကေတများ ရှိနေသည်။
ဤအရာရှိနေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုသည်မှာ သိသာလှ၏။
ရှီဟောင်ထိုအရိုးကို ကြိုးစားကာ အတည်ပြုကြည့်လိုက်၏။ နောက်ဆုံးတွင် သင်္ကေတများကို တွေ့လိုက်ရပြီး ထိုသင်္ကေတများကို လေဟာနယ်ထဲတွင် ဆွဲကြည့်လိုက်သည့်အချိန်တွင် သူအံ့အားသင့်သွားရ၏။ ဒါက အဲဒီနန်းတော်က အရိုးများလား…
“ဒါက အဆင့်လွန်ခန်းမနဲ့ ဆက်စပ်နေတာပဲ” သူ တုန်လှုပ်သွားရ၏။
မိုးမခနတ်ဘုရားနှင့် စေတီလေးတို့ အဆင့်လွန်ခန်းမအကြောင်းပြောသည်ကို သူကြားဖူးထားသောကြောင့် သူအနည်းငယ် နားလည်သည်။ ထိုမျိုးဆက်၏ သင်္ကေတများမှာ ယခုတံဆိပ်နှင့် တူနေသည်။
“ဒီအရိုးအပိုင်းအစလေးက ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ” ရှီဟောင် ထိုအရိုးကို လက်ဖြင့်ပွတ်လိုက်၏။ ကံမကောင်းစွာဖြင့်ပင် ဤအရိုး၏အတွင်းဘက်မှာ အခေါင်းကြီးဖြစ်နေပြီး အပြင်ဘက်တွင်သာ သင်္ကေတများ ပါရှိနေခြင်းပင်။
သူသည် ခပ်မြင့်မြင့်သို့ ပျံသန်းလိုက်ပြီး ဤနေရာကို ကြည့်လိုက်သည်။
“ဒီသင်္ကေတတွေက နည်းနည်းထူးဆန်းတယ် … အဆင့်မြင့် ရွှေ့လျားအစီအရင်နဲ့တူတယ်” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်၏။ သူသည် အရောင်တောက်ပနေသည့် တံတိုင်းအပျက်ကို စိုက်ကြည့်နေလေသည်။
ရှီဟောင်၏အကြည့်များမှာ လေးနက်နေလေသည်။ ထိုတံတိုင်းအပျက်၏ အခြားအစွန်းတစ်ဖက်ကို သူကြည့်လိုက်၏။ ဤနေရာတွင်ရှိနေသော ကျောက်တုံးဂိတ်တံခါးများမှာ စွမ်းအားကြီးသည့် ပစ္စည်းတစ်ခုခုကြောင့် ပျက်စီးနေလေသည်။
“ငါဘာလို့ အမြန်ရောက်လာခဲ့တာလဲဆိုတာ ငါအံ့ဩနေတာ .. ငါ အားလုံးမပြီးသေးဘူးလေ”
သူသည် နဂါးအစစ်၊ ထာဝရဖီးနစ်၊ ခွန်ပန်နှင့် အခြားပြိုင်ဘက်မရှိသည့်လူမျိုးများနှင့် မတိုက်ရသေးပေ။ ဤအရာအားလုံးမှာ တစ်ခြားတစ်ဖက်တွင် ရှိနေလေသည်။ ထိုတောင်ဂိတ်တံခါးများမှာ ပျက်စီးနေသောကြောင့် သူ၏ဆန္ဒမပြည့်လောက်တော့ပေ။
“လေဟာနယ်ကို ဖျက်ဆီးထားတဲ့ စွမ်းအားကြီးတဲ့ စွမ်းအားလှိုင်းတွေရှိနေတယ် .. ပြီးတော့ ဒီနေရာမှ ဖရိုဖရဲစွမ်းအားတွေလည်း ရှိနေတယ် … စွမ်းအားကြီးတဲ့ နတ်အားတစ်ခုက နတ်ဘုရားနဲ့နတ်ဆိုးနံရံကို ဖျက်ဆီးထားတာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဤနေရာကိုလေ့လာပြီးနောက် ကောက်ချက်ချလိုက်လေသည်။
“ဘာလို့ဒီလိုမျိုး ဖြစ်နေတာလဲ” ရှီဟောင် တုန်လှုပ်သွား၏။ သူသည် ရုတ်တရက်ပင် ဆက်စပ်မိသွားသည်။
