သုခကမ္ဘာက ရှီဟောင် - Chapter - 814 သခင်ကြီးတစ်ယောက်၏ ရှားပါးသောအနုပညာ
ထိုငှက်၏ ဝိဉာဉ်စွမ်းအားမှာ ကြီးမားလှသော်လည်း အရွယ်အစားမှာမူ တစ်ပေခန့်သာရှိလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ငွေရောင်အလင်းများ စီးဆင်းနေလေ၏။ အလွန်ငယ်ရွယ်သေးသော်လည်း အားလုံးကို နားလည်နေနိုင်ခြင်းမှာ အနည်းငယ်ပင် ကြောက်စရာကောင်းနေလေသည်။ ကျောက်နက်ကဲ့သို့ နက်မှောင်လှသောမျက်လုံးများတွင်လည်း အနက်ရောင်အလင်းတန်းများ စီးဆင်းနေလေသည်။
ရှီဟောင်သည် ထိုငှက်ကို လှည့်ပတ်ကြည့်ရှုနေပြီး နောက်ဆုံးတွင် သူသည် သက်တံ့ကဲ့သို့လှပလှသည့် သူ၏အမြှီးကိုမြှောက်လိုက်သည်နှင့် ထိုငှက်၏ တစ်ကိုယ်လုံးရှိ အမွေးအတောင်များတောင်တက်သွားကာ ဒေါသတကြီး လှုပ်ခါနေလေသည်။
“မင်းက ဘာလို့အဲဒီလောက်ထိ စိတ်တိုလွယ်နေတာလဲ .. အရမ်းမလှုပ်နဲ့” ရှီဟောင်သည် ထိုငှက်နဖူးကိုတောက်လိုက်ပြီး ဒေါသထွက်အောင် စနောက်နေလေသည်။
ရှီဟောင်သည် ထိုငှက်၏ နဖူးကိုတောက်လိုက် သူ၏ငွေရောင် အမွေးအတောင်များကို ဖီးသင်ပေးလိုက် လုပ်ပေးနေလေ၏။
ဒါက တကယ်ပဲ ငွေရောင်ဖီးနစ်လား … ဤကဲ့သို့သော သက်ရှိများမှာ ရှေးခေတ်အချိန်အခါကတည်းက တွေ့ရှိရန် ခက်ခဲလေသည်။ အမှန်တကယ်သာ ငွေရောင်ဖီးနစ်ဆိုပါက ဆူပူအုံကြွမှုဖြစ်လာလိမ့်မည်။ ဂိုဏ်းကြီးများမှာ ဤအတိုင်းထိုင်နေကြလိမ့်မည်မဟုတ်။
ရှီဟောင်၏ မျက်လုံးများ အရောင်တောက်လာ၏။ သူသည် တံတွေးကို မြိုချလိုက်ပြီး ဤအကောင်သာ ငွေရောင်ဖီးနစ်ဖြစ်ပါက သူ မုတ်ဆိတ်ပျားစွဲလေပြီ။
“မင်းရဲ့အရိုးကို ကြည့်ရအောင်” သူ သူ့ကိုယ်သူ ပြောလိုက်သည်။ အပြင်ဘက်ပိုင်းကို ကြည့်ရုံဖြင့် ကောက်ချက်ချရန် ခက်ခဲလေ၏။ သူသည် နှစ်ထပ်မျက်လုံးကိုထုတ်ကာ ငှက်လေး၏ ခန္ဓာကိုယ်ထဲရှိ အရိုးကို သေချာကြည့်လိုက်သည်။
ဤငှက်လေး၏ ခန္ဓာကိုယ်ထဲသို့ မကြည့်နိုင်ဖြစ်နေ၏။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ငွေရောင်မီးတောက်များရှိနေပြီး ဆက်တိုက်ပင်လောင်ကျွမ်းနေကာ အပြင်လောကကြီးမှ အရာအားလုံးကို ပိတ်ပင်ထားလေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤငှက်လေးမှာပို၍ ပို၍ ထူးခြားလာလေသည်။ နှစ်ထပ်မျက်လုံးဖြင့်ပင် မကြည့်နိုင်သောကြောင့် အလွန်ထူးဆန်းနေလေပြီ။
“သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ သူ့ကိုအလိုအလျောက်ကာကွယ်ပေးထားတဲ့ မွေးရာပါ နတ်ရတနာများပါတာလား” ရှီဟောင်သည် ငှက်လေးကို သေချာ ဆက်လေ့လာနေလိုက်သည်။
“ဖွင့်”
ရှီဟောင်သည် တာအိုအသံကို အသုံးပြုကာ တိုးတိတ်စွာပင်အော်လိုက်၏။ သူသည် သူ၏စိတ်စွမ်းအားကိုအသုံးပြုကာ ငှက်လေး၏ အသိစိတ်ပင်လယ်ထဲသို့ဝင်ရန် ကြိုးစားခြင်းပင်။ သို့သော် ထင်မထားသည့်ကိစ္စတစ်ခု ဖြစ်ပွားခဲ့လေ၏။ သူ နောက်တစ်ကြိမ်တားဆီးခံလိုက်ရလေသည်။ ထိုငှက်၏နဖူးနောက်ပလာကာ ငွေရောင်မီးတောက်သင်္ကေတပေါ်လာလေ၏။
သူသာ အတင်းရှာဖွေလိုက်ပါက ဤငှက်လေး၏ ခန္ဓာကိုယ်ပျက်စီးသွားလိမ့်မည်။
ရှီဟောင်သည် သူ၏မေးစေ့ကိုပွတ်လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည် “သူ့မှာ စွမ်းအားကြီးတဲ့သင်္ကေတတွေနဲ့ အလားအလာတွေရှိတယ် သူ့ကိုယ်သူ ကာကွယ်နိုင်တယ် … ဒါပေမဲ့ ဘာမှ မတိုက်နိုင်ဘူးလား”
“ဟုတ်ပြီ ငါထင်တာတော့ မင်းကို ငါ့နားမှာ မွေးထားရမယ်ထင်တယ်” ထို့နောက်တွင်သူသည် နတ်ဆိုးဆန်ဆန်ပင် ရယ်မောလိုက်လေ၏။ ဤငှက်သာ ငွေရောင်ဖီးနစ်ဆိုပါက အမှန်တကယ်ပင်အံ့အားသင့်စရာကောင်းလိမ့်မည်။
ငှက်လေးမှာ အလွန်ပင် ရုန်းကန်ကာ ငြင်းဆန်နေလေ၏။
“မင်းဗိုက်ဆာနေတာလား .. ငါမင်းကို အစာကျွေးမယ်” ရှီဟောင် အိုးတစ်လုံးတွေ့လိုက်သောကြောင့် ထိုအိုးထဲသို့ အသားထည့်လိုက်ပြီး ငှက်လေးကို ကျွေးလိုက်သည်။
ထိတ်လန့်စရာကောင်းသည်မှာ ထိုငှက်သည် အစာအိုးကို ချက်ချင်းပင် အိုးကို ရှီဟောင်မျက်နှာထံသို့ ကန်ထုတ်လိုက်လေသည်။
“မင်းက ပုန်ကန်နေတာလား” ရှီဟောင်သည် အိုးကိုဖမ်းယူလိုက်ပြီး သူ၏နဖူးကို တောက်လိုက်သည်။ ရလဒ်အနေဖြင့် ထိုငှက်သည် မျက်ရည်များထွက်ကျလာပြီး သူ့ကို ဒေါသတကြီးစိုက်ကြည့်နေလေသည်။
“ဟေး မင်းကငှက်လေ မင်းဒါကိုမစားရင် မင်းကဘာစားချင်တာလဲ .. ငါ့ကိုစိုက်ကြည့်မနေနဲ့ မင်းလိုချင်တာကိုပြော .. မင်းမှာသွားမရှိလို့ မဝါးနိုင်တာလား” ရှီဟောင် ပြောလိုက်သည်။
