သုခကမ္ဘာက ရှီဟောင် - Chapter - 824 တိုတိုင်း
မြင့်မြတ်ဆေး…
ရှီဟောင်၏ နှုတ်ခမ်းနှင့်လျှာပင် ခြောက်ကပ်သွားသည်ဟု ခံစားလိုက်ရပြီး သူ၏စိတ်မှာ လုံးဝကို အမှောင်ကျသွားလေသည်။ ဆေးလုံးမီးဖိုထဲမှ သူကြုံရာနှိုက်လိုက်သည့်အပင်မှာ မမျှော်လင့်ပဲ မြင့်မြတ်ဆေးဖြစ်နေလေသည်။
ထိုအပင်ကို ထုတ်လိုက်သည်နှင့် ဆေး၏မွှေးရနံ့မှာ ပျံ့လွင့်လာလေသည်။ ထိုအပင်မှာ တစ်ပေခန့်ရှိပြီး တစ်ပင်လုံး ခရမ်းရောင်တောက်ပနေလေ၏။ သူ၏အရွက်များမှာ သေးငယ်ပြီး တစ်ရွက်စီတိုင်းသည် ခရမ်းရောင်လခြမ်းနှင့် တူလေသည်။
“ပဲနီစေ့လေးတွ … ဒါကတကယ်ကိုမြင့်မြတ်ဆေးထဲ ပါတယ်”
ရှီဟောင်သည် ချက်ချင်းပင် လက်သီးအရွယ်အစားခန့်ရှိသည့် ဆေးလုံးမီးဖိုးကို စိတ်မရှည်စွာပင် မြှောက်လိုက်ပြီး အထဲဘက်သို့ ကြည့်လိုက်သည်။ အဖိုးတန်ဆေးပေါင်းများစွာမှာ အသက်ဓာတ်များ စီးဆင်းနေလေသည်။
သူသည် သွေးကဲ့သို့ နီရဲနေသည့် နောက်တစ်ပင်ကို ဆွဲယူလိုက်၏။ ဤအပင်သည် အနီရောင်စိန်မှ ထွင်းထုထားသကဲ့သို့ပင်။ ဤအပင်တွင်လည်း ဆေးမွှေးရနံ့များ သင်းပျံ့နေလေ၏။
“ဒါက မြင့်မြတ်တဲ့ဆေးဖြစ်လာမယ့် ဒဏ္ဍာရီလာစာကလေးသွေးအပင်လား” ရှီဟောင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။
ဤအပင်သည် မြင့်မြတ်သည့်ဆေးမဟုတ်သော်လည်း ဖြစ်ခါနီးနေလေပြီ။
ဤဆေးလုံးမီးဖိုတွင် ဆေးပင်ပေါင်းများစွာ ရှိနေလေ၏။ ထိုဆေးများအားလုံးမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ဆေးတွေလား … သူ မယုံကြည်နိုင်ပေ။ ထိုဆေးပင်အားလုံးမှာ မြင့်မြတ်ဆေးပင် သို့မဟုတ် မြင့်မြတ်ဆေးပင်ဖြစ်ခါနီးအပင်များသာ ဆိုပါက ဤသည်မှာ အဆင့်မြင့်နယ်မြေကို တုန်လှုပ်စေလိမ့်မည်။ ဤရှေးဟောင်းမီးဖိုမှာ အလွန်ပင် ထူးခြားလှသည်။
သူ စတင်၍ သံသယဝင်လာ၏။ ဤလက်သီးအရွယ်မီးဖိုက တကယ်ပဲ နဂါးအစစ်ရဲ့အရိုးနဲ့ လုပ်ထားတာလား..
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးလည်း ထူးဆန်းစွာပင် အော်ဟစ်နေလေ၏။ ဤကဲ့သို့သော အဖိုးတန်ဆေးပင်များမှာ ရှားပါးလှပြီး ဤကမ္ဘာပေါ်တွင် မြင်နိုင်ရန် ခက်ခဲလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဆေးပင်တစ်ပင်ရသည်နှင့် မည်သူမျှ ထိုအပင်များကို ရောင်းမည် မဟုတ်။ သူတို့ သုံးရန်အတွက် သိမ်းထားမည်သာ။
ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးလုံးမီးဖိုကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်၏။ ဆေးလုံးမီးဖိုမှာ လက်သီးအရွယ်အစားသာဖြစ်သော်လည်း အထဲတွင် တောင်များနှင့် မြစ်များပင် ပါဝင်နိုင်ပေသည်။
သူ တတိယမြောက်ဆေးပင်ကို ထုတ်ယူလိုက်၏။ ဤသည်မှာ ဝိဉာဉ်ဆေးပင်ဖြစ်ပြီး မြင့်မြတ်ဆေးမဟုတ်ပေ။ ဤသည်မှာ ရှီဟောင်ကို အနည်းငယ် စိတ်သက်သာရာရစေသော်လည်း စိတ်ပျက်စေဆဲပင်။
လေးပင်မြောက် … ငါးပင်မြောက် ..
