သုခကမ္ဘာက ရှီဟောင် - Chapter - 823 ထူးခြားသည့် ရိတ်သိမ်းခြင်း
ရှီဟောင်သည် မြစ်ကမ်းဘေးတွင် ထိုင်နေခြင်းဖြစ်သည်။ သူ၏အရှေ့တွင်ရှိသည့် အရွက်ငါးရွက်ရှိသည့် ရွှေရောင်မြက်ပင်မှာ တစ်ဖြည်းဖြည်းချင်းအရည်ပျော်လာပြီး အဆုံးမရှိသည့်လျှပ်စီးစွမ်းအင်များ ပါဝင်သည့် ရွှေရောင်အရည်ဖြစ်သွားလေသည်။
ထိုအချိန်တွင် လေထဲ၌ အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏အမူအရာလည်းလေးနက်သွားလေသည်။ သူသည် သူ၏စွမ်းအားအားလုံးကို အသုံးပြုကာ ဤဖြစ်စဉ်ကို အသုံးချနေ၏။
ဤသည်မှာ သူထင်ထားသည်ထက်ပင်ပို၍ ခက်ခဲကာ အန္တရာယ်များလေသည်။ ထိုထူးဆန်းသည့်မြက်ပင်ထဲတွင် သင်္ကေတအနည်းငယ်သာရှိသော်လည်း အလွန်လွှမ်းမိုးနိုင်ပြီး သူ၏ခန္ဓာကိုယ်ကို တုန်လှုပ်စေသည်။
ထိုမြက်ပင်တစ်ခုလုံးမှာ ရွှေရောင်အရည်အိုင်လေးအဖြစ်ပြောင်းလဲသွားပြီး နေမင်းထက်ပင် တောက်ပနေသေးသည်။
“သတိထား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ပြောလိုက်ပြီး သူ့ကို ဘေးမှ ကူညီပေးနေသည်။
ရှီဟောင်သည် လျှပ်စီးတာအိုအဖိုးတန်ပညာကို အသက်သွင်းလိုက်ပြီး နားလည်အောင်လုပ်လိုက်၏။ ထို့အပြင်သူသည် ရွှေရောင်အရည်များကို ပါးစပ်ထဲသို့ စီးဆင်းစေလိုက်သည်။ ထိုအရည်များမှာ တစ်လုပ်စာသာရှိသော်လည်း ကြီးမားလှသော အကျိုးသက်ရောက်မှုများရှိပေသည်။
ကောင်းကင်လျှပ်စီးများ ဆင်းသက်လာနေလေ၏။ သူ ရွှေရောင်အရည်များကို အချိန်မှီထွေးထုတ်လိုက်သောကြောင့်သာမဟုတ်ပါက သူ၏ပါးစပ်တစ်ခုလုံး ပေါက်ကွဲသွားလောက်ပြီ။
နေရာတိုင်းတွင် လျှပ်စီးများဖုံးလွှမ်းနေပြီး ထူးဆန်းသည့်သင်္ကေတများလည်း ကောင်းကင်ထက်တွင် တောက်ပနေသည်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
“အထင်ကြီးစရာကောင်းလိုက်တာ .. ထာဝရလျှပ်စီးတာအိုပါသင့်ပါတယ် .. ဒါက ခုခံဖို့ မဖြစ်နိုင်ဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ထိတ်လန့်တကြားပြောလိုက်၏။
ရှီဟောင်၏အမူအရာများမှာ တစ်ဖြည်းဖြည်း အုံ့ဆိုင်းလေ၏။ သူ၏ ခန္ဓာကိုယ်မှာ မှော်စွမ်းအားကိုအသုံးပြုကာ ရွှေရောင်အရည်များကို ဖိနှိပ်ရန် ကြိုးစားလိုက်ပြီး အပြင်ဘက်သို့ လွင့်ထွက်မသွားအောင် လုပ်လိုက်သည်။
“အရမ်းလွှမ်းမိုးနိုင်တာပဲ” သူ၏စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ထာဝရလျှပ်စီးတာအိုအနည်းငယ်ကပင်လျှင် သူ့ကို အလွန်ထိတ်လန့်စေလေ၏။
ထိုအချိန်တွင် ရွှေရောင်အရည်ထဲ၌ ထိုကဲ့သို့သော သင်္ကေတအနည်းငယ် ပါဝင်နေလေသည်။
“ထာဝရတာအိုအော်ရာက သေမျိုးကမ္ဘာမှာ မမြင်ရဘူး .. ဒါက ပျက်စီးနေတဲ့သင်္ကေတဆိုရင်တောင်မှ သူ့ရဲ့တန်ဖိုးက တိုင်းတာလို့မရနိုင်အောင်ပင်။ ငါ ဒါကို နားလည်အောင်လုပ်ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲ ဝင်လာအောင် လုပ်ရမယ်”
ထိုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်မှာ တောက်ပလာပြီး သူ၏ မွှေးညှင်းပေါက်တစ်ခုစီတိုင်းမှ လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
သူသည် လျှပ်စီးစွမ်းအားမှာ မည်မျှပင် ပြင်းထန်သည်ကို ခံစားနေရသောကြောင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ဆွံ့အနေလေ၏။ သူသည် ထိုဦးခေါင်းအရွယ်အစားခန့်ရှိသည့် ကျောက်တုံးကြီးကို စားနိုင်ပါ့မလားပင် သံသယဝင်နေမိ၏။
ရှီဟောင်သည် မိုးကြိုးကောင်းကင်စာကလေးပညာနှင့်တာအိုကို လှည့်ပတ်စေပြီး နားလည်အောင်လုပ်သည်။ သူသည် ထာဝရလျှပ်စီးတာအိုအော်ရာကို အသုံးပြုကာ ထိုပညာကို လေ့လာလိုက်သည်။ ဤသည်မှာစကားလုံးများဖြင့် ဖော်ပြရန်ပင်ခက်ခဲသည့် အံ့အားသင့်စရာကောင်းသည့် ဖြစ်စဉ်တစ်ခုပင်။
သူ၏နောက်တွင် သားရဲငှက်တစ်ကောင်ပေါ်လာ၏။ သူ၏ ခရမ်းရောင်အမွေးအတောင်များမှာ ဓားများကဲ့သို့ပင် ဖြန့်ကျက်ထားလေသည်။ သူ၏ မျက်လုံးများမှာ ငွေရောင်ဖြစ်ပြီး သူ၏အော်ရာမှာ ကြောက်စရာကောင်းလှသည်။
ဤသည်မှာ ရှီဟောင်၏ထိန်းချုပ်မှုအောက်တွင် ပေါ်လာသည့် မိုးကြိုးကောင်းကင်စာကလေးပင်။ သူသည် လျှပ်စီးများ၊ မိုးကြိုးများနှင့်အတူတူ ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေနိုင်သည့် ဆူညံသံများကို ထွက်ပေါ်လာစေ၏။
သူသည် မိုးကြိုးကောင်းကင်စာကလေးပညာကို ကျင့်ကြံရန်အတွက် ရွှေရောင်အရည်ကို အသုံးပြုလိုက်သည်။ သူသည် ယခင်က ရှန်းနီပညာကို ကျင့်ကြံထားဖူးသောကြောင့် သူသည် ကျင့်ကြံချိန်တစ်ဝက်နှင့် ရလဒ်နှစ်ဆကို ရနေခြင်းပင်။
ရွှေရောင်အရည်၏ အကူအညီနှင့်အတူ အရာအားလုံးမှာ ချောမွေ့နေလေ၏။
တစ်နာရီကြာပြီးသည့်နောက်တွင် ရှီဟောင်၏ မျက်လုံးများ ပြန်ပွင့်လာ၏။ ယခုတစ်ခေါက်တွင် သူသည် ရွှေရောင်အရည်လေး နောက်တစ်ကြောင်းကို စားသုံးလိုက်သည်။
ချက်ချင်းပင် လျှပ်စီးများ ပေါ်ထွက်လာပြီး ဤနေရာတစ်ခုလုံး ကြောက်စရာကောင်းနေလေ၏။
မိုးကြိုးကောင်းကင်စာကလေး၊ ရှန်းနီနှင့် မြက်ထဲမှ သင်္ကေတများ ပေါင်းစည်းသွားပြီး ခမ်းနားသည့် တာအိုအော်သံများ ထွက်ပေါ်လာသည်။
ရက်ပေါင်းများစွာ ကုန်လွန်သွားပြီးသည့်နောက်တွင် ရွှေရောင်အရည်မှာ တစ်ဝက်ကုန်သွားပြီဖြစ်ပြီး ရှီဟောင်သည် တာအိုများကို နားလည်ရန် ကြိုးစားနေဆဲပင်။ သူ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် သင်္ကေတပေါင်းစုံ ရောယှက်နေပေသည်။
