သုခကမ္ဘာက ရှီဟောင် - Chapter - 836 နတ်ဆိုးဘုရင် ရှီဟောင်
“စီနီယာ ကျွန်တော်တို့စွမ်းအားက နိမ့်ပါတယ် .. ကျွန်တော်တို့ကို သွားခွင့်ပေးပါ” ကျင့်ကြံသူတစ်ယောက်မှ လေးစားစွာပင် ပြောလိုက်၏။ သူ၏မျက်နှာထက်တွင် လေးစားမှုများထင်ဟပ်နေပြီး မီးမိစ္ဆာနန်းတော်မှ လူများအား သူတို့အား ဖိအားမပေးရန် တောင်းဆိုနေလေသည်။
“ဒါက သဘာဝအခွင့်အရေးရှိနေတဲ့ နေရာပဲ .. မင်းတို့အားလုံး ဒီအခွင့်အရေးကို မလိုချင်လို့များလား” နတ်မီးတောက်ရှိသည့် ကျွမ်းကျင်သူမှ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကျွန်တော်တို့က ကံမကောင်းဘူးဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်” လူတစ်ယောက်မှ ပြောလိုက်၏။ သူ၏အသံမှာလည်း တိုးတိတ်လှသည်။
“ငါတို့ ကျင့်ကြံသူတွေက အမြဲတမ်းအရှေ့ကို ဆက်သွားနေကြရတာ .. အန္တရာယ်တွေ့လိုက်တာနဲ့ မင်းတို့က နောက်ဆုတ်လိုက်မယ်ဆိုရင် မင်းတို့ဘယ်လိုလုပ် အောင်မြင်မှုတွေ ရနိုင်မှာလဲ” နတ်အဆင့်ကျွမ်းကျင်သူမှ မျက်နှာပျက်ယွင်းစွာ ပြောလိုက်သည်။
လူပေါင်းများစွာမှာ တိတ်ဆိတ်သွားသော်လည်း သူတို့၏စိတ်ထဲတွင် ကျိန်ဆဲနေခြင်းပင်။ လူအိုကြီးများမှာ သူတို့အရှေ့မှပင် မလျှောက်ရဲပဲ သူတို့ကို ဤကဲ့သို့ လာပြောရဲနေသေးသည် .. သူတို့ထံတွင် အရှက်မရှိခြင်းလား
သို့သော် ထိုသူမှာ သူတို့အားလုံးထက် စွမ်းအားကြီးနေဆဲပင်။
“မင်းတို့အားလုံး ကိုယ့်ကိုကိုယ်ပြင်ဆင်ပြီးတော့ လျှို့ဝှက်မြေမှာ ရှာကြ .. ငါတို့ ကြီးမားတဲ့လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်ကြမယ်” နတ်အဆင့်ကျွမ်းကျင်သူမှ သူ၏အင်္ကျီလက်ကို မြှောက်ပြီးပြောလိုက်သည်။ ဤသည်မှာ သူ၏နောက်ဆုံးဆုံးဖြတ်ချက်ကို ပြသလိုက်သော အပြုအမူပင်။
ထိုပုံစံဖြင့်ပင် ကျင့်ကြံသူအုပ်စုမှာ အရှေ့ဘက်သို့ဆက်သွားရန် ဖိအားပေးခံရလေသည်။ သူတို့သည် ရှေးဟောင်းအစီအရင်အနည်းငယ်ကို ဖြတ်သန်းခဲ့ကြရလေသည်။
“ရပ်လိုက်”
ချီလင်းခုန်း ပြောလိုက်၏။ သူသည် မီးမိစ္ဆာနန်းတော်မှ ဤအုပ်စုမှ ဦးဆောင်နေသောသူဖြစ်သောကြောင့် အရာအားလုံးမှာ သူ၏အမိန့်အတွင်းတွင်သာ။ သူ၏ခန္ဓာကိုယ်တွင် အနီရောင်နတ်မီးတောက်လည်း ထွက်ပေါ်နေလေ၏။ သူ၏မျက်နှာမှာလည်း မည်းမှောင်နေလေသည်။
“မင်း ငါးလှမ်းလျှောက်ပြီးတော့ ဘယ်ဘက်ကို သုံးလှမ်းလျှောက်လိုက်” သူသည် လူအုပ်ထဲတွင်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ ထိုကျင့်ကြံသူ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေသည်။
ဤသည်မှာ ချီလင်းခုန်း၏အတွေးများကို အတည်ပြုရန်အတွက် သူ့အား လမ်းကြောင်းရှာခိုင်းခြင်းပင်။ ဤသည်မှာ ရက်စက်လွန်းလှသည်။