ငှက်လေးမှာ ဒေါသထွက်နေဆဲပင်ဖြစ်ပြီး တိုက်ကြက်တစ်ကောင်နှင့်ပင် တူနေလေသည်။
“မင်းမှာ နာမည်မရှိသေးဘူးပဲ .. ငါစဉ်းစားကြည့်လိုက်ဦးမယ် ..” ဤငှက်ကိုသူ့အနားတွင် မွေးထားမည်ဖြစ်သောကြောင့် ရှီဟောင်သည် သူအကျွမ်းကျင်ဆုံးဖြစ်သည့် နာမည်ပေးခြင်းအနုပညာကို စတင်အသုံးပြုလိုက်လေသည်။
“အရင်က ငါ့မှာ နတ်ငှက်တွေ ရှိခဲ့ဖူးတယ် .. ငါသူတို့ကို နားထောင်လို့ကောင်းတဲ့နာမည်တွေ ပေးခဲ့တယ် .. မင်းဘယ်လိုမျိုး အခေါ်ခံချင်လဲ” ရှီဟောင် ထိုငှက်ကို ကြည့်လိုက်သည်။
ငွေရောင်ငှက်လေးမှာ မကောင်းသည့်ခံစားချက်များရနေပြီး သူ့ကိုသာ စိုက်ကြည့်နေလေသည်။
“ငှက်နီကြီး၊ ဒုတိယဂတုံး၊ ဘလက်ကီသုံး .. အခု မင်းအလှည့်ပဲ ငါမင်းကိုဘယ်လိုခေါ်သင့်လဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ငွေရောင်ငှက်လေးမှာ သတိလစ်တော့မတတ်ပင်။ အဲဒါတွေက ဘယ်လိုတွေတောင် ဆိုးဝါးလွန်းတဲ့နာမည်တွေလဲ .. သူက ဒီအတိုင်းပဲ နံပါတ်စဉ်တွေ တပ်ပေးမလို့လား..
“အာ .. ငါမင်းကို ဝှိုက်တီလေး လို့ပဲခေါ်တော့မယ် အဲဒါမှ သူများတွေနဲ့လည်း လိုက်ဖက်သွားမှာ” ရှီဟောင် သူ့ကိုယ်သူပြောလိုက်ကာ ထိုနာမည်ကိုပင် ထပ်ကာတလဲလဲရွတ်ပြီး ကျေနပ်နေလေသည်။ ထို့နောက်တွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “မဆိုးဘူး .. နောက်ကျရင် ဒါက မင်းနာမည်ပဲ”
ငှက်လေး၏ မျက်လုံးများမှာ ပြူးကျယ်လာကာ သူ၏ခန္ဓာကိုယ်တွင် ချွေးစေးများပင် ထွက်လာနေလေပြီ။ ဒီစုတ်ပြတ်နေတဲ့နာမည်ကြီး … ဒါက အနိုင်ကျင့်ခြင်းတစ်မျိုးပဲ .. သူ့တစ်ကိုယ်လုံး ကြက်သီးများပင် ထလာလေသည်။
“အဲဒါက ဘာအကြည့်ကြီးလဲ .. မင်းအရမ်းပျော်သွားတာလား ဒါမှမဟုတ် ဆွံ့အသွားတာလား … ဘာလို့မျက်လုံးတွေကို အဲဒီလောက်တောင် ပြူးထားတာလဲ” ဤငှက်သူ့ကို ကြည့်နေသည်ကို သတိထားမိသွားသောကြောင့် ရှီဟောင် မကျေမနပ်ဖြစ်သွားလေသည်။
ရှီဟောင် သူ့ကို ဝှိုက်တီလေးဟုခေါ်သည်ကို ဤငှက်လေးသည် မကျေနပ်သည့်ပုံပင်။ သူ၏အပြုအမူပင်ဖြစ်စေ အမူအရာပင်ဖြစ်စေ ဤနာမည်ကြီးမှာ အမှိုက်သာသာဟု ပြောနေသလိုပင်။
