သုခကမ္ဘာက ရှီဟောင် - Chapter - 867 အကျိုးမရှိပဲ အခြားသူအား ဒုက္ခပေးခြင်း
ခွန်အားအကြီးဆုံးဖြစ်သည့်သူများမှာ တောင်များပေါ်သို့ တက်သွားကြလေ၏။ သူတို့သည် နန်းတော်ကြီးကိုးခုထဲသို့ ဝင်သွားလိုက်ကြသည်။
နန်းတော်ကြီးမှာ ရိုးရှင်းလှပြီး နန်းတော်နံရံများဖြစ်စေ တိုင်လုံးကြီးများဖြစ်စေ အရာအားလုံးတွင် အရိုးစာသားများနှင့် အဆင့်လွန်လူသား၏အမြင်ကို ရေးထိုးထားလေသည်။
ထိုအရာများမှာ ရှီဟောင်အတွက်သာမက အားလုံးအတွက် အဖိုးတန်သည့်စာများပင်။ အဆင့်လွန်လူသား၏ နားလည်မှုများနှင့် သူလေ့လာခဲ့သည့်အရာအားလုံး၏ အပိုင်းသေးသေးလေးကိုပင် ရယူနိုင်ပါက အဖိုးမဖြတ်နိုင်သည့်ရတနာပင်။
နန်းတော်ကြီးထဲသို့ ဝင်ရောက်သွားသည့်သူများအားလုံးမှာ ပျော်ရွှင်သည့်အမူအရာများရှိနေကြပြီး သူတို့သည် များစွာသော အကျိုးကျေးဇူးများ ရရှိကြလေ၏။
တောင်ကိုးလုံးစလုံးမှာ တိတ်ဆိတ်သွားလေပြီ။ နန်းတော်ကိုဝင်ပြီးသည့်နောက်တွင် အားလုံးမှာ တရားထိုင်လိုက်ကြပြီး ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာသည့် စာများကို လေ့လာကာ နားလည်အောင် ပြုလုပ်နေကြသည်။
ရှီဟောင်သည် ထိုစာများကို သေချာဖတ်ပြီး သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်မှ အဆင့်လွန်ကျွမ်းကျင်ဆင့်နယ်ပယ်အထိ ချောမွေ့စွာပင် ရောက်နိုင်ခဲ့သည်။ သို့သော် သူ နတ်မီးတောက်နယ်ပယ်သို့ ရောက်သည့်အချိန်တွင် ရုတ်တရက်ရပ်တန့်လိုက်ရသည်။ ထိုနေရာတွင် ဘာမှ မရှိတော့ပေ။
“မဟုတ်သေးဘူး .. ရွှေရောင်ဆင်နဲ့ ကျောက်စိမ်းရှိခိုးကောင်တောင်မှ လေ့လာနေတုန်းပဲကို .. သူတို့နဲ့ နတ်မီးတောက်တွေလည်း တောက်လောင်နေတာ .. သူတို့ နတ်မီးတောက်အပိုင်းကို ရလိုက်တာ သေချာတယ်” ရှီဟောင်ပြောလိုက်သည်။
“သူတို့က အဲဒီအဆင့်ထိ ကျင့်ကြံပြီးသွားလို့နေမှာ … အဲဒါကြောင့် သူတို့က အဲဒီနယ်ပယ်တွေရဲ့ အတွေ့အကြုံတွေကို အာရုံခံလို့ရတာ” အဖိုး၁၅ မှ ပြောလိုက်သည်။
ရှီဟောင် တစ်ခဏခန့်စဉ်းစားပြီးသွားသည့်နောက်တွင် ဤသည်မှာ ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ခံစားလိုက်ရသည်။ မူလကောင်းကင်အဆင့်လွန်လူသားမှာ သူ့လမ်းကြောင်းအတိုင်း လိုက်လုပ်စေချင်သည်မဟုတ်ပဲ သူ့၏အတွေ့အကြုံများကို မှီငြိမ်း၍သာ သုံးစေချင်ခြင်းပင်။ ထိုကျင့်ကြံဆင့်မရောက်သေးပဲ သူ၏တာအိုကို နားလည်ရန်ကြိုးစားလိုက်ပါက ထိုသူ၏ မူလလမ်းကြောင်းကို ထိခိုက်သွားနိုင်သည်။
