သုခကမ္ဘာက ရှီဟောင် - Chapter - 848 ထူးခြားပါရမီရှိသူများ၏ တိုက်ပွဲကြီး
ကောင်းကင်ထက်တွင်တောက်ပသည့်အလင်းများ လှည့်ပတ်နေပြီး လေဟာနယ်သည်လည်း ပြိုကွဲမတတ်ပင် တုန်ခါလာလေသည်။
အဆင့်လွန်လူငယ်တစ်စုဆင်းသက်လာကြပြီး ထိုလူအုပ်ထဲတွင် နတ်မီးတောက်ရှိနေသည့်သူများပင် ပါရှိလေသည်။ လူငယ်ကျွမ်းကျင်သူတစ်ယောက်ယောက်သာ တွေ့သွားပါက သူတို့သေချာပေါက် ထွက်ပြေးသွားကြမည်သာ။ ဤသည်မှာ တိုက်ပွဲတစ်ခုမဟုတ်ပဲ သတ်ဖြတ်ပွဲကြီးပင်။
ရှီဟောင်၏ ကျောဘက်တွင် သင်္ကေတများဖြင့်ပြုလုပ်ထားသည့် အတောင်ပံတစ်စုံပေါ်လာ၏။ ထိုအတောင်ပံတွင် မြင့်မြတ်သည့်အော်ရာရှိနေပြီး နားကွဲလောက်သည့် လျှပ်စစ်စက်ဝန်းများလည်း ထွက်ပေါ်နေလေ၏။
သူသည်အတောင်ပံများကို လှုပ်ရမ်းလိုက်ပြီး ကောင်းကင်ထက်သို့ တရှိန်ထိုးသွားလိုက်သည်။
သူသည် ထူးခြားပါရမီရှိသူများကို မကြောက်သော်လည်းသူသာ ထိုနေရာတွင်နေနေလျှင် နေရာပေါင်းစုံမှ တိုက်ခိုက်ခြင်းကို ခံရကာ သေသွားလိမ့်မည်။
“မင်းဘယ်သွားမလို့လဲ .. မင်းက ငါ့ရှေ့မှာတောင် လျှပ်စီးသဘာဝဥပဒေသတွေကို သုံးရဲတယ်ပေါ့” အေးစက်သည့်အသံထွက်လာပြီးသည့်နောက်တွင် လျှပ်စီးများမှာ ရေတံခွန်ကဲ့သို့ပင် ထွက်ပေါ်လာလေသည်။
လူတစ်ယောက်၏ လက်သီးချက်မှ အဆုံးမရှိသည့်အလင်းများထွက်ပေါ်လာလေသည်။
ဒါက ဘယ်လိုစွမ်းအားမျိုးလဲ..
ကောင်းကင်ထက်တွင် အဆင့်လွန်လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။ သူ၏အသွေးအသားတစ်လက်မစီတိုင်းတွင် လျှပ်စီးသင်္ကေတများ လှည့်ပတ်နေလေသည်။
လျှပ်စီးသားတော်..
သူသည် ထူးခြားပါရမီရှိသည့်သူပင်။ သူသည် ကိုယ့်ကိုကိုယ် ကောင်းကင်ဂျီးနီးယပ်စ်ဟု ကြေငြာထားသည့် ခရမ်းရောင်ဟုန်လူမျိုးစုမှ သူထက်ပင် ပို၍ တော်သေးသည်။
သူ၏ဂုဏ်သတင်းမှာ သူကိုယ်တိုင်ပြုလုပ်ထားခြင်းမဟုတ်ပဲ သူ စစ်ပွဲပေါင်းများစွာမှ ရရှိလာခြင်းပင်။
လျှပ်စီးသားတော်မှာ အလွန်လျင်မြန်လှ၏။ သူသည် ရှီဟောင်လမ်းကို ဖြတ်လိုက်ကာ ရှီဟောင်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်လေ၏။ “မင်းဘာလို့အောက်မှာပဲ မနေတာလဲ”
“မင်းကိုယ်မင်းဘယ်သူထင်လို့ ငါ့လမ်းကို လာပိတ်ရဲတာလဲ … လျှပ်စီးက မင်းတို့လူမျိုးစုတစ်စုတည်းကပိုင်တဲ့ လျှို့ဝှက်နည်းလမ်းလား” ရှီဟောင် ထူးမခြားနားပင်ပြောလိုက်ပြီး နောက်မဆုတ်ပဲ သူ့ကိုတိုက်ခိုက်လာသည်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။
ဝုန်း..