ဤသည်မှာ ရှားပါးသည့်အတွေ့အကြုံပင်။ သာမန်လူများအတွက် ဉာဏ်အလင်းပွင့်သည့်အချိန်မှာ မကြာမြင့်သော်လည်း ယခုတစ်ခေါက်တွင်မူ ထာဝရတာအိုအော်ရာကြောင့် သူသည် တာအိုကို ဆက်လက်လေ့လာနေပြီး ဤအခြေအနေမှ ရုန်းထွက်ရန် မလွယ်ကူပေ။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ရွှေရောင်အရည်များအားလုံး ပျောက်ကွယ်သွားပြီး ရှီဟောင်၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားလေပြီ။ သူ၏မျက်လုံးပွင့်လာသည်နှင့် မိုးကြိုးကောင်းကင်စာကလေးမှာ ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး အဆုံးမရှိသည့် လျှပ်စီးတိမ်တိုက်များကို ဖြစ်ပေါ်စေသည်။
“မင်း ဒီအဖိုးတန်ပညာကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သွားပြီလား” နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှာ အံ့အားသင့်နေလေ၏။
ရှီဟောင်သည်လည်း အံ့အားသင့်နေလေသည်။ ဤထူးဆန်းသည့်မြက်သည် အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုပင်။ သူ မိုးကြိုးကောင်းကင်စာကလေးပညာကို မြန်မြန်နားလည်နိုင်အောင် ကူညီပေးနိုင်ပြီး ပြီးပြည့်စုံသည့် အခြေအနေသို့ရောက်အောင် လုပ်ပေးနိုင်လေသည်။
ထို့နောက်တွင်သူသည် မျက်လုံးပြန်ပိတ်လိုက်ပြီး ထိုအရာကို သေချာ စမ်းသပ်လိုက်၏။ မိုးကြိုးကောင်းကင်စာကလေးပညာနှင့် သူ ယခင်က ရရှိထားခဲ့သည့် လျှပ်စီးတာအိုများကို ပေါင်းစပ်လိုက်၏။
ထို့အပြင် သူသည် ရွှေရောင်အရည်များမှာ ရရှိသည့်သင်္ကေတများနှင့်လည်း ပေါင်းလိုက်သည်။ ဤသည်မှာ သူ၏ လျှပ်စီးတာအိုအော်ရာကို ပို၍ စွမ်းအားကြီးစေပြီး သူ၏ လျှပ်စီးစွမ်းအားများမှာ ရုတ်တရက်ပင် တိုးတက်လာလေသည်။
သုံးရက်ကြာပြီးသည့်နောက်တွင် ရှီဟောင်၏ မျက်လုံးများ ပွင့်လာ၏။ သူ၏ အကြည့်များမှာ လျှပ်စီးအဖြစ်သို့ပြောင်းလဲသွားပြီး သူ၏ ဝင်လေထွက်လေသည်လည်း လျှပ်စီးတိမ်တိုက်များဖြစ် ပြောင်းလဲသွားလေသည်။
“မင်းပြီးသွားပြီဆိုရင် ငါ့ကိုကူပြီး ဒီကျောက်တုံးကို ပြုပြင်ပေးဦး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ပြောလိုက်သည်။
ဤထူးဆန်းသည့်ကျောက်တုံးအတွင်းတွင်လည်း လျှပ်စီးများနှင့်အတူ ပျက်စီးနေသည့် သင်္ကေတများလည်း ရှိနေလေ၏။
“ကောင်းပြီလေ အတူတူ လုပ်ကြတာပေါ့” ရှီဟောင် ခေါင်းညိမ့်လိုက်၏။
ဤရက်များတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ပျော်ရွှင်မှုနှင့် နာကျင်မှုကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။ သူ ထူးဆန်းသည့်ကျောက်တုံးကို ဝါးစားသည့်အချိန်တိုင်းတွင် သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး လျှပ်စီးများလည်း ကောင်းကင်ထက်သို့ ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် လျှပ်စီးများကို ပြုပြင်ရန် ကူညီပေးခဲ့ပြီး နှစ်ထပ်မျက်လုံးကို အသုံးပြုကာ ပျက်စီးနေသည့် လျှပ်စီးသင်္ကေတများကို လေ့လာပြီး ထွင်းထုပေးခဲ့သည်။ ထာဝရလျှပ်စီးတာအိုအော်ရာများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ရန်လည်း လမ်းကြောင်းပေးခဲ့လေသည်။
