သုခကမ္ဘာက ရှီဟောင် - Chapter - 838 အချည်းနှီးအားထုတ်မှု
ရှီဟောင်သည် ဗိုက်ပြည့်သည်အထိ စားသောက်လိုက်လေ၏။ သူပါးစပ်ဟလိုက်သည်နှင့် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာလေသည်။ သူစားသည်မှာ နည်းနည်းများသွားလေပြီ။ ကံကောင်းစွာဖြင့်ပင် သူ၏ကျင့်ကြံဆင့်မှာ မြင့်နေသောကြောင့်သာ။ အခြားသူများသာဆိုပါက ဒွါရ ကိုးပေါက်မှ သွေးများစီးကျနေပြီး သွေးစွမ်းအင်းများလည်း လောင်ကျွမ်းနေလောက်ပြီ။
ထို့နောက်တွင် သူသည် ရွှေတောင်ကိုကြည့်လိုက်ပြီး ထိုတောင်ထိပ်တွင်ရှိနေသည့် လျှပ်စီးသစ်ပင်ကိုစိုက်ကြည့်လိုက်သည်။ ထိုအပင်မှ တောက်ပနေသည့်အရွက်နှစ်ရွက်ကို မြင်လိုက်ရသည့်အချိန်တွင် သူ မိုးမခနတ်ဘုရားကို သတိရမိသွားသည်။
“ဒီရှေးဟောင်းသစ်ပင်မှာလည်း စိတ်ဝိဉာဉ်များ ရှိနေမလား” ရှီဟောင်ထိုအပင်ကို ထပ်ခါထပ်ခါ ကြည့်လိုက်၏။ သို့သော် ထိုသစ်ပင်မှာ စွမ်းအားကြီးသည့်သက်ရှိနှင့်မတူပဲ မှော်ပစ္စည်းတစ်ခုနှင့်သာ ပိုတူနေလေသည်။
ဒါက လျှပ်စီးနဲ့ ဆက်စပ်နေတာလား .. ထိုသို့သာဆိုလျှင် ဤအပင်သည် သူလိုအပ်နေသည့်အရာပင်။
သို့သော် ယခုအချိန်တွင် သူအနည်းငယ် အလောတကြီးနိုင်နေ၏။ သူသည်လည်း ဤနေရာတွင် ပိတ်မိနေဆဲပင်။ ထိုကျွမ်းကျင်သူလေးယောက်မှာ သူတို့၏ သားရဲသွားကိုအသုံးပြုကာ သူ့ကိုပြန်လာသတ်နိုင်သည်။
သူသည် လက်သီးအရွယ်အစားခန့်ရှိသည့် ဆေးလုံးမီးဖိုကို သူ၏လက်နှင့်ပွတ်သပ်လိုက်၏။ ကျွမ်းကျင်သူလေးယောက် အကျပ်အတည်းဖြစ်သွားစေရန်အတွက် သူတောင်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ရွှေနန်းတော်အတွင်းရှိ ကျွမ်းကျင်သူလေးယောက်မှာ ဒေါသအလွန်ထွက်နေသောကြောင့် တာအိုများကို နားမလည်နိုင်ဖြစ်နေလေသည်။ ထို့အပြင် ဤနတ်အသံမှာ မတည်ငြိမ်ပဲ ဖမ်းဆုတ်နိုင်ရန် ခက်ခဲသည်ကို သူတို့ တစ်ဖြည်းဖြည်းချင်း သိလာရသည်။
“ဖြတ်ရမယ့် ကန့်သတ်ချက်တွေ ကျန်နေသေးတယ်”
သူတို့သည် ထူးဆန်းသည့်အရာကို သတိပြုမိလိုက်သည်။ ဤရွှေနန်းတော်တွင် နောက်ထပ်အထပ်တစ်ထပ်ရှိနေပြီး အခြားလျှို့ဝှက်ချက်များ ရှိနေသေးသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့်သူတို့ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်နေကြလေ၏။
“မင်းတို့အားလုံး ငါ့အတွက် သေချာရှာကြ .. တစ်ထောင့်မှ မလွတ်စေနဲ့” မီးမိစ္ဆာနန်းတော်မှ ကျွမ်းကျင်သူများမှာ ထိုကျင့်ကြံသူများအား ရှာခိုင်းလိုက်လေသည်။ ထို့အချိန်တွင် သူတို့သည်မမျှော်လင့်ထားသည့်တစ်စုံတစ်ခု ဖြစ်လာမည်စိုးသောကြောင့် နန်းတော်ဝင်ပေါက်တွင်သာ မတ်တပ်ရပ်နေကြလေသည်။
