သုခကမ္ဘာက ရှီဟောင် - Chapter - 832 အာရုံစိုက်ခံရခြင်း
ရှီကျီလင်းတို့ဇနီးမောင်နှံနှင့် ချင်းဟောင် လမ်းလျှောက်လာသည့်အချိန်တွင် မျက်လုံးပေါင်း ထောင်ပေါင်းများစွာမှာ သူတို့ထံသို့ ရောက်ရှိသွားကြသည်။ လူများစွာမှာ ကျယ်လောင်စွာပင် အော်ဟစ်ကြလေ၏။
ထာဝရအရိုးနှစ်ခုရှိသည့် လူငယ်လေးမှာ မည်သည့်ပုံစံဖြစ်သည်ကို သိချင်ကြသောကြောင့် လူများစွာမှာ အလုအယက်ပင် ကြည့်ကြလေသည်။
ချင်းဟောင်မှာ အတော်ပင် ဆွဲဆောင်မှုရှိသည်။ သူသည် အလွန်ပင်တောက်ပနေသည့်မှော်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အော်ရာမှာလည်း ထူးခြားလေသည်။
“ဒါက မွေးရာပါ အဆင့်လွန်လူသား ချင်းဟောင်ပဲ .. ဒီတိုက်ပွဲမှာ နာမည်တက်လာပြီးတော့ ဒီခေတ်ရဲ့စွမ်းအားအကြီးဆုံး ကောင်းကင်ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်လာမှာ”
သူ၏မျက်လုံးများမှ အလွန်ပင် တောက်ပနေလေ၏။ သူသည် ရထားလုံးပေါ်တွင်ရပ်ကာ ဤနေရာကို ရပ်ကြည့်လိုက်သည်။ အချို့မိန်းမပျိုမှာသူ့ကိုကြည့်ပြီး အော်ဟစ်လိုက်ကာ အနီးကပ်ကြည့်ရန်အတွက် လူအုပ်ထဲမှ ထွက်လာကြလေ၏။
“သူက တကယ်ကို အဆင့်လွန်လူငယ်လေးပဲ .. သူရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကလည်း ပြင်းထန်တယ်”
လမ်းတစ်လျှောက်တွင် အားလုံးမှာ ခေါင်းမော့ကာ ထိုရထားလုံးတွင် ရှိနေသည့် လူငယ်လေးအား ကြည့်နေကြလေ၏။
ရှီကျီလင်းတို့ဇနီးမောင်နှံပင်လျှင် လူအများ အာရုံစိုက်ရာနေရာတစ်ခုဖြစ်လာ၏။ စီရင်စု ၁၀ ခုလုံးကို လွှမ်းမိုးနိုင်သည့်ကလေးရှိနေသောကြောင့် သူတို့သည်လည်း ပြောစရာခေါင်းစဉ်တစ်ခု ဖြစ်လာသည်။
ရထားလုံးတွင် ထူးဆန်းသည့်သင်္ကေတများ စီးဆင်းနေလေ၏။
ရှီကျီလင်းတို့ဇနီးမောင်နှံမှာလည်း ချင်းဟောင်ကို ကြည့်ကာ ပြုံးနေလေသည်။ သူတို့၏ သားငယ်မှာ အမှန်တကယ်ပင် သာမန်မဟုတ်ပေ။ လူအားလုံးမှ ဤကဲ့သို့အာရုံစိုက်နေသောကြောင့် သူတို့အနည်းငယ် ဝမ်းမြောက်ကျေနပ်နေမိသည်။
“ထာဝရအရိုးနှစ်ခုရဲ့စွမ်းအားကို ငါမြင်ချင်နေပြီ .. သူတို့က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ”
“ငါတို့ မကြာခင်သိရမှာပါ .. ထူးခြားစွမ်းရည်တွေကြားက ဒီတိုက်ခိုက်မှုမှာ အတောက်ပဆုံးသူ ထွက်ပေါ်လာမှာပဲ”
တောက်ပသည့်ရထားလုံးကြီး ထွက်ခွာသွားပြီဖြစ်သော်လည်း လူများမှာ ထိုအကြောင်းကို ပြောနေကြဆဲပင်။
ရှီဟောင်သည် အနောက်ဘက်တွင်ရပ်ကာ တိတ်ဆိတ်စွာပင် ကြည့်နေလေ၏။ သူသည် ထောင့်နားတွင်တစ်ယောက်တည်းရပ်နေပြီး မည်သူမျှ သူ့ကို သတိမထားမိပေ။ သူသည် သူ၏အဖိုးကို ရှာနေခြင်းပင်။
