သုခကမ္ဘာက ရှီဟောင် - Chapter - 816 ဖိန်းကျွန်း
ရှီဟောင်သည် ဖိန်းကျွန်းသို့သွားရန်အတွက် ပြင်ဆင်လိုက်သည်။
ထွက်မသွားခင် သူစုံစမ်းစရာလေး ရှိနေသေး၏။ သူသည် ကောလဟာလအချို့ကို နားထောင်ကာ ပြန်မေးမည်။ ပြီးလျှင် ဖိန်းကျွန်းအကြောင်း ပိုသိနိုင်ရန်အတွက် ကျွန်းအကြောင်းမှတ်တမ်းတင်ထားသည့်အရိုးစာအုပ်များအားလုံးကို ဝယ်ယူမည်။
“အဲဒီနေရာက အရမ်းအန္တရာယ်များတယ် .. အဲဒီမှာအခွင့်အရေးကောင်းတွေရှိပေမယ့် သွားတဲ့လူ ၈၀ ရာခိုင်နှုန်းလောက် သေကြတယ်”
ဤသည်မှာ ကြီးမားလှသည့်မြို့တွင်ရှိသည့် ရွှေ့ပြောင်းခြင်းအစီအရင်ကို စောင့်ကြပ်နေရသည့် မီးခိုးရောင်ဆံပင်နှင့် အဖိုးကြီးမှ ပြောလိုက်ခြင်းပင်။ သူ၏ ပုံပန်းသွင်ပြင်မှာ ပိန်ပါးပြီး အကြည့်များမှာလည်း မှုန်ဝါးဝါးပင်။ သူသည် အားလုံးကို ဤကဲ့သို့ သတိပေးနေလေ၏။
ဖိန်းကျွန်းသည် ဒြပ်စင်ငါးခုစီရင်စုအတွင်းတွင်ရှိသော်လည်း အစွန်အဖျားတွင် ရှိနေခြင်းပင်။ ထိုနေရာသို့သွားချင်လျှင် ယခုကဲ့သို့ ရှုပ်ထွေးကာ ထူးဆန်းသည့် ကြီးမားလှသောပြောင်းရွှေ့ခြင်းအစီအရင်ကို လိုအပ်လေသည်။
ယခုကဲ့သို့ အဆင့်မြင့်ရွှေ့ပြောင်းခြင်းအစီအရင်ကို ဂိုဏ်းကြီးအချို့မှသာ ပိုင်ဆိုင်ထားလေသည်။
ဤတစ်ခုမှာ အစိမ်းရောင်လေးဖြစ်ပြီး ထူးဆန်းသည့်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းပင်။ ထိုကျောက်မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးကာ ထူးဆန်းသည့်သင်္ကေတများကို ထွင်းထုထားလေ၏။ ထိုအစီအရင်ကို ရှေးဟောင်းမူလအရိုးတစ်ခုဖြင့် အသက်သွင်းရလေသည်။
ယဇ်ပုလ္လင်ကြီးတောက်ပလာကာ ရွှေရောင်သားရဲအရိုးကြီး ပြိုကွဲသွားလေ၏။ ထို့နောက် ခရမ်းရောင်ငှက်အရိုးနှစ်ခု ပြိုကွဲသွားလေသည်။ ဤယဇ်ပုလ္လင်ကို အသုံးပြုရန်အတွက် အဖိုးတန်သည့်အရိုးများစွာကို စတေးရလေသည်။ သာမန်ဂိုဏ်းတစ်ခုမှဆိုလျှင်ပင် ဤပစ္စည်းများကို တတ်နိုင်မည်မဟုတ်ပေ။
ဝုန်း ဟူသောအသံနှင့်အတူ လေထဲတွင် သင်္ကေတများ ပြည့်နှက်သွားပြီး အစီအရင်ကြီးလည်း စတင်အသက်ဝင်လာကာ လေထဲတွင် အစိမ်းရောင်လမ်းကြောင်းတစ်ခု ပေါ်လာလေ၏။
