သုခကမ္ဘာက ရှီဟောင် - Chapter - 810 ရုတ်တရက်ရောက်လာသော မုန်တိုင်း
“သဘာဝဥပဒေသတွေကို ငါမသုံးတာ အကောင်းဆုံးပဲ မဟုတ်ရင် မကောင်းတာတစ်ခုခု ဖြစ်နေဦးမယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ သူ၏ အသွေးအသားများမှာ အလွန်စွမ်းအားကြီးနေပြီဖြစ်ပြီး ဇာမဏီကျေးရွာကဲ့သို့သော ရွာမျိုးမှာပင် သူ့ကိုယ်သူ ကာကွယ်နိုင်လေပြီ။
ရှီဟောင်၏ အသွင်အပြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူသည် ပြောင်းလဲခြင်း ၇၂ မျိုးကို မသုံးလျှင်ပင် သူအနည်းငယ်ပြောင်းလဲနေနိုင်ပြီဖြစ်သောကြောင့် ဇာမဏီရွာသားများ မှတ်မိသောပုံစံသို့ ပြန်ပြောင်းလိုက်၏။
ရှီဟောင်သည် အစီအရင်ကို ပြန်ဖြုတ်လိုက်ပြီး လမ်းလျှောက်ထွက်လာလိုက်၏။ ဖိုးဖိုးသုံးမှာ အစီအရင်ထဲမှ သွေးစွမ်းအင်၏ ကြောက်စရာကောင်းမှုကို ခံစားနေရသောကြောင့် သူ့ကို အံ့အားသင့်နေသည့်ပုံစံဖြင့် ကြည့်နေလေသည်။
“မြေပေါင်းစုံက စစ်သားရွေးချယ်ပွဲက စပြီလား” ရှီဟောင်မေးလိုက်၏။
“နောက်ရက်နည်းနည်းကြာရင် လုပ်မှာ” ဖိုးဖိုးသုံးမှ ပြန်ပြောလိုက်သည်။
“လူငယ်လေး မင်းပြိုင်မှာလား” ဖိုးဖိုးသုံးမှ မေးလိုက်၏။
“ကျွန်တော် ဒီလူမှုပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ချင်တယ်” ရှီဟောင် ပြန်ဖြေလိုက်သည်။
ဇာမဏီရွာမှာ တိတ်ဆိတ်နေလေ၏။ ငွေရောင်ပင့်ကူကြီး ဤနေရာကိုကာကွယ်ပေးထားသောကြောင့် မည်သည့်သားရဲများ ငှက်များမှ ဝင်မလာနိုင်ပေ။ လူငယ်များမှာ လွတ်လွတ်လပ်လပ်ပင် ကျင့်ကြံနေကြလေသည်။
“မြို့တော်ကို သွားကြရအောင် .. ငါတို့ စစ်သားပြိုင်ပွဲမှာ ဝင်ပြိုင်ကြရအောင်” ငါးရက်ကြာပြီးသည့်နောက်တွင် စစ်ပွဲ၏ ရွေးချယ်ပွဲစတင်လေပြီ။ ရွာရှိလူငယ်များအားလုံးသည်လည်း စိတ်လှုပ်ရှားနေကြလေသည်။
“ငါတို့နေရာကောင်းကောင်းရပါ့မလား”
“အဲဒါတွေအရမ်းမတွေးနဲ့ .. ဒီတစ်ခေါက်ရည်ရွယ်ချက်က မင်းတို့အားလုံးအတွေ့အကြုံရဖို့ပဲ” ဖိုးဖိုးသုံးမှ ပြောလိုက်၏။
“ဖိုးဖိုးသုံး ဖိုးဖိုးရဲ့စကားက အရမ်းခံစားရတာပဲ ဖိုးဖိုးသိလား” လူငယ်လေးသည် အနည်းငယ်မကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“ငါကတော့ အဲဒါတွေကိုမယုံဘူး … ငါတို့သေချာပေါက် နိုင်ကိုနိုင်မှာ”
“ဟုတ်တယ် ငါတို့ဇာမဏီရွာနာမည်က တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေနိုင်ရမယ် … ငါတို့ရဲ့ရန်သူတွေကို သေချာပေါက် အနိုင်ယူမှာ”