“နောက်ထပ်နည်းနည်း ထပ်ကြည့်ရဦးမယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် နံရံပျက်၏ အခြားတစ်ဖက်သို့ သွားလိုက်၏။ တစ်ခဏမျှ လေ့လာပြီး စဉ်းစားပြီးသည့်နောက်တွင် သူပြောလိုက်သည် “ဒီနေရာမှာ ကြီးမားတဲ့ ရွှေ့ပြောင်းအစီအရင်ရှိတယ် ပြီးတော့ အဲဒီကနေပြီးတော့ ကြောက်စရာကောင်းတဲ့ စွမ်းအားလှိုင်းတွေကို ထုတ်လွှတ်နေတာ”
သူပြောသည့်အတိုင်းဆိုလျှင် ထိုစွမ်းအားလှိုင်းများမှာ မူလရှေးဟောင်းနယ်မြေမှ အက်ကွဲကြောင်းများနှင့် တူနေလေသည်။
“အဲဒီတော့ ငါက ဒီကနေပြီးတော့ အဆင့်မြင့်နယ်မြေကို သွားလို့မရတော့ဘူးပေါ့” ရှီဟောင်သည် ကောင်းကင်ထက်သို့မော့ကြည့်ကာ သက်ပြင်းချလိုက်၏။
“ဟုတ်တယ် ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ဒီနေရာက လမ်းကြောင်းကိုသုံးပြီးသွားပြီ။ အဲဒီလမ်းကြောင်းကို အသက်သွင်းလိုက်တဲ့အချိန်မှာ နတ်ဘုရားနဲ့နတ်ဆိုးနံရံက ပျက်စီးသွားတာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ပြောလိုက်၏။
ရှီဟောင် တိတ်ဆိတ်သွား၏။ ဤလူမှာ မည်ကဲ့သို့သော ကျွမ်းကျင်သူဖြစ်သနည်း… အရိုးစာအုပ်များထဲတွင် ရေးထားသည်မှာ နတ်ဘုရားနှင့် နတ်ဆိုးနံရံမှာ မပျက်စီးနိုင်ပေ။ သူ့ကို လှုပ်ခါအောင်ပင် မလုပ်နိုင်ပေ။
ဘာလို့လဲ … တစ်ယောက်ယောက်က ဒီလမ်းကြောင်းကနေ တက်သွားပြီးတော့ နံရံကို မတော်တဆ ပျက်စီးသွားအောင် လုပ်မိတာလား …
ရှီဟောင်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ တစ်ယောက်တစ်မျိုးစီ စဉ်းစားနေခြင်းပင်။ ထို့နောက်တွင် သူတို့နှစ်ယောက်သည် နောက်ထပ်သဲလွန်စများ တွေ့လိုတွေ့ငြား နောက်တစ်ကြိမ် ထပ်ရှာကြလေသည်။
“ဒီလျိုမြောင်ကြီးက ..” ရှီဟောင် အံ့အားသင့်သွားရ၏။ နတ်ဘုရားနှင့်နတ်ဆိုးနံရံနောက်တွင် အောက်ခြေမှောင်မည်းနေသည့် လျိုမြောင်ကြီးတစ်ခု ရှိနေလေသည်။
ထို့နောက်တွင် အလွန်ကြီးမားလှသည့် လက်သည်းရာများကို သူသတိထားမိသွား၏။ ကမ္ဘာမြေကြီးအတွင်းပိုင်းမှ သက်ရှိတစ်ကောင် တက်လာပြီး ဤနေရာတွင် ပေါ်လာခဲ့ခြင်းပင်။
“ဒါက အရမ်းကြီးတဲ့ လိပ်ကြီးပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုလက်သည်းရာများကို မြင်လိုက်သည်နှင့် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။
ရှီဟောင် မျက်လုံးများ ပြူးကျယ်သွားရ၏။ သူ၏အသံများ တုန်ယင်လာကာ “ဒါက … အဲဒီအကောင်များလား”
အဆင့်လွန်ခန်းမသည်ကြီးမားလှသည့် လိပ်ကြီး၏ ကျောပေါ်တွင်ရှိသည်ဟူသော ကောလဟာလများ ရှိနေလေသည်။ သူသည် ရှေးနန်းတော်ကြီးကို သယ်ဆောင်ကာ ဤနေရာမှ ဖြတ်သွားခြင်းလား ..
