သုခကမ္ဘာက ရှီဟောင် - Chapter - 807 အဆင့်မြင့်နယ်မြေ
သူ ဤလမ်းကြောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ပြန်လာရန် ခက်ခဲသွားပြီး အဆင့်နိမ့်နယ်မြေနှင့် ပတ်သက်သည့်အဆက်အသွယ်အားလုံးကို ဖျက်ရလိမ့်မည်။
ဤလမ်းကြောင်းမှာ အလွန်ရှည်လျားလှပြီး လေဟာနယ်ကို ဖောက်ထွက်သွားလေသည်။ သူ ထိုအထဲသို့ လမ်းလျှောက်ဝင်သွားသည်နှင့် သူသည် အချိန်မြစ်ကို ဖြတ်သန်းနေရသကဲ့သို့ပင်။
မှုန်ဝါးဝါးဖြစ်နေသော နေရာအတွင်းတွင် ကြယ်များမှာ တောက်ပနေပြီး ငွေရောင်စမ်းချောင်းများလည်း ဝေ့ဝိုက်စီးဆင်းနေလေသည်။ ဤမြင်ကွင်း နှင်းဝေနေပြီး အခြားသူများကို စိတ်ရှုပ်ထွေးစေလေ၏။
ဝုန်း…
ရုတ်တရက်ပင် ဤလမ်းမကြီးသည် ပြင်းထန်စွာတုန်ခါသွားပြီးထိုစမ်းချောင်းနှင့် ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ပျောက်ကွယ်သွားလေသည်။ သင်္ကေတပေါင်းစုံမှာလည်း တောက်ပနေကာ အလွန်ပင် ဖရိုဖရဲဖြစ်နေ၏။
“မကောင်းတော့ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးမှ ထူးဆန်းစွာ အော်ဟစ်လိုက်၏။ ဤလမ်းကြီးသည် ရုတ်တရက် အက်ကွဲသွားတော့မည်။ သူတို့ပတ်လည်တွင် ရှိနေသော ‘နယ်မြေနံရံများ’ မှာလည်း အက်ကွဲကြောင်းများ ပေါ်လာသည်။
စွမ်းအားလှိုင်းတစ်ခုမှာ သူ၏ နားထင်နားကို ဖြတ်သွားပြီး သူ၏ နက်မှောင်နေသောဆံပင်အနည်းငယ် ပြတ်သွားလေသည်။ သူ၏ ခေါင်း ပြတ်သွားတော့မလို့ပင်။
လေထဲတွင် ထူးဆန်းသည့်လေတိုးသံများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ နယ်မြေများကြားမှ နံရံအက်ကွဲသွားသောကြောင့် ထွက်ပေါ်လာသည့်အသံများပင်။
ရှီဟောင်သည် အားကုန်သုံးကာ စတင်ထွက်ပြေးတော့သည်။ သူ၏အနောက်တွင် ခွန်ပန်အတောင်ပံတစ်စုံပေါ်လာပြီး သူ၏ အရှိန်ကို မြင့်တင်လိုက်လေသည်။
ရှူး…
အလင်းတန်းတစ်ခု ပျံသန်းလာကာ ထိုအလင်းတန်းတွင် သင်္ကေတများ တောက်ပနေပြီး ဖရိုဖရဲစွမ်းအင်များလည်း ပါဝင်နေလေသည်။
ရှီဟောင် ရှောင်လိုက်သော်လည်း ထိုသင်္ကေတများမှာ များပြားလွန်းသောကြောင့် သူ၏ ပုခုံးကို ထိသွားလေ၏
လေထဲတွင် သွေးများ ထွက်ပေါ်လာလေသည်။ သူ၏ အသွေးအသားနှင့်ဆိုလျှင်သာမန်မှော်ပစ္စည်းများ သူ့ကို ဘာမှ မလုပ်နိုင်ပေ။ သို့သော် ယခု သူ ဒဏ်ရာရသွားလေပြီ။