သူတို့နှစ်ယောက်ပူးပေါင်းကာ ဤလျှပ်စီးစွမ်းအားကြီးကို စုတ်ယူလိုက်ကြလေ၏။
ခြောက်ရက်ကြာမြင့်ပြီးသည့်နောက်သည့် ထူးဆန်းသည့်ကျောက်တုံး ပျောက်ကွယ်သွားကာ လျှပ်စီးသင်္ကေတများကို ရှီဟောင်ယူလိုက်ပြီး ကျောက်တုံးကို နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ စားသုံးလိုက်သည်။
သူသည် သူ၏လမ်းကြောင်းတွင် တော်တော်ဝေးဝေးရောက်သွားပြီဟု ပြောနိုင်သည်။
သူရယူလိုက်နိုင်သည့် လျှပ်စီးပညာများမှာ ရှန်းနီထက်ပင်ပို၍ စွမ်းအားကြီးပေ၏။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာလည်း အကျိုးကျေးဇူးများစွာ ရရှိလိုက်သည်။ သူတို့ အဆင့်မြင့်နယ်မြေသို့ ဝင်ရောက်သည့်အချိန်တွင် လမ်းကြောင်းပျက်စီးသွားမှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲရာများ ဖုံးလွှမ်းသွားသော်လည်း ယခုအချိန်တွင် ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည့်အပြင် သူသည် လျှပ်စီးကိုပါ ပိုင်ဆိုင်သွားလေပြီ။
“ဒီနေ့ကစပြီးတော့ ငါ့ကို မိုးကြိုးကျောက်တုံးလို့ပဲ ခေါ်တော့” သူ စောင်းကြွစောင်းကြွပင် ပြောလိုက်၏။
“ငါတို့ဒီမှာနေတာကြာလှပြီ .. ငါတို့ ဆက်သွားသင့်ပြီ”
ရှီဟောင်သည် ထိုသို့ပြောလိုက်ပြီး ကောင်းကင်မြစ်ကြောင်းတစ်လျှောက် လျှောက်လာလိုက်သည်။ ထာဝရအုတ်ဂူထဲတွင် မည်ကဲ့သို့သော ထူးဆန်းသည့်အရာများ ရှိနေသလဲဆိုတာကို သူ သိချင်မိသည်။
လမ်းတစ်လျှောက်တွင် သူသည် မြစ်ထဲတွင် မျှောနေသည့်အလောင်းများကို တွေ့သော်လည်း ဘာမှ မတတ်နိုင်ပေ။
လီယွမ်ချုန်းသည် မိုးကြိုးသစ်သား အပိုင်းအစတစ်ခုကို ယူလိုက်နိုင်သောကြောင့် ဤမြစ်ထဲတွင်လည်း ကံကောင်းမှုလေးများ ရှိနေသည်မှာ သိသာလှသည်။ သို့သော် ဤသည်မှာ အန္တရာယ်များလွန်းလှ၏။ သာမန်လူများဆိုလျှင် ထိုရေကိုပင် ထိရဲမည်မဟုတ်။ မြစ်ထဲတွင် လျှပ်စီးအလင်းတန်းများ ရှိနေယုံသာမက ကျိန်စာလည်းရှိနေလေသည်။ ကျိန်စာနှင့် ထိမိသွားသည်နှင့် အသက်ရှင်နိုင်ရန် ခက်ခဲလေသည်။
“ပစ္စည်းကောင်းပဲ .. အဲဒါက နတ်ဘုရားအစစ်ရဲ့ အလောင်းပဲ .. သူမရဲ့ကျောပေါ်မှာရှိတဲ့ဓားက သေချာပေါက် ကြောက်ဖို့ကောင်းမှာ .. ဒါပေမဲ့ အရမ်းဝေးလွန်းနေတယ် ငါသွားလို့ရမှာ မဟုတ်ဘူး”
ထိုရှေးဟောင်းအလောင်းသည် မြစ်အလယ်တွင်ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်တွင်ရှိသည့် အရိုးဓားမှာ အလွန်ပင်တောက်ပနေပြီး သင်္ကေတများမှာလည်း စွမ်းအာကြီးလှသည်။ အဝေးမှပင်လျှင် သူ၏ ထူးဆန်းသည့်စွမ်းအင်ကို ခံစား၍ရ၏။