လူငယ်လေးများမှာ အင်္ကျီလက်များကို ခေါက်တင်ကာ ကြုံးဝါးနေကြလေ၏။ သူတို့အားလုံးမှာ စမ်းသပ်ချင်နေကြလေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် တောင်တန်းများမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သစ်ပင်ကြီးများမှာလည်း မီတာတစ်ရာကျော် ရှည်လျားလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သားရဲဟစ်ကြွေးသံများ ငှက် အတောင်ပံခတ်သံများကို ကြားနေရလေသည်။
ဤလမ်းမှာ အလွန်ကျယ်သော်လည်း ချောမွေ့မနေပေ။ သို့သော် အနက်ရောင်ခရုကြီးမှာ ဤသည်ကို မမှုပေ။ သူသည် ချောမွေ့နေသည့်လမ်းပေါ်တွင် သွားနေရသကဲ့သို့ပင်။ ထို့အပြင် သူသည် အရှိန်မှာ ပြိုင်မြင်းထက်ပင် အနည်းငယ် မြန်နေသေးသည်။
ဖိုးဖိုးသုံးမှာ လူငယ်လေးဆယ်ယောက်ကို စေလွှတ်လိုက်၏။ ရှီဟောင်သည်လည်း ထိုအထဲမှ တစ်ယောက်ပင်။ သူတို့သည် ခရုနက်ကြီးကိုစီးကာ မြို့တော်သို့ ဦးတည်သွားနေကြလေသည်။
အနက်ရောင်ယူနီကွန်းကျားကြီးပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ ချီလင်းဖြစ်ပြီး ကျားခေါင်းဖြစ်နေသည့်အပြင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အနက်ရောင်အကြေးခွံများနှင့် ဖုံးအုပ်ထားလေသည်။ သူသည် အားလုံးကို တစ်ချက်ကြီးပြီးသည့်နောက်တွင် မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး ပြန်လှည့်ထွက်သွားလေသည်။
ဤကဲ့သို့ပေါ်လာသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ လမ်းတစ်လျှောက်တွင်လည်းစွမ်းအားကြီးသည့်သားရဲများစွာ တွေ့ကြုံခဲ့သော်လည်း သူတို့သည် ဤအုပ်စုကိုတွေ့သည့်အချိန်တွင် မတိုက်ခိုက်ကြပေ။
“ဖိုးဖိုးသုံး တိမ်တိုက်လူမျိုးကို ကြားဖူးလား” ရှီဟောင်မေးလိုက်၏။
“နည်းနည်းတော့ ရင်းနှီးနေသလိုပဲ” ဖိုးဖိုးသုံး ခေါင်းညိမ့်လိုက်သည်။
“သူတို့ဘယ်မှာလဲ .. ဒီကနေဆိုရင်ဝေးလား” ရှီဟောင် လမ်းညွှန်မှုကို တောင်းဆိုလိုက်၏။
“ငါငယ်ရွယ်တုန်းက ငါလျှောက်ပတ်သွားခဲ့တာ .. ငါတစ်ခြားသူတွေပြောတာ ကြားဖူးတာကတော့ သူတို့တွေက အရမ်းစွမ်းအားကြီးပြီးတော့ အရမ်းဝေးတယ်တဲ့ … သူတို့ ငါတို့ လျှပ်စီးစီရင်စုမှာ မရှိလောက်ဘူး” ဖိုးဖိုးသုံးမှ ပြောလိုက်သည်။
တိမ်တိုက်လူမျိုးများမှာ အလွန်ရှေးကျသည့်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အဆင့်မြင့်နယ်မြေတွင်လည်း ထူးခြားသည့် မျိုးဆက်များ ရှိနေသည်။ သူတို့ရှိနေသော စီရင်စုကို ‘တိမ်တိုက်စီရင်စု’ ဟု ခေါ်လေသည်။