“မြန်မြန်ထွက်ပြေး ငါတို့ မြန်မြန်ထွက်သွားရမယ် မဟုတ်ရင် ငါတို့ အဆုံးမရှိတဲ့ ငရဲသစ်ငုတ်ဘဝကို ရောက်သွားလိမ့်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးမှ အော်ပြောလိုက်၏။
လမ်းကြောင်းအတွင်းတွင် အက်ကွဲကြောင်းများ ပို၍ ပို၍ များလာကာ ပြိုကျတော့မတတ်ပင် ဖြစ်လာသည်။
ဤသည်မှာ အဆင့်နိမ့်နယ်မြေတွင် ရှိနေသည့် ရွေ့ပြောင်းအစီအရင်ဖျက်ဆီးခံရသောကြောင့်ပင်။ ဤသည်မှာ အဆင့်မြင့်နယ်မြေမှ စွမ်းအားကြီးသူများ ကောင်းကင်ဆန္ဒကို ဆန့်ကျင်သည့်အချိန်မှစတင်ကာ ပို၍ စည်းကမ်းတင်းကြပ်လာလေသည်။ ကမ္ဘာကြီး၏ သဘာဝဥပဒေသများ ပြောင်းလဲလာကာ ရွှေ့ပြောင်းအစီအရင်ကိုအလွယ်တကူပင် ဖျက်ဆီးပစ်နိုင်လေသည်။
အလင်းတန်းနောက်တစ်ခု ပေါ်လာ၏။ ထိုအလင်းတန်းတွင် ပါရှိသော သင်္ကေတများတွင် ထူးဆန်းသည့်အားတစ်ခုရှိကာ ကြောက်စရာကောင်းနေလှသည်။ ရှီဟောင်သည် ဘယ်ညာရှောင်တိမ်းပြီး အန္တရာယ်များကို ရှောင်ရှားလိုက်သည်။
သို့သော် သူ၏ လည်ပင်းကိုထိမိသွားပြီး သွေးများထွက်လာကာ သူ၏ ခေါင်း ပြတ်ထွက်မတတ်ပင်။ ဤသည်မှာ အလွန်ပင်အန္တရာယ်များလှသည်။
လေဟာနယ်သည် ပြင်းထန်စွာပင် တုန်ခါလာပြီး လမ်းကြောင်းတစ်ဝက်ခန့်မှာပျက်စီးသွားပြီး စွမ်းအားများ ပို၍ ဝင်ရောက်လာသည်။ မရေတွက်နိုင်သည့် အလင်းများ တရှိန်ထိုးဝင်ရောက်လာကာ မြူများလွှမ်းခြုံသွားလေသည်။
သူ၏ နောက်ကျောဘက်တွင်ရှိသော အတောင်ပံတစ်စုံကို လျင်မြန်စွာ လှုပ်ရှားကာ ရှီဟောင် လျင်မြန်စွာ ပြေးလိုက်၏။
ကံကောင်းစွာဖြင့်ပင် အက်ကွဲကြောင်းများသည် သူ၏ခန္ဓာကိုယ်ကို မခြစ်ပစ်ပေ။ မဟုတ်ပါက သူ ဒုက္ခရောက်သွားလိမ့်မည်။
“ရောက်တော့မယ် … ထွက်ပေါက်ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ် … ငါတို့ အဆင့်မြင့်နယ်မြေ ရောက်တော့မယ်” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးမှ ပြောလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ လေဟာနယ်သည် မငြိမ်မသက်ဖြစ်လာကာ လျင်မြန်စွာပင် ကွဲထွက်သွားလေသည်။ သင်္ကေတပေါင်းစုံ ထွက်ပေါ်လာပြီး အခြေအနေမှာ ပို၍ပင် ဆိုးဝါးလာသည်။
သူ ဒါကို ဘယ်လိုရှောင်ရမလဲ … နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးသည် ရှီဟောင်၏ ဆံပင်ကြားမှ ခုန်ဆင်းလာကာ သူ၏ ရင်ဘတ်ထဲသို့ ဝင်ပုန်းလိုက်လေ၏။