“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ” ထိုလူမှ တောင်းပန်လိုက်၏။ သူ၏မျက်နှာတွင်လည်း အရောင်အဆင်းမရှိတော့ပေ။
“အဓိပ္ပာယ်မရှိတာ မပြောနဲ့ .. ငါ့ဦးလေးက သွားခိုင်းစေချင်နေတာဆိုတော့ အဲဒီမှာ မင်းအတွက် အခွင့်အရေးတွေ သေချာပေါက်ရှိနေမှာပဲ .. အချိန်မဖြုန်းနဲ့” ချောမောသော်လည်း မိန်းမဆန်သည့် လူငယ်ကျွမ်းကျင်သူ ချီဖုန်းမှ ဆူပူလိုက်သည်။
“ကျွန်တော် မသွားဘူး” ထိုသူမှ အနောက်ပြန်ဆုတ်လိုက်သည်။
ချီလင်းခုန်း၏ နတ်မီးတောက်များ ထွက်ပေါ်လာကာ သူ၏မျက်လုံးများလည်း အေးစက်သွားလေ၏။ သူ၏လက်ကိုမြှောက်လိုက်သည်နှင့် ထိုသူမရုန်းနိုင်အောင် ချက်ချင်းပင် ပိတ်လှောင်လိုက်လေသည်။
“သွားလိုက်စမ်းပါ” ချီဖုန်းမှ လျှောက်လာကာ ထိုသူများ အရှေ့ဘက်သို့ ပစ်လွှတ်ရန် ပြင်ဆင်လိုက်လေသည်။
“မလိုဘူး သူ့ကိုသတ်လိုက်” ချီလင်းခုန်းမှ အေးစက်စွာပင်ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရ၏။
ချီဖုန်းမှာ မိန်းမဆန်သည့်အပြုံးကိုပြုံးလိုက်ပြီး သူ၏အရိုးဓားကို ဆွဲထုတ်ကာ ဝေ့ရမ်းလိုက်လေသည်။ ‘ဖူး’ ဟူသော အသံနှင့်အတူ ထိုသူ၏ဦးခေါင်းလွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် သွေးပုံကြီးဖြစ်သွားလေသည်။
ဤမြင်ကွင်းမှာ အားလုံးကို ကြက်သီးများထစေလေ၏။ ဤသည်မှာကျန်သည့်သူများအားလုံးအတွက် နမူနာပင်။ မနာခံသည့်သူများအားလုံး ဤကဲ့သို့ ဇာတ်သိမ်းရမည်သာ။
“ဟား ဟား..” ချီလင်းဖုန်း ရယ်မောလိုက်ကာ “ဒီလိုမျိုး ကြောက်ရွံ့နေတာ .. ကိုယ့်အရှေ့မှာ အခွင့်အရေးရှိနေတာကို မယူရဲရင် သူ့ကို အသက်ရှင်ခွင့်ပေးတော့ရော ဘာထူးမှာလဲ .. သူက ဘယ်လိုအောင်မြင်မှုတွေများ ရနိုင်မှာလဲ .. သူ့အသက်ကို ဒီမှာအဆုံးသတ်ပေးလိုက်တာ ပိုကောင်းတယ်”
လူများစွာမှာ စိတ်ထဲတွင် ဒေါသထွက်သွားကြ၏။ ဤလူအိုကြီးမှာ အမှန်တကယ်ပင် မုန်းစရာကောင်းလှသည်။ သူမကြောက်တတ်ရင် ဘာလို့ သူကိုယ်တိုင် မသွားတာလဲ”
“တာအိုသူငယ်ချင်း မင်းအလှည့်ပဲ .. အခွင့်အရေးကို ဆုတ်ကိုင်ပြီးတော့ မင်းအတွက် အခွင့်အရေးတွေကို သွားရှာလိုက်” ချီလင်းခုန်းမှာ ဒုတိယလူကို လက်ညှိုးထိုးကာ ပြောလိုက်၏။
ထိုလူ၏ မျက်နှာမှာ ဖြူဖျော့သွားကာ တစ်ခုခုကို ပြောချင်နေသော်လည်း မပြောရဲပဲ ဖြစ်နေသည်။
“ငါ့ဦးလေးက မင်းကို ပြောနေတာ မြန်မြန်သွား .. အချိန်ဖြုန်းမနေနဲ့” ချီဖုန်း၏ မိန်းမဆန်ကာ ချောမောသည့်မျက်နှာထက်တွင် အေးစက်သည်အပြုံးတစ်ခုပေါ်လာကာ ထိုသူအား လောဆော်နေလေသည်။