ကျင့်ကြံသူများအားလုံးမှာ အံ့ကြိတ်ကာ ကျိန်ဆဲလိုက်ကြသည်။ သူတို့သည် ရှီဟောင်မှာ သက်တောင့်သက်သာနေရသည်ဟု ခံစားလိုက်ကြရသည်။ သို့သော် ကံမကောင်းစွာဖြင့်ပင် သူတို့သည် ရှီဟောင်နှင့်မပူးပေါင်းပဲ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။
ကျောက်တုံးကြီးကို ထိလိုက်သည့်အချိန်တွင် ရောင်စုံအလင်းတန်းထွက်ပေါ်လာကာ နန်းတော်ကြီး၏ တာအိုအသံများမှာလည်း ပိုကျယ်လာသည်။
“ဒီမှာ တစ်ခုခုထူးခြားနေတယ် .. ကျောက်တုံးကို မြန်မြန်မလိုက်” ချီလင်းခုန်း ပြောလိုက်သည်။ သူသည် အလောကြီးနေလေ၏။ သူ ဤနေရာတွင်ရှိနေသည့် နတ်ရတနာကိုမြန်မြန်ယူပြီး ဤနေရာမှ ထွက်ခွာကာ ရှီဟောင်ကို သတ်ပစ်ချင်လှပြီ။
ထိုကျောက်တုံးကို မလိုက်သည့်အချိန်တွင်မြောင်းတစ်ခု ပေါ်လာလေသည်။ ထိုမြောင်းကိုလေ့လာပြီးသည့်နောက်တွင် ကျွမ်းကျင်သူလေးယောက်မှာ ထိုမြောင်းကိုဖိပြီး သူတို့၏ နတ်ခွန်အားကိုသုံးရန် တစ်ယောက်ယောက်အား အမိန့်ပေးလိုက်လေ၏။
ဤနေရာတစ်ခုလုံးတွင် နားစည်ကွဲလောက်သည့်အသံများထွက်ပေါ်လာပြီး သင်္ကေတအလင်းများလည်း လေထဲတွင် ထွက်ပေါ်လာလေသည်။ ထို့နောက် လေဟာနယ်ထဲတွင် လမ်းကြောင်းတစ်ခုပေါ်လာကာ လှေကားထစ်များလည်း ပါဝင်နေလေသည်။
“အဲဒီမှာနောက်တစ်ထပ်ရှိသေးတယ် .. နန်းတော်ကြီးရဲ့အပေါ်မှာ နောက်ထပ် နန်းတော်ခန်းမကြီးရှိနေတာ” အားလုံး အံ့အားသင့်သွားရသည်။
ကျွမ်းကျင်သူလေးယောက်မှာ ကျင့်ကြံသူများအား အရှေ့မှသွားခိုင်းကာ သူတို့က အနောက်မှ လိုက်သွားကြလေသည်။
အပေါ်ထပ်ခန်းမကြီးမှာ အလွန်ပင်ကျယ်ဝန်းလှ၏။ အိမ်စောင့်ခွေးကြီးနှင့်တူသည့် ရှေးဟောင်းသားရဲတစ်မျိုးလည်းရှိနေသည်။ သို့သော် ထိုသားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့မှာ နဂါးခန္ဓာကိုယ်ဖြစ်နေလေ၏။
“ဒါက လျှပ်စီးအမဲလိုက်ခွေးပဲ”
“တိတိကျကျပြောရရင် သူက ပြန်လည်မွေးဖွားခြင်းလုပ်ပြီးတော့ မယုံကြည်နိုင်လောက်တဲ့အဆင့်ထိကို ရောက်ပြီးတော့ နဂါးအမဲလိုက်ခွေးဖြစ်လာတာ .. သူ့ဆီမှာ နဂါးအစစ်ရဲ့ ခန္ဓာကိုယ် တစ်ကယ်ရှိနေတယ်”
နတ်ပုံရိပ်အောက်တွင် ဆုတောင်းဖျာတစ်ခုရှိနေ၏။ သို့သော် ကြီးမားလှသည့် ခန်းမကြီးထဲတွင် အခြားမည်သည့်အရာမျှ မရှိတော့ပေ။
ကျွမ်းကျင်သူလေးယောက်မှာ အလွန်ပင်သတိကြီးကာ အခြားသူများအား ထိုဖျာကို သွားဆွဲယူခိုင်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုဖျာတွင် သင်္ကေတများ ဝေ့ဝိုက်နေကာ ပုံမှန်မဟုတ်သည်ကို သူတို့တွေ့လိုက်ရသောကြောင့်ပင်။