သင်္ကေတပေါင်းများစွာ ရောက်လာသလို ကြောက်စရာကောင်းသည့် အလင်းလှိုင်းများလည်း လေဟာနယ်ကို ဖြတ်သန်းဝင်ရောက်လာလေသည်။
လေဟာနယ်တွင် ကြီးမားသည့်အက်ကွဲကြောင်းကြီး ပေါ်လာလေပြီ။
ဤစွမ်းအားများမှာ ကြောက်စရာကောင်းလွန်းလှသည်။ ထိုစွမ်းအားနှင့် ထိမိသည်နှင့် အဆင့်လွန်ကျွမ်းကျင်သူများ မပြောနှင့် နတ်မီးတောက်ရှိနေသည့်သူများပင်လျှင် ချက်ချင်း ပျက်စီးသွားလိမ့်မည်။
“ဖွင့်”
ရှီဟောင်သည် ကြီးမားသည့်အက်ကွဲကြောင်းကြီးကို ရှောင်လိုက်ပြီး အဖိုးတန်ကြေးဘူးကိုဖွင့်ကာ လျင်မြန်စွာပင် ဝင်သွားလိုက်သည်။
စွမ်းအားကြီးသည့် ပေါက်ကွဲသံများထွက်ပေါ်လာကာ လေဟာနယ်သည် အက်ကွဲလာပြီး သင်္ကေတအလင်းတန်းများလည်း ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလေ၏။ ဤလမ်းသည် လုံးဝပျက်စီးသွားပြီဖြစ်ပြီး ကြောက်စရာကောင်းသည့် စွမ်းအင်စီးကြောင်းကို ဖြစ်ပေါ်စေသည်။
အနောက်ဘက်အုတ်ဂူကမ္ဘာတွင် အဖိုးတန်ကြေးဘူးလေး ထိခိုက်ခဲ့ရ၏။ ထို့အပြင် ရှီဟောင် သူ၏ အဆင့်လွန်အရိုးကို ဖောက်ကွဲလိုက်သည့်အချိန်တွင်လည်း ဤဘူးလေး ထိခိုက်ခဲ့သောကြောင့် ယခုအချိန်တွင် စတင်အက်ကွဲလာလေသည်။
“မကောင်းတော့ဘူး ဒါကွဲနေပြီ” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးမှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
အဖိုးတန်ကြေးဘူးလေး ကွဲထွက်သွားကာ သင်္ကေတအချို့နှင့် အလင်းပေါင်းစုံမှာ တရှိန်ထိုးပင် ဝင်ရောက်လာလေ၏။ ဤသည်မှာအလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။
ရှီဟောင်၏အမူအရာပြောင်းလဲသွားသည်။ သူသည် ကျောက်တုံးအိုးကို ထုတ်ယူလိုက်၏။ထိုအိုးမှာ ခြေထောက်သုံးချောင်း မရှိတော့သော်လည်း သူ၏ ကိုယ်ထည်မှာ အကောင်းအတိုင်းရှိနေဆဲပင်။ ဤသည်မှာ အံ့အားသင့်စရာကောင်းလောက်သည့်ခုခံနိုင်စွမ်းရှိသည့် နတ်ဘုရားမှော်ပစ္စည်းပင်။ ရှီဟောင်သည် ထိုအိုးဖြင့် သူ၏ ခန္ဓာကိုယ်ကို ကာလိုက်သည်။
စွမ်းအားပြည့်သည့် တိုက်ခိုက်မှုများမှာ ထိုအိုးပေါ်သို့ ကျရောက်လာပြီး မီးတောက်များ တောက်လောင်နေသကဲ့သို့ပင် ကြောက်စရာကောင်းသည့်ရောင်စုံအလင်းတန်းများကို ဖြစ်ပေါ်စေလေသည်။
အိုးတွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။ ရှီဟောင်သည် အရေးကြီးသည့်အခြေအနေသို့ ရောက်ရှိနေလေ၏။ ရှီဟောင်သည် ကျည်ပွေ့ကို ထုတ်ယူကာသူ့ကိုယ်သူ ကာကွယ်လိုက်သည်။
