သုခကမ္ဘာက ရှီဟောင် - Chapter - 851 အဖိုးနှင့်မြေး ပြန်လည်ပေါင်းစည်းခြင်း
ရှီဟောင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားရ၏။ ဒါကသူ့အဖိုးလား … သူ အလွန်စိတ်လှုပ်ရှားသွားရသလို အလွန်လည်း စိုးရိမ်သွားရသည်။
ထိုတောင်မှာ သိပ်မမြင့်ပေ။ အပင်များလည်း များစွာ ပေါက်ရောက်နေ၏။ ထိုလူငယ်လေးမှာ ကြီးမားသည့်ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်နေပြီး အဝေးမှ ချင်းဟောင်အား စိုက်ကြည့်နေသည်။ သူ၏ပါးစပ်မှာ အနည်းငယ် ပွင့်ဟသွားကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဘာမှ ပြောမထွက်ပဲ ပြန်ပိတ်သွားလေသည်။
ဝုန်း..
ရုတ်တရက်ပင် ကျယ်လောင်လှသည့် ဟိန်းသံကြီးကို ကြားလိုက်ရပြီး ထိုတောင်ထိပ်တွင် ကြီးမားလှသည့်ရွှေရောင်ဝက်ဝံကြီးပေါ်လာသည်။ ထိုအကောင်ကြီး၏ သွားများမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီးချွန်ထက်လှ၏။ သူသည် ၁၀ ကျန်းခန့်ရှည်လျားပြီး ထိုလူငယ်ကို ရိုက်ချလိုက်သည်။
ဤသည်မှာ အဆင့်လွန်ကျွမ်းကျင်အဆင့် သားရဲကြီးပင်ဖြစ်ပြီး သူ၏အနားတွင် ရွှေရောင်သင်္ကေတများမှာ မီးတောက်ကဲ့သို့ပင် ထွက်ပေါ်နေလေသည်။
ရှီဟောင် ထိတ်လန့်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်လေးမှာ အတွေးထဲနစ်မျောနေသောကြောင့် ဤကဲ့သို့သော တိုက်ခိုက်မှုကို သူ သတိထားမိမည်မဟုတ်ပေ။
သူ မမျှော်လင့်ထားသည့်မည်သည့်အဖြစ်အပျက်ကိုမှ မဖြစ်စေချင်ပေ။ ဤသည်မှာ သူ၏အဖိုးဆိုလျှင် မတော်မဆမှုတစ်ခုခုသာ ဖြစ်သွားပါက မမျှော်မှန်းထားသည့်အရာများ ဖြစ်သွားနိုင်သည်။
နတ်အလင်းတန်းထွက်ပေါ်လာပြီး ထိုလူငယ်ပျောက်သွားကာ ဝက်ဝံကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။
ရှီဟောင် စိတ်အေးသွားရ၏။ ဤ’လူငယ်လေး’ မှာ သတိအပြည့်ဖြင့်ပင်။ သူရပ်နေခဲ့သည့်နေရာတွင် ပုံရိပ်ယောင်တစ်ခု ချန်ထားခဲ့လေသည်။
သူ၏လက်ကိုတစ်ချက်ဝေ့ရမ်းလိုက်သည်နှင့် လေများတိုက်ခတ်လာကာ ထိုစွမ်းအားကြီးသည့်ရွှေရောင်ဝက်ဝံကြီးမှာ လွင့်ထွက်သွားလေ၏။
ဤလျှို့ဝှက်နယ်မြေကြီးတွင် မည်သူ့ကိုမှ မယုံကြည်ရပေ။ အားလုံးမှာ တစ်ဦးကိုတစ်ဦး စောင့်ကြည့်နေကြပြီး အချိန်မရွေး တိုက်ခိုက်ရန်အသင့်ပင်။
“ကျွန်တော်တစ်ခုလောက် မေးလို့ရမလား .. ခင်ဗျားက..” ရှီဟောင်တစ်ခုခုပြောရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ၏အသံမှာ စတင်တုန်ယင်လာ၏။ ထိုလူငယ်လေးကိုကြည့်လိုက်သည့်အချိန်တွင် သူ၏ခံစားချက်များကို ထိန်းချုပ်ရန်ခက်ခဲသည်ကို သူ တွေ့ရှိလိုက်ရသည်။
ဝုန်း..