“ကောင်းပြီလေ မင်းကိုတော့ ချွင်းချက်လုပ်ပေးလိုက်ပါ့မယ် ..ငါတွေ့ခဲ့ဖူးတဲ့ သားရဲတွေနဲ့ငှက်တွေထဲမှာ မင်းက ဒုတိယမြောက်ထူးခြားတဲ့သူပဲ .. အဲဒါကြောင့် ငါသူတို့ကို မတူတဲ့နာမည်တွေ ပေးခဲ့တာ အဲဒီတော့ မင်းကိုလည်း ချွင်းချက်ထားပေးလိုက်ပါ့မယ်” ရှီဟောင် ပြောလိုက်၏။
ငှက်လေးမှာ သူ့ကို မကျေမချမ်းကြည့်နေပြီး သူ့ထံမှ နာမည်ကောင်းထွက်လာမည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။
“သူတို့ထဲက တစ်ယောက်က အမွေးလုံး နောက်တစ်ယောက်က အနီလေး .. အဲဒီနာမည်က သူတို့နဲ့ တော်တော်လိုက်တယ်” ရှီဟောင် သူ့ကိုယ်သူ ဂုဏ်ဖော်လိုက်လေ၏။
ငှက်လေးမှာ ဆွံ့အနေလေ၏။ ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့နာမည်တွေလဲ ..
“ဒီနေ့ကစပြီးတော့ မင်းကို ငွေရောင်လို့ခေါ်မယ်” ရှီဟောင်သည် ကျေနပ်စွာပင် ခေါင်းညိမ့်လိုက်ပြီး ဤနာမည်သည် ငွေရောင်တောက်ပနေသည့် ဤငှက်နှင့်လိုက်သည်ဟု သူခံစားနေရလေသည်။
ငှက်လေးမှာ ဘာမှမပြောတော့ပဲ လျစ်လျူရှုထားလိုက်တော့သည်။ မဟုတ်လျှင် ဤနာမည်ကြောင့် သူရူးတော့မည်။ သို့သော် နောက်ရက်များတွင် ရှီဟောင် သူ့ကိုခေါ်သည့်အချိန်တိုင်းတွင် သူ့မှာ ခံစားနေရလေ၏။
ကျင့်ကြံသူများစွာ ဤနေရာသို့ ဖြတ်သန်းသွားလာခဲ့ကြသည်။ ယွဲ့ချန်၊ လျှပ်စီး၏ကလေး၊ တန်ယိ၊ ကျန်းဂုနှင့် အခြားသူများအားလုံးမှာ ဤနေရာတွင် ပြင်းထန်သည့်တိုက်ပွဲကြီးတစ်ခုကို ချန်ရစ်ခဲ့ကာ ဆူပူအောင် လုပ်ခဲ့လေ၏။
သို့သော် သူတို့မည်မျှပင် ရှာဖွေနေပါစေ သူတို့သည် ငွေရောင်ဆံပင်နှင့်မိန်းကလေးကို ရှာမတွေ့နိုင်ကြပေ။
နောက်ဆုံးတွင် သူတို့သည် နာမည်ကြီးသည် နတ်သခင်တစ်ယောက်ကို ပင့်ဖိတ်ကာ ငွေရောင်ဆံပင်နှင့်အမျိုးသမီးမှာ ဤနေရာတွင် ရှိမရှိကို ကြည့်ခိုင်းလိုက်လေသည်။
နောက်ရက်များတွင် အခြေအနေများမှာ ပို၍ တင်းမာနေလေ၏။
ဤရက်များတွင် ‘ငွေရောင်’သည် အကြိမ်ပေါင်းများစွာ ထွက်ပြေးရန်ကြိုးစားသော်လည်း အဆုံးသတ်တွင် အမြဲတမ်း ပြန်ဖမ်းခံရလေသည်။ သူ၏ကြိုးစားမှုများမှာ အရာမထင်ပေ။
သူနောက်ဆုံးတစ်ခေါက်ကြိုးစားသည့်အချိန်တွင် ဇာမဏီရွာအပြင်ဘက်သို့ ရောက်သွားသော်လည်း လျှပ်စီး၏ကလေးနှင့် အခြားစွမ်းအားကြီးသည့်သူနှင့်ကြားမှတိုက်ပွဲနှင့် တွေ့ကြုံခဲ့ရလေ၏။ ကောင်းကင်ထက်တွင် ကြောက်စရာကောင်းသည့်လျှပ်စီးများ ပြည့်နှက်နေသောကြောင့် အဆုံးသတ်တွင်သူသည် ရှီဟောင်ထံသို့သာ ပြန်လာခဲ့လိုက်ရလေသည်။