ထိုတောက်ပနေသည့်လမ်းကြောင်းအတွင်းတွင် သွားလာနေသည့်သူများစွာရှိပြီး သူတို့အားလုံးမှာ ဖိန်းကျွန်းသို့ ဦးတည်သွားနေခြင်းပင်။ အချို့သူများမှာ လေ့လာရန်အတွက် သွားရောက်ခြင်းဖြစ်ပြီး အချို့သူများမှာလည်း ရက်စက်သည့်ရာဇဝတ်သားများကို လိုက်ပါပို့ဆောင်ရန်ပင်။
အစိမ်းရောင်လမ်းကြောင်းမှာ အလွန်ပင်တည်ငြိမ်နေပြီး လီပေါင်း သန်းပေါင်းများစွာ ဝေးကွာသည့်နေရာနှင့် ချိတ်ဆက်ထားလေသည်။ ဤလူများမှာ တစ်ယောက်ပြီးတစ်ယောက် အစဉ်လိုက် ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် သူတို့သည် တောက်ပနေသည့် တံခါးကြီးရှေ့သို့ ရောက်လာကြလေသည်။
“ဒီတစ်ခေါက် လူတွေ သိပ်မများပါဘူး” ဂိတ်ရှေ့တွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ မတော်တဆမှုများမဖြစ်စေရန်အတွက် အစောင့်တစ်ယောက် ဤနေရာတွင် စောင့်ကြပ်နေလေသည်။
“အရင်တစ်ခေါက်တုန်းက လူပေါင်း တစ်သောင်းကျော်ရောက်လာတာ .. နှမြောစရာကောင်းတာက ဝင်သွားတဲ့သူတော်တော်များများက ပြန်ထွက်မလာနိုင်ကြတော့ဘူး” အကြီးတစ်ယောက်မှ သက်ပြင်းချလျက် ပြောလေ၏။
ဤအစီအရင်မှ လတိုင်း၏ လတစ်ဝက်မှ အသက်သွင်းခြင်းဖြစ်ပြီး လူပေါင်းထောင်ကျော်ရှိမှသာ အသက်သွင်းခြင်းပင်။ မဟုတ်ပါက ဂိုဏ်းကြီးများပင်လျှင် အသက်သွင်း၍ကုန်ကျသည့်စရိတ်ကို တတ်နိုင်မည်မဟုတ်။
ရှီဟောင်လမ်းကြောင်းအတွင်းမှ ထွက်လိုက်ပြီး ခေါင်းမော့ကာဘေးပတ်လည်ကို ကြည့်လိုက်သည်။ ကောင်းကင်ကြီးမှာ မှုန်မှိုင်းနေပြီး ဖိအားအနည်းငယ်ကို ခံစားနေရ၏။ ဤနေရာတွင် တစ်နှစ်ပတ်လုံး နေမထွက်ပဲ မြူများသာ အုံ့ဆိုင်းနေလေသည်။
ဖိန်းကျွန်း .. ကျွန်းဟုခေါ်သော်လည်း သူသည် ပင်လယ်ထဲတွင် ရှိနေခြင်းမဟုတ်ပဲ ကောင်းကင်ထက်တွင် ပေါလောဖြစ်နေပြီး အောက်သို့လည်း ပြုတ်ကျမလာပေ။
“မင်းတို့ ဒီကနေ မမြင်ရသေးဘူး .. ကျွန်းထဲကို မရောက်ခင် မြူတွေကြားထဲကနေ လီရှစ်ရာလောက် ဖြတ်သွားရဦးမှာ” လှေသမားမှ ပြောလိုက်၏။ သူသည် ခရီးသည်များကို ပို့ဆောင်ရန် ရောက်လာခြင်းပင်။
“လီရှစ်ရာပဲကို ငါတို့အဲဒီကို ပျံသွားလို့ရတယ် .. ငါတို့က ဘာလို့ လှေသမားလိုအပ်မှာလဲ” တစ်စုံတစ်ယောက်မှ ခနဲ့လိုက်၏။ ပြောပြီးသည်နှင့် သူသည် အဖိုးတန်ပစ္စည်းတစ်ခုပေါ်သို့ တက်လိုက်ပြီး လျင်မြန်စွာပင် ဤနေရာမှ ထွက်ခွာသွားလေသည်။