ထိုကျင့်ကြံသူမှာ ဆွံ့အနေသော်လည်း အဆုံးသတ်တွင် သူအရှေ့ဘက်သို့ လျှောက်သွားလိုက်ရသည်။ မဟုတ်လျှင် သူချက်ချင်းသေသွားလိမ့်မည်။
သူအရှေ့ဘက်သို့ တစ်လှမ်းလျှောက်လိုက်သည့်အချိန်တွင် သင်္ကေတများတောက်ပလာသော်လည်း သူဒဏ်ရာမရပေ။ သူခြေချလိုက်သည့်နေရာမှာ မှန်ကန်နေကြောင်း သိသာသည်။ ထို့နောက်တွင် သူသည်အရှေ့ဘက်သို့ အနည်းငယ်ဆက်လက်လျှောက်လှမ်းလိုက်၏။ ထိုအချိန်တွင် အလင်းရောင်တောက်ပလာကာ ထိုသူသည်လည်း နှစ်ပိုင်းပြတ်သွားလေ၏။
ထို့နောက်တွင် ရောင်စုံအလင်းတန်းပေါ်လာကာ သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကို ရှင်းပစ်လိုက်လေသည်။
“ဒါက..” အားလုံးမှာ ကြောက်လန့်သွားရ၏။ ကျင့်ကြံသူတစ်ယောက်မှာ လျင်မြန်စွာပင် သေဆုံးသွားလေပြီ။
“မင်း တစ်လှမ်းလျှောက်ပြီးတော့ ဘယ်ဘက်ကို ငါးလှမ်းလျှောက်” ချီလင်းခုန်းမှာ အလွန်ပင်တည်ငြိမ်နေပြီး တတိယတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ .. ကျွန်တော့်ကိုကယ်ပါ” ထိုသူမှာကျယ်လောင်စွာပင် ငိုကြွေးလိုက်သည်။ သူ ဤကဲ့သို့ မသေချင်ပေ။
သို့သော် ချီလင်းခုန်းအနားတွင် နတ်မီးတောက်ပေါ်လာပြီး သူ၏လက်ချောင်းကို မြှောက်လိုက်သည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် တုန်ယင်စွာဖြင့်ပင် အရှေ့ဘက်သို့ လျှောက်လှမ်းလိုက်သည်။
ပထမနှစ်လှမ်းမှာ အဆင်ပြေသော်လည်း တတိယခြေလှမ်းတွင် သူ၏ခြေထောက်အောက်မှ ထွက်ပေါ်လာသာ သင်္ကေတများကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေ၏။
အားလုံးမှာ လက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်၏။ ဤသည်မှာ လွန်လွန်းနေပြီဖြစ်သော်လည်း သူတို့ ဘာမှ မတတ်နိုင်ပေ။
“အခု မင်းအလှည့်ပဲ .. အရှေ့ကိုတစ်လှမ်းလှမ်းပြီး ဘယ်ဘက်ကို တစ်လှမ်းလှမ်း ပြီးရင်အရှေ့ဘက် ဆက်လျှောက်” ချီလင်းခုန်းသည် စတုတ္ထမြောက်လူကို လက်ညှိုးထိုးလိုက်သည်။
ထိုကျင့်ကြံသူမှာ ခေါင်းမော့လိုက်ပြီး သူ၏မျက်နှာမှာ အစိမ်းရောင်ဖြစ်နေလေပြီ။ သူသည် ရုတ်တရက်ပင် ကောင်းကင်ထက်သို့ ပျံသန်းကာ ထွက်ပြေးသွားလိုက်သည်။
သို့သော် ဖုန်း ဟူသောအသံနှင့်အတူ သူသည် လေထဲတွင် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေ၏။
“ကောင်းကင်မှာလည်း အစီအရင်ရှိတယ်ဆိုတာ မင်းတို့ကို ပြောဖို့မေ့သွားတယ် .. မင်းတို့မှာ သတ္တိရှိတယ်ဆိုရင်တောင် လက်လွတ်စပယ်မလုပ်ကြနဲ့” ချီလင်းခုန်းမှ ပြောလိုက်သည်။
“မင်းအလှည့်ပဲ” ချီလင်းခုန်းမှ ငါးယောက်မြောက်လူကို လက်ညှိုးထိုးလိုက်သည်။
