သုခကမ္ဘာက ရှီဟောင် - Chapter - 854 အန္တရာယ်များသော ရှေးဟောင်းကမ္ဘာမြေ
ဤအဆင့်ထိကျင့်ကြံနိုင်ပြီဆိုပါက လျှပ်စီးတာအိုနယ်ပယ်တွင် အဆင့်အတော်မြင့်ပြီဟု ပြော၍ရသည်။ ရှီဟောင်ထက် ကျင့်ကြံဆင့်မြင့်သည့်သူများပင် သူတို့တစ်ဘဝလုံးကျင့်ကြံပင်လျှင် ဤအဆင့်သို့ရောက်ရန် ခက်ခဲလိမ့်မည်။
လျှပ်စီးတာအိုနယ်ပယ်တွင် ဤအောင်မြင်မှုကို လျှပ်စီးတာအိုအစွန်းလေးခုဟု ခေါ်နိုင်သည်။
ရှီဟောင် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ ရွှေရောင်မှိုမှာလည်း လုံးဝပင် သန့်ရှင်းသွားလေပြီ။
ထိုအချိန်တွင် သူသည် ရွှေရောင်စာရွက်ကို အကုန်လုံးဖတ်ပြီးသွားပြီဖြစ်ပြီး သူ၏ရင်ထဲတွင် စွဲမြဲနေလေပြီ။
သူ ဤရလဒ်ကို ကျေနပ်နေသော်လည်း အနည်းငယ် မကျေမနပ်ဖြစ်နေ၏။ ဤရွှေရောင်စာရွက်သည် အကုန်မဟုတ်သေးပဲ အနောက်ဘက်တွင် တစ်ရွက်ကျန်သေးသည်ဟု သူခံစားနေရသည်။
ဤသည်မှာ သီချင်းသံစဉ်တစ်ခုကဲ့သို့ပင်။ အမြင့်ဆုံးအသံသို့ရောက်နေသည့်အချိန်တွင် ရုတ်တရက် ရပ်တန့်သွားလေသည်။
ထိုအချိန်တွင် အဖိုး၁၅ လည်း နိုးလာလေပြီ။ သူ၏နေရာမှာ ပို၍ထူးဆန်းနေသည်။ တာအိုသင်္ကေတများနှင့် သဘာဝဥပဒေသအပိုင်းအစများမှာ ပိုးကောင်အိမ်ကဲ့သို့ သူ့အနားတွင် ဝန်ရံနေပြီး အဖြူရောင်မြူများလည်း လေထဲတွင်ပျံ့နှံ့နေ၏။ ဤသည်မှာ ထာဝရစွမ်းအင်ဖြစ်သော်လည်း မြူနှင့်တူနေလေသည်။ ဤသည်မှာ အလွန်ပင် ထူးဆန်းလှ၏။
ပိုးကောင်အိမ်ကဲ့သို့ သူ့ကိုရစ်ပတ်နေသည့် တာအိုသင်္ကေတများ ကွယ်ပျောက်သွားကာ သဘာဝဥပဒေသအပိုင်းအစများမှာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ သူ၏အနောက်ဘက်တွင် အဖြူနှင့်အနက် အတောင်ပံတစ်စုံရှိနေပြီး ထိုအတောင်ပံများကို လှုပ်ခါလိုက်သည်နှင့် လျှပ်စီးများမှာ ပင်လယ်တစ်စင်းကဲ့သို့ပင် ထွက်ပေါ်လာလေသည်။
သူနားလည်လိုက်သည်မှာ ရှီဟောင်နှင့်မတူပေ။ သူသည် အလင်းနှင့်အမှောင် ဆန့်ကျင်ဘက်သဘောတရားကို နားလည်သွားခြင်းပင်။ ဤသည်မှာလည်း လျှပ်စီးဥပဒေသတစ်ခုပင်။
အဖိုး ၁၅ သည် ရွှေရောင်စာရွက်မှ အရိုးစာသားများကို သူ ယခင်က ရရှိခဲ့သည့် မိစ္ဆာနတ်ဘုရားအမွေနှင့် ပေါင်းစပ်လိုက်ခြင်းပင်။
“ဒါကို နည်းနည်းလောက် ပိုကြာစေချင်တာ .. ဒါက နည်းနည်းပျောက်နေသေးတယ်လို့ အဖိုးထင်တယ်” အဖိုး၁၅ လည်း ရှီဟောင်ကဲ့သို့ ခံစားနေရခြင်းပင်။
“အဖိုး ကျွန်တော်တို့နှစ်ယောက်ရဲ့အကြံက အတူတူပဲ .. နည်းနည်းလောက် ထပ်ရှိတာနဲ့ ကျွန်တော့်ရဲ့ လျှပ်စီးအဖိုးတန်ပညာက အမြင့်ဆုံး ရောက်တော့မှာ” ရှီဟောင် ပြောလိုက်သည်။
ထိုသို့ဆိုသော်လည်း ဤသည်မှာ မိုးကောင်းကင်အောက်မှ အရာအားလုံးကို အနိုင်ယူနိုင်လောက်သည်အထိ အလွန်ပင်စွမ်းအားကြီးနေပြီဟု သူတို့နှစ်ဦးလုံး ခံစားလိုက်ရ၏။
ရွှေရောင်စာရွက်ပေါ်တွင်ရှိသော အရိုးစာသားများမှာ သက်ရှိအားလုံးကျင့်ကြံရန်အတွက် သင့်တော်လေသည်။