လျှပ်စီး၏သားတော် ထိတ်လန့်သွားရသည်။ တစ်ဖက်လူမှာ မသေသေးပဲ သူ၏ခန္ဓာကိုယ်မှာတောက်ပနေဆဲပင်။
ရှီဟောင်လည်း စိတ်လှုပ်ရှားသွားရ၏။ ထူးခြားပါရမီရှိတဲ့သူ ဖြစ်ထိုက်ပါပေတယ် .. ထိုရိုက်ချက်တစ်ချက်တွင် အသက်၊ ဖယ်ရှားခြင်းနှင့် အခြားအဓိပ္ပာယ်များစွာ ပါရှိလေသည်။
“လျှပ်စီးတာအိုမှာ ငါက အတော်ဆုံးပဲ .. မင်းက မင်းရဲ့စွမ်းရည်တွေကို ကျွမ်းကျင်သူအစစ်ရှေ့မှာ လာပြနေတာပဲ” လျှပ်စီးကလေးမှ ပြောလိုက်၏။ သူ မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်သည့်အချိန်တွင် လျှပ်စီးကြောင်းများ ပေါ်ထွက်လာလေ၏။ ထိုလျှပ်စီးကြောင်းများမှာ တောင်ထိပ်များကိုဖောက်ခွဲတော့မတတ်ပင်။ သူ၏စွမ်းအားမှာ အံ့အားသင့်စရာကောင်းလှသည်။
သူသည်ခွန်အားအပြည့်ပါသည့် လက်သီးနောက်တစ်ချက်ကို ပစ်သွင်းလိုက်သည်။ သူသည် လျှပ်စီးတာအိုတွင် အထွတ်အထိပ်ရောက်နေပြီဖြစ်သောကြောင့် သူ၏အရှေ့တွင်ရှိနေသည့်သူများအားလုံးကို ပေါင်းပင်ကဲ့သို့ပင် ဖယ်ရှားနိုင်လေသည်။ လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်လေ၏။
ရှီဟောင်၏ အကြည့်များတွင် အထင်ကြီးသည့်အကြည့်များဖြစ်ပေါ်လာလေသည်။ သူ၏အသွေးအသားများတွင် သင်္ကေတများထွက်ပေါ်လာပြီး သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်၏။ ထို့နောက်တွင် သူသည် လျှပ်စီးပညာကိုအသုံးပြုကာ မီးတောက်ကဲ့သို့ပင် လောင်ကျွမ်းလာလေသည်။
လျှပ်စီးသံမှာ ကျယ်လောင်လွန်းလှသောကြောင့် ထူးခြားပါရမီရှိသည့်သူများအားလုံး၏နားတွင် တဝူဝူအသံများကြားနေရေလေသည်။
ရလဒ်မှာ မည်သို့ပင် ထွက်လာပါစေ။ ရှီဟောင်ရှုံးနိမ့်သွားလျှင်ပင် သူသည် အားလုံး တုန်လှုပ်သွားစေလောက်သည်အထိစွမ်းအားကြီးနေလေပြီ။ သူသည် လျှပ်စီးသားတော်နှင့် လျှပ်စီးတာအိုအဖိုးတန်ပညာကို ယှဉ်ပြိုင်နိုင်သောကြောင့် ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းလေသနည်း…
ကောင်းကင်ထက်တွင် ပုံရိပ်နှစ်ခုကွဲသွားလေ၏။ လျှပ်စီးသားတော်မှာ ဒဏ်ရာမရသကဲ့သို့ အခြားသူမှာလည်း လုံးဝပင် ကောင်းမွန်နေလေသည်။