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း ဆွံ့အသွား၏။ သူသည် လျိုမြောင်ကြီးကိုကြည့်ပြီး နတ်ဘုရားနှင့်နတ်ဆိုးနံရံကို ကြည့်လိုက်သည်။ ထို့နောက် ရှီဟောင်လက်ထဲတွင်ရှိသည့် အရိုးကို ထပ်ကြည့်လိုက်သည်။
“သူက ဒီက ရွှေ့ပြောင်းခြင်းအစီအရင်ကို သုံးလိုက်တာလား” ရှီဟောင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
“သူက … ဒီနေရာကနေပြီးတော့ အဆင့်မြင့်နယ်မြေထဲကို တိတ်တိတ်လေးဝင်သွားတာလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း ဆွံ့အနေလေ၏။
ထိုသို့သာဆိုလျှင် အားလုံးမှာ အဓိပ္ပာယ်ရှိသွားလေပြီ။ ထိုကြီးမားလှသည့်လိပ်ကြီးပဲဖြစ်ဖြစ် အဆင့်လွန်ခန်းမကြီးပဲဖြစ်ဖြစ် ကောင်းကင်လမ်းကြောင်းများ ပိတ်သိမ်းသွားသည့်အချိန်တွင် ထွက်သွားချင်သည်ဆိုပါက စွမ်းအားများစွာကို လိုအပ်လိမ့်မည်။
ဤအချက်ကြောင့် ဖရိုဖရဲစွမ်းအားများ ရှိနေခြင်း ဖြစ်သကဲ့သို့ မပျက်စီးနိုင်သည့် ရှေးဟောင်းနံရံကြီးလည်းပျက်စီးနေခြင်း ဖြစ်နိုင်သည်။
“ဒါက …” ရှီဟောင်သည် နောင်တရနေလေ၏။ သူသည် ဤအခွင့်အရေးနှင့် လွဲချော်သွားပြန်ပြီ။ ရှေးဟောင်းနန်းတော်ကို ရှာရန်မှာ ပို၍ပင်ခက်ခဲသွားမည်ဖြစ်သည်။ သူ တွေ့ခွင့်ရော ရှိပါဦးမလား…
သူတို့ အနားပတ်ဝန်းကျင်တွင် ရှာဖွေခဲ့ကြသော်လည်း နောက်ဆုံးတွင် ဤအချက်ကိုသာ လက်ခံလိုက်ရတော့သည်။
ဘာလို့ဒီလိုမျိုး ဖြစ်နေရတာလဲ … လမ်းကြောင်းပိတ်သွားပြီဖြစ်သောကြောင့် သူ နဂါးနှင့် ထာဝရဖီးနစ်တို့နှင့်ပင် မတိုက်နိုင်တော့ပေ။ ရှီဟောင်သည် ကောင်းကင်ထက်သို့မော့ကြည့်ကာ သက်ပြင်းချလိုက်၏။ အဆင့်မြင့်နယ်မြေကိုသွားဖို့က ဘာလို့ အဲဒီလောက်တောင် ခက်ခဲနေရာတာလဲ..
ဒီလိုဆိုရင် သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့ … သူဒီအဆင့်နိမ့်နယ်မြေမှာပဲ ပိတ်မိနေတော့မှာလား..
