သုခကမ္ဘာက ရှီဟောင် - Chapter - 853 အဆင့်လွန်လေးခု
ရှီဟောင်နှင့် မိစ္ဆာနတ်ဘုရားတို့၏ မျက်လုံးများမှာ တောက်ပလာကာ ထိုနတ်စာအုပ်အားကြည့်လိုက်ကြသည်။
ထိုရွှေရောင်စာရွက်မှာ ထူးခြားလှပြီး အပေါ်သို့ခုန်တက်သွားကာ လေဟာနယ်တွင် ရပ်တန့်နေလေသည်။ အရိုးစာသားများမှာ တောက်ပလွန်းလှပြီး လျှပ်စီးများမှာ ဖြစ်ပေါ်လာခြင်းပင်။
ထိုစာရွက်မှ ထုတ်လွှတ်သောစွမ်းအားမှာ ဝိဉာဉ်များကိုပင် လှုပ်ခါစေနိုင်လေသည်။ ဤသည်မှာ တားမြစ်ထားသည့်သက်ရှိတစ်ကောင် ပြန်အသက်ဝင်လာကာ ကောင်းကင်ထက်မှ ကမ္ဘာကြီးအားအုပ်မိုးကြည့်နေသကဲ့သို့ပင်။
ဤစာရွက်ကိုအသက်သွင်းရန်မှာ ကောင်းကင်မြစ်နှင့် ထာဝရအုတ်ဂူမှ ထာဝရအော်ရာလိုအပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မဟုတ်ပါက ဤမန္တန်များကို မြင်ရရန်အတွက် ရှီဟောင် ဘာလုပ်ရမည်မှန်းမသိပေ။
မြေးအဖိုးနှစ်ယောက်မှာ အရိုးစာသားများကို မှတ်တမ်းတင်ထားနိုင်အောင် ပြုလုပ်ကြပြီး ထိုစာသားများထဲမှ လျှို့ဝှက်နက်နဲမှုများကိုနားလည်အောင် လုပ်ကြသည်။
မြေးအဖိုးနှစ်ယောက်လုံးမှာ နုံအသောသူများ မဟုတ်သောကြောင့် ဤကဲ့သို့ အဖိုးတန်သည့် အဆင့်လွန်လျှပ်စီးအဖိုးတန်ပညာကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့သည် ဘေးပတ်ဝန်းကျင်ကို မေ့လျော့သွားကြကာ စိတ်နှစ်ကာ ကျင့်ကြံနေကြလေ၏။
အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိလိုက်သည့်အချိန်တွင် ရွှေရောင်စာရွက်မှာ တစ်ဖြည်းဖြည်းအရောင်မှိန်လာလေသည်။ ထိုအချိန်မှသာ သူတို့ အပြင်လောကသို့ ပြန်ရောက်လာကြလေ၏။
ရှီဟောင်သည် ဘာမှမပြောပဲ ထိုစာရွက်အားဆေးလုံးမီးဖိုအတွင်းသို့ ပစ်ထည့်လိုက်ကာ ကောင်းကင်မြစ်ထဲသို့ နှစ်မြှုပ်စေလိုက်ကာ လျှပ်စီးစွမ်းအားနှင့် ထာဝရတာအိုစွမ်းအားများကို စုတ်ယူစေလိုက်သည်။
ထို့အချိန်တွင် ရွှေရောင်စာရွက်မှာ ပို၍တောက်ပလာလေသည်။
“အဖိုး ဒီမှာ .. ဒီဆေးကိုစားပြီး လေ့လာလိုက် .. ကျွန်တော်တို့ လျှပ်စီးတာအိုအဖိုးတန်ပညာကို မြန်မြန်နားလည်လာလိမ့်မယ်” ရှီဟောင် ပြောလိုက်၏။
သူသည် တစ်ပေခန့်ရှည်သည့် အနီရောင်ခြုံပင်လေးကို ထုတ်လိုက်သည်။ ထိုအပင်မှာ မဟူရာနီဖြင့်ပြုလုပ်ထားသကဲ့သို့ပင် ကြည်လင်တောက်ပနေ၏။
