သုခကမ္ဘာက ရှီဟောင် - Chapter - 849 ထူးခြားပါရမီရှိသူများကို သတ်ခြင်း
ထိုဆံပင်ရွှေရောင်နှင့် လူငယ်လေး၏ မျက်လုံးများမှာ မီးဖိုတစ်ခုကဲ့သို့ပင် တောက်ပလာပြီး အရှေ့ဘက်သို့ လျှောက်လာလေသည်။
“မင်းငါ့ကို ပြောနေတာလား” သူ ထူးမခြားနားပင် ပြောလိုက်သည်။ သူ၏ခြေလှမ်းများမှာလည်း အားပြင်းလှ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေကာ သွေးစွမ်းအင်များလည်း ထွက်ပေါ်နေလေသည်။ သူ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်နေပြီး လှောင်ပြုံးတစ်ခုကို ဖော်ထုတ်နေလေသည်။ သူသည် အမြင့်မှနေရာ ရှီဟောင်အား ဝံ့ကြွားစွာပင် ငုံ့ကြည့်နေလေ၏။
“အဲဒီလိုသတ်မှတ်လိုက်လို့ရတယ်” ရှီဟောင် ပြန်ပြောလိုက်သည်။
ဆံပင်ရွှေရောင်နှင့်လူငယ်လေး၏ မျက်လုံးများမှ မီးတောက်များ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်သင်္ကေတများထွက်ပေါ်လာလေသည်။ သူ၏အပြုံးမှာ ပို၍ထင်ရှားလာသော်လည်း ပို၍ပင် အေးစက်လာသည်။ သူသည် လှောင်ပြောင်ရယ်မောနေသောအသံဖြင့် “အရမ်းကို စိတ်ကြီးဝင်နေတာပဲ .. ငါထင်တာတော့ မင်းငယ်ငယ်ရွယ်ရွယ်နဲ့သေမယ်ထင်တယ် .. ဒီနေ့ကိုတောင်ကျော်နိုင်မှာမဟုတ်ဘူး”
“ခင်ဗျားအသက်အရွယ်နဲ့ဆိုရင် ခင်ဗျားသေသွားရင်လည်း အသေစောတယ်လို့ ပြောလို့မရတော့ဘူး” ရှီဟောင် ပြောလိုက်၏။
“ဟား ဟား .. ငါ့ကိုသတ်မှာလား .. ငါ့ရဲ့ရှေ့မှာ ဒီလောက်တောင် အစွမ်းတွေပြချင်နေမှတော့ မင်းကိုပြရသေးတာပေါ့” ရွှေရောင်ဆံပင်နှင့်လူငယ်လေးမှ ပြောလိုက်ပြီး ချက်ချင်းပင်နတ်ခွန်အားများထွက်ပေါ်လာလေသည်။ သင်္ကေတများလည်း ရောယှက်နေပြီး လေဟာနယ်မှာ ရွှေရောင်ဖြစ်သွားပြီး ဤနေရာတစ်ခုလုံးမှာ ပင်လယ်ကြီးကဲ့သို့ပင် ဖြစ်သွားလေသည်။
ရှီဟောင်သည် လက်သီးတံဆိပ်ကို ပြုလုပ်လိုက်ပြီးအရင်ဆုံးတိုက်ခိုက်လိုက်၏။
ဆံပင်ရွှေရောင်နှင့်လူငယ်လေးမှာ ကောင်းကင်ထက်မှ အောက်ငုံ့ကြည့်လိုက်ပြီး နှာရှုံ့လိုက်ကာ “ငါ့ရဲ့စွမ်းအားက စီရင်စုပေါင်းများစွာကို လွှမ်းမိုးထားတာ .. ပြီးတော့ ငါတာအိုလမ်းကြောင်းကို စလျှောက်ကတည်းက ဂျီးနီးယပ်စ်တွေကိုပဲ သတ်လာတာ .. ဒီနေ့တော့ မင်းကိုသတ်ပြီးတော့ ငါ့လက်ညစ်ပတ်ရတော့မယ်”