သို့သော် လီပေါင်း ၂၀ ကျော်ခန့်သွားပြီးသည့်နောက်တွင် ကြောက်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာလေသည်။
“မြူတွေရှိနေတဲ့ လီပေါင်း ရှစ်ရာက အရမ်းကြောက်စရာကောင်းတယ် … သာမန်လူတွေ ဖြတ်သွားနိုင်မှာမဟုတ်ဘူး” နောက်ထပ်လှေသမားတစ်ယောက် ရောက်လာလေ၏။
အားလုံးထိတ်လန့်သွားကြလေသည်။ မြူဆိုင်းနေသည့် နယ်မြေကြီးမှာ ပုံမှန်မဟုတ်ပေ။ ပျံသန်းသွားသည့်လူများအားလုံးမှာ အရိုးများကျိုးကာ အသားများစုတ်ပြဲလျက် ပြန်ရောက်လာကြလေသည်။ သူတို့၏ ဒဏ်ရာများမှာ ပြင်းထန်လှလေ၏။
“အသက်ရှင်လျက် ပြန်ရောက်လာနိုင်တာကပဲ မဆိုးလှဘူး .. အထဲဘက်မှာ ပြောပြလို့မရတဲ့အန္တရာယ်တွေ အများကြီးရှိတယ်” အကြီးအကဲမှ ပြောလိုက်သည်။
နောက်ဆုံးတွင် အားလုံးမှာ တွေဝေမနေတော့ပဲလှေများပေါ်သို့ တက်လိုက်ကာ ကျွန်းသို့သွားရန်အတွက် လုံခြုံသည့်နည်းလမ်းကိုသာ ရွေးချယ်လိုက်ကြတော့၏။
ရှီဟောင်လည်း ထို့အတူပင်။ လှေပေါ်တွင် ရပ်နေပြီး ဘေးပတ်ဝန်းကျင်ကို သေချာလေ့လာနေလိုက်သည်။ အရှေ့ဘက်တွင် မြူများ ပို၍ထူထပ်လာပြီး မြင်ကွင်းများကိုပင် ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့ပေ။ လမ်းပြသာမရှိပါက သူတို့အလွယ်တကူ လမ်းပျောက်သွားနိုင်သည်။
လှေကြီးမှာ ရေထဲတွင် သွားနေခြင်းမဟုတ်ပဲ လေထဲတွင် ပျံသန်းနေခြင်းပင်။ ဤလှေကို ဖိန်းကျွန်းရှိ အထူးပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် သူသည် လျှပ်စီးအလင်းတန်းများ ထွက်ပေါ်နေကာ လေထဲကို ဖြတ်သန်းသွားလာနိုင်လေသည်။
“အဲဒါက ဘာကြီးလဲ”
တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ ကျန်းတစ်ရာခန့်ဝေးသည့်နေရာတွင် မီးအိမ်နှင့်တူသည့် မျက်လုံးနီကြီးနှစ်လုံးပေါ်လာလေသည်။ ထိုမျက်လုံးများမှာ အေးစက်သည့်အလင်းတန်းများ ထွက်ပေါ်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့်လည်း ဖုံးလွှမ်းနေလေသည်။
ဤသည်မှာ မြူဆိုင်းသည့်နယ်မြေတွင်ပျံသန်းသွားလာနိုင်သည့် သက်ရှိကြီးပင်။ သူသည် လှေပေါ်ရှိသူများအားလုံးကို စိုက်ကြည့်နေလေသည်။