ထို့အပြင် ထိုအပင်တွင် သင်္ကေတများဖုံးလွှမ်းနေပြီး အနီရောင်လျှပ်စီးများလည်း လှည့်ပတ်နေလေသည်။ ထိုအပင်မှာ လျှပ်စီးသံများ ထွက်ပေါ်နေသကဲ့သို့ မြူလည်းအနည်းငယ်အုံ့ဆိုင်းနေလေသည်။ ဤသည်မှာ အလွန်ပင် ထူးဆန်းလှ၏။
ဤသည်မှာ ထာဝရအုတ်ဂူတွင် သူအသက်စွန့်ကာ ယူထားသည့် အလွန်ရှားပါးသည့်အပင်ငါးပင်မှ တစ်ပင်ဖြစ်သည်။
မိစ္ဆာနတ်ဘုရားမှာ ထိုအပင်မှ သဘာဝဥပဒေသအပိုင်းအစနှင့် ထာဝရတာအိုစွမ်းအင်များကို ခံစားလိုက်ရသောကြောင့် ထိတ်လန့်သွားရသည်။ ကျင့်ကြံခြင်းအတွက်ဆိုလျှင် ဤအပင်မှာ မြင့်မြတ်ဆေးပင်ထက်ပင် ပို၍အဖိုးတန်သည်။
“သတိထားဦး … တစ်ခါနည်းနည်းချင်းစီ စားပြီးတော့ ဖြည်းဖြည်းချင်း ပြန်ပြုပြင် .. မဟုတ်ရင် ခန္ဓာကိုယ်က လက်ခံနိုင်မှာမဟုတ်ဘူး” ရှီဟောင် သူ၏အတွေ့အကြုံမှ ပြောပြလိုက်သည်။
“ဟုတ်ပြီ .. ငါတို့မြေးအဖိုး ဒီနည်းလမ်းကို ဒီမှာ အတူတူ ကျင့်ကြံကြမယ် .. ငါတို့ပြီးသွားတဲ့အချိန်ကျရင် ငါတို့ ပူးပေါင်းပြီးတော့ ဒီလျှို့ဝှက်နယ်မြေရဲ့ ရတနာသိုက်ကို ဖွင့်ကြမယ်” အဖိုး ၁၅ မှာ ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
“ဟုတ်တယ် .. ဘယ်သူက ကျွန်တော်တို့ကို လုပ်ကြံရဲမှာလဲ .. သားရဲတွေ နတ်ငှက်တွေရှိရင် သူတို့တွေကိုကင်စားပစ်မယ်” ရှီဟောင်သည် လက်သီးလက်မောင်းတန်းကာ ပြောနေလေ၏။
“ဟား ဟား.. ” ဤမြေးမှာ သူနှင့်တစ်ဖြည်းဖြည်းပိုတူလာသည်ကို သတိပြုမိသည်။ သူ၏မျိုးဆက်ပီသပါပေသည်။
ရှီဟောင်သည် လူခေါင်းအရွယ်အစားခန့်ရှိသည့် ရွှေရောင်မှိုကို ထုတ်ယူလိုက်သည်။ ထိုမှိုကို ထုတ်ယူလိုက်သည်နှင့် အမွှေးနံ့များ ပျံ့လွင့်လာပြီး ထိုမှိုပွင့်တွင်လည်း သင်္ကေတများ သိပ်သည်းစွာ ရှိနေလေ၏။
ထာဝရအုတ်ဂူထက်မှ ထူးဆန်းသည့်အပင်ကိုစားသုံးခြင်းမှာ သေချာပေါက် အန္တရာယ်များမည်ပင်။
သူတို့နှစ်ဦးမှာ ဒဏ်ရာများမှာ သွေးထွက်လာရုံသာမက သူတို့၏ ခန္ဓာကိုယ်များမှာ မည်းနက်သွားပြီး ဆံပင်များ ထောင်တက်သွားကြ၏။ သူတို့မျက်နှာများလည်း မည်းတူးသွားပြီး အလွန်ပင် ဆိုးဝါးနေကြလေသည်။
ရှီဟောင်၏ နှုတ်ခမ်းကွေးတက်သွား၏။ ဤဆေးပင်မှာ သူယခင်က စားခဲ့ဖူးသည့်အပင်များထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်ဟု သူ ခံစားနေရသည်။