သူတို့ထဲမှ တစ်ယောက် ဖျာကိုဆွဲလိုက်သည်နှင့် လျှပ်စီးစက်ဝန်းတစ်ခု ထွက်ပေါ်လာကာ ဆွဲသည့်သူကို ဖြတ်သွားပြီး သူ၏အနားတွင်ရှိနေသည့်သူများမှာလည်း ပြာဖြစ်သွားလေ၏။ ဤသည်မှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။
“ဒါက ရှေးဟောင်းရတနာပဲ .. ကြည့်ရတာ လျှပ်စီးနဂါးခွေး တာအိုကို ကျင့်ကြံတဲ့အချိန်မှာ သုံးတဲ့ဖျာထင်တယ် .. သူ့ထဲမှာ တာအိုရှိနေတယ်” ချီလင်းခုန်း၏ မျက်လုံးမှ အလင်းများတောက်ပလာလေသည်။
ထို့နောက်တွင် သူတို့သည် အခြားကျင့်ကြံသူများကို စမ်းသပ်စေလေ၏။ အဆုံးသတ်တွင် လူအနည်းငယ်မှာ သနားစဖွယ် သေဆုံးသွားကြရလေသည်။
“ငါတို့အားလုံး စတေးခံရတော့မှာ” လူများစွာမှာ စိတ်ပျက်နေကြလေ၏။ ဤအတိုင်းသာ ဆက်သွားလျှင် သူတို့အားလုံး သေသွားလိမ့်မည်။
သို့သော် ကျမ်းကျင်သူလေးယောက်မှာ သူတို့အား ဘာမှ မလုပ်ခိုင်းတော့ပေ။ သူတို့ သဲလွန်စအချို့ကို သတိပြုမိသွားသည်။ ဆုတောင်းဖျာသည် အရေးကြီးသည့် ပစ္စည်းတစ်ခုဖြစ်ရမည်။ ထိုဖျာကို ထိန်းချုပ်နိုင်ခြင်းမှာ ရွှေနန်းတော်ကြီးတစ်ခုလုံးကို ရယူနိုင်ခြင်းဖြစ်လိမ့်မည်။
ထို့နောက်တွင် ကျင့်ကြံသူလေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖြေးညှင်းစွာ ထိုင်ချလိုက်ကာ ထိုဆုတောင်းဖျာအားပြုပြင်လိုက်သည်။
အစပိုင်းတွင် အရာအားလုံးမှာ ချောမွေ့စွာပင်။ ကျွမ်းကျင်သူလေးယောက်မှာ အတွေ့အကြုံရှိသောကြောင့် ဆုတောင်းဖျာကို တစ်ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ကြ၏။ သို့သော် နောက်ဆုံးအချိန်တွင် ထိုရတနာမှအလင်းများထွက်ပေါ်လာကာ သူတို့အား လွင့်ထွက်သွားစေလေသည်။
“ဘာ..”
ကျွမ်းကျင်သူလေးယောက်လုံးမှာ ထိတ်လန့်သွားခဲ့ကြရ၏။ ထိုနေရာတွင် စွမ်းအားကြီးသည့်စိတ်ဝိဉာဉ်တစ်ခုပေါ်လာသည်ဟု ခံစားလိုက်ရသောကြောင့် သူတို့အားလုံး ကြောက်လန့်သွားရသည်။
ထိုအချိန်တွင်တောင်ကြီးပြိုကျလာသည့်အသံကိုကြားလိုက်ရပြီး ကျွမ်းကျင်သူလေးယောက်၏အမူအရာပြောင်းလဲသွားလေသည်။ သူတို့အားလုံး ပထမထပ်သို့ ပြေးဆင်းသွားကြ၏။ လျှိုမြောင်ထဲတွင်ရပ်နေသည့် ရှီဟောင်မှာစတင်လှုပ်ရှားရန် ပြင်လိုက်သော်လည်း ကောင်းကင်ထက်သို့ သင်္ကေတလေးခု ပျံတက်သွားသည်ကိုမြင်လိုက်ရပြီး တောင်ကြီးမှာ တစ်ဖြည်းဖြည်း ပြိုကျလာလေသည်။ အစီအရင်ကြီးမှာစတင်ပြိုကွဲလာလေသည်။ ထို့နောက်တွင် ရွှေတောင်ကြီးကွဲသွားကာ လျှပ်စီးသစ်ပင်သည်လည်း သူ့ဘာသာသူပင် မြေကြီးထဲမှ ထွက်လာလေ၏။