“ငါတို့ သီးသန့်လေ့ကျင့်တာကနေထွက်ပြီးတော့ ဘာတွေဖြစ်နေသလဲဆိုတာကြည့်သင့်ပြီ .. နဂါးအမဲလိုက်ခွေးမှာ ဘယ်လိုမျိုး နောက်ခံတွေရှိနေတာလဲ .. သူက ဘယ်လိုလုပ် ဒီရွှေရောင်စာရွက်ကို ရခဲ့တာလဲ”
ကျင့်ကြံမှုပြီးဆုံးသွားပြီးသည့်နောက်တွင် ဤရွှေရောင်စာရွက်မှာ ထိုနတ်အမဲလိုက်ခွေး၏ အမွေပစ္စည်းမဟုတ်ပဲ သူသည်လည်း ဤရွှေရောင်စာရွက်ကိုအသုံးပြုကာ နဂါးအမဲလိုက်ခွေးဖြစ်ရန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု သူတို့မြေးအဖိုး ခံစားနေရသည်။
ထိုယူဆချက်ကိုသာ သက်သေပြနိုင်ပါက ဤရွှေရောင်စာရွက်မှာ ပို၍ပင် အဖိုးတန်လာလိမ့်မည်။
ထို့နောက်တွင် သူတို့သတင်းအချို့ရရှိခဲ့၏။ ငါးဆင့်ပြောင်းလဲခြင်းစီရင်စုသည် မူလကောင်းကင်အဆင့်လွန်လူသားအကြောင်း ဒဏ္ဍာရီအချို့ကို သိကြပြီး လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာကြသည့် ကျင့်ကြံသူများမှာလည်း ထိုအကြောင်းကို လေ့လာနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားကြလေ၏။
“မူလကောင်းကင်အဆင့်လွန်လူသားက သူ မလဲကျခင်မှာ ပျက်စီးမှုတစ်ချို့နဲ့ကြုံခဲ့တယ်.. ဒီနေရာကနေပြီးတော့ ထူးဆန်းတဲ့ လျှပ်စီးတာအိုတစ်ချို့ကိုလည်း ရခဲ့တယ်လို့ ပြောကြတယ်”
“သူ လျှပ်စီးအမဲလိုက်ခွေးကို မွေးခဲ့တာတဲ့ … ”
ထိုသတင်းနှစ်ခုကပင်လျှင် ရှီဟောင်နှင့်အဖိုး ၁၅ အား ချက်ချင်းပင် တက်ကြွသွားစေပြီး မျက်လုံးများပင် အရောင်တောက်လာကြသည်။
“ငါတို့ မြေးအဖိုးနှစ်ယောက် တစ်ခြားလူတွေနား သွားကြည့်ရမယ်ထင်တယ်” အဖိုး ၁၅ မှ ပြောလိုက်သည်။
“ဟုတ်ပြီ … နတ်ငှက် ဒါမှမဟုတ် သားရဲနှစ်ကောင်လောက် ဖမ်းစားကြရအောင် .. ကျွန်တော် ရွှေရောင်စာရွက်ရဲ့ နောက်တစ်မျက်နှာကို တွေ့ချင်လှပြီ” ရှီဟောင်၏ မျက်လုံးများမှာ တောက်ပနေပြီး တိုက်ပွဲအငွေ့အသက်များလည်း ထုတ်လွှတ်နေလေ၏။
တောင်မှာ ကြီးမားလှပြီး အချို့ရှေးသစ်ပင်များမှာ တောင်ထိပ်ထက်တွင် မြင့်မားနေ၏။ ထိုအပင်များမှာ အလွန်ပင် တုတ်ခိုင်လှပြီး သစ်ပင်ထိပ်မှ နွယ်ပင်များလည်း ကျဆင်းနေလေသည်။
သစ်ပင်ထိပ်တွင် သန့်စင်သောနတ်ငှက်များရှိနေပြီး ငွေရောင်မြက်ဖြင့် ပြုလုပ်ထားသည့်အသိုက်များမှာ အလွန်ပင် တောက်ပနေလေသည်။
ကျန်းပေါင်းများစွာရှည်လျားသည့် တိုက်တန်မြွေကြီးမှာ ထိုသစ်ပင်ထိပ်များတွင် ရစ်ခွေနေပြီး အချိန်နှင့်အမျှ ထိုငှက်သိုက်ဘက်သို့ သူတို့လျှာကို ထုတ်နေလေ၏။ သူတို့၏ခန္ဓာကိုယ်မှ အလွန်ပင် အန္တရာယ်များသည့်အော်ရာကို ထုတ်လွှတ်နေလေသည်။
မြေပြင်ထက်တွင်ရှိသော သစ်ရွက်ကြွေများမှာ မြေစာပုံအဖြစ်သို့ ပြောင်းလဲနေလေပြီ။ ပန်းကန်ဆေးစင်အရွယ်အစားခန့်ရှိသည့် ခရမ်းရောင်ပင့်ကူများ၊ တစ်မီတာခန့်ရှည်သည့်ငွေရောင်ပိုးကောင်များ၊ လူ့အရပ်တစ်ဝက်ခန့်ရှိသည့် ရွှေရောင်ကင်းမြှီးကောက်များနှင့် အခြားသက်ရှိများမှာ ထိုနေရာတွင် လှည့်လည်သွားလာနေကြသည်။