ကံမကောင်းစွာဖြင့်ပင် သူတို့ ထိုအလောင်းကို ထိလိုက်သည်နှင့် မြစ်ကြီးမှာ မိုးကြိုးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့ ပြာဖြစ်သွားလိမ့်မည်။
လမ်းတစ်လျှောက်တွင် မှော်ပစ္စည်းများစွာကို တွေ့ရသော်လည်း သူတို့ ယူ၍ မရပေ။
တစ်ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်၏ မျက်လုံးများနီရဲလာ၏။ သူသည် ကောင်းကင်နတ်ဘုရားတစ်ယောက်၏ အလောင်းကို တွေ့လိုက်ရသည်။ သူသည် သေဆုံးပြီးသားဖြစ်သော်လည်း သူ့လက်ထဲတွင်ရှိသည့်အရိုးဓားရှိနေပြီး ထိုဓားသည် ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းတစ်ခုပင်။
“ငါလုပ်နိုင်တာ ဘာမှမရှိဘူးပဲ ..” သူ ခေါင်းခါရုံသာ တတ်နိုင်သည်။
“ငါတို့အဆုံးကို ရောက်တော့မယ် .. ကြည့်လိုက် အဲဒီက အလင်းတွေက ကောင်းကင်ပေါ်ကို တက်သွားသလိုပဲ .. ကြည့်ရတာ ထူးဆန်းနေတယ်”
နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှ ပြောလိုက်သည်။
ကျိန်စာမှာလည်း ပို၍ စွမ်းအားပြင်းလာ၏။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ရှီဟောင် အဆင်ပြေရုံသာမက နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် ဧကရာဇ်လိပ်ပြာလေးတို့လည်း ထိုကျိန်စာကို တောင့်ခံနိုင်လေသည်။
“ငါတို့ ထာဝရအုတ်ဂူကို ရောက်တော့မှာလား” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူတို့၏ အရှိန်နှုန်းနှင့်ဆိုလျှင် သူတို့ နှစ်ရက်လောက်ကြာလိမ့်မည်ဟု သူခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှိန်နှုန်းမှာ တစ်ဖြည်းဖြည်း နှေးလာသောကြောင့်ပင်။
“ကံကောင်းတာပဲ ဟိုမှာ အိုးတစ်လုံး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အော်ပြောလိုက်သည်။
ရှီဟောင်လည်း မြင်လိုက်သည်။ သူတို့သည် တစ်ခုခု တွေ့လိုတွေ့ငြား ကောင်းကင်မြစ်ကို တစ်ချိန်လုံး ကြည့်နေကြခြင်းပင်။ ယခုတစ်ခေါက်တွင် သူတို့ အခွင့်အရေးရခဲ့ပြီ။
မြစ်ကမ်းဘေးနှင့် အလွန်နီးနေသည့် အလောင်းတစ်လောင်းရှိပြီး သူ၏ ညာလက်ထဲတွင် အိုးလေးတစ်လုံးကိုကိုင်ထားလေ၏။ ထိုအိုးကို ဆေးလုံးမီးဖိုဟု ခေါ်၍ရသည်ထင်သည်။ ထိုအိုးမှာ လက်သီးအရွယ်အစားခန့်ဖြစ်ပြီး မြေကြီးရောင်ရှိလေသည်။
အိုးနှင့်မီးဖိုမှာ များသောအားဖြင့် ဒွန်တွဲနေတတ်ပြီး မီးဖိုအိုးဟု ခေါ်ကြလေသည်။ ယခုပစ္စည်းသည်လည်း ထိုကဲ့သို့ပင်။ အိုးဟုခေါ်၍ရသော်လည်း သူ့ကို ဆေးလုံးမီးဖိုဟုလည်း ခေါ်နိုင်လေသည်။
ထိုဆေးလုံးမီးဖိုလေးမှာ သေးငယ်သော်လည်း ထူးဆန်းသည့်အော်ရာရှိနေလေသည်။ ဤသည်မှာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့သည့် ရှေးဟောင်းမှော်ပစ္စည်းတစ်ခုပင်။ ထိုပစ္စည်းသည် ဤကောင်းကင်မြစ်ထဲတွင် မပျက်စီးပဲ ရှိနေလေသည်။