သူ နတ်မီးတောက်အဆင့်ကို မရနိုင်သောကြောင့် သူလည်း အတင်းလုပ်ယူမနေတော့ပေ။ သူ ရထားသည့်နယ်ပယ်များကိုသာ သေချာလေ့လာဆန်းစစ်လိုက်လေသည်။
လေးနာရီကြာပြီးသည့်နောက်တွင် ရှီဟောင်၏ မျက်လုံးများ ပြန်ပွင့်လာသည်။ သူသည် အရာအားလုံးကို အပြည့်အဝနားလည်သွားပြီး သူ၏လမ်းကြောင်းလည်း ပို၍ ကျယ်ပြန့်သွားသည်။
အခြားသူများမှာ ထိုအရာကို မြင်လိုက်ရသည့်အချိန်တွင် ထိတ်လန့်သည့်အကြည့်များ ဖြစ်ပေါ်လာကြလေ၏။
အဘယ်ကြောင့်ဆိုသော် လူများစွာမှာ ထိုတံခါးကို ဖြတ်သန်းမသွားနိုင်ကြပေ။ ကျင့်ကြံခြင်းနယ်ပယ်တစ်ခုစီမှ အနည်းငယ်ဆီသာ နားလည်နိုင်ကြသည်။ သူတို့သည် ဤကဲ့သို့ နက်နဲသည့်ထူးဆန်းမှုများကို နားမလည်နိုင်ကြပေ။
ဟွမ် … သူ့လမ်းကြောင်းက ရှေးက အဆင့်လွန်လူသားနဲ့ ယှဉ်နိုင်တာလား..
အမှန်တကယ်တွင် ရှီဟောင်ပြန်တည်ဆောက်လိုက်သည့် သူ၏ ကျင့်ကြံနယ်ပယ်များမှာ ပြီးပြည့်စုံရန်နီးကပ်နေပြီဖြစ်ပြီး သူ အသည်းအသန်ကျင့်ကြံရန် မလိုအပ်တော့ပေ။ သူသည် ဤစာများကို သူနှင့်နှိုင်းယှဉ်ရန်အတွက်သာ အသုံးပြုခြင်းပင်ဖြစ်သောကြောင့် လျင်မြန်စွာ နားလည်သွားခြင်းပင်။
ထိုအချိန်တွင် အခြားသူများအတွက်မူ သူတို့ကိုယ်သူတို့နှင့် မူလကောင်းကင်အဆင့်လွန်လူသားအား နှိုင်းယှဉ်ရန် မတတ်စွမ်းနိုင်ပေ။
မမျှော်လင့်ထားသည့်အချက်မှာ တာအိုအသံများ ရပ်တန့်သွားသည်မှလွဲလျှင် ဘာမှ ပြောင်းလဲမှု မရှိပေ။ ရှီဟောင်သည် အမြင့်ဆုံးနန်းတော်သို့ ပို့ဆောင်ခြင်း မခံရပေ။
ရှီဟောင်သည် ထိုနေရာတွင် ဆက်ထိုင်နေပြီး သူ့အဖိုးအား ကာကွယ်ပေးနေသည်။ တစ်ချိန်တည်းမှာပင် သူသည် နန်းတော်ကြီးတစ်ခုလုံးကို သေချာလေ့လာနေလိုက်၏။
ရုတ်တရက်ပင် နန်းတော်ကြီး၏ အပြင်ဘက်မှခြေသံများကို ကြားလိုက်ရ၏။
အဆောက်အဦးတစ်ခုလုံးထဲတွင်ရှိသည့် အပူချိန်များမှာ ရုတ်တရက်ပင် မြှင့်တက်လာသည်။ နတ်ဘုရားသုံးပါး ဝင်ရောက်လာပြီး အပေါက်ဝကို ပိတ်ထားလေ၏။
ရှီဟောင် မျက်ခုံးလှုပ်သွားရ၏။ ထိုသူအားလုံးကို သူမှတ်မိသည်။ တစ်ယောက်မှ မီးမိစ္ဆာနန်းတော်မှ ချီလင်းခုန်းဖြစ်ပြီး ကျန်သည့်နှစ်ယောက်မှာ ချင်းကလန်မှ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူပင်။
အစက သူတို့ တစ်ခြားတောင်မှာ ရှိနေတာ မဟုတ်ဘူးလား ..
