သုခကမ္ဘာက ရှီဟောင် - Chapter - 858 ထာဝရဘုရင်၏ အချုပ်အနှောင်ကိုးခု
သွေးစက်များမှာ စိန်တုံးများကဲ့သို့ပင် တောက်ပနေ၏။ သူ၏လက်နှစ်ဘက်လုံးမှာ စုတ်ပြတ်နေလေပြီ။ သူ၏လက်အရိုးများ၌ အက်ရာများပင် ထင်နေ၏။
ထာဝရနန်းတော်မှ သခင်လေး၏ လက်သီးများလည်း ပြေလျော့သွားသည်။ သူ၏လက်သည်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ ငွေရောင်အလင်းတန်းရှိသည့် သွေးများစီးကျလာလေသည်။ ထိုသွေးမှာ ထူးဆန်းကာ ကြောက်စရာကောင်းသည့်စွမ်းအားကို ပိုင်ဆိုင်ထားလေ၏။
အချိန်နှင့်အမျှ သူ၏သွေးမှ ငွေရောင်အလင်းများ ပေါ်လာကာ သိပ်သည်းသည့် ဝိဉာဉ်စွမ်းအားမှာ ထာဝရမြူကဲ့သို့ပင် လေထဲ၌ ထွက်ပေါ်လာသည်။ ထိုစွမ်းအားလှိုင်းမှာ အခြားသူများကို တုန်လှုပ်စေလေ၏။
ဒါက ဘာကြီးလဲ .. အားလုံး ထိတ်လန့်သွားရသည်။
ထာဝရနန်းတော်မှ လူများထံတွင် ‘ထာဝရသွေး’ ရှိသည်ဟူသော ကောလဟာလများ ရှိခဲ့လေသည်။
“ငါ့ရဲ့သွေးက လွယ်လွယ်နဲ့ ထွက်လာမှာမဟုတ်ဘူး” ထာဝရနန်းတော်သခင်လေးမှ ပြောလိုက်သည်။
သူသည် လေဟာနယ်ထဲတွင် ရပ်နေကာ သူ၏အနားတွင် တောက်ပသည့်သင်္ကေတများ ရစ်ပတ်နေလေ၏။ စီးကျလာသည့်သွေးစက်များမှာ မသေဆုံးနိုင်သည့်အသက်ဓာတ်အော်ရာကို ထုတ်လွှတ်နေလေသည်။
ထို့နောက်တွင် တစ်ခဏအတွင်းမှာပင် ရှီဟောင်အား တိုက်ခိုက်လာလေ၏။
သွေးစွမ်းအင်မှ ဖြစ်ပေါ်လာသည့် လူသားပုံစံတွင် ထူးဆန်းသည့်စွမ်းအင်လှိုင်းရှိနေပြီး သူ၏အရိုးများနှင့်သွေးကြောများအားလုံးမှာ သင်္ကေတများမှ ဖြစ်လာခြင်းဖြစ်ပြီး အလွန်ပင် စွမ်းအားကြီးလှသည်။
“ဖိနှိပ်ပြီးသတ်” ထာဝရနန်းတော်သခင်လေးမှ ပြောလိုက်သည်။ ဤသည်မှာ လူတိုင်းပြောနေကြသည့် သူ၏သွေးမျိုးဆက် ‘ထာဝရသွေး’ ၏ စွမ်းအားပင်။
ရှီဟောင်သည် ချက်ချင်းပင် သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ကာ ထိုသင်္ကေတများအားနည်းသွားအောင် လုပ်လိုက်သည်။
လေထဲတွင် ကျယ်လောင်လှသည့်အသံတစ်သံထွက်ပေါ်လာပြီး ထိုလူသားပုံစံသက်ရှိ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သင်္ကေတမီးတောက်များ ဖြစ်ပေါ်လာ၏။ ကောင်းကင်ကိုပင်လွှမ်းခြုံသွားသည့်အော်ရာထွက်ပေါ်လာကာ ကောင်းကင်လမ်းကြောင်းအား လာရောက်ရိုက်ခတ်လေသည်။
“ငါ့အတွက် ဖျက်ပေး”
ထာဝရနန်းတော်သခင်လေးမှ အော်ဟစ်လိုက်ကာ လေဟာနယ်ရဲဒင်းအား ပစ်လွှတ်လိုက်၏။ ထိုရဲဒင်းမှာ ကောင်းကင်ဘုံကိုးခုကို ဖြတ်သွားသည့်သက်တံ့ကဲ့သို့ပင် ကောင်းကင်လမ်းကြောင်းအား ဖြတ်သွားလေသည်။