သူ့မှာသာ အရင်ကတည်းက ဆေးလုံးမီးဖိုရှိခဲ့ပါက ထူးဆန်းသည့်မြက်ကို ပြုပြင်ရန် အချိန်အရမ်းကုန်ခဲ့မည်မဟုတ်။
အလောင်းမှာ မြစ်ကမ်းဘေးသို့ ကပ်လာလေ၏။ ရှီဟောင်သည် အဖိုးတန်နည်းလမ်းကို အသုံးပြုကာ ထိုဆေးလုံးမီးဖိုကို ယူလိုက်လေသည်။
ဝုန်း…
မထင်ထားသည့်အဖြစ်အပျက်တစ်ခုမှာ ကောင်းကင်မြစ်သည် လျှပ်စီးအလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်နေဆဲဖြစ်ပြီး အားလုံးမှာ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။
သူသည် ထိုပစ္စည်းကို လက်မလွတ်ချင်သောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် သူတတ်နိုင်သမျှ အားလုံးကို လုပ်လိုက်၏။ သို့သော်လည်း သူသည် ကြောက်စရာကောင်းသည့်အားတစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရပြီး အဆုံးမရှိသည့် ကျိန်စာစွမ်းအားများ ထွက်ပေါ်လာပြီး သူ့ကို တစ်စစီဖြစ်မတတ်ပင်။
ဖူး..
ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းသွားသည်အထိ ပေါက်ကွဲသွားပြီး အဆုံးမရှိသည့် လျှပ်စီးများ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ အသက်ဓာတ်ကို ဖျက်ဆီးနေလေ၏။ သူ၏အနားတွင် ကျိန်စာစွမ်းအားများလည်း ရှိနေလေသည်။
အလောင်းမှာ ကမ်းစပ်နှင့် အတော်နီးနေသောကြောင့် ဤသည်မှာ ကောင်းကင်မြစ်၏ စွမ်းအားအကုန်မဟုတ်သေးပေ။
ရှီဟောင်သည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် ဧကရာဇ်လိပ်ပြာကို သူ၏ ကောင်းကင်လမ်းကြောင်းအတွင်းသို့ ထည့်လိုက်ပြီး သူတစ်ယောက်တည်း ခံလိုက်၏။ သူ၏ သင်္ကေတများကို အသုံးပြုကာ ဆေးလုံးမီးဖိုကို လျင်မြန်စွာပင် အပေါ်သို့ မြှောက်တင်လိုက်သည်။
လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာကာ ရှီဟောင်သည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
နောက်ဆုံးတွင် လျှပ်စီးအလင်းတန်းနှင့် ကျိန်စာစွမ်းအားများ ပြန်ဆုတ်သွားပြီး သူ၏ ခန္ဓာကိုယ်တွင်လည်း သွေးများ ဖုံးလွှမ်းသွားလေသည်။ သို့သော်လည်း သူသည် ကျေနပ်စွာပင် ပြုံးလိုက်၏။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီး မီးဖိုကိုမြင်သည်နှင့် ချက်ချင်းပင် ထိတ်လန့်သွားကာ “ငါ ဒီဆေးလုံးမီးဖိုကို ထိုးဖောက်ပြီးမကြည့်နိုင်ဘူး … ဒါက နည်းနည်းထူးဆန်းတယ်”
ဤပစ္စည်းကို အိုးဟု ခေါ်၍ရသကဲ့သို့ မီးဖိုဟုလည်း ပြော၍ရသည်။
အိုး၏ ခြေထောက် ထောက်တိုင်သုံးခုတွင် နဂါးအစစ်ပုံ ထွင်းထုထားပြီး အဖုံးတွင် ထာဝရဖီးနစ်ပုံရှိလေသည်။ မည်သည့်အဖိုးတန်အရိုးဖြင့် ပြုလုပ်ထားမှန်းမသိရသော်လည်း တောက်ပကာ နူးညံ့လှသည်။