သူ၏အဖိုးကို သူ ပို၍စိတ်ပူမိသည်။ သို့သော် ထိုလူအိုကြီးမှာ ခန္ဓာကိုယ်အနှံ့ သွေးများစီးကျကာ မည်းတူးနေသော်လည်း သူ၏ပုံစံမှာ သက်သောင့်သက်သာဖြစ်ကာ ပျော်ရွှင်နေသကဲ့သို့ပင်။
သူကြောက်လန့်တကြားမေးလိုက်၏။
“အဖိုး အဆင်ပြေတယ်မလား”
“ဘာမှမဖြစ်ဘူး .. ဒီလိုမျိုး စွမ်းအားက အဖိုးနဲ့ အကိုက်ဆုံးပဲ .. အဖိုးရဲ့အရိုးတွေထဲက ယင်စွမ်းအင်တွေကို ထုတ်လိုက်နိုင်ပြီ .. အခု နေလို့ တော်တော်ကောင်းသွားပြီ” အဖိုး ၁၅ မှ ပြန်ပြောလိုက်၏။
ထို့နောက်တွင် သူတို့မြေးအဖိုး ပြန်လည်တိတ်ဆိတ်သွားကြလေ၏။ သူတို့သည် လျှပ်စီးဆေးပင်များကို နည်းနည်းစီစားသုံးကာ ရွှေရောင်စာရွက်ပေါ်မှ အဖိုးတန်ပညာများကို နားလည်အောင် ပြုလုပ်ကြသည်။
အချိန်ကုန်လာသည်နှင့်အမျှ အလင်းလုံးနှစ်ခု ထိုနေရာတွင်ပေါ်လာလေသည်။ သူတို့နှစ်ဦးကို တာအိုအပိုင်းအစများ ဝန်းရံလာကာ မှုန်ဝါးဝါးဖြစ်သွားကြလေ၏။ သူတို့မှာ ပို၍ထူးဆန်းလာကာ သူတို့အနားတွင် ရှိနေသည့် အော်ရာများမှာလည်း အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။
မိစ္ဆာနတ်ဘုရားထိုင်နေသည့်နေရာတွင် အနီရောင်သက်တန့်နှင့်တူသည့် လျှပ်စီးအလင်းတန်းများ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားကာ သွေးရောင်ကောင်းကင်နေမင်းကြီးကို ဖြစ်ပေါ်စေလေ၏။ ထို့နောက်တွင် ရွှေရောင်အဖြစ်သို့ပြောင်းလဲသွားကာ လေထဲတွင် ထာဝရတာအိုအော်ရာများ ပျံ့နှံ့လာလေသည်။
ဤသည်မှာ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခုပင်။
ရှီဟောင်သည်လည်း ကြီးမားသည့်အကျိုးကျေးဇူးကို ရရှိလိုက်လေသည်။ သူ့ကို ထာဝရတာအိုအပိုင်းအစများ ဝန်းရံထားကာ သူ၏နားထဲတွင် မန္တာန်ရွတ်သံများ ကြားနေရပြီး သူ၏အနားတွင်လည်း သတ္တုသင်္ကေတများမှာ လေဟာနယ်ထဲတွင် မရေမတွက်နိုင်အောင်ရှိနေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက် နှစ်ည ကုန်ဆုံးသွားလေပြီ။
မြေးအဖိုးနှစ်ယောက်မှာ ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားပြီး အရာအားလုံးကို မေ့လျော့နေကြလေသည်။