အလွန်ပင် ထူထဲလှသည့် လျှပ်စီးကြောင်းတစ်ခုထွက်ပေါ်လာကာ ရှီဟောင်၏ ဦးခေါင်းအား ဦးတည်လာနေလေသည်။
ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ထိုသူမှာ လျှပ်စီးသားတော်ဖြစ်နေမှန်း တွေ့လိုက်ရ၏။ ထို ‘အရိုးသင်္ကေတ’ မှာ ဤနေရာဘက်တွင် ပေါ်လာသောကြောင့်ပင်။ လျှပ်စီးသားတော်၏အရှိန်မှာအလွန်ပင် လျင်မြန်လှပြီး ထိုအရိုးနောက်သို့ လိုက်လာလေသည်။
လျှပ်စီးသားတော်မှာ သူ့အားပြိုင်ဘက်ဟု သဘောထားနေသောကြောင့်သာ သူအသားစီးရအောင် အရင်တိုက်ခိုက်လိုက်ခြင်းပင်။
ရှီဟောင် ဒေါသထွက်သွားရ၏။ သူ၏အဖိုးဟု ယူဆရသောသူကို ယခုမှ တွေ့ဆုံရခြင်းဖြစ်သော်လည်း ဤကဲ့သို့ နှောက်ယှက်ခံလိုက်ရသောကြောင့် အလွန်ပင်မကျေမနပ်ဖြစ်သွားရ၏။
ထိုအချိန်တွင် သူသည်လည်း ကောင်းကင်ထက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လျှပ်စီးများထွက်ပေါ်လာပြီး ထိုလျှပ်စီးတွင် ခွန်ပန်စွမ်းအားနှင့်အတူ မူလရှေးဟောင်းမှတ်တမ်း၏ ထူးဆန်းသည့်ပညာများ ပါရှိနေလေ၏။
ထိုလက်သီးချက်မှာ လေဟာနယ်ကိုတုန်ခါစေပြီး ပန်းချီကားချပ်တစ်ခုကဲ့သို့ပင် ပုံပျက်သွားစေ၏။
လျှပ်စီးသားတော်မှ ထိတ်လန့်သွားပြီး အခြေအနေကို အနည်းငယ် နားမလည်နိုင်ဖြစ်သွား၏။ ရှီဟောင်မှာ အရိုးသင်္ကေတအတွက် သူ့အား တိုက်ခိုက်ခြင်းမဟုတ်ပဲ သူ၏လက်သီးချက်ကြောင့် သူ့အားဒေါသထွက်သွားခြင်းပင်။
ထို့နောက်တွင် ထူးခြားပါရမီရှိသူများစွာ ရောက်လာကာ အချို့မှာ အောက်ဘက်သို့ ဦးတည်တိုက်ခိုက်ကြလေသည်။
ဤသည်မှာ ရှီဟောင်အား အလွန်ပင် မကျေမနပ်ဖြစ်သွားစေသည်။ သူသည် ဆက်တိုက်ပင်တိုက်ခိုက်နေပြီး ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ပြီး ဆင်းလာသည့်လူတစ်ယောက်ကို ထိန်းချုပ်ကာ ပြင်းထန်စွာပင် ရိုက်နှက်လိုက်သည်။
ထိုလူငယ်လေးမှာ နောက်ဆုတ်သွားပြီး သူ၏အမူအရာလည်း အနည်းငယ်ထူးဆန်းသွား၏။ ရှီဟောင်မှာ သာမန်မဟုတ်သည်ကို သူတွေ့နေရသောကြောင့် သူ ပိုပြီးသတိအနေအထားဖြစ်သွားလေသည်။
အရိုးသင်္ကေတမှာ သူတို့အနားမှ ထွက်သွားသောကြောင့် ထူးခြားပါရမီရှိသူများစွာလည်း ထိုသင်္ကေတနောက်သို့ လိုက်သွားကြလေသည်။ ရှီဟောင်သည် ထိုလူငယ်အနားသို့သွားကာ အသံပို့လွှတ်လိုက်၏။