လေဟာနယ် တုန်ခါလာကာ သင်္ကေတများမှာ ဖရိုဖရဲပင်ထွက်ပေါ်လာလေ၏။ ကျိုးပျက်သွားသည့် အိုးမှာ ပျက်စီးသွားသည့်လမ်းကြောင်းအတွင်းသို့ လွင့်ထွက်သွဦးပြီး ကမ္ဘာပေါ်သို့ ကျသွားလေသည်။
ဝုန်း…
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ခါစေသည်။ ရောင်စုံအလင်းတန်းပေါင်းစုံထွက်ပေါ်လာပြီး အိုးကြီးမှာလည်း တစ်စစီဖြစ်သွားကာ စွမ်းအားပြည့်သည့်စွမ်းအင်များကို နေရာအနှံ့သို့ ပို့လွှတ်လေသည်။
ဘေးပတ်လည်တွင်ရှိသည့် တောင်လေးများ ပြိုကျသွားကာ ကြီးမားလှသည့် ကျောက်တုံးကြီးများမှာလည်း တုန်ခါသွားကြသည်။ သစ်ပင်များအားလုံးမှာ ကျိုးကျသွားပြီး ထိုနေရာတွင် ကြီးမားလှသည့် မီးတောင်ဝ ပေါ်လာလေသည်။
အပြင်ဘက်ကမ္ဘာတွင်ရှိသည့် ဥက္ကာခဲများ ဤနေရာပေါ်သို့ ပြုတ်ကျလာသကဲ့သို့ပင် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။
အပေါက်အောက်ခြေတွင် ကြီးမားလှသည့် သွေးအိုင်ရှိနေလေသည်။ ရှီဟောင်သည် ထိုအထဲတွင် လဲလျောင်းနေကာ သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်သည့် ပုံစံဖြင့် တွန့်လိမ်နေလေသည်။ သူသည် ပြင်းထန်လှသည့်ဒဏ်ရာရရှိသွားပြီး သူ၏အရိုးများလည်း ကျိုးသွားသည်။
ခပ်ဝေးဝေးတွင် တောင်ကြီးမှာ နှစ်ခြမ်းကွဲသွားပြီး ကျည်ပွေ့သည် ထိုနေရာတွင် ညှပ်နေလေသည်။
“ငါ နာလို့သေတော့မှာပဲ..” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးသည် သနားစဖွယ် ညည်းညူလိုက်သည်။ သူသည် ဤကပ်ဆိုးကိုမရှောင်ရှားနိုင်ပဲ ရှီဟောင်၏ ရင်ဘတ်ကိုသာ သင်္ကေတများ၏ တိုက်ခိုက်မှုများမှာ ကာကွယ်ပေးလိုက်ရသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းအနည်းငယ် ရှိနေလေ၏။
ရှီဟောင် သူ၏ မျက်လုံးများကို ခက်ခက်ခဲခဲဖွင့်လိုက်ရ၏။ သူ၏တစ်ကိုယ်လုံးနာကျင်နေပြီး နည်းနည်းလေးလှုပ်ရှားလိုက်သည်နှင့် သွေးများ ထွက်လာလေသည်။
“ငါ အသက်ရှင်နိုင်ပြီ…” သူ အားနည်းစွာ ပြောလိုက်သည်။ သူ ယခုအချိန်တွင် အသက်ရှင်နိုင်ခြင်းကပင် ပျော်ရွှင်နေသင့်သည်။
ရှီဟောင် ထထိုင်ချင်သော်လည်း ထိုသို့ပြုလုပ်ရန်အတွက် အလွန်ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏ အရိုးများကျိုးနေပြီး သွေးများလည်း နေရာတိုင်းတွင် ရှိနေကာ မြေပြင်တစ်ခုလုံး စိုရွှဲနေလေသည်။