ဤနေရာတွင် သက်ရှိမျိုးစုံရှိနေပြီး အလွန်ပင် အန္တရာယ်များလှ၏။ ဤနယ်မြေထဲသို့ ခြေတစ်လှမ်းချလိုက်သည်နှင့် သေခြင်းတရားကို စိန်ခေါ်လိုက်သကဲ့သို့ပင်။
ရှီဟောင်နှင့် သူ၏အဖိုးမှာ တောင်ထဲတွင်လှည့်ပတ်သွားလာနေကြသည်။ သူတို့သည် ပေပေါင်းများစွာ ထူးသည့်သစ်ရွက်ကြွေများကြားတွင် ဖြတ်သွားကာ ဤနေရာကို သေချာ ကြည့်နေကြ၏။ ရှေးဟောင်းဂူကြီးတစ်ခုကို ဖြတ်ပြီးသွားသည့်နောက်တွင် သူတို့ ဖားနတ်ဘုရားကို တွေ့လိုက်ရသည်။
ဤသည်မှာ လက်ရွေးစင်ဖားပြုတ်ကြီးဖြစ်ပြီး စားပွဲဝိုင်းအရွယ်အစားခန့်ရှိသည်။ သို့သော် ဤအကောင်သည် နတ်မီးတောက်ရှိသည့်သက်ရှိများထက်ပင် ပို၍ ကြောက်ဖို့ကောင်း၏။
ရှီဟောင်တို့ တုံ့ပြန်မှုမြန်ဆန်ပြီး လျှပ်စီးကို အသုံးပြုကာ တောင်ထဲတွင် သွားလာနေသောကြောင့်သာ မဟုတ်ပါက သူတို့ အစားခံလိုက်ရလောက်ပြီ။
ဖားပြုတ်ကြီးမှာ သူတို့အား အလွတ်မပေးပဲ ဘေးပတ်လည်တွင် လိုက်ရှာနေလေသည်။ သူ၏အသံမှာ မိုးခြိမ်းသံနှင့်တူနေလေ၏။
သူတို့နှစ်ဦး လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ခပ်ဝေးဝေးရှိတောင်ပေါ်တွင် ရွှေရောင်ဖားပြုတ်ကြီးကို တွေ့လိုက်ရသည်။
ထိုဖားပြုတ်ကြီးမှာ ရွှေဖြင့် ထုလုပ်ထားသကဲ့သို့ တောက်ပကာ အတော်ပင်လှပလေ၏။ သူ၏ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ထွက်လာသော ဂွက်ဂွက်အသံများမှာ မိုးခြိမ်းသံထက်ပင် ကြောက်စရာကောင်းနေလေသည်။
“ဝူး…”
ဖားပြုတ်ကြီး ပါးစပ်ဟလိုက်သည်နှင့် မုန်တိုင်းတိုက်သကဲ့သို့ပင်။ ရှေးသစ်ပင်များ အမြစ်မှ ကျွတ်ထွက်လာပြီး ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှ၏။
ထိုမုန်တိုင်းကြီးမှာ ကျန်းပေါင်းများစွာ ရှည်လျားသည့်တိုက်တန်မြွေကြီးနှင့် အခြား နတ်ငှက်များကို ထိတ်လန့်သွားစေကာ သူတို့မှာ ကောင်းကင်ထက်သို့ ပျံသန်းသွားကြလေသည်။
သွေးရောင်ချိန်းကြိုးတစ်ခု ထွက်ပေါ်လာ၏။ ထိုပျံသန်းသွားသော အကောင်များအားလုံးကို ဆွဲယူလိုက်ကာ ထိုရွှေရောင်နတ်ဖားပြုတ်ကြီးပါးစပ်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။ ထိုချိန်းကြိုးမှာ သူ၏လျှာပင်။
“အဆင့်လွန်ကျွမ်းကျင်နယ်ပယ် နတ်ငှက်တွေနဲ့ တိုက်တန်မြွေတွေက ဒီလိုမျိုးပဲ အစားခံလိုက်ရတာလား” အဖိုး ၁၅ ပင် အေးခဲသွားလေသည်။
ရှီဟောင်၏ မျက်လုံးများ အရောင်တောက်ပလာသည်။ သူထင်ထားသည့်အတိုင်းပင်။
” ဒီဖားပြုတ်ကြီးက နတ်မီးတောက်နယ်ပယ်ကိုတောင် ကျော်နေပြီ .. လျှို့ဝှက်နယ်မြေက သူ့ရဲ့အဆင့်တွေကို မဖိနှိပ်ထားဘူးပဲ”
