သုခကမ္ဘာက ရှီဟောင် - Chapter - 831 လူနည်းစု စုစည်းခြင်း
ကောင်းကင်ကြီးထက်မှ လှပသည့်နေရောင်ခြည်များဖြာကျနေပြီး လတ်ဆတ်သည့်လေများ တိုက်ခတ်ကာ အပင်ရနံ့များလည်း ပျံ့လွင့်နေ၏။ အရာအားလုံးမှာ အသက်ဝင်နေသောကြောင့် ဖိန်းကျွန်းမှ ထွက်လာသည့် ရှီဟောင်မှာ အလွန်ပင် လန်းဆန်းသွားရသည်။
ရှီဟောင်သည် တစ်ခဏခန့်အနားယူပြီးသည့်နောက်တွင် ချက်ချင်းပင် ထရပ်လိုက်ပြီး သူ၏အဖိုးထွက်ခွာသွားသည့်အရပ်ဘက်သို့ လျင်မြန်စွာပင် ဦးတည်သွားလိုက်သည်။
“အဖိုးက သေချာပေါက် အဆင်ပြေနေတာပဲ .. ကောင်းကင်နိုင်ငံရဲ့ နတ်သမီးအလင်း ခင်ဗျားကို လုပ်ကြံခံရတဲ့ခံစားချက်ကို ခံစားဖူးအောင် ကျုပ်လုပ်ပေးမယ်” ရှီဟောင် ပြောလိုက်၏။
သူထွက်လာပြီးပြီးချင်းမှာပင် ထာဝရတောင်သည် စီရင်စုအားလုံးမှ ထူးခြားပါရမီရှိသူများကို ဒြပ်စင်ငါးခုစီရင်စုသို့ ဖိတ်ခေါ်ကာ သိုင်းပညာဖလှယ်ကြသည်ဟူသော သတင်းကို မြို့တစ်မြို့မှ သူကြားခဲ့ရသည်။
ရှီဟောင် စားသောက်ဆိုင်အတွင်းသို့ဝင်လိုက်ပြီး သူအချိန်အကြာကြီး မထိုင်ရသေးခင်မှာပင် ဆွေးနွေးနေကြသည့်အသံပေါင်းစုံကို ကြားလိုက်ရ၏။ ဤသည်မှာ သူလိုအပ်သော သတင်းပင်။
“ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်နဲ့မတူတော့ဘူး .. ဂိုဏ်းပေါင်းစုံက တပည့်တွေတင်မကဘူး တစ်ချို့ အဆင့်လွန်လူငယ်တွေလည်း သူတို့ကိုယ်သူတို့ ထုတ်ဖော်ကြမှာ .. သူတို့သေချာပေါက်ကို စွမ်းအားချင်းတွေ ပြိုင်ကြတော့မှာ”
လူများစွာမှာ ယခုတွေ့ဆုံပွဲအတွက် စိတ်လှုပ်ရှားစွာပင် ဆွေးနွေးနေကြလေ၏။ ဤသည်မှာ ဒြပ်စင်ငါးခုစီရင်စု၏ ကြီးမားလှသည့်ပွဲတစ်ခုပင်။
“ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ကျင့်ကြံဆင့်က မရသေးဘူး မဟုတ်ရင် ငါသေချာပေါက်သွားမှာ .. အဲဒီအဆင့်လွန်လူငယ်တွေနဲ့ ကောင်းကင်မိန်းမပျိုလေးတွေ ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာကို သွားကြည့်မှာ”
“ချင်းဟောင်ကို ထက်မြက်လာစေဖို့အတွက်နဲ့ ထာဝရတောင်က လူတွေအများကြီးကို စုထားတာ .. ကြည့်ရတာ သူတို့တွေ ချင်းဟောင်ကို တကယ်အလေးပေးတယ်ထင်တယ် .. သူ အကောင်းဆုံးရလဒ်ကို ရနိုင်ပါ့မလားဆိုတာ ငါသိချင်မိတယ်”
“ငါကြားတာတော့ ဒီပွဲက ချင်းဟောင် နာမည်ကြီးလာအောင် လုပ်တဲ့ တိုက်ပွဲတဲ့ .. သူက ထူးခြားပါရမီရှိတဲ့သူတွေနဲ့ တိုက်ခိုက်ပြီးတော့ အဆင့်လွန်အရိုးနှစ်ခုနဲ့ ပြိုင်ဘက်မရှိတဲ့လူငယ်ဆိုတဲ့ သူ့နေရာကို သက်သေပြမှာတဲ့”