“အရမ်းထူးခြားတာပဲ” ရှီဟောင် ထိတ်လန့်သွား၏။ ထို့နောက်သူစဉ်းစားမိသွားသည်မှာ လမ်းကြောင်းပျက်စီးသွားသောကြောင့် သူရောက်ရမည့်နေရာသို့ မရောက်ပဲ လျှပ်စီးစီရင်စုအတွင်းသို့ ရောက်လာပုံပေါ်သည်။
ရုတ်တရက်ပင် ကောင်းကင်ကြီး မှောင်မဲလာပြီးအရိပ်များပေါ်လာကာ တိမ်နက်များ ဖြတ်သန်းသွားလေ၏။ ဤသည်မှာ သားရဲငှက်ကြီး သူ၏ တောက်ပသောအတောင်ပံများကို ဖြန့်ကျက်ထားခြင်းပင်။ သူ၏ မျက်လုံးများမှာ ဖောက်ထွင်းမတတ်ကို စူးရှနေလေသည်။ သူ၏ အတောင်ပံများကို ဖြန့်ကျက်သည့်အချိန်တွင် အတောင်ပံမှာ ကျန်းပေါင်းတစ်ရာကျော်ရှည်လေသည်။
“ဟား ဟား ဖိုးဖိုးသုံး … ခင်ဗျားရွာကလည်း ဒီနှစ်စစ်သားရွေးချယ်ပွဲမှာ သွားပြိုင်မလို့လား … ဒီလူငယ်လေးတွေက သိပ်မတော်သေးဘူး .. သူတို့တွေက သိပ်မသန်မာသေးဘူးဆိုတော့ အားလုံး ရှင်းပစ်ခံရလောက်တယ်” ထိုသားရဲငှက်ကြီး၏ ကျောပေါ်တွင် လူပေါင်းများစွာ ရှိနေလေသည်။ အခြားရွာမှ လူများလည်း သူတို့၏ လူငယ်လေးများကို ခေါ်ဆောင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်မှန်း သိသာလှသည်။ ထိုပုဂ္ဂိုလ်သည် စနောက်နေလေ၏။
လီပေါင်းများစွာ သွားပြီးသည့်အချိန်တွင် ဂိတ်ပေါက်များတစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာခဲ့ပြီး သစ်တောများမှာ တစ်ဖြည်းဖြည်း နည်းပါးလာလေသည်။ သူတို့ မြို့တော်သို့ ရောက်တော့မည်။
သပြေပင်မြို့ ဤသည်မှာ လူပေါင်း ထောင်ပေါင်းများစွာဝင်ဆံ့နိုင်သည် မြို့ကြီးတစ်မြို့ပင်။
မြို့အဝင်ဝတွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ရှိလေသည်။ ထိုအပင်ရှိအကိုင်းများမှာ ထောင်မတ်နေပြီး အလွန်မာကျောကာ အရွက်များမှာလည်း စိမ်းစိုနေ၏။ သစ်ပင်တစ်ခုလုံးတွင် နှင်းပွင့်ကဲ့သို့ ဖြူဆွတ်နေသည့် ပွင့်ဖတ်များဖြင့် ဖုံးလွှမ်းထားလေသည်။ ဤရှေးဟောင်းသစ်ပင်ကြီးမှာ ကျန်းပေါင်းတစ်ရာကျော် ရှည်လျားလေသည်။
ဤမြို့သည် ဤသစ်ပင်ကြောင့်ပင် သပြေပင်မြို့ဟု နာမည်တွင်လာခြင်းပင်။
မြို့ဂိတ်ပေါက်ဝမှ ကြည့်လိုက်မယ်ဆိုလျှင် လူအနည်းငယ်ကို တွေ့ရလိမ့်မည်။ မြို့ထဲသို့ဝင်ရန်အတွက် စီးတော်ယာဉ်အနည်းငယ်ကို တန်းစီထားလေသည်။ ယနေ့တွင် လူမျိုးစုများမှာ လူငယ်ကျွမ်းကျင်သူများလာကြသောကြောင့် ဤမြို့ကြီးမှာ စည်ကားနေလေ၏။
“လမ်းဖယ်ပေးစမ်း”
သူတို့မြို့နှင့် တော်တော်ဝေးဝေးသို့ရောက်နေသည့်အချိန်တွင် တစ်စုံတစ်ယောက်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။ ကျန်းပေါင်းတစ်ရာကျော်ရှည်လျားသော ကြီးမားလှသည့် စပါးအုံးမြွေကြီးပေါ်လာကာ ထိုမြွေအပေါ်တွင်လည်း လူတစ်စုရှိနေလေ၏။ သူတို့မှာ အလွန်ပင်ရိုင်းစိုင်းပြီး ကျိုးကြောင်းမဆီလျော်လှပေ။