ရှီဟောင်သည် ထိတ်လန့်နေသည့်ပုံစံဖြင့် သူ၏မေးစေ့ကိုပွတ်ကာ ကြည့်နေသောကြောင့် ငွေရောင်၏ ခန္ဓာကိုယ်တစ်ခုလုံး သက်သောင့်သက်သာမရှိတော့ပဲ သူ၏မျက်လုံးဝိုင်းကြီးများမှာ သူ့ကို မကျေနပ်သည့်အကြည့်ဖြင့် ကြည့်နေလေသည်။
“မင်းရဲ့ပုံစံက သိပ်ပြီးတော့ ပုံမှန်မဟုတ်ဘူး .. တစ်ခြားသူတွေမင်းကို တွေ့သွားရင်ဘယ်လိုလုပ်မလဲ .. ပြဿနာတွေကို ရှောင်ရှားနိုင်အောင်လို့ မင်းပုံစံကို ပြင်ပေးမှဖြစ်မယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
ငွေရောင်လေးသည် ထိုစကားကို စကြားလိုက်သည့်အချိန်တွင် သဘောတူကြောင်းပြသည့်အနေဖြင့် သူ၏မျက်လုံးဝိုင်းကြီးများကို မှိတ်ပြလိုက်လေသည်။ သူသည် နာခံသည့်ပုံစံပင် ပြနေသေး၏။
သို့သော် နောက်ပိုင်းတွင်ဖြစ်ပျက်လာသည်မှာ ပြင်းထန်သည့်ပုန်ကန်မှုပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အရိုးအမွှေးညှပ်တစ်စုံယူလာပြီး သူ၏ခန္ဓာကိုယ်ကို လာရောက်တိုက်ခိုက်နေသောကြောင့်ပင်။ အမွေးများမှာ နေရာအနှံ့တွင် ပျံ့ကျဲသွားပြီး မြေပြင်ပေါ်တွင် ငွေရောင်အပုံလိုက် ဖြစ်သွားလေသည်။
သူအားကုန်သုံးကာ ရုန်းကန်သော်လည်း အသုံးမဝင်ပေ။ ဒါကဘာပုံစံပြောင်းတာလဲ .. သူ့ရဲ့ ပုံပန်းသွင်ပြင်ကို ဖျက်ဆီးတာပဲ .. ငွေရောင်၏ မျက်လုံးမှာ မီးတောက်များထွက်ပေါ်လာပြီး သူ၏ဒေါသများမှာလည်း အဆုံးစွန်ထိပင် ရောက်နေလေပြီ။
“မဆိုးပါဘူး .. မင်းကျေနပ်လား” တစ်ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် ရပ်တန့်လိုက်ကာ မှန်တချပ်ယူပြီး ငှက်ရှေ့ထောင်ပြလိုက်လေသည်။
ငွေရောင်မှ မှန်ထဲမှ သူ၏ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ကမ္ဘာကြီးချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျမတတ်ပင်။ ထို့နောက်တွင် သူသည် ရှီဟောင်ထံသို့ ပြေးဝင်သွားပြီး သူ့ကို တိုက်ခိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လှပသောအမွေးအားလုံးမှာ ဖရိုဖရဲဖြစ်အောင် အညှပ်ခံထားရပြီး သည်းခံ၍မရနိုင်လောက်အောင်ပင် ဆိုးဝါးနေလေ၏။ သူ၏ပုံစံမှာလည်းအလွန်ပင် ပြောင်းလဲသွားလေပြီ။ သူ၏အမြင်တွင် သူအလွန်ရုပ်ဆိုးသွားလေပြီ။