၃၁ ပင်မြောက်ရောက်သည့်အချိန်တွင် တောက်ပသည့်ရောင်စုံအလင်းတန်းမျာ ထွက်ပေါ်လာ၏။ မြေကြီးရောင် ဂျင်ဆင်းပင်မှာ လူသားပုံစံပင် ဖြစ်နေလေသည်။ ထိုအပင်၏ တောက်ပသည့်ကိုယ်ထည်မှ အမွှေးနံ့များလည်း ထုတ်လွှတ်နေလေ၏။
ဤအပင်မှာ အခြားမြင့်မြတ်ဆေးပင် – ရွှေရောင်ဂျင်ဆင်းပင်။
“ဒီဆေးလုံးမီးဖိုရဲ့ပိုင်ရှင်က အရမ်းအထင်ကြီးဖို့ ကောင်းတာပဲ .. သူက နတ်ဆေးသခင် မဟုတ်ရင် မသေမျိုးမျိုးဆက်က စွမ်းအားကြီးတဲ့သူပဲ ဖြစ်ရမယ် .. သူက အရမ်းကို ထူးခြားတာပဲ” နတ်ဘုရားပစ်ချက် ကျောက်တုံးလေးမှာ ဤသို့ပင် ကောက်ချက်ချလိုက်လေသည်။
ရှီဟောင်မှာ ဤဆေးလုံးမီးဖိုကြောင့် အလွန်ပင် ပျော်ရွှင်နေလေ၏။ သာမန်ဝိဉာဉ်ဆေးပင်များမှာ ရှာဖွေရရှိနိုင်သော်လည်း ဤရှားပါးသည့် အံ့အားသင့်ဖွယ်ဆေးများမှာမူ ရှာဖွေရန် ခက်ခဲလှသည်။
“ဒါက ငါ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပြီ” ရှီဟောင်မှ ပြောလိုက်သည်။
အဆင့်မြင့်နယ်မြေသို့ ရောက်လာပြီးသည့်နောက်တွင် သူသည် ကျင့်ကြံဆင့်နယ်ပယ်ကို ဤကမ္ဘာ၏ သဘာဝဥပဒေသများနှင့် ပြန်လည်တည်ဆောက်ချင်နေသောကြောင့်ပင်။ သူ၏အသွေးအသားများအစွမ်းထက်စေရန်အတွက် သူ ကျောက်တုံးတိုင်းပြည်၏ နည်းလမ်းများကိုလည်း အသုံးပြုချင်သေးသည်။
ယခု သူလုပ်နိုင်တော့မည်။ ကိစ္စအားလုံးသာ အဆင်ပြေပါက သူ အချိန်တိုအတွင်း လုပ်နိုင်လိမ့်မည်။
“ဒါက တကယ်ကို ကံကောင်းတာပဲ .. မယုံနိုင်စရာကြီး ..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ပြောလိုက်၏။
ရှီဟောင်သည် ထိုအိုးကို ငြင်သာစွာ ပွတ်သပ်လိုက်ပြီး အဖုံးသေချာပြန်ဖုံးလိုက်၏။ ဆေးလုံးမီးဖိုပျောက်ကွယ်သွားသည်နှင့် သူထိုင်လိုက်ပြီး သူ၏ဒဏ်ရာများကို ကုသလိုက်သည်။
သူသည် ရှေးဟောင်းမှော်ပစ္စည်းတစ်ခုကို ရရှိလိုက်သော်လည်း သူဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများရှိနေပြီး တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။ သူ၏အရိုးအနည်းငယ်ပင် ကျိုးသွား၏။
“ကံကောင်းစွာနဲ့ ငါမြစ်အလယ်က အလောင်းကိုယူဖို့ မကြိုးစားမိလို့ … မဟုတ်လို့ကတော့ နတ်ဘုရားဆိုရင်တောင်မှ သူတို့အသတ်ခံရမှာ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
အပြင်ဘက်တွင် ရှိသော ဒဏ်ရာများမှာ ပြင်းထန်သည်ဟု ပြော၍မရနိုင်ပေ။ သိုသော် ကျိန်စာစွမ်းအင်မှာ သူ၏ ကြွက်သားများနှင့် အရိုးများကို လှိုက်စားနေလေသည်။
ကံကောင်းသည့်အချက်မှာ ရှီဟောင်သည် စွမ်းအားကြီးသည့်အပြင် သူသည် ကျိန်စာနှင့်ပတ်သတ်လျှင်အတွေ့အကြုံရှိသောကြောင့် ထိုနေရာတွင်ထိုင်ကာ အရိုးစာသားဖြင့် ကျိန်စာကို ပယ်ဖျက်လိုက်သည်။