သူ၏မိဘများကို တွေ့လိုက်ရသော်လည်း သူတို့တွေ့ဆုံရန်မှာ မဖြစ်နိုင်ပေ။ မဟုတ်ပါက ထာဝရနန်းတော်၊ ကောင်းကင်နိုင်ငံနှင့် ထာဝရတောင်ပင်လျှင် သူ့ကို လုပ်ကြံသွားနိုင်သည်။
“အဖိုး အဖိုးဘယ်မှာလဲ” ရှီဟောင် နူးညံ့စွာ ပြောလိုက်၏။ သူသည် ဤလူအုပ်ကြီးထဲတွင် သူ၏အဖိုးကို ရှာနေမိသည်။
သူ၏အဖိုးသေချာပေါက်လာမည်ကိုသူသိသည်။ အဘယ်ကြောင့်ဆိုသော် လူအိုကြီးမှာ ခံစားချက်ပြင်းထန်လွန်းလှ၏။
အဖိုးသည် သူ၏အားနည်းချက်ကို ဖော်ပြမိပြီး အခြားသူများ ရှာတွေ့သွားမည်ကို သူအလွန်ပင် ကြောက်မိသည်။
သူ၏အဖိုးသည်လည်း သူကဲ့သို့ပင် သူချစ်ရသောသူများကို တိတ်တဆိတ်ကြည့်နေမည်ပင်။ သူသည် လူအုပ်ကြီးထဲတွင် အသဲအသန်ရှာနေမိသည်။
သို့သော် ရှေးဟောင်းမြို့ထဲတွင် လူများမှာ များပြားလှသည်။ ငှက်များနှင့် သားရဲများပင် ရှိနေသောကြောင့် သူ၏အဖိုးကို ရှာရန် ခက်ခဲနေသည်။
မြို့ကြီးမှာ ပျာပန်းခတ်မျှ ဆူညံနေပြီး လမ်းမထက်တွင်လည်း သက်ရှိများပြည့်နေသည်။ ထူးခြားပါရမီရှိသည့်သူနှင့် ကောင်းကင်ဂျီးနီးယပ်စ်များမှာ ကောင်းကင်ထက်မှ တစ်ယောက်ပြီးတစ်ယောက်ဆင်းလာကြလေသည်။
“ဝိုး ဒါက ရွှေရောင်လုအန်လူမျိုးစုက အဆင့်လွန်လူငယ်လေးပဲ … သူကအရပ်ရှည်ရှည်နဲ့ သူ၏ခန္ဓာကိုယ်ပတ်လည်မှာလည်း ရွှေရောင်သင်္ကေတတွေက သံချပ်ကာလိုမျိုး ရှိနေတာ .. သူမျက်လုံးတွေက ဖီးနစ်မျက်လုံးတွေလိုပဲ သူရဲကောင်းဆန်တယ် .. စွမ်းအားကြီးလိုက်တာ”
“ယင်ယန်ကျောင်းက လျှပ်စီးရဲ့သားတော်လည်း ရောက်လာပြီ .. သူက ကောလဟာလတွေထဲကအတိုင်းပဲ ခန္ဓာကိုယ်တစ်ခုလုံးလင်းနေပြီးတော့ ယင်စွမ်းအားတွေ ပြည့်နေတာ .. အထင်ကြီးစရာကောင်းလွန်းတယ်”
…
တောက်ပသည့်ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အားလုံး၏ အာရုံစူးစိုက်မှုကို ရရှိကြလေသည်။
ရှီဟောင်သည် လူအုပ်အလယ်တွင် ရပ်ပြီး ထိုမြင့်မြတ်သည့်ကလေးများ၊ ထူးခြားပါရမီရှိသည့်သူများနှင့် နတ်အမျိုးသမီးများကို တည်ငြိမ်စွာပင်ကြည့်နေလိုက်သည်။
ကံမကောင်းစွာဖြင့်ပင် သူသည် သူ၏အဖိုး၏သဲလွန်စကို ရှာမတွေ့နိုင်သေးပေ။
ရှီဟောင် ပျော်လည်းပျော်သလို စိတ်လည်းပျက်နေရသည်။ သူ၏အဖိုးကို မတွေ့ရသေးသောကြောင့် ကောင်းကင်နိုင်ငံမှ လုပ်ကြံသူများမှာလည်း သူတို့၏ ရည်ရွယ်ချက် မပြီးမြောက်သေးပေ။ သို့သော် ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် သူတို့ဘယ်လိုလုပ် ပြန်လည်ပေါင်းစည်းနိုင်မည်နည်း..