“ငါမင်းတို့ကို အဆုံးထိ ဆန့်ကျင်မှာ” ဤကျင့်ကြံသူမှာ ရုတ်တရက်ပင် ဒေါသပေါက်ကွဲလာလေသည်။ သို့သော် သူသည် ချီလင်းခုန်းအား တိုက်ခိုက်ခြင်းမဟုတ်ပဲ မှော်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ချီဖုန်းကို သတ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူသည် ထိုနေရာတွင်ပင် အေးခဲသွားကာ တစ်လက်မမျှပင် လှုပ်၍မရတော့ပေ။
“ပုလဲလုံးလေးကလည်း တောက်ပလို့ရတယ်လား” ချီလင်းခုန်းမှ အေးစက်စွာပင် ပြောလိုက်၏။ ထို့နောက်တွင် သူသည် ထိုသူအား လေဟာနယ်ထဲတွင် ပိတ်ထားလိုက်လေ၏။
“မင်းက ပုန်ကန်ရဲတယ်ပေါ့” ချီဖုန်း၏ မျက်လုံးများမှာ ရက်စက်လာ၏။ ဤလူသည် သူ့ကို သတ်ချင်နေသောကြောင့် သူ့ဒေါသကို လာဆွနေသကဲ့သို့ပင်။ သူ၏အရိုးဓားကို ထုတ်လိုက်ကာ ထိုကျင့်ကြံသူ၏ ခေါင်းအားဖြတ်လိုက်လေသည်။
အားလုံးမှာ ဒေါသထွက်သွားကာ လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်သည်။
“အားလုံးပဲ မင်းတို့က ဘာကိုစောင့်နေတာလဲ .. အတူတူ လှုပ်ရှားကြရအောင် .. မဟုတ်ရင် ငါတို့လည်း သူတို့လမ်းပဲ သွားရမှာ” ရှီဟောင်၏အသံ ပို့လွှတ်၏။ သူ ဆက်မကြည့်နိုင်တော့သဖြင့် လှုပ်ရှားရန်ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့ကို အကြောင်းပြန်လာသည့်သူနှစ်ယောက်သာရှိပြီး ကျန်သည့်သူများမှာ တိတ်ဆိတ်နေကြလေ၏။
ဤသည်မှာ သူ့ကို ဆွံ့အသွားစေသည်။ သူယခုအချိန်တွင်တော့ ထိုကိစ္စကိုဂရုမစိုက်နိုင်တော့ပေ။ အခြားသူများမပါဝင်ချင်လျှင်ပင်သူကတော့ လှုပ်ရှားရမည်။
သို့သော် ထိုအချိန်တွင် ချီလင်းခုန်းမှ ရုတ်တရက်ပြောလာလေသည် “အခုတော့ ဒီမှာပဲ ရပ်လိုက်ကြရအောင် … ဒီအစီအရင်ကို ဘယ်လိုဖြတ်ရမလဲဆိုတာ ဒီလူအိုကြီးနဲ့ တစ်ခြားသူတွေ ခဏလောက်စဉ်းစားလိုက်ဦးမယ်”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ကျန်သည့်သူများအားလုံးမှ သက်ပြင်းချလိုက်ကြလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်သည်လည်း နောက်ဆုတ်လိုက်သည်။
နတ်အဆင့်ကျွမ်းကျင်သူလေးယောက်မှာ ထိုင်ချလိုက်ကာ ဤအစီအရင်ကို မည်ကဲ့သို့ ဖြတ်မည်ကို ဆွေးနွေးနေကြလေ၏။
“အားလုံးပဲ ဒီမှာ ရှေးဟောင်းဆေးခင်းတစ်ခုရှိတယ် .. အဲဒါက စွန့်ပစ်ထားတာဆိုပေမယ့် အဲဒီနေရာမှာ ဝိဉာဉ်ဆေးပင်တွေ ရှိနေတုန်းပဲ .. ဒါက အရမ်းကိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲ .. အတူတူ ခူးကြရအောင်” မီးမိစ္ဆာနန်းတော်မှ အဆင့်လွန်ကျွမ်းကျင်သူမှ ပြောလိုက်သည်။
“ဟုတ်တယ်.. ဆေးခင်းကနေပြီးတော့ ဝိဉာဉ်ဆေးပင်တွေကို အတူတူခူးကြရအောင်” ချီဖုန်းလည်း လမ်းလျှောက်လာကာ လူအချို့အား ဖိအားပေးလိုက်သည်။