ဤတိုက်ခိုက်မှုမှာ ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းအား တိုက်ခိုက်ပြီး သူ့အား သေစေလိုခြင်းပင်။
ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းတောက်ပလာကာ ထိုနေရာအား ချိတ်ပိတ်လိုက်သည်။ ဤနေရာမှ အပြင်ဘက်ကမ္ဘာနှင့်မသက်ဆိုင်သည့် သီးသန့်နေရာတစ်ခုကဲ့သို့ ဖြစ်သွားလေသည်။
အိုးအဖုံးလည်း သွေးနီရောင်တောက်ပလာကာ ဖီးနစ်အစစ်မှာ အော်ဟစ်လိုက်ပြီး သူ၏အတောင်ပံကို လှုပ်ခတ်ကာ ရဲဒင်းကို တားဆီးလိုက်လေသည်။ သူတို့နှစ်ဦးမှာ တစ်ခဏတာ ရပ်တန့်သွားကြလေ၏။
အားလုံးအံ့အားသင့်သွားရ၏။ ရှီဟောင်၏ ခန္ဓာကိုယ်အနားတွင်ရှိနေသည့်အလင်းလုံးမှာ အလွန်ပင်တောက်ပလှပြီး သူ၏ ခုခံနိုင်စွမ်းမှာလည်း အလွန်ပင်မြင့်မားလှသည်။ ထိုအိုးအဖုံးနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ဤကဲ့သို့သော တိုက်ခိုက်မှုကို တားဆီးနိုင်သွားသည်။
ဤသွေးမှာ သာမန်သွေးမဟုတ် ‘ထာဝရသွေး’ ပင်။
ထာဝရနန်းတော်မှ လူများ၏ သွေးကို ထိ၍မရဟု ဒဏ္ဍာရီရှိလေသည်။ သူတို့သွေးကို ထိသည်နှင့် ချက်ချင်းပင် ပြာအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။ မဟုတ်လျှင်ပင် သူတို့၏ ကျင့်ကြံဆင့်နှင့် သင်္ကေတများ ပျောက်ကွယ်သွားလိမ့်မည်။
“ငါ့သွေးက သိပ်မသန့်သေးဘူးပဲ .. ငါ ထပ်ပြီးတော့သန့်စင်ဖို့လိုသေးတာပဲ” ထာဝရနန်းတော်သခင်လေးမှ နူးညံ့စွာ ပြောလိုက်၏။
ထိုသို့ဆိုသော်လည်း ဤလောက်သည် လုံလောက်ပြီဟု သူ ခံစားနေရဆဲပင်။ ငွေရောင်မြူထုတ်လွှတ်နေသည့် ထိုပုံရိပ်မှာ သွေးစက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုသွေးစက်များမှာ ငွေရောင်အလင်းတန်းထွက်ပေါ်နေပြီး လေထဲတွင် သိပ်သည်းသည့်ပုံစံတစ်ခုဖြစ်အောင် စီလိုက်ကာ ရှီဟောင်ကို ချိတ်ပိတ်လိုက်လေ၏။
“ထာဝရဘုရင်အချုပ်အနှောင်ကိုးခု” ထာဝရနန်းတော်သခင်လေးမှ အော်လိုက်၏။
ငွေရောင်အလင်းတန်းများ ဝေ့ဝိုက်နေကာ ရွှေရောင်သင်္ကေတအချို့ထွက်ပေါ်လာသည်။ ထာဝရတာအိုစွမ်းအင်လည်း အပြင်ဘက်သို့ ပျံ့နှံ့လာသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။
ထိုအချိန်တွင် စစ်မြေပြင်တွင်ရှိနေသည့်သူများ မပြောနှင့် လူအုပ်ကြီးပင်လျှင် ကြက်သီးထသွားရသည်။ ဤသည်မှာ ထူးဆန်းသည့်စွမ်းအားတစ်ခုပင်ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖွင့်နိုင်သည်။
ဤသည်မှာ ဖျက်ဆီး၍မရနိုင်သည့်လှောင်အိမ်ကြီးပင်။