ရွှေရောင်စာရွက်မှာ အရောင်မှိန်လာသောကြောင့် သူတို့ မကြာခဏပင် ဆေးလုံးမီးဖိုအတွင်းသို့ ထည့်ပြီး လျှပ်စီးထာဝရတာအိုစွမ်းအင်ကို စုတ်ယူစေလေ၏။
အချိန်ကြာလာသည်နှင့်အမျှ သူတို့ ပို၍နားလည်လာကြပြီး သူတို့နှင့် ရွှေရောင်စာရွက်မှာ တစ်သားတည်းဖြစ်သွားသကဲ့သို့ပင်။
အဖိုး ၁၅ ၏ ကျောဘက်တွင် အနီရောင်လျှပ်စီးမှ ဖြစ်ပေါ်လာသည့်အတောင်ပံတစ်စုံပေါ်လာလေ၏။ ထိုအတောင်ပံနှစ်ခု ထိခတ်လိုက်သည့်အချိန်တွင် အဆုံးမရှိသည့်လျှပ်စီးများ ထွက်ပေါ်လာသည်။
ထို့နောက်တွင် သူသည် ထိုမန္တန်များကို ပိုးကောင်အိမ်ကဲ့သို့ပင် သူ၏အနားတွင် ရစ်ပတ်စေလိုက်ကာ ပေါင်းစည်းလိုက်လေသည်။
တစ်ခြားတစ်ဖက်တွင်လည်း ရှီဟောင်၏ နားလည်မှုများမှာအလွန်ပင် နက်နဲလှ၏။ သူ၏အနားတွင် အပင်များတစ်ပင်ပြီးတစ်ပင်ထွက်ပေါ်လာလေသည်။ ထိုအပင်များတွင် ရွှေရောင်များ၊ ခရမ်းရောင်များ နှင့် အစိမ်းရောင်များပါဝင်သည်။ သူတို့အားလုံးမှာ တောက်ပနေကြလေ၏။
ထိုအပင်များမှာ အပင်အစစ်မဟုတ်ပဲ လျှပ်စီးများမှာ ဖြစ်ပေါ်လာခြင်းပင်။ သူသည် အသက်ဓာတ်တစ်ခုအား နားလည်သွားခြင်းပင်။
လျှပ်စီးမှာ စွမ်းအားအကြီးဆုံး တိုက်ခိုက်သည့်နည်းလမ်းတစ်ခုဖြစ်သကဲ့သို့ ဖျက်ဆီးခြင်းများဖြင့်လည်း ပြည့်နှက်နေလေသည်။ သူသည် သေခြင်းနှင့်ရှင်ခြင်းကိုပင် ပြောင်းလဲပေးနိုင်၏။
ထို့နောက်တွင် သူ၏အနားမှာအပင်များ ခြောက်သွေ့သွားလေသည်။
ထိုကဲ့သို့ပင် ထို သေလိုက်ရှင်လိုက် စက်ဝန်းကြီးလည်ပတ်နေလေသည်။
နောက်ဆုံးတွင် ထိုအပင်များ ပျောက်ကွယ်သွားလေ၏။ အေးစက်နေသည့်သတ္တုစွမ်းအင်ထွက်ပေါ်လာပြီး ရှီဟောင်၏အရှေ့နှင့်အနောက်ဘက်မှ သတ္တုလှံတံများ ကောင်းကင်ထက်သို့ ထိုးတက်သွားလေ၏။
ထို့နောက်တွင် ဓားစွမ်းအင်များ ကောင်းကင်ကို လှုပ်ခါသွားပြီး သတ္တုချင်းပွတ်တိုက်သံ ထွက်ပေါ်လာလေသည်။
သူ၏လက်နှစ်ဘက်တွင် ရွှေရောင်လှံတံပေါ်လာ၏။ ဤသည်မှာ သတ္တုစွမ်းအင်လား လျှပ်စီးလား ဆိုသည်ကိုပင် ခွဲခြားရန် ခက်ခဲလှသည်။ ထိုလှံတံနှစ်ခုပေါင်းစည်းသွားသည့်အချိန်တွင် ထိုလက်နက်မှာ လက်နက်အစစ်နှင့် သိပ်မကွာတော့ပေ။ သို့သော် သူ၏စွမ်းအားမှာ လက်နက်အစစ်ထက်ပင်ပို၍စွမ်းအားကြီးလေသည်။
ရှီဟောင် မတ်တပ်ရပ်ကာ လက်ထဲမှ လှံတံအားလေဟာနယ်ထဲသို့ ပစ်သွင်းလိုက်၏။ ဝုန်း ဟူသောအသံနှင့်အတူ ကမ္ဘာကြီးမှာ ပြိုလဲကျမတတ်ပင်။