“ဟား ဟား..” ချီလင်းခုန်း ရယ်မာလိုက်၏။ သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နှက်နေသည့်မျက်လုံးဖြင့် ရှီဟောင်အား စိုက်ကြည့်နေလေသည်။
ချင်းကလန်မှ နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူနှစ်ယောက်လည်း အေးစက်စွာပင်ပြုံးလိုက်လေ၏။ သူတို့သည်လည်း ရှီဟောင်အား ကြည့်လိုက်ပြီး သူ့အား ဝန်ရံလိုက်လေ၏။
“မင်းတို့အားလုံး ဘာလုပ်ချင်နေတာလဲ” ရှီဟောင်အေးစက်စွာပင် ပြောလိုက်သည်။
“မင်းရဲ့နေရာက သိပ်မဆိုးဘူးလို့ ခံစားရတယ် .. အဲဒါကြောင့် မင်းကို နည်းနည်းလေး ရွှေ့ပေးစေချင်တာ” ချင်းကလန်မှ ကျွမ်းကျင်သူမှ ပြောလိုက်လေသည်။
မီးမိစ္ဆာနန်းတော်မှ ချီလင်းခုန်းသည် တိုက်ရိုက်ပင်ပြောလိုက်လေ၏။ “တောင်ကိုးလုံးရှိပြီးတော့ နန်းတော်ကိုးခုရှိတယ်ဆိုပေမယ့် မင်း တာအိုကို လေ့လာဖို့နေရာမရှိဘူး .. ထွက်သွားလိုက်”
ထိုအချိန်တွင် သူ၏လက်ချောင်း ၁၀ ချောင်းကို ဆန့်ထုတ်လိုက်သည်နှင့် အနီရောင်နတ်ငှက်မွေးပေါ်လာကာ လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ရှီဟောင်နှင့် အဖိုး ၁၅ တို့သည် တစ်ပြိုင်တည်းမတ်တပ်ရပ်လိုက်ပြီး သူတို့ကို ရင်ဆိုင်ရန်အတွက် ဆေးလုံးမီးဖိုကို အသက်သွင်းလိုက်၏။ သို့သော် မည်သူမှ ချက်ချင်း မတိုက်ခိုက်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ရွှေရောင်ဆင်နှင့် ကျောက်စိမ်းရှိခိုးကောင်ရှိနေသေးသည်။ သူတို့သည် နှောက်ယှက်ခံလိုက်ရသောကြောင့် မျက်လုံးများပွင့်လာပြီး မကျေနပ်ချက်ကို ဖော်ပြနေကြသည်။
“ဟား ဟား .. လူငယ်လေး မင်း ငါတို့နဲ့ ခဏလောက် လိုက်ခဲ့ပါလား .. တစ်ခြားသူတွေ ကျင့်ကြံနေတာကို မင်း မနှောက်ယှက်သင့်ဘူး” ချင်းကလန်မှ ကျင့်ကြံသူတစ်ယောက်မှ ပြောလိုက်သည်။
“ခင်ဗျားတို့တွေက ကိုယ်လည်းအကျိုးမရှိပဲနဲ့ တစ်ခြားသူတွေကို နှောက်ယှက်နေတာပဲ .. ကျုပ်ကိုနှောက်ယှက်ဖို့အတွက် ဒီကိုလာတဲ့အချိန်မှာ ခင်ဗျားတို့ အဆင့်လွန်လူသားရဲ့အတွေ့အကြုံတွေကို နားလည်နိုင်မယ့်အခွင့်အရေးကို လက်လွတ်လိုက်ရပြီ .. ဒါတွေအားလုံးက ကျုပ် အမြင့်ဆုံးနန်းတော်ကို မသွားနိုင်အောင် တားဖို့လား” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
သူတို့သည် ဟွမ် အမြင့်ဆုံးနန်းတော်သို့ရောက်သွားပြီး အရေးအကြီးဆုံး အမွေအနှစ်ရသွားခြင်းကို မလိုချင်ကြပေ။ ထို့ကြောင့်ပင် သူ့ကို သတ်ရန်အတွက် ဤနေရာသို့ ရောက်လာခြင်းပင်။