“ငါနင့်ကိုသတ်မယ်”
ရှီဟောင်သည် သာယာသော်လည်း အလွန်ပင်ဒေါသထွက်နေသည့်အမျိုးသမီးတစ်ယောက်၏အသံကို ကြားလိုက်ရသလိုပင်။ သူသည် ငွေရောင်ဘက်လှည့်ကာ အံ့အားတကြီးကြည့်လိုက်၏။
ငှက်လေး၏အမွေးများအားလုံးထောင်ထနေပြီး သူသည် အမှန်တကယ်ပင် စိတ်တိုနေကာ သူ၏မျက်လုံးများမှ ငွေရောင်မီးတောက်များ ထွက်ပေါ်နေလေသည်။
“မင်းအတွက် မကောင်းဘူးလား .. အရင်က မင်းပုံစံက အရမ်းကို အာရုံဖမ်းစားနိုင်တယ် … ငါမင်းကို နောက်ဆုံးအချောသတ်ပေးမယ်” ရှီဟောင်သည် ထိုငှက်၏ ဒေါသများကို လျစ်လျူရှုကာ ငှက်ကိုမလိုက်ကာ အရိုးမွေးညှပ်ဖြင့် စတင်လုပ်ဆောင်နေလေသည်။
“ပြီးပြီ” နောက်ဆုံးတွင် သူသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။ သူသည် အလွန်ပင်ကျေနပ်နေလေ၏။ သူသည် အရိုးမွေးညှပ်ကိုဖယ်လိုက်ပြီး ငှက်ကို မှန်ရှေ့ချပေးလိုက်လေသည်။
ငွေရောင်မှာ မျက်လုံးပင် မဖွင့်ရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ခေါက်မှာ ပိုဆိုးနေသောကြောင့်ပင်။ သူ၏ တောက်ပကာလှပလှသော အမြှီးပိုင်းရှိအမွေးများနှင့် ဦးခေါင်းထိပ်တွင်ရှိသည့် အမွေးများအားလုံးအညှပ်ခံလိုက်ရသည်ကို သူခံစားမိသောကြောင့်ပင်။
“စိတ်လျော့ ဒီတစ်ခေါက် အရမ်းလှသွားပြီ .. မင်းကျေနပ်စေရမယ်လို့ ငါအာမခံတယ် .. တစ်ခြားသူတွေမင်းကို မြင်ရင် မင်းက ငွေရောင်ဖီးနစ်ဆိုတာ ဘယ်သူမှ မှတ်မိမှာမဟုတ်ဘူး” ရှီဟောင်သည် ယုံကြည်ချက်ရှိရှိပင် ပြောလိုက်လေ၏။
ငွေရောင်မှာ ထိုစကားကိုကြားလိုက်ရသည်နှင့် သူ၏ခေါင်းမိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။
“မြန်မြန်ကြည့်လိုက် … ငါ့စကေးတွေက ဒီကမ္ဘာမှ အကောင်းဆုံးပဲ .. ဒီတစ်ခေါက်တော့ ခြောက်ပစ်ကင်းသဲလဲစင်ပဲ” ရှီဟောင် ပြောလိုက်၏။
ငွေရောင်သည် သူ၏ မျက်လုံးတစ်ဖက်ကို တိတ်တိတ်လေးဖွင့်ကြည့်လိုက်၏။ မည်သည့်ပုံစံထွက်လာမည်မှန်းမသိသော်လည်း သူဖွင့်ကြည့်ရမည်သာ။