“အားလုံးပဲ ဒီခရီးက တန်တယ်လို့ တွေးလိုက်တယ်မလား .. ကိုယ့်ဘာသာကိုယ်သာ ပျံလာရင် အဆုံးမရှိတဲ့ အန္တရာယ်တွေက စောင့်ကြိုနေမှာ” လှေသမားမှ ပြောလိုက်၏။ သူသည် လှေပေါ်တွင်ရှိသည့် အရိုးမီးအိမ်ကို မီးညှိလိုက်သည်နှင့် ထူးဆန်းစွာပင် ထိုအနီရောင်မျက်လုံးကြီးပြန်မှိတ်သွားပြီး ထူးဆန်းသည့်အကောင်ကြီးမှာ တိတ်ဆိတ်စွာပင် အနောက်ပြန်ဆုတ်လိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပျောက်ကွယ်သွားလေသည်။
လှေမှာ နှေးကွေးလွန်းစွာပင် သွားနေလေသည်။ သူသည် အန္တရာယ်ရှိသည့် နေရာအချို့ကို ရှောင်ကွင်းသွားလာနေသောကြောင့် အားလုံးမှာ အတော်ပင် အံ့အားသင့်သွားရလေ၏။
ရှီဟောင်သည် လေပေါ်တွင် ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။ သူ၏စိတ်ထဲတွင် ဝိဉာဉ်တစ်သောင်းသင်္ကေတပေါ်လာကာ သူသည် အချိန်ဖြုန်းမနေပဲ ထိုသင်္ကေတများကို တိတ်ဆိတ်စွာပင် လေ့လာနေလိုက်သည်။ သူ၏ခွန်းအားများကို တိုးတက်အောင် ပြုလုပ်နေမှသာ သူသည် ဤကမ္ဘာကြီးတွင် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာနိုင်မည်ကို သူသိနေသည်။
အဆင့်မြင့်နယ်မြေတွင် သူသည် ခွန်ပန်နှင့် သိသာထင်ရှားသည့်မည်သည့် အဖိုးတန်နည်းလမ်းကိုမှ မသုံးပြုမည်မဟုတ်။ မဟုတ်ပါက သူမည်သူဖြစ်သည်ကို အခြားသူများ အလွယ်တကူပင် သိသွားလိမ့်မည်။
ဝိဉာဉ်တစ်သောင်းသင်္ကေတမှာ မကောင်းသည့်အရာကို မှော်ဆန်သည့်အရာဖြစ်သွားအောင် ပြောင်းလဲပေးနိုင်သည့်အရာပင်။ ထိုသင်္ကေတများကို ရှီဟောင်နားလည်လေ သူပို၍ အေးချမ်းသည်ဟု ခံစားရလေပင်။ သူပြန်ရှင်သန်လာပြီးသည့်နောက်ပိုင်းတွင် ထိုသင်္ကေတများကိုသာ အချိန်တိုင်းလေ့လာနေခဲ့သည်။
“ငါတို့ရောက်ပြီ” အချိန်များစွာ ကြာပြီးသည့်နောက်တွင် လှေရပ်သွားပြီး လူများလည်း တစ်ယောက်ပြီးတစ်ယောက် လှေပေါ်မှ ဆင်းသွားကြလေသည်။
“နောက်ဆုံးတော့ ရောက်ပြီ .. ဒါက ဒဏ္ဍာရီလာ ဖိန်းကျွန်းပဲ .. ဒါက တကယ်ကြီးတာပဲ အနည်းဆုံးတော့ လီတစ်သောင်းလောက် ရှိလောက်တယ် .. ငါ ထူးဆန်းတဲ့စွမ်းအားကို ခံစားနေရတယ်”
“ဒါက ငါပိုထူးချွန်လာဖို့ လေ့ကျင့်ရမယ့်နေရာပဲ .. ငါသန်မာလာမယ့်လမ်းကြောင်းကို ဒီကနေစတင်မယ်”
လူငယ်လေးမှ နူးညံ့စွာ ပြောလိုက်၏။ သူတို့အားလုံးမှာ စိတ်လှုပ်ရှားနေကြလေသည်။
ထိုအချိန်တွင် အသက်အနည်းငယ်ကြီးသည့်သူများမှာ စကားသိပ်မပြောပဲ ဘေးပတ်ဝန်းကျင်ကိုသာ သေချာဂရုစိုက်ကြည့်နေလေ၏။