“ဒါက မင်း စိတ်ပူရမယ့်ကိစ္စ မဟုတ်ဘူး.. ငါတို့အဖော်တွေက အတွေ့အကြုံတွေကို ထွင်းပြီးယူလာခဲ့ကြမှာ .. အဲဒီတော့ ငါတို့ထွက်သွားတဲ့အချိန်တွင် သီးသန့်နေပြီးတော့ အဲဒါကို နားလည်အောင် လုပ်လိုက်ယုံပဲ” သူတို့ထဲမှ တစ်ယောက်မှ ပြောလိုက်သည်။
“မင်းတို့အားလုံးက တကယ်ကို စက်ဆုပ်ဖို့ကောင်းတာပဲ” အဖိုး ၁၅ မှ အေးစက်စွာပင်ပြောလိုက်၏။
“တောင်းပန်ပါတယ် လူငယ်လေး .. ဒါပေမဲ့ ဒီလူအိုကြီးက ဂျီးနီးယပ်စ်တစ်ယောက်ကို သတ်ရလိမ့်မယ်” ချင်းကလန်မှ အကြီးအကဲမှ အေးစက်စွာပင်ပြောလိုက်သည်။
“ဟား ဟား..” မီးမိစ္ဆာနန်းတော်မှ ချီလင်းခုန်းသည် ရယ်မောလိုက်ကာ အရှေ့သို့ တစ်လှမ်းတက်လာလေသည်။
“ဟမ် .. တစ်ခြားသူတွေ ရှိသေးတာလား” အဖိုး ၁၅၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဝင်ပေါက်တွင် နတ်မီးတောက်တောက်လောင်နေသည့် စတုတ္ထမြောက်ကျွမ်းကျင်သူပေါ်လာကာ ရှီဟောင်နှင့် အဖိုး ၁၅ ကို ပိတ်ထားလေသည်။
“တာအို ရောင်းရင်းတို့ … ငါတို့အတူတူပေါင်းပြီးတော့ သူတို့နဲ့ ရင်ဆိုင်ရင်ရော .. အဲဒါဆိုရင် ဒီနေရာက ငြိမ်းချမ်းသွားပြီးတော့ ငါတို့တွေ တာအိုတွေကို တည်တည်ငြိမ်ငြိမ်နဲ့လေ့လာလို့ရပြီ”
ချင်းကလန်မှ လူသည် ရှီဟောင်နှင့် အဖိုး ၁၅ ကို သတ်ရန်အတွက် ရွှေရောင်ဆင်နှင့် ကျောက်စိမ်းရှိခိုးကောင်အား အကူအညီတောင်းလိုက်ကြလေသည်။
ရှီဟောင်တို့ မြေးအဖိုးမပြောနှင့် … နန်းတော်ထဲတွင်ရှိနေသည့် အခြားကျင့်ကြံသူများပင်လျှင် တုန်လှုပ်သွားကြ၏။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ၆ ယောက်သာ အတူတကွ တိုက်ခိုက်ကြပါက ဤနှစ်ယောက် သေချာပေါက် သေသွားလိမ့်မည်။
“တာအို ရောင်းရင်းတို့ … ငါတို့ အတူတူ အလုပ်လုပ်ကြရင်ရော” မီးမိစ္ဆာနန်းတော်မှ ချီလင်းခုန်းသည် ပြုံးလိုက်ကာ နန်းတော်ထဲတွင် ရှိနေသည့် သူအားလုံးကို ဖိတ်ခေါ်လိုက်လေသည်။
ရွှေရောင်ဆင်နှင့် ကျောက်စိမ်းရှိခိုးကောင်တို့၏ ခန္ဓာကိုယ်များ တောက်ပလာ၏။ တစ်ခဏခန့်စဉ်းစားပြီးသည့်နောက်တွင် သူတို့ငြင်းပယ်လိုက်ကြ၏။ ထိုလူများ ရှီဟောင်ကို သတ်လိုပါက သူတို့ကြိုက်သလိုလုပ်နိုင်သည်။ သူတို့ ထိုထဲတွင် ဝင်ပါဖို့ စိတ်မကူးမိ။
“ထွက်သွားလိုက်”
ရှီဟောင်အော်လိုက်၏။ သူသည် သူ၏အဖိုးနှင့်အတူ ဆေးလုံးမီးဖိုအား အသက်သွင်းကာ အဆုံးမရှိသည့် လျှပ်စီးများကို ထုတ်လွှတ်လိုက်လေသည်။ ထို့နောက်တွင် သူတို့သည် ကောင်းကင်မြစ်ရေ ပမာဏများစွာကို သွန်ထုတ်ကာ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်သည်။