အချိန်များကုန်လွန်လာသည်နှင့်အမျှ မူလကောင်းကင်လျှို့ဝှက်နယ်မြေ၏ သဘာဝဥပဒေသများမှာ စွမ်းအားကြီးသည့်သူများကို ခွင့်ပြုလာသည်ဟု ရှီဟောင် ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် တောင်တန်းများနှင့် ရေကန်များတွင် ကြောက်စရာကောင်းသည့်သက်ရှိများ၏ အော်ရာများကို ခံစားမိသော်လည်း ထိုအော်ရာများမှာ အချိန်တစ်ခဏအတွင်းမှာပင် ကွယ်ပျောက်သွားလေ၏။
“အဲဒါဆိုရင်တော့ ကျွန်တော်တို့ ဒီကမ္ဘာလေးထဲကနေ မထွက်ပဲနဲ့ ဒီမှာပဲ ကျင့်ကြံနေသင့်တယ် .. ကျွန်တော်တို့ စွမ်းအားကြီးပြီဆိုတော့မှ ထွက်သွားဖို့နည်းလမ်းကို ရှာသင့်တယ်” ရှီဟောင် ပြောလိုက်သည်။
ဤနေရာတွင် မြင့်မြတ်ဆေးပင်များ၊ ရှေးပိုးကောင်းများနှင့် နတ်သတ္တုတွင်းများ ရှိနေသည်။ ဤနေရာတွင်ရှိနေသော ဝိဉာဉ်စွမ်းအားများမှာ အပြင်ကမ္ဘာထက်ပင် ပို၍ ပေါကြွယ်ဝလှပြီး ဂိုဏ်းခေါင်းဆောင်များ လိုက်နှောက်ယှက်မည်ကို မစိုးရိမ်ရသောကြောင့် အလွန်ပင် လုံခြုံလှ၏။
နတ်ဆိုးသွေးတစ္ဆေသစ်ပင်ကို မြင်ကတည်းက သူ သတိထားမိခဲ့ခြင်းပင်။ ထိုအပင်၏ ကျင့်ကြံခြင်းနယ်ပယ်မှာ မူလကောင်းကင်လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေသည်ဟု သူ ခံစားလိုက်ရသည်။
“အဖိုး မသေချာဘူး” မိစ္ဆာနတ်ဘုရားမှာ ခေါင်းခါလိုက်သည်။ သူတို့၏ မူလအစီအစဉ်အတိုင်း သူတို့သည် ဝိဉာဉ်ဆေးပင်မျိုးစုံနှင့် ငွေရောင်ပိုးကောင်များ၊ ရွှေရောင်ကင်းမြှီးကောက်နှင့် အခြားရှေးပိုးကောင်များအား လိုက်လံစုဆောင်းနေခြင်းပင်။
ထိုအရာအားလုံးမှာ အဖိုးတန်ဆေးဖော်စပ်ရန်အတွက် လိုအပ်သည့်ရှားပါးပစ္စည်းများပင်။ သူတို့ မြေးအဖိုး ဤပစ္စည်းများကို လိုအပ်သည်။
ရှီဟောင်၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်ထဲတွင် ဆေးပင်များ တောင်ပုံရာပုံရှိနေသကဲ့သို့ အိုးထဲတွင်လည်း ထူးဆန်းသည့်ပိုးကောင်များနှင့်ပြည့်နေလေ၏။ ထိုအရာများအပြင် တောက်ပနေသည့် နတ်သတ္တုများနှင့် အခြားအရာများလည်း ရှိနေသေးသည်။
ထို့ကြောင့်ပင် သူတို့ အပြင်မထွက်ချင်ခြင်းပင်။
ထို့နောက်တွင် သူတို့သည် ကန်များစွာ ရှိနေသည့်နေရာသို့ ရောက်လာကြလေ၏။ ထိုနေရာတွင် ရှေးဟောင်းအကြွင်းအကျန်များစွာကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်စရာကောင်းသည့်သတင်းကိုလည်း ကြားလိုက်ရသည်။
အစောပိုင်းက ပေါ်လာခဲ့သော အရိုးသင်္ကေတမှာ အတုဖြစ်သည် ဟူသော သတင်းပင်။
လူအချို့မှာ ထိုနေရာတွင်ပင် နေခဲ့လေသည်။ ပျက်စီးနေသည့်တောင်များနှင့် ခန်းခြောက်နေသည့် ကန်များအတွင်းတွင် ပျက်စီးနေသည့် လက်နက်များနှင့် နတ်ပစ္စည်းများ ရှိနေတတ်သောကြောင့်ပင်။
“အံ့ဩဖို့ကောင်းလိုက်တာ .. ထူးခြားပါရမီရှိတဲ့သူအချို့ ဒဏ်ရာရသွားကြပေမယ့် ဘယ်သူမှတော့ မသေဘူး”
အချို့သူများမှာ တမင်သက်သက်ပင် ကောလဟာလဖြန့်ကာ အရိုးသင်္ကေတအတုကို ဖန်တီးကာ ထူးခြားပါရမီရှိသူများ တိုက်ခိုက်လာအောင် ပြုလုပ်ခြင်းပင်။