ငွေရောင်စပါးအုံးမြွေကြီးသည် သူ၏ အမြှီးဖြင့် ခရုကိုယ်ထည်ကိုရိုက်လိုက်သောကြောင့် ခရုကြီးမှာ ယိင်းယိုင်သွားကာ လဲကျမလိုပင်ဖြစ်သွား၏။ လူငယ်အချို့မှာ ခရုပေါ်မှ ပြုတ်ကျသွားလေသည်။
“မင်းဘာလုပ်တာလဲ .. မင်းတို့အားလုံးက အနိုင်ကျင့်တဲ့သူတွေပဲ” လူငယ်လေးအုပ်စုမှာ ဒေါသထွက်သွားပြီး မြေပြင်ပေါ်မှ မတ်တပ်ရပ်ကာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်၏။
“အနိုင်ကျင့်တယ် ဟုတ်လား .. ခရုက ငါတို့လမ်းကိုပိတ်ပြီးတော့ နှေးနှေးကွေးကွေးသွားနေတာကို ငါတို့က ဘေးဘက်ကနေ စောင့်ကြည့်မနေနိုင်ဘူး ဟုတ်ပြီလား” ငွေရောင်စပါးအုံးမြွေကြီးပေါ်မှလူများ ခနဲ့လိုက်သည်။ သူတို့သည် ဇာမဏီရွာမှလူများကို အရေးပင်မစိုက်ပေ။
ဇာမဏီရွာမှ လူငယ်အချို့မှာ သွေးဆူလာကာ သူတို့ကိုယ်သူတို့ မထိန်းနိုင်ပဲ အခြားတစ်ဖက်ကို သွားရောက်တိုက်ခိုက်တော့မည့်အချိန်တွင် ဖိုးဖိုးသုံး၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
“ဘာလဲ မင်းတို့က အားသုံးချင်သေးတာလား .. မင်းတို့အားလုံး လာစမ်းကြည့်လို့ရတယ်” ငွေရောင်စပါးအုံးမြွေပေါ်မှ လူငယ်လေးက ခနဲ့တဲ့တဲ့ပြောလိုက်လေသည်။
“မင်းတို့က အရမ်းကို စိတ်ကြီးဝင်နေတာပဲ” ဇာမဏီရွာမှ လူငယ်လေးများစတင်လှုပ်ရှားလာကြလေသည်။
“မလုပ်နဲ့” ဖိုးဖိုးသုံးမှ ထိုလူငယ်လေးကိုတားလိုက်၏။ သူတို့ရွာမှ ကလေးများမှာ ထိုသူများနှင့် မယှဉ်နိုင်မှန်းသူသိသည်။
“သူတို့က စပါးအုံးမြွေရွာက လူတွေ .. သူတို့ဆီမှာက စွမ်းအားကြီးတဲ့ဂျီးနီးယပ်စ်နည်းနည်းရှိတယ် .. ပြီးတော့ အရင်ကတည်းက ငါတို့ရွာနှစ်ရွာက မတည့်တာ .. သူတို့ ရန်စတာတွေကို အရေးမလုပ်နဲ့” ဖိုးဖိုးသုံးသည် သူတို့ကို ဆုံးရှုံးရမည်စိုးသောကြောင့် ပြောလိုက်၏။
ရှီဟောင်သည် ဘာမှမလုပ်ပဲ တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။ သူအခြားတစ်ဖက်ကိုအနိုင်ယူနိုင်သော်လည်း သူထွက်သွားသည့်အချိန်တွင်မူမည်ကဲ့သို့ ဖြစ်သွားမည်နည်း.. သူတို့အတွက် ကပ်ဆိုးကြီးဖြစ်လာလိမ့်မည်။ ဤအချိန်သည် လှုပ်ရှားရန် အချိန်ကောင်းမဟုတ်သေးပေ။
“မင်းတို့အားလုံး သတိထားနေတာ ကောင်းလိမ့်မယ်” ထိုသို့ပြောပြီးသည့်နောက်တွင် စပါးအုံးရွာမှလူများမှာ ဆူညံစွာဖြင့် ထွက်ခွာသွားလေသည်။
“ဖိုးဖိုးသုံး” လူငယ်လေးများမှာ လက်သီးဆုတ်ကာ ဒေါသထွက်နေကြလေ၏။