ထို့အပြင် ကျိုးနေသည့်အရိုးများမှ အပြင်ဘက်သို့ပင် ထွက်နေသည့်နေရာများစွာ ရှိနေသည်။ သူ၏ဒဏ်ရာများမှာ သူထင်ထားသည်ထက်ပင် ဆိုးဝါးနေလေ၏။
သူ၏ ရင်ဘတ်ထဲမှ ဘူးလေးတစ်ခု ကျလာလေသည်။ ဤဘူးသည် လေအေးများ ပြည့်နေ၏။ ဤသည်မှာ ဧကရာဇ်လိပ်ပြာကို ထည့်ထားသည့် နတ်ရေခဲဘူးပင်။ ထိုဘူးလေးမှာ မပျက်စီးပဲ ရွှေရောင်အလင်းအနည်းငယ်ပင် ထွက်နေ၏။ ထို့နောက်တွင် ဧကရာဇ်လိပ်ပြာ ပေါ်လာလေသည်။
“ငါ ဘာလို့ အဲဒီလောက်တောင် ကံမကောင်းရတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးသည် နာကျင်မှုများကြားမှ ဤသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ ညည်းတွားလိုက်လေသည်။
“ငါတို့ အဆင့်မြင့်နယ်မြေရောက်သွားတာလား .. ဒါမှမဟုတ် ပြုတ်ကျပြီးတော့ အဆင့်နိမ့်နယ်မြေကို ပြန်ရောက်သွားတာလား” ရှီဟောင်သူ့ကိုယ်သူ မေးလိုက်သည်။
ရှီဟောင်သည် အံကြိတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်ကို ကုသရန်အတွက် နတ်အားများကို လည်ပတ်စေလိုက်သည်။ သူသည် ကျိုးနေသည့်အရိုးများအားလုံးကို ဆက်လိုက်ပြီး သွေးထွက်ခြင်းကို ရပ်တန့်စေလိုက်၏။ ထိုကိစ္စများ လုပ်ပြီးသွားသည့်အချိန်မှသာ သူ ခက်ခက်ခဲခဲဖြင့် ထထိုင်နိုင်လေသည်။
သူ ဘေးပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အာရုံခံလိုက်သည့်အချိန်တွင် ဤနေရာတွင် ဝိဉာဉ်စွမ်းအားများ ပေါကြွယ်ဝလှသည်ကို တွေ့လိုက်ရသည်။ ထိုစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်ပင် ဝင်ရောက်လာလေသည်။
“ဒါက အဆင့်မြင့်နယ်မြေ ဖြစ်လောက်မယ်” သူ ကောက်ချက်ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် အဆင့်နိမ့်နယ်မြေတွင် ဤကဲ့သို့ ဝိဉာဉ်စွမ်းအားများ မပေါများ နိုင်ပေ။
“အောင်မြင်ပြီ…” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။ ခက်ခဲမှုပေါင်းများစွာကိုကျော်ဖြတ်ပြီးသည့်နောက်တွင် သူတို့နောက်ဆုံးတော့ ကောင်းကင်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ပြီ။
ယခုလေးတင် သူတို့ သေမလိုဖြစ်ခဲ့လေသည်။ သူတို့အသက်ရှင်နိုင်ခဲ့သော်လည်း အဖိုးတန်ကြေးဘူးနှင့် နတ်အိုးပျက်စီးသွားလေသည်။
ဧကရာဇ်လိပ်ပြာသည် သူ၏ အတောင်ပံများကို ဖြန့်ကျက်ကာ ကျည်ပွေ့ကို ပြန်ယူလာလေသည်။