“ထာဝရတောင်က တော်တော်ကြီးကို ရင်းနှီးမြှုပ်နှံထားတာ .. ဒီလိုမျိုး သိုင်းပညာဖလှယ်ပွဲဖြစ်လာအောင်လို့ သူတို့တွေက ဒီစီရင်စုထဲက တစ်ခြားဂိုဏ်းတွေကို အများကြီးပေးထားရတာတဲ့ .. ဒါတွေအားလုံးက ချင်းဟောင်ကို ပြိုင်ဘက်ကောင်းရှာပေးဖို့တစ်ခုတည်းအတွက်ပဲ”
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤသည်မှာ သူဖိန်းကျွန်းပေါ်တွင် ကြားထားသည့်အတိုင်းဖြစ်နေ၏။ သူ၏အဖိုး ဤနေရာသို့ ရောက်လာမည်ကို သူအလွန်ပင် စိုးရိမ်မိသည်။
သူကောလဟာလအချို့ကိုကြားပြီးသွားပြီ။ လူများမှာ မီးလောင်ရာလေပင့်နေပြီး ဂျီးနီးယပ်စ်များကြားမှ တိုက်ပွဲကို အရှိန်အမြင့်ဆုံးရောက်အောင် တွန်းပို့နေကြခြင်းပင်။
“ငါကြားတာတော့ ဒီတစ်ခေါက် ချင်းဟောင်က ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့အရိုးနှစ်ခုကို ကမ္ဘာကြီးကို ပြမှာတဲ့ .. သူက ဘယ်လိုမျိုး ပြိုင်ဘက်ကင်းတဲ့စွမ်းအားတွေကို ထုတ်ပြမလဲဆိုတာ ငါသိချင်မိတယ်”
ထိုသတင်းပြန့်သွားသည့်အချိန်တွင် အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ လူများစွာမှာ အဆင့်လွန်အရိုးများမှာ မည်မျှပင်ထူးခြားသည်ကို သိချင်ကြလေသည်။ ထူးခြားစွမ်းရည်ရှိသည့် အချို့လူများပင်လျှင် သိချင်နေကြလေ၏။
“သူ့မှာ ပြန်လည်မွေးဖွားနိုင်စွမ်းရှိတဲ့ မွေးရာပါ အဆင့်လွန်အရိုးရှိတာတော့ ငါသိတယ် … အဲဒီသင်္ကေတ လွှမ်းမိုးခံလိုက်ရတဲ့သူတွေက သူတို့ကိုယ်သူတို့ မလွတ်မြောက်နိုင်ဘူး”
“ငါကြားထားတာလည်း ရှိသေတယ် .. သူ့ရဲ့ထာဝရအရိုးက သူ့အစ်ကိုဆီကနေရထားတာ သူ့ရဲ့မွေးရာပါမဟုတ်ဘူးတဲ့ … သူ့အစ်ကို သူ့ကို ပေးထားတာတဲ့”
“လျှောက်ပြောမနေနဲ့ .. ဘယ်သူက တစ်ခြားသူကို သူ့ရဲ့အဆင့်လွန်အရိုးကို ကြည်ကြည်ဖြူဖြူပေးမှာလဲ .. မင်းက ဘာလို့ အဲဒီလိုမျိုး ကောလဟာလတွေကိုတောင် ယုံနေတာလဲ .. ပြီးတော့ အဲဒီလိုမျိုးသတင်းတွေက ထာဝရတောင်ကို ဒေါသထွက်အောင်လုပ်နေတာ သူတို့တွေ အဲဒီသတင်းပြောတဲ့သူတွေကိုတောင် သတ်ပစ်ခဲ့တယ် .. စကားပြောတာ သတိထား”
“ဟက် ဒီလိုကိစ္စမျိုးက ဖုံးကွယ်ထားလို့မရပါဘူး .. နောက်ဆုံးမှာ အမှန်တရားက ထွက်လာမှာပဲ .. ပြီးတော့ အဆင့်နိမ့်နယ်မြေကို သွားပြီးတော့ လျှို့ဝှက်ချက်တွေ သိခဲ့ရတဲ့သူတွေ ရှိတာပဲ .. ငါကြားတာတော့ အဲဒီအရိုးရဲ့ ပိုင်ရှင်အစစ်က ကောင်းကင်နဲ့မြေကြီးကို လှည့်ပတ်သွားလာနေတဲ့ အဆင့်လွန်လူငယ်လေးတဲ့ .. ကံမကောင်းစွာနဲ့ပဲ သူက အချိန်မတန်ပဲ သေသွားရတာ .. မဟုတ်ရင် ပြန်လည်မွေးဖွားခြင်းအဖိုးတန်ပညာက ပိုပြီးတော့ ကြီးကျယ်ခမ်းနားပြီးတော့ တောက်ပမှာ”
..