သူတို့၏ တွက်ချက်မှုအရဆိုလျှင် ပုန်းကွယ်နေသည့် ထောင်ချောက်ဆင်လိုက်သည့်သူမှာ ထာဝရနန်းတော်မှ သခင်လေးနှင့် ပုခုံးပေါ်တွင် ရွှေရောင်မီးအိမ်ရှိနေသည့်သူတို့ တိုက်ခိုက်ရန် ထိုကဲ့သို့ လုပ်လိုက်ခြင်းပင်။
ထိုပုန်းနေသည့်သူမှာ ထိုသူနှစ်ယောက်ကို ကြောက်ရွံ့နေပြီး သူတို့အချင်းချင်း တိုက်ခိုက်စေလိုခြင်းဖြစ်ပြီး သူတို့နှစ်ဘက်လုံး ဒဏ်ရာရစေခြင်းပင်။
သို့သော် ထာဝရနန်းတော်မှ သခင်လေးနှင့် ပုခုံးထက်တွင်ရွှေရောင်မီးအိမ်ရှိသောသူတို့မှာ သူတို့ကိုယ်စီ၏ ပြင်းထန်သည့်တိုက်ပွဲကို အဆုံးမသတ်နိုင်ကြပေ။ နောက်ဆုံးတွင် သူတို့သည် ကွဲကွာသွားကြပြီး အခြားအရာများနောက်သာ လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
အဆုံးသတ်တွင် အခြား ထူးခြားပါရမီရှိသူများကြားတွင် သွေးတိုက်ပွဲဖြစ်ပွားခဲ့ပြီး အချို့သူများမှာ ပြင်းထန်စွာပင် ဒဏ်ရာရခဲ့ကြ၏။ အချို့သူများမှာလည်း အသက်ကယ်သင်္ကေတအား အသုံးပြုလိုက်ကြလေသည်။
“ဒါက တော်တော်လေးကို သစ္စာမဲ့တာပဲ” ရှီဟောင် ပြောလိုက်သည်။
“အဖိုးတို့တွေ ပိုပြီးတော့ ဂရုစိုက်ရတော့မယ်” အဖိုး ၁၅ ခေါင်းညိမ့်ကာ ပြောလိုက်သည်။ သူတို့နှစ်ယောက်ပေါင်းလျှင် မည်သည့်အန္တရာယ်မှ ကြောက်စရာမရှိသော်လည်း သူတို့ သတိမထားနိုင်သည့် အခြားနည်းလမ်းများ ရှိနေသေးသည်။
မည်သူက ဤထောင်ချောက်ဆင်သလဲဟု ဆွေးနွေးနေကြသော်လည်း ယခုအချိန်တွင် မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
ဤသည်မှာ ထာဝရနန်းတော်မှ သခင်လေးနှင့် ပုခုံးထက်တွင် ရွှေရောင်မီးအိမ်ရှိသည့်လူငယ်လေးတို့မှာ သူတို့၏ပြိုင်ဘက်များကို ရှင်းပစ်ရန်အတွက် သူတို့ကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း အချို့သူများ ထင်နေကြသည်။
ဤသည်မှာ ထူးခြားပါရမီရှိသူများနှင့် အမှန်တကယ်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ခြင်းဟုလည်း ပြောကြသည်။ အဘယ်ကြောင့်ဆိုသော် ထူးခြားပါရမီရှိသူအချို့မှာ သူတို့၏ အသက်ကယ်သင်္ကေတကို အသုံးပြုပြီးသွားပြီဖြစ်သောကြောင့် သူတို့သာ လျှို့ဝှက်နယ်မြေထဲသို့ နောက်တစ်ကြိမ်ဝင်လာပြီး ထပ်သေပါက သူတို့အမှန်တကယ်ပင် သေဆုံးသွားလိမ့်မည်။
အချို့သူများမှာ လျှို့ဝှက်နယ်မြေတွင်ရှိနေသည့်သူများ လုပ်သည်ဟုလည်း ပြောကြလေသည်။
“ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ .. ကျွန်တော်တို့ မကြောက်ဘူး” ရှီဟောင် ပြောလိုက်၏။
နောက် နှစ်ရက်ကြာပြီးသည့်နောက်တွင် အရိုးသင်္ကေတ ၆ ခု ၇ ခုခန့် တစ်ပြိုင်တည်းပေါ်လာလေသည်။ ဤသည်မှာ အခြားသူများအား ဆွံ့အသွားစေကာ တိုက်ပွဲကြီးလည်း ဖြစ်ပေါ်လာလေ၏။
ရှီဟောင်နှင့် မိစ္ဆာနတ်ဘုရားတို့မှာ ရှေးဟောင်းမြေထဲသို့ ဝင်ကာ ရွှေရောင်သွေးဆေး မြင့်မြတ်ဆေးပင်များကို ခူးနေသောကြောင့် သူတို့ ဤအခွင့်အရေးကို လွတ်သွားသောကြောင့် အလွန်ပင် နောင်တရနေကြလေသည်။