သွေးစက်တစ်စက်မှာ သင်္ကေတတစ်ခုဖြစ်လာပြီး ထိုသွေးစက်များ ပြောင်းလဲသွားကာ ကြီးမားသည့်လှောင်အိမ်တစ်ခု ဖြစ်လာလေသည်။
“ဟမ် .. ဒီပုံစံက .. ဒါက ရှေးဟောင်းနန်းတော်တစ်ခုပဲ”
အားလုံးမှာ ကြောက်လန့်တကြားအနောက်ဆုတ်သွားကြလေ၏။
ထာဝရနန်းတော်သခင်လေး၏ လက်ထဲတွင် ထိုသင်္ကေတထောင်ချောက်ကို ထိန်းချုပ်နိုင်သည့် တံဆိပ်တစ်ခု ပေါ်လာသည်။
ဤလှောင်အိမ်မှာ ဒဏ္ဍာရီလာကြေးနီနန်းတော်နှင့် တူသည်ကို အမြင်စူးရှသည့် တစ်စုံတစ်ယောက်မှ သတိပြုမိသွားသည်။ ကြေးနီနန်းတော်တစ်ခုကို ဤနေရာတွင် လာဆောက်ထားသကဲ့သို့ပင်။
“ထာဝရနန်းတော်ရဲ့ ထောင်ချောက် .. အရမ်းကြောက်စရာကောင်းတဲ့နည်းလမ်းတွေ” နတ်မီးတောက်ရှိသည့်သူများပင်လျှင် ထိတ်လန့်သည့်ပုံပေါ်လာလေသည်။
ဤလှောင်အိမ်အတွင်းတွင် ပိတ်မိနေသည့်သူများမှာနောက်ဆုံးတွင် သူတို့၏ ခန္ဓာကိုယ်နှင့်တာအိုနှစ်ခုလုံး ကွဲကြေသွားလိမ့်မည်။
“မင်းက မဆိုးပါဘူး .. နှမြောစရာပဲ” ထာဝရနန်းတော်သခင်လေးသည် သင်္ကေတများဖြင့် ဆောက်လုပ်ထားသည့် ကြေးနီးနန်းတော်အားကြည့်ကာ နူးညံ့စွာ ပြောလိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ .. ငါတို့ရဲ့ကျင့်ကြံခြင်းနယ်ပယ်သာ တူနေရင် မင်း ဘာအခွင့်အရေးမှ ရလိုက်မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်၏။
“ကျင့်ကြံဆင့်အတူတူချင်းတိုက်တာလား … ရှေးဟောင်းမျိုးဆက်က တစ်ချို့ ဆက်ခံသူတွေက ငါနဲ့တိုက်လို့ရရင်ရလိမ့်မယ် ဒါပေမဲ့ မင်းကတော့ သူတို့ထဲက မဟုတ်ဘူး” ထာဝရနန်းတော်သခင်လေးမှာ တည်ငြိမ်စွာပင် ပြောလိုက်သည် “မင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေတာပဲ”
လေဟာနယ်ရဲဒင်းမှာ အပေါ်အောက်ရွေ့လျားနေကာ ဆေးလုံးမီးဖိုအား ရပ်တန့်နေသည်။
ငွေရောင်သွေးသင်္ကေတများ တောက်ပနေကာ ရှီဟောင်နှင့် သူ၏ကောင်းကင်လမ်းကြောင်းအား ရစ်ပတ်နေလေ၏။ ကြေးနီနန်းတော်ဖြစ်လာရန်အတွက် သင်္ကေတအားလုံးရောယှက်နေကာ ရှီဟောင်အား ဖိနှိပ်ပြီး ပြန်လည်ပြုပြင်ခြင်းများ လုပ်ဆောင်နေလေသည်။
ထာဝရနန်းတော်သခင်လေး၏ လက်မှ ရှုပ်ထွေးသည့်မှော်တံဆိပ်များ ဆက်တိုက်ပင် ပြုလုပ်နေလေ၏။ ထိုတံဆိပ်များမှာ တာအိုမီးတောက်ဖြစ်လာကာ ထို ‘ကြေးနီနန်းတော်’ အား မီးတောက်အောင်ပြုလုပ်နေသည်။ သူသည် ရှီဟောင်အား ပြာအဖြစ်ပြောင်းလဲရန် လုပ်ဆောင်နေခြင်းပင်။