စားသောက်ဆိုင်မှ လူများမှာ ထိုကိစ္စကို စတင်အငြင်းပွားကြလေသည်။ ချင်းဟောင်၏ အဆင့်လွန်အရိုးမှာ သူ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ပဲ အခြားသူထံမှ ရယူထားသည်ဟု အချို့သူများက ယုံကြည်နေကြသည်။
ရှီဟောင်မှာ မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူများ ပြောနေသည်ကို တိတ်တဆိတ်သာ နားထောင်လိုက်သည်။
အဆုံးသတ်တွင် သူစိတ်ဓာတ်ကျသွားရသည်။ ကောင်းကင်နိုင်ငံမှ နတ်သမီးအလင်းမှာ ထင်ထားသည့်အတိုင်းပင် အချို့အရာများကို ပြုလုပ်ထားပြီး အဖိုး ၁၅ ကို ထိခိုက်စေမည့်သတင်းများကို လွင့်ထားလေသည်။
မူလကောင်းကင်လျို့ဝှက်နယ်မြေမှာ အရှေ့ဘက်တွင်ရှိနေပြီး မူလကောင်းကင်ရှေးဟောင်းမြို့နှင့် သိပ်မဝေးပေ။
ရှီဟောင်သည် ထိုအရပ်သို့ ဦးတည်သွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူနောက်ထပ်သတင်းထပ်ရခဲ့သေးသည်။ သူ၏မိဘများလည်း ချင်းဟောင်၏အရိုးနှစ်ခုစွမ်းအားကို လာရောက်ကြည့်ရှုကြမည်ပင်။
ထို့အပြင် ဤတိုက်ပွဲအတွင်းတွင် လက်ထပ်ကြောင်းလမ်းခြင်းလည်း ပါဝင်မည်ဖြစ်ပြီး ချင်းဟောင်အတွက် ကောင်းကင်အမျိုးသမီးကို ရွေးချယ်ကြလိမ့်မည်။
ဤသည်မှာလည်း ကောင်းကင်နိုင်ငံမှ ဖြန့်ထားသည့်သတင်းလား .. သူ၏အဖိုးမှာ ရှီကျီလင်းကိုတွေ့ရန်အတွက် သေချာပေါက် ရောက်လာလိမ့်မည်။ သူတို့မတွေ့ကြလျှင်ပင် သူ၏အဖိုးသည် လူအုပ်ထဲမှ တိတ်တဆိတ်ကြည့်လိမ့်မည်။
ဤလူအိုကြီးမှာ ဤနှစ်များအတွင်းတွင် များစွာ ကြုံတွေ့ခဲ့ရသည်။ သူ၏ စိတ်ညှိုးငယ်ကာ ခန္ဓာကိုယ်မှာလည်း ပင်ပန်းနေလေပြီ။ ရှီဟောင်ကို ဆုံးရှုံးပြီးသည့်နောက်တွင် သူသည်အလွန်ပင် ဝမ်းနည်းပူဆွေးခဲ့ရသည်။ သူသည် သူချစ်ရသည့်သူများကို တိတ်တဆိတ်လေ့လာရန်အတွက် ထိုနေရာသို့ သွားလည်လိမ့်မည်။
ထိုမြင်ကွင်းကို စဉ်းစားမိသွားသည့်အချိန်တွင် သူဝမ်းနည်းခဲ့ရသည်။ သူ၏အဖိုးသည် ချင်းကလန်နှင့် မပတ်သက်ချင်သော်လည်း သူသည် ရှီကျီလင်းနှင့် အခြားသူများကို လက်မလွတ်ချင်သေးပေ။