ထိုအပင်မှာ တစ်မီတာခန့်ရှိပြီး တစ်ပင်လုံး ရွှေရောင်ပင်ဖြစ်ကာ အရွက်များစွာရှိသည့်အပင်ပင်။ ဤသည်မှာ ဗာဂျရာဆေး သို့မဟုတ် မသေဆုံးနိုင်သည့်ရွှေရောင်ခန္ဓာကိုယ်ဆေးဖော်သည့်အချိန်တွင် လိုအပ်သည့်အဓိကဆေးပင်တစ်မျိုးပင်။
ပို၍အရေးကြီးသည်မှာ ထိုအပင်ကို ကျောက်တုံးကျေးရွာ၏ ဆေးဖော်စပ်နည်းတွင် အသုံးပြုပါက သူ၏တန်ဖိုးမှာ ပို၍ပင် မြှင့်တက်သွားလိမ့်မည်။
“ကျွန်တော်တို့ အရိုးသင်္ကေတနဲ့ လွဲသွားပေမယ့် အနည်းဆုံးတော့ အမွေတွေဘယ်မှာရှိသလဲဆိုတာ ဘယ်သူမှ မတွေ့သေးဘူးဆိုတော့ ဘယ်သူမှ မဝင်နိုင်သေးဘူး” ရှီဟောင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
“အခွင့်အရေးတွေ ရလာမှာပါ” မိစ္ဆာနတ်ဘုရားမှ ပြောလိုက်သည်။
မြေးအဖိုးနှစ်ယောက်တိုင်ပင်ပြီးနောက်တွင် စတင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။
“သွေးအစစ် ပေါ်လာပြီ”
“မူလကောင်းကင်အဆင့်လွန်လူသားရဲ့ အဖိုးတန်သွေးပေါ်လာပြီ”
ထိုအချိန်တွင် အားလုံးကို ထိတ်လန့်သွားစေသည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။
ကန်များ၏အတွင်းပိုင်းမှ သွေးနီရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့တက်သွားလေသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်အဖိုးတန်သွေးကန်ရှိနေသလားဟု လူများကို သံသယဝင်စေသည်။
အမွေအနှစ်နယ်မြေသို့ ဝင်ရောက်လိုပါက ထာဝရရေကန်မှ ဝင်ရမည်ဟု ကောလဟာလများရှိလေသည်။ ထိုနေရာမှာ အဆင့်လွန်လူသားပြန်လည်မွေးဖွားသည့် နေရာပင်။
ယနေ့တွင် သွေးနီရောင်အလင်းတန်း ကောင်းကင်ထက်သို့ တက်သွားသောကြောင့် ဤသည်မှာ လူအချို့က ထိုနေရာကို ရှာတွေ့ပြီး အဖိုးတန်မြေအား ဖွင့်တော့မည်ဟု ဆိုလိုခြင်းပင်။
ထိုစကားကိုကြားလိုက်သည်နှင့် လူများစွာမှာ ထိုနေရာသို့ အပြေးလေး ရောက်သွားကြလေသည်။
သူတို့မြေးအဖိုးရောက်သွားသည့်အချိန်တွင် လူတော်တော်များများ အထဲဝင်သွားလေပြီ။ ထာဝရမြူများ ဝေ့ဝိုက်နေသည့် ကန်ထဲတွင် ကျွန်းတစ်ကျွန်းရှိလေသည်။ ထိုနေရာတွင် အလင်းရောင်ထုတ်လွှတ်နေသည့် သွေးစွမ်းအင်ရှိနေသည့်အပြင် တောက်ပနေသည့် ဂိတ်ပေါက်ဝတစ်ခုလည်း ရှိနေသည်။
“အမွေအနှစ်နယ်မြေ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ကျွန်တော်တို့တွေးနေသလိုမျိုး တစ်ယောက်ယောက်က တွေးမနေလောက်ဘူးမလား” ရှီဟောင် သူ့ကိုယ်သူပြောလိုက်ကာ မိစ္ဆာနတ်ဘုရားအား ကြည့်လိုက်လေသည်။
“သွေးစွမ်းအင်က အစစ်ပဲ” တစ်စုံတစ်ယောက်သည် သလင်းကျောက်အပိုင်းအစကို သတိပြုမိသွားကာ အော်ဟစ်လိုက်သည်။ ထိုကျောက်ထဲတွင် သွေးအစစ်တစ်စက် ရှိနေပြီး ဂိတ်ရှေ့တွင် ရောင်စုံအလင်းများ တောက်ပနေသည့် အခြားသလင်းကျောက်များလည်း ရှိနေလေသည်။