သူကျိန်စာ ဖြေဖျောက်ခြင်းကို အာရုံစိုက်နေသည့်အချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ခုမှာ သူ၏ ဦးခေါင်းကို ဦးတည်လာနေ၏။
ဤသည်မှာ လက်ဝါးအရွယ်အစားဖြစ်ပြီးအလွန်ချွန်ထက်ကာ လေဟာနယ်ကိုပင် ပျက်စီးစေနိုင်၏။ ခေါင်းကိုသာ ရိုက်မိသွားပါက သေချာပေါက် သေစေနိုင်မည့်ရိုက်ချက်ပင်။
ရှီဟောင်မျက်လုံးများပွင့်လာပြီး သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာပင် ဘေးဘက်သို့ရှောင်သွားလိုက်ပြီး ဤရိုက်ချက်ကို ရှောင်ရှားလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို ကာကွယ်လိုက်သည်။
“မင်းရဲ့ တုံ့ပြန်တဲ့အလျင်က မဆိုးဘူးပဲ .. လူငယ်လေး မင်း မဆိုးဘူး”
မြစ်ကမ်းဘေးတွင် မီးခိုးရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက် ပေါ်လာလေသည်။ သူ၏ဆံပင်များမှာ အဖြူရောင်ဖြစ်ပြီး သူ၏ မျက်လုံးများတွင်လည်း အလင်းတန်းများ တောက်ပနေသည်။
ရှီဟောင် စိတ်ထဲတွင် ဒေါသထွက်သွားရ၏။ သူ၏ ဝိဉာဉ်အာရုံခံနိုင်စွမ်းသာ မစူးရှပါက သူ ဤနေရာတွင် သေနေလောက်ပြီ။ ဤလူအိုကြီးမှာ အလွန်စွမ်းအားကြီးပြီး သာမန်မဟုတ်ပေ။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ အရှက်ရသွား၏။ သူသည် ရှီဟောင်ကို ကူညီကာ ကာကွယ်ပေးနေသော်လည်း ဤလူကြီးသည် ရုတ်တရက် ထွက်ပေါ်လာလေ၏။ သူ ချက်ချင်းပင် အော်ပြောလိုက်သည်။
“လူအိုကြီး လူငယ်ကို တိုက်နေရအောင် ခင်ဗျား အရှက်မရှိဘူးလား”
အကြီးအကဲမှာ ပြုံးလိုက်ပြီး “ဒီလူအိုကြီးက မင်းတို့ကို နည်းနည်းလေး စမ်းသပ်လိုက်တာပါ .. မင်းတို့တွေက ထူးခြားတဲ့သူတွေပဲ”
ရှီဟောင် ဘာမှ မပြောပဲ တစ်ဖက်လူကိုသာ သေချာလေ့လာလိုက်၏။ ထို့နောက်တွင် သူသည် တစ်စ တစ်စပို၍ ကြောက်လာရသည်။ ဤလူအိုကြီး၏ မျက်နှာတွင် သင်္ကေတများ ဖုံးလွှမ်းနေ၏။ ဤလူသည် သူ၏ အသက်အန္တရာယ်ရှိနေသည်အထိ ကျိန်စာမိနေပြီဖြစ်မှန်း သိသာလှသည်။
ဤလူသည် နတ်မီးတောက်ရှိနေသည့် ကျွမ်းကျင်သူပင်။
ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ ထိုသူ၏ ကိုယ်ထဲတွင်ရှိနေသည့် ကျိန်စာကြောင့်သာ မဟုတ်ပါက ထိုသူမှာ ဤထက်ပို၍ စွမ်းအားကြီးပေမည်။
“ခင်ဗျားစမ်းသပ်ချင်တာ စမ်းပြီးပြီဆိုတော့ ခင်ဗျားထွက်သွားလို့ရပါပြီ” ရှီဟောင် ပြောလိုက်သည်။
“လူငယ်လေး မင်းဆီမှာ ငါ့ဂိုဏ်းကပိုင်တဲ့ ပစ္စည်းတစ်ခု တွေ့လိုက်လို့ ကျေးဇူးပြုပြီး ပြန်ပေးပါ” အကြီးအကဲမှာ ပြုံးပြီး ပြောနေလေ၏။
