သုခကမ္ဘာက ရှီဟောင် - Chapter - 835 ချိတ်ပိတ်ထားသော ကမ္ဘာ
အရှေ့ဘက်မှ ခရမ်းရောင်စွမ်းအင်ထွက်ပေါ်လာလေသည်။
ရှီဟောင်နှင့်အခြားသူများ ဆင်းသက်လာကြပြီး ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်ကြသည်။
ထိုနေရာတွင် ရှေးသစ်ပင်ကြီးများသာ ကျဲပါးစွာ ပေါက်ရောက်နေလေ၏။ သို့သော်လည်း ထိုသစ်ပင်ကြီး၏ ပင်စည်မှာ လူပေါင်းများစွာ ဖက်လို့ရသည်အထိ ကြီးမားလှသည်။ သစ်ပင်အခေါက်မှာအက်ကွဲနေသောကြောင့် နဂါးအကြေးခွံနှင့်ပင် တူနေလေသည်။
ထိုအပင်၏ သစ်ရွက်နှင့် သစ်ကိုင်းများမှာ တောက်ပနေသော်လည်း ကောင်းကင်ထိသို့ပင် မြင့်နေလေ၏။
သစ်ပင် တစ်ပင်နှင့်တစ်ပင်ကြားတွင် များစွာကွာဝေးနေပြီး ခရမ်းရောင်မြူများလည်း ရောင်စုံအလင်းတန်းများနှင့်အတူရှိနေလေ၏။
ရှီဟောင်တို့အုပ်စု ဤလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ဝိဉာဉ်စွမ်းအားများ များပြားလှသည်ကို ခံစားလိုက်ရသည်။
“မီးမိစ္ဆာနန်းတော်က ဘာမှကို မကောင်းဘူးပဲ”
ထိုလူများမှာ ဒေါသထွက်နေကြလေ၏။ မီးမိစ္ဆာနန်းတော်မှာ သူတို့ကို အထင်သေးကာ သူတို့ဂိုဏ်းပိုင်သည့်နယ်မြေသို့ ပို့လိုက်လေသည်။
“အချိန်ကျလာရင် သူတို့က ငါတို့ကို အမြှောက်စာအနေနဲ့သုံးမှာ” တစ်စုံတစ်ယောက်မှ စိုးရိမ်သည့်ပုံစံဖြင့် ပြောလိုက်သည်။
မီးမိစ္ဆာနန်းတော်ထင်ထားသည်မှာ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှား သိပ်မကောင်းပဲ လူအရေအတွက် ပြည့်ရန်သာ ဤနေရာသို့ လာခြင်းဟုပင်။
တစ်ခဏကြာသောအချိန်တွင် မကျေနပ်သောသူများမှာလည်း ဘာမှမပြောရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ဤနေရာသို့ ရောက်နေပြီဖြစ်သောကြောင့် ထိုဂိုဏ်းမှ လူများနှင့် တွေ့နိုင်သည်။
ထို့အပြင် လူပေါင်းများစွာမှာ လျင်မြန်စွာပင်ကွဲထွက်သွားပြီး တစ်ယောက်ကိုတစ်ယောက် သတိထားနေကြလေသည်။
သူတို့ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာသည်နှင့် အားလုံးမှာ ပြိုင်ဘက်များပင်။
ရှီဟောင် အရှေ့ဘက်သို့ စတင်လျှောက်သွားလိုက်သည်။
သူ့ထက် အရင် ထွက်သွားသည့်သူများပင် ရှိနေသေးသည်။ ခရမ်းရောင်စွမ်းအားများမှာ အရှေ့ဘက်မှ လာခြင်းဖြစ်သောကြောင့် အရှေ့ဘက်သို့ ဦးတည်သွားနေကြခြင်းပင်။
“ဒါက အမဲလိုက်ခွေးသစ်ရွက်နွယ်ပင်ပဲ” တစ်စုံတစ်ယောက်မှ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ သူတို့ထွက်လာသည်မှာ သိပ်မဝေးသေးသော်လည်း တောင်ခြေရှိ ကျောက်တုံးအက်ကွဲကြောင်းအတွင်းတွင် ပေါက်နေသည့် အပင်လေးကို သူတွေ့လိုက်၏။ ထိုအပင်တွင် ရောင်စုံအလင်းများ ဝေ့ဝိုက်နေလေသည်။