တစ်ချိန်တည်းမှာပင် သူထိတ်လန့်သွားရ၏။ ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ သူ၏အဖိုးကို သူအချိန်မှီရပ်တန့်ရမည်။
“မဖြစ်သေးဘူး ငါ့ရဲ့အဖိုး သတိထားနိုင်အောင်လို့ ငါသတင်းတစ်ချို့တော့ လွှင့်ရမယ်”
ထိုနေ့တွင်သူသည် ပြောင်းလဲခြင်း ၇၂ မျိုးကို အသုံးပြုကာ အရွယ်ပေါင်းစုံကျင့်ကြံသူအဖြစ် ပြောင်းလဲကာ နာမည်ကြီးသည့် မြို့ကြီးများစွာသို့ ဝင်ရောက်ကာ ကောလဟာလများကို ဖြန့်ခဲ့သည်။
“ချင်းကလန်၏ ကလန်ထဲမှာ အငြင်းပွာမှုတွေ ဖြစ်နေတယ်တဲ့ .. သူတို့တွေက ထာဝရအရိုးနှစ်ခုရှိတဲ့ အဆင့်လွန်လူငယ်လေးရဲ့ အဖိုးကို ဖိန်းကျွန်းကို ပို့ပြီးတော့ သတ္တုတွေတူးခိုင်းတာတဲ့ .. အရမ်းရက်စက်တာပဲ”
ထိုသတင်းပြန့်သွားသည့်အချိန်တွင် လူအများ စိတ်ဝင်စားခဲ့ကြသည်။
ထို့နောက်တွင် အခြားရှေးဟောင်းမြို့တစ်ခုမှ သတင်း ပျံ့လွင့်လာ၏။
“သတင်းထူးဟေ့ .. ဖိန်းကျွန်းက အနက်ရောင်အကျဉ်းထောင်မှာ ပုန်ကန်မှုဖြစ်တယ်တဲ့ .. လူအများကြီး လွတ်သွားတယ်”
“ရှီကျုံးထျန်းက ဖိန်းကျွန်းကနေ လွတ်သွားတော့ ချင်းကလန်က ဒေါသထွက်ပြီး ကောင်းကင်နိုင်ငံက လုပ်ကြံသူတွေကို လွှတ်ပြီး သူ့ကို အပြတ်ရှင်းခိုင်းခဲ့တာ”
“လျှို့ဝှက်သတင်း .. ဒီတစ်ခေါက် ရှီကျီလင်း၊ ချင်းဟောင်နဲ့တစ်ခြားသူတွေ မူလကောင်းကင်လျှို့ဝှက်နယ်မြေကို လာမှာတဲ့ … ရှီကျုံးထျန်းလည်း အဲဒီနေရာကို သွားရင် ကောင်းကင်နိုင်ငံက လုပ်ကြံသူက အဲဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ရှင်းပစ်လောက်တယ်”
…
ထိုသတင်းပြန့်သွားသည့်အချိန်တွင် လူများစွာမှာဆွံ့အသွားခဲ့သည်။ သူတို့မှာ အခြေအနေများမှာရှုပ်ထွေးနေသည်ဟု ခံစားကြရလေ၏။
အားလုံးမှာ အစပိုင်းတွင် မယုံကြည်ကြသော်လည်း ဤသည်မှာ ထာဝရတောင်နှင့် ပတ်သက်နေသောကြောင့် အားလုံးစိတ်ဝင်စားနေကြသည်။
ထိတ်လန့်စရာကောင်းသည့်အချက်မှာနောက်ဆုံးတွင် လူများမှာ ထိုသတင်းကို အတည်ပြုကြခြင်းပင်။ ဖိန်းကျွန်းတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အကျဉ်းသားအနည်းငယ်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ သူတို့သည် ချင်းဟောင်အဖိုး ရှီကျုံးထျန်း ယခင်က အကျဉ်းကျဖူးသည့်ကိစ္စကိုပင် အတည်ပြုခဲ့ကြသည်။