“ဘာပစ္စည်းလဲ” ရှီဟောင် မေးလိုက်၏။
“လက်သီးအရွယ်အစားရှိတဲ့ ဆေးလုံးမီးဖိုက ငါ့ရဲ့ဦးလေး ပိုင်တာပါ .. သိပ်မကြာသေးခင်က ကံမကောင်းစွာနဲ့ပဲ သူ ဒီ ကောင်းကင်မြစ်ထဲမှာ သေသွားရတာ .. ကျေးဇူးပြုပြီး ပြန်ပေးပါ” အကြီးအကဲမှာ ပြုံး၍ပင် ပြောနေလေသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် အလွန်ဒေါသထွက်သွားပြီး “ခင်ဗျားအရှက်မရှိဘူးလား .. ခင်ဗျားရဲ့ဦးလေးက ရှေးခေတ်က လူလား .. ခင်ဗျား ချောင်းတိုက်တာကို လျော်ပေးလိုက်တာကို ခင်ဗျားက ဒီဆေးလုံးမီးဖိုကို လိုချင်နေသေးတာလား .. ခင်ဗျား ဘာလို့ မထွက်သွားသေးတာလဲ”
ရှီဟောင် ဆေးလုံးမီးဖိုကို ယူလိုက်သည့်အချိန်တွင် လျှပ်စီးအလင်းတန်းများ ကောင်းကင်ထက်သို့ တက်သွားသောကြောင့် နတ်မီးတောက် ရရှိထားသည့် ဤသက်ရှိမှာ ထိတ်လန့်သွားပြီး ရှီဟောင်တို့ကို သတိပြုမိသွားခြင်းပင်။
“လူငယ်လေး ကျိုးကြောင်းဆီလျော်မှုရှိစမ်းပါ .. အဲဒါက တကယ်ကိုငါ့ကလန်က ပစ္စည်းပါ .. မင်းကိုပြန်ပေးဖို့ တောင်းနေတာပါ” အကြီးအကဲမှာ သူတို့ထံသို့ ဦးတည်လာနေပြီး သူ၏အနားတွင် နတ်မီးတောက်အနည်းငယ်လည်း ထွက်ပေါ်နေလေ၏။
သူ အလောတကြီးလည်း မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကျိန်စာကိုပြင်းထန်စွာခံစားနေရပြီး သူ၏ လျှို့ဝှက်ရတနာကြောင့်သာမဟုတ်ပါက သူအစောကြီးကတည်းက သေနေလေပြီ။
“အရှက်မရှိလိုက်တာ” ရှီဟောင်မှာ ထိုစကားသာ ပြောနိုင်တော့သည်။ တစ်ဖက်လူမှာ လိမ်ညာကာ သူ၏ ဆေးလုံးမီးဖိုကို ခိုးရန်ကြိုးစားနေခြင်းပင်။
“ပေးလိုက်” အကြီးအကဲသည် လက်တစ်ဖက်ကို ဆန့်တန်းလျက် သူ၏ မျက်နှာထက်တွင်အေးစက်သည့်အပြုံးတစ်ခု ရှိနေလေ၏။
“ဒီဖိုးဖိုးက လေကြီးနေတယ်လို့ ခင်ဗျားထင်နေတာလား .. တော်လောက်ပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး တောက်ပလာကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ရွှီး ဟူသောအသံနှင့်အတူ သူသည် လေထဲသို့ ပျံတက်သွားပြီး ကျယ်လောင်စွာပင် အော်ဟစ်လိုက်၏။
” လျှပ်စီးလက်သီးချက်”
သူသည် လျှပ်စီးအလင်းတန်း ထောင်ပေါင်းများစွာကို ထုတ်လွှတ်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့်ကျောက်တုံးကို စားသုံးပြီးသည့်နောက်တွင် သူသည် လျှပ်စီးစွမ်းအင်ကို ရသွားသည့်အပြင် ထိုစွမ်းအင်မှာ စွမ်းအားကြီးလှသည်။
အကြီးအကဲမှာ အနောက်ဆုတ်သွားပြီး မယုံကြည်နိုင်သည့်အကြည့်များ ဖြစ်နေလေသည်။ သူ၏ ကျင့်ကြံဆင့်မှာ အလွန်မြင့်ပြီး သူ၏တုံ့ပြန်မှုမှာ အလွန်လျင်မြန်သော်လည်း သူထိုလျှပ်စီးများကို မရှောင်တိမ်းနိုင်ပေ။