“အဖိုးက သေချာပေါက်လာမှာ .. အခု သူ့ရဲ့စိတ်အခြေအနေက ကောင်းမှာမဟုတ်ဘူး .. ငါသူ့ကို တွေ့ဖို့လိုတယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ သူသည် အရှုံးမပေးပဲ ကြီးမားလှသည့်မြို့ကြီးထဲတွင် ဆက်လက်ရှာဖွေနေလေသည်။
ငါးရက်ကြာပြီးသည့်နောက်တွင် ရောက်ရမည့်သူများအားလုံးလည်း ရောက်နေလေပြီ။ ကောင်းကင်ဂျီးနီးယပ်စ်များအားလုံး ရောက်လာပြီး သူရဲကောင်းများလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလေသည်။
မူလကောင်းကင်လျို့ဝှက်နယ်မြေပွင့်လာတော့မည်ဖြစ်သည့်အတွက် တွေ့ဆုံပွဲကြီး စတင်တော့မည်။
ထိုနေ့တွင် စားသောက်ဆိုင်းများ၊ တည်းခိုခန်းများနှင့် အခြားနေရာများမှာ အလွန်ပင် စည်ကားနေလေ၏။ ကျင့်ကြံသူများစွာ ရောက်လာသောကြောင့် မြို့ကြီးတွင် တည်းခိုစရာနေရာပင် မရှိတော့ပေ။
မြို့ကြီးနှင့် အနည်းငယ်ဝေးသည့် မြို့ငယ်များပင်လျှင် လူများပြည့်နှက်သွားလေသည်။
ထို့အပြင် လူများစွာမှာလည်း ဘေးမှရပ်ကြည့်နေမည့်အစား လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ ကံကောင်းခြင်းများကို စမ်းသပ်လိုကြသည်။
သို့သော် မူလကောင်းကင်လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်သည့် အရည်အချင်းမှာလည်း မလွယ်ကူလှပေ။
ထာဝရတောင်၏ ပစ်မှတ်များမှာ စီရင်စုမှ ကောင်းကင်ပါရမီရှိသည့်သူများဖြစ်သည့်အတွက် သာမန်လူများ ပါဝင်ခွင့်ရရန် မလွယ်ကူပေ။
ဤတိုက်ခိုက်ပွဲကြီး ပို၍ အသက်ဝင်လာစေရန်အတွက် ထာဝရတောင်မှာ ထိုလူများဝင်ရောက်ခြင်းကို မတားမြစ်ထားပေ။ ကောလဟာလများအရဆိုလျှင် သူတို့သည် ဖိတ်ကြားထားသည်သူများအပြင် အပြင်မှလူ အယောက် လေးရာကို လက်ခံကြလိမ့်မည်။ ကန့်သတ်ချက်မှာ ငါးရာဖြစ်သည်ဟု ပြောကြသည့်သူများလည်း ရှိလေ၏။
မူလကောင်းကင်လျှို့ဝှက်နယ်မြေတွင် မူလအဆင့်လွန်သွေးများ၊ နတ်ဆေးပင်များနှင့် အခြားအရာများကို ရရှိနိုင်သောကြောင့် သူတို့သည် အပြင်လူကို အများကြီးဝင်ခွင့်ပေးမည်မဟုတ်ပေ။
လျှို့ဝှက်နယ်မြေမှာ ဒြပ်စင်ငါးခုစီရင်စုမှ ပိုင်ဆိုင်သောကြောင့် ထိုစီရင်စုတွင်ရှိသည့် ဂိုဏ်းများမှာ သူတို့၏ တပည့်သားများစွာကို ထိုနယ်မြေထဲသို့ လွှတ်လိုက်ကြလေသည်။