” ဒီဘက်က တစ်ယောက်က အဆင့်နိမ့်နယ်မြေက လာတာလားဆိုတာ မေးပါရစေ”
ထိုလူငယ်မှာ ရပ်တန့်သွားပြီး ရှီဟောင်အား ထိတ်လန့်တကြားကြည့်လိုက်လေသည်။
ဤကဲ့သို့သော မေးခွန်းမှာ အလွန်ပင်ရုတ်တရက်ဆန်ကာ တစ်ဖက်လူမှာ ပို၍ပင် သတိကြီးသွားမည်ကို ရှီဟောင် သိသည်။
“ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”
ရှီဟောင်သည် မလှုပ်ရှားတော့ပဲ ပြောလိုက်၏။ သူ၏မျက်လုံးများမှာကြည်လင်နေကာ သူ၏စကားပြောသည့်အသံ မတုန်ယင်သွားစေရန်အတွက် သူ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနေလေသည်။
“မင်း ဘယ်သူလဲ” ထိုလူငယ်လေးမှာ ချက်ချင်းပင် တည်ငြိမ်သွားလေ၏။
“ကျွန်တော်လည်း အဆင့်နိမ့်နယ်မြေက လာတာပါ” ရှီဟောင် နူးညံ့စွာ ပြောလိုက်သည်။ ထိုစကားကို ပြောလိုက်ခြင်းမှာ အလွန်ကြီးမားသည့် စွန့်စားမှု ပြုလုပ်လိုက်ခြင်းပင်။ ဤလူသာ အဖိုး ၁၅ မဟုတ်လျှင် သူ မည်သူဖြစ်သည်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်သောကြောင့် သူအလွန်ပင် ဒုက္ခရောက်သွားလိမ့်မည်။
ထိုလူငယ်၏ မျက်လုံးများမှာ မှေးမှိန်သွားပြီး ဘာကိုစဉ်းစားနေမှန်း မသိရပေ။
“မင်း ဘယ်သူလဲဆိုတာ ငါ မသိဘူး .. ဒါပေမဲ့ မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ ငါ ခံစားလို့ရတယ်” လူငယ်လေးမှ ပြောလိုက်၏။ သူ့ထံတွင် ပင်ကိုအသိစိတ်ဖြစ်သည့် ‘နတ်အသိ’ ရှိနေသည်။
ဤသည်မှာ ရှီဟောင်နှင့် တူသည့်အချက်တစ်ချက်ပင်။
ရှီဟောင်မှာ ထိုလူငယ်လေးအား မျှော်လင့်ချက်ဖြင့် ကြည့်နေ၏။
“ငါ အဆင့်နိမ့်နယ်မြေကလာတာ” ထိုလူငယ်လေးမှ နူးညံ့စွာပြောလိုက်ပြီး ရှီဟောင်၏အမူအရာကို လေ့လာရန်အတွက် သူ၏မျက်လုံးများကို စိုက်ကြည့်နေလေသည်။
ထိုအချိန်တွင် ရှီဟောင်၏ နှလုံးမှာပြင်းထန်စွာပင် ခုန်ပေါက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုစိတ်ကို ထိန်းချုပ်လိုက်ရ၏ “ဒီဘက်ကတစ်ယောက်က ကျောက်တုံးကလန်က မိစ္ဆာနတ်ဘုရားလို့ခေါ်တဲ့ တစ်ယောက်လား”
ထိုလူငယ်လေး၏ သူငယ်အိမ်ကျုံ့သွားကာ ဘာမှမပြောပဲ ရှီဟောင်အား စိုက်ကြည့်နေလေသည်။
“ချင်းဟောင်ကို တွေ့ဖို့ လျှို့ဝှက်နယ်မြေကို လာခဲ့တာလား”
“ခင်ဗျားရဲ့သားနာမည်က ရှီကျီလင်း”
ရှီဟောင် ဆက်တိုက်ပင်ပြောနေပြီး သိပ်မဝေးသည့်နေရာမှ ထိုသူအားကြည့်လိုက်သည်။