လှေပေါင်းများစွာမှာ ကမ်းစပ်နားသို့ တစ်စီးပြီးတစ်စီးရောက်လာကာ လူပေါင်း ထောင်ပေါင်းများစွာမှာ ကမ်းခြေပေါ်သို့ တစ်ချိန်တည်းရောက်လာကြလေသည်။
ဤလူအုပ်ကြီးထဲမှ အချို့သူများမှာ ထူးခြားနေသည်ကို ရှီဟောင် သတိပြုမိသည်။ ထိုသူများမှာသူတို့၏ သွေးစွမ်းအင်များကို ထိန်းချုပ်ထားကြလေသည်။ သူတို့မှာ စွမ်းအားကြီးသူများဖြစ်ပြီး နတ်မီးတောက်များ ရရှိပြီးသွားလောက်လေပြီ။
ထိုသူများအပြင် ထိတ်လန့်နေသည့်အချို့လူငယ်လေးများလည်း ရှိနေလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုသူများ၏အရည်အချင်းများမှာ အထင်ကြီးစရာကောင်းမှန်း သူပြောနိုင်သည်။ ထို့အပြင် သူတို့အားလုံးတွင် သူတို့ကို ကာကွယ်ပေးနေသည့် စွမ်းအားကြီးသည့်အစေခံများလည်း ပါလာကြလေသည်။
“သူတို့တွေက ပုန်းနေကြတဲ့ ‘ထူးခြားစွမ်းရည်’ ရှိတဲ့သူတွေများလား” ရှီဟောင် အံ့အားသင့်နေရ၏။ သားရဲအုပ်စုတွင် နဂါးများပုန်းနေသကဲ့သိုပင် အလွန်ထူးခြားသည် လူငယ်လေး တစ်ယောက် နှစ်ယောက်ကို သူတွေ့လိုက်ရသည်။
“ဟား ဟား နောက်ဆုံးတော့ရောက်ပြီ .. ဒီနေရာကအန္တရာယ်များတယ်ဆိုပေမယ့် သဘာဝအခွင့်အရေးတွေ ရှိနေတဲ့နေရာပဲ .. ငါ ဒဏ္ဍာရီလာထာဝရအုတ်ဂူကို ရှာပြီးတော့ ပြိုင်ဘက်မရှိတဲ့ ခန္ဓာကိုယ်ကို ဖန်တီးနိုင်ဖို့ ထာဝရသွေးကိုသုံးမယ်” ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် လူငယ်လေးမှ ကျယ်လောင်စွာပင် ရယ်မောလိုက်လေသည်။
လူများစွာမှာ သူ့ဘက်သို့လှည့်လိုက်ပြီး နှာရှုံ့ကြလေသည်။
“မင်းတို့အားလုံးက ဘာကြည့်နေကြတာလဲ” လူငယ်လေး အော်ဟစ်လိုက်၏။ ထို့နောက်တွင် ကြီးမားလှသည့်သွေးစွမ်းအင်လှိုင်းကြီးထွက်ပေါ်လာကာ ကြီးမားလှသည့်သားရဲပုံရိပ်တစ်ခု သူ၏အနောက်တွင် ပေါ်ထွက်လာလေသည်။ ထိုသားရဲကြီးမှာ ကြမ်းတမ်းကာ သူ၏အော်ရာမှာ အားလုံးကို ဖိနှိပ်သွားလေ၏။
“ဘာ .. တိုတိုင်းကြီး” အားလုံး ထိတ်လန့်သွားကြပြီး နောက်ဆုတ်သွားကြလေသည်။ သူတို့အားလုံးသည် ကြက်သီးများပင် ထလာကြလေသည်။
ဤလူငယ်လေးမှာ တိုတိုင်းဖြစ်ပြီး သူ၏အနားတွင် အစေခံအိုကြီးများစွာ ရှိလေသည်။ သူတို့အားလုံး၏ မျက်လုံးများမှာ နက်ရှိုင်းနေကြပြီး သူတို့သည် စကားတစ်လုံးမှ မပြောပဲ သူ့ကိုကာကွယ်ပေးကြလေ၏။