ဆေးပင်မှာ သုံးပေခန့်သာ ရှည်ပြီး ကျောက်နက်ဖြင့် ထွင်းထုထားသကဲ့သို့ပင်။ သူ၏အရွက်များမှာ ရက်စက်သည့်အမဲလိုက်ခွေးနှင့်တူသည်။
ကျင့်ကြံသူမှာ ထိုင်ချလိုက်ပြီး အမြစ်ကို မထိခိုက်စေရန်အတွက် ကျောက်စိမ်းဂေါ်ပြားဖြင့် သေချာတူးလိုက်သည်။
ရုတ်တရက်ပင် ကောင်းကင်ကိုပင်ကွဲထွက်စေနိုင်သည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။ အနီရောင်အလင်းတန်း ထွက်ပေါ်လာကာ သနားစရာကောင်းသည့်အော်သံ ထွက်ပေါ်လာလေသည်။ အတော်စွမ်းအားကြီးသည်ဟု သတ်မှတ်၍ရသည့် ထိုကျင့်ကြံသူမှာ မျက်လုံးများ ပြူးကျယ်ကာ ကြောက်လန့်နေလေ၏။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီးနောက် သွေးပုံထဲတွင် လဲကျသွားလေသည်။
ဤသည်မှာ ငှက်မွေးနီမြှားပင်။ ထိုမြှားသည် သူ၏ဦးခေါင်းခွံကို ဖောက်ထွက်သွားပြီး ထိုနေရာတွင်ပင်သတ်ပစ်လိုက်လေသည်။ မြှားတစ်ချောင်းတည်းဖြင့် သူ၏အသက်ကို ယူသွားကာ သူ့ကို ထွက်ပြေးရန် အခွင့်အရေးပင် မပေးပေ။
ထိုကျင့်ကြံသူ၏လက်ထဲမှ အမဲလိုက်ခွေးသစ်ရွက်နွယ်ပင်မှာ မြေပြင်ပေါ်သို့ ကျသွားပြီး အပင်ပေါ်တွင် သွေးစက်များ ပြန့်ကျဲသွားလေသည်။
ဤသည်မှာ အခြားကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။ ဤသည်မှာ အလွန်ရက်စက်ပြီး အကြင်နာတရားကင်းမဲ့လှသည်။ သူသည် ဝိဉာဉ်ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်ခြင်းဖြစ်သော်လည်း သူသေဆုံးသွားခဲ့ရလေသည်။
“ဒါက ကန့်သတ်ထားတဲ့မြေပဲ .. မင်းတို့တွေ ဘယ်သူမှ မလာရဘူး” တောင်ထိပ်တွင်ရှိသော တစ်စုံတစ်ယောက်မှ ခြိမ်းခြောက်လိုက်လေသည်။
ထိုသူမှာ အနီရောင်ဆံပင်နှင့်လူတစ်ယောက်ပင် ။ သူ၏ မျက်လုံးများမှာ ကြေးနီကဲ့သို့ပင်။ သူ၏လက်ထဲတွင်လည်း ကြီးမားလှသည့်လေးတစ်ခုကိုကိုင်ထားလေသည်။ ထို့အပြင် သွေးစွမ်းအင်များ ထွက်ပေါ်နေကာ စီးပိုးသည့်အော်ရာလည်း ပျံ့လွင့်နေလေသည်။
စကားပြောနေရင်းဖြင့်ပင် သူ၏လက်ကိုဝေ့ရမ်းလိုက်ကာ အမဲလိုက်ခွေးသစ်ရွက်ပင်ကို ယူလိုက်လေ၏။
လူပေါင်း ၁၀ ယောက်ကျော်ခန့်မှာ သူရှိနေသည့်ဘက်မှ လာနေခြင်းဖြစ်သောကြောင့် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ ဒေါသထွက်သွားရသည်။ သူတို့မှာ နိုင်ထက်စီးနင်းနိုင်လွန်းလှ၏။ သူတို့သည် လူ့အသက်ကို ဘာတန်ဖိုးမှ မရှိဘူးဟု တကယ်ထင်နေခြင်းလား..