စွန့်ပစ်ဆေးခင်းမှာ အရှေ့တွင်ရှိနေပြီး ရွှေရောင်တောင်ကို ဝန်းရံထားခြင်းပင်။ နေရာတိုင်းတွင် ဆူးခြုံပင်များရှိနေသော်လည်း ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေသည့် ဝိဉာဉ်ဆေးပင်များလည်း ရှိနေဆဲပင်။
အားလုံးမှာ မကျေနပ်ကြသော်လည်း သူတို့ထံတွင် ရွေးချယ်စရာမရှိပေ။ သို့သော် ဤသည်မှာ အစီအရင်ကို ဖြတ်ရသည်ထက်တော့ သာသေးသည်။
“သတိထားကြပါ .. ဒီမှာရှိတဲ့အစီအရင်တွေက ပျက်စီးသွားပြီဆိုပေမယ့် တစ်ချို့နေရာတွေက အန္တရာယ်ရှိနေတုန်းပဲ” မီးမိစ္ဆာနန်းတော်မှ လူမှ ‘ကြင်နာစွာ’ ပင် သတိပေးလိုက်လေ၏။
ရှီဟောင် တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် အားလုံးနှင့်လိုက်သွားလိုက်ပြီး မလှုပ်ရှားသေးရန် ဆုံးဖြတ်လိုက်၏။
ထိုအချိန်တွင် မီးမိစ္ဆာနန်းတော်မှ လူများလည်း လျှောက်လာကြ၏။ သူတို့ထံတွင် ဝိဉာဉ်ဆေးပင်ပေါင်းများစွာ ထည့်ထားသည့် အိုးတစ်လုံးရှိနေလေ၏။ ဤသည်မှာ သူတို့အရင်က အစီအရင်များကို ဖြတ်တုန်းက ခူးထားသည်မှာသိသာလှသည်။
“ခဏနေကျရင် အားလုံးရဲ့ဝိဉာဉ်ဆေးပင်ကို သိမ်းပေးမယ် .. ငါးပင်ခူးပြီးတာနဲ့ ချက်ချင်းပြန်လာပြီးတော့ ဆေးပင်ကို ဒီအိုးထဲ ထည့်ရမယ်” ချီဖုန်းမှ အေးစက်စွာပင် ပြောလိုက်သည်။
အားလုံးမှာ သူ့ကို ရိုက်ချချင်သော်လည်း သူတို့ဘာမှ မတတ်နိုင်ပေ။
“မင်း .. မင်းအပင် ၂၀ ခူးရမယ်” ချီဖုန်းမှာ ရှီဟောင်ကို ရုတ်တရက်တွေ့သွားလေ၏။ သူ၏မလေးမစားအပြုအမူကို စဉ်းစားမိသွားသောကြောင့် သူ့အားမဖြစ်နိုင်သည့်မစ်ရှင်အား ပေးလိုက်လေသည်။
ရှီဟောင်သည် သူ့အားအရေးမစိုက်ပဲ အရှေ့ဘက်သို့သာ ဆက်လျှောက်သွားနေလေသည်။
“တစ်ခြားသူတွေရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ရကောင်းမှန်း မသိဘူးလား .. ငါနောက်ကျရင် မင်းကို သင်ပေးမယ်” ချီဖုန်း အေးစက်စွာပင် ပြောလိုက်၏။
ဤစွန့်ပစ်ဆေးခင်းကြီးသည်လည်း အန္တရာယ်များသည်မှာ သိသာလှသည်။ ဤနေရာကို ကာကွယ်ထားသည့်အစီအရင်များ ရှိနေဆဲပင်။
ဤနေရာသို့ ရောက်ပြီးသည့်နောက်တွင် လူအနည်းငယ်မှာ အစပိုင်းတွင် အောင်မြင်နေပြီး ဆေးပင်အနည်းငယ်ရသေးသည်။ သို့သော် နောက်ပိုင်းတွင် လူပေါင်းများစွာမှာ အစီအရင်ထဲတွင် သေဆုံးသွားကြလေသည်။
ကျွမ်းကျင်သူလေးယောက် ဆွေးနွေးပြီးသွားသည့်နောက်တွင် သူတို့ထံမှ ထိတ်လန့်စရာကောင်းသည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာလေ၏။ ဤသည်မှာ သူတို့ကလန်မှ ကျွမ်းကျင်သူတစ်ယောက်ကို ကိုယ့်ကိုကိုယ် သတ်သေခိုင်းခြင်းပင်။
“အာ .. ဦးလေး ဒါက ဘာသဘောလဲ” ထို သက်လတ်ပိုင်းလူမှာ ရှုပ်ထွေးသွားပြီး ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာလေသည်။