ရှီဟောင်မှာ လုံလောက်အောင်ပင် ခွန်အားမကြီးသေးကြောင်း သူပြောလိုက်ခြင်းပင်။
“မင်းသေချင်ရင် ဒီကိုလာခဲ့လိုက်လေ” ရှီဟောင်၏စကားလုံးများမှာ လိုရင်းတိုရှင်းနှင့် အဓိပ္ပာယ်ထိရောက်လေသည်။ သူသည် ဤတိုက်ပွဲကြီးအတွက် ပြင်ဆင်သွားပြီးလေပြီ။ သူ၏ခွန်အားကို ပြသကာ ထူးခြားပါရမီရှိသည့်သူများကို သတ်ပစ်မည်။
ဆံပင်ရွှေရောင်နှင့်လူငယ်လေးမှာ ကောင်းကင်ထက်တွင်ရှိနေခြင်းပင်။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှပြီး ပုံရိပ်ယောင်များသာ ကျန်ရစ်ခဲ့လေသည်။ သူ၏ခြေထောက်ကို မြှောက်လိုက်သည်နှင့် ရှီဟောင်၏ ဦးခေါင်းအား ဦးတည်လိုက်သည်။
သူနင်းလိုက်သည်နှင့် လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကမ်းခြေသို့ရောက်လာသည့်လှိုင်းများကဲ့သို့ပင် ရွှေရောင်သင်္ကေတများထွက်ပေါ်လာလေသည်။
“သတ်”
ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏ဆံပင်များမှာ လေထဲတွင် လွင့်နေပြီး သူ၏အော်ရာမှာလည်း ရုတ်တရက်ပင် ပြောင်းလဲသွားကာ မိစ္ဆာနတ်ဘုရားတစ်ပါး အသက်ဝင်လာသကဲ့သို့ပင်။ သူ၏အနားတွင် သွေးစွမ်းအင်များလည်း ထွက်ပေါ်လာ၏။
သူ၏ညာလက် လက်သီးတံဆိပ်မှာ နေမင်းကြီးတစ်လုံးကဲ့သို့ပင် ကောင်းကင်ထက်တွင် ပေါက်ကွဲသွားလေ၏။ အဆုံးမရှိသည့် သင်္ကေတများမှာ ကောင်းကင်ထက်သို့တရှိန်ထိုးတက်သွားပြီး ဆံပင်ရွှေရောင်နှင့်လူငယ်လေးထံသို့ ဦးတည်သွားလေသည်။
အခြားတစ်ဖက်မှလူမှာ ရမ်းကားစွာပင် သူ့အား တက်နင်းသောကြောင့် သူအလွန်ပင် ဒေါသထွက်နေရသည်။ ထိုခြေထောက်ကို ဖျက်ဆီးရန်အတွက် စွမ်းအားပြည့်သည့်ရိုက်ချက်တစ်ခုကို ပို့လွှတ်လိုက်သည်။
ဝုန်း…
အလင်းမိုးများ ရွာသွန်းလာပြီး သင်္ကေတများလည်း နေရာအနှံ့တွင် ထွက်ပေါ်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။ ဤသည်မှာ ရှေးဟောင်းအဖိုးတန်ပညာနှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်းပင်။
ဆံပင်ရွှေရောင်နှင့်လူငယ်လေးမှာ စွမ်းအားကြီးသည်ဟု ပြော၍ရသည်။ သူ၏ခြေထောက်တွင် ကမ္ဘာကြီးကို တုန်လှုပ်နိုင်သည့်စွမ်းအားရှိနေပြီး တောင်တစ်လုံးကိုပင် အမှုန့်ဖြစ်သွားအောင် နင်းချေနိုင်လေသည်။
ဒုန်း..