“မကောင်းတော့ဘူး” ရှီဟောင် ထိတ်လန့်သွားရသည်။ လျှိုမြှောင်တွင်ရှိသည့် ကန့်သတ်ချက်များမှာ သူ့အလိုအလျောက် ပျက်စီးသွားလေသည်။
ထို့နောက်တွင် အမဲရောင်ရှေးသစ်ပင်မှ လျှပ်စီးများကိုပစ်လွှတ်နေလေ၏။
ရွှေနန်းတော်အတွင်းရှိ ကျွမ်းကျင်သူလေးယောက်လုံး၏ အမူအရာများပြောင်းလဲသွားလေသည်။ ထိုလျှပ်စီးများမှာ သူတို့ကို အပြစ်ပေးနေသကဲ့သို့ပင် သူတို့အားတိုက်ခိုက်လာလေသည်။
“မြန်မြန် မြန်မြန်အပြင်ကိုပြေး”
“အပြင်မှာရှိတဲ့ ကန့်သတ်ချက်တွေ ပျောက်သွားပြီ .. အခွင့်အရေးကောင်းပဲ”
ထို့နောက်တွင် ချီလင်းခုန်းသည် ရှီဟောင်ကိုကြည့်လိုက်ပြီး ရက်စက်သည့်အပြုံးတစ်ခုကို ပြုံးလိုက်ကာ သူ့ထံသို့ ဦးတည်သွားနေလေသည်။
ကံမကောင်းစွာဖြင့်ပင် လျှပ်စီးသစ်ပင်မှ ထုတ်လွှတ်သည့်လျှပ်စီးများမှာ ထူထဲလှပြီး သူတို့ကို မဆက်မပြတ်ပစ်ခတ်နေပြီး ထိုနေရာတစ်ခုလုံးကိုလွှမ်းခြုံထားနေလေ၏။
“ဘာ..” ကျွမ်းကျင်သူလေးယောက်လုံး၏အမူအရာပြောင်းလဲသွားကာ သူတို့ တစ်ကိုယ်လုံး ကြက်သီးထလာလေသည်။ သူတို့သည် မထိသင့်သည့်ဆုတောင်းဖျာအား သွားထိမိသောကြောင့် ကြီးမားသည့်ကပ်ဆိုးနှင့် ရင်ဆိုင်နေရလေသည်။ သူတို့မှာ ချက်ချင်းပင် လျှပ်စီးဖြင့် ရစ်ပတ်ခံလိုက်ရကာ မလွတ်မြောက်နိုင်ဖြစ်နေလေသည်။
ရှီဟောင်မှာလိုချင်လွန်းလှသောကြောင့် သွားရေပင် ကျနေလေပြီ။ ထိုလျှပ်စီးသစ်ပင်သာ မှော်ပစ္စည်းဆိုပါက အလွန်စွမ်းအားကြီးလောက်မည်။ သူသာ ထိုသစ်ပင်ကို ရလိုက်ပါက ထိုအပင်မှာ ရန်သူအားလုံးကို ရှင်းပစ်နိုင်သည့် အဆင့်လွန်ရတနာဖြစ်သွားလိမ့်မည်။
သူ မကြောက်ရွံ့သလို ပျံသန်း၍လည်းမသွားပေ။ ထိုအစားဆေးလုံးမီးဖိုကို အသက်သွင်းလိုက်သည်။
လျှပ်စီးသစ်ပင်မှ သူ့အားတုံ့ပြန်လာမလားဟု ရှီဟောင်မှာ လျှပ်စီးသစ်ပင်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။
ဤသည်မှာ အသုံးဝင်သွား၏။ ထိုလျှပ်စီးအလင်းတန်းတွင် စွမ်းအားလှိုင်းများပါဝင်နေပြီး ရောင်စုံအလင်းတန်းများ တောက်ပလာသည်။
သို့သော် ဤသည်မှာ ကျွမ်းကျင်သူလေးယောက်အား ကောက်ရိုးမျှင်ခန့် အသက်ရှင်ခွင့်ပေးလိုက်သကဲ့သို့ဖြစ်သွားသည်။ သူတို့မှာ ထိုအခွင့်အရေးအားအသုံးချကာ အပြင်ဘက်သို့ ပြေးထွက်လာကြလေ၏။
ထိုအချိန်တွင် ရှီဟောင်ထိတ်လန့်သွားရသည်။ ထိုသစ်ပင်နှင့် ဆက်သွယ်မိသွားပြီးသည့်နောက်တွင် ထိုအပင်မှာအလွန်အန္တရာယ်များသည်ဟု ရှီဟောင်ခံစားလိုက်ရ၏။ ဝုန်းဟူသောအသံနှင့်အတူ ပို၍ ထူးထဲလှသော လျှပ်စီးများမှာ မြစ်တစ်စင်းကဲ့သို့ပင် ကျရောက်လာလေသည်။
အား..