“ပညာပေါင်းတစ်သောင်းကို ကာကွယ်ခြင်း” ရှီဟောင် နူးညံ့စွာပင် ပြောလိုက်၏။ သူထိုင်ချလိုက်ကာ သူ၏တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်းကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်အား ကာကွယ်လိုက်သည်။
ထို့အပြင် သူသည် မူလရှေးဟောင်းမှတ်တမ်းကို အခြေခံကာ အရိုးစာသားများအား လည်ပတ်နေ၏။ သူသည် ထိုငွေရောင်သွေးစက်များကို စုတ်ယူနိုင်မည့်နည်းလမ်းအား စဉ်းစားနေခြင်းပင်။
အားလုံးဆွံ့အသွားရသည်။ နတ်ဆိုးဘုရင်လူငယ်လေးမှာ သေရေးရှင်ရေးဖြစ်နေသည့်အချိန်မှာပင် အခြားသူ၏ သွေးအစစ်ကို ရနိုင်သည့်နည်းလမ်းကို စဉ်းစားနေသေးသည်။
အခြားတစ်ဖက်မှသူသည် သူ့ထက် ကျင့်ကြံမှုနယ်ပယ်မြင့်သောကြောင့် သူ့ထက် မှော်စွမ်းအားမြင့်မည်ကို သိသည်။ သို့သော် သူ သေချာပေါက် အရှုံးပေးမည်မဟုတ်ပေ။ သူ၏ ပင်ကိုယ်စွမ်းရည်တစ်ခုမှာ ခေါင်းမာခြင်းပင်။ ဤတိုက်ခိုက်မှုကို ခုခံနိုင်ရန် တတ်နိုင်သမျှ ကြိုးစားသွားပြီး တစ်ခြားသူ၏ ရှားပါးသည့် ‘ထာဝရသွေး’ ကိုပင် ယူရန်ကြိုးစားနေခြင်းပင်။
…
“ဘာ .. သူက ထာဝရဘုရင်အချုပ်အနှောင်ကိုးခုကို သုံးတယ်ဟုတ်လား” လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ရှိသူများ ဤအကြောင်းကို သိလိုက်ရသည့်အချိန်တွင် မလန့်သွားသည့်သူ မရှိပေ။ ဂိုဏ်းခေါင်းဆောင်ဟောင်းများပင်လျှင် ထိတ်လန့်သွားကြသည်။
“အဲဒီနတ်ဆိုးဘုရင်လူငယ်လေးက အန္တရာယ်တွေ့နေပြီပဲ .. ဒီကပ်ဆိုးကနေ ကယ်နိုင်ဖို့ သူ့အတွက် ခက်ခဲလိမ့်မယ်” တစ်စုံတစ်ယောက်မှ သက်ပြင်းချပြီး ပြောလိုက်သည်။
“သူ ဒါကို ဖြတ်ကျော်နိုင်ပါ့မလား” အားလုံးမှာ သူ့တို့ဘာသာသူတို့ စဉ်းစားပြီးနောက်ခေါင်းခါလိုက်ကြလေသည်။
…
လျှို့ဝှက်နယ်မြေအတွင်းပိုင်းတွင် လေထုအခြေအနေမှာ တင်းမာနေသည်။ အားလုံးမှာ ဤတိုက်ပွဲအား အနီးကပ်ပင် စောင့်ကြည့်နေကြလေ၏။
မိစ္ဆာနတ်ဘုရားမှာ စိုးရိမ်နေပြီး ရှီဟောင်အား ကူညီပေးချင်သော်လည်း အဆုံးသတ်တွင် ရပ်တန့်လိုက်ရလေသည်။
စုန်းမသည်လည်း စစ်မြေပြင်ကို စိုက်ကြည့်နေပြီး တိတ်ဆိတ်စွာပင် ရေရွတ်လိုက်၏။
“နှမြောစရာပဲ .. ဒီကောင်က မဆိုးဘူး ဒါပေမဲ့ သူ သေခြင်းတရားကနေ ရှောင်လွှဲလို့မရလောက်တော့ဘူး”
“မင်းရဲ့ခန္ဓာကိုယ်က သန်မာပေမဲ့ မင်းရဲ့ မှော်စွမ်းအားနဲ့ သင်္ကေတက သာမန်ပဲ .. ငါတို့ဒီမှာပဲ အဆုံးသတ်ရအောင် .. အဆင့်လွန်လူသားရဲ့အမွေအနှစ်မြေကို ဖွင့်နိုင်ဖို့က အရေးအကြီးဆုံးပဲ … မင်းကိုအရင်ဆုံးဖမ်းထားပြီးတော့ ပြန်ရောက်တော့မှပဲ မင်းနောက်ခံကို စုံစမ်းတော့မယ်” ထာဝရနန်းတော်သခင်လေးမှ ပြောလိုက်၏။ သူဤနေရာတွင် ကြာကြာမနေလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပို၍အရေးကြီးသည့်လုပ်စရာများ ရှိသေးသည်။