ရှီဟောင် ခုန်တက်လိုက်ပြီး လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်ကာ ထိုသင်္ကေတများကို ဖောက်ခွဲလိုက်သည်။
“ငါ့အတွက် ချိုးဖောက်ပေး”
ထိုသူမှာ ကောင်းကင်ထက်တွင်ရှိနေပြီး သူ၏ခြေထောက်တွင် အဆုံးမရှိသည့် ရွှေရောင်သင်္ကေတများ ထွက်ပေါ်နေပြီး လင်းလက်နေလေသည်။ သူ၏ခြေထောက်တစ်ခုလုံးကို ငွေရောင်ကြယ်မြစ်ပုံစံတစ်ခုက ဖုံးအုပ်ထားလေ၏။
ဤအရူးစိတ်ကြီးဝင်နေသည်မှာလည်း အကြောင်းရင်းရှိပေသည်။ သူသည် ကလန်များစွာမှ ဂျီးနီးယပ်စ်များကို သတ်ရန်အတွက် အမှန်တကယ်ပင် စွမ်းအားကြီးလှ၏။
ရှီဟောင်၏ မျက်လုံးများ လေးနက်လာသည်။ သူ၏လက်သီးတံဆိပ်မှာ မပြောင်းလဲသော်လည်း ထူးဆန်းသည့် လျှို့ဝှက်ချက်ပေါင်းစုံ ပေါ်လာလေသည်။ ရှေးဟောင်းဇာမဏီငှက်လေးဖက်လေးတန်တားဆီးခြင်း၊ ဖီးနှစ်ငှက်အစစ် အတောင်ပံဖြန့်ကျက်ခြင်း များပါဝင်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် ခွန်ပန်ကိုလည်း အသက်သွင်းလိုက်ကာ ထိုလက်သီးထဲသို့ ပေါင်းထည့်လိုက်ပြီး ပို၍စွမ်းအားကြီးအောင် ပြုလုပ်လိုက်သည်။
ရှီဟောင်နှင့် ဝေးကွာလွန်းလှသော်လည်း အားလုံးမှာ ထိုလက်သီးထဲတွင်ပါဝင်နေသည့် ကြောက်စရာကောင်းသည်စွမ်းအားကို ခံစား၍ရနေသည်။
ထိုအရာများအားလုံးမှာ လျှပ်စီးသင်္ကေတများအောက်တွင်ဖုံးကွယ်ထားခြင်းပင်။ ရှီဟောင်၏ လက်သီးတံဆိပ်တောက်ပနေပြီး လျှပ်စီးများ ထွက်ပေါ်နေကာ တောက်ပသည့်အလင်းတန်းများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေနိုင်၏။
ဤသည်မှာ လျှပ်စီး၏သားတော်ကိုထိတ်လန့်သွားစေသည်။ ဤသည်မှာ အပေါ်ယံသာဖြစ်ပြီး ထိုသူထံတွင် လျှို့ဝှက်နည်းလမ်းရှိလိမ့်မည်ဟု သူယုံကြည်သည်။
ဝုန်း..
ကျယ်လောင်လှသည့်အသံနှင့်အတူ လျှပ်စီးလက်သီးမှာ ပန်းချီကားတစ်ချပ် စုတ်ဖြဲခံရသကဲ့သို့ပင် ကွဲသွားလေသည်။
ဤသည်မှာ ရှီဟောင်၏ စွမ်းအားကြီးသည့် ရိုက်ချက်ပင်။ သူ၏လက်သီးတံဆိပ်မှာ သက်တံ့ကဲ့သို့ပင် ကောင်းကင်ကို တိုက်ခိုက်ပြီး ထိုခြေထောက်ကိုဖောက်ခွဲလိုက်လေသည်။
သွေးများ လွင့်စင်လာပြီး လေထဲတွင် အရိုးကျိုးသံများလည်း ထွက်ပေါ်လာလေသည်။ ရှီဟောင်၏ဦးခေါင်းကို ဦးတည်လာသည့်ခြေထောက်မှာ တစ်စစီဖြစ်သွားပြီး သင်္ကေတများ အရောင်မှိန်လာလေသည်။
ထိုအချိန်တွင် ရှီဟောင်၏ လက်သီးတံဆိပ်မှာ လက်သည်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုသူ၏ခြေချင်းဝတ်ကို ဆွဲကာ အောက်သို့ဆွဲချလိုက်လေ၏။
တစ်ချက်တည်းဆုပ်ကိုင်လိုက်ခြင်းဖြစ်သော်လည်း သူ၏ခြေချင်းဝတ်အောက်ပိုင်းတွင် မည်သည့်အရာမှ မရှိတော့ပဲ နေရာအနှံ့သို့ လွင့်စင်သွားလေသည်။ ထို့နောက်တွင် အရိုးအပိုင်းအစနှင့်သွေးများပေါ်ထွက်လာလေသည်။
အားလုံးမှာ တုန်လှုပ်သွားရ၏။ တိုက်ပွဲမှာ ယခုမှ စတင်ခြင်းဖြစ်သော်လည်း ဤလူငယ်လေးအနိုင်ရတော့မည်လား..