ကျွမ်းကျင်သူလေးယောက်မှာ သနားစဖွယ်ပင် အော်ဟစ်လိုက်ကြသည်။
“လူငယ်လေး မင်းငါတို့ကို လှည့်စားတယ်”
ရိုးရိုးသားသားဝန်ခံရလျှင် ရှီဟောင်ထံတွင် ထိုကဲ့သို့သော စိတ်မျိုးမရှိခဲ့ပေ။ သို့သော်လည်းထိုသို့ ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် လူလေးယောက်၏ ခန္ဓာကိုယ်မှ အစိမ်းရောင်မီးခိုးထွက်ပေါ်လာပြီး မခုခံနိုင်ကြတော့ပေ။
“လင်းခုန်း ငါတို့မင်းကို ကာကွယ်ပြီး ပို့ပေးမယ် .. မင်းသူ့ကို သတ်လိုက်” သူတို့ထဲမှ လူတစ်ယောက်မှာ သေဆုံးတော့မည်ဖြစ်ပြီး ရှီဟောင်ကို အလွန်မုန်းတီးနေလေ၏။ သူသည် သူ၏ခန္ဓာကိုယ်ကို မကာကွယ်တော့ပဲ သင်္ကေတများကို အသက်သွင်းကာ ချီလင်းခုန်းအား ကာကွယ်ပေးလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် အခြားနှစ်ယောက်မှာလည်း ထိုကဲ့သို့ပင်ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သေရမည်ပဲဆိုတော့ အနည်းဆုံးတော့ ချီလင်းခုန်းအား ကြိုးစားကြည့်စေချင်သည်။
ဝုန်း..
လူသုံးယောက်မှာ အနောက်ဘက်သို့ လွင့်ထွက်သွားလေသည်။ အမှန်တကယ်တွင် သူတို့ပြာအဖြစ်ပြောင်းလဲသွားရမည်ဖြစ်သော်လည်း သူတို့ကို သင်္ကေတများဝန်းရံသွားကာ ယဇ်ပုလ္လင်ထံသို့ ပြန်ပို့လိုက်ကြလေ၏။
ချီလင်းခုန်း ထွက်လာလေ၏။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ မည်းတူးနေပြီဖြစ်ပြီး ကင်ပြီးသားပင် ဖြစ်တော့မည်။ အသားစိမ်းလောင်သည့်အနံ့ရနေပြီဖြစ်သော်လည်း သူမသေသေးပေ။
“ရိုးရိုးသားသားပြောရရင် ငါမင်းတို့ကို အကောက်မကြံခဲ့ဘူး” ရှီဟောင်သည် အလွန်ပင် ‘ရိုးသားစွာ’ ပြောလိုက်သည်။
“မင်းငါ့လက်နဲ့သေလိုက်တော့” ချီလင်းခုန်းကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ဤလူငယ်လေးမှာ ‘ရိုးရိုးသားသားပြောရရင်’ ဟူသောစကားကို ပြောရဲနေသေးသည်။ သူသည် ဒေါသအလွန်ထွက်သောကြောင့် ပေါက်ကွဲတော့မတတ်ပင်။
ရှီဟောင်သည် ထိုနေရာတွင်သာ ရပ်နေပြီး ဆေးလုံးမီးဖို အဖုံးကို ဖွင့်လိုက်လေ၏။
“ဘာဖြစ်တာလဲ”
ချီလင်းဖုန်း ထိတ်လန့်သွားလေ၏။ သူပြင်းထန်စွာ ဒဏ်ရာရရှိနေလေပြီ။ သူတိုက်ခိုက်နိုင်သေးသော်လည်း သူ၏တုံ့ပြန်မှုများမှာ အနည်းငယ်နှေးကွေးနေလေပြီ။ ဆေးလုံးမီးဖိုကို ဖွင့်လိုက်သည်နှင့် လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာပြီး ထာဝရတာအိုစွမ်းအင်များလည်း လေထဲတွင်ပျံ့လွင့်လာသည်။
ရှီဟောင်မှာ ပျားတူအုံကို ကိုင်ထားသကဲ့သို့ပင် လျှပ်စီးသစ်သား ရုတ်တရက်ထွက်ပေါ်လာကာ လျှပ်စီးများထွက်ပေါ်လာလေသည်။