သူ၏ လှပသော အမွေးများအားလုံးနီးပါး အဖြတ်ခံလိုက်ရသောကြောင့် သူသည် တုံးလုံးနီးပါးပင်ဖြစ်နေလေသည်။
“မင်းမှာ တကယ်ကို အမြင်မရှိဘူးပဲ … အနုပညာကို ဘယ်လိုလေးစားရမလဲဆိုတာ မင်းမသိဘူးလား” ရှီဟောင် ခေါင်းခါလိုက်ကာ ပြောလိုက်၏ “မင်းအခု တစ်ခြားလူမျိုးစုတစ်ခုလိုမျိုး လုံးဝကို ပြောင်းလဲသွားပြီလို့ မင်းမထင်ဘူးလား .. ဘယ်သူမှ မင်းကို မှတ်မိမှာ မဟုတ်တော့ဘူး”
အမှန်တကယ်ပင် …သူသည် ငွေရောင်ဖီးနစ်မှ ခိုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ ရှုပ်ပွသောအမွေးအတောင်များနှင့် ရုပ်ဆိုးသောခိုတစ်ကောင်ပင်။ ပြောင်းလဲမှုကြီးမှာ ကြီးမားလွန်းလှသည်။
“ဒါက လုံးဝကို ထူးခြားတဲ့အလုပ်ပဲ .. ငါ ကိုယ့်ကိုကိုယ်မလေးစားပဲ မနေနိုင်တော့ဘူး” ရှီဟောင်သည် ရယ်မောကာ ပြောနေလေ၏။ “သခင်ကြီးတစ်ယောက်ရဲ့ ရှားပါးတဲ့ အနုပညာလက်ရာပဲ”
ငွေရောင်၏ မျက်လုံးများတွင် မီးတောက်များ ထွက်ပေါ်လာ၏။ ကံမကောင်းစွာဖြင့်ပင် ယခုအချိန်တွင် သူသည် အဖိုးတန်ပညာများကို အသုံးမပြုနိုင်သေးပေ။ မဟုတ်ပါက သူ့ရှေ့မှလူ နာကျင်စွာ အော်ဟစ်ငိုယိုသည်အထိ မီးလောင်တိုက်သွင်းပစ်မည်။
“ဘာလဲ .. မဆိုးပါဘူး ဟုတ်တယ်မလား” ရှီဟောင် မေးလိုက်သည်။
“လုံးဝကို ဆိုးရွားနေတာကို” ဒေါသထွက်နေသည့် လှပသည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။
“စိတ်မပူပါနဲ့ နောက်ရက်နည်းနည်းလောက်မှာ မင်းရဲ့ငွေရောင်အမွေးတွေ ထပ်ပေါက်လာရင်တောင် မင်းက ခိုနဲ့ပဲ တူဦးမှာ .. အဲဒီအချိန်ကျရင် ငါမင်းကိုဒီကနေ ခေါ်သွားလို့ရပြီ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး” ရှီဟောင် ယုံကြည်ချက်ရှိရှိပင် ပြောလိုက်၏။ ထို့နောက်တွင် သူထပ်ပြောလိုက်သည်မှာ “မင်းနောက်ကျရင်အသားကျသွားမှာပါ ..ငါ နောက်တစ်ခေါက်ကျရင်လည်း ထပ်လုပ်ပေးမယ်လို့ ကတိပေးတယ်”
နောက်တစ်ခေါက် ရှိဦးမှာလား..
ငွေရောင်မှာ အမှန်တကယ်ပင် ဒေါသထွက်ကာ နောင်တရနေလေ၏။ သူ၏ ကျောက်နက်နှင့်တူသော မျက်လုံးများတွင် ငွေရောင်မီးတောက်များထွက်ပေါ်နေပြီး သူ၏အရှေ့မှ အရူးကို တောင်ထဲသို့ပစ်ချပြီး နှစ်ငါးရာပိတ်လှောင်ထားချင်မိသည်။