ရှီဟောင်အားပြင်းစွာ ဆွဲလိုက်သည်နှင့် ဖူး ဟူသောအသံနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံး သွေးရောင်လွှမ်းသွားလေသည်။
ဤနေရာတစ်ခုလုံးမှာ မြူအုံ့ဆိုင်းသွားကာ သင်္ကေတများ ရောယှက်နေပြီး ဤနေရာကို မှုန်ဝါးဝါးဖြစ်စေလေသည်။
“အမ်..”
ရုတ်တရက်ပင် တစ်ခုခု မှားယွင်းနေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ နာကျင်စွာအော်ဟစ်သံကို မကြားရသော်လည်း သူ၏ဘေးပတ်လည်မြင်ကွင်းမှာ မှုန်ဝါးလာလေသည်။
နောက်ဆုံးတွင် သူတစ်စစီဆုတ်ဖြဲခဲ့သည့်အရာမှာ နွယ်ပင်တစ်ပင်ဖြစ်နေပြီး သွေးများမှာလည်း ရွှေရောင်အရည်များ ဖြစ်နေပြီး သွေးမဟုတ်မှန်း ရှီဟောင် သတိပြုမိသွားသည်။
“နွယ်ပင်လား”
“ဒီလူက ဘယ်သူလည်း .. ပုစဉ်းရင်ကွဲက အခွံလဲသွားပြီ .. ဒါက သူ့ရဲ့ ခန္ဓာကိုယ်အစစ်မဟုတ်ဘူးလား”
ကြည့်နေသည့်သူများအားလုံး ထိတ်လန့်သွားကာ ဆံပင်ရွှေရောင်နှင့်လူငယ်လေးကို လိုက်ရှာနေကြ၏။
မြူထဲတွင် ရောင်စုံအလင်းတောက်ပနေသည့် ရွှေရောင်နွယ်ပင်လေးခုပေါ်လာပြီး ရှီဟောင်၏ ခြေလက် လေးဖက်လုံးကို ရစ်ပတ်သွားသည်။ ဤသည်မှာ ထူးဆန်းပြီး ကြောက်စရာကောင်းလှ၏။ ထို့နောက်တွင် ကောင်းကင်ကြီးကိုဖုံးလွှမ်းသွားသည့် ရွှေရောင်အလင်း ထွက်ပေါ်လာလေသည်။
“ငါ့အတွက် ဖျက်ဆီးပေး”
သိပ်မဝေးသည့်နေရာမှ ဆံပင်ရွှေရောင်နှင့်လူငယ်လေးမှာ အေးစက်စွာပင် ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်အစစ်ကို မမြင်ရပဲ အေးစက်သည့်အလင်းများတောက်ပနေသည့် ခရမ်းရောင်မျက်လုံးတစ်စုံကိုသာ တွေ့ရ၏။ သူသည် ရှီဟောင်ကို ခြေလက်များကို ဖျက်ဆီးတော့မည်။
“ဖျက်ဆီးပစ်” ရှီဟောင်သည် သူ၏ကောင်းကင်လမ်းကြောင်းကိုဖွင့်လိုက်ပြီး သူ့ကိုရစ်ပတ်ထားသည့်နွယ်ပင်များကို ကန့်သတ်လိုက်၏။ တောက်ပနေသည့်သင်္ကေတများမှာ အရောင်မှိန်လာပြီး သူရုန်းလိုက်သည်နှင့် သံချင်းတိုက်သည့်အသံများ ထွက်ပေါ်လာလေသည်။
ရွှေရောင်နွယ်ပင်များ ပြေကျသွားသည့်အချိန်တွင် ခပ်ဝေးဝေးမှ ဆံပင်ရွှေရောင်နှင့်လူငယ်ထံမှ ခနဲ့သံ ထွက်ပေါ်လာလေသည်။
ရှီဟောင်၏ မျက်လုံးများ အရောင်တောက်ပသွား၏။ သူအရှေ့ဘက်သို့ စိုက်ကြည့်လိုက်၏။ ရွှေမီးတောက်မျိုးနွယ်စုက တန်ယိ တိုက်တာမဟုတ်ဘူး .. အဲဒါဆို ဒီလူက ဘယ်သူလဲ .. သူကဘာလို့ ဒီလိုမျိုးနွယ်ပင်ကို သုံးလို့ရတာလဲ..