သူ၏ခေါင်းကို လျှပ်စီးတစ်ခုကျရောက်လာသောကြောင့် သူ၏ ဆံပင်များ တစ်မွေးပြီးတစ်မွေးထောင်တက်လာသည့်အပြင် အနည်းငယ် မည်းတူးသွားလေ၏။ ဤသည်မှာ လျှပ်စစ်ကြောင့် ဖြစ်သွားခြင်းပင်။
“ဒဏ္ဍာရီလာ .. နတ်ဘုရားပစ်ချက်ကျောက်တုံးလေး” နောက်ဆုံးတွင် သူသည် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ မူလဇစ်မြစ်ကို သတိရသွားပြီး သူ၏မျက်လုံးများ အရောင်တောက်ပလာလေသည်။
“သူတို့ကို ထားခဲ့လိုက် .. သူတို့ မထွက်သွားစေနဲ့” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ ခရမ်းရောင်ဝတ်စုံဝတ်ထားသည့်လူငယ်လေးတစ်ယောက် လမ်းလျှောက်လာနေလေ၏။ သူ၏အနောက်တွင်လည်း လူအချို့ရှိနေပြီး သူတို့အားလုံး၏ မျက်နှာတွင် သင်္ကေတများ ဖုံးလွှမ်းနေလေ၏။ သူတို့အားလုံး ကျိန်စာမိနေကြခြင်းပင်။
ရှီဟောင် သူတို့ကို မှတ်မိသည်။ ထိုသူများမှာ သူတို့ ဖိန်းကျွန်းပေါ်သို့ စရောက်သည့်အချိန်က တွေ့ခဲ့သည့် တိုတိုင်းကလန်မှ လူငယ်လေးပင်။ သူ၏ ကျင့်ကြံခြင်းမှာ သန်မာပြီး သူ၏ ဦးတည်ချက်မှာ ထာဝရအုတ်ဂူကို ရှာဖွေရန်ပင်။
သူ၏ လက်ထဲတွင် အဆစ် ၁၃ ခုပါသည့် ကျောက်စိမ်းဖြူရောင်ဝါးကို ကိုင်ထားလေ၏။ ထိုဝါးမှာ တစ်မီတာခန့်သာရှိပြီး လက်ချောင်း၏ အရှည်နှင့်တူသည်။ နူးညံ့ကာ တောက်ပနေ၏။ ထိုဝါးမှ မြင့်မြတ်သည့်အဖြူရောင်အလင်းတစ်ခု တောက်ပနေလေသည်။
“မိစ္ဆာနှင် နတ်ဝါး”
ရှီဟောင် ထိတ်လန့်သွား၏။ ဤသည်မှာ ကမ္ဘာ့အဖိုးတန်ဆုံးအပင်များထဲမှ တစ်ခုပင်။ ထိုဝါးသည် မိစ္ဆာဝိဉာဉ်များကို ဖယ်ရှားပေးနိုင်ပြီး ကျိန်စာများကိုလည်းတိုက်ခိုက်နိုင်သည်။
မိစ္ဆာနှင်နတ်ဝါးမှာ နှစ်ပေါင်းငါးရာတွင် တစ်ကြိမ်ပေါ်လာသောအရာပင်။ ထိုဝါးမှာ မကြီးထွားနိုင်သောကြောင့် သူ့ဘာသာသူပေါက်လာမည်ကို စောင့်၍ မရပေ။ တိုတိုင်းကလန်မှ လူငယ်လက်ထဲတွင်ရှိနေသည့် ဝါးမှာ တစ်မီတာခန့်သာရှိသော်လည်း အထင်သေး၍မရပေ။ အဘယ်ကြောင့်ဆိုသော် ထိုဝါးမှာ နှစ်ပေါင်း ခြောက်ထောင့်ငါးရာ သက်တမ်းရှိနေလေပြီ။
ဤလူများ ဤနေရာအထိ ရောက်လာနိုင်ခြင်းမှာ ထိုမိစ္ဆာနှင်နတ်ဝါးကြောင့်ပင်။ မဟုတ်ပါက သူတို့မှာ ကျိန်စာကြောင့် သေနေလောက်ပြီ။
သို့သော်လည်းသူတို့၏ မျက်နှာတွင် ထူးဆန်းသည့်သင်္ကေတများ ဖုံးလွှမ်းနေပြီး ဝါးတွင်လည်းအက်ကွဲရာများထင်နေကာ နတ်အစွမ်းများလည်း အားနည်းနေလေပြီ။ ထိုဝါးမှာ မကြာခင်တွင် ပျက်စီးသွားတော့မည်။