“မလောနဲ့ ငါကြားထားတာ စပါးအုံးမြွေရွာက ထူးချွန်တဲ့သူတွေ လိုက်လာတယ်လို့ကြားတယ် .. ငါတို့က အပြင်လူ သူတို့ကို ရန်သွားမစတာ အကောင်းဆုံးပဲ .. ခဏလေးပဲ သည်းခံလိုက်” ဖိုးဖိုးသုံးမှ နှစ်သိမ့်ပေးလိုက်သည်။
အနီးအနားတွင် အခြားလူမျိုးစုများ ရှိနေပြီး သူတို့သည် သားရဲများနှင့် ငှက်များကို စီးနင်းကာ တစ်မြို့ပြီးတစ်မြို့ကို ဖြတ်သန်းသွားလာနေကြသည်။
အားလုံးမြို့ထဲသို့ ဝင်သွားပြီးသည့်နောက်တွင် သူတို့တည်းခိုရမည့်နေရာသို့ တစ်စုံတစ်ယောက်မှ လိုက်ပြလေသည်။
ဒိန်းဂလိန်း…
အားလုံးမှာ ရုတ်တရက်ပင် ထိတ်လန့်သွားကြရ၏။ သူတို့သည် မိုးခြိမ်းသံကိုကြားလိုက်ရပြီး ကမ္ဘာမြေကြီးပင် အနည်းငယ် တုန်ခါသွားလေသည်။ ရှေးဟောင်းမြို့ကြီးတစ်ခုလုံးမှာ ယခင်ကကဲ့သို့ မငြိမ်းချမ်းတော့ပေ။
စီးတော်ယာဉ်များစွာမှာ မြို့ဂိတ်ပေါက်ဝတွင် ပေါ်လာပြီး သူတို့အားလုံးမှာ စွမ်းအားကြီးသည့် ရှားပါးသားရဲများပင်။ သူတို့၏ ကြီးမားလှသောခွာကြီးမြေပြင်နှင့် ထိတွေ့လိုက်တိုင်း အသည်းတုန်စေသည့်အသံများကို ထုတ်လွှတ်လျက်ရှိလေသည်။
“မင်ယူနီကွန်းသားရဲ … သူက ချီလင်းနဲ့နည်းနည်းလေးတူပြီးတော့ သူ့ရဲ့သွေးမျိုးဆက် နည်းနည်းလေးတောင် ပါသေးတယ် .. သူတို့က ပြီးပြည့်စုံခြင်းမြို့ကပဲ”
ထိုများပြားလှသော သားရဲများမှ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူတို့၏ခန္ဓာကိုယ်များတွင် အလင်းများတောက်ပနေကာ စွမ်းအားကြီးသည်ဖိအားကိုလည်း ထုတ်လွှတ်နေလေသည်။ ထိုသားရဲများထိပ်တွင်ထိုင်နေသည့်မိန်းမပျိုလေးမှာ ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ချောမောလှပလေသည်။
“ပြီးပြည့်စုံခြင်းမြို့က လာကြည့်တာလား .. သူတို့ ဒီတစ်ခေါက်ပြိုင်ပွဲကို တော်တော်လေးစိတ်ဝင်စားနေကြတာပဲ” လူများစွာ အထင်ကြီးစွာပင် ပြောဆိုနေကြလေသည်။
“မြန်မြန်ဖယ်ကြ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။
ကံကောင်းစွာဖြင့်ပင် ထိုမင်ယူနီကွန်းသားရဲကြီးမှာ သူ၏ ခြေလှမ်းများကို လျော့ချလိုက်ပြီး သူ့ကိုတားဆီးနေသည့်လူများကို ဝင်မတိုက်ပေ။ သူတို့သည် စကားနာခံနိုင်ပြီး ငွေရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးကို ခြံရံကာ မြို့၏ အဓိကအဆောက်အဦးကြီးခံသို့ ဦးတည်သွားလိုက်ကြလေသည်။
“မကြည့်နဲ့တော့ မြန်မြန်အနားယူကြတော့ … ရွေးချယ်ပွဲက မနက်ဖြန်စတော့မှာ” ဖိုးဖိုးသုံးသည် အားလုံးကိုသတိပေးပြီး သူတို့ခွန်အားများကို ချွေတာခိုင်းလိုက်သည်။