မြူများ လွင့်ပြယ်သွားသည့်အချိန်တွင် ဆံပင်ရွှေရောင်နှင့်လူငယ်မှာ ထိုနေရာတွင်ရပ်နေပြီး သူ၏အနားတွင် ရွှေရောင်မီးတောက်များ ကခုန်နေသည်။ သူ၏မျက်နှာမှာ အေးစက်နေပြီး လက်နှစ်ဘက်လုံးတွင် တံဆိပ်များပေါ်လာပြီး စွမ်းအားကြီးသည့်အော်ရာလှိုင်းတစ်ခုလွင့်ပျံ့လာ၏။
“ငါသိတယ် .. သူက နေနတ်ဘုရားနွယ်ပင်နန်းတော်က နတ်သားတော် .. သူ့နာမည်က ကျင်းလဲ့” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အားလုံးထိတ်လန့်သွားရကာ သူတို့စိတ်ထဲတွင် တုန်လှုပ်သွားကြ၏။ ထိုနေရာမှာ နေနတ်ဘုရားနွယ်ပင်များ ပေါက်ရာ ကြောက်စရာကောင်းသည့်ဒေသပင်။ ဤလူမျိုးစု၏ ကောင်းကင်ဂျီးနီးယပ်စ်မှာလည်း စွမ်းအားကြီးကြောင်း သံသယဝင်စရာပင်မလိုပေ။
ကျင်းလဲ့ဟုခေါ်သည့် ဤလူမှာ သူစိတ်ကြီးဝင်ရလောက်သည့် အကြောင်းပြချက်ရှိမှန်း ရှီဟောင် ဝန်ခံသည်။
“ငါ ကျင်းလဲ့ ငါမွေးလာကတည်းက တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး .. ဒီနေ့ မင်းက ငါနည်းနည်းခံစားရအောင် လုပ်လိုက်တယ် ..” ဆံပင်ရွှေရောင်နှင့်လူငယ်မှ သူ့ကိုယ်သူ ပြောလိုက်သည်။
ထို့နောက် ချက်ချင်းပင် နွယ်ပင်များမှာ လျင်မြန်စွာ ကြီးထွားလာပြီး အားလုံးကို ဖုံးလွှမ်းသွားလေ၏။ ဤသည်မှာ ရွှေရောင်ရှေးနွယ်ပင်များဖြစ်ပြီး တာအိုမီးတောက်များ တောက်လောင်နေသည်။
“နေနတ်ဘုရားနွယ်ပင်လူမျိုးစုရဲ့ အဖိုးအတန်ဆုံးပညာ — နတ်နွယ်တာအိုမီးတောက်” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
လူများစွာမှာ ထူးဆန်းသည့်အမူအရာဖြစ်လာကြ၏။ ထိုအနီရောင်အလင်းမှာ ကြောက်စရာကောင်းလွန်းလှပြီး လေဟာနယ်ကိုလောင်ကျွမ်းနေ၏။ အဆုံးမရှိသည့် နွယ်ပင်များမှာလည်း သင်္ကေတများတောက်ပနေကာ သတ်ဖြတ်ခြင်းအစီအရင်ဖြစ်ပေါ်နေလေသည်။
နတ်နွယ်တာအိုမီးတောက်မှာ ကောင်းကင်တစ်ခုလုံးတွင် နေရာယူထားကာ ရှီဟောင်ကို အလယ်တွင်ထားကာ ဝန်းရံလာလေသည်။
“မင်းမှာ နည်းလမ်းတွေ ဘယ်နှခုရှိရှိ ဘာလို့ဂရုစိုက်ရမှာလဲ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်ပြီး သူ၏ကောင်းကင်လမ်းကြောင်းကိုဖွင့်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်၏။ ထို့နောက်တွင် သူ ကျင်းလဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ဟမ်..”