ဤရက်များတွင် ဂိုဏ်းများမှာ လူဘယ်နှယောက်အထဲသို့ စေလွှတ်မည်ကို ဆွေးနွေးကြလေသည်။ ထို့နောက်တွင် စည်းမျဉ်းစည်းကမ်းများနှင့် စမ်းသပ်ချက်များကို ပြလုပ်ကြ၏။ လိုအပ်ချက်များနှင့်ကိုက်ညီသည့် သူများသာ ဝင်ရောက်ခွင့်ရှိလေသည်။
“ငါသေချာပေါက် အထဲဝင်နိုင်အောင်လုပ်ရမယ် .. မြင့်မြတ်ဆေးတွေ တစ်ခြားကံကောင်းခြင်းတွေဆိုတာက ဒုတိယဦးစားပေးပဲ .. အဓိကအချက်က ငါ ထူးခြားစွမ်းရည်ရှိတဲ့သူတွေရဲ့ တိုက်ပွဲကြီးကို ငါကြည့်ချင်တယ် .. ငါဒီအခွင့်အရေးကို လက်လွတ်လို့မဖြစ်ဘူး” လူငယ်ကျွမ်းကျင်သူအချို့မှ ပြောလိုက်ကြ၏။ သူတို့မှာ အလွန်ပင်စိတ်လှုပ်ရှားနေကြပြီး ဤသည်မှာ အလွန်ရှားပါးသည့်အခွင့်အရေးဖြစ်သည်ဟု ခံစားနေကြရလေသည်။
အခြားသူများမှာလည်းခေါင်းခါကာ “အဲဒီနေရာက ကောင်းတဲ့နေရာတစ်ခုလို့ မင်းထင်နေတာလား … အဲဒါက အဆင့်လွန်လူသားရဲ့ နိဗ္ဗာန်ကျရှုံးခြင်းကနေ ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေ .. အဲဒီတော့ဒါကအရမ်း အန္တရာယ်များမှာ .. ဂိုဏ်းခေါင်းဆောင်တွေကို အထဲမဝင်ခိုင်းတဲ့ ဥပဒေတွေရှိနေပေမယ့် အထဲမှာလည်း ကြောက်စရာကောင်းတယ် .. ကြားတာတော့ အထဲမှာ နတ်မီးတောက်ရထားတဲ့ သားရဲနဲ့ ငှက်တွေရှိတယ်တဲ့”
“ငါက မူလသွေးအစစ်အမှန်တဲ့ တစ်ခြားကန့်သတ်ထားတဲ့အရာတွေအတွက်သွားမှာ .. ငါသာ အဲဒါတွေကို ရနိုင်ရင် ငါသေချာပေါက် တစ်ခါတည်းနဲ့ အောင်မြင်သွားမှာ” တစ်စုံတစ်ယောက်မှ သူ့ကိုယ်သူ ပြောလိုက်သည်။
လူများစွာမှာ ထိုအတွေးများကို တွေးကြလေ၏။ လကောင်းကင်လျှို့ဝှက်နယ်မြေတွင် အခွင့်အရေးများစွာ ရှိသောကြောင့် သူတို့ တစ်ခုကို ရလိုက်သည်နှင့် သူတို့ဘဝလမ်းကြောင်း ပြောင်းလဲသွားနိုင်၏။
သူတို့သာ ထိုနတ်ပစ္စည်းများ ရရှိပါက သူတို့အတွက် အလွန်ပင်အန္တရာယ်များမည်ကိုလည်း သူတို့သိကြသည်။ သူတို့အသက်အန္တရာယ်ကြုံလာရနိုင်၏။
အနည်းဆုံးတော့ ထိုအဆင့်လွန်လူငယ်များ၊ နတ်မိန်းမပျိုများနှင့် အခြားသူများအားလုံး ရှိနေမည်ပင်။