ထိုလူများသည် ရှီဟောင်ထက် အရင်ရောက်နေခြင်းဖြစ်ပြီး ထာဝရအုတ်ဂူသို့ ဦးတည်သွားနေခြင်းပင်။ သို့သော် အဖိုးတန်ဝါး အက်ကွဲနေသည်ကို မြင်လိုက်ရသောအချိန်တွင် သူတို့မှာ နောက်ပြန်လှည့်ခဲ့ရ၏။ ပြန်လာသည့်လမ်းတွင် ရှီဟောင် ဆေးလုံးမီးဖိုကို ယူလိုက်သည်ကို သူတို့တွေ့လိုက်ခြင်းပင်။
“အဲဒီဆေးလုံးမီးဖိုက တော်တော်လေးထူးဆန်းပြီးတော့ သာမန်မဟုတ်ဘူး” ခရမ်းရောင်ဝတ်စုံဘေးရှိ လူအိုကြီးမှ ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး တော်တော်လွန်နေပြီ” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။
“မင်းကိုစကားအများကြီးပြောပြီး အချိန်မဖြုန်းချင်ဘူး .. အဲဒီအဖိုးတန်မီးဖိုကို ပေးလိုက် .. ပြီးရင် ငါမင်းအသက်နဲ့အတူ ဒီကနေ ထွက်သွားမယ်” တိုတိုင်းကလန်မှ လူငယ်လေးမှ အေးစက်စွာပင် ပြောလိုက်သည်။
သူသည် သူ၏ကလန်မှ နတ်ပစ္စည်းတစ်ခုကို အသုံးပြုခဲ့သော်လည်း ထာဝရအုတ်ဂူထံသို့ မရောက်နိုင်ခဲ့သောကြောင့် ဒေါသထွက်နေခြင်းပင်။ အပြန်လမ်းတွင် ဤကဲ့သို့သောပစ္စည်းကို တွေ့လိုက်ရသောကြောင့် သူ သေချာပေါက် ယူမည်ပင်။
“ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေရင် သေတတ်တယ်ဆိုတာ မင်း မသိဘူးလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ကျယ်လောင်စွာပင် ပြောလိုက်၏။ သူ အလွန် ဒေါသထွက်နေပြီဖြစ်သည်။
“သူ့ကိုသတ် ပြီးတော့ ဆေးလုံးမီးဖိုနဲ့ အဲဒီကျောက်တုံးကို ယူလာခဲ့” ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် တိုတိုင်းလူငယ်လေးသည် အေးစက်သည့်အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ သူတို့ထံတွင် နတ်မီးတောက်ရှိသည့် ကျွမ်းကျင်သူ နှစ်ယောက်ရှိနေသောကြောင့် ရှီဟောင်ကို ရင်ဆိုင်နိုင်ရန်လုံလောက်သည်။
အစောပိုင်းမှ အကြီးအကဲသည် ပြုံးလျက်ပင် ပြောလိုက်လေ၏။
“လူငယ်လေးသာ ဆေးလုံးမီးဖိုကို ငါ့ကလန်ကို ပြန်ပေးရင် ငါတို့စကားပြောလို့ရတယ်”
အစေခံအိုကြီးမှာလည်း အရှေ့သို့လျှောက်လာနေ၏။ သူ၏မျက်နှာတွင် ကျိန်စာသင်္ကေတများဖုံးလွှမ်းနေသောကြောင့် သူ၏မျက်နှာထက်ရှိ အပြုံးကို ထူးဆန်းသည့်ပုံစံ ဖြစ်ပေါ်စေသည်။
“မင်း ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့”
“ငါ အရင်က တိုတိုင်းအသားတစ်ခါမှ မစားဖူးသေးဘူး .. သူ့အရသာက ဘယ်လိုလဲဆိုတာ ငါသိချင်မိတယ် …” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
“မင်းက သေချင်နေတာပဲ” ခရမ်းရောင်ဝတ်စုံဝတ်ထားသည့်လူငယ်လေးသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်လေ၏။ သူ၏လက်ကိုလှုပ်ရှားလိုက်ကာ ရှီဟောင်ကို သတ်ရန် အချက်ပြလိုက်၏။
သူ အချိန်မဖြုန်းချင်တော့ချေ ..