အားလုံး အံ့အားသင့်သွားရ၏။ ထိုကြောက်စရာကောင်းသည့်တာအိုမီးတောက်များမှာ ရှီဟောင်၏ အလင်းလုံးအနားသို့ကပ်သွားသည်နှင့် အရောင်မှိန်သွားကာ သတ်ဖြတ်သည့်စွမ်းအားမှာလည်း အားနည်းသွားလေသည်။
ရွှေရောင်နွယ်ပင်များ ထိုအလင်းလုံးထဲသို့ ဖြတ်သွားသည့်အချိန်တွင် သင်္ကေတများပျောက်ကွယ်သွားလေသည်။
“ကြောက်စရာကောင်းလိုက်တဲ့ နယ်မြေပဲ”
“အဲဒါဘာကြီးလဲ .. အဲဒါက ကောင်းကင်လမ်းကြောင်းနဲ့တူတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ”
ကျင်းလဲ့ထိတ်လန့်သွား၏။ သူ၏တိုက်ခိုက်မှုမှာ တားဆီးခံလိုက်ရသည်။
ထိုအချိန်တွင် သူ၏လက်ကို မြှောက်လိုက်ပြီး အနက်ရောင်သလင်းကျောက်နှင့်တူသည့် အထူးနွယ်ပင်ကို ပစ်လွှတ်လိုက်သည်။ ထိုနွယ်ပင်မှာ အနက်ရောင်အလင်းထုတ်လွှတ်ကာ ချက်ချင်းပင် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းကို ဖြတ်သွားလေသည်။
ရှီဟောင်သည် လက်ကို ဆန့်တန်းလိုက်ကာ ထိုနွယ်ပင်ကို ဖမ်းဆုပ်ပစ်လိုက်၏။ သူသည် ချက်ချင်းပင် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏လက်မှ သွေးများစီးကျလာသည်။
“ဒါက .. ကျင်းလဲ့က သူနဲ့ရွယ်တူတွေ အားလုံးထက် သာတယ်တဲ့ .. သူ့မှာ သူ့ကလန်က လူတွေနဲ့မတူတဲ့ နွယ်ပင်ရှိတယ်လို့ ပြောကြတယ် .. ကောင်းကင်ဘုံက ပေးတဲ့ သင်္ကေတတွေနဲ့လုပ်ထားတာတဲ့” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
ထိုအချိန်တွင် ရှီဟောင်လှုပ်ရှားလိုက်သည်။ သူသည် မူလရှေးဟောင်းမှတ်တမ်းကိုအသက်သွင်းလိုက်ကာ လူမျိုးစုတစ်သောင်း၏ အရိုးစာသားနှင့် ပေါင်းစည်းလိုက်၏။ သူသည် ထိုအနက်ရောင်နွယ်ပင်ကို ဖျက်ဆီးနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားလိုက်သည်။
နွယ်ပင်နက်၏ ထိပ်ဖျားပိုင်း အက်ကွဲသွားပြီး ကျင်းလဲ့သည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်သွားလေ၏။ သူ၏အမူအရာများမှာ အလွန်ပင် မသက်မသာဖြစ်နေလေသည်။
ထိုနွယ်ပင်မှာ အဖိုးတန်ပစ္စည်းများကို ဖောက်ထွက်နိုင်ပြီး စွမ်းအင်များကို စုတ်ယူနိုင်သည်။ ထိုနွယ်ပင်သည် အရာအားလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီး တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ သို့သော် ယနေ့တွင် သူ ဒဏ်ရာရသွားလေပြီ။
ဝုန်း…
ရှီဟောင် အပြင်ဘက်သို့ လျှောက်လာလိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်းတောက်ပလာကာ သူ့အား ကာကွယ်ပေးထားလေသည်။ သူသည် မီးဖိုတစ်ခုကဲ့သို့ပင် အရှေ့ဘက်သို့ တရှိန်ထိုးသွားလိုက်ပြီး နတ်တာအိုမီးတောက်များနှင့် အခြားတိုက်ခိုက်မှုများအားလုံးကို အနိုင်ယူလိုက်သည်။
ကျင်းလဲ့ကို သတ်ရန်အတွက် သူ၏လက်သီးချက် ထွက်လာသည်။
“အရမ်းကောင်းတယ် .. မင်းက အရမ်းစွမ်းအားကြီးတာပဲ .. အဲဒီတော့ ငါမင်းကို သတ်ရတာ အလကားမဖြစ်တော့ဘူးပေါ့ .. ငါ မင်းကို မင်းရဲ့လမ်းကို ပို့ပေးမယ်” ကျင်းလဲ့မှာ တည်ငြိမ်အေးစက်စွာပင် ပြောလိုက်သည်။
သူသည် လျင်မြန်စွာပင် အလွန်ပင်ရိုးရှင်းသည့်ကျောက်ဗူးတစ်ခုကို ဖွင့်လိုက်၏။ ထိုဗူးပေါ်တွင် သက်ရှိမျိုးစုံကို ထွင်းထုထားလသည်။ ထိုအချိန်တွင် ထိုဗူးမှ မြူခိုးများ ထွက်လာကာ လသားကလေးလက်သီးခန့်ရှိသည့် မြေကြီးတစ်ပိုင်း ပျံထွက်လာကာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
“အမ်..”