လူများစွာ၏ မျက်လုံးများမှာ ချက်ချင်းပင်နီရဲလာကာ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားကြလေ၏။
ထူးခြားပါရမီရှိသူနှစ်ယောက်မှာ အမြန်ဆုံးပင်။ သူတို့သည် သလင်းကျောက်များစွာကို သိမ်းပိုက်လိုက်ပြီး ချက်ချင်းပင် အလင်းဂိတ်အတွင်းသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။
“အာ .. သူတို့တွေက အရိုးသင်္ကေတကို ရသွားတဲ့သူတွေပဲ .. သူတို့ အမွေဆက်ခံတဲ့နယ်မြေကို ဝင်သွားပြီ”
ရုတ်တရက်ပင် ကျွန်းတစ်ခုလုံး တောက်ပလာကာ သင်္ကေတများမှာ သိပ်သည်းစွာပင် အရာအားလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ထက်တွင် သတ်ဖြတ်လိုသည့်အငွေအသက်များ ထွက်ပေါ်လာပြီး ဂိတ်ပေါက်မှ ထွက်လာလေသည်။
ဖိန်းကျွန်းပေါ်တွင် လူဆယ်ယောက်ကျော်မှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး သွေးစွန်းနေသည့်အရိုးဖြူများမှာ နေရာအနှံ့သို့ လွင့်ထွက်သွားလေ၏။
ထို့အပြင် လူအချို့လည်း ပြင်းထန်စွာပင် ဒဏ်ရာရသွားပြီး လျင်မြန်စွာပင် နောက်ဆုတ်သွားကြကာ ကျွန်း၏အဝေးတွင် နေလိုက်ကြသည်။
အားလုံးဆွံ့အသွားကြလေသည်။ အမွေဆက်ခံသည့်နယ်မြေကို ဖွင့်ခြင်းမှာ အဘယ်ကြောင့် ဤမျှ အန္တရာယ်များရသနည်း .. အပြင်ဘက်တွင်ရှိနေသည့်လူများကိုပင် ထိခိုက်စေသောကြောင့် အားလုံး တုန်လှုပ်သွားကြသည်။
“သွားကြည့်ရအောင်”
အားလုံးအနောက်ပြန်ဆုတ်လာသည့်အချိန်တွင် ရှီဟောင်သည် ကောင်းကင်လမ်းကြောင်းကိုဖွင့်လိုက်ပြီး မိစ္ဆာနတ်ဘုရားသည်လည်း အဖြူအမဲစွမ်းအင်များဖြင့် သူ၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်ကာ သင်္ကေတများအားနည်းနေသည့်အချိန်တွင် ကျွန်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ထိုအလင်းဂိတ်ပေါက်နားသို့ ရောက်သွားသည်နှင့် အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းကို သူတို့မြင်လိုက်ရသည်။ ထိုနေရာတွင် ထိတ်လန့်စရာကောင်းသည့် သတ်ဖြတ်ခြင်းအစီအရင်ရှိနေပြီး ထူးခြားပါရမီရှိသူနှစ်ယောက်ထဲမှ တစ်ယောက်မှာ ထိုနေရာတွင် သေဆုံးသွားပြီး ကျန်သည့်တစ်ယောက်မှာလည်း ပြင်းထန်စွာပင် ဒဏ်ရာရထားလေသည်။
ဒုတိယတစ်ယောက်မှာ နည်းနည်းနောက်ကျမှ ဝင်သွားသောကြောင့်သာ မသေခြင်းပင်။ သူသည် ခက်ခဲစွာပင် အနောက်ပြန်ဆုတ်လာပြီး သူ၏မျက်နှာမှာလည်း ဖြူဖျော့နေလေ၏။
ထိုအချိန်တွင် ဂိတ်တံခါးပေါက်တွင် အသက် ၁၆ ၁၇ နှစ်ခန့်ရှိသည့်လူငယ်လေးတစ်ယောက်ထွက်ပေါ်လာကာ သေသွားသည့် ပထမထူးခြားပါရမီရှိသူမှ ကျန်ခဲ့သည့် ‘အရိုးသင်္ကေတ’ အား ပျော်ရွှင်စွာပင် ကောက်ယူလိုက်ကာ သူ၏အင်္ကျီလက်ထဲသို့ ထည့်လိုက်သည်။
ရှီဟောင်နှင့် မိစ္ဆာနတ်ဘုရားတို့ ခပ်ဝေးဝေးတွင် ပုန်းလိုက်ကြသည်။ သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ထိတ်လန့်နေကြလေ၏။ ဒါတွေအားလုံးကို ဒီလူငယ်လေး လုပ်လိုက်တာလား..