တိုတိုင်းကြီးမှာ စွမ်းအားအကြီးဆုံးသက်ရှိတစ်မျိုးဖြစ်ပြီး ကမ္ဘာကြီးကိုပင်ဝါးမြိုပစ်နိုင်လေသည်။
“ဟွန့်” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက်မှ နှာမှုတ်လိုက်လေသည်။ ဤလူငယ်လေးမှာ ရွှေရောင်အမွေးအတောင်များပါသည့် ဝတ်စုံကိုဝတ်ဆင်ထားပြီး ရွှေရောင်အလင်းတန်းများလည်း သူ့အနားမှ ထွက်ပေါ်နေလေသည်။
“ရှေးဟောင်း ရွှေလုအန်လူမျိုးစုက လူငယ်လေး” တစ်စုံတစ်ယောက်မှ အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ ဤသည်မှာလည်း စွမ်းအားကြီးသည့် လူမျိုးစုတစ်ခုဖြစ်ပင်ဖြစ်သည်။
“မင်းက ဘာဖြစ်ချင်တာလဲ .. ငါတို့ကျွန်းပေါ်မှာ ခဏနေရင် ပြန်တွေ့ကြမှာပါ” တိုတိုင်းလူငယ်လေးမှ ကျယ်လောင်စွာပင် ရယ်မောလိုက်လေသည်။
“ကြည့်ရတာ ဒီတစ်ခေါက်လာတဲ့လူတွေက မရိုးရှင်းဘူးထင်တယ်” လူကြီးပိုင်းမှ တစ်ယောက်မှ မှတ်ချက်ပေးလိုက်လေသည်။
ရောက်လာကြသည့်လူမျိုးစုများအားလုံးမှာ အထင်ကြီးစရာကောင်းသည့် ပုံရိပ်များပင်။
အမှန်တကယ်တွင် ရှီဟောင်သည်လည်း သူတို့သည်သာမန်မဟုတ်မှန်း သတိထားမိ၏။ နတ်မီးတောက် တောက်လောင်နေသည့် သက်ရှိများအပြင် သူအာရုံစိုက်နေမိသည်မှာ တိတ်ဆိတ်နေသည့်လူငယ်လေးကိုပင်။
ထိုသူ၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေပြီး မျက်လုံးများလည်း အရောင်မှေးမိန်နေ၏။ သူ့ကြည့်ရသည်မှာ အနည်းငယ်စိတ်ဓာတ်ကျနေသလိုပင်။ သူသည် အစကတည်းက ဘာမှဝင်မပြောသော်လည်း ဤလူသည်အလွန်ကြောက်စရာကောင်းမှန်း ရှီဟောင်ခံစားနေရသည်။
“သွားကြစို့ ကျွန်းဆီကို သွားကြစို့”
လူပေါင်းများစွာမှာ ကျွန်းထံသို့ အတူတူပင် ဦးတည်သွားလိုက်ကြသည်။ ဤနေရာတွင် အပင်များသိပ်မရှိပေ။ တစ်နှစ်ပတ်လုံး မြူများဆိုင်းနေသောကြောင့် ကမ္ဘာမြေကြီးမှာ ခြောက်သွေ့ကာ မာကျောနေပြီး အချိန်နှင့်အမျှ ကျောက်တုံးကြီးများကို တွေ့နေရလေသည်။
ဖိန်းကျွန်းကို နှစ်ပိုင်းခွဲထားပြီး တစ်ခြမ်းမှာ အကျဉ်းထောင်ဖြစ်ကာ အခြားတစ်ခြမ်းမှာ အန္တရာယ်များသည့်နေရာပင်။
ယခုအချိန်တွင် သူတို့ အကျဉ်းထောင်ကို မြင်နေရလေပြီ။ ထိုနေရာမှာ မှောင်မဲနေပြီး အဆောက်အဦးများမှာ အနက်ရောင်နှင့် အခြားအဖိုးတန်သည့်ပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်းပင်။