သို့သော် ထိုသူများမှာ ဒေါသကို စိတ်ထဲတွင်သာ မြိုသိပ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ပုံရိပ်များစွာ ပေါ်လာသည်ကို သူတို့တွေ့လိုက်ရသောကြောင့်ပင်။ ထိုသူများမှာ မီးမိစ္ဆာနန်းတော်မှ ကျွမ်းကျင်သူများဖြစ်သည်မှာ သိသာလှသည်။
ဤဂိုဏ်းမှာ နာမည်ကြီးသည့်ဂိုဏ်းတစ်ခုဖြစ်ပြီး နတ်မီးတောက်ရှိသည် ကျွမ်းကျင်သူများစွာကို အထဲသို့ ပို့ထားသောကြောင့် သူတို့တိုက်ခိုက်ကြလျှင်ပင် သူတို့၏ အဆင့်လွန်ကျွမ်းကျင်အဆင့်ဖြင့် ဘာလုပ်နိုင်မည်နည်း.. သူတို့ပဲ အသတ်ခံရလိမ့်မည်။
ရှီဟောင်သည် ထိုမြင်ကွင်းကို ခပ်ဝေးဝေးမှ ရပ်ကြည့်ပြီး မကျေမနပ်ဖြစ်မိသည်။ မီးမိစ္ဆာနန်းတော်မှာ အကြင်နာတရားကင်းမဲ့လွန်းလှ၏။ သို့သော် ဤသည်မှာ အရှေ့ဘက်တွင် ဤဂိုဏ်းကိုစိုးရိမ်စေသည့် တစ်စုံတစ်ခုရှိနေမှန်း သိသာလှသည်။
နတ်အဆင့်ကျွမ်းကျင်သူများကို အထင်သေး၍မရပေ။ ထို့အပြင် သူတို့သည် တစ်ယောက်တည်းမဟုတ်ပေ။ သူ ထိုသူများကို သေချာကိုင်တွယ်ရလိမ့်မည်။
သို့သော် သူအတိုင်းလည်း ထွက်မသွားချင်ပေ။ ထို့ကြောင့် သူသည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ပြီး မည်သည့်ရတနာရှိနေသည်ကို ရှာဖွေရန် ရွေးချယ်လိုက်သည်။။
“မူလအဆင့်လွန်ရဲ့ သွေးကန်ကြီးပေါ်လာတာတော့ မဟုတ်လောက်ဘူးမလား”
မြေပြင်မှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ရှေးသစ်ပင်များမှာလည်း ကြဲပါးစွာ ရှိနေသောကြောင့် ခပ်ဝေးဝေးသို့ မြင်နိုင်သည်။ ဤနေရာတွင် ဝိဉာဉ်စွမ်းအားများရှိသော်လည်း အဆိပ်ပြင်းသည်ပိုးကောင်များနှင့် သားရဲများ သိပ်မရှိသောကြောင့် အလွန်ပင် သန့်စင်ကာ ငြိမ်းချမ်းသည့်နေရာတစ်ခုပင်။
ရှီဟောင်သည် မြင့်မားသည့်တောင်တစ်လုံးထိပ်တွင်ရပ်ကာ ခပ်ဝေးဝေးသို့ ကြည့်လိုက်၏။ ဤနယ်မြေ၏ အဓိကဗဟိုချက်မှာ ကျယ်ပြန့်ကာအဆုံးမရှိသည့် တောင်လျှိုမြောင်ကြီးပင်။ ထိုနေရာတွင် ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေကာ နတ်ဆိုးများအော်သံကဲ့သို့ အသံများပင် ထွက်ပေါ်နေလေသည်။ ထိုနေရာသည် အလွန်ပင်ထူးဆန်းနေလေ၏။
“အဲဒီနေရာမှာ ဘာရှိနေတာလဲ” ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။
မီးမိစ္ဆာနန်းတော်မှ လူများမှာ လျှိုမြောင်ဝင်ပေါက်ကို စောင့်ကြပ်နေပြီး မည်သူ့ကိုမျှ အနားကပ်ခွင့်မပေးပေ။ ဘေးပတ်လည်ကိုကြည့်နေသည့် လူများစွာလည်း ရှိနေကာ ထိုနေရာကို တင်းကြပ်စွာ ပိတ်ထားလေသည်။