ထိုသတင်းမှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားလေ၏။ ထာဝရတောင်အတွက်မူ ဤသည်မှာ သိက္ခာကျဖွယ်ဖြစ်ရပ်ပင်။
သူတို့မှာ ချက်ချင်းပင် လျှို့ဝှက်စုံစမ်းကြလေသည်။
ရှီဟောင် ထိုအရာများကို ဂရုမစိုက်ပေ။ သူ၏အဖိုး ကောင်းကင်နိုင်ငံမှ လုပ်ကြံသူလက်ထဲရောက်မသွားနိုင်ရန်အတွက် သူ၏အဖိုးကို သူသတိပေးချင်ယုံသာ။
“မူလကောင်းကင်လျှို့ဝှက်နယ်မြေက ပွင့်လာတော့မယ် … ရည်ရွယ်ချက်ကြီးမားတဲ့လူတွေ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူးနော် .. ရှေးမျိုးဆက်ကနေ ဆင်းသက်လာတဲ့ လျှို့ဝှက်မြေပုံ ဒီမှာ ရောင်းနေတယ်နော်”
ရှီဟောင် မူလကောင်းကင်မြို့အတွင်းသို့ဝင်လိုက်သည်နှင့် ဤကဲ့သို့သော အော်သံကို ကြားလိုက်ရ၏?
“လျှို့ဝှက်နယ်မြေက သားရဲတွေအကြောင်းရှင်းပြထားတာတွေ .. ဒါက ရှေးဟောင်းအရိုးစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ချက်တွေပဲ .. အထဲမှာ အသက်ရှင်ချင်ရင်တော့ မင်းတို့ အထဲမှာရှိနေတဲ့ ရက်စက်တဲ့သားရဲအကြောင်းကို နည်းနည်းသိဖို့လိုတယ်နော်”
ရှီဟောင်မှာ ဆွံ့အသွားရသ်ည။ မူလကောင်းကင်ရှေးဟောင်းမြို့ရှိလူများမှာ အလွန်ပင် အံ့အားသင့်စရာကောင်းလှ၏။ သူတို့သည် မြေပုံ၊ အရိုးစာအုပ်နှင့် အခြားအရာမျိုးစုံကို ရောင်းချနေကြပြီး စီးပွားရေးအကွက်မြင်တတ်ကြသည်။
“မူလကောင်းကင်အဆင့်လွန်တစ်ယောက်ရဲ့ ဘဝအကြောင်းမှတ်တမ်းတင်ထားတဲ့ စာအုပ်ရှိတယ်နော် .. အထဲဘက်မှာ ကံကောင်းခြင်းတွေကို ရှာချင်ရင်တော့ ဒါက မရှိမဖြစ်စာအုပ်ပဲနော် .. မင်းတို့ဒီစာအုပ်ကို သေချာဖတ်သင့်တယ်”
မြို့ကြီးမှာ ပျာပန်းခတ်မျှ လှုပ်ရှားနေပြီး ဤရက်ပိုင်းအတွင်း လူအများအပြားရောက်လာကြသည်။ အခြားစီရင်စုများမှ ဂိုဏ်းပေါင်းစုံကိုလည်း ဤနေရာတွင် မြင်တွေ့နိုင်လေသည်။