“မင်းမှာက အသက်ကယ်သင်္ကေတ သားရဲသွားရှိတယ်လေ .. အဲဒီတော့ မင်းသေသွားရင် မင်းကို ပြန်ပို့လိုက်မှာ .. ငါက မင်းပြန်ပြီးတော့မှ ကလန်က အဆင့်၇ ကောင်းကင်စောင်းတန်းကို ယူလာစေချင်တာ” ချီလင်းခုန်းမှ ပြောလိုက်သည်။
ထိုကောင်းကင်စောင်းတန်းဟုခေါ်သည့်ပစ္စည်းမှာ အစီအရင်မျိုးစုံကို ဖြတ်သွားနိုင်သည့် ပစ္စည်းတစ်မျိုးပင်။ ဒဏ္ဍာရီလာ အဆင့် ၉ ကောင်းကင်စောင်းတန်းမှာ ဖရိုဖရဲမှော်အစီအရင်ကိုပင် မည်သည့်ပြဿနာမှမရှိပဲ ဝင်ရောက်နိုင်လေသည်။
ထိုပစ္စည်းမှာ အစီအရင်ကို ဖြတ်သည့်အချိန်ယာယီသာအသုံးပြုနိုင်ပြီး အချိန်အကြာကြီးလည်းအသုံးပြု၍ မရပေ။
ထိုသို့ဆိုသော်လည်း ဤပစ္စည်းကို လက်လွတ်စပယ် သုံး၍မရပေ။ သူသာ ပျက်စီးသွားပါက အလွန်ဖြုန်းတီးရာ ရောက်သွားလိမ့်မည်။
မူလကောင်းကင်လျှို့ဝှက်နယ်ပယ်ကို ဝင်ရောက်ပြီးသည့်နောက်တွင် မသိနိုင်သည့်အကြောင်းအရာများစွာ ရှိလေသည်။ ထို့ကြောင့် အထဲဘက်တွင် ပျောက်သွားမည်စိုးသောကြောင့် မီးမိစ္ဆာနန်းတော်မှ ထိုပစ္စည်းကို မယူခဲ့ခြင်းပင်။ သို့သော် ယခုအချိန်တွင် သူတို့ထံ၌ ပြိုင်ဘက်မရှိပဲ ကြီးမားလှသည့်အခွင့်အရေးကြီးရှိနေသည်ကို သိလိုက်ရသည့်အချိန်တွင် ထိုကဲ့သို့ ပြုလုပ်ရန် သူတို့ ဆုံးဖြတ်ခဲ့ကြခြင်းပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူအားလုံးမှာမူ ဆွံ့အနေကြလေ၏။ ဒီလိုမျိုးလည်း အဆင်ပြေတာပဲလား…
“လျှို့ဝှက်နယ်ပယ်ကို ငါတို့ ဒြပ်စင်ငါးခုစီရင်စုက ပိုင်တာလေ .. အဲဒီတော့ ဝင်ခွင့်က ထာဝရတောင်နဲ့ ငါတို့ဂိုဏ်းလိုမျိုး တစ်ခြားဂိုဏ်းတွေကပဲ ရသင့်တာ .. သူတို့က ဒါကိုတောင်မှ ထည့်သွင်းမစဉ်းစားပေးနိုင်ရင် မီးမိစ္ဆာနန်းတော်က အရမ်းနိမ့်ကျနေတယ်လို့ဆိုလိုတာပဲ” ချီလင်းခုန်းမှ လေထဲတွင် ပျံသန်းရင်း နှာရှံ့လိုက်လေ၏။
နောက်ဆုံးတွင် ထိုသူမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်ကာ သူ့ကို သင်္ကေတများမှ ခေါ်ဆောင်သွားလေသည်။
ထို့နောက်တွင် ထိုသူသည် အဖြူရောင်ကောင်းကင်စောင်းတန်းနှင့်အတူ ရောက်လာလေ၏။ ကျွမ်းကျင်သူလေးယောက်မှာ ကောင်းကင်စောင်းတန်းကို တစ်ခြားတစ်ဖက်နှင့် ချိတ်ဆက်လိုက်ကာ ရွှေရောင်တောင်ဆီသို့ တိုက်ရိုက်သွားသည့် အဖြူရောင်လမ်းကြောင်းတစ်ခုကို ပြုလုပ်လိုက်သည်။
“မင်းတို့အားလုံး ဒီကိုလာခဲ့” ချီလင်းဖုန်း ပြောလိုက်၏။ သူသည် ဆေးပင်များခူးနေသည့် ကျင့်ကြံသူများအား ‘ဖိတ်ခေါ်’ လိုက်လေသည်။
သင်္တေကများ တောက်ပလာလေသည်။ ရှီဟောင်နှင့် အခြားသူနှစ်ယောက်မှာ ဆေးခင်းထဲတွင် ပိတ်မိနေသောကြောင့် သူတို့ မလာလိုက်နိုင်ပေ။