ရှီဟောင်သည် ထိုနယ်မြေထဲတွင် လျှောက်သွားပြီး အခွင့်အရေးများကို ရှာဖွေနေသကဲ့သို့ ရွှေ့ပြောင်းခြင်းအစီအရင်ကဲ့သို့သော အခြားနယ်မြေများသို့ သွားနိုင်သည့်လမ်းကြောင်းကို ရှာဖွေနေလေသည်။
မူလကောင်းကင်လျှို့ဝှက်နယ်မြေသို့ မဝင်မှီတွင် ဤနယ်မြေမှာ ကျယ်ပြန့်လွန်းလှသောကြောင့် တစ်ခါတစ်ရံတွင် ရှေးဟောင်းရွှေ့ပြောင်းအစီအရင်များကို ရှာတွေ့တတ်သည်ဟု သူကြားခဲ့သည်။
“အခြေအနေမကောင်းဘူးထင်တယ်” ရှီဟောင်သည် လီအနည်းငယ်သာ လျှောက်ရသေးသော်လည်း တားမြစ်ခံလိုက်ရလေသည်။ ထိုနေရာတွင် ကောင်းကင်ကြီးကို ပိတ်သိမ်းထားသည့်အစီအရင်တစ်ခု ရှိနေလေသည်။
ရှီဟောင်မျက်မှောင်ကြုတ်ကာ ပိတ်သိမ်းအစီအရင်တစ်လျှောက် လျှောက်လာလိုက်သည်။ သူ ဟာကွက်ကို ရှာဖွေလိုခြင်းပင်။
အဆုံးသတ်တွင် သူအံ့အားသင့်သွားရသည်။ လီတစ်ရာမှာ ဟာကွက်မရှိသည့် ရှေးဟောင်းနတ်အဆင့်အစီအရင်ဖြင့် ဝန်းရံခံထားရပြီး သူသည် ဤနေရာမှ မလွတ်မြောက်နိုင်ပေ။
သူကဲ့သို့ပင် အခြားသူများမှာလည်း ဤပြဿနာကို ရင်ဆိုင်နေရေလေသည်။
“ဒီနေရာက ဘယ်လိုနေရာလဲ .. ဘာလို့ ဒီနေရာကို ပိတ်သိမ်းထားတဲ့အစီအရင်ရှိနေတာလဲ .. ငါတို့ထွက်ချင်ရင်တောင် မီးမိစ္ဆာနန်းတော်ကနေ မထွက်နိုင်တော့ဘူး” တစ်စုံတစ်ယောက်၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူ မကောင်းသည့်ခံစားချက်များ ရနေသည်။
ခရမ်းရောင်လျှိုမြောင်မှာ လီပေါင်းတစ်ရာ၏ အလယ်တွင်ရှိနေပြီး ထိုနေရာကို မီးမိစ္ဆာနန်းတော်မှ လူများ နေရာယူထားသည်။ သူတို့ တစ်ခုခုတွေ့ထားလို့များလား .. အဲဒီမှာလမ်းကြောင်းတစ်ခု ရှိနေတာလား..
ဤနေရာတွင် အဘယ်ကြောင့် အဆိပ်ပြင်းပိုးကောင်များနှင့် ရက်စက်သည့်သားရဲများမရှိသည်ကို အားလုံးနားလည်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေသည့် ချိတ်ပိတ်ထားသည့်ကမ္ဘာတစ်ခု ဖြစ်နေသောကြောင့်ပင်။ ငှက်များပင်လျှင် ဤနေရာသို့ ဝင်မလာနိုင်ပေ။
အချို့လူများမှာ ဤရှေးဟောင်းအစီအရင်ထဲမှ ထွက်ချင်သောကြောင့်စမ်းသပ်ကြလေ၏။ သို့သော် သူတို့သည် ကပ်ဘေးများသာ ခံစားလိုက်ရသည်။ သင်္ကေတကြောင့်သေဆုံးသွားသည်သူများလည်း များစွာရှိသောကြောင့် အားလုံး၏အမူအရာများမှာ ပြောင်းလဲသွားသည်။
အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စွာ ကြည့်လိုက်၏။ သူတို့ ဘာမှ မတတ်နိုင်တော့ပေ။
ရှီဟောင်သည် မူလလမ်းကြောင်းကို ပြန်သွားလိုက်ကာ ထိုခရမ်းရောင်စွမ်းအားများထွက်ပေါ်နေသည့် လျှိုမြောင် အနားကပ်လိုက်သည်။
ဝုန်း..