“ကြည့်ရတာ မင်းက ငါဘယ်သူလဲဆိုတာကို သိနေတဲ့ပုံပဲ” လူငယ်လေးမှ ပြောလိုက်၏။ သူ ရှီဟောင်ကိုကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေရသည်။
အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေး မည်သူဖြစ်မှန်းကို သူ မသိသလို ဘာကြောင့် အများကြီးသိနေသလဲဆိုသည်ကိုလည်း သူ မသိပေ။ ချင်းကလန်မှ လူများရောက်လာလျှင်ပင် သူ့ကို မှတ်မိမည် မဟုတ်ပေ။
သူ၏အသိစိတ်တွင် ဤလူငယ်လေးမှာ မကောင်းသည့်ရည်ရွယ်ချက်မရှိဘူးဟု ခံစားနေရသောကြောင့်သာ။ မဟုတ်ပါက သူအစောကြီးကတည်းက တိုက်ခိုက်ပြီးနေပြီ။
“အဆင့်နိမ့်နယ်မြေမှာ ခင်ဗျား နောက်ထပ်မြေးတစ်ယောက်ရှိသေးတယ်လေ ဟုတ်တယ်မလား”
ရှီဟောင်မေးလိုက်၏။ သူ၏မျက်လုံးများမှာ အနည်းငယ်နီရဲနေလေသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လူငယ်လေးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကာ ဝမ်းနည်းမှုတစ်မျိုး ဖြစ်ပေါ်လာလေ၏။
“ဟုတ်တယ် ငါ့ရဲ့မြေးက အဆင့်နိမ့်နယ်မြေမှာ ရှိတယ် .. ဒါပေမဲ့ သူ မလာနိုင်တော့ဘူး”
“သူသာအသက်ရှင်နေသေးရင် သူသေချာပေါက် ဒီအဆင့်မြင့်နယ်မြေက ထူးခြားပါရမီရှိတဲ့သူတွေထက် အားနည်းမှာ မဟုတ်ဘူး”
ထိုစကားကိုပြောပြီးသည့်နောက်တွင် ထိုလူငယ်လေး၏ မျက်နှာမှာ သောကပူဆွေးမှုများ ဖြစ်ပေါ်လာလေသည်။
ဤလူငယ်မှာ မိစ္ဆာနတ်ဘုရားအဖိုး ၁၅ ဖြစ်မှန်း သေချာသွားလေပြီ။
သူ၏မြေးအကြောင်းစဉ်းစားမိသွားသည့်အချိန်တွင် အဖိုး ၁၅ မှာဝမ်းနည်းသွားကာ “ငါ့ရဲ့မြေးက ဘယ်သူ့ထက်မှ အားနည်းမှာ မဟုတ်ဘူး .. သူက မွေးရာပါ အဆင့်လွန်လူသားပဲ .. ဒါပေမဲ့ သူအဆင့်မြင့်နယ်မြေကို ဝင်ဖို့ မဖြစ်နိုင်တော့ဘူး”
“သူ လာပါတယ်”
ရှီဟောင် မထိန်းချုပ်နိုင်တော့ပေ။ သူ၏မျက်လုံးများ နီရဲနေလျက်ဖြင့် ပြေးသွားလိုက်သည်။
“မင်း ဘာပြောတာလဲ” အဖိုး၅ ၏ မျက်လုံးများတောက်ပလာကာ ရှီဟောင်အား စိုက်ကြည့်လိုက်၏။
“သူ မေသခဲ့ဘူး”
ရှီဟောင် ပြုံး၍ပြောနေသော်လည်း သူ၏မျက်လုံးများတွင် မျက်ရည်များ ကျဆင်းလာသည်။
“ငါ့ရဲ့ဟောင်အာသာ မသေသေးဘူးဆိုရင် သူ ဒီကမ္ဘာကြီးမှာ မုန်တိုင်းတစ်ခု ဖန်တီးမှာ သေချာတယ် .. သူ ထူးခြားပါရမီရှိတဲ့သူတွေအကုန်လုံးနဲ့ ရင်ဆိုင်နိုင်လိမ့်မယ်” ထိုလူငယ်လေးသည် တုန်ယင်နေသောအသံဖြင့် ပြောလိုက်လေသည်။ ထိုနောက်တွင် ရှီဟောင်အားစိုက်ကြည့်လိုက်၏။