ချီဖုန်းမှာ သူတို့ဒုက္ခရောက်နေသည်ကို ပျော်ရွှင်နေကာ “မင်း ဆေးပင် အပင် ၂၀ မခူးနိုင်ရင် အသက်ရှင်လျက် ပြန်သွားဖို့ကို မေ့ထားလိုက်တော့”
ရှီဟောင် သူ့ဘက်သို့ လှည့်ကြည့်လိုက်ကာ သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်နေလေ၏။
“မင်းတို့အားလုံး ကောင်းကင်လှေကားပေါ်တက်ပြီး ဖြတ်သွားလိုက်” ချီလင်းဖုန်းမှ လူလေးယောက်ကို လက်ညှိုးထိုးလိုက်ပြီး အဖြူရောင်လမ်းကြောင်းအတွင်းသို့ လျှောက်ခိုင်းလိုက်သည်။
ထိုလေးယောက်မှာ အရှေ့ဘက်သို့သာ လျှောက်သွားလိုက်ကြ၏။ အံ့အားသင့်စရာကောင်းစွာပင် ထိုသူများမှာ မည်သည့်အန္တရာယ်မှ မကြုံရပဲ ရွှေတောင်၏ တောင်ခြေသို့ ရောက်သွားလေသည်။
“အဲဒီနေရာမှာ သေချာရှာကြ” ချီလင်းခုန်းမှ အမိန့်ပေးလိုက်သည်။ မီးမိစ္ဆာနန်းတော်မှ လူများလည်း စိတ်လှုပ်ရှားသွားကြလေ၏။ သူတို့တကယ်အောင်မြင်သွားပြီ…
ဝုန်းဟူသောအသံနှင့်အတူ တောင်ခြေတွင်ရှိနေသော လူတစ်ယောက်မှာ တောင်ဂိတ်ပေါက်ဝကို ဖွင့်လိုက်လေ၏။ ထိုတောင်ထဲတွင် ကြီးမားလှသော ရွှေရောင်နန်းတော်ကြီးတစ်ခု ပေါ်လာသောအခါ အနီရောင်အမွေးကြိုးကြာလူမျိုးစုမှ ပျော်ရွှင်စွာပင် အော်ဟစ်လိုက်ကြလေ၏။
“ဒါက အရမ်းအံ့ဩဖို့ ကောင်းတာပဲ”
“မင်းတို့အားလုံးလည်း သွားကြ .. နန်းတော်ထဲဝင်ပြီးတော့ အတူတူ ရှာကြ” ချီလင်းခုန်းမှ အခြားကျင့်ကြံသူများကိုလည်း အမိန့်ပေးလိုက်သည်။
နောက်ဆုံးတွင် ထိုလူများသည်လည်း လုံခြုံစွာပင် ဖြတ်နိုင်သွားပြီး ကြီးမားလှသည့်ရွှေရောင်နန်းတော်အတွင်းသို့ ဝင်သွားလိုက်ကြသည်။ ထို့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာပင် အော်ဟစ်လိုက်ကြသည်။
ထို့အပြင် သင်္ကေတအလင်းများလည်း တောက်ပနေလေ၏။ ထိုသင်္ကေတများမှာ အလွန်ထူးဆန်းသော်လည်း သူတို့အား မထိခိုက်ပေ။
ကျင့်ကြံသူအုပ်စုမှာ ပြိုင်ဘက်ကင်းသည့် မျိုးဆက်တစ်ယောက် ပြောသည်ကို နားထောင်နေသကဲ့သို့ပင် ထိုင်ချလိုက်ကြလေသည်။
“ထကြ” ချီလင်းခုန်းမှာ အခြားတစ်ဖက်မှ အော်ဟစ်နေပြီး ထိုလူများကို နိုးနေလေသည်။ ထိုမျိုးဆက်မှာ မည်သူဖြစ်သည်ကို သူတို့အား မေးနေလေ၏။
“ဒါက အရမ်းထူးဆန်းတယ် .. နဂါးအစစ်နဲ့ ဆက်စပ်နေတာမျိုးလား”
“မဟုတ်ဘူး .. ဒါက ပြိုင်ဘက်ကင်းတဲ့ သားရဲကြီးရဲ့ မျိုးဆက်ဖြစ်လောက်တယ်”
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ကျွမ်းကျင်သူလေးယောက်မှာ အချိန်ဆွဲမနေတော့ပဲ ကောင်းကင်စောင်းတန်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်သွားကာ အလောတကြီးပြေးသွားကြလေသည်။ ဤကဲ့သို့သော မျိုးဆက်ကို ဘေးလူထဲ အပါမခံနိုင်။