“အချိန်ကျလာရင် ငါတို့ သူတို့ကို ရှောင်နိုင်ရင် အကောင်းဆုံးပဲ .. ငါတို့အဲဒီလူတွေနဲ့ အငြင်းပွားလို့မရဘူး .. သူတို့အသားစားရင် ငါတို့က စွပ်ပြုတ်သောက်ရင်လုံလောက်ပြီ” အချို့သူများမှာလည်း သူတို့ကိုယ်သူတို့ နှစ်သိမ့်နေကြလေသည်။
အချို့သူများမှာလည်း ရည်မှန်းချက်အပြည်ဖြင့်ပင်။ သူတို့သည် စွမ်းအားကြီးသည့် မှော်ပစ္စည်းမျိုးစုံကို ယူသွားကြပြီး တိုက်ခိုက်ကြမည်ပင်။ သူတို့သည် ကမ္ဘာကြီးကိုတုန်လှုပ်စေနိုင်သည့် အခွင့်အရေးကို ရှာတွေ့ခဲ့လျှင်လည်း သူတို့စွန့်စားကြမည်ပင်။
ရှီဟောင်မှာ သူ့အဖိုးကို အမြဲတမ်းရှာနေခဲ့သော်လည်း မည်သည့်သဲလွန်စမှ မရသေးသောကြောင့် သူအတော်ပင်စိတ်ပူနေလေပြီ။
သူ ထာဝရတောင်၏ မကောင်းသတင်းများဖြန့်လိုက်သည့်အချိန်တွင် သူ၏အဖိုးလည်း သေချာပေါက် သတိထားကာ နေနေမည်ဟု သူယုံကြည်သည်။ ထို့ကြောင့်ပင် သူ့ကိုယ်သူ မဖော်ထုတ်ခြင်းပင် ဖြစ်လိမ့်မည်။
“ဒီမှာ သဲလွန်စတွေ့ပြီ”
ရှီဟောင်သည် မြို့ကြီးထဲသို့ လှည့်ပတ်သွားလာနေပြီး နှစ်ထပ်မျက်လုံးကို တိတ်တဆိတ်အသုံးပြုလိုက်၏။ သူသည် နတ်သမီးအလင်းကို မမျှော်လင့်ပဲတွေ့လိုက်ရသောကြောင့် သူ၏စိတ်ထဲတွင် တုန်လှုပ်သွားရ၏။ ဤလုပ်ကြံသူမှာ အန္တရာယ်များသည့်သူပင်။
“သူ့ကိုရှင်းပစ်မယ်”
ဤသည်မှာ ရှီဟောင် ဆုံးဖြတ်ချက် ချလိုက်ခြင်းပင်။ သူသည် ကောင်းကင်နိုင်ငံကို သင်ခန်းစာ ပေးချင်နေသည်။
သို့သော် သူလက်လွတ်စပယ် မပြုမူရဲပေ။ ဤသည်မှာ မူလကောင်းကင်မြို့ဖြစ်ပြီး စွမ်းအားကြီးသူများလည်း ရောက်ရှိနေလေသည်။ သူသာလှုပ်ရှားလိုက်သည်နှင့် ထိုသူများ ဝင်ရောက်နှောက်ယှက်လာနိုင်သည်။
ဧကရာဇ်လိပ်ပြာလေးသည် အတောင်ပံခတ်ကာ အလင်းဖျော့လေးကို ထုတ်လွှတ်လိုက်ကာ နတ်အာရုံများကို ဖြန့်ကျက်လိုက်၏။ ထို့နောက်တွင် သူတို့သည် သာမန်လိပ်ပြာများနှင့် နကျယ်ကောင်များကို တွေ့လိုက်ရသည်။
ထို့နောက်တွင် ထိုအကောင်လေးများသည် အဆောက်အဦးအတွင်းသို့ ဝင်ရောက်သွားကြလေ၏။ ထိုအကောင်များမှာ ပန်းခြံများတွင် အလွယ်တကူတွေ့နိုင်သည့်အကောင်များပင်။
နေ့တစ်ဝက်ခန့်ကြာပြီးသည့်နောက်တွင် နကျယ်ကောင်အချို့မှာ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည်။