သို့သော် မထင်ထားသည့်ကိစ္စတစ်ခုမှာ ရှီဟောင်မှ အရင်ဆုံးလှုပ်ရှားလိုက်ခြင်းပင်။ သူသည် သူတို့အုပ်စုကို တိုက်ခိုက်ခြင်းမဟုတ်ပဲ မြစ်ဘက်သို့ လက်သီးတစ်ချက် ထိုးလိုက်ခြင်းပင်။
“မကောင်းတော့ဘူး”
နတ်မီးတောက်ရှိသည့် အစေခံအိုကြီးနှစ်ယောက်မှာ အလွန်ပင် တုန်လှုပ်သွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကာ အနောက်ပြန်လှည့်ပြေးလိုက်ကြသည်။
ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် လူငယ်လေးနှင့် အခြားသူများမှာလည်း ကြောက်ရွံ့သွားကာ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေလေပြီ။
“မင်း ရူးသွားပြီလား”
ဤသို့ပြုလုပ်ခြင်းမှာ သေမင်းကို ကိုယ့်ထံသို့ ခေါ်နေခြင်းပင်။ အဆင့်လွန်ပစ္စည်းရှိလျှင်ပင် ထိုလျှပ်စီးအလင်းတန်းများကို ခုခံနိုင်မည်မဟုတ်ပေ။
ရှီဟောင်သည် အေးစက်စွာပင် ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် ဆေးလုံးမီးဖိုအဖုံးကိုဖွင့်ကာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ခေါ်ပြီး အထဲသို့ ပြေးဝင်သွားလိုက်၏။ ထို့နောက်တွင် သူသည် အဖိုးတန်မီးဖိုကို အသက်သွင်းလိုက်ပြီး ထွက်ပြေးသွားလိုက်သည်။
ဝုန်း..
လျှပ်စီးအလင်းတန် ထောင်ပေါင်းများစွာမှာ အဆက်မပြတ်ကျရောက်လာလေ၏။ ထိုလျှပ်စီးများအပြင် စွမ်းအားပြင်းသည့်ကျိန်စာများလည်း ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
“အား…” ခပ်ဝေးဝေးမှာ သနားစဖွယ်အော်သံထွက်ပေါ်လာ၏။ ခရမ်းရောင်ဝတ်စုံဝတ်ထားသည့်လူငယ်လေး၏ လူများမှာ ချက်ချင်းပင် ပြာအဖြစ်သို့ပြောင်းလဲသွားပြီး ထိုနေရာတွင် သေဆုံးသွားလေ၏။
ထိုအချိန်တွင် ရှီဟောင်သည်လည်း ထိတ်လန့်နေလေ၏။ အပြင်ဘက်တွင် လျှပ်စီးများမှာ အဆုံးမရှိအောင် ထွက်ပေါ်နေပြီး ဆေးလုံးမီးဖိုကို ရိုက်ခတ်နေလေသည်။ မိုးခြိမ်းသံများ ထွက်ပေါ်လာကာ အတွင်းဘက်တွင်လည်း အဆုံးမရှိသည့် သင်္ကေတများ တောက်ပလာလေသည်။
ရှီဟောင်သည် မြစ်ဘက်သို လက်သီးတစ်ချက်သာ ပစ်သွင်းလိုက်သော်လည်း ဤကဲ့သို့ ကြောက်စရာကောင်းသည့် ရလဒ်ကြီးဖြစ်ပေါ်လာလေသည်။
နတ်ဘုရားလာလျှင်ပင် သူတို့ အသတ်ခံရနိုင်သည်။
ကံကောင်းစွာဖြင့်ပင် ဆေးလံးမီးဖိုမှာ အလွန်ပင် ထူးဆန်းပြီး အရာအားလုံးကို ခုခံနိုင်ပေ၏။ ထိုအထဲတွင် ပုန်းနေသည့် ရှီဟောင်နှင့် အခြားသူများမှာ အန္တရာယ်များမှ လွတ်မြောက်သွားလေသည်။
လျှပ်စီးအလင်းတန်းများမှာ မိနစ်ပေါင်းများစွာကြာအောင် တောက်ပပြီးသည့်နောက်တွင် ကောင်းကင်ထက်ရှိ လျှပ်စီးများ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ပြန်လည်တိတ်ဆိတ်သွား၏။
ရှီဟောင်သည် မီးဖိုအဖုံးကို သေချာဖွင့်ပြီးအပြင်ဘက်သို့ ထွက်လိုက်၏။ သို့သော် သူသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားရ၏။ လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားသော်လည်းကျိန်စာများ မပျက်ပြယ်သေးပေ။ အဖိုးတန်မီးဖိုအနားတွင် ကပ်ညှိနေပြီး သူထွက်လာမည့်အချိန်ကို စောင့်နေခြင်းပင်။