လမ်းမထက်တွင် တိုတိုင်း၊ ဖီရှူး၊ ဟုန်အစစ်နှင့် အခြားသူများ ရှိနေကြ၏။ စွမ်းအားကြီးသည့် ရှေးလူမျိုးစုများလည်း ရောက်နေကြလေသည်။ ရွှေရောင်အတောင်ပံဖန်များမှာလည်း သူတို့၏ အတောင်ပံများကို ဖြန့်ကျက်ကာ အစိမ်းရောင်လုအန်များမှာလည်း ကောင်းကင်ထက်တွင်ဟစ်ကြွေးနေကြသည်။
“လိပ်ပြာလေးက လှလိုက်တာ” မိန်းမပျိုလေးမှာ ပြောလိုက်ပြီး သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် လိပ်ပြာလေးကို ကြည့်နေလေသည်။ သူမ၏မျက်လုံးများတွင်လည်း အရောင်တောက်ပနေလေ၏။
သို့သော် သူမ၏ အဖော်များမှာချက်ချင်းပင် မျက်နှာပျက်ယွင်းသွားကာ ဖြူဖျော့သွားလေ၏။ သူတို့သည် သူမကို အဝေးသို့ ဆွဲခေါ်သွားလိုက်ပြီး “လျှောက်မပြောနဲ့ .. အဲဒါက နတ်ဆိုးအက်ကွဲလိပ်ပြာ .. ကောင်းကင်အဆင့် နတ်ပိုးကောင်ပဲ … သူအရွယ်ရောက်လာတာနဲ့ ကောင်းကင်ကိုတောင် ခွဲပစ်နိုင်တယ်”
ရှီဟောင်သည် လျှို့ဝှက်စွာသာ နေနေလေ၏။ မြို့ထဲသို့ဝင်လာပြီးသည့်နောက်တွင် သူသည် ဘေးပတ်ဝန်းကျင်ကို သေချာလေ့လာပြီး သူ၏အနားတွင် ရှိသည့်လူများ ပြောနေကြသည်ကို နားထောင်ကာ သူ၏အဖိုးကို လျှို့ဝှက်စွာ ရှာဖွေလိုက်သည်။
“နတ်နန်းဂိုဏ်းက နတ်သမီးယွဲ့ချန်လည်း လာတယ်”
ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်တွင် လူများမှာအုတ်သော်သောင်းတင်းဖြစ်သွား၏။ ထိုအချိန်တွင် လူတစ်စုမြို့ထဲသို့ ပျံသန်းလာလေသည်။ ဤလူများမှာ နတ်နန်းဂိုဏ်းမှ လူများပင်။ သူတို့ထဲတွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် လှပသော မိန်းမပျိုလေးမှာ မသေမျိုးတစ်ယောက် သေမျိုးကမ္ဘာသို့ ဆင်းသက်လာသကဲ့သို့ပင်။
“ဟမ် အဲဒီလူငယ်လေးက ဘယ်သူလဲ”
ထို့နောက်တွင် လူများသည် နတ်သမီးဘေးတွင်ရှိနေသည့် လူကို သတိထားမိသွားသည်။ သူ၏ ဆံပင်များမှာ လေထဲတွင် ပျံ့ကြဲနေပြီး သူ၏ မျက်လုံးမှ လျှပ်စီးကဲ့သို့ပင် အလင်းများထွက်ပေါ်နေလေ၏။ သူ၏ ခန္ဓာကိုယ်ကို သင်္ကေတများဖုံးလွှမ်းထားသောကြောင့် အနည်းငယ် ဝေဝါးနေသည်။
“သူက ထာဝရနန်းတော်က သခင်လေးထင်တယ်”
ထိုစကားလုံးများ ထွက်လာသည့်အချိန်တွင် အားလုံး ဆွံ့အသွားရသည်။ သူတောင်လာတယ် .. သူ့ကို ဘယ်သူက ယှဉ်ပြိုင်နိုင်မှာလဲ..