“ဟား ဟား …” ချင်းကလန်မှ လူများ ရယ်မောလိုက်ကြ၏။ ရှီဟောင် နန်းတော်မှထွက်သွားခြင်းသည် သူအမွေအနှစ်ကို ရနိုင်မည့်အခွင့်အရေးလက်လွတ်လိုက်ရသည်နှင့် အတူတူပင်ဖြစ်သည်။
ရှီဟောင်သည် အဆင့်လွန်လူသားချန်ထားခဲ့သည့် အတွေ့အကြုံများကို အချိန်တိုအတွင်း နားလည်နိုင်သည်ကို သူတို့မယုံကြည်နိုင်ပေ။
“ကောင်းပြီလေ … ငါတို့အတူတူ အလုပ်လုပ်နေမှတော့ အချိန်ဖြုန်းနေစရာမလိုတော့ဘူး .. သူ့ကိုရှင်းပစ်လိုက်” မီးမိစ္ဆာနန်းတော်မှ ချီလင်းခုန်းပြောလိုက်ကာ ရှီဟောင်အား သတ်ရန် အရှေ့သို တိုးသွားလိုက်၏။
“သူ့ကို သူ့လမ်းပို့လိုက်တော့” ချင်းကလန်မှ ကျွမ်းကျင်သူသုံးယောက်မှ ပြောလိုက်သည်။
သို့သော် ရှီဟောင်နှင့် အဖိုး ၁၅ တို့မှာ ထွက်မပြေးပဲ ၆ လုံးမြောက်တောင်သို့ ဦးတည်ကာပျံသန်းသွားလိုက်ကြ၏။ ထိုတောင်မှာ ချင်းကလန်နှင့် မီးမိစ္ဆာနန်းတော်တို့ နေရာယူထားသည့်တောင်ပင်။
“ငါ့အတွက်ဖျက်ပေး” ရှီဟောင် အော်လိုက်၏။ သူသည် အဖိုး ၅ နှင့်အတူ ဆေးလုံးမီးဖိုကို အသက်သွင်းလိုက်ကာ ထိုနေရာတစ်ခုလုံးကို လျှပ်စီးများဖြင့် ဝန်းရံလိုက်လေသည်။
“မင်း လုပ်ရဲတယ်ပေါ့” နန်းတော်ထဲတွင်ရှိနေသည့် သူများမှာ ဒေါသထွက်သွားကြ၏။ အခြားဂိုဏ်းမှ ကျွမ်းကျင်သူအချို့မှလွဲလျှင် အတော်များများမှာ ချင်းကလန်မှ ကျွမ်းကျင်သူများပင်။ သူတို့သည် ဤနေရာကို နားလည်အောင် လုပ်နေကြခြင်းပင်။
“မင်းတို့တွေက မင်းတို့အတွက် အကျိုးမရှိပဲနဲ့ တစ်ခြားသူတွေကို အန္တရာယ်ပေးချင်နေတယ်ဆိုမှတော့ မင်းတို့ဖြစ်ချင်တဲ့အတိုင်း လုပ်ပေးရတာပေါ့ .. ဘာမှနားလည်အောင်လုပ်မနေကြနဲ့ .. အားလုံး လာတိုက်ကြရအောင်လေ” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။
ရှီဟောင်သည် အေးစက်စွာပင်ပြုံးလိုက်ကာ “မင်းတို့အားလုံးက ငါ့ကို နှောက်ယှက်ချင်နေကြတာလေ .. အခု မင်းတို့ကို ငါနှောက်ယှက်တော့ မင်းတို့ လက်မခံနိုင်တော့ဘူးလား”
“မိစ္ဆာကောင် .. မင်းကသေချင်နေတာပဲ” ချင်းကလန်မှ နတ်မီးတောက်နယ်ပယ်ရှိကျွမ်းကျင်သူမှာ ချက်ချင်းပင် ရောက်ချလာလေသည်။
သို့သော် ဤနေရာတွင် လျှပ်စီးများ ပေါများလွန်းသည်။ မြေးအဖိုးမှာ ဆေးလုံးမီးဖိုအနောက်တွင် ရပ်နေပြီး ဤနေရာတစ်ခုလုံးကို လျှပ်စီးများ၊ ကျိန်စာစွမ်းအားများဖြင့် ပြည့်နှက်နေစေလေသည်။
ဤချိတ်ပိတ်ထားသည့်နေရာတွင် သူတို့နှစ်ဦး အသားစီးရနေလေသည်။
ဝုန်း..