“ခဏလေး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ရုတ်တရက်ပင် ပျက်စီးနေသည့် နံရံအနားသို့ ပျံသန်းသွားကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူသည် ထိတ်လန့်နေသည့်အကြည့်ဖြင့် ပြောလိုက်၏ “ဒီနံရံက ကောင်းကင်ကို ဆန့်ကျင်တာဆိုတော့ သူ့ဘာသာသူ ပြန်ပိတ်သွားတယ်”
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ထိုအနားသို့ လျှောက်သွားလိုက်ပြီး ထိုအစီအရင်သင်္ကေတများကို အာရုံခံကြည့်လိုက်၏။ ကြည့်ရသည်မှာ ထူးဆန်းသည့်စွမ်းအားတစ်ခု အမှန်တကယ်ပင် လည့်ပတ်နေလေသည်။
သူကြည့်လိုက်သည်အချိန်တွင် နံရံနှစ်ခုမှာ တစ်ဖြည်းဖြည်းနီးကပ်လာသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် ပျက်စီးနေသော ကျောက်တုံးဂိတ်တံခါးတွင် သင်္ကေတများတောက်ပလာပြီး နတ်စွမ်းအားများ လည်ပတ်နေလေ၏။ ရှီဟောင်သည် နှစ်ထပ်မျက်လုံးကိုထုတ်လိုက်ပြီးသေချာကြည့်လိုက်သည့်အချိန်တွင် ဤနေရာလည်း တစ်ဖြည်းဖြည်း ပြန်ကောင်းလာသည်ကိုတွေ့လိုက်ရသည်။
“ပြန်ကောင်းလာဖို့အတွက် အချိန်ဘယ်လောက်လောက် ကြာလောက်လဲ” ရှီဟောင် မေးလိုက်သည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အစီအရင်များနှင့်ပတ်သက်လျှင် ကျွမ်းကျင်သူဖြစ်သောကြောင့် အနည်းငယ်လေ့လာပြီးသည့်နောက်တွင် ဤနံရံပြန်ကောင်းလာရန်မှာ ရက်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး အတွင်းပိုင်းမှ ပြန်ကောင်းရန်မှာ ပို၍ပင် ကြာဦးမည်။
ဤသည်မှာ ရှီဟောင် ထွက်သွားချင်လျှင် နောက်ထပ် ၁၀ နှစ် အနှစ် ၂၀ ခန့် စောင့်ရမည်ဟု ဆိုလိုခြင်းပင်။
“ဒါက အရမ်းကြာလွန်းတယ်”
နောက်ဆုံးတွင် ရှီဟောင်သည် ထိုအရိုးအပိုင်းအစကို ယူကာ ထိုနေရာမှ ထွက်ခဲ့လိုက်၏။
သူသည် လေဟာနယ်နတ်ဘုရားနယ်မြေသို့ ဝင်ကာ ငှက်ဖိုးဖိုးနှင့် အကြွေစေ့လူကြီးတို့ကို သွားတွေ့လိုက်သည်။ သူ အမှန်တကယ်ပင် ဘာလုပ်ရမည်မှန်း မသိတော့ပေ။
မမျှော်လင့်ထားသည်မှာ ထိုအကြီးအကဲနှစ်ယောက်သည် သေချာစဉ်းစားကာ သူ့ကိုအကြံဉာဏ်များ ပေးနေလေသည်။
အဆင့်နိမ့်နယ်မြေတွင် အလွန်စွမ်းအားကြီးခဲ့သည့် ကလန်အချို့ရှိခဲ့၏။ သို့သော် သူတို့သည် တစ်ဖြည်းဖြည်း နာမည်ကျလာကာ ပျောက်ကွယ်သွားလေ၏။ ထိုပျက်စီးနေသည့်နေရာများသို့ သွားလည်ကာ ရှေးဟောင်းရွှေ့ပြောင်းအစီအရင်များကို သွားရှာ၍ရနိုင်၏။
ရှီဟောင်သည် စွမ်းအားကြီးသည့် ကလန်များအားလုံးကို သွားကြည့်ပြီးပြီဖြစ်သော်လည်း အစီအရင်အားလုံးမှာ အသုံးပြုပြီးသားဖြစ်နေ၏။
သူသည် နာမည်ကျသွားသည့် ကလန်များသို့သွားရောက်ကာ လမ်းကြောင်းတစ်ခု နှစ်ခုလောက် ရှာတွေ့နိုင်သည်။