“နတ်သမီးအလင်းလည်း ငါ့အဖိုးကို မတွေ့သေးဘူးပဲ ပြီးတော့ သူ့မျက်နှာက မှောင်မဲနေတာပဲ .. သူကတကယ်တမ်းတော့ အရမ်းစွမ်းအားကြီးတဲ့ လူငယ်ဂျီးနီးယပ်စ်နှစ်ယောက်ကို လျှို့ဝှက်နယ်မြေထဲ လွှတ်ချင်နေတာပဲ” ရှီဟောင် အံ့အားသင့်သွားရသည်။
သူ ကောင်းကင်နိုင်ငံကို မတိုက်ခိုက်သေးပဲ ခဏနောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ နတ်သမီးအလင်းသည်လည်း သူ၏အဖိုးကို ရှာမတွေ့သေးသောကြောင့် ဤသည်မှာသူ့အတွက် သတင်းကောင်းပင်။
“သတင်းကောင်းပဲ ဒီတစ်ခေါက်တော့ ထာဝရတောင်နဲ့ အခြားဂိုဏ်းတွေက အပြင်လူတွေကိုဝင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် .. ပြီးတော့ အယောက်သုံးထောင် ဝင်ခိုင်းမှာ”
ထိုသတင်းထွက်လာသည့်အချိန်တွင် ချက်ချင်းပင် ဆူညံသွားကြလေသည်။ ဤသည်မှာ ထင်ထားသည်ထက် များလွန်းနေသောကြောင့် မည်သူမျှ မယုံကြည်ရဲပေ။
“သူတို့တွေ အဲဒီလောက်အများကြီးကို ခွင့်ပြုပေးတာလား .. မယုံနိုင်စရာပဲ .. သူတို့တွေက တကယ်ရက်ရောတာပဲ…”
“ဒြပ်စင်ငါးခုစီရင်စုက တစ်ခြားဂိုဏ်းတွေကျေနပ်အောင်လို့ ထာဝရတောင်က အများကြီးပေးလိုက်ရမှာ သေချာတယ် … မသေမျိုးဆက်ခံသူဖြစ်ဖို့ ထိုက်တန်ပါတယ် .. သူတို့က တော်တော်ရက်ရောတာပဲ”
လူများစွာမှာ ချီးကျူးလိုက်ကြလေသည်။
သို့သော် အချို့လူများမှာလည်း အေးစက်စွာပင်ရယ်မောလိုက်ကာ ဤသည်ကို ကန့်ကွက်လိုက်ကြ၏။
“မင်းတို့အားလုံးက ငယ်ပါသေးတယ် .. အသေးစိတ်အချက်အလက်တွေကို နားမလည်သေးဘူး ..ချင်းကလန်က သနားကြင်နာတတ်တဲ့အုပ်စုမဟုတ်ဘူး … လျှို့ဝှက်နယ်မြေက ပိုးကောင်တွေ ရက်စက်တဲ့ငှက်တွေနဲ့ တစ်ခြားအန္တရာယ်တွေ ပြည့်နေတဲ့နေရာပဲ .. အထဲကို လူများများဝင်သွားတော့ အထဲမှာရှိတဲ့ ရက်စက်တဲ့သက်ရှိတွေကို ပိုပြီးတော့ အာရုံဆွဲဆောင်နိုင်တာပေါ့”
“စကားလုံးကြမ်းကြမ်းနဲ့ပြောရမယ်ဆိုရင် အဲဒီအဆိပ်ပြင်းတဲ့ပိုးကောင်တွေ ရက်စက်တဲ့သားရဲတွေရဲ့ အာရုံကို ဆွဲဆောင်ပြီးတော့ သူတို့အတွက် အစာဖြစ်ဖို့သက်သက်ပဲ … အထဲကို လူများများဝင်သွားလေ အဲဒီထူးခြားပါရမီရှိတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက် ပိုတိုက်နိုင်လေပဲ .. မင်းတို့တွေ သူတို့တွေနဲ့ပြိုင်တိုက်ပြီးတော့ အခွင့်အရေးကို ရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လူအချို့မှာ တိုးတိုးသာ ပြောနေကြလေ၏။ အကျယ်ကြီးပြောလိုက်လျှင် ထာဝရတောင်မှလူများကို ဒေါသဆွသလိုဖြစ်ပြီး သူတို့အန္တရာယ်ကိုသူတို့ လက်ယပ်ခေါ်နေသလို ဖြစ်သွားမည် စိုးသောကြောင့်ပင်။