“ငါလည်း ပစ်မှတ်အဖြစ်ပြောင်းသွားပြီလား” ရှီဟောင်စိတ်ထဲတွင် တုန်လှုပ်သွားကာ ဆေးလုံးမီးဖိုအဖုံးကို အသုံးပြုကာ သူ၏ခေါင်းကိုကာထားလိုက်ပြီး လျင်မြန်စွာပင် ထွက်ပြေးသွားလိုက်သည်။ သူ ချီလင်းခုန်းနှင့် ထပ်မတိုက်ရဲတော့ပေ။
အား…
ချီလင်းခုန်းမှာ ပစ်မှတ်ကြီးဖြစ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆုတောင်းဖျာကို ယူရန်ကြိုးစားဖူးသောကြောင့်ပင်။ ထိုအချိန်တွင် လျှပ်စီးအလင်းတန်းများထွက်ပေါ်လာကာ ချီလင်းခုန်းထံသို့ ဦးတည်သွားလေ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လျှပ်စီးကြောင့် မည်းတူးနေပြီဖြစ်ပြီး သူ၏အသွေးအသားများပင် ကွဲထွက်နေလေပြီ။ သူ၏အရိုးများလည်း မည်းနေလေပြီ။
ရှီဟောင်မှာ ကံကောင်းစွာဖြင့်ပင် သူ၏အရှိန်မှာလျင်မြန်နေသောကြောင့် ပြင်းထန်စွာ မတိုက်ခံလိုက်ရပေ။ သူသည် ဆေးလုံးမီးဖိုကိုဖယ်လိုက်သည်နှင့် ချက်ချင်းပင် ရယ်မောလိုက်လေသည်။
“လူအိုကြီး ခင်ဗျားက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ .. ကျွန်တော် ခင်ဗျားနဲ့ တစ်ပွဲလောက်ကောင်းကောင်းတိုက်ချင်သေးတာ .. ခင်ဗျားကဘာလို့ ဒီလိုမျိုးဖြစ်သွားရတာလဲ” ရှီဟောင် ပြောပြီးအနောက်ဘက်သို့ ပျံသန်းလိုက်၏။
ချီလင်းခုန်း၏ မျက်နှာတစ်ခုလုံးမှာ မည်းတူနေပြီး သူ၏ပါးစပ်မှ သွေးများစီးကျလာလေသည်။ သူ၏အသက်ဓာတ် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း မသေသေးပေ။ ထို့ကြောင့်ပင် သူ၏ အသက်ကယ်သင်္ကေတမှာ အသက်မဝင်သေးခြင်းပင်။
“ခွေးကောင်လေး စောင့်နေ ငါမင်းကို ပြန်လာသတ်မယ်” ချီလင်းခုန်းမှာ အလွန်ပင် ဒေါသထွက်နေလေ၏။
“အဲဒါဆို ကျွန်တော်ခင်ဗျားကို အရင်သတ်လိုက်မယ် .. နောက်တစ်ခေါက်ကျရင်တော့ ခင်ဗျားရဲ့ခန္ဓာကိုယ်အစစ်ကို သတ်ပြမယ်” ရှီဟောင် ပြောလိုက်သည်။ ရှီဟောင်သည် ကြိတ်ဆုံကျောက်အရွယ်အစားရှိသည့် ကျောက်တုံးကို ကောက်ယူကာ ချီလင်းခုန်းခန္ဓာကိုယ်ထံသို့ ပစ်ပေါက်လိုက်လေသည်။
“မင်း..” ချီလင်းခုန်းမှာ ဒေါသထွက်သွားလေ၏။ ထိုကောင်လေးမှာ ကျောက်တုံးအပိုင်းအစကို ကောက်ယူလိုက်ပြီး နတ်ခွန်အားထည့်လိုက်ကာ သူ၏ခေါင်းမှ သွေးမထွက်လာမချင်း ပစ်ပေါက်နေလေသည်။
ဤလူငယ်လေးက သူ့ကို အရှက်ခွဲဖို့ကြိုးစားနေတာ … သူသည် အဆင့်မြင့်ပြီး နတ်မီးတောက်ရှိသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း သူသည် လမ်းဘေးမှလူကဲ့သို့ပင် အရိုက်ခံနေရလေသည်။
“မင်းစောင့်နေလိုက်” ချီလင်းခုန်းမှာ အံ့ကြိတ်လိုက်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်လေ၏။