ပြောပြီးသည့်နောက်တွင် သူလက်ညှိုးလိုက်သည်နှင့် သင်္ကေတများမှာ ပင်လယ်ကဲ့သို့ပင် ထွက်ပေါ်လာပြီး မီးတောင် ၁၀ လုံးတစ်ပြိုင်နက်တည်းပေါက်ကွဲသွားသကဲ့သို့ပငင် အားလုံးကို ဖုံးလွှမ်းသွားလေသည်။ တောက်ပနေသည့်အလင်းရောင်မှာ အားလုံး၏စိတ်ကို တုန်လှုပ်စေလေသည်။
သင်္ကေတအားလုံးမှာ ရှီဟောင်ကို ဖိနှိပ်ရန်အတွက် လေဟာနယ်ထဲတွင်ရှိနေသည့် ‘ကြေးနီနန်းတော်’ နှင့် ပေါင်းစည်းသွားလေ၏။
ဒါက .. လူတစ်ယောက်ရဲ့ မျက်လုံးပဲ ..
ထိုမျက်လုံးမှ အဆုံးမရှိသည့်ငွေရောင်အလင်းတန်းများထွက်လာပြီး ထိုအလင်းများအားလုံးမှာ ထို’ကြေးနီနန်းတော်’ ထံသို့ တရှိန်ထိုး ဦးတည်သွားကြလေသည်။ တာအိုမီးတောက်များ တောက်ပလာကာ သင်္ကေတများမှာဖြစ်ပေါ်လာသည့် ဤထောင်ချောက်ကို လောင်ကျွမ်းအောင်လုပ်လိုက်သည်။
ထိုအချိန်တွင် စွမ်းအားများမှာ ကောင်းကင်ထက်သို့ပင် လွှမ်းခြုံသွားလေပြီး အလွန်ပင် ကြောက်စရာကောင်းလှသည်။
“ဒီမှာအဆုံးသတ်ရအောင် .. ငါမင်းကို အရင်ဆုံး နတ်ဆိုးချုပ်နှောင်ခြင်းနန်းတော်ထဲမှာ ထားထားလိုက်ဦးမယ်” ထာဝရနန်းတော်သခင်လေးမှ ပြောလိုက်သည်။ သူ၏မျက်လုံးများ တောက်ပလာကာ ထုတ်လွှတ်သည့်သင်္ကေတများလည်း ပို၍များပြားလာ၏။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲ၌ ကြေးနီနန်းတော်တစ်ခု ပေါ်လာလေသည်။
ထိုနန်းတော်မှာ စိမ်းပြာရောင်ရှိပြီး လက်တစ်ဝါးစာထက်ပင် သေးငယ်လေသည်။ ထိုနန်းတော်မှာ သာမန်ပုံစံသာဖြစ်ပြီး အော်ရာတစ်မျိုးလည်း ထုတ်လွှတ်နေလေသည်။ ရှီဟောင် ရပ်နေသည့်နေရာအား ဖိနှိပ်ရန်အတွက် ထိုနန်းတော်အား ပစ်ထုတ်လိုက်လေသည်။ ထိုနန်းတော်မှာ လျင်မြန်စွာပင် ကြီးမားလာပြီး ထိုနေရာတွင် ရှိနေသည့် သင်္ကေတများနှင့် ပေါင်းစပ်သွားလေသည်။
“ဟမ် .. ဒီရှေးနန်းတော်က…”
ရှီဟောင် ထိတ်လန့်သည့်ပုံစံ ဖြစ်သွားလေသည်။ သူထင်ထားသည့်အတိုင်းပင် တစ်ဖက်လူမှာ တိုက်ပွဲကို အဆုံးသတ်ရန်အတွက် သူလျှိုထားသည့်နည်းလမ်းအချို့အား ထုတ်သုံးလာကာ သူ့အားဖိနှိပ်နေလေပြီ။
သူ သက်ပြင်းချလိုက်၏။ သူ၏ဝှက်ဖဲကို မသုံးချင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူများစွာ ရှိနေသည်။ သူ သုံးလိုက်လျှင် နောက်တစ်ကြိမ်အသုံးမဝင်နိုင်တော့ပေ။ ဤနေရာတွင် ထူးခြားပါရမီရှိသူများသာမက နတ်မီးတောက်ရှိသည့်သူများပင် ရှိနေသောကြောင့် ထိုဝှက်ဖဲကို အရေးကြီးသည့်အခြေအနေအတွက် ချန်ထားလိုသည်။