နောက်တစ်နေ့တွင် အားလုံးမှာ အစောကြီးပင် နိုးလာကြလေသည်။ သူတို့အားလုံးမှာ မြို့၏ ကြီးမားလှသည့် ယှဉ်ပြိုင်ကွင်းသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရလေသည်။ သူတို့ဤနေရာတွင် ယှဉ်ပြိုင်ရမည်ဖြစ်၏။
သို့သော် ပြိုင်ပွဲမစတင်မီတွင် ထိုစီးတော်ယာဉ်များစွာ ပြန်ပေါ်လာလေသည်။ ထို့အပြင် အသက်ကြီးနေပြီဖြစ်သည့် သပြေမြို့သခင်ကြီးသည်လည်း ငွေရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးငယ်နှင့်အတူတူ ရောက်ရှိလာလေသည်။
“အားလုံးပဲ မင်းတို့အားလုံးက ဒီအနီးအနားက နယ်မြေတွေရဲ့ ခေါင်းဆောင်တွေပါ .. ဒီတစ်ခေါက်မှာ မင်းတို့က မင်းတို့ကလန်က စွမ်းအားအကြီးဆုံးလူငယ်လေးတွေကိုပါ ခေါ်လာတဲ့အတွက် မင်းတို့အားလုံးက သတင်းအသစ်အတွက် စိတ်ထိခိုက်လိမ့်မယ်လို့ ငါယုံကြည်တယ်”
အားလုံးဆွံ့အသွားရ၏။ သူပြောနေသောအကြောင်းအရာမှာ စစ်သားရွေးချယ်ပွဲနှင့် မသက်ဆိုင်ပေ။ သူအဘယ်ကြောင့် ဤကဲ့သို့ ပြောနေသနည်း..
တစ်ခဏကြာပြီးသည့်နောက်တွင် အားလုံးနားလည်သွားရလေသည်။ မြို့ဟောင်းအရှင်မှာ ထိုချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်မြင်းများကို ကြောက်ရွံ့ရသောကြောင့် သူတို့ သတင်းအချက်အလက်များ ပိုရလာအောင် ကူညီပေးလိုခြင်းပင်။
“ဒါက ပြီးပြည့်စုံခြင်းမြို့ကနေလွှတ်လိုက်တဲ့ သံတမန်ပဲ .. နေရာပေါင်းစုံမှာ ကျင်းပမယ့် ရွေးချယ်ပွဲတွေမှာ ကြီးကြပ်မယ့်အပြင် အခြားအရေးကြီးတဲ့ကိစ္စတစ်ခု ရှိသေးတယ် ..” မြို့ဟောင်းအရှင်မှ ရှင်းပြနေလေ၏။
ငွေရောင်ဝတ်စုံဝတ်ထားသည့်မိန်းမပျိုလေးသည် စင်မြင့်ပေါ်သို့တက်လာကာ အားလုံးကို ကြည့်လိုက်လေ၏။ သူမသည် အလွန်ချောမောလှပသော်လည်း သူမ၏အမူအရာမှာ အနည်းငယ် အေးစက်နေလေသည်။ သူမသည် စာလိပ်တစ်ခုကို ဖြန့်ချပြီး ပြသလိုက်၏။
“မင်းတို့ ဒီလူကို မြင်ဖူးကြလား”
ထိုပန်းချီကားလိပ်မှာ တောက်ပနေပြီး လေဟာနယ်တွင် ရပ်တန့်နေလေပြီး ထူးဆန်းသည့်စွမ်းအားတစ်မျိုး စီးဆင်းနေလေသည်။ ထိုကားလိပ်တွင် အမျိုးသမီးတစ်ယောက်ရှိနေပြီး သူမသည် ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ ငွေရောင်ဆံပင်များမှာ တောက်ပနေ၏။ သူမ၏ မျက်လုံးများမှာ ကြည်လင်နေကာ သူမသည် အလွန်ပင် ချောမောလှလေသည်။
ပန်းချီကားထဲတွင်ရှိသော အမျိုးသမီးမှာ အလွန်ငယ်ရွယ်ပြီး ၁၇ ၁၈ ထက် မကျော်နိုင်ပေ။ သို့သော် သူမထံတွင် မရင့်ကျက်သည့်ပုံပန်းသွင်ပြင်များရှိမနေပဲ ထူးခြားသည့်အော်ရာများ ထွက်ပေါ်နေလေသည်။