“ဝူး .. နောက်ဆုံးတော့ ငါ အရိုးသင်္ကေတရပြီ” ထိုလူငယ်လေးမှာ ရှီဟောင်နှင့် အသက်တူတူလောက်ပင်ဖြစ်ပြီး သိမ်မွေ့သော မျက်နှာရှိလေသည်။
“မင်းက..” အလင်းဂိတ်ပေါက်ဝမှ ထွက်လာသည့် ဒုတိယထူးခြားပါရမီရှိသူမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် နားမလည်နိုင်ဖြစ်သွားရသည်။ သူနဲ့သေသွားတဲ့ တစ်ယောက်က အကွက်ချခံလိုက်ရတာလား…
ဤသည်မှာ အရိုးသင်္ကေတကို ရယူရန်အတွက် တစ်စုံတစ်ယောက်မှ တမင်သက်သက်ဆင်ထားသည့် ထောင်ချောက်ပင်။
“ငါမင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်” သူသည် ကလန်တစ်ခုမှ အဆင့်လွန်လူငယ်တစ်ယောက်ဖြစ်သော်လည်း တစ်စုံတစ်ယောက်၏ ထောင်ချောက်ဆင်ခြင်းခံရကာ သေမလိုပင်ဖြစ်သွားသောကြောင့် ဤသည်မှာ အရှက်ခွဲခံရခြင်းတစ်မျိုးပင်။
ထိုလူငယ်လေး၏ မျက်နှာမှာ အလွန်ပင် လုံးဝန်းကာ ဝဝကစ်ကစ်လေးဖြင့်ပင်။ ယခုအချိန်တွင် သူ၏မျက်နှာမှာ အနည်းငယ် နီရဲနေပြီး “တောင်းပန်ပါတယ် .. တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး”
“မင်း သွားသေလိုက်တော့” ဒုတိယထူးခြားပါရမီရှိသူမှ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“အဲဒါဆိုရင်တော့ ခင်ဗျားရဲ့လမ်းကို ပို့ပေးပါ့မယ်” လူငယ်လေးမှ နူးညံ့စွာပင် ပြောလိုက်ပြီး သူ၏မျက်လုံးများမှာ တောက်ပနေလေ၏။ သူအရှေ့ဘက်သို့ လျှောက်လာလိုက်သည်။
ရုတ်တရက်ပင် သူ နောက်တစ်ကြိမ်ရပ်တန့်လိုက်၏။ ရှီဟောင်ရှိနေသည့် နေရာသို့ ကြည့်လိုက်ကာ သတိထားသည့်အကြည့်တို့ဖြစ်သွားကာ သူ၏မျက်နှာထက်တွင်ချိုမြိန်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာကာ “အစ်ကို ကျွန်တော်တို့ ခွဲယူကြရင်ရော .. ကျွန်တော်အစ်ကိုတို့ကို တစ်ခြားအရိုးသင်္ကေတတွေပေးမယ်လေ”
ပြောပြီးသည်နှင့် သူလှည့်ထွက်သွားလိုက်ပြီး သူလုပ်ထားသည့်ရွှေ့ပြောင်းအစီအရင်ထဲသို့ ဝင်သွားလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
“ဒီကောင်လေးက တော်တော်စူးရှတာပဲ ..သူက အရမ်းသတိကြီးတယ်”
ရှီဟောင်မှာ ဆွံ့အနေလေ၏။
ရှီဟောင်သည်လည်း ထောင်ချောက်ဆင်ပြီး အရိုးသင်္ကေတကို ရယူရန် မိစ္ဆာနတ်ဘုရားနှင့် တိုင်ပင်ထားလေသည်။ သူတို့ဆွေးနွေးပြီးသွားသည့်အချိန်တွင် အဆင့်လွန်သွေးထွက်လာပြီဟူသော သတင်းထွက်လာခြင်းပင်။
ဤနယ်မြေမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ ပြိုင်ပွဲများမှာ ပြင်းထန်လာပြီး နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် အသက်သေဆုံးသွားလိမ့်မည်။ ယခုအချိန်တွင် အခွင့်အရေးများ ပိုရရန်အတွက် အားလုံးမှာ နည်းလမ်းပေါင်းစုံ ထုတ်သုံးနေလေပြီ။
“ဒါလည်းကောင်းတာပဲ” ရှီဟောင်မှာ ကြောက်ရွံ့ခြင်းမရှိပဲ သူ၏မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ ထူးခြားပါရမီရှိသူများကြားမှ တိုက်ပွဲဖြစ်ပြီး ဤကဲ့သို့သော အားလုံး တစ်ပြိုင်တည်း တိုက်ခိုက်မှသာလျှင် တက်ကြွလာကြလိမ့်မည်။
“မင်းတို့အားလုံး ငါ့ဆီကို လာလို့ရတယ် .. ငါ တိုက်ပွဲကောင်းကောင်းကို တိုက်ချင်နေတာ” ရှီဟောင်သည် ဖြူဖွေးနေသည့်သွားများ ပေါ်လာသည်အထိ ပြုံးရယ်လိုက်လေသည်။