သို့သော် ရှီဟောင်မှာ ပို၍ လျင်မြန်လေသည်။ သူသည် အောက်ဘက်သို့ဆင်းလိုက်ကာ သူ့ကိုယ်သူ အဆုံးစီရင်နေခြင်းကို တားဆီးလိုက်သည်။
ချီလင်းခုန်းမှာ မှုန်ကုပ်နေလေ၏။ သူသည် ဒေါသထွက်လွန်းသောကြောင့် သွေးအန်နေလေပြီ။
ရှီဟောင်၏ လက်ဖဝါးမှာ ချီလင်းခုန်း၏ ခေါင်းကိုဖယ်ရှားရန် အတွက် ခေါင်းပေါ်သို့ ကျရောက်လာလေသည်။ ထို့နောက်တွင် သူသည် ချီလင်းခုန်း၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စီးကို ကန်ထည့်လိုက်ပြီး ထိုခန္ဓာကိုယ်မှာ မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သားရဲသွားမှာ ချက်ချင်းပင် ချီလင်းခုန်း၏ ခန္ဓာကိုယ်အား ရစ်ပတ်ကာ သူ့အားခေါ်သွားလေသည်။
ချီလင်းခုန်းမှာ ထွက်မသွားမီတွင် ဒေါသများနှင့် ပြည့်နှက်နေလေ၏။
တစ်ချိန်တည်းမှာပင် ရွှေတောင်ကြီးပြိုကျသွားပြီး လျှပ်စီးသစ်ပင်၏ အမြစ်များမှာ အပေါ်သို့တက်လာပြီး ကြီးမားလှသည့် ရွှေရောင်နန်းတော်ကြီးကို ဆွဲသွားသည်ကို သူတွေ့လိုက်ရသည်။ လျှပ်စီးအလင်းတန်းများနှင့် ကန့်သတ်ချက်များအားလုံး ပျောက်ကွယ်သွားလေပြီ။
လျို့ဝှက်နယ်မြေဝင်ပေါက်တွင် အားလုံးမှာ သူတို့အချင်းချင်း ဆွေးနွေးနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် မီးမိစ္ဆာနန်းတော်မှ ကျွမ်းကျင်သူလေးယောက်ထဲမှ သုံးယောက်ထဲမှာ တစ်ပြိုင်တည်း အသတ်ခံလိုက်ရသောကြောင့်ပင်။
“ဘာဖြစ်တာလဲ .. သူတို့တွေလည်း အဲဒီနတ်ဆိုးဘုရင်လေး သတ်တာ ခံရတာလား”
“ဘုရားရေ .. ဒီအတိုင်းသာဆိုရင် ကြောက်စရာကောင်းတဲ့ အဆင့်လွန်လူငယ်တစ်ယောက် ထပ်ထွက်လာတာလား .. သူက စီရင်စုတွေက ထူးခြားပါရမီရှိတဲ့သူတွေအောက်ကို မနိမ့်ကျနိုင်ဘူး”
လျို့ဝှက်နယ်မြေဂိတ်ပေါက်ကိုစောင့်ကြပ်နေသည့် အကြီးအကဲမှာ ထိုနေရာတွင်ပင် သတိလစ်မတတ်ဖြစ်နေသည်။ ယခုတစ်ခေါက်တွင် အရာအားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလေပြီ။ သူသည် အလွန်ပင်နောင်တရနေပြီး သူ၏ပါးစပ်ကို အကြိမ်အနည်းငယ်ခန့် ပိတ်ရိုက်ပစ်ချင်မိနေသည်။
ကျွမ်းကျင်သူသုံးယောက်မှာ ဖြူဖျော့နေသည့်မျက်နှာဖြင့် ပြန်ရောက်လာကြလေ၏။
ထိုအချိန်တွင် ယဇ်ပုလ္လင်ထက်တွင် အခြားမီးရောင်တစ်ခု ထွက်ပေါ်လာကာ ချီလင်းခုန်း ပေါ်လာလေသည်။
အားလုံးမှာ အော်ဟစ်လိုက်ကြလေသည်။ ဤသည်မှာ မီးမိစ္ဆာနန်းတော်မှ လူများအားလုံး ရှင်းလင်းခံလိုက်ရခြင်းပင်။
“လင်းခုန်း မင်း .. မင်းကဘာလို့ ပြန်လာရတာလဲ .. အဲဒီမကောင်းဆိုးဝါးမိစ္ဆာရော .. မင်းသူ့ကို သတ်လိုက်လား” ကျွမ်းကျင်သူသုံးယောက်ထဲမှ တစ်ယောက် မေးလိုက်ပြီး သူ၏အသံမှာလည်း အလွန်ပင် အလောကြီးနေလေသည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးမှာ ဖြူဖျော့သွားကြလေ၏။