“စွမ်းအားကြီးလိုက်တဲ့ ခန္ဓာကိုယ်ကာကွယ်တဲ့ အနီရောင်အလင်း .. လျှပ်စီးတာအိုရဲ့ အဖိုးတန်ပညာကို ခုခံနိုင်တယ် … လျှပ်စီးသားတော်ကို လျှပ်စီးသုံးရဲတယ် .. ဒီလူက အရမ်းအထင်ကြီးစရာကောင်းတာပဲ”
အားလုံး၏စိတ်ထဲတွင် တုန်လှုပ်သွားရ၏။
“မင်းရဲ့ခန္ဓာကိုယ်ကာကွယ်တဲ့သင်္ကေတက တော်တော်လေးထူးခြားတယ် .. ဒါပေမဲ့ ဒါက မလောက်သေးဘူး .. အကြွင်းမဲ့တိုက်ခိုက်နိုင်စွမ်းရှေ့မှာဆိုရင် ခုခံမှုသင်္ကေတတွေအားလုံးက ဘာမှအသုံးမဝင်ဘူး” လျှပ်စီးသားတော်မှ ပြောလိုက်သည်။
လျှပ်စီးသားတော်သည် အပြင်ဘက်သို့ ခြေတစ်လှမ်းထွက်လာပြီး ရှီဟောင်ထံသို့ တရှိန်ထိုးပြေးသွားလေ၏။ သူ၏လက်ထဲတွင် နတ်အလင်းတောက်ပနေကာ သင်္ကေတများပါဝင်သည့် လျှပ်စီးတူတစ်လက်ရှိနေသည်။ သူသည် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အောက်ဘက်သို့ ရိုက်ချလိုက်လေ၏။
ထိုအချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားသည်။
“တော်တော့”
ရှီဟောင်အော်လိုက်ပြီး သူ၏အကြည့်များမှာလည်း အေးစက်လာ၏။ သူကောင်းကင်လမ်းကြောင်းကို ဖွင့်ပြီးသည့်နောက်တွင် သူ၏ ဘယ်လက်မှာ နေမင်းကဲ့သို့ပင် တောက်ပနေပြီး သူ၏ညာလက်မှာမူ မင်ကဲ့သို့ပင် မည်းနက်နေလေ၏။ ဤသည်မှာ ခွန်ပန်ပင်။ သို့သော် သူ၏ပုံပန်းသွင်ပြင်မှာ လုံးဝပင် ပြောင်းလဲသွားလေပြီ။
သူ၏ညာဘက်လက်တွင် ယန်စွမ်းအားများကို လျှပ်စီးသင်္ကေတများဖုံးလွှမ်းထားပြီး သူ၏ဘယ်ဘက်လက်တွင် လျှပ်စီးများ လွှမ်းခြုံထားသည့် ယင်အော်ရာထွက်ပေါ်နေလေသည်။
ရှီဟောင်ခြေလှမ်းကြဲကြီးများဖြင့် လျှောက်သွားကာ သူ၏အရှေ့တွင်ရှိနေသည့် လျှပ်စီးသားတော်နှင့် ရင်ဆိုင်လိုက်၏။ အပြင်ပိုင်းကြည့်လျှင် လျှပ်စီးသဘာဝဥပဒေသနှင့်တူသော်လည်း ယခုအချိန်တွင် ယင်နှင့်ယန် စွမ်းအားအဖြစ်သို့ ပြောင်းလဲနေလေပြီ။
သို့သော် ထိုအချိန်တွင် အားလုံးအံ့အားသင့်သွားရသည်မှာ သူ၏ လျှပ်စီးအားများမှာ ပြိုင်ဘက်ကင်းလှပြီး လျှပ်စီးသားတော်ကိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်အလင်းများဖြင့် ပေါက်ကွဲသွားအောင် လုပ်နိုင်လေသည်။
“ဒါက ဘာလဲ .. လျှပ်စီးတာအိုမှာ လျှပ်စီးသားတော်နဲ့ ယှဉ်နိုင်တဲ့သူ ပေါ်လာတာလား”