ချင်းဟောင်သည် အစက ထိုင်နေခြင်းဖြစ်သော်လည်း ယခုအချိန်တွင် သူ၏မျက်လုံးများပွင့်လာကာ ထထိုင်လိုက်ပြီး အရှေ့ဘက်သို့ လက်သီးဖြင့်ထိုးလိုက်သည်။ သူသည် သက်ရှည်ဝတ်စုံကို အသုံးပြုကာ လျှပ်စီးနှင့် ကျိန်စာစွမ်းအားကို တိုက်ခိုက်လိုက်၏။
သူ၏ညီနှင့်မျက်နှာချင်းဆိုင်ရသည့်အချိန်တိုင်းတွင် သူသည် ချင်းဟောင်အား အကြိမ်များစွာပင် ဆူပူချင်မိသည်။ သို့သော် နောက်ဆုံးတွင် သူ ထိုဒေါသများကို ချုပ်ထိန်းလိုက်ရလေသည်။
ယခုတစ်ခေါက်တွင် သူစွမ်းအားများကို အားကုန်သုံးလိုက်၏။ သူသည် လျှို့ဝှက်စွာဖြင့်ပင် ခွန်ပန်စွမ်းအားကို လည်ပတ်လိုက်ကာ ဆေးလုံးမီးဖိုအဖုံးကို မပြီး ချင်းဟောင်ထံသို့ ပစ်ပေါက်လာသည်။
ဒုန်း..
လေထဲတွင် နားစည်ကွဲလောက်သည့်အသံထွက်ပေါ်လာ၏။ သက်ရှည်ဝတ်စုံတောက်ပလာကာ ဆန်းကြယ်သည့်သင်္ကေတများ ထွက်ပေါ်လာကာ ရှီဟောင်၏နတ်ခွန်အားကို တားဆီးလိုက်လေသည်။
ဒုန်း ဒုန်း ဒုန်း ..
အသံများဆက်တိုက်ထွက်ပေါ်လာပြီး မီးပွားများလွင့်စင်ထွက်လာသည်။ ရှီဟောင်သည် ချင်းဟောင်အား မကျေမနပ်ဖြစ်နေသောကြောင့် သူ မညှာမတာပင် တိုက်ခိုက်လိုက်၏။ အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ရှီဟောင်သည် ဆေးလုံးမီးဖိုဖြင့် ချင်းဟောင်၏ဦးခေါင်းကို တိုက်ခိုက်လိုက်၏။ ချင်းဟောင်မှာ အနောက်ဆုတ်သွားရပြီး မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ချင်းဟောင်မှာ ငယ်ရွယ်သေးသောကြောင့် သူ၏တိုက်ပွဲအတွေ့အကြုံများမှာ ဘယ်လိုလုပ် ရှီဟောင်နှင့် ယှဉ်နိုင်မည်နည်း … ထို့အပြင် သူ၏ကျင့်ကြံနယ်ပယ်မှာ လုံလောက်အောင် မမြင့်သေးပေ။ သူသည် သက်ရှည်ဝတ်စုံ၏စွမ်းအားကို အသုံးပြုနေခြင်းပင်။
ဒုန်း..
ရှီဟောင်သည် သူ့ထံသို့ နောက်တစ်ကြိမ်ရောက်လာသည့် ချင်းဟောင်ကို တားဆီးလိုက်သည်။ သူ၏ညာခြေထောက်ဖြင့် ချင်းဟောင်၏ရင်ဘတ်ကို ကန်လိုက်ရာ ချင်းဟောင်မှာ နန်းတော်၏ တိုင်လုံးကြီးကို သွားစောင့်မိလေသည်။
ချင်းဟောင်သည် နောက်တစ်ကြိမ်ပြန်ဝင်လာ၏။ သူ၏မျက်လုံးများမှာ အေးစက်နေပြီး သတ်ဖြတ်သည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ လျှံတက်နေလေ၏။ ထို့နောက်တွင် သူ၏ အဆင့်လွန်အရိုးကို လည်ပတ်လိုက်လေသည်။
ရှီဟောင်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ဤသည်မှာ သူပိုင်သည့် ပြန်လည်မွေးဖွားခြင်း အဖိုးတန်ပညာရပ်ပင်။ ထိုအချိန်တွင် သူ၏တစ်ကိုယ်လုံးကို လျှပ်စီးများဖြင့် ဖုံးလွှမ်းလိုက်၏။ သို့သော် အထဲဘက်တွင်မူ သူသည် ပြန်လည်မွေးဖွားခြင်းအဖိုးတန်ပညာကို အသက်သွင်းလိုက်သည်။ သူ၏ညီလေးကို သူ မသတ်ချင်။ ထို့ကြောင့်ပင် တစ်ဖက်လူ၏ ပြန်လည်မွေးဖွားခြင်းနတ်စွမ်းရည်ကို ချေဖျက်ရန်အတွက် သူ၏စွမ်းရည်ကို အသက်သွင်းလိုက်ခြင်းပင်။
ထင်ထားသည့်အတိုင်းပင် ချင်းဟောင် ထိတ်လန့်သွား၏။ သူ၏ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်သော်လည်း တစ်ဖက်လူကို ထိရောက်မှုမရှိပဲ ထိုသူမှာ အသက်ကြီးမသွားပေ။
ဝုန်း..