ထိုနေရာတွင် စွမ်းအားကြီးသည့်သူများနှင့် နတ်ဆိုးများကို ဖမ်းဆီးချုပ်နှောင်ထားလေ၏။ ထိုနေရာတွင် ကောင်းကင်နတ်ဘုရားများပင် ရှိနေလေသည်။
“မြန်မြန်သွား”
သူတို့အကျဉ်းထောင်နားနီးလာသည့်အချိန်တွင် သင်္ကေတများ စီးဆင်းနေသည့် ကြာပွတ်ရှည်များကို ကိုင်ဆောင်ထားသည့် အကျဉ်းဦးစီးကို တွေ့လိုက်ရ၏။ သူတို့သည် ခြေများ လက်များနှင့် ကျင့်ကြံခြင်းများကိုပင် ပိတ်သိမ်းခံထားရသည့် လူတစ်အုပ်ကို မိုင်းတွင်းသို့ခေါ်သွားနေခြင်းပင်။
ဖိန်းကျွန်းရှိအနက်ရောင်အကျဉ်းထောင်ထဲသို့ ရောက်သွားသည်နှင့် ပြန်လွတ်လမ်းမရှိတော့ပေ။
ဝမ်းနည်းစရာကောင်းသည်မှာ ဤနေရာသို့ ရောက်လာပြီးသည်နှင့် ကျွမ်းကျင်သူများအားလုံးမှာ အလုပ်ကြမ်းသမားအဖြစ် ပြောင်းလဲသွားပြီး ကျိန်စာသင့်နေသည့်နယ်မြေများထဲသို့ သွားရလေသည်။
“ပြောကြတာတော့ အရင်က ဖိန်းကျွန်းက အဆင့်လွန်နတ်ဆိုးတွေ နေတဲ့နေရာတဲ့ .. ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက သူက ဂိုဏ်းအားလုံးကို ရှင်းပစ်ခဲ့ပြီး အဆင့်လွန်ဖြစ်ခဲ့တာတဲ့ .. သူအသက်ကြီးလာတဲ့အချိန်မှာ သူက ဒီကမ္ဘာကြီးရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ပြီးတော့ ကျော်လွန်ချင်တာတဲ့ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ထာဝရတာအိုရဲ့ သဘာဝဥပဒေသတွေကိုပဲ စိတ်ဝင်စားသွားတာ .. အဲဒီအချိန်မှာ လျှပ်စီးတွေကျလာပြီးတော့ အဖိုးတန်ဆေးပင်တွေ ဝိဉာဉ်ပစ္စည်းတွေ ပေါများလှတဲ့ မြင့်မြတ်နယ်မြေက ပျက်စီးသွားပြီးတော့ ဒီနေရာက ဒီလိုမျိုး ဖြစ်သွားတာတဲ့” တစ်စုံတစ်ယောက်မှ သက်ပြင်းချပြီး ပြောလိုက်၏။
ထိုတိုက်ပွဲအတွင်းတွင် နတ်ဆိုးကြီးမှာ ထာဝရလျှပ်စီးတာအိုအတွင်းတွင် ပေါ်လာသည့် တားမြစ်သက်ရှိကိုပင် သတ်ခဲ့သည်ဟု ပြောကြလေသည်။
နောက်ဆုံးတွင် ထိုနတ်ဆိုးကြီးသေသွားပြီး သူ၏အသွေးအသားများမှာ ကျွန်းနှင့်တစ်သားတည်းဖြစ်သွားပြီး ဤနေရာကို မပျက်စီးနိုင်အောင် ပြုလုပ်လိုက်၏။ ထို့အပြင် ထာဝရလျှပ်စီးသည် ဤနေရာကို စောင့်ရှောက်နေပြီး ရှားပါးသည့်အဖိုးတန်ပစ္စည်းများကို ဖန်တီးပေးလေသည်။
ထို့အပြင် ဒဏ္ဍာရီလာ အန္တရာယ်များသည့်နေရာတွင် ထာဝရအုတ်ဂူပေါ်လာလေ၏။