ရှီဟောင်မှာ အနည်းငယ် လှုပ်ရှားလိုက်တိုင်း သွေးများ သူ၏ခန္ဓာကိုယ်မှ ထွက်ကျလာလေ၏။ ကောင်းကင်လမ်းကြောင်းဆယ်ခုတွင်သိမ်းဆည်းထားသည့်အရာများအားလုံး ပြန့်ကျဲနေပြီး သူလောလောဆယ်တော့ ထိုအရာများကို မရှင်းနိုင်သေးပေ။
ရှီဟောင်သည် ဖော်ပြ၍မရနိုင်သည့် သဘာဝဖိအားတစ်ခု သူ့အပေါ်သို့ ကျရောက်နေသည်ကို ခံစားနေရသည်။
“ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ သဘာဝဥပဒေသအပြည့်အစုံလား … အဆင့်နိမ့်နယ်မြေက မလုံလောက်ဘူး သူ့ရဲ့ သဘာဝဥပဒေသတွေလည်း မပြည့်စုံဘူး .. ဒါပေမဲ့ ဒီနေရာက မတူဘူး” ရှီဟောင်သည် ပြောင်းလဲမှုများကို ချက်ချင်းပင် ခံစားမိလိုက်သည်။
တစ်နာရီခန့်နားပြီးသည့်နောက်တွင် သူ မတ်တပ်ရပ်လိုက်၏။ သူ ကျည်ပွေ့ကို ဝေ့ရမ်ကာ ဤတွင်းပေါက်ဝကို ပိတ်လိုက်ပြီး အခြားကျန်သည့် သဲလွန်စများကိုလည်း ဖျက်ပစ်လိုက်၏။
“ငါ နောက်ဆုံးတော့ အဆင့်မြင့်နယ်မြေကို ရောက်လာပြီ … ငါက တရားမဝင်တဲ့ဂြိုလ်သားလိုဖြစ်နေတာ ဟုတ်တယ်မလား” ရှီဟောင်သည် နာကျင်မှုများကို သည်းခံကာ ရယ်မောလိုက်သည်။
ဤနေရာမှာ ငြိမ်းချမ်းလှ၏။ ဤနေရာတွင် သားရဲများမရှိသလို သူ၏ သွေးနံ့ကြောင့်လည်း ဘာအန္တရာယ်မှ မရှိသောကြောင့် သူအနည်းငယ် ထူးဆန်းသည်ဟု ခံစားလာရ၏။ ရုတ်တရက်ပင် တစ်ခုခုမှားယွင်းနေသည်ကို သူခံစားလိုက်ရ၏။ သူသည် ထူးဆန်းသည့်အမွှေးနံ့တစ်ခုကိုရလိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ထူးဆန်းသည့် ခံစားမှုကို စတင်ခံစားလာရသည်။
“ထူးဆန်းတာ တစ်ခုခု ရှိနေတယ်” ရှီဟောင်သည် ကျည်ပွေ့ကို မယူလိုက်ပြီး ဤနေရာမှ ချက်ချင်းထွက်သွားရန် ကြိုးစားလိုက်သည်။
“ဒါတွေက .. မှိုတွေလား” သူအတော်ထိတ်လန့်သွား၏။ သူ ဤတောင်အပြင်ဘက်သို့ ရောက်သည့်အချိန်တွင် ကြီးမားလှသည့် မှိုပွင့်များကို တွေ့လိုက်ရသည်။ ထိုမှိုပွင့်တစ်ပွင့်သည် အိမ်တစ်လုံးစာ ပမာဏရှိပြီး ရောင်စုံအလင်းများ တောက်ပနေသည်။
ထိုမှိုများအောက်တွင်လည်း အရိုးစုများ စုပုံနေလေသည်။
“ငါတို့ မြန်မြန်ထွက်သွားရမယ်” နတ်ဘုရားပစ်ချက်ကျောက်တုန်းလေးမှ အလောတကြီး ပြောလိုက်၏။
ရှီဟောင်သည် သူ၏ နတ်စွမ်းအားများကို လှည့်လှည်စေကာ လေထဲသို့ ပျံသန်းလိုက်သော်လည်း မြေပြင်ပေါ်သို့ပင် ပြန်ပြုတ်ကျမလိုဖြစ်သွားသောကြောင့် သူထိတ်လန့်သွားရသည်။
“ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဥပဒေသတွေက အရမ်းအထင်ကြီးဖို့ ကောင်းတာပဲ” သူ၏ စိတ်ထဲတွင် တုန်လှုပ်သွားလေ၏။
သူသည်ပျံနိုင်ယုံသာ ပျံနိုင်သည်ကို သတိထားမိသွား၏။ ပထမအချက်မှာ သူဒဏ်ရာရနေသောကြောင့်ပင်။ ဒုတိယအချက်မှာ တာအိုများ၏ ဖိနှိပ်မှုများမှာ ပြင်းထန်လွန်းလှသောကြောင့်ပင်။ ဤသည်မှာသူ့ကို ကြောက်ရွံ့စေသည်။ ထို့ကြောင့်ပင် အဆင့်မြင့်နယ်မြေမှ မြင့်မြတ်သည့်အမျိုးသမီးများနှင့် ဂျီးနီးယပ်စ်များမှာ အဆင့်နိမ့်နယ်မြေသို့သွားကာ သူတို့ကိုယ်သူတို့ ထက်မြက်လာအောင် လေ့ကျင့်ခြင်းပင်။
မှိုများထံမှာ များပြားလှသော သင်္ကေတများ ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုသင်္ကေတများမှာ အရောင်များ တောက်ပနေပြီး ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေသည်။
“အလင်းတွေက တော်တော်ထူးဆန်းတာပဲ .. သူ့မှာ တိုက်စားနိုင်စွမ်းတွေ ရှိနေတယ်” ရှီဟောင်၏ အမူအရာပြောင်းလဲသွားပြီး လျင်မြန်စွာပင် သူ၏သင်္ကေတများ ထုတ်လိုက်ကာ မမျှော်လင့်ထားသည့် တစ်ခုခု မဖြစ်လာစေရန်အတွက် သူ့၏ ခန္ဓာကိုယ်ကို ထူထပ်စွာ ကာရံလိုက်သည်။
သူ၏ဒဏ်ရာများမှာ ပြင်းထန်လှသောကြောင့် ထိုသင်္ကေတများကို အားစိုက်ကာ အသက်သွင်းသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်တွင် ချွေးစေးများ ထွက်လာလေသည်။ ထို့နောက်တွင် သူ၏ အောက်တွင်ရှိသည့် ထူးဆန်းသည့်မှိုများမှ အလင်းများမှာ ပို၍ပင် တောက်ပလာပြီး အလင်းများမှာ အပေါ်ဘက်သို့ တရှိန်ထိုးတက်လာကာ သူ့ကို ဝန်းရံသွားလေသည်။
“ငါမင်းတို့ကို အဖက်မလုပ်အားသေးဘူး” သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာရထားသောကြောင့် သူ ဒီမှာ ကြာကြာနေ၍မရပေ။ ဤမှိုများမှာ ထူးဆန်းသော်လည်း အသိဉာဏ်ရှိပုံမပေါ်ပေ။ ထို့ကြောင့် သူတို့နှင့်တိုက်ခိုက်ပါက ဘာအကျိုးမှ ရှိမည်မဟုတ်ပေ။
ရှီဟောင်သည် ကျည်ပွေ့ကို ဝေ့ရမ်းကာ ထွက်သွားမည့်လမ်းကို ရှင်းလိုက်သည်။ လီပေါင်းများစွာသို့ ရောက်သွားသည့်အချိန်မှသာ သူ ထိုထူးဆန်းသည့်နယ်မြေမှ ထွက်နိုင်ခဲ့သည်။
“လေဟာနယ်သင်္ကေတတေါက ထူးဆန်းတယ် … ငါတောင် မကိုင်တယ်နိုင်ဘူးလို့ ခံစားလိုက်ရတယ် …” ရှီဟောင်၏ မျက်နှာမှာ ဖြူလျော်နေသည်။ သို့သော် ကိစ္စမရှိပေ။ သူအနားယူလိုက်သည်နှင့် ပြန်ကောင်းသွားလိမ့်မည်။