“အဲဒီနေ့ ရောက်လာမှာပါ”
ရှီဟောင်၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာနေလေပြီ။
“မင်း ဘယ်သူလဲ .. တကယ်ပဲ မင်းက ဘယ်သူလဲ” မိစ္ဆာနတ်ဘုရားမှ မေးလိုက်သည်။ သူ ဤသည်ကို မယုံကြည်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူ့မြေးသေသွားပြီဖြစ်ကြောင်းကို အတည်ပြုထားသည့် ခိုင်မာသည့်သတင်းကို သူရရှိထားသောကြောင့်ပင်။
“အဖိုး .. ကျွန်တော်က အဖိုးရဲ့ဟောင်အာပါ .. ကျွန်တော်အသက်ရှင်နေသေးတယ်” ရှီဟောင်သည် ပြေးသွားလိုက်ကာ သူ၏ အော်ရာကို မကွယ်ဝှက်ထားတော့ပဲ သူ၏သွေးမျိုးဆက် ခွန်အားအစစ်အမှန်ကို ထုတ်လွှတ်လိုက်၏။
ထိုအချိန်တွင် မိစ္ဆာနတ်ဘုရားမှာ ထိတ်လန့်သွားရသော်လည်း ဤလူမှာ အလွန်ပင်ရင်းနီးနေသည်ကို သူ ခံစားရသည်။
“ငါ့ရဲ့ဟောင်အာလေး” သူ၏အသံမှာ တုန်ယင်နေပြီး တစ်ဖက်လူ၏ မျက်နှာကိုပွတ်သပ်လိုက်သည်။ ဤသည်မှာ ကောင်းကင်တိုင်းပြည်မှ ပြုလုပ်ထားသည့် အိပ်မက်တစ်ခုဆိုလျှင်ပင် သူ ထိုအိပ်မက်ထဲ ပစ်ဝင်လိုက်မည်။
“ငါ့ရဲ့ ဟောင်အာလေး … သူ အဆင့်နိမ့်နယ်မြေမှာ သေသွားပြီမဟုတ်ဘူးလား”
“မဟုတ်ဘူးအဖိုး .. တကယ် ကျွန်တော်ပါ ..ကျွန်တော်မသေသေးဘူး .. ကျွန်တော်အသက်ရှင်နေတုန်းပဲ” ထိုအချိန်တွင် သူ၏အဖိုးတွေ့မြင်နိုင်ရန်အတွက် သူ၏ ပုံပန်းသွင်ပြင်အမှန်အား လျင်မြန်စွာပင် ပြသလိုက်သည်။
“ဘာ.. ဒါက..” အဖိုး ၁၅ ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာပင် တုန်လှုပ်သွားပြီး ရှီဟောင်၏ ပုံပန်းသွင်ပြင်ကိုကြည့်ကာ “ဒါ .. ဒါက အိပ်မက်လား”
“ကျွန်တော်က ဘယ်သူလဲ … ကျွန်တော်က မိစ္ဆာနတ်ဘုရားရဲ့မြေးပဲ .. ကျွန်တော့်ရဲ့အဆင့်လွန်ကို တစ်ကြိမ်ဆုံးရှုံးလိုက်ရတာတောင်မှ ကျွန်တော် ဖြတ်သန်းနိုင်ခဲ့တယ် .. အဲဒါက ထာဝရနန်းတော်က ကျိန်စာကြောင့်ပါ .. အဲဒီ ကြေးနီအစုတ်အပြတ်က ကျွန်တော့်ရဲ့အသက်ကို လိုချင်နေတာလား .. အဲဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ”
ရှီဟောင်သည် မျက်ရည်များကြားမှ ပြုံး၍ပြောလိုက်သည်။