ထို့နောက်တွင် အကြီးအကဲနှစ်ယောက်မှာ အနည်းငယ် လေ့လာလိုက်ကြ၏။ သူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့်ကလန်များမှာ သိပ်မရှိပေ။ သူတို့ အဓိကသုံးခုကိုသာ ပြောလိုက်သည်။
“အာ..” ရှီဟောင် အံ့အားသင့်သွား၏။ သူတို့ပြောသည့်ပထမဆုံးကလန်ကို သူရင်းနှီးနေသည်။ ထိုကလန်မှာ တိမ်တိုက်ကလန်ပင်။ သူတို့နေထိုင်သည့်နေရာကို တိမ်တိုက်ကောင်းကင်နန်းတော်ဟုခေါ်သည်။
သူ၏ ကလေးဘဝမှ မြင်ကွင်းကို ပြန်မြင်ယောင်လာမိသည်။ မည်သည့်သားရဲနို့က ပိုအရသာရှိသည်ကို ငြင်းဆန်နေကြသည့် အမွှာလေးနှစ်ယောက်မှာ တိမ်တိုက်ကောင်းကင်နိုင်ငံကလန်မှ လာခြင်းပင်။
“သူတို့…” ရှီဟောင် ထိုမြင်ကွင်းကို ပြန်စဉ်းစားကြည့်လိုက်သည့်အချိန်တွင် နွေးထွေးသွားသလို နာကျင်လိုက်ရသည်။ ကောင်းကင်မြိုငှက်နှင့် ချုန်းချီငှက်တို့မှာ လီပေါင်းငါးသောင်းပတ်လည်အတွင်းကို သတ်ဖြတ်ပစ်လိုက်သောကြောင့် သူတို့ သေသွားလောက်လေပြီ။
အကြီးအကဲနှစ်ယောက်ပြောသော ကလန်များမှာ ရှာဖွေရန် ခက်ခဲသော်လည်း ရှီဟောင်သည် ထိုနေရာသုံးခုထဲမှ တစ်နေရာ၏ လျှို့ဝှက်နေရာကို သိသောကြောင့် သူတို့ ဝမ်းနည်းသွားကြလေသည်။
ရှီဟောင်သည် ထိုနေရာမှ ထွက်ခွာလိုက်ကာ ကျောက်တုံးကျေးရွာ၏ နေရာဟောင်းသို့သွားကာ ထိုနေရာတစ်ဝိုက်ကို ရှာဖွေလိုက်၏။
“ဟမ်”
ဤနေရာတွင် သိပ်မသေးသည့် မြို့ကြီးတစ်မြို့ ရှိနေလေသည်။ ဤနေရာသည် ယခင်က ပျက်စီးသွားသော်လည်း လတ်တလောတွင် ပြန်လည်အသက်ဝင်လာလေ၏။ ဤနေရာကို မည်သူ တည်ဆောက်ခဲ့သနည်း…
“သူတို့ပဲ”
ရှီဟောင် အံ့အားသင့်သွား၏။ ဤသည်မှာ သူစိမ်းများ မဟုတ်ကြပေ။ ဂိုဏ်းခေါင်းဆောင်မှာ ကျီရှန်းဟုန်ဖြစ်ပြီး မြို့၏ ဂါးဒီးယန်းဝိဉာဉ်မှာ ရွှေရောင်ဝံပုလွေပင်။
ယခင်က ကျောက်တုံးကျေးရွာတွင် စွမ်းအားကြီးသော ရန်ဘက်ကလန် များစွာ ရှိသော်လည်း ကျွမ်းကျင်သူအချို့မှာ မိုးမခနတ်ဘုရား၏ သတ်ဖြတ်ခြင်းခံလိုက်ရသောကြောင့် ကျီရှန်းဟုန်နှင့် ရွှေရောင်ဝံပုလွေတို့သာ ကျန်ခဲ့လေသည်။
“သူတို့တွေက ကောင်းကင်မြိုငှက်နဲ့ ချုန်းချီရဲ့ တိုက်ခိုက်မှုကနေ လွတ်ခဲ့ပြီးတော့ အခု မြို့ကို တည်ထောင်ထားတာလား”
ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ ထိုအချိန်က သူသည် အရွယ်ငယ်သေးသောကြောင့် ကျီရှန်းဟုန်နှင့် ရွှေရောင်ဝံပုလွေတို့၏ ပြိုင်ဘက်မဟုတ်သေးပေ။