ရှီဟောင်သည် မျက်နှာပြင်က ပွတ်သပ်ပြီး အဖုံးကို ဖွင့်လိုက်သည်နှင့် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့်အကြည့်များ ဖြစ်ပေါ်လာလေသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ထူးဆန်းသည့်အသံဖြင့် အော်လိုက်လေသည်။
လက်သီးအရွယ်အစားခန့်ရှိသည့် ဆေးလုံးမီးဖိုထဲတွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေပြီး အမွှေးနံ့လည်း ကြိုင်လှိုင်နေလေ၏။ ထူးဆန်းသည့် အသက်ဓာတ်တစ်ခုသည်လည်း ချက်ချင်းပင် အပြင်ဘက်သို့ ပြေးထွက်လာလေသည်။
ဆေးလုံးမီးဖိုမှာ သေးသော်လည်း ထင်မှတ်မထားသည်မှာ အထဲတွင် များစွာသော အဖိုးတန်ဆေးပင်များ ရှိနေလေသည်။ ထိုဆေးပင်များထဲတွင် မြစိမ်းရောင်၊ အဝါရောင်၊ သွေးနီရောင်နှင့် ခရမ်းရောင်စွမ်းအင်ရှိသည့် ဆေးလုံးများပင် ရှိနေလေသည်။
အရေးအကြီးဆုံးမှာ ထိုဆေးလုံးများအားလုံးတွင် အသက်ဓာတ်ရှိနေပြီး သူတို့သည် ဆေးခင်းထဲတွင် ပေါက်နေသကဲ့သို့ပင် အသက်ရှိလေသည်။
“ဒါက ဘယ်လို ဆေးလုံးမီးဖိုမျိုးလဲ … နှစ်ပေါင်းများစွာ ကြာပြီးတာတောင်မှ ဒီဆေးပင်တွေက အခုမှ ခူးထားသလိုပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ နားမလည်နိုင် ဖြစ်နေလေ၏။
ရှီဟောင်သည်လည်း ထိတ်လန့်နေလေ၏။ အဘယ်ကြောင့်ဆိုသော် သူထိုအလောင်းကို ယခင်က တွေ့ဖူးသည်။ သူ၏အဝတ်အစားများမှာ ရှေးအဝတ်အစားများဖြစ်သောကြောင့် မြစ်ထဲတွင် မျှောနေသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ပင် ရှိနေလောက်ပြီ။
သူတို့ထိုအလောင်းကို ထပ်ရှာချင်လျှင်ပင် အလွန်နောက်ကျသွားလေပြီ။ ထိုအလောင်းကို လှိုင်းပုတ်သွားလေပြီ။
“ဒါက ရတနာပဲ .. ဆေးလုံးမီးဖိုက ထာဝရဖီးနစ်နဲ့ နဂါးအစစ်ရဲ့အရိုးတွေနဲ့လုပ်ထားတာလား မသိဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ရေရွတ်လိုက်သည်။ တားမြစ်ထားသည့်သက်ရှိများ၏ အရိုးများမှ အံ့အားသင့်စရာကောင်းသည့်မှော်ပစ္စည်းများ ပြုလုပ်နိုင်သည်ဟူ သူကြားဖူးသည်။
ရှီဟောင် ခေါင်းခါလိုက်၏။ နဂါးအစစ်၏ အရိုးမပြောနှင့်။ နဂါး၏သွေးတစ်စက် အကြေးခွံတစ်ခုပင်လျှင် ဤတစ်ကမ္ဘာလုံးတွင် ရှာမတွေ့နိုင်ပေ။
ထို့နောက်တွင် သူ၏အမူအရာများ နောက်တစ်ကြိမ် အေးခဲသွားကာ အလွန်ပင်ထိတ်လန့်နေလေ၏။ သူသည် တုန်ယင်နေသောအသံဖြင့်ပင် “ဒီဆေးတွေက…”
သူသည် အရွက်များတွင် နှင်းစက်များခိုတွဲနေသည့် ရှေးဟောင်းဆေးပင်တစ်ပင်ကို အမှုမဲ့အမှတ်မဲ့ပင် ဆွဲထုတ်လိုက်သည်။ ထိုအပင်၏ ပွင့်ဖတ်များတွင် ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေပြီး ထိုအပင်သည် … မြင့်မြတ်သည့်ဆေးပင်ဖြစ်မှန်း သူသိလိုက်ရသည်။