ထိုအစား လျှပ်စီးအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့အား လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ထိုအချိန်တွင် ရှီဟောင်သည် သူ့အား ကန်ထည့်လိုက်၏။ ထို့နောက်တွင် ချင်းဟောင်အား ပါးရိုက်လိုက်ပြီး သူ့ကို လွင့်ထွက်သွားအောင် လုပ်လိုက်ခြင်းပင်။
“စွမ်းအားကြီးတာက လူပဲ .. နည်းလမ်းတွေ ပညာတွေမဟုတ်ဘူး” ရှီဟောင်အေးစက်စွာပြောလိုက်ပြီး တစ်ဖြည်းဖြည်းချင်း ဆင်းလာလေသည်။
ချင်းဟောင်မှာ ဒေါသထွက်နေလေ၏။ သူပြန်တိုက်ခိုက်ချင်သော်လည်း နောက်ဆုံးတွင် နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
“မင်းက ငယ်သေးတယ် .. သူ့ထက် သုံးလေးနှစ်လောက်ငယ်သေးတယ် .. မင်းရဲ့ တိုက်ပွဲ အသိအမြင်က မပြည့်စုံသေးဘူး .. မင်းမှာ အခွံလွတ်ကြီးဖြစ်နေတဲ့ ထာဝရအရိုးပဲရှိတာ .. မင်း အဲဒီအရိုးတွေကို သုံးလို့မရသေးဘူး .. နောက်နှစ်နှစ်လောက်စောင့်လိုက် … အဲဒီအချိန်ကျရင် မင်းနဲ့ရွယ်တူတွေထဲမှာ မင်းက ပြိုင်ဘက်မရှိတဲ့သူဖြစ်လာမှာ … သူတို့ကို သတ်ရတာက မြက်ရိတ်သလိုပဲ ဖြတ်သွားမှာ”
နတ်မီးတောက်နယ်ပယ်ကျွမ်းကျင်သူသည် ချင်းဟောင်အား တားဆီးလိုက်လေ၏။
အခြားသူများလည်း သူတို့၏ အဖိုးတန်ပညာများကို သုံးလိုက်ပြီး လျှပ်စီးများကို ခုခံကာ ကျိန်စာစွမ်းအင်များကို ချေဖျက်ရန်ကြိုးစားကြကာ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာကြလေသည်။
ဤနေရာတွင် မျက်စိကျိန်းစေလောက်သည့်အလင်းများ ထွက်ပေါ်နေပြီး နန်းတော်တစ်ခုလုံးမှာ အရှေ့အနောက်လွှဲယမ်းနေလေ၏။ နန်းတော်ထဲတွင် ရှိနေသည့် သင်္ကေတများအားလုံး အသက်ဝင်လာကာ ဤနေရာကို ကာကွယ်ပေးကြလေ၏။
ဤတိုက်ပွဲမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ အခြားတောင်ရှစ်လုံးမှ ထူးခြားပါရမီရှိသူများနှင့် နတ်မီးတောက်ရှိသည့်ကျွမ်းကျင်သူများမှာ မျက်လုံးများပွင့်လာကာ ထိုတိုက်ပွဲကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် တောင်ကိုးခုလုံးကို တုန်ခါစေနိုင်သည့်အသံတစ်သံ ထွက်ပေါ်လာလေ၏။
“အမွေအနှစ်ထဲမှာရှိနေတဲ့ သူတွေအားလုံး ရှေးဟောင်းစည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြိုင်ကွင်းမှာ ယှဉ်ပြိုင်ရမယ်”
ထိုအသံမှာ အလွန်ပင် စီးပိုးလှပြီး အားလုံး၏ နားထဲတွင် မြည်ဟီးနေလေ၏။