ရှီဟောင်သည် တစ်ခဏမျှ ကြည့်ပြီးနောက် သူတို့ကိုဒုက္ခမပေးတော့ပဲ ဆက်သွားလိုက်၏။ သူထိုနေရာတွင် လှည့်ပတ်ကြည့်နေပြီး နောက်ဆုံးတွင် တောင်တစ်လုံးပေါ်သို့ တက်သွားလိုက်သည်။ သူ တိမ်တိုက်ကလန်၏ သဲလွန်စများကို တွေ့လိုက်ရ၏။ ကြီးမားလှသော တောင်ကြီးမှာ ကျယ်ပြန့်လှပြီး တောင်ထိပ်တွင် နှင်းများ ကျနေလေသည်။
အဆောက်အဦးမှာ ကောင်းမွန်နေဆဲဖြစ်ပြီး မည်သည့်ထိခိုက်မှုမျှ မရှိပေ။ ဝိဉာဉ်များသာ ရှိမနေခြင်းတစ်ခုသာ။
ရှီဟောင်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့ လှုပ်ရှားလိုက်၏။ အဆုံးသတ်တွင် သူတို့သည် ချိတ်ပိတ်ထားသည့် မြေအောက်နန်းတော်တစ်ခုကို အသက်သွင်းနိုင်ခဲ့ပြီး ကြီးမားလှသည့် ရွှေ့ပြောင်းအစီအရင်ကို တွေ့ရှိခဲ့၏။ နောက်ဆုံးတော့ သူတို့ တွေ့ခဲ့ပြီ။
သူတို့သည် အလွန်ဂရုစိုက်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း အစီအရင်များတွင် ကျွမ်းကျင်သောကြောင့်သာ သူတို့ ဤမြေအောက်နန်းတော်ကို ရှာတွေ့ခဲ့ခြင်းပင်။
ထို့အပြင် သူတို့ ထွင်းထုထားသည့်စကားလုံးများကိုလည်း တွေ့လိုက်ရ၏။ ထိုစာများ ရေးသားထားသည်မှာ ကောင်းကင်မြိုငှက်နှင့် ချုန်းချီတို့၏ သတ်ဖြတ်မှုကြောင့် သူတို့သည် ရှေးဟောင်းအစီအရင်ထဲသို့ ဝင်ရောက်ရန်ဖိအားပေးခံခဲ့ရပြီး ဤနေရာမှ ထွက်သွားပြီဖြစ်ကြောင်းရေးထားခြင်းပင်။
ထို့နောက်တွင် တိမ်တိုက်ကလန် ကျဆင်းသွားလေသည်။ သူသည် ယခင်က ကျောက်တုံးကျေးရွာထက် စွမ်းအားကြီးသော်လည်း သူတို့ ဘိုးဘေးများ ချန်ထားခဲ့သည့် ရွှေ့ပြောင်းအစီအရင်မှာ မည်သည့်နေရာသို့ ဦးတည်သွားမှန်း သူတို့မသိပေ။
“အဆင့်မြင့်နယ်မြေကို သွားတာထင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဤအစီအရင်ကို လေ့လာပြီးသည့်နောက်တွင် ဤသို့ ကောက်ချက်ချလိုက်လေ၏။
“အဲဒီအမွှာညီအစ်မက အသက်ရှင်နေသေးလား” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်၏။ သူတို့သာ အသက်ရှင်နေသေးပါက သူ သူတို့နှင့် ပြန်တွေ့နိုင်ခွင့်ရှိသေးသည်။
ဝုန်းဟူသောအသံနှင့်အတူ ကြီးမားလှသော အစီအရင်ကြီးအသက်ဝင်သွားလေသည်။ သင်္ကေတများ တောက်ပလာကာ လမ်းကြောင်းတစ်ခု ချက်ချင်းပင် ပွင့်လာလေ၏။
“ဒီနေရာက ကျောက်တုံးကျေးရွာနဲ့ သိပ်မဝေးလောက်ဘူး ဟုတ်တယ်မလား” ရှီဟောင်စိတ်ထဲတွင်အနည်းငယ် တွေဝေနေမိသည်။ သူ နောက်ဆုံးအကြိမ်ပြန်သွားကြည့်ချင်သော်လည်း ထိုဆန္ဒကိုချိုးနှိမ်ထားလိုက်သည်။ သူသည် ခပ်ဝေးဝေးသို့ စိုက်ကြည့်ပြီးသည့်နောက်တွင် ပြန်လှည့်လိုက်လေသည်။
“နှုတ်ဆက်ခဲ့ပါတယ် အဆင့်နိမ့်နယ်မြေ” ဤသည်မှာ သူနောက်ဆုံးပြောခဲ့သည့်စကားများပင်။ ထို့နောက်တွင် သူ လမ်းကြောင်းအတွင်းသို့ ဝင်လိုက်ပြီး အဆင့်နိမ့်နယ်မြေမှ ပျောက်ကွယ်သွားလေသည်။