လျှိုမြောင်အတွင်းမှ ဆူညံသံထွက်ပေါ်လာကာ အနီရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ အနီရောင်အတောင်များရှိသည့် ကြိုးကြားတစ်ကောင် ပြေးထွက်လာလေသည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ လောင်ကျွမ်းနေကာ သွေးများဖုံးလွှမ်းနေလေ၏။
“သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာပဲ”
ရှီဟောင်နှင့် အခြားသူများ အံ့အားသင့်သွားရ၏။ နတ်မီးတောက်များလောင်ကျွမ်းနေသည့် မီးမိစ္ဆာနန်းတော်မှ ကျွမ်းကျင်သူမှာ လျှိုမြောင်ထဲတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေ၏။ သို့သော် မည်သူမျှ လက်လွတ်စပယ်မလုပ်ရဲပေ။ နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်မက ပေါ်လာနိုင်သောကြောင့်ပင်။
“ငါအခု သဘာဝအခွင့်အရေးနည်းနည်းလောက်ရှာသင့်ပြီ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ သူ အစက အချိန်မဖြန်းချင်သော်လည်း ထွက်နိုင်သည့်လမ်းမရှိသောကြောင့် သူသည် ဘေးနားတွင်ရှိနေသည့်ဆေးပင်များကို စတင်စုဆောင်းလိုက်သည်။
အခြားသူများမှာ လှည့်ပတ်သွားကာ မီးမိစ္ဆာနန်းတော်မှ အနီရောင်အမွေးကြိုးကြာလူမျိုးစု၏ လုပ်ရှားမှုများကို ကြည့်နေကြလေ၏။
ရှီဟောင် တောင်ကမ်းပါးတစ်ခုပေါ်သို့ တက်လာသည့်အချိန်တွင် ဝိဉာဉ်ဆေးပင်တစ်ပင်ကို တွေ့လိုက်သည်။ သူထိုအပင်ကို ကောက်တော့မည့်အချိန်တွင် အနီရောင်အမွေးအတောင်တစ်ခု ပျံသန်းလာကာ တောင်ကမ်းပါးကိုထိမှန်သွားကာ ကြီးမားလှသည့် ကျောက်တုံးကြီးများ လှိမ့်ဆင်းသွားလေသည်။
သူလေထဲသို့ ခုန်တက်လိုက်ပြီးခပ်ဝေးဝေးသို့ ကြည့်လိုက်သည်။
ရက်စက်ပုံပေါ်သည့် ဆံပင်အနီရောင်နှင့်လူငယ်လေးကို တွေ့လိုက်ရ၏။ သူသည် အလွန်ခန့်ညားသော်လည်း အနည်းငယ် မိန်းမဆန်နေသည်။ သူသည် အပြုံးမမည်သောအပြုံးဖြင့် ရှီဟောင်အား ကြည့်လိုက်ကာ “မင်းသွားသင့်ပြီ .. ငါ့ရဲ့ဦးလေးက မင်းတို့အားလုံးကို ဆင့်ခေါ်နေတယ်”
သူ၏အနောက်တွင်ရှိနေသောသူများမှာ မီးမိစ္ဆာနန်းတော်မှ ကျွမ်းကျင်သူများပင်။ သူတို့အားလုံးမှာ လေးကိုမြှောက်ထားပြီး သူတို့၏မျက်နှာများမှာ အေးစက်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နေလေသည်။