ထို့နောက်တွင် ရှီဟောင် ပြန်ထိုင်လိုက်ပြီး လှံတံသည်လည်း ပျောက်ကွယ်သွားလေသည်။
သူ၏အနားတွင် သဘာဝဥပဒေသအပိုင်းအစများနှင့် ထာဝရတာအိုစွမ်းအင်များဝန်းရံနေလေ၏။
ထာဝရအုတ်ဂူမှ ခူးခဲ့သည့် ရွှေရောင်မှိုကြီးမှာ ကြောက်စရာကောင်းသည့်သင်္ကေတများပါရှိနေပြီး ရှီဟောင်အား လျှပ်စီးပညာများကို နားလည်အောင် ကူညီပေးနေလေသည်။
ရှီဟောင်၏ အကျိုးအမြတ်မှာ ကြီးမားလှသည်။ လျှပ်စီးတာအိုနှင့် သူ၏ခန္ဓာကိုယ်တို့ ပေါင်းစည်းသွားပြီး ဤလျှပ်စီးပညာတွင် သူ အလွန်တိုးတက်ခဲ့သည်။
ရေစီးသံများပေါ်လာပြီး ကောင်းကင်ထက်တွင် အပြာရောင်အရည်ပေါ်လာကာ ရှီဟောင်အနားတွင် စီးဆင်းနေလေသည်။ ထိုရေထဲတွင် ငါးများပင် ကူးခတ်နေကြလေ၏။
ဤသည်မှာ ရေအစစ် မဟုတ်ပဲ လျှပ်စီးမှ ဖြစ်ပေါ်လာသောရေပင်။ ဤသည်မှာ အလွန်ပင်ထိတ်လန့်စရာကောင်းသည့် လျှပ်စီးမှ ရေအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
လျှပ်စီးက ဘာကြီးလဲ .. သူက ရေအဖြစ် ပြောင်းလို့ရတာလား.. ဤသည်မှာ သာမန်ခက်ခဲမှုမျိုး မဟုတ်ပေ။ ကျင့်ကြံဆင့်မြင့်ရုံနှင့် ရနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ သဘာဝဥပဒေသ၏ အနက်ရှိင်းဆုံးအပိုင်းများကို လုံးဝနားလည်နေမှ ရရှိနိုင်မည့်အရာပင်။
အပြာရောင်အရည်များမှာ ပို၍များပြားလာပြီး တစ်ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်ကို ဗဟိုပြုကာ စီးဆင်းနေသည့်စမ်းချောင်းတစ်ခု ဖြစ်သွားလေသည်။
နောက်ဆုံးတွင် ထိုစမ်းချောင်းမှာ ကောင်းကင်ထက်သို့ မြင့်တက်သွားလေသည်။ လေဟာနယ်မှ စီးဆင်းလာသည့်ရေတံခွန်တစ်ခုလည်း ဖြစ်ပေါ်လာလေသည်။ ထိုရေများမှာ သူ၏အသွေးအသားများကို သန့်စင်စေလေ၏။
နောက်ဆုံးတွင် မြစ်နှင့်ရေတံခွန်ပေါင်းစည်းသွားကာ ကျယ်ပြန့်လာသည့်ကန်တစ်ခု ဖြစ်သွားသည်။ လေဟာနယ်တစ်ခုလုံးမှာ အလွန်ပင်လှပသည့်အပြာရောင်ပင်လယ်ကြီးတစ်ခုဖြစ်သွားလေသည်။
ထို့နောက် ရှီဟောင် လက်ညှိုးညွှန်လိုက်သည်နှင့် အဆုံးမရှိသည့် လျှပ်စီးများ ထွက်ပေါ်လာလေသည်။
လျှပ်စီးမှာ မီး၊ မြက်နှင့် သတ္တုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် နောက်ဆုံးပြောင်းလဲမှုမှာ အပြာရောင်ရေပင်။