သူမ၏ အမူအရာမှာ တည်ငြိမ်ကာ မျက်လုံးများမှာ ရေကဲ့သို့ကြည်လင်နေသော်လည်း ထိုပန်းချီကားမှ ပြင်းထန်လှသည့်ဖိအားများ ထွက်ပေါ်နေလေသည်။ အားလုံးသည် သူတို့နှလုံးခုန်နှုန်းမြန်ဆန်လာသကဲ့သို့ပင် ခံစားနေရ၏။
ဤသည်မှာ ပန်းချီကားတစ်ချပ်ပင်။ လူအစစ်သာပေါ်လာပါက ဖိအားမှာ မည်မျှပင် စွမ်းအားကြီးမည်နည်း .. ဤနေရာတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
“အရင်က သူ့ကို ဘယ်သူမြင်ဖူးလဲ” ငွေရောင်ဝတ်စုံနှင့် မိန်းမငယ်လေးမှ မေးမြန်းလိုက်၏။
“ဒီမိန်းမပျိုလေးက ဘယ်သူလဲဆိုတာ မေးပါရစေ” တစ်စုံတစ်ယောက်သည် အသံတိုးတိုးလေးဖြင့် မေးလိုက်၏။ ထိုသူမှာ အတော်လေးပင် စိတ်ရှုပ်ထွေးနေလေသည်။ ဤသည်မှာ စစ်သားရွေးချယ်ပွဲဖြစ်သော်လည်း အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာသနည်း..
အေးစက်လှသည့် နှာရှုံ့သံထွက်ပေါ်လာပြီး ထိုမိန်းမငယ်လေးသည် ထိုလူကို တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူမှာ လျှပ်စီးဖြင့်အပစ်ခံလိုက်ရသကဲ့သို့ပင် ချက်ချင်းလဲကျသွားလေသည်။
အားလုံး၏ အမူအရာမှာ ပြောင်းလဲသွားလေ၏။ ပြီးပြည်စုံခြင်းမြို့မှ ဤသံတမန်မှာ စွမ်းအားကြီးလှသည်။ အေးစက်လှသောနှာရှုံ့သံကပင်လျှင် တစ်စုံတစ်ယောက် လဲကျသွားအောင် လုပ်နိုင်လေသည်။ သူမကို ကြည့်ရသည်မှာ အသက်ကြီးပုံသိပ်မပေါ်ပေ။
မြို့ဟောင်းအရှင်မှာ ချောင်းဟန့်လိုက်ပြီး “အားလုံးပဲ စကားအများကြီး မပြောကြနဲ့ … ဒီငွေရောင်ဆံပင်နဲ့အမျိုးသမီးကို မြင်ဖူးကြလား .. ဒီကိစ္စက အရမ်းအရေးကြီးတယ်”
အားလုံးမှာ ခေါင်းရမ်းလိုက်ပြီး မတွေ့မမြင်ဖူးကြောင်း ပြလိုက်သည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ ထူးခြားသောကြောင့် သူတို့သာ သူမကို မြင်ဖူးပါက သူတို့သေချာပေါက် မေ့နိုင်မည်မဟုတ်။
“သူက ဒီနယ်မြေထဲကို ပြေးလာတာ .. မင်းတို့အားလုံး သူ့အကြောင်းသိရတာနဲ့ ချက်ချင်းသတင်းပို့ကြပါ .. ဆုအကြီးကြီးရှိနေမှာပါ” ငွေရောင်ဝတ်စုံနှင့်မိန်းမပျိုလေးပြောလိုက်ပြီး အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်၏။
အားလုံးထိတ်လန့်သွားပြီး ပန်းချီကားလိပ်ကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ကြသည်။ ငွေရောင်ဆံပင်နှင့် အမျိုးသမီးမှာ သေချာပေါက် စွမ်းအားကြီးပြီး သူတို့မျက်စိရှေ့တွင်ရှိနေသည့် သံတမန်ထက်ပင် ပို၍ အထင်ကြီးစရာကောင်းလှဿည်။
သူမကို မည်သူက ဒဏ်ရာရအောင် လုပ်ခဲ့လေသနည်း..