“မင်းတို့လိုအပ်တာ တစ်ခုခုရှိလို့လား” ရှီဟောင်မေးလိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ .. ငါသွားဆိုရင် မြန်မြန်သွားလိုက်” ရက်စက်ပုံပေါ်သည့်လူငယ်လေးမှာ အနည်းငယ်စိတ်မရှည်သည့်ပုံစံဖြင့် ရှီဟောင်ရှိနေသည့်ဘက်သို့ ကြည့်လိုက်သည်။
ထိုအချိန်တွင် အခြားကျင့်ကြံသူများမှာလည်း အနီရောင်အမွေးကြိုးကြာလူမျိုးစုမှလူများ၏ ဦးဆောင်မှုနှင့်အတူ နေရာတစ်ခုသို့ သွားနေကြလေ၏။ သူတို့အားလုံးမှာ လျှိုမြောင်အတွင်းသို့ သွားနေကြခြင်းပင်။
ရှီဟောင်သည် လျှာသပ်လိုက်ကာ ထိုလူငယ်လေးကို ကြည့်လိုက်သည်။
“သွားကြ .. မင်းတို့အားလုံးမှ ရွေးချယ်စရာမရှိဘူး .. ဒီနေရာကို အစီအရင်နဲ့ချိတ်ပိတ်ထားတာ ငါတို့တွေ လျှိမြောင်ထဲကနေပဲ ထွက်လို့ရမှာ .. ငါတို့အတူတူ ပူးပေါင်းဖို့လိုတယ်” အသက်ကြီးသည့်လူတစ်ယောက်မှ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် လူလတ်အရွယ်ကျွမ်းကျင်သူတစ်ယောက်ပေါ်လာလေ၏။ သူ၏ မျက်လုံးများမှာ နေလုံးလေးနှစ်လုံးကဲ့သို့ပင် မျက်စိကျိန်းစေလောက်သည့်အလင်းများကို ထုတ်လွှတ်နေလေ၏။ ဤလူသည် နတ်မီးတောက်ရရှိထားသည့်သူဖြစ်ပြီး ဤနေရာတွင် စွမ်းအားအမြင့်ဆုံးပင်။
“အားလုံးပဲ ကိုယ့်လမ်းကိုယ်သွားကြပါ” ထိုသူမှ ပြောလိုက်၏။
အားလုံးမှာ ကူကယ်ရာမဲ့စွာပင် လျှိုမြောင်အတွင်းသို့ အတူတကွ လျှောက်သွားလိုက်ကြသည်။
လျှိုမြောင်အရှေ့တွင် ဝိဉာဉ်စွမ်းအားများ ပို၍ ထူထပ်လာကာ သာမန်အပင်များပင် တောက်ပနေလေ၏။
ကျွမ်းကျင်သူများစွာကို ဖိတ်ကြားထားသည်ဟုဆိုခြင်းထက် သူတို့သည် အကျဉ်းသားများကဲ့သို့ပင် ဖြစ်နေလေသည်။ သို့သော် သူတို့ထံတွင် ရွေးချယ်စရာမရှိပေ။ ဤနေရာတွင် မီးမိစ္ဆာနန်းတော်မှ နတ်အဆင့်ကျွမ်းကျင်သူလေးယောက် စောင့်ကြပ်နေလေ၏။
ထူးချွန်ပါရမီရှိသည့်သူများပင်လျှင် သူတို့နှင့် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
လျှိုမြောင်ကြီးကို ခရမ်းရောင်တောင်ကြီးများနှင့် ဝန်းရံထားလေ၏။ လျှိုမြောင်အတွင်းတွင် အလွန်ကျယ်ပြန့်ကာ သမိုင်းဝင်အဆောက်အဦးများ များစွာ ရှိနေလေသည်။ ထိုနေရာတွင် ပျက်စီးနေသည့် နန်းတော်ကြီးများ များစွာရှိနေလေသည်။ ဤနေရာသည် ယခင်က သန့်စင်သည့်နယ်မြေပင်။
ထိတ်လန့်စရာအကောင်းဆုံးမှာ လျှိုမြောင်ထဲတွင် နောက်ထပ်အဝါရောင်တောင်တစ်လုံး ရှိနေခြင်းပင်။ ထိုတောင်မှာ ရွှေတောင်ဖြစ်ပြီးနတ်အလင်းများလည်း ထုတ်လွှတ်နေလေသည်။ ထိုတောင်တွင်သစ်ပင်တစ်ပင်ရှိနေ၏။