နှစ်ပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ သဘာဝလွန်ဖြစ်ရပ်များလည်း ဤကျွန်းပေါ်တွင် များစွာ ဖြစ်ပျက်ခဲ့လေသည်။ နောက်ဆုံးတွင် ဤနေရာမှာ ဖိန်းကျွန်းဟု ခေါ်တွင်သွားလေသည်။
“တစ်ဝက်က အကျဉ်းထောင် တစ်ဝက်က အန္တရာယ်များတဲ့နေရာ .. မင်းတို့ဘယ်နေရာသွားချင်တာလဲ ရွေးလိုက်” ကျွန်းထဲသို့ ဝင်ရောက်ပြီးသွားသည်နှင့် လမ်းညွှန်ပြရန်အတွက် လူတစ်ယောက်ရောက်လာပြီး သူတို့သိသင့်သည့် အခြေအနေတစ်ချို့ကို ရှင်းပြလေသည်။
ရှီဟောင်သည် အနက်ရောင်အကျဉ်းထောင်ကို ရွေးချယ်လိုက်ပြီး ထိုနေရာသို့ ဦးတည်သွားလိုက်၏။
လူထောင်ပေါင်းများစွာမှ လူရာပေါင်းအနည်းငယ်ခန့်သာ အကျဉ်းထောင်ကို ရွေးချယ်ကြပြီး ကျန်သည့်သူများအားလုံးမှာ အန္တရာယ်များသည့်နေရာသို့သွားရန် ရွေးချယ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် အန္တရာယ်များသော်လည်း သဘာဝအခွင့်အရေးများ ပို၍ များလေသည်။
အနက်ရောင်အကျဉ်းထောင်တွင် နာမည်ကြီးသည့် သတ္တုတွင်းများရှိနေပြီး အချို့တွင်းများတွင် ရှေးဟောင်းပစ္စည်းများ ရှိတတ်သည်။ လူတစ်ယောက်သည် ယခင်ကသေသွားသည့် အဆင့်လွန်သက်ရှိ၏ သွေးများရှိနေသည့်အရိုးကိုပင် တူးဖော်ရရှိခဲ့ဖူးသည်။
ပုံမှန်အားဖြင့် အကျဉ်းထောင်ဦးစီးများသည် အကျဉ်းသားများကို သတ္တုတွင်း၏ အတွင်းပိုင်းသို့ စေလွှတ်ကြလေသည်။ သို့သော် သူတို့သည် အပြင်လူကိုလည်း လေ့လာခွင့်ပေးထားပြီး ရှာတွေ့သမျှ၏ ၇၀ ရာခိုင်နှုန်းအား သူတို့ကို ပေးရလေသည်။
ဤနေရာတွင်ရှိသော မြေအောက်ကမ္ဘာမှာ ကျိန်စာသင့်နေလေသည်။ ဤနေရာတွင် လူ့အသက်ကို ရန်ရှာနိုင်သည့် ထူးဆန်းသည့်စွမ်းအားရှိနေလေသည်။ မဟုတ်ပါက သူတို့ အပြင်လူများကို ဖွင့်ပေးမည်မဟုတ်ပေ။
ရှီဟောင် ဤနေရာသို့ရောက်လာပြီး ဤအကျဉ်းထောင်ကို ရွေးချယ်ခဲ့ခြင်းမှာ သူ့အဖိုးအကြောင်း သတင်းအနည်းငယ် ရှာဖွေပြီး ဘာဖြစ်ခဲ့သည်ကို သိချင်သောကြောင့်ပင်။ သူနှစ်ပေါင်းများစွာ မတွေ့သည့်အဖိုးကို သတိရနေပြီဖြစ်ပြီး သူ့အဖိုး၏ လုံခြုံရေးကို သူစိတ်ပူလှသည်။
မထင်မှတ်ထားသည်မှာ သူသိပ်စုံစမ်းစရာပင်မလိုပဲ သူ ဤနေရာသို့ ရောက်သည်နှင့် သူ့အဖိုးအကြောင်း သိလိုက်ရသည်။ နတ်ဆိုးနတ်ဘုရား အဖိုး ၁၅ မှာ ဤနေရာတွင် နာမည်ကြီးလေ၏။