ရှီဟောင်၏လှုပ်ရှားမှုတိုင်းတွင် အနိုင်မခံအရှုံးမပေးသော အော်ရာတစ်မျိုးထွက်ပေါ်နေသည်။ သူသည် ရဲတင်းစွာပင် အရှေ့ဘက်သို့ ဆက်သွားနေလေ၏။
လျှပ်စီးသားတော်၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏သဘာဝဥပဒေသမှာ အမှန်တကယ်ပင် ပေါက်ကွဲသွားလေသည်။ အခြားတစ်ဖက်မှ လျှပ်စီးစွမ်းအားများမှာ ပြိုင်စံရှားပင်။
သေချာစဉ်းစားကြည့်လိုက်လျှင် တစ်ဖက်လူမှာ လျှပ်စီးကိုအသုံးပြုခြင်းမဟုတ်ပဲ ယင်နှင့်ယန်စွမ်းအားများကို အသုံးပြုသွားသည်ကို သူ သိသည်။
ငါးရောင်စပ်လျှပ်စီးထွက်ပေါ်လာကာ လျှပ်စီးသားတော်ကို လွှမ်းခြုံသွားလေ၏။ ဤသည်မှာ လျှပ်စီးဖြင့်ပြုလုပ်ထားသည့် သတ်ဖြတ်စွမ်းအားပင်။ သို့သော် ဤပညာသည်လည်း တစ်ဖက်လူ လွင့်ထွက်သွားအောင် မလုပ်နိုင်ပေ။
လျှပ်စီးသားတော်၏ စိတ်ထဲတွင် ထိတ်လန့်သွားရ၏။ တစ်ဖက်သူသာ သူ၏မွေးရာပါအဖိုးတန်ပညာကို အသုံးပြုခဲ့လျှင် မည်ကဲ့သို့သော ရလဒ်မျိုး ထွက်လာမည်ကို သူတိတ်တိတ်လေးစဉ်းစားကြည့်လိုက်၏။ သူစဉ်းစားလေလေ သူ၏အမူအရာများမှာ လေးနက်လာလေလေပင်။
သူတို့နှစ်ယောက်ကွဲသွားကာ တစ်ယောက်တစ်နေရာစီ နေရာယူကြလေသည်။
“ကျွန်တော်စမ်းကြည့်ရအောင် … ဒီဂုဏ်သရေရှိလူကြီးမင်းက ဘယ်သူလဲဆိုတာ ကြည့်ရအောင်” ရွှေမီးတောက်လူမျိုးစုမှ တန်ယိရောက်လာခြင်းပင်။ သူသည် လေဟာနယ်ထဲတွင် ထိုင်နေပြီး သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် နေမင်းကြီး ဝန်းရံထားလေသည်။ နတ်မီးတောက်များလည်း အရှိန်ညီးညီးဖြင့် တောက်ပနေလေသည်။
ရှီဟောင်သည် ကြောက်စရာကောင်းသည့်ပြိုင်ဘက်ဟု သူခံစားရသောကြောင့် သူသည် ချက်ချင်းပင် အဖိုးတန်တံဆိပ်ကို စသုံးလိုက်လေသည်။ ရောင်စုံအလင်းတန်းများဖြင့် တောက်ပသည့် ကရားတစ်ခု သူ၏ဦးခေါင်းထက်တွင် ပေါ်လာလေသည်။
တစ်ခြားတစ်ဖက်တွင် နတ်သမီးယွဲ့ချန်နှင့် စုန်းမတို့လည်း အချင်းချင်းတိုက်ခိုက်နေကြ၏။ ထူးခြားကောင်းကင်မိန်းမပျိုလေးနှစ်ယောက်မှာ ပြင်းထန်သည့်တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေကြလေ၏။
ဝုန်း..