“ငါမင်းတို့ကိုရှင်းပြရင်တောင်မှ မင်းတို့ ဘယ်သူမှ နားလည်မှာ မဟုတ်ဘူး” ငွေရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အေးစက်စွာပင် နှာရှုံ့လိုက်ပြီ၏။ ထို့နောက်တွင် သူမကိုယ်သူမ တိုးတိုးလေး ပြောလိုက်လေသည်။ “ဒီအမျိုးသမီးက ထာဝရနန်းတော်က သခင်လေးကြောင့် ဒဏ်ရာရသွားတဲ့သူ .. သူတို့ ဆက်တိုက် တိုက်ခိုက်ပြီးတဲ့နောက်မှာ သခင်လေးက သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားအောင် လုပ်လိုက်တယ် .. ဒီလူက အရေးကြီးတယ် .. ထာဝရနန်းတော်က ပြောထားတာ သူ့ကို တွေ့ကိုတွေ့ရမယ်တဲ့ .. ဒါက တကယ်ခက်တာပဲ …”
ရှီဟောင်သည် ထိုအရာများကို ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ရလေသည်။ ထိုငွေရောင်ဆံပင်နှင့် မိန်းကလေးမှာ သခင်လေး၏ ပြိုင်ဘက်တဲ့လား..
ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ သူ အဆင့်နိမ့်နယ်မြေတွင် ရှိနေစဉ်ကတည်းက ထာဝရနန်းတော် မည်မျှကြောက်စရာကောင်းကြောင်းကို သူသိခဲ့သည်။ ဤအမျိုးသမီးသည် ထာဝရနန်းတော်နှင့် အမှန်တကယ်ပင် တိုက်ခိုက်ရဲလေသည်။
“ငါလည်း ထာဝရတောင်က အဲဒီလူနဲ့ တွေ့ရတော့မှာလား … ငါတို့လည်း စစ်ပွဲဖြစ်တော့မှာလား” ရှီဟောင် သူ၏စိတ်ထဲမှ ပြောလိုက်သည်။
ထာဝရတောင်မှသခင်လေးဟုခေါ်သည့် ထိုလူငယ်လေးသည် ယခုဤနယ်မြေသို့ ရောက်ရှိနေပြီး ထိုငွေရောင်ဆံပင်နှင့် အမျိုးသမီးကို ရှာဖွေနေသောကြောင့် ဤနေရာတွင် ဂယက်ထနေလေ၏။
“တကယ်လို့ သတင်းတစ်ခုခု ရခဲ့ရင် ချက်ချင်း သတင်းတင်ပို့ပါ” ငွေရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ပြောပြီး ထွက်သွားလေသည်။
ရှီဟောင်၏ မျက်လုံးများ ရုတ်တရက်ပင် တောက်ပသွားလေ၏။ ယခု သူ ငွေရောင်အလင်းမျှင်လေးကို တွေ့လိုက်ရသလိုပင်။ ထိုအလင်းမှာ မှုန်ဝါးနေပြီး သိပ်မဝေးပေ။
အဲဒီမိန်းကလေးလည်း ဒီကိုလာပြိုင်တာလား..
အဲဒါဆိုရင် ထာဝရတောင်ကလူလည်း ဒီနေရာမှာ ပေါ်လာလောက်တယ် …