“အခုက နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် ပွဲပဲ” သူ နူးညံ့စွာ ပြောလိုက်သည်။
ဝုန်းဟူသော အသံနှင့်အတူ ရှီဟောင်သည် ဆေးလုံးမီးဖိုကို အသက်သွင်းလိုက်ပြီး လေဟာနယ်ရဲဒင်းအား တိုက်ခိုက်လိုက်၏။ ထို့နောက်တွင် သူသည် အရှေ့တွင်ရှိနေသည့် ကြေးနီနန်းတော်နှင့် တိုက်ရိုက်ပင် မျက်နှာချင်းဆိုင်လိုက်သည်။
ထို့နောက်တွင် သူဘေးဘက်သို့ရှောင်လိုက်ကာ ‘ကောင်းကင်မြစ်ရေ’ ကို လောင်းချလိုက်သည်။ အလွန်ဖြုန်းတီးရာကျသွားမည်စိုးသောကြောင့် သူအကုန်မသုံးပေ။ ထို့နောက်တွင် သူ အိုးဖင်ကို ရိုက်လိုက်သည်နှင့် သင်္ကေတများထွက်ကျလာကာ အိုးထဲမှ မြေကြီးရောင်အလင်းတန်း ထွက်ပေါ်လာသည်။ မြေကြီးအနည်းငယ်လည်း ထွက်လာလေ၏။
ဤသည်မှာ ထာဝရအုတ်ဂူမှ မြေကြီးပင်။ ထိုမြေကြီးမှာ အတော်ထူးဆန်းလေ၏။ သူသည် ကောင်းကင်မြစ်နှင့်ရောမသွားပေ။ သူသည် အိုးအောက်ခြေတွင်ရှိနေသောကြောင့် ရှီဟောင်ရိုက်ထုတ်မှသာ ထွက်လာခြင်းပင်။
ထိုမြေကြီးတွင် အံ့အားသင့်စရာကောင်းသည့်လျှပ်စီးစွမ်းအားနှင့်အတူ ကျိန်စာစွမ်အားလည်း ပါရှိနေသည်။ ထိုမြေကြီးများသည် လေဟာနယ်ထဲတွင်ရှိနေသည့် ငွေရောင်သွေးစက်များနှင့်ထိမိသည်နှင့် ထိုသွေးစက်များကို စုတ်ယူသွားလေသည်။
“အမ်..” ထာဝရနန်းတော်သခင်လေး ထိတ်လန့်သွားရ၏။ ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်းမှ မွေးရာပါပစ္စည်းတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် အဝါရောင်မြေကြီးနှင့် ပေါင်းစပ်သွားနေလေသည်။
“ဖိနှိပ်မယ်” သူကျယ်လောင်စွာပင် အော်ဟစ်ကာ ကြေးနီနန်းတော်အား အသက်သွင်းလိုက်ပြီး အောက်ဘက်သို့ ပစ်ချလိုက်သည်။ သူသည် ရဲဒင်းဖြင့်လည်း အောက်ဘက်သို့ တိုက်ခိုက်လိုက်၏။
“ဖွင့်မယ်”
တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း ကျယ်လောင်စွာ အော်ဟစ်ကာ ဆေးလုံးမီးဖိုအားအသက်သွင်းလိုက်သည်။
ဝုန်း..
ကမ္ဘာကြီးကို လျှပ်စီးများ ဖုံးလွှမ်းသွားကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာကာ ကောင်းကင်ကြီးတစ်ခုလုံး လျှပ်စီးများပြည့်နှက်သွားလေသည်။
လျှပ်စီးစွမ်းအားမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ကြောက်စရာကောင်းလွန်ပြီး ထိုလျှပ်စီးတွင် ထူးဆန်းကာ ကြောက်စရာကောင်းသည့် ကျိန်စာစွမ်းအားလည်း ပါရှိနေသည်။