ရွှေမီးတောက်၏အဖိုးတန် ကရားအိုးတံဆိပ်ပေါ်လာလေပြီ။ အိုးအဝမှာ ကြည်လင်တောက်ပနေ၏။ ထိုအိုးမှာ နတ်ဖန်ခွက်ဖြင့် ပြုလုပ်ထားသည်နှင့်တူနေပြီး ယခုအချိန်တွင် ဓားအလင်းတန်းများ ထွက်ပေါ်နေလေသည်။
ရွှေမီးတောက်လူမျိုးစုမှာ အကောင်းဆုံး ရှေးဟောင်းလူမျိုးစု ၁၀ ခုထဲတွင် တစ်ခုအပါအဝင်ပေ။ ရွှေမီးတောက်အဖိုးတန်ကရားအိုးမှာ လူမျိုးစုပေါင်းများစွာ၏ ပညာများကို ပေါင်းစပ်ထားသည့် တံဆိပ်တစ်ခုပင်။
ဓားစွမ်းအင်မှာသက်တံ့တစ်ခုကဲ့သို့ပင် ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို မွှေနှောက်နေသည်။ ကရားအိုးတွင် သင်္ကေတများပြည့်နှက်နေပြီး သင်္ကေတတစ်ခုစီတိုင်းမှာ စွမ်းအားကြီးသည့် ဓားစွမ်းအင်များပင်။ ထာဝရအလင်း တောက်ပစွာထွက်ပေါ်လာပြီး ဓားအလင်းတန်းပေါင်းထောင်များစွာ ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် ယခုအချိန်တွင် အလွန်ပင် တည်ငြိမ်နေလေ၏။ သူသည် တန်ယိနှင့်နောက်တစ်ကြိမ်ရင်ဆိုင်ရခြင်းဖြစ်သောကြောင့် ဤလူမည်မျှ ကြောက်စရာကောင်းကြောင်းသူသိသည်။
ရှီဟောင်၏ လက်များလှုပ်ရှားသွားကာ လက်နှစ်ဘက်ကို ပေါင်းလိုက်သည်။ ထိုလက်များလေထဲတွင်လှုပ်ရှားလိုက်သည်နှင့် အဆုံးမရှိသည့်နတ်အလင်းများ ထွက်ပေါ်လာသည်။ သင်္ကေတပေါင်းစုံ ထွက်ပေါ်လာပြီး သာမန်သားရဲများ၊ ငှက်များနှင့် အခြားစွမ်းအားကြီးသည့် လူမျိုးစုများစွာကို ဖန်တီးလိုက်လေ၏။ သူတို့အားလုံးမှာ ပြန်လည်တုံ့ပြန်လာကြပြီး သာမန်သင်္ကေတများမှာ ကြောက်စရာအကောင်းဆုံး နတ်စွမ်းရည်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“အဲဒါက ဘာသင်္ကေတတွေလဲ”
“အရမ်းထူးဆန်းတာပဲ .. အခြေခံအကျဆုံးအရိုးစာသားတွေ ပေါင်းစပ်သွားပြီးတော့ ပြီးပြည့်စုံတဲ့တိုက်ခိုက်မှုဖြစ်လာတာ .. ဒီစွမ်းအားက အရမ်းကောင်းလွန်းတယ်”
အဆင့်လွန်လူငယ်အချို့မှာ ထိတ်လန့်သည့်ပုံစံ ဖြစ်ပေါ်လာလေသည်။
ထိုအချိန်တွင် မူလအရိုးစာသားများမှာ အရာအားလုံးကို ဖုံးလွှမ်းသွားပြီး ဆက်တိုက်ပင်ပြောင်းလဲကာ အရှုပ်ထွေးဆုံး သင်္ကေတဖြစ်ပေါ်လာလေသည်။ သူသည် ကောင်းကင်ထက်တွင်ရှိနေသည့်အဆုံးမရှိသော ဓားစွမ်းအင်များအားလုံးကို ပိတ်သိမ်းလိုက်လေ၏။
လေဟာနယ်ထဲတွင်ရှိနေသည့် တန်ယိမှာ အံ့အားသင့်သည့်ပုံစံ ဖြစ်သွားလေသည်။ သူ၏ဦးခေါင်းအထက်တွင်ရှိနေသည့် အဖိုးတန်ရေကရားမှ ထွက်လာသည့် နတ်အလင်းတန်းပေါင်း ထောင်ပေါင်းများစွာမှာ အရောင်မှိန်သွားပြီး ပျောက်ကွယ်သွားလေ၏။