ရှီဟောင် တစ်ယောက်တည်း ထိတ်လန့်သွားခြင်း မဟုတ်ပေ။ ထူးခြားပါရမီရှိသည့်သူများပင်လျှင် သူတို့သွေးများအေးခဲသွားသလို ခံစားလိုက်ရ၏။ နတ်မီးတောက်ရှိသည့်သူအချို့မှာလည်း လျင်မြန်စွာပင် အနောက်ဆုတ်သွားကြလေသည်။
ထိုအဝါရောင်ရွံ့လေးမှာ အလွန်ပင် နမိတ်မကောင်းသည့်ပုံပေါ်နေသည်။ ထိုရွှံ့သည် အလင်းဖျော့လေးကို ထုတ်လွှတ်နေပြီး မြူခိုးလည်း ပျံ့လွင့်နေလေ၏။ မထင်မှတ်စွာဖြင့်ပင် ဖျက်ဆီးသည့်အော်ရာဖြင့်လည်း ပြည့်နေသောကြောင့် အခြားသူများကို တုန်လှုပ်သွားစေသည်။
“အဲဒါက အဝါရောင်ရွံ့ပိုင်းလား”
ထိုအချိန်တွင်အားလုံးမှာ ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားကြသည်။ ယခင်က ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှာ လူသူမနေသည့် အတွင်းပိုင်းသို့ ဝင်သွားလိုက်၏။ သို့သော် သူသည် အမှတ်တမဲ့ပင် အဝါရောင်ရွှံ့ပေါ်သို့ တက်နင်းမိသွားလေသည်။ ထိုရွှံ့မှ အလင်းဖျော့လေးထွက်ပေါ်လာကာ ထိုဂိုဏ်းခေါင်းဆောင်မှာလည်း သွေးပုံအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ထို့နောက်တွင် ထိုသတင်းကိုကြားလိုက်သည်နှင့် နေနတ်ဘုရားနွယ်ပင် နန်းတော်အရှင်သည် လျင်မြန်စွာပင် ထိုနေရာသို့ သွားလိုက်၏။ သူ အဝါရောင်ရွှံ့ကို မတွေ့ရသော်လည်း ထိုနေရာတွင် စိုစွတ်နေသည့်မြေကြီးကို တွေ့ခဲ့ရသည်။ သူသည် ထိုမြေကြီးကို သေချာစုစည်းထားပြီး ပြန်ပြုပြင်ထားခြင်းပင်။
နေနတ်ဘုရားနွယ်ပင် အရှင် ယူခဲ့သည့်မြေကြီးတွင် အဝါရောင်ရွှံ့၏ လက္ခဏာများ ရှိနေသည်။ သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ထိုမြေကြီးမှာ အလွန်ကြောက်စရာကောင်းမှန်း သူတို့ သိသွားခဲ့၏။
ထို နန်းတော်အရှင် ရရှိခဲ့သည့် ‘အဝါရောင်ရွှံ့’ ကို နောင်လာနောက်သားများအား လက်ဆင့်ကမ်းခဲ့သည်မှာ သေချာသည်။ ထို့ကြောင့်သာ သူ လျှို့ဝှက်နယ်မြေထဲသို့ ယူလာနိုင်ခြင်းပင်။ ဤသည်မှာ မည်သူကိုမဆို သတ်နိုင်သည့်စွမ်းအားပင်။
ထိုဆွေးနွေးသံများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် အလွန်ပင် သတိထားလိုက်၏။ ထို့ကြောင့်ပင် ကျင်းလဲ့မှာ စိတ်ကြီးဝင်နေပြီး ယုံကြည်ချက် လွန်ကဲနေခြင်းပင်။ သူ့ထံ၌ ဤကဲ့သို့သော ဝှက်ဖဲမျိုး ရှိနေသောကြောင့်ပင်။