“လျှပ်စီးသစ်ပင်လား” လူအချို့မှာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။ သူတို့မှာအထဲဘက်သို့ အတင်းခေါ်သောကြောင့် လာခဲ့ရခြင်းဖြစ်သော်လည်း သူတို့၏ မျက်လုံးတွင် တပ်မက်မှုများ ပေါ်လာလေ၏။
ရွှေတောင်ကြီးမှာ ခမ်းနားလှပြီး ထိုတောင်တွင်ရှိနေသည့် ရှေးဟောင်းသစ်ပင်မှာလည်း သာမန်မဟုတ်ပေ။ အပင်တစ်ခုလုံးမှာ မည်းနက်နေပြီး အဆုံးမရှိသည့်လျှပ်စီးအလင်းတန်းများ ရှိနေလေသည်။ သို့သော် ထိုအပင်ထိပ်တွင် စိမ်းစိုကာတောက်ပနေသည့် သစ်ရွက်အနည်းငယ် ရှိနေလေ၏။
အားလုံး၏ အကြည့်များမှာ ထိုနေရာတွင်သာကပ်ညှိနေလေ၏။ ရွှေရောင်တောင်ကိုမပြောနှင့် ထိုတောင်တွင်ရှိနေသည့် သစ်ပင်ပင်လျှင် အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုပင်။
ထိုသစ်ပင်အပြင် ရွှေတောင်အနီးတွင် စွန့်ပစ်ထားသည့်ရှေးဟောင်းဆေးခင်းများလည်း ရှိနေလေသည်။ ထိုနေရာများတွင် ခြုံပင်များ ရှိနေသော်လည်း ဆေးနံ့များမွှေးပျံ့နေသည့် ဆေးပင်အိုကြီးများလည်း ရှိနေလေသည်။
သို့သော် ထိုနေရာများမှာ အလွန်အန္တရာယ်များပြီး များပြားလှသော သင်္ကေတများလည်း တောက်ပနေလေသည်။
“အားလုံးပဲ ဒီနေရာက လျှို့ဝှက်ချက်တွေအများကြီး ရှိနေတဲ့ လျှို့ဝှက်နေရာတစ်ခုပဲ .. ဘာလို့ကျွန်တော်တို့အတူတူ မလေ့လာရမှာလဲ” မီးမိစ္ဆာနန်းတော်မှ လူမှပြောလိုက်သည်။
သူ၏စကားလုံးများမှာ ကောင်းမွန်သော်လည်း အနီရောင်အမွေးရှိသည့်ကြိုးကြာမှ လူများမှာ အားလုံးကာ အရှေ့မှသွားစေပြီး လမ်းကြောင်းရှာခိုင်းသော်လည်း သူတို့မှာမူ အနောက်တွင်သာ နေခဲ့ကြခြင်းပင်။
“စီနီယာ ဒီမှာကန့်သတ်ထားတာရှိနေတယ် .. ဒါက အရမ်းအန္တရာယ်များတယ်” တစ်စုံတစ်ယောက်မှ နူးညံ့စွာ ပြောလိုက်သည်။
“စိတ်မပူနဲ့ .. ငါတို့တွေ မင်းတို့အနောက်မှာ ရှိတယ် .. ပြောင်းလဲမှုတစ်ခုခုဖြစ်လာရင် ငါတို့မင်းကို ကယ်ပေးမယ်” နတ်မီးတောက်ရှိသည့် ကျွမ်းကျင်သူမှ ပြောလိုက်လေသည်။
အားလုံးမှာ ဒေါသထွက်လာကြလေ၏။ မီးမိစ္ဆာနန်းတော်မှ နတ်မီးတောက်ရှိသည့်ကျွမ်းကျင်သူပင်လျှင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ သူ့ကိုယ်သူ မခုခံနိုင်သည်ကို သူတို့က ဘယ်လိုများကာကွယ်ပေးမည်နည်း..
အရှေ့ဘက်သို့ သွားနေခြင်းမှာ ကိုယ့်သေတွင်း ကိုယ်သွားနေခြင်းပင်။