“ကောင်းလိုက်တဲ့တာအို အထင်ကြီးစရာပဲ” သူ ခပ်တိုးတိုးလေး အော်ဟစ်လိုက်ပြီး အဖိုးတန်ရေကရားမှာ ရှီဟောင်ကိုဖိနှိပ်ရန်အတွက် ရှီဟောင့်ထံသို့ ပျံသန်းသွားလေသည်။
“ကောင်းကင်ကို ဖွင့်… ” ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏လက်နှစ်ဖက်ကို ပေါင်းလိုက်ပြီးနောက် ကောင်းကင်ကို တိုက်ခိုက်လိုက်လေသည်။
ထိုရိုက်ချက်တွင် နားစည်ကွဲလောက်သည့်အသံများ ထွက်ပေါ်လာပြီး အဆုံးမရှိသည့် သင်္ကေတများ ထွက်ပေါ်လာသည်။ အလင်းတန်းများမှာ စူးရှလွန်းလှသောကြောင့် ထူးခြားပါရမီရှင်များပင် သူတို့မျက်လုံးများကို ပိတ်လိုက်ရသည်။
ဤသည်မှာ ပြင်းထန်လွန်းလှသည်။ ထိုသူနှစ်ယောက်၏ သင်္ကေတများတိုက်ခိုက်နေကြသည်မှာ တောင်တစ်လုံး သို့မဟုတ် ပင်လယ်တစ်စင်းပေါ်လာသကဲ့သို့ပင်။ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး မူလရှေးဟောင်းမြေကဲ့သို့ မြူများလည်း ထွက်ပေါ်လာ၏။
ကမ္ဘာကြီးနောက်တစ်ကြိမ် ပြန်လည်ကြည်လင်သွားသည့်အချိန်တွင် ရွှေမီးတောက်အဖိုးတန်ကရားအိုးမှာ အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားတော့မတတ်ပင်။
ထိုအချိန်တွင် ရှီဟောင်၏ မူလသင်္ကေတများမှာ အရောင်မှိန်ပြီး ပျောက်ကွယ်သွားလေသည်။
“ရွှေမီးတောက်လူမျိုးစုရဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ ရွှေမီးတောက်အဖိုးတန်ကရားအိုးတံဆိပ်က တကယ်ပျက်သွားပြီလား” အချိန်အကြာကြီး ကြာသွားမှသာ အားလုံး အသိပြန်ဝင်လာကြလေ၏။
“ကျွန်တော်ကြိုးစားကြည့်ချင်တယ်” ရွှေရောင်ဆံပင်များရှိသည့်လူငယ်လေး ထွက်ပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်မှာ တောက်ပနေပြီး ကောင်းကင်ကြီးကို လွှမ်းခြုံသွားနိုင်သည့် ရွှေရောင်မီးတောက်များ ရှိနေလေသည်။ သူ၏ခြေလှမ်းတိုင်းတွင် လေဟာနယ်မှာ တုန်ခါသွားလေ၏။
ရှီဟောင်လည်း ထွက်မသွားပေ။ ဤထူးခြားပါရမီရှိသည့် သူများအားလုံးမှာ စိတ်ကြီးဝင်ကြပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိကြကာ သူ့အား တစ်ပြိုင်တည်း မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။
“မင်းတို့တွေက ငါ့ကို ဘယ်လိုသတ်မှတ်ထားတာလဲ .. ဘယ်သူပဲ နောက်ထပ်လာလာ ငါ့ရဲ့ရိုင်းစိုင်းမှုအတွက် ငါ့ကိုအပြစ်မတင်နဲ့ .. တက်လာသမျှလူတိုင်းကို ငါ သတ်မှာ” ရှီဟောင်၏ မျက်လုံးများမှာ တောက်ပနေပြီးအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ အထူးသဖြင့် သူ့ထံသို့လျှောက်လာနေသည့် လူငယ်လေးကိုပင်။