“ဒါက အညှာအတာမရှိတဲ့ စည်းမျဉ်းစည်းကမ်းလား … ဒါမှမဟုတ် အမွေအနှစ်နယ်မြေကို ထောက်ပံ့နေတဲ့ ဝိဉာဉ်တစ်မျိုးလား” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဝုန်းဟူသောအသံနှင့်အတူ ရှီဟောင်သည် လေပေါ်သို့ ရောက်သွားပြီး ကြီးမားလှသည့် ကျောက်ပြားကြီးပေါ်သို့ ကျသွားလေသည်။
တစ်ချိန်တည်းမှာပင် ချီလင်းခုန်းနှင့် ချင်းကလန်မှ နတ်မီးတောက်ရှိသည့်ကျွမ်းကျင်သူများလည်း သူ့အနားတွင် ပေါ်လာလေသည်။
ဤသည်မှာ စစ်မြေပြင်ပင်။ အတိအကျပြောရလျှင် လေထဲတွင်ပေါလောပေါ်နေသည့် ကြီးမားသည့်ပြိုင်ကွင်းကြီးပင်။
တောင်ကိုးလုံးထိပ်တွင် ရပ်နေသည့်သူများအားလုံးမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေကြရ၏။ ဤသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အားလုံးမှာ အလွန်ပင် ထိတ်လန့်သွားရသည်။
“ဟမ် … တစ်ခုခုတော့မှားနေပြီ .. ငါ့ရဲ့နတ်မီးတောက်တွေက ဘာလို့အရောင်မှိန်သွားတာလဲ .. ငါ့ နတ်မီးတောက် မရှိတော့ဘူး” ချီလင်းခုန်းမှ ထိတ်လန့်တကြားပြောလိုက်သည်။
ချင်းကလန်မှ လူများမှာလည်း ထိတ်လန့်သွားကြကာ သူတို့စိတ်ထဲတွင် တုန်လှုပ်သွားကြ၏။
“ဘာဖြစ်နေတာလဲ”
“မူလကောင်းကင်အဆင့်လွန်လူသားက ကျင့်ကြံဆင့်ပေါ်မူတည်ပြီး ရွေးတာမဟုတ်ဘူး .. စွမ်းရည်တွေ၊ အဆင့်တူပြိုင်ဘက်တွေနဲ့တိုက်တဲ့အချိန်မှာ သုံးတဲ့ခွန်အားတွေကို အခြေခံတာ”
အေးစက်နေသည့်အသံတစ်သံ ထပ်မံထွက်ပေါ်လာလေ၏။
“ဒါက မတရားဘူး” ထိုလူများ အော်ဟစ်လိုက်ကြလေ၏။
“စီနီယာတို့ .. ကျွန်တော်တစ်ခြားပြိုင်ဘက်တွေ ထပ်ရွေးလို့ရသေးလား” ရှီဟောင် ရယ်မောလိုက်သည်။
“ရွေးလို့ ရတယ် .. ဒါပေမဲ့ မင်းနဲ့ အငြင်းပွားခဲ့တဲ့သူတွေပဲ ရွေးလို့ရတယ်” ခမ်းနားသည့်အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်း .. မင်း .. ပြီးတော့ မင်း .. မင်းတို့အားလုံး ဒီကိုတက်လာခဲ့ကြ” ရှီဟောင်လက်ညှိုးထိုးပြီး ပြောလိုက်သည်။
ထိုအချိန်တွင် နောက်ထပ်ပုံရိပ်သုံးခု ထွက်ပေါ်လာလေ၏။ သူတို့အားလုံးမှာ နတ်မီးတောက်ရှိသည့် ကျွမ်းကျင်သူများပင်။
“ဟီး ဟီး …” ရှီဟောင်ရယ်မောလိုက်သည်။
“မင်း…” ချင်းကလန်မှ ကျွမ်းကျင်သူများနှင့် ချီလင်းခုန်းတို့မှာ ထိတ်လန့်ကာ ဒေါသထွက်နေကြလေ၏။
ထိုအချိန်တွင် ရှီဟောင်သည် လျှပ်စီးအလင်းတန်းအဖြစ်ပြောင်းလဲသွားကာ အရှေ့ဘက်သို့ တက်သွားလေသည်။ သူသည် ကောင်းကင်လမ်းကြောင်းကိုဖွင့်လိုက်ကာ ချက်ချင်းပင် လူတစ်ယောက်ကို ဖမ်းချုပ်လိုက်၏။ ထို့နောက်တွင် သူ၏လက်သီးမှ လျှပ်စီးအလင်းတန်း ထောင်ပေါင်းများစွာ ပေါက်ကွဲထွက်လာလသည်။
ဖူး ..
ထိုသူမှာ ထိုနေရာတွင်ပင် သွေးမိုးအဖြစ်ပြောင်းလဲသွားလေသည်။