ရှီဟောင် လျင်မြန်စွာ နောက်ဆုတ်လိုက်သော်လည်း ထိုအဝါရောင်ရွှံ့မှာလျင်မြန်စွာပင် အနီးကပ်လာ၏။
ရှီဟောင် ဘယ်ညာရှောင်တိမ်းနေသော်လည်း သူထိုရွှံ့ကို မရှောင်နိုင်ပေ။ ဤအဝါရောင်ရွှံ့မှာထူးဆန်းလှပြီး သူသွားသည့်နောက်သို့ လိုက်နေလေသည်။ ဤသည်မှာ ပို၍ ပို၍ပင် အန္တရာယ်များလာလေပြီ။
ထိုအချိန်တွင် ရှီဟောင် ဆေးလုံးမီးဖိုကို ထုတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုအိုးထဲတွင် သာမန်မဟုတ်သည့် ထာဝရအုတ်ဂူမှ မြေကြီးရှိနေလေသည်။
သူအဖုံးကို ဖွင့်လိုက်သည်နှင့် ထူးဆန်းသည့်အရာဖြစ်သွားလေသည်။ ထိုအဝါရောင်ရွှံ့မှာ မီးဖိုအတွင်းသို့ ဝင်သွားပြီး ထာဝရအုတ်ဂူမှ မြေကြီးနှင့် ရောနှောသွားလေ၏။ ထို့နောက်တွင် ထိုရွှံ့လည်း တည်ငြိမ်သွားလေသည်။
အားလုံး ဆွံ့အသွားရ၏။
“မင်း အသက်ကို ပေးလိုက်တော့” ရှီဟောင်အော်ဟစ်လိုက်ပြီး ကျင်းလဲ့ထံသို့ ဦးတည်သွားလိုက်သည်။
ကျင်းလဲ့မှာ အလွန်စွမ်းအားကြီးသော်လည်း ရှီဟောင်၏ ပြိုင်ဘက်မဟုတ်သေးပေ။ ထိုအဝါရောင်ရွှံ့ကို ဆုံးရှုံးပြီးသည့်နောက်တွင် သူ အားကိုးစရာ ဘာမှ မရှိတော့သလို သူလွတ်လည်း မလွတ်မြောက်နိုင်တော့ပေ။
ဝုန်း..
ပြင်းထန်သည့်တိုက်ခိုက်မှုဖြစ်ပွားသွားကာ ကောင်းကင်ထက်တွင် ရွှေရောင်မီးတောက်များ လျှံကျလာပြီး ကောင်းကင်နှင့်မြေကြီးကို သင်္ကေတများဖုံးလွှမ်းသွားလေသည်။ ရွှေရောင်သစ်ရွက်နှင့်နွယ်ပင်များမှာ ဆက်တိုက်ပင် ပျက်စီးပြီး လဲကျသွားလေ၏။
နောက်ဆုံးတွင် ရှီဟောင်သည် လေထဲသို့ ခုန်တက်လိုက်ကာ ကျင်းလဲ့၏ ဦးခေါင်းခွံထက်သို့ နင်းချေလိုက်လေသည်။
ကျင်းလဲ့မှာ နာကျင်စွာပင် အော်ဟစ်လိုက်ပြီး သူ၏ဦးခေါင်းခွံထက်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ကွဲထွက်မတတ်ပင်ဖြစ်သွား၏။
ထို့နောက်တွင် ရှီဟောင်သည် လျှပ်စီးအလင်းတန်းတစ်ခုကဲ့သို့ ဆင်းသက်လာပြီး သူ၏လက်ဝါးဖြင့် ကျင်းလဲ့၏ လည်ပင်းကို ရိုက်ချလိုက်ပြီး ကျင်းလဲ့၏ ဦးခေါင်းကိုလွင့်ထွက်သွားစေလေသည်။
ထူးခြားပါရမီရှိသူတစ်ယောက် ခေါင်းဖြတ်ခံလိုက်ရသောကြောင့် အားလုံး တုန်လှုပ်သွားရသည်။