“ဒါက တကယ်ကို ပြီးပြည်စုံတဲ့ စုံတွဲပဲ” တစ်စုံတစ်ယောက်မှ မနာလိုစွာ ပြောလိုက်သည်။
နတ်သမီးယွဲ့ချန်နှင့် ထာဝရနန်းတော်၏ ဆက်ခံသူတို့မှာ ဘေးချင်းယှဉ်လျက် လျှောက်လာကြလေ၏။
ကောင်းကင်ထက်တွင် လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများမှာ လက်သီးအရွယ်အစားခန့်ရှိနေလေသည်။ ထို့နောက်တွင် အဆင့်လွန်လူငယ်လေးတစ်ယောက် ရောက်လာလေ၏။
“လျှပ်စီးရဲ့ကလေး”
“သူလည်းလာတယ်လား .. စွမ်းအားကြီးတဲ့သူတွေကြားက ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်လာတော့မှာ”
အားလုံးမှာအလွန်ပင် စိတ်လှုပ်ရှားလာကြသည်။ လျှပ်စီး၏ကလေးမှာ အလွန်ပင် ကြောက်စရာကောင်းပြီး အခြားသူများနှင့် တိုက်ခိုက်လိုသည့်သူပင်။ သူသည် ထာဝရတောင်၏ မျိုးရိုးဆက်ခံသူကို စိန်ခေါ်လိမ့်မည်။
နောက်တစ်နေ့တွင် မြို့ထဲ၌ နောက်တစ်ကြိမ် ဆူပူသွားပြန်လေသည်။ အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုလေးဆင်းသက်လာလေ၏။ သူမတစ်ကိုယ်လုံးတွင်ကြာပန်းရနံ့များ သင်းပျံ့နေလေသည်။
“ကြာပန်းကလန်က အဆင့်လွန်မိန်းမပျိုလေး ချင်းရှန်း လာပြီ”
ထို့နောက်တွင် ရွှေမီးကလန်မှ ထျန်ယိ၊ ဝိဉာဉ်ကလန်မှ ကျန်းဂုနှင့် အခြား နာမည်ကြီးသည့် ထူးခြားပါရမီရှိသည့်သူများ ပေါ်လာကြလေ၏။
ညနေပိုင်းတွင် ကောင်းကင်ခစားခြင်းဂိုဏ်းမှ စုန်းမရောက်လာလေ၏။ သူမတစ်ကိုယ်လုံးတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး လှပကာ ကျက်သရေရှိနေလေသည်။
“ဘာဖြစ်တာလဲဆိုတာ ငါသိတယ် .. လျှပ်စီးစီရင်စုမှာ သဘာဝအခွင့်အရေးတွေရှိတယ် .. ဒီအဆင့်လွန်လူငယ်အများစုက အရင်က ငွေရောင်ဆံပင်နဲ့မိန်းကလေးနောက်ကို လိုက်ခဲ့ကြတာ ဒါပေမဲ့ သူတို့ဘာမှ မတွေ့ခဲ့ဘူး .. သူတို့တွေက အဲဒီနေရာကနေ ပြေးလာကြတာ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဒြပ်စင်ငါးခုစီရင်စုမှာ လျှပ်စီးစီရင်စုနှင့် နီးကပ်နေသောကြောင့် ဤသတင်းကိုကြားလိုက်ရသည်နှင့် အဆင့်လွန်လူငယ်များမှာ ထိုနေရာမှ တစ်ယောက်ပြီးတစ်ယောက်ရောက်လာခြင်းပင်။
“ဘုရားရေ .. သူတို့အားလုံးဒီမှာ လာစုနေကြပြီ .. သူတို့တွေက လွှမ်းမိုးနိုင်ဖို့အတွက်နဲ့ တိုက်ကြမှာလား”
“မူလကောင်းကင်လျှို့ဝှက်နယ်မြေပွင့်လာတာနဲ့ နတ်ဆေးတွေ၊ မူလအဆင့်လွန်သွေးတွေ၊ တားမြစ်ထားတဲ့အရာတွေနဲ့ တစ်ခြားအရာတွေက ကြောက်စရာကောင်းတဲ့ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်”
“တစ်ယောက်ယောက်လာတယ် .. နတ်ဘုရားမစီရင်စုက ဟွမ်ဝူလာတယ်” အားလုံးမှာ ထိတ်လန့်သွားကြ၏။ အခြား ထူးခြားအဆင့်လွန်မိန်းမပျိုလေးတစ်ယောက် ရောက်လာခဲ့လေပြီ။
ထို့နေ့တွင် ထာဝရတောင်မှ လူများလည်း ရောက်လာကြလေ၏။ သူသည် ရှီကျီလင်းတို့ဇနီးမောင်နှံနှင့် ချင်းဟောင်ကို တွေ့လိုက်ရသောကြောင့် ရှီဟောင် မျက်မှောင်ကြုတ်သွားလေသည်။