ထိုအချိန်တွင် ချီလင်းခုန်းမှာ သူ၏လက်ကို မြှောက်လိုက်ပြီးဆေးခင်းဘက်သို့ လက်ညှိုးထိုးလိုက်သည်နှင့် ကောင်းကင်ထက်မှာ အနီရောင်အလင်းကျရောက်လာကာ ရှီဟောင်နှင့် ကျန်သည့်သူနှစ်ယောက်အပေါ်သို့ ကျရောက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မူလနေရာ၌ အပေါက်ကြီးဖြစ်သွားလေ၏။
ချီလင်းခုန်းမှာ ခနဲ့လိုက်ပြီး ထိုကဲ့သို့ ပြုလုပ်ပြီးမှသာ သူစိတ်အေးနိုင်တော့သည်။ ထို့နောက်တွင် သူသည် ကောင်းကင်စောင်းတန်းအတွင်းသို့ ဝင်ကာ လျှောက်သွားလေ၏။ ကောင်းကင်စောင်းတန်း၏ အခြားတစ်ဖက်ကိုကာကွယ်ရန်အတွက်လည်း သူ၏ကလန်မှ တပည့်များကို မှာသွားလေသည်။ မကြာမီတွင် ကျွမ်းကျင်သူလေးယောက်လုံးမှာ ရွှေရောင်တောင်ကြီးအတွင်းသို့ ဝင်သွားလေသည်။
တွင်းကြီးထဲတွင် ရှီဟောင်တစ်ကိုယ်လုံးမှာ မြေကြီးများ ကျောက်တုံးများဖြင့် ဖုံးနေလေ၏။ သူသည် တိတ်ဆိတ်စွာပင် မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်လုံးများလည်း အေးစက်နေလေ၏။ ထို့နောက်တွင် သူထိုတွင်းထဲမှ တက်ခဲ့လိုက်သည်။
ကံမကောင်းစွာဖြင့်ပင် အခြားနှစ်ယောက်မှာ အသက်မရှင်နိုင်ခဲ့ပေ။ သူတို့သည်နတ်ခွန်အားကို မခုခံနိုင်ပဲ ထိုနေရာတွင်ပင်အသတ်ခံခဲ့လိုက်ရသည်။
သူ ကောင်းကင်စောင်းတန်းအနားသို့ လျှောက်လာခဲ့လိုက်၏။ ထိုနေရာတွင် လူလေးဦးစောင့်ကြပ်နေကာ အကြီးအကဲလေးယောက်ထံမှ သတင်းကောင်းကို စိတ်လှုပ်ရှားစွာ စောင့်နေကြလေ၏။
“ဟမ် မင်းမသေသေးဘူးလား” ချီဖုန်း မျက်မှောင်ကြုတ်လိုက်၏။ သူထံသို့ လျှောက်လာနေသည့်ရှီဟောင်အား ကြည့်လိုက်သည်။ အခြားသူများလည်း လှည့်ကြည့်လာကာ မျက်မှောင်ကြုတ်သွားကြလေ၏။
“သူ့ကိုမြန်မြန်သတ်” ထိုလူများမှာ ဆုံးဖြတ်ချက် ခိုင်မာစွာပင် ပြောလိုက်ကြသည်။ သူတို့ ဤလူကိုအနားကပ်ခွင့် မပြုနိုင်။
အဆင့်လွန်အကြီးအကဲသုံးယောက်မှာ တစ်ချိန်တည်းပင် ပြေးထွက်လာကြလေသည်။
သို့သော် ထင်မထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ တစ်ယောက်တည်းလျှောက်လာသည့် လူငယ်လေး၏ နှုတ်ခမ်းထက်တွင်အေးစက်သည့်အပြုံးတစ်ခု ရှိနေလေ၏။ သူသည် လက်သီးသုံးလုံးကို ဆက်တိုက်ပင် ပစ်သွင်းလိုက်လေသည်။
ဖူး..
အကြီးအကဲသုံးယောက်မှာ တစ်ချိန်တည်းမှာပင် လွင့်ထွက်သွားကာ ပါးစပ်အပြည့်သွေးအန်သွားလေသည်။ သူတို့၏ လက်မောင်းများမှာလည်း ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားသေလည်။
“ဘာ…”
အားလုံးမှာ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။ ဤသည်မှာ အားနည်းကာ အလွယ်တကူ အနိုင်ကျင့်၍ရသည့် လူငယ်ကျွမ်းကျင်သူလေးပင် … သူကဘယ်လိုလုပ် အဲဒီလောက် စွမ်းအားကြီးသွားရတာလဲ..