“ဟား ဟား .. ” အဖိုး ၁၅ သည်လည်း မျက်ရည်များ ကျဆင်းလျက်ဖြင့်ပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဒါက အိပ်မက်လား တကယ်လားဆိုတာကို သူ မခွဲခြားနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခံစားချက်များမှာ ပြင်းထန်နေကာ သူ၏စိတ်ကို တည်ငြိမ်အောင် လုပ်ရန် ခက်ခဲနေသည်။ ပျော်ရွှင်မှုများလည်း ရုတ်တရက်ပင် ဝင်ရောက်လာလေ၏။
“အဲဒီအရူးတွေက ဘယ်ကရောက်လာတာလဲ .. ငိုလိုက်ရယ်လိုက်နဲ့” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက်မှာ အေးစက်စွာပင် ပြောလိုက်လေ၏။
ရှီဟောင်သည် ထိုသူများဘက်ကို ကျောပေးထားခြင်းပင်။ သူသည် ထိုသူများဘက်သို့ မလှည့်ကြည့်ပဲသူ၏ရုပ်ရည်အမှန်ကိုပြန်၍ ဖုံးကွယ်လိုက်သည်။
ထို့နောက်တွင် ထိုသူများဘက်သို့ လှည့်လိုက်ကာ “ထွက်သွား”
ထိုလူမှာ ထူးခြားပါရမီရှိသည့်သူတစ်ယောက်ပင်။ သူ့ကို ယခင်က မတွေ့ဖူးသော်လည်း ထိုသူထံမှ တောက်လောင်နေသည့် ဝိဉာဉ်စွမ်းအားကို သူခံစား၍ ရသည်။
“မင်းက ငါ့ကို ထွက်သွားစေချင်တာလား” ထိုသူမှာ အေးစက်စွာပင် ကြည့်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာရှိနေပြီး သူ၏ပုံပန်းသွင်ပြင်တွင် အေးစက်သည့်အော်ရာလည်း ထွက်ပေါ်နေလေသည်။
သူ၏တစ်ကိုယ်လုံးတွင် အနက်ရောင်အလင်းများတောက်ပလာကာ အနက်ရောင်ချပ်ဝတ်တန်ဆာမှာ တောက်ပလာပြီး သူ၏လက်ထဲတွင်ရှိသေနည့် အနက်ရောင်နတ်ဓားဖြင့် လွှဲရမ်းလိုက်ကာ အော်ဟစ်လိုက်သည်။
“မင်း ထွက်သွားစမ်း”
ထိုဓားချက်မှာ ရှီဟောင်နှင့် အဖိုး ၁၅ အား ဝန်းရံသွားလေ၏။
ဤသည်မှာ ဓားစွမ်းအင်ဟုပင် ပြော၍မရတော့ပေ။ ဓားပင်လယ်နှင့်ပင် တူနေလေသည်။
“အဖိုး … ကျွန်တော့်ကို ခဏလေးစောင့်ပေး” ရှီဟောင်ပြောလိုက်ကာ ထိုဓားပင်လယ်ကိုကြိုဆိုလိုက်၏။
သူ၏ကောင်းကင်လမ်းကြောင်းတောက်ပလာကာ ဓားပင်လယ်ကို ကာဆီးရန်အတွက် တစ်ဖြည်းဖြည်းကြီးလာသည်။ ထို့အပြင် သူ၏လက်သီးဖြင့် ထိုးလိုက်သည်နှင့် ဇာမဏီငှက်၊ ဖီးနှစ်ငှက်အစစ်၊ ရှန်းနီနှင့် မိုးကြိုးကောင်းကင်စာကလေးနှင့် အခြားအရာများအားလုံး ထွက်ပေါ်လာလေသည်။
ဝိဉာဉ်တစ်သောင်းသင်္ကေတနှင့် မူလရှေးဟောင်းမှတ်တမ်းတို့ ပေါင်းသွားလေသည်။ ယခုအချိန်တွင် သူ၏စွမ်းအားအပြည့်ပင်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ရိုက်ခတ်နိုင်လေသည်။
ဝုန်း..