ထို့နောက်တွင် သူသည် လီပေါင်းတစ်ရာကျော်ကို ထပ်မံပျံသန်းပြီးနောက်တွင် အလွန်ပင်ပန်းသောကြောင့် အောက်ဆင်းလိုက်သည်။
“ဒီမှာလမ်းကြောင်းတစ်ခုရှိတယ် အဲဒီတော့ ဒီနားမှာ တစ်ခုခုရှိလောက်တယ်” သူ သူ့ကိုယ်သူ ပြောပြီးသည့်နောက်တွင် အသံတစ်သံကို ကြားလိုက်ရ၏။
သူ ကြီးမားလှသည့် စီးတော်ယာဉ်ခရုကြီးကို မမျှော်လင့်ပဲ တွေ့လိုက်ရသည်။ သူ၏ ကျော်ပေါ်တွင် လူအယောက်နှစ်ဆယ်ရှိသော်လည်း လျင်မြန်စွာပင် သွားနေလေ၏။ သူ၏ ကျောပေါ်တွင် လူကြီးနှင့် လူငယ်များရှိနေပြီး ပျော်ရွှင်စွာပင်စကားပြောနေကြလေသည်။
ခရုကို စီးတော်ယာဉ်အဖြစ် အသုံးပြုရန်မှာ အနည်းငယ် ထူးဆန်းနေလေသည်။
ခရုကျောပေါ်တွင် ဤလူများအပြင် ကျန်းပေါင်းများစွာ ရှည်လျားသော ဆင်ရိုင်းများ၊ ငါးမီတာ ခြောက်မီတာခန့်ရှည်လျားသည့် ကျားများနှင့် ကျန်းပေါင်းများစွာ ရှည်လျားသည့် မြွေများကဲ့သို့သော သားကောင်များစွာလည်း ရှိနေသေးသည်။
ဤသည်မှာ အမဲလိုက်သည့်မိသားစုပင်။ အချို့လူများမှာ ဝံပုလွေအစွယ်တုတ်ချောင်းကို ကိုင်ထားပြီး အခြားသူများမှာ ကြီးမားလှသည့်အနက်ရောင်လေးကြီးကို ကိုင်ထားကြသည်။ သူတို့သည် သားရဲအရေခွံများကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းကို လှစ်ဟပြထားလေ၏။
ထိုလူများအပြင် လူငယ်အချို့လည်း ရှိနေသေးသည်။ သူတို့သည် ဆယ်ကျော်သက်အရွယ်ခန့်သာရှိနေပြီး အတွေ့အကြုံရရန်အတွက် ဤလူစုနှင့် လိုက်လာသည်မှာ သေချာသည်။
“အောက်မှာ ဒဏ်ရာရတဲ့သူ တစ်ယောက်ယောက်ရှိနေတယ်” ကလေးတစ်ယောက်မှ အော်ဟစ်လိုက်၏။
ရှီဟောင်သည် အပြာရောင်ကျောက်တုံးပေါ်တွင် လဲနေခြင်းဖြစ်ပြီးသူ၏ ခန္ဓာကိုယ်အနှံ့အပြားမှ သွေးထွက်နေသောကြောင့် သူ၏ ပုံစံမှာ သနားစရာကောင်းနေလေသည်။
“သူ့ဒဏ်ရာတွေက မသေးဘူး … သူ့ကိုရွာခေါ်သွားပြီးကုပေးလိုက်ရအောင်” လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်မှ ခရုပေါ်မှ ခုန်ဆင်းလာပြီး လျင်မြန်စွာပင် ပြေးလာလေ၏။
အဆင့်မြင့်နယ်မြေနှင့် ပတ်သတ်ပြီး ရှီဟောင်သိထားသည်မှာ အနည်းအကျဉ်းသာရှိသောကြောင့် ဤလူများနှင့် လိုက်သွားပြီး အခြေအနေကို တစ်ဖြည်းဖြည်းချင်း နားလည်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။