ရှီဟောင်သည် ချက်ချင်းပင် ထိုင်ချလိုက်ကာ ကျိန်စာအားလုံးကို ယူလိုက်ကာ သူ၏ခန္ဓာကိုယ်ဖြင့် ခုခံလိုက်သည်။ သူ၏ ပါးစပ်မှ သွေးများအဆက်မပြတ်ကျဆင်းလာပြီး အကြိမ်ပေါင်းများစွာ သတိလစ်မလိုပင် ဖြစ်သွား၏။ သူ၏ အသက်မီးတောက်မှာ အားနည်းလာပြီး ငြိမ်းတော့မည်။
တစ်ရက်လုံးကြာပြီးသည့်နောက်မှသာ သူသည် လေရှူထုတ်နိုင်ပြီး အနည်းငယ် သက်သာသွားလေသည်။ ဤသည်မှာ အန္တရာယ်များလွန်းလှ၏။ သူ၏ ခန္ဓာကိုယ်နှင့်တာအိုမှာ ပျက်စီးသွားတော့မလိုပင်။
ထို့နောက်တွင် သူ၏ဒဏ်ရာများကို နှစ်ရက်နှစ်ည ကုသပြီးသည့်နောက်မှသာ သူ၏ ဝိဉာဉ်မှာ ပို၍ သက်သာလာပြီး သူ၏ အသွေးအသားများလည်း တောက်ပလာလေ၏။
“ခင်ဗျားတို့က တော်တော်အသက်ပြင်းတာပဲ …” ရှီဟောင် သူတို့ကို သွားရှာကြည့်သည့်အချိန်တွင် ခရမ်းရောင်ဝတ်စုံဝတ်သည့်လူငယ်လေးနှင့် သူ၏ ဆေးလုံးမီးဖိုကို အကောက်ကြံသည့် လူအိုကြီးများမှာ အသက်ရှင်နေသေးကြောင်း သူတွေ့လိုက်ရသည်။ သူတို့နှစ်ဦးမှာ မိစ္ဆာနှင်နတ်ဝါးကို တစ်ယောက်တစ်ခုစီ ကိုင်ထားကြလေသည်။
ကျန်သည့်သူများမှာ လျှပ်စီးကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အချို့သူများမှာလည်းကျိန်စာကြောင့် သေဆုံးသွားကြလေပြီ။
ထို့အပြင် တစ်စစီဖြစ်နေသည့် ရှေးဟောင်းမှော်ပစ္စည်း ၆ ခု ၇ ခုကိုလည်း တွေ့လိုက်ရ၏။ သူတို့အားလုံးမှာ လျှို့ဝှက်ရတနာများဖြစ်ကြသော်လည်း ယခုအချိန်တွင် ပျက်စီးနေလေပြီ။
“မင်း ..” ရှီဟောင်လမ်းလျောက်လာသည်ကို မြင်လိုက်သည့်အချိန်တွင် ခရမ်းရောင်ဝတ်စုံဝတ်လူငယ်နှင့် လူအိုကြီးမှာ သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင်။
သူတို့နှစ်ယောက်မှာ သူတို့ထံတွင်ရှိသည့် မှော်ပစ္စည်းများအားလုံးကို အသုံးပြုကာ လျှပ်စီးအလင်းတန်းများကို ကာကွယ်သော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၏။ ထို့အပြင် ကျိန်စာများလည်း ထိထားသောကြောင့် သူတို့မှာ လှုပ်ရှားရန်ပင် ခက်ခဲနေလေ၏။ သူတို့သည် ဤနေရာတွင် နောက်ဆုံးအကြိမ် အသက်လုနေခြင်းပင်။
သို့သော် ရှီဟောင်မှာ အကောင်းအတိုင်းရှိနေသည်ကို သူတို့တွေ့လိုက်ရလေသည်။
ရှီဟောင်၏ လက်ချောင်းမှ ရောင်စုံအလင်းတန်းထွက်ပေါ်လာကာ လူအိုကြီး၏ မျက်ခုံးကြားသို့ ဝင်သွားပြီး သူ၏အသက်ကို အဆုံးသတ်ပေးလိုက်၏။ ထို့နောက်တွင် သူသည် ခရမ်းရောင်ဝတ်စုံဝတ်ထားသည့်လူငယ်ကို ကိုင်မြှောက်လိုက်ကာ ” ငါအခုထိ တိုတိုင်းအသားကို မစားဖူးသေးဘူး .. ငါမင်းအသားကို နည်းနည်းဖဲ့ပြီး စားကြည့်မယ် .. ဒါကလည်းမင်းရဲ့ပုံစံအမှန်ကို ငါ့ကိုမြန်မြန်ပြမှ ရမှာပေါ့ မဟုတ်ရင် ငါ စားလို့ရမှာ မဟုတ်ဘူး”
သုံးရက်ကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ကောင်းကင်မြစ်၏ အတွင်းပိုင်းသို့ ဆက်ဝင်သွားလိုက်၏။ သူသည် မြစ်ရေများအားလုံးစီးဝင်သွားသည့် ကြီးမားလှသည့်ရှေးဟောင်းဂူကြီးတစ်လုံးကို တွေ့လိုက်ရလေသည်။