ကမ္ဘာကြီးတုန်ခါသွားကာ ဤနေရာမှာ ရှေ့နောက်ယိမ်းခါလာ၏။
“မြေအောက်ကမ္ဘာက လူက သူ့ရဲ့ ပြိုင်ဘက်ကို တွေ့ပြီလား”
“အဲဒါက မြေအောက်ကမ္ဘာသားတော်ပဲ … သူက အရမ်းစွမ်းအားကြီးတဲ့သူတစ်ယောက် .. သူ့ကိုတစ်ယောက်ယောက်က တားလိုက်တာလား”
“အဲဒီကောင်က နတ်ဆိုးဘုရင်လို့ခေါ်တယ် .. ခုနလေးတင် သူ ကျင်းလဲ့ကို သတ်လိုက်တာ .. အခု သူ မြေအောက်ကမ္ဘာသားတော်ကို ရင်ဆိုင်နေပြီ”
ထိုတိုက်ပွဲမှာ ထိုနေရာတွင်ရှိနေသည့်သူများအားလုံး၏အာရုံကို ဆွဲဆောင်လိုက်ကာ အားလုံးမှာ အံ့အားသင့်သည့်အမူအရာများ ဖြစ်သွားသည်။
ဤမြေအောက်ကမ္ဘာသားတော်မှာ အလွန်ပင်စွမ်းအားကြီးပြီး ကျင်းလဲ့ထက်ပင် စွမ်းအားကြီးသည်ကို ရှီဟောင် ဝန်ခံသည်။
“စွမ်းအားကြီးတဲ့ မြေအောက်ကမ္ဘာသားတော်က လွင့်ထွက်သွားတာလား”
…
သူတို့နှစ်ယောက်ပြင်းထန်စွာပင် တိုက်ခိုက်နေကြပြီး သူတို့တိုက်ခိုက်နေကြသည်မှာ အချက်ရေ တစ်ရာကျော်ပင် ရှိနေလေပြီ။ ထိတ်လန့်စရာကောင်းသည်မှာ ထို ‘နတ်ဆိုးဘုရင်’ သည် သူ၏ အဖိုးတန်သည့် အတွင်းပညာများကို မထုတ်ပြသေးပေ။
“မြေအောက်ကမ္ဘာသားတော်က သာမန်လူမဟုတ်ဘူး .. သူ အရင်က ထူးခြားပါရမီရှိတဲ့သူတွေကို သတ်ခဲ့တာ .. သူ ရန်သူကြီးကို တွေ့လိုက်ရတာပဲ”
ကောင်းကင်ထက်တွင် လျှပ်စီးများထွက်ပေါ်လာပြီး နတ်ငှက်နှင့် သားရဲမျိုးစုံ ထွက်ပေါ်လာသည်။ ရှီဟောင်သည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို အသုံးပြုကာ မြေအောက်ကမ္ဘာသားတော်အနားတွင်ရှိနေသည့် အနက်ရောင်အလင်းများ ပျံ့ကြဲသွားအောင် လုပ်လိုက်၏။ ထို့နောက်တွင် သူ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
အကွက်ပေါင်း သုံးထောင်ကျော် တိုက်ပြီးသွားသည့်နောက်တွင် မြေအောက်ကမ္ဘာသားတော်မှာ လေထဲတွင် ပေါက်ကွဲသွားလေသည်။
အသက်ကယ်သင်္ကေတမှာ မြေအောက်ကမ္ဘာသားတော်အား ပြန်လည်စုစည်းလိုက်လေ၏။ ရှီဟောင်သည် ထိုသူအား အေးစက်စွာ ကြည့်လိုက်ပြီး “ထွက်သွား”
“မင်း.. ” မြေအောက်ကမ္ဘာသားတော်မှာ ဒေါသထွက်သွားလေ၏။ တစ်ဖက်လူမှာ သူပြောခဲ့သည့်စကားအတိုင်း သူ့ကို ပြန်ပြောလိုက်ခြင်းပင်။
“မင်း ဒါကို လက်မခံနိုင်ရင် နောက်တစ်ခေါက် ပြန်လာခဲ့ .. ငါမင်းရဲ့ ခန္ဓာကိုယ်အစစ်ကို သတ်ပေးမယ်” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
ထို့နောက်တွင် သူသည် လျင်မြန်စွာပင် သူ၏အဖိုးနားသို့ ပြန်လှည့်လာခဲ့လိုက်၏။
“မင်းက ငါ့မြေးပဲ ..” အဖိုး ၁၅ မှာထိတ်လန့်ကာ စိတ်လှုပ်ရှားနေလေသည်။ ဤလူငယ်လေးမှာ အလွန်ပင် အထင်ကြီးစရာကောင်းလှ၏။ ထူးခြားပါရမီရှိသည့်သူတစ်ဦးကိုပင် ဖောက်ခွဲပစ်နိုင်သည်။