ထို့နောက်တွင် စစ်ဆေးခြင်းနှင့် ရွေးချယ်ခြင်းကို စတင်ကြလေသည်။ အဆင့်လွန်လူငယ်လေးများစွာမှာ နေရာလွတ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြလေသည်။
ထူးခြားပါရမီရှိသည့်သူများနှင့် ကောက်းကင်ဂျီးနီယပ်စ်များမှာ ဤစစ်ဆေးမှုကို လုပ်စရာမလိုပေ။ အချိန်ကျလာလျှင် သူတို့အားလုံး ဝင်သွားလိုက်ယုံပင်။
ထို့အပြင် ဒြပ်စင်ငါးခုစီရင်စုသည် မူလကောင်းကင်လျှို့ဝှက်နယ်မြေ၏ ပိုင်ရှင်များဖြစ်သောကြောင့် ထိုစီရင်စုတွင်ရှိသည့် ဂိုဏ်းများ၏ တပည့်များမှာလည်း စစ်ဆေးမှုကို မဖြတ်သန်းရပေ။
မြို့ပြင်တွင်ရှိသည့် နေရာကျယ်ကြီးတစ်ခုတွင် စင်မြင့်တစ်ခုရှိနေပြီး ထိုအပေါ်တွင် ကျွမ်းကျင်သူအချို့ မတ်တပ်ရပ်နေကြပြီး အောက်ဘက်တွင်ရှိနေသည့်သူများကို ကြည့်နေကြလေ၏။ ထို့နောက်တွင် ကျယ်လောင်လှသည့်အသံတစ်သံမှာ လေထုထဲသို့ ထိုးဖောက်လာလေသည်။
“ထူးခြားပါရမီရှိတဲ့သူတွေက အမြင့်ဆုံးရောက်နိုင်ဖို့အတွက် တိုက်ခိုက်ကြတယ် .. ကောင်းကင်ဂျီးနီးယပ်စ်တွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြတယ် .. ဘယ်သူက နံပါတ်တစ် အစစ်အမှန်ဖြစ်မလဲ .. ဒီပြင်းထန်တဲ့ယှဉ်ပြိုင်မှုမှာ ထွက်ပေါ်လာမှာပဲ .. ရည်မှန်းချက်ကြီးတဲ့သူတွေ လာခဲ့ပါ”
နောက်ဆုံးတွင် အပြင်လူများအတွက် စမ်းသပ်မှု ရောက်ရှိလာလေပြီ။ သူတို့သည် အယောက်သုံးထောင်ကို ရွေးချယ်ကြမည်ပင်။
ရှီဟောင်သည် လူအုပ်ဘေးတွင်ရပ်နေပြီး တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။
“ဟမ်..” သူရုတ်တရက် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် သူသည် ဖော်ပြ၍မရနိုင်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ သူသည် တုန်ယင်နေသောအသံဖြင့်ပင် “သူကအဖိုးလား … သူက .. လျှို့ဝှက်နယ်မြေထဲကို သွားမလို့လား”