သူတို့ခန့်မှန်းတဲ့အတိုင်း ဖြစ်လာတာလား …
အစောပိုင်းက အသတ်ခံရပြီးပြန်ရောက်လာသည့် မီးမိစ္ဆာနန်းတော်မှ အဆင့်လွန်ကျွမ်းကျင်သူများမှာ အထိတ်တလန့်ပင် အော်ဟစ်လိုက်ကြသည်။ ထိုအမျိုးသမီးအဆင့်လွန်ကျွမ်းကျင်သူမှလည်း တုန်ယင်နေသောအသံဖြင့် “အဲဒီနတ်ဆိုးဘုရင်က .. ဦးလေးတွေအများကြီးကို သတ်လိုက်တာလား”
ယခုအချိန်သည် မစဉ်းစားပဲ လက်လွတ်စပယ်မပြောသင့်သည့်အချိန်မှန်း မီးမိစ္ဆာနန်းတော်မှ လူများသိကြသည်။ ယနေ့တွင် သူတို့ကိုယ်သူတို့ အရှက်ရအောင် လုပ်ခဲ့ကြသည်။ သူတို့သည် လူအများကြား ပျက်လုံးတစ်ခု ဖြစ်လာလိမ့်မည်။
“အား..” ချီလင်းခုန်းမှာ ဒေါသတကြီးအော်ဟစ်လိုက်လေ၏။
လျို့ဝှက်နယ်မြေဝင်ပေါက်ရှေ့ နေရာတိုင်းတွင် ကျင့်ကြံသူများ ရှိနေသောကြောင့် သတင်းမှာ လူထုကြားတွင် လျင်မြန်စွာပင် ပျံ့သွားလေသည်။
လူငယ်နတ်ဆိုးဘုရင်တစ်ပါးပေါ်လာပြီး နေရာအနှံ့ကို တုန်လှုပ်သွားစေသည်။ သူက ဘယ်သူလဲ .. အရင်ဘာလို့ သူ့ကို သတိမထားမိတာလဲ..
“မင်းတို့ဘယ်လိုထင်လဲ .. အဲဒီတစ်ယောက်က ရှေးဟောင်းအထိမ်းအမှတ်ကျောက်တိုင်မှာ ‘ဟွမ်’ ဆိုတဲ့နာမည်ချန်ထားခဲ့တဲ့ တစ်ယောက်များလား .. စီရင်စု ၁၀ ခုစလုံးကို သူရဲ့စွမ်းအားတွေနဲ့ ဖိနှိပ်သွားတဲ့ ထူးဆန်းတဲ့လူငယ်လား” တစ်စုံတစ်ယောက်မှ နူးညံ့စွာ ပြောလိုက်သည်။
ရလဒ်အနေဖြင့် ဤအကြောင်းအရာမှာ လူအများ၏ စိတ်ဝင်စားရာဖြစ်သွားပြီး လူများစွာမှာ သူတို့အချင်းချင်း စတင်ဆွေးနွေးကြလေသည်။
“ဒါက စောင့်ကြည့်ရမယ့်အရာတစ်ခုပဲ .. ထာဝရနန်းတော်ရဲ့အမွေဆက်ခံသူက ဖြိုချလို့မရတဲ့တောင်တစ်လုံးနဲ့ တူတယ်လို့နာမည်ကြီးတယ် .. ချင်းဟောင်မှာက ပြိုင်ဘက်မရှိတဲ့ ထာဝရအရိုးနှစ်ခုရှိတယ် .. အခု တစ်ခြားထူးခြားပါရမီရှိတဲ့သူ ပေါ်လာပြီ .. ဒီလူငယ်နတ်ဆိုးဘုရင်က သူတို့တွေနဲ့ တွေ့ရင် ဘယ်လိုဖြစ်မလဲမသိဘူး”
ဂိုဏ်းခေါင်းဆောင်အချို့ပင်လျှင် ထိတ်လန့်သွားကာ သူတို့သည် ဤကိစ္စကိုအာရုံစိုက်လိုက်ကြသည်။
ထိုအချိန်တွင် ရှီကျီလင်းတို့ဇနီးမောင်နှံ့မှာ ထိတ်လန့်သွားကြ၏။ ချင်းဟောင် အထဲတွင် မည်သို့ဖြစ်နေမည်ကို သူတို့မသိကြပေ။ သူသည် ထူးခြားသည့် နတ်ဆိုးဘုရင်နှင့်တွေ့လျှင် ချင်းဟောင်မှာ ထိုသူ၏ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား..
ထိုအချိန်တွင် သူတို့သည် သူတို့၏သားကြီးအကြောင်းကို တွေးမိလိုက်ပြီး အနည်းငယ် မှိုင်တွေညှိုးငယ်သွားရသည်။ သူသာ အသက်ရှင်နေသေးပြီး ဒီကိုရောက်လာရင် သူ ဘယ်လိုအောင်မြင